August 31, 2008

နယ်စပ်ကိုဖြတ်ကျော်၍ ...


၁။

“ဆရာကြီးကို သမီးကျေးဇူးတင်တယ်”
သူကပြောပြောဆိုဆို စမ်းချောင်းတဖက်သို့ ပြန်ကူးသွားခဲ့၏။ သူ့ကျောပြင်ကို ကြည့်ကာ ကျနော့်မှာ ကြည်နူးနေ မိသည်။ သူက ရောက်ရှိလာတော့မည် သူ့ဘ၀ အနာဂါတ်ကာလပန်းတိုင်ကို ပြောပြသွားခဲ့သဖြင့် သူ့အတွက် ကျနော် ကြည်နူးရခြင်းဖြစ်သည်။ မယ်ပေါထဒုက္ခသည် ရွာကလေးမှပြန်လာပြီး မိမိနေထိုင်ရာ အခန်းကလေးထဲ ပြန်ရောက်လာခဲ့သည့်တိုင် သူ့ကို ကျနော်သတိရနေသည်။ သူက ပြည်တွင်းတွင် ကျစ်နေရစ်ခဲ့သည့် ကျနော်၏ အငယ်ဆုံးသားနှင့်မှ သက်တူရွယ်တူ ကရင်မိန်းကလေးတဦး။ နာမည်က “နော်ဖောဂေ” ။ မြန်မာလို “လှပတဲ့ပန်း” ။


“သမီးနောက် (၂) လဆိုရင် ၀မ်းဆွဲဆရာမသင်တန်းတက်ရတော့မယ် ဆရာကြီး၊ ဒီကြားထဲ ဒီရွာက မူလတန်း ကျောင်းမှာ စာသင်ပေးဖို့လည်း ပြောထားတယ်၊ သမီး အရင်ကတည်းက ဒီကိုလာခဲ့ရရင်ကောင်းမှာ၊ ရွာမှာ အမေရှိနေလို့ ထားခဲ့လို့ကလည်းမဖြစ်၊ လာလည်းမလာရဲလို့ (၃) နှစ်လောက် အချိန်တွေ ပုတ်ကုန်တယ်။ ခုတော့ သမီးရည်မှန်းချက်တွေ ပြည့်တော့မှာပါ၊ အဲဒါ ဆရာကြီးနဲ့ အကိုကြီးရဲ့ ကျေးဇူးကြောင်ပေါ့”
“နော်ဖောဂေ” ပြောခဲ့သည့် စကားများကိုတွေးရင်း ၀ါးစားပွဲလေးပေါ်က စာအုပ်စာတမ်းများကြားတွင် ညပ်နေသည့်မှတ်စုစာအုပ်ဆီ ကျနော့်မျက်လုံးများ ရောက်သွားရ၏။
မှတ်စုစာအုပ်ကလေးကိုယူပြီး အခန်းအပြင်ဖက် လူသွားလမ်းကလေးဘေးက ခုံတန်းတွင် ကျနော်ထိုင်သည်။ ကျနော့် အပေါ်မိုးအုပ်ထားသည့် ၀ါးရုံပင်ကိုင်းများဆီက လေတိုးသံကြားနေရ၏။ (၂၄) နာရီ မပြတ်ကြားနေ ရသည့် မယ်တုက္ခီစမ်းချောင်းရေစီးသံများက ပိုမိုကျယ်လောင်လာနေသည်ဟု ထင်ရ၏။

၂။

“ကျနော်တို့နဲ့လိုက်မယ်ဆိုတဲ့လူက ဘယ်နှစ်ယောက်လောက်ရှိလို့လဲ ဗိုလ်သိန်းစိုး”
ကွင်းထဲက နေပူတံလျပ်ကို မျက်မှောင်ကြုတ်ကြည့်ရင်းက ကျနော်တို့နှင့်အတူ “မာနယ်ပလော” သို့ လိုက်ပါကြ မည့် လူအုပ်ကို တွေးနေမိသည်။
“ဆယ့်နှစ်ယောက်ရှိတယ် ကိုငြိမ်းဝေ၊ လူကြီး (၈) ယောက်၊ ကလေး (၄) ယောက်”
“ဘယ့်နှယ်လဲ၊ ခင်ဗျားဘယ်လိုစဉ်းစားထားသလဲ၊ ကျနော်ကတော့ ခေါ်သွားချင်တာပေါ့၊ လမ်းမှာတွေ့မယ့် ကြုံမယ့် အခက်အခဲ ခင်ဗျားအဓိကပဲ၊ ခင်ဗျားက ဖြစ်တယ်ဆိုရင် ကျနော်သဘောတူပါတယ်”
ဗိုလ်သိန်းစိုးက သူလည်းခေါ်သွားချင်ကြောင်းရှင်းပြ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဒုံသမိချောင်းဘေးမှ မာနယ်ပလော သို့ ရောက်အောင် လမ်းတွင် (၅) ညမျှ အိပ်ရမည့်ခရီးဖြစ်သော်လည်း၊ လုံခြုံရေး နှင့် ရိက္ခာအခက်အခဲကြောင့် (၈) ညမျှ အနည်းဆုံး အိပ်ရမည်ဟု ဗိုလ်သိန်းစိုးက ရှင်းပြလေသည်။ အကြီးမားဆုံးအခက်အခဲမှာ ယွန်းစလင်း ချောင်း ကျော်ပြီးသည့်အထိ၊ မကြာခဏရှောင်ကွင်းပုန်းအောင်းကြရမည့် န၀တစစ်တပ်စစ်ကြောင်းများ၏ ရန်ပင် ဖြစ်သည်။ သို့သော် ဗိုလ်သိန်းစိုးကို ကျနော်ယုံသည်။ သူ့မှာ သည်ခရီးသည်လမ်းကို (၁၀) နှစ်တာမျှ အခေါက် ပေါင်းမရေမတွက်နိုင်အောင် သွားလာခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ဖြစ်၏။
ခရီးစပြီး ထွက်သည့်နေ့က ခရီးသည်လူအုပ်ထဲတွင် “နော်ဖောဂေ” ကို ကျနော် သတိမထားမိ။ ရဲဘော်လေး “ဟွေ့စာ” က သူ့သေနတ်ကို တစုံတယောက်အား ခဏယူလာပေးဖို့ ပြောလိုက်စဉ် “ငါ သေနတ်မကိုင်ချင်ဘူး” ဟု ဗမာလိုပီပီသသပြောသံကြားလို့ လှည့်ကြည့်မှ အသက် (၁၇) နှစ် အရွယ် မိန်းကလေးတဦးကို ကျနော် စတင် သတိပြုမိခြင်းဖြစ်သည်။ ထို့နောက် လမ်းခရီးတလျောက်လုံး သူက ကျနော်နှင့်ခရီးသည်များအကြား ဆက်သွယ် ရေး တာဝန်ခံဖြစ်လာခဲ့၏။ ခရီးသည် လူအုပ်ထဲတွင် ဗမာလို ရည်လည်စွာ ပြောနိုင်သူဆို၍ သူတဦးသာပါ၏။
“သမီးက ကမ္မမောင်းမှာ ခုနစ်တန်းအထိ ကျောင်းနေခဲ့ဖူးပါတယ်။ အဖေဆုံးမှ ကျောင်းထွက်လိုက်တာပါ။ ဒါကြောင့်မို့ သမီးက ဗမာစကားပြောတတ်တာ၊ ကျုံစိန်တရွာလုံး ကရင်လိုပဲ ပြောတယ် ဆရာကြီးရဲ့”
“နော်ဖောဂေ” က ဘာပြုလို့ သေနတ်ကို ကိုင်မပေးချင်ရတာလဲဆိုသည်ကိုမူ ကျနော်မသိ။ သူ့ဖခင်မှာ န၀တစစ်တပ်က သတ်ဖြတ်ခဲ့သဖြင့် သေနတ်ကို မုန်းတီးနေသလားဟု ကျနော်တွေးသည်။ သို့သော် မဲပလိချောင်း၏ အနောက်ဖက်၊ ကော့ကရိတ် ဖာပွန်ကားလမ်းဟောင်းကို ဖြတ်ကူးဖို့ ကြိုးစားကြတော့ “နော်ဖောဂေ” သည် ကင်းသမားအဖြစ် ရှေ့တိုးပြီး တာဝန်ယူခဲ့၏။ သို့သော် သေနတ်ကိုတော့ သူမကိုင်တွယ်ခဲ့ ချေ။ နော်ဖောဂေက သည်လိုပြောခဲ့၏။
“သမီး မာနယ်ပလောရောက်ရင် သူနာပြုဆရာမလုပ်မယ်၊ ဒါမှမဟုတ် ကျောင်းဆရာမလုပ်မယ်၊ အခြေအနေပေးရင် ရွာပြန်လာပြီး အဲဒီအလုပ်တွေပဲ ဆက်ပြီးလုပ်မယ်၊ အကိုကြီးကို ပြောထားပြီးပြီ၊ ဟိုကြရင် သူနာပြုသင်တန်း၊ ဆရာမသင်တန်းတက်နိုင်အောင်လုပ်ပေးဖို့”

၃။

တောစပ်ကိုပြန်ရောက်ကတည်းက သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကရင်လိုစကားအနည်းငယ်ပြောပြီးနောက် ဗိုလ်သိန်းစိုးက သစ်ပင်ခြေရင်းတွင် တဦးတည်းငြိမ်ချက်သားကောင်းစွာ ထိုင်နေ၏။ ကျုံစိန်ရွာဘက်သို့ သတင်း စုံစမ်းရန်သွားပြီးမှ ပြန်ရောက်တော့ ဘာသတင်းမှမထူးခြားသလို ငြိမ်နေသဖြင့် ကျနော်က သူ့ကိုစကားမဟ တော့ဘဲ နေစောင်းသည်အထိ မလှမ်းမကမ်းတနေရာတွင် ထိုင်နေခဲ့ရ၏။
တောအုပ်ထဲက နေရောင်ခြည်များမှာ လက်နှင့်ဆွဲဆုပ်ပြီး ရုပ်သိမ်းလိုက်သလို လျှင်မြန်စွာ ပျောက်ကွယ်သွားနေ လေသည်။ နေရောင်များ နောက်ဆုတ်တော့၊ လရောင်မှာ ရှေ့သို့တိုးလာခဲ့၏။ ကျနော်က တဖြေးဖြေးငြိမ်သက် တိတ်ဆိတ်သွားနေသည့် ငှက်သံများကို နားစွင့်ထားမိသည်။ တတောတတောင်လုံး ဆူညံနေခဲ့သည့် ငှက်သံများ မှာ နေရောင်နှင့်အတူ ချုပ်ငြိမ်းသွားခဲ့၏။ ကျုံစိန်ရွာဖက်မှကြားနေရသည့် ဓါတ်စက်သံသည်ပင် လေသင့်လို့ပဲလားမသိ၊ ပိုပြီး အသံကျယ်စွာ ကြားနေရ၏။
သည်တခေါက် တပ်မဟာ (၁) နယ်မြေ၊ ဖားအံမြို့နယ်ခရီးမှာ ပင်ပမ်းလှ၏။ ယခု တခေါက်မှာ (၃) ခေါက်မြောက် ခရီး ဖြစ်သည်။ ဗိုလ်သိန်းစိုး၏အကူအညီကို ကျနော့်မှာ လက်မလွှတ်နိုင်သေး။ သူ့ရဲဘော်လေး (၂) ယောက်မှာ လည်း သုံးခေါက်မြောက်ခရီးအထိ ကျနော်တို့နှင့် အတူတူပါနေခဲ့၏။
ညဥ့်နက်သည်အထိ ထမင်းမစား၊ စကားမပြောဘဲ ငြိမ်ကုတ်နေခဲ့သည့် ဗိုလ်သိန်းစိုးရှိရာ ကျနော်ထလာခဲ့သည်။ သူ့ဘေးတွင် ကျနော်ရပ်လိုက်သည်။ ပြီးခဲ့သည့်နာရီဝက်ခန့်က သူ့ရဲဘော်လေးနှစ်ယောက်နှင့် ကျနော်စကားပြော ခဲ့သည်။ ဗိုလ်သိန်းစိုး၏ ထူးခြားသည့်အနေအထိုင်အပေါ် စိတ်ထဲတွင် သံသယရှိလာသဖြင့် ရဲဘော်လေးများထံ စုံစမ်းမိခြင်းဖြစ်သည်။ ရဲဘော်လေးနှစ်ယောက်ပြောပြခဲ့သည့်စကားကြောင့် ကျနော့်မှာ တုန်လှုပ်သွားရ၏။ ခဏ နေတော့ ဗိုလ်သိန်းစိုးရှိရာ ထလာခဲ့ရသည်။
“ကိုငြိမ်းဝေ၊ ကျနော့်အတွက် ဘာမှစိတ်မပူနဲ့၊ ဒီကနေ့ညတော့ ကျနော်တယောက်ထဲ စကားမပြောဘဲ အိပ်တော့ မယ်ဗျာ၊ ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် တကယ်ဝမ်းနည်းရလွန်းလို့ပါ”
“ဗိုလ်သိန်းစိုး” နှင့် မလှမ်းမကမ်း ၀ါးရုံပင်ခြေရင်းတွင် အိပ်ရာဝင်ရန် ကျနော် ဆုံးဖြတ်လိုက်သည်။ “ဗိုလ်သိန်းစိုး” ဆီက သက်ပြင်းချသံများ မကြာခဏ ကြားရသလို ရှိ၏။ ၀ါးရုံပင်ခြေရင်းတွင် ပက်လက်လှန်လဲလျောင်းရင်းက ကရင်ရဲဘော်လေး (၂) ဦး ပြောခဲ့သည့်စကားကို ကျနော် ပြန်စဉ်းစားသည်။
“ဗိုလ်သိန်းစိုး မိန်းမရဲ့ညီမ၊ ဆရာကြီးနဲ့လည်းသိတဲ့ ကောင်မလေး “ဖောဂေ” လေ၊ မနေ့ကပဲ ဖျားပြီး သေတာတဲ့၊ ဓါတ်စက်ဖွင့်တာ အဲဒီက ဖွင့်တာ၊ ဗိုလ်သိန်းစိုး အရမ်းစိတ်ဆင်းရဲနေတယ် ဆရာကြီး”

၎။

ဂွါတီမာလာနိုင်ငံ၊ ကွီချီ အင်ဒီယန်းလူမျိုးစုဝင် “ရီဂိုဘာထရာ မင်ချူးရာ” က ၊ ဂျပန်နိုင်ငံရောက်သည့်အခိုက်၊ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာကို ကိုယ်တိုင်ရေးစပ်၊ ကိုယ်တိုင်ရွတ်ဆိုပြီး ဂျပန်မိတ်ဆွေတွေကို မိတ်ဆက်၏။ သူသည် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီးဖြစ်သည်။ ကျနော့်အထင် ခံစားမှု အထွက်အဖျားအထိ မြင့်တက် နေစဉ်အခိုက်၊ သူ ဘယ်လိုခံစားနေရသည်ကိုဖော်ပြရန်၊ ကိုယ်စားပြုကိရိယာတခုကို ရှာဖွေသည့်အခါ “ကဗျာ” ကို သူတွေ့သွားဟန်တူပါသည်။ သူ့ကဗျာထဲက ကဗျာပိုဒ်များက ကျနော့်ကို အကြီးအကျယ်ရိုက်ခတ်လိုက်သဖြင့် ကျနော့်မှာ တသက်လုံး ဘယ်တော့မှမမေ့နိုင်သည့် ၀မ်းနည်းကြေကွဲမှု ဒဏ်ရာတခု တိုးပွားလာခဲ့ရ၏။

မိုးဦးကျ နေ့တနေ့ပေမယ့်
ကြယ်တွေလတွေစုံတဲ့ ညတညရဲ့ အရုဏ်ဦးမှာ
မွေးရပ်မြေက ခွါခဲ့ရတယ်။
မွေးရပ်မြေကို မစွန့်ခွါမီ
ယာခင်းထဲက အစို့အညှောက်ထွက်စပြုနေတဲ့
အပင်ကလေးတွေ
ပွင့်ဖို့အတွက် ငုံအာနေတဲ့ အပင်လေးတွေကို
ကြေကွဲစွာ နှုတ်ဆက်မိပါတယ်။
ပြန်လာနိုင်တဲ့ တနေ့ကြရင်
ရွာက ကလေးတွေအတွက် ပြောင်းတွေကို
ပိုစိုက်ရဦးမယ်။
ပျားရည်အိုးတွေကိုလည်း သစ်ပင်တွေမှာ
အများကြီးချိတ်ဆွဲရဦးမယ်။
အသတ်ခံရမှာကြောက်လို့ ထွက်ပြေးနေတဲ့
ရွာသားတွေနဲ့အတူ
ရွာကို ပြန်လာခဲ့ဦးမယ်။

“မင်ချူးရာ” ရဲ့ “နယ်စပ်ကို ဖြတ်ကျော်၍” ကဗျာထဲက ကဗျာစာပိုဒ်တွေကိုဖတ်ပြီး ဖားအံမြို့နယ် ကျုံစိန်ရွာက ကရင်တိုင်းရင်းသူလေး “နော်ဖောဂေ” ကို ကျနော်ပိုပြီး သတိရနေမိ၏။ ၁၉၉၃-ခုနှစ်၊ ဖားအံမြို့နယ်ကို ခရီးထွက် တော့ န၀တစစ်တပ်၏ ရန်ကိုကြောက်သဖြင့် ရွာတွင် မနေရဲတော့သည့်အတွက် “နော်ဖောဂေ” နှင့် ကျုံစိန်ရွာ သား (၁၂) ဦးသည် ကျနော်တို့နှင့်အတူ မာနယ်ပလောကို လိုက်ပါလာခဲ့ကြ၏။ သူတို့ကို ထိုင်းနိုင်ငံထဲက “မယ်ပေါထ” ဒုက္ခသည်စခန်းသို့ ပို့ပေးခဲ့ရ၏။ တတိယအကြိမ် ဖားအံမြို့နယ်ဆီ ကျနော်ခရီးထွက်တော့ “နော်ဖောဂေ” က ကျနော်တို့ထက်စောစွာ ကျုံစိန်ရွာသို့ လူကြုံနှင့် ပြန်သွားနှင့်၏။ မိခင်နေမကောင်းသည့် သတင်းကြောင့် စွန့်စားပြီးသွားခဲ့ခြင်းဖြစ်သည်။
“နော်ဖောဂေ” သွားနှင့်ပြီး (၁) လမျှ အကြာတွင် ကျနော်နှင့် ဗိုလ်သိန်းစိုးတို့ ကျုံစိန်ရွာဘေးသို့ရောက်လာခဲ့ကြ၏။ ကျုံစိန်ရွာအနီးတွင် ကျနော်တို့ လူသိုက်ခဏနားနေစဉ် ရွာဖက်က ဓါတ်စက်သံကြားရ၏။ ဗိုလ်သိန်းစိုးက သတင်း မေးရန်ထွက်သွား၏။ ပြန်လာတော့ စကားမပြောနိုင်လောက်အောင် စိတ်သောကရောက်နေလေသည်။ သူ၏ညီမ အရင်းတမျှ ခင်တွယ်ရသော “နော်ဖောဂေ” သေဆုံးသွားခဲ့ပြီ။

နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ရတဲ့
မိုးသည်းသည်း တမနက်
ကျမရဲ့ ပူပင်ရိပ်ကို သတိထားမိတဲ့ ငှက်ကလေးတွေက
ဆိုနေတဲ့တေးကို ရပ်ပစ်လိုက်ကြတယ်။
တရွာလုံးကတော့ အသတ်ခံရတဲ့
မိသားစု ဆွေမျိုးများအတွက်
ပူဆွေးစိတ်နဲ့ အသံတွေ မထွက်နိုင်လောက်အောင်
တိတ်ဆိတ်နေကြရဲ့
ဒါပေမယ့်
တချိန်ချိန်မှာတော့ မွေးရပ်မြေဟာ
ပြန်လည်စည်ကားလာမှာပါ ... ...။

ဂွါတီမာလာနိုင်ငံ၊ ကွီချီတိုင်းရင်းသူလေး “မင်ချူးရာ” ကတော့ သူ့ရွာနဲ့ သူ့တိုင်းပြည်အတွက် အလုပ်တွေ အများကြီး လုပ်ပေးနိုင်ခဲ့သည်။
ကျုံစိန်ရွာသူလေး “နော်ဖောဂေ” အဖို့မူ သူမ၏ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဟု ယူဆရပါမည်။


ငြိမ်းဝေ



ကိုးကား
(၁) ခေတ်ပြိုင်ဂျာနယ် အမှတ် ၂၀၊၁၉၂၁-ခု
(၂) စပယ်ဖြူ မဂ္ဂဇင်း ၂၀၀၂-အောက်တိုဘာလ

ဧရာဝတီအင်တာနက် ၀က်ဘ်ဆိုဒ်မဂ္ဂဇင်းတွင် ၂၀၀၅ခု အတွင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။


No comments:

Post a Comment