September 20, 2008

စိန်ပြောင်းသံ ဆိုင်းသံဗုံသံနှင့် လရောင်လိမ်းကျံ ပန်းပွင့်များ


၁၉၉၄-ခု၊ မတ်လ၊၁၉-ရက်၊ စနေနေ့ ... ။
ခန့်မှန်းရခက်တဲ့ တနေရာဆီက လက်နက်ကြီး ပစ်ခတ်သံ နှစ်ချက် ကြားလိုက်ရတယ်။ ကျနော့်စိတ်ထဲ ကျောက်ဖြာရွာမှာ စခန်းချထားတဲ့ နအဖစစ်တပ် တပ်မ ၉၉ လက်အောက်ခံ၊ ခလရ ၃၂ ဆီက ပစ်ခတ်လိုက်တဲ့ အသံများပဲဖြစ်မယ်လို့ ထင်မိတယ်။ ညနေပိုင်း ကို ရောက်ရင် ဒီဒေသတ၀ိုက်မှာတော့ လက်နက်ကြီးပစ်ခတ်သံ ကြားကြရတဲ့ အဖြစ်ဟာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။



“ကွေလေ” ရွာက အထွက် ချောင်းကူးဝါးတံတားတဖက်ထိပ်မှာ ဦးကသေးဖိုး၊ ရွှေအုပ်ကျေးနယ်ဥက္ကဌ နဲ့ အတွင်းရေးမှူး တို့သုံးဦး ရပ်ပြီး ကျန်နေရစ်ခဲ့ကြပါတယ်။
“နောက်နှစ်ကြရင်လည်း လာခဲ့အုန်း ကိုငြိမ်း”
“ဦးကသေးဖိုး” ရဲ့ မျက်လုံးတွေထဲမှာ ထူးခြားတဲ့လက္ခဏာတချို့ ကျနော်တွေ့ရတယ်။ တောပုန်းကြီး ဦးကသေးဖိုး ကျနော့်ကို နှုတ်ဆက်တဲ့အသံဟာ သိသာထင်ရှားစွာ အလွမ်းတွေ ဖွေးဖွေးလှုပ်နေတယ်။
“ပြန်လာမယ်စိတ်ချ၊ ဒါပေမယ့် အခုလို စစ်မြေပြင်သတင်းထောက်တယောက်အနေနဲ့တော့ ပြန်မလာချင်ဘူး၊ မိတ်ဟောင်း ဆွေဟောင်းတွေဆီ ပျော်ပျော်ရွှင်ရွှင်လာတွေ့တဲ့ စစ်ကြီးပြီးသွားလို့ ပျော်ရွှင်လွတ်လပ်တဲ့ ရဲဘော်ဟောင်းတယောက်အနေနဲ့ပဲ ပြန်လာ ခဲ့မယ် ...”
ဒီလိုဆိုတော့ ကျနော့်ဆန္ဒက ပြည့်ဝနိုင်ပါ့မလား။ အသံထွက်ပြီး မပြောခဲ့ရတဲ့ ကျနော့်စကားတွေကို တောပုန်းကြီး “ဦးကသေးဖိုး” ၊ ကောင်းကောင်းကြီးခံစားလို့ ရနိုင်မှာပါ။ ကျနော့်မျက်လုံးတွေပေါ်က စာသားတွေကို ဘ၀အတွေ့အကြုံ အင်မတန်ရင့်ကျက်လွန်းတဲ့ ဦးကသေးဖိုး၊ ကောင်းကောင်းဖတ်နိုင်မှာပါ။ သူနဲ့ကျနော် (၁၅)ရက်တိတိ အတူနေ၊ အတူသွား၊ အတူစား၊ အတူတူအိပ်ခဲ့ကြပါတယ်။ သူ့ရဲ့ လျှို့ဝှတ်တဲကလေးပေါ်မှာ သူနဲ့ကျနော် အကြိမ်ပေါင်းများစွာ စကားလက်ဆုံကျခဲ့ကြတယ်။ ကြေကွဲဖို့ကောင်းတဲ့အချက်က “ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိနိုင်တဲ့ ဒီစစ်ကြီးထဲမှာ ဒီစစ်ကြီးကို နိုင်အောင် ဘယ်လိုတိုက်ရမလဲဆိုတဲ့ အဖြေကို သူတခါမှ စဉ်းစားလို့မရနိုင်ခဲ့ဘူး” ဆိုတဲ့ သူကိုယ်တိုင်ပြောပြခဲ့တဲ့ အချက်ပါပဲ။ သူ့ကို ကျနော် ကြေကွဲခဲ့တယ်။ တကယ်တော့လည်း ကျနော်တို့အားလုံး ကြေကွဲခဲ့ကြရတယ်။
ဝါးတံတားလေးထိပ်မှာ သူတို့ရပ်နေခဲ့ကြတာကိုသိပေမယ့်၊ ကျနော်ကတော့ နောက်ကို တချက်မှလှည့်မကြည့်ခဲ့တော့ပါဘူး။ သူတို့ကို ကျနော် နောက်ပြန်လှည့်ပြီး ထပ်မံနှုတ်မဆက်ချင်တော့ဘူး။ ကျနော်ဖတ်ဖူးတဲ့ အမေရိကန်ကဗျာဆရာကြီး “ရောဘတ်ဖရော့စ်” ရဲ့ ကဗျာတပုဒ်ထဲကလို “ညို့ဆိုင်း၊ နက်ရိုင်း၊ တောတန်းကဖြင့် လှပေသား။ ဒါပေမယ့် ငါ့မှာ တည်ရမယ့်ကတိတွေနဲ့ပါလား၊ မအိပ်ခင် သွားရဦး မယ့် ခရီးမိုင်တွေနဲ့ပါလား...။ ” ဆိုတဲ့ စာသားကို သတိရနေမိတယ်။
တနာရီကျော်ကျော်လောက် ခရီးတွင်လာတော့ လူသွားလမ်းဟာ အနိမ့်ပိုင်းကို ခတ်ပြေပြေလေး ဆင်းလာခဲ့ပါတယ်။ အခုလို တော နက်တယ်လို့ ထင်ရတဲ့ နေရာမျိုးကိုရောက်ရင်၊ တပ်ကြပ်ကြီး “ဖားတေး” ရဲ့ ခြေသံက ပိုပြီး အသံပြင်းလွန်းတယ်လို့ ကျနော်ထင်မိတယ်။ သူဟာ မွေးကတည်းက ဖိနပ်မစီးခဲ့ဖူးဘူးလို့ဆိုပါတယ်။ ရှေ့ကသွားနေတဲ့ သူ့ခြေသံကို နားထောင်ရင်း၊ တပ်မဟာမှူး “ဗိုလ်မှူးချုပ် ကျော်လင်း” ပြောဖူးတဲ့ စကားတခွန်းကိုတွေးပြီး ပြုံးမိပြန်တယ်။
“ကိုငြိမ်း ခင်ဗျား မာနယ်ပလောပြန်ရင် ဖားတေးအတွက် ဖိနပ်တရံဝယ်ပြီး ပို့လိုက်စမ်းဗျာ၊ ဒီမှာတော့ သူနဲ့တော်တဲ့ဖိနပ် ဘယ်မှာမှ ၀ယ်လို့မရဘူး၊ အဲဒါ သေသေချာချာ ဆိုဒ်အကြီးဆုံးကိုရှာပြီး ၀ယ်ပို့လိုက်စမ်းပါ၊ ဒီကောင်ကြီး ဖိနပ်စီးပြီး လမ်းလျှောက်တာ ကျုပ် မြင်ဖူးချင် လို့ ”
တပ်ကြပ်ကြီး“ဖားတေး” ရဲ့ ခြေထောက်ကို ကျနော်ကြည့်တယ်။ ကျနော့်စိတ်အထင် တံတောင်နီးပါးရှိတဲ့ ခြေဖ၀ါးပိုင်ရှင်လို့တောင်မှ ပြောလို့ရမယ်ထင်တယ်။ ဒီလောက်ကြီးတဲ့ ခြေဖ၀ါးမျိုးနဲ့လိုက်မယ့် “ဖိနပ်” ကိုကော ၀ယ်လို့ရနိုင်ပါ့မလားဆိုတာ သံသယ၀င်မိတယ်။ တပ်ကြပ်ကြီး ဖားတေးကို ကျနော်စပြီးတွေ့တော့ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထွားထွားကျိုင်းကျိုင်းကို ကြည့်ပြီး၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူ့ ကျွန်မခံပြီ” ၀တ္ထုထဲက “အကြပ်ကြီးပေါက်လှ” ကို ချက်ချင်းသွားတွေးမိတယ်။ အခုတော့ ရှေ့ကလမ်းလျှောက်သွားနေတဲ့သူ့ကို ကျနော့် စိတ်ထဲက နာမည်ပြောင်းပေးလိုက်ရရင်ကောင်းမလားလို့ စဉ်းစားနေရပြန်ပြီ။ “ခြေရာတစ်တောင်၊ မောင်မဲခေါင်” ဆိုတဲ့ နာမည်ပဲပေါ့။
အနိမ့်ပိုင်းကိုရောက်လေ၊ တောက နက်လာလေ။ တောကနက်လေ နေရောင်က မှောင်လာလေ။ နေရောင်မှောင်လာလေ စိမ့်အေး သထက် စိမ့်အေးလာလေလေ ...။ တနေရာရောက်တော့ လူသွားလမ်းဟာ လူတကိုယ်စာသာသာလောက်သာရှိတဲ့ ရှိုကလေးတခု ဖြစ်နေတာ တွေ့ရတော့တယ်။ ကျနော်တို့နှစ်ယောက်၊ ရေစိမ့်နေတဲ့ လူသွားလမ်းပေါ်လျှောက်လာခဲ့ကြတယ်။ ရေစပ်စပ်ကိုနင်းပြီး လျှောက်လာတော့ ဒါဟာဖြင့် စမ်းချောင်းလေးတခုကို လူသွားလမ်းလုပ်ထားတာလားလို့လည်း တွေးမိပါတယ်။ စိမ့်ထဲက ပြန်ထွက်တော့ လူသွားလမ်းဘေးက ကျွန်းပင်တပင်ရဲ့ ခါးလည်မရှိတရှိနေရာမှာ ဓါးနဲ့ပိုင်းပြီး ခုတ်ခွါထားတဲ့နေရာကို ကျနော်မော့ကြည့်မိတယ်။
“ဘာပြုလို့များ ဒီလောက်လှတဲ့ ကျွန်းပင်ကို ဓါးနဲ့ခုတ်ခွါချထားတာလဲ မသိဘူးဗျာ။ ဘယ်သူကများ လက်ဆော့သွားသလဲ မသိပါဘူး”
“အဲဒါ ဓါးနဲ့ခုတ်ပြီး ခွါထားတာ မဟုတ်ဘူး ဆရာကြီး၊ ၀ံတကောင်က ပါးစပ်နဲ့ကိုက်၊ လက်နဲ့ခွါချထားတာ”
“ဗျာ”
“ ဟုတ်တယ်လေ ဆရာကြီး၊ ကြက်တည်တဲ့လူုကို ၀ံက လိုက်ကိုက်ရင်းက၊ ကြက်တည်တဲ့လူ ဒီသစ်ပင်ပေါ်တက်ပြေးတာ ဒေါသဖြစ်ပြီး ကိုက်ခွါထားတာ”
ကျနော့်ခြေလှမ်းများမှာ အလိုလိုနှေးသွားရပါတယ်။ ပါတ်ဝန်းကျင်ကိုလည်း ကျီးကန်းတောင်းမှောက် လိုက်ကြည့်မိတယ်။
“ဘာမှမရှိတော့ဘူး ဆရာကြီး၊ အဲဒီ ၀ံကို ကျနော်တို့ ပစ်သတ်ပြီးပြီ၊ လူကတော့ ရင်နှစ်ခြမ်းကွဲပြီး သေတာပဲ၊ လိုက်သာလိုက်ပါ၊ မစိုးရိမ်ရတော့ပါဘူး”
တပ်ကြပ်ကြီးဖားတေးက နောက်ပြန်လှည့်မကြည့်ပေမယ့်၊ ကျနော့်ခြေသံကို နားစွင့်ပြီး၊ ကျနော့် အနေအထားကို ရိပ်မိသွားဟန် တူပါတယ်။ ကျနော့်အဖို့တော့ ခြေလှမ်းမှန်မှန်လျှောက်ပြီးတော့ လိုက်လာရပေမယ့်၊ နောက်မှာ ကျန်ခဲ့တဲ့ လျှိုကြီးထဲကို လည်ပြန်တကြည့် ကြည့်နဲ့ လုပ်နေခဲ့မိပါတယ်။
လျှိုထဲကထွက်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ မြေပြင်ပေါ်ရောက်လာတော့ အေးစိမ့်နေတာပျောက်ပြီး၊ ပူအိုက်လာရပြန်တယ်။ မကြာခဏဆိုသလို နေရောင်ခြည်နဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရလာပါတယ်။ နာရီကိုကြည့်တော့ (၄)နာရီ ထိုးကာနီးပြီ။ “ကွေလေ” ရွာက ထွက်တော့ (၁)နာရီ။ အခုဆိုရင် (၃)နာရီ ခရီးနှင်ခဲ့ကြပြီးပြီ။
တောင်ကမ္ဘားယံကွေ့တခုကို ချိုးအကွေ့မှာ၊ ကျနော့် ခြေလှမ်းများ အလိုလိုရပ်တန့်သွားရတယ်။ လေးငါးဧကလောက် ကျယ်ပြန်တဲ့ မြေကွက်လပ်ကြီးပေါ်မှာ အင်မတန်လှတဲ့ တောရိုင်းနေကြာပန်းခင်းကြီး တကွင်းလုံး ၀ါဝါထိန်လျှက်။ ပန်းရိုင်းနေကြာခင်းကြီးကို ငေးကြည့်ရင်း ကျနော့်မှာ အလိုလိုအမောပြေသွားခဲ့ရပါတယ်။
“ကော်ဟဲ” ရွာကိုရောက်တော့ မိုးချုပ်စပြုပြီ။ ရွာလည်ရောက်တော့ အလင်းရောင် လုံးဝမရှိတော့ပါဘူး။ ကျနော်နဲ့ တပ်ကြပ်ကြီး ဖားတေးတို့ အုတ်တံတိုင်းတခုဘေးကကပ်ပြီး စမ်းတ၀ါးဝါးနဲ့လျှောက်လာခဲ့ကြရပါတယ်။ အလင်းရောင်မှုံဝါးဝါးအောက်မှာ ထုံဖြူဖြူအုတ် တံတိုင်းဟာ တော်တော်နဲ့ မဆုံးနိုင်ဘူး။ ဘယ်ကိုသွားမယ်၊ ဘယ်သူနဲ့တွေ့မယ်၊ ဘယ်မှာ နားမယ်၊ ဘယ်မှာ ထမင်းစားမယ်၊ ဘယ်မှာ ညအိပ်မယ် ဆိုတာတွေကို တွေးမိပေမယ့် ဒါတွေအားလုံး တပ်ကြပ်ကြီးဖားတေးကို ထုတ်ဖော်မေးခြင်းမရှိပဲ သူ့နောက်ကပဲ သူ့ကိုမှီအောင် လိုက်လာခဲ့ပါတယ်။
“ဒီနေရာမှာပဲ ကျနော်တို့တညအိပ်မယ် ဆရာကြီး၊ ရွာထဲက အိမ်မှာဆိုရင် လုံခြုံရေး စိတ်မချရဘူး၊ အခု ဘယ်နှစ်နာရီ ရှိပြီလဲ”
ကျနော်က ဓါတ်မီးကို လက်ဖြင့်အုပ်၍ နာရီကိုကြည့်သည်။
“ (၇) နာရီ”
“ဒါဆိုရင် ... နောက်ထပ် တနာရီလောက်ရှိမှ သူကြီးလာတွေ့လိမ့်မယ်၊ အဲဒီကြမှ ထမင်းစားရမယ်”
အလင်းရောင် မှိုန်ပြပြအောက်မှာပင် နေရာထိုင်ခင်းပြင်ကြရပါတယ်။ သရက်ပင်တွေ ထူထပ်စွာပေါက်နေတဲ့ တောအုပ်တခု။ ဒါမှ မဟုတ် သရက်ခြံတခုဖြစ်မယ်လို့လည်း တွေးမိတယ်။ တပ်ကြပ်ကြီးဖားတေးက ကျနော့်အတွက် သစ်ပင်နှစ်ပင်မှာ စစ်ပခက်ချည်ပေးပါ တယ်။ ကျနော်က ငြင်းပေမယ့် သူက လက်မခံပါဘူး။ ကျနော်က ပခက်နဲ့အိပ်ပြီး သူက သစ်ပင်ခြေရင်းမှာပဲအိပ်မယ်လို့ ဆိုပါတယ်။ ပြောမရ တာကြောင့်၊ ကျနော့်မှာ ပါလာတဲ့ စောင်ပိုင်းလေးကို ကြောပိုးအိပ်ထဲကထုတ်ပြီး သူ့အတွက် ခင်းပေးလိုက်ပါတယ်။
အိပ်ယာထိုင်ခင်းပြင်နေတုန်း ကျနော်တို့ဘေးက ဖြတ်လာခဲ့ရာ ဘုန်းကြီးကျောင်းဝန်းဆီက ဆိုင်းသံဗုံသံတွေ ကြားလာရပါတယ်။ မိဆိုင်းတောင်ပေါ်ဘုရား၊ ဗုဒ္ဓပူစနိယပွဲတော်အတွက် အတီးအမှုတ် လေ့ကျင့်ကြတာလို့ ထင်ရပါတယ်။
တပ်ကြပ်ကြီးဖားတေးပြောသလိုပဲ၊ ၉ နာရီလောက်မှာ ကော်ဟဲရွာသူကြီးနဲ့ ရွာသားတယောက်ရောက်လာလို့ ကျနော်တို့နှစ်ယောက် ထမင်းစားကြရပါတယ်။ ငှက်ပျောရွက်တွေခူးလာလို့ ထမင်းကို ငှက်ပျောရွက်ပေါ်ထည့်ပြီး စားလိုက်ကြပါတယ်။
မှောင်မှောင်မည်းမည်းထဲမှာ၊ ချိုင့်ထဲက ဟင်းကိုစားကြည့်တော့ ချဉ်တင်တင်ရှိတာနဲ့ ဘာဟင်းလဲလို့မေးမိတယ်။ မရမ်းသီးနဲ့ ပုဇွန် ချဉ်ရေဟင်းလို့ သိရပါတယ်။ ဆာလွန်းမက ဆာလွန်းနေတော့ မှောင်မှောင်မည်းမည်းအောက်မှာပဲ ထမင်းကို တ၀တပြဲ စားရပါတယ်။ သူကြီး နဲ့ တပ်ကြပ်ကြီးဖားတေးတို့ ကရင်လို စကားတစ်ခွန်း နှစ်ခွန်းပြောပြီး ပြန်သွားတော့ ကျနော်က ပခက်ပေါ်ရောက်နေခဲ့ပြီ။ ခေါင်းတပြူပြူ လုပ်လာနေတဲ့ လရောင်ကို မော့ကြည့်ရင်း ထမင်းလုံး စီနေမိပြီ။
ဘယ်အချိန်က ဘယ်လောက်ကြာကြာ အိပ်မောကျသွားခဲ့တာလဲ မသိပါဘူး။ ချမ်းလွန်းလို့ ရုတ်တရက် နိုးလာတော့ သစ်ရွက်ကြိုသစ်ရွက်ကြားကတဆင့် ကျနော့်ခန္ဓာကိုယ်ပေါ်မှာ လရောင်တွေ ပဆစ်အိမ်ဖွဲ့နေတာ တွေ့လိုက်ရပါတယ်။ မြေကြီးပေါ်မှာ စောင်ပိုင်းခင်းပြီး အိပ်နေတဲ့ တပ်ကြပ်ကြီးဖားတေးဆီက၊ အသက်ရှူသံပြင်းပြင်းကို ကြားနေရပါတယ်။
အခုလို လရောင်တွေ ၀င်းဝင်းပနေတဲ့ အချိန်မျိုးမှာ၊ လမ်းခွပ်လပ်မှာတွေ့ခဲ့ရတဲ့ နေကြာပန်းရိုင်းခင်းကြီးကို ပြေးပြီးကြည့်ချင်လှပါတယ်။ လရောင်အောက်က လရောင်တွေလိမ်းကျံထားတဲ့ နေကြာပန်းခင်းကြီး ဘယ်လောက်အထိများ လှပလွန်းနေလေ မလဲ ...။

ငြိမ်းဝေ

(မဇ္ဈိမအွန်လိုင်းတွင် ဖော်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)

2 comments:

  1. “ပြန်လာမယ်စိတ်ချ၊ ဒါပေမယ့် အခုလို စစ်မြေပြင်သတင်းထောက်တယောက်အနေနဲ့တော့ ပြန်မလာချင်ဘူး၊ မိတ်ဟောင်း ဆွေဟောင်းတွေဆီ ပျော်ပျော်ရွှင်ရွှင်လာတွေ့တဲ့ စစ်ကြီးပြီးသွားလို့ ပျော်ရွှင်လွတ်လပ်တဲ့ ရဲဘော်ဟောင်းတယောက်အနေနဲ့ပဲ ပြန်လာ ခဲ့မယ် ...”

    ခြေလှမ်းတိုင်းက လွတ်လပ်ပေါ့ပါး ငြိမ်းချမ်းလို့ ....
    ဆရာ့ဆန္ဒများ ပြည့်ဝပါစေ ထပ်တူခံစားမှုနဲ့ ဆုတောင်းပေးပါတယ်ခင်ဗျာ။
    ပျော်ရွှင်ချမ်းမြေ့ပါစေ ...

    ReplyDelete
  2. ဒီဆောင်းပါးကို မဇ္ဇျိမမှာ ဖတ်ဖူးခဲ့ပါတယ်။ အခုပြန်ဖတ်ရတော့လည်း မရိုးနိုင်ဘူး။ လရောင်အောက်မ ပန်းတွေအားလုံး ငြိမ်းချမ်းစွာ ဖူးပွင့်ဝေကြပါစေ။

    ReplyDelete