June 15, 2009

သေနတ်သံတွေတိတ်သွားတဲ့အထိ ကကြ


(က)

“ဟေ့လူ ... ခင်ဗျား ဟိုသတင်းကြားပြီမို့လား”
ကျနော်က မဝေခွဲတတ်သည့်မျက်နှာနှင့် ကိုမောင်မောင်မြင့် (ယ္ခု- မြန်မာသတင်းသမဂ္ဂ) ကို မော့ကြည့်သည်။ ကိုမောင်မောင်မြင့်က အပစ်တင်သောမျက်လုံးများနှင့် ကျနော့်ကိုကြည့်သည်။
“ခင်ဗျား တကယ်မသိဘူး”
“ဘာသတင်းလည်းဗျ၊ ကျနော် တကယ်မသိသေးလို့ပါ”
“ကင်ဆာရိုဝီ၀ါ သတင်းလေဗျာ”
“ဘာလဲ၊ လွှတ်လိုက်ပြီတဲ့လား”
“ဟာ ... ဘယ်ကလာ လွှတ်ရမှာလဲဗျ၊ မနေ့ကပဲ ကြိုးပေးပြီး သတ်ပစ်လိုက်ပြီ၊ ခင်ဗျားကြားပြီးပြီလို့ ထင်နေတာ”
“ဘာ ...၊ သတ်ပစ်လိုက်ပြီ”
“ဟုတ်တယ် ကိုငြိမ်းရေ ... သတ်တာမှ ... ကိုးယောက်စလုံးကို သတ်ပစ်လိုက်တာ၊ အခု ဥရောပ တတိုက်လုံး ဆူနေတာပဲ”


ချက်ချင်းဆိုသလို ထိုင်ရာက ထလာလိုက်သည်။ “ကင်ဆာရိုဝီ၀ါ” နှင့် ပါတ်သက်သည့်သတင်းများ ကို သတင်းဖိုင်တွဲများတွင် ပြန်ရှာရ၏။
“ကိုမောင်မောင်မြင့်ရေ ...၊ လုပ်ပါဦးဗျာ ရသဘောက် သူ့သတင်းတွေစုပြီး ကျနော့်ကို ကူညီပါအုန်း၊ ကျနော် ဒီတပါတ် သူ့အကြောင်း အသံလွှင့်မယ်”
ညနေပိုင်းရောက်တော့ “ကိုမောင်မောင်မြင့်” ဆီက ဖက်စ်တချို့ဝင်လာ၏။ နိုင်ဂျီးရီးယား စာရေး ဆရာ၊ ရုပ်မြင်သံကြားထုတ်လုပ်သူ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းသမား “ကင်ဆာရိုဝီ၀ါ” နှင့် ပါတ်သက်သည့် သတင်းများဖြစ်၏။
လာမည့် သောကြာနေ့ “တော်လှန်ရေးကဗျာမိတ်ဆက်” ကဏ္ဍတွင် နိုင်ဂျီးရီးယားစစ်အစိုးရက ကြိုးပေးကွပ်မျက်လိုက်သည့် “ကင်ဆာရိုဝီ၀ါ” အကြောင်း ကျနော်အသံလွှင့်ရပါလိမ့်မည်။

(ခ)


“ကင်ဆာရိုဝီ၀ါ” အကြောင်း အသံလွှင့်ဖို့စီစဉ်သောအခါ ကျနော့်မှာ စိတ်လှုပ်ရှားတက်ကြွနေခဲ့၏။ နိုင်ဂျီးရီးယား မျက်မှောက်သမိုင်းနှင့် ကျနော်တို့နိုင်ငံ မျက်မှောက်သမိုင်းမှာလည်း ဆင်တူလွန်းနေသဖြင့် ကျနော့်အဖို့ ပိုပြီး စိတ်ဝင်တစားဖြစ်မိ၏။ နိုင်ဂျီးရီးယားနိုင်ငံမှာ ကိုလိုနီဘ၀ဘ၀မှ လွတ်မြောက်လာပြီး ၁၉၉၅ -ခုနှစ်အထိ (သူ့အကြောင်းကို အသံလွှင့်ရန် စီစဉ်ချိန်က ဖြစ်ပါသည်) နှစ်ပေါင်း (၃၆) နှစ်အတွင်း၊ စစ်တပ်က ဓါးမိုးအုပ်ချုပ်ထားသည့်ကာလမှာ (၂၇) နှစ်ဖြစ်ပြီး အရပ်သားအစိုးရက (၉) နှစ်သာ အုပ်ချုပ်ခွင့်ရခဲ့၏။ ကျနော်တို့နိုင်ငံတွင်လည်း ၁၉၄၈ -ခု၊ လွတ်လပ်ပါပြီဆိုကတည်းက ထိုအချိန် (၁၉၉၅) ခုနှစ်အထိ အရပ်သားအစိုးရက (၁၂) နှစ်သာ အုပ်ချုပ်ခွင့်ရခဲ့ပြီး စစ်တပ်စစ်အာဏာရှင်အစိုးရများက အသွင်အမျိုးမျိုးနှင့် အုပ်ချုပ်လာခဲ့သည်မှာ (၃၆) နှစ် ရှိ၏။ ထို့ပြင် ထိုစဉ်က လက်ရှိနိုင်ဂျီးရီးယား စစ်အစိုးရဆိုတာကလည်း ၁၉၉၃- ခု၊ ဇွန်လတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းပြီး၊ နိုင်ချေရှိနေခဲ့သည့် လူထုခေါင်းဆောင် “မိုရှုအဘီအိုလာ” ကို ထောင်ထဲထည့်၊ မျက်နှာပြောင်တိုက်အုပ်ချုပ် နေသည့် အစိုးရ ဖြစ်၏။ ထို့ကြောင့် ၁၉၉၀-ခု၊ မေလ ရွေးကောက်ပွဲရလဒ်ကို လစ်လျူရှုပြီး တိုင်းပြည်ကိုအဓမ္မအုပ်ချုပ်ထား သည့် မြန်မာစစ်အာဏာရှင်များနှင့် မခြားနား။ မျက်မှောက်သမိုင်းချင်း ဆင်တူလွန်းသည့်နိုင်ငံနှစ်ခု ...။
“ကင်ဆာရိုဝီ၀ါ” သည် စာရေးဆရာ၊ ရုပ်မြင်သံကြားထုတ်လုပ်သူအဖြစ် ပထမပိုင်းတွင် ထင်ရှား၏။ အထူးသဖြင့် အပိုင်းပေါင်း (၁၅၀) ကျော်ရှိသည့် သူ၏ ရုပ်မြင်သံကြားအစီစဉ် “ဘာစီနှင့်ကုမ္ပဏီ” ဟု အမည် ပေးထားသည့် အစီစဉ်မှာ လူကြိုက်များ၏။ ယင်းအစီစဉ်ကို အာဏာရှင်စစ်အစိုးရက ဖျက်သိမ်းပစ်ခဲ့၏။ နောက်ပိုင်းတွင် “အိုဂိုနီ” လူမျိုးစုဝင် တဦးဖြစ်သူ “ကင်ဆာရိုဝီ၀ါ” သည် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးအဖြစ် ထင်ရှားလာပြန်၏။ အထူးသဖြင့် ၁၉၅၀-ခုနှစ် ၀န်းကျင်ကတည်းက အိုဂိုနီ လူမျိုးစုဝင်များနေထိုင်သည့် ဒေသတွင် “ရှဲ- ဒတ်ခ်ျ” ရေနံကုမ္ပဏီနှင့် စစ်အစိုးရဖက်စပ်ကုမ္ပဏီက ရေနံများ ရှာဖွေတူးဖော်ရာ၊ အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းမျာစွာရရှိခဲ့ကြသော်လည်း ဒေသခံ အိုဂိုနီ လူမျိုးစုတို့မှာ ဆင်းရသထက် ဆင်းရဲလာခဲ့ရ၏။ “ကင်ဆာရိုဝီ၀ါ” သည် အိုဂိုနီလူမျိုးစုဒေသတွင် ရေနံကုမ္ပဏီ များ စည်းမဲ့ကမ်းမဲ့ စီးပွားရှာမှုကြောင့်၊ ရေထုနှင့် လေထုပျက်ဆီးရခြင်းအပေါ် ကန့်ကွက်ခဲ့၏။ လူတသောင်း ကျော်နှင့် စတင်ဖွဲ့စည်းသည့် “အိုဂိုနီပြည်သူများအသက်ရှင်ရပ်တည်ရေးလှုပ်ရှားမှုအဖွဲ့ ” တွင် ဥက္ကဌ ဖြစ် လာခဲ့၏။ အကြမ်းမဖက်လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့၏။ ထို့ကြောင့် အကြိမ်ကြိမ်အဖမ်းခဲ့ရ၏။ ၁၉၉၄-ခု၊ မေလ (၂၂) ရက်နေ့တွင် “ကင်ဆာရိုဝီ၀ါ” နှင့် အိုဂိုနီလူမျိုးစုခေါင်းဆောင် (၈)ဦးကို ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” ခေါင်းဆောင်သည့် စစ်အစိုးရက ဖမ်းဆီးလိုက်၏။ အိုဂိုနီလူမျိုးစုဝင် (၄) ဦး အသတ်ခံရမှု တွင် ပါဝင်ပါတ်သက်သည်ဟု စွပ်စွဲခဲ့၏။ သို့သော် ရုံးထုတ်စစ်ဆေးခြင်းမပြုပဲ (၁၈) လကြာ အဓမ္မချုပ်နှောင် ထားခဲ့ပြီးမှ ၁၉၉၅-ခု၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဥရောပတိုက် နိုင်ငံတိုင်းလိုလို ကန့်ကွက်နေ သည့်ကြားက “ပို့ထ် ဟားကုတ်အကျဉ်းထောင်” တွင်း၌ “ကင်ဆာရို ၀ီဝါ” နှင့် အိုဂိုနီလူမျိုးစုခေါင်းဆောင်း (၈)ဦးကို ကြိုးပေးကွပ်မျက်ခဲ့လေသည်။
“ကင်ဆာရိုဝီ၀ါ” ၏ ဘ၀နိဂုံးပိုင်းများက တုန်လှုပ်စရာ ကောင်းလှ၏။ အသတ်မခံရခင်အချိန် ... ဇနီးနှင့်တွေ့ခွင့်တောင်း၏။ မရခဲ့။ အသက် (၉၁) နှစ်ရှိပြီဖြစ်သည့် ဖခင်ဖြစ်သူထံ၊ သူ၏ဆေးတံအိုးလေး ပို့ပေးဖို့ တောင်းဆိုပြန်တော့လည်း စစ်အစိုးရက ပယ်ချခဲ့၏။ ထို့ပြင် သူနှင့်အတူ အဖမ်းခံကြရသည့် အိုဂိုနီ လူမျိုးစုဝင် (၈) ဦး၊ တဦးချင်းစီ ကြိုးပေးခံရသည့် မြင်ကွင်းကို “ကင်ဆာရိုဝီ၀ါ” အား အတင်းအဓမ္မ ကြည့်ရှု စေခဲ့၏။ သူ့ကို ကြိုးစင်ပေါ်က ဒေါက်ဖြုတ်ချလိုက်တော့ မိနစ်အတန်ကြာ မသေမရှင်ဖြစ်ကာ ရုန်းကန်လှုပ်ရှား နေခဲ့ရသည်ဟုဆို၏။
နိုင်ဂျီးရီးယားစစ်အစိုးရသည် စာရေးဆရာ “ကင်ဆာရိုဝီ၀ါ” ကို သတ်ဖြတ်ပြီးခဲ့သည့်တိုင် နောက်ကြောမလုံနိုင်ခဲ့ပါ။ အိုဂိုနီခရိုင်အတွင်းတွင်ရှိသည့် စာသင်ကျောင်းအားလုံးမှ ဆရာ ဆရာမများကို တနေရာတည်းမှာ စုဝေးစေပြီး “ကင်ဆာရိုဝီ၀ါ” အကြောင်း ကျောင်းသားထုအတွင်း မဟောရ၊ မပြောရဟု တားမြစ်ပိတ်ပင်ခဲ့ရ၏။ နိုင်ဂျီးရီုးယာားသတင်းစာဟူသမျှ “ကင်ဆာရိုဝီ၀ါ” ၏ သတင်းကို ဖော်ပြခွင့် မရခဲ့ကြ။ “ကင်ဆာရိုဝီ၀ါ” ကွပ်မျက်ခံရသည့်သတင်းမှာ တကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။

(ဂ)

“ကင်ဆာရိုဝီ၀ါ” အကြောင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ တဆင့် ကျနော် အသံလွှင့်ခဲ့၏။ (၁၉၉၅)။ ယင်း အသံလွှင့်အစီစဉ်၏ နောက်ခံနိုင်ဂျီးရီးယား သီချင်းတိတ်ခွေကို အော်စလိုမြို့ ဗဟိုစာကြည့်တိုက်ကြ
းမှတဆင့် ငှါးရမ်းကူးယူပြီးမှ အသံလွှင့်ခဲ့ရ၏။
အသံလွှင့်အစီစဉ် နောက်ဆုံးစာပိုဒ်များတွင် “အိုဂိုနီလူမျိုးစုနေ့” အတွက် “ကင်ဆာရိုဝီ၀ါ” ကိုယ်တိုင်ရေးခဲ့သည့် ကြွေးကြော်သံစာတန်းကို ကျနော်ထည့်ပြီးဖတ်ခဲ့၏။ “ကကြ ... ဒေါသတွေ ပျော်ရွှင်မှု တွေနဲ့ ကကြ၊ သေနတ်သံတွေ တိတ်သွားတဲ့အထိ ကကြ ... ကကြ ... ကကြ ... ” ဟု “ကင်ဆာရိုဝီ၀ါ” က ရေးခဲ့၏။
အသံလွှင့်အစီစဉ်၏ နိဂုံးပိုဒ်တွင်မူ ညီဖြစ်သူထံ “ကင်ဆာရိုဝီ၀ါ” ရေးခဲ့သည့်စာပိုဒ်ကို ကျနော် ဖတ်၏။ ကျနော့်လက်များ တုန်ရင်နေခဲ့ရလေသည်။
“ဘုရားသခင်ကတော့ ငါ့ရဲ့အသက်ဝိဥာဉ်ကို ယူသွားမှာပဲ၊ ဒါပေမယ့် ရုန်းကန်တိုက်ပွဲဝင်မှုတွေ ကတော့ ဆက်ဖြစ်နေလိမ့်ဦးမယ်”


ငြိမ်းဝေ

2 comments:

  1. အာဏာရှင်တွေမှန်သမျှ ကျဆုံးပါစေ...

    ReplyDelete
  2. နအဖကတချိန်မှာဒါမျိုးမလုပ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ ဒီပဲရင်းတုန်းကလဲ လုပ်ခဲ့တယ် ကင်ဆာရိုဝီ၀ါတုန်းက UN နိုင်ငံတကာအသိုင်းအ၀န်း က ဘယ်လောက်များ တာဆီးနိုင်ခဲ့သလဲ ဘာမှမလုပ်နိုင် ကန့်ကွက်ရုံသာ တတ်နိုင်ခဲ့တယ် ခုလဲ နအဖက နိုင်ငံတကာကို သွေးထိုးစမ်းနေတယ် တဖြည်းဖြည်းပေါ့ UN နဲ့ နိုင်ငံတကာက တကယ်တမ်း သူ့ကိုမလုပ်နိုင်ဘူးဆိုရင် သူက အမြစ်ဖြတ်ချေမှုန်း ရေးစမှာဘဲ

    ReplyDelete