August 30, 2009

သုညတွေပဲကြွင်းတဲ့မြို့ ကလေး


အစွန်အဖျားကျတဲ့ မြို့ ကလေးတမြို့ ရဲ့
အစွန်အဖျားပေါ်မှာ
ငါ
ထိုင်နေမိတယ်။

ငါ့ခေါင်းပေါ်က
အလျားလိုက်ခုတ်မောင်းသွားတဲ့ ̔ခေါ်သံ̓ တွေထဲမှာ
ငါ့ ခေါ်သံ
ငါကိုယ်တိုင်ပြန်ပြီးမကြားနိုင်အောင်
ကြားနေရတယ်။

ငါ့ဘေးက
ဒရွတ်တိုက်ဆွဲသွားတဲ့̔ ရင်ခုန်သံ ̔ံတွေထဲမှာ
ငါ့ ̒ရင်ခုန်သံ̓
ငါကိုယ်တိုင်ပြန်ပြီး မခံစားနိုင်အောင်
ခံစားနေရတယ်။

ချစ်ခြင်းမေတ္တာက
ငါ့ကို
မီးနဲ့ ဆေးကြော
အမုန်းတရားက
ငါ့ကို
ငယ်ပေါင်းကြီးဖေါ်လို ပေါင်းဖေါ်
ဟောဒီမြို့ ကလေးလေ
ငုဝါတွေ လှိုင်လှိုင်ပွင့်တာက လွဲရင်ပေါ့။

မြို့ ကလေး
မင်းက ငါ့ဆီက ခွန်အားကို
လက်ကါးနှုန်းနဲ့ လုယူနေတဲ့အချိန်
ငါကတော့
မင်းရဲ့အရိပ်ကို လက်လီနှုန်းနဲ့ ဆွတ်ချူခဲ့ရတယ်။

မြို့ ကလေး
မင်းဟာ
ငါ့အတွက် ခြေတု လက်တု။

မြို့ ကလေး
မင်းဟာ
ငါ့အတွက်
ဝှက်ဖဲ၊ အံဆွဲ၊ ကဲလား..။

ဒါပေမယ့်လည်း
မင်းရဲ့ အမဲလိုက်ခွေးတကောင်ဟာလည်း
ငါပါပဲ။

သေချာပြီ
ငါဟာ
မိုးမရွာတဲ့ဘက်မှာ ထီးဖွင့်ဆောင်းပြီး
နေပူတဲ့ဘက်မှာ စေါင်ထူထူခြုံမိတဲ့အဖြစ်။

တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ငါကိုယ်တိုင် ရွာပြန်ပို့ မိတာ
အခါခါ။
တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ရွာကနေ ငါကိုယ်တိုင်
ပြန်ခေါ်လာခဲ့ရတာ
အခါခါ။

မြို့ကလေး
မင်းရဲ့နောက်ဖေးလမ်းကြားတွေထဲမှာ
တိတိကျကျ ဖြန်းသန်းပြီး
ဆင်ကိုစမ်းတဲ့ ပုဏားတချို့ နဲ့ လည်း
လ္ဘက်ရည်ဆိုင် ထိုင်ခဲ့ဖူးပြီ။

အကျအပေါက်များတဲ့သူတွေထဲမှာ
အကျအရှုံးများတဲ့သူလည်း ဖြစ်ခဲ့ဖူးပြီ။

လရောင်တွေ
နေရောင်တွေ
ရေသောက်ဆင်းလုနိုးနဲ့ 
မျှော်ကိုးရင်း အိမ်မက်တွေ မြိုချခဲ့ဖူးပြီ။

ရေတိမ် မနစ်တနစ်မှာ
တိမ်တွေကိုလည်း
ကြိုးပစ်လို့ ဖမ်းခဲ့ဖူးပြီ။

ဒီလိုနဲ့ ပဲ
ငါက
အနာဂါတ်ကို ကော်ပတ်နဲ့ ပါးနေတုန်း
မြို့ကလေးက
ငါ့ကို ကျားလျာနဲ့ စားခဲ့ပြီ။

မြို့ကလေးက
ငါ့အပေါ် အုပ်ချလိုက်တဲ့ပိုက်ကွန်
ငါ့ပါးစပ်ထဲ ထိုးသွင်းလိုက်တဲ့ငါးမျှားချိပ်
ဒါ အဆိပ်ဆိုပဲ
အဲဒီအဆိပ်တွေလောက် အမူးခိုင်တာ
ဘယ်အရက်မှ မရှိဘူး။

မြို့ ကလေးရေ
တို့ အဖြစ်က
မူတည်ကိန်း ဘယ်လောက်ပဲရင်းရင်း
သုညတွေပဲ ကြွင်းခဲ့ပြီလား။

မြို့ကလေး
မင်းရဲ့
ညှော်နံ့ တွေထည့်ပြီးချိပ်ထားတဲ့̒ဒရစ်ပိုက်̓ ကို
ငါ့လက်ပေါ်က ဖယ်လိုက်ပါတော့။ ။

မှတ်ချက်။ ။ ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ရဲ့  အဓိပ္ပါယ် ဟာ ̒ အစွန်အဖျားကျတဲ့ မြို့̓ လို့ ဆိုပါတယ်။
သရုပ်ဖေါ်ပန်းချီပုံက ဆရာ ထိန်လင်း ရဲ့ လက်ရာဖြစ်ပါတယ်။

ငြိမ်းဝေ



2 comments:

  1. ဆရာ့မြို့ကလေးထဲ လမ်းလျှောက်ရတာ
    မောလိုက်တာ ဆရာ ရယ်
    ကိုယ်တိုင်မခံစားနိုင်တဲ့ ရင်ခုံသံ
    မီးနဲ့ဆေးကြောခြင်းခံရတဲံ ချစ်ခြင်းတရား
    ကျားလျှာနဲ့ စားခံရတဲ့ အနာဂတ်


    ကဗျာတွေ များများ ရေးနိုင်ပါစေ ဆရာ

    ReplyDelete
  2. ဆရာ
    ကဗျာဘယ်အချိန် ရေးမလဲ ရေးမလဲနဲ့စောင့်နေရတာ အမောပါဆိုရင် လွန်မလားဗျာ

    စောင့်ရကျိုးနပ်တော့ ကဗျာဖတ်တိုင်း ကျေနပ်သွားရတာချည်းပါပဲဗျာ

    ဆရာ ကျန်းမာပါစေ

    ReplyDelete