October 06, 2009

နွေတည မြစပယ်ရုံနှင့် ရေဆန်လမ်းပေါ်က နိုင်ဝင်းဆွေ


( ၁ )
၁၉၇၂ ခု၊ နွေနံနက်ခင်းတခု...။
ကိုစန်းမောင် (ယခု တရားရုံးချုပ်ရှေ့ နေ၊ပဲခူး)၏ ခေါင်းဆောင်မှုဖြင့် ၀ါးထရံကာ ခြံတခုအတွင်းဝင်လာစဉ် ကျနော်တို့ သည် နှင်းဆီခင်းတခုဘေးမှ လျှောက်လာခဲ့ကြ၏။ သုံးဘက်သုံးတန် ထရံကာ ၀ါးကြမ်းခင်းတဲတလုံးရှေ့ တွင် လူငယ်တချို့ ရောက်နှင့်နေကြပြီ။ တချို့ တဲပေါ်တွင်ထိုင်လျက်။ တချို့ တဲအောက်တွင်ရပ်လျက်။တဲရှေ့ နေပူအောက်တွင် ရွှံ့ များပေရေချောက်ကပ်နေသည့် စားပွဲတလုံး။ စားပွဲဘေးတွင်မူ ထိုင်စရာကုလားထိုင် မရှိ။


ကျနော်က သူ့ ကိုတွေ့ ချင်နေသည်။ ရောက်ရောက်ချင်း လူအုပ်အတွင်း သူ့ ကို စိတ်အထင်နှင့်လိုက်ရှာကြည့်မိသည်။ ခန့် မှန်းလို့ မရ။ မအောင့်နိုင်၍ ကိုစန်းမောင်ကို မေးကြည့်မှ သူသည်အပြင်ခဏသွားနေကြောင်းသိရ၏။ ဧည့်သည်တွေကို သည်အတိုင်းထားကာ ဘာ့ကြောင့် အပြင်ထွက်နေပါလိမ့်ဟု တွေးမိသေးသည်။ အိမ်ရှင်ဖြစ်သူ သူ့ ကို ကျနော် တွေ့ ချင်နေသည်။
ကျနော်နှင့်အသက်အရွယ်မတိမ်းမယိမ်း လူငယ်တချို့ ရောက်လာကြပြန်သည်။ မြင်ဖူး သိဖူးသူများလည်းပါသည်။ မမြင်ဖူးသူများလည်းပါသည်။ ဆရာ ဗန်းမော်တင်အောင် က ရောက်လာပြီးမှ ပြန်သွားသည်ဟု သိရ၏။ ဘာ့ကြောင့်ပြန်သွားရတာလည်းဟု မေးချင်သော်လည်း မမေးသင့်ဟုယူဆကာ မြိုသိပ်ထားလိုက်၏။

တဲပေါ်ကလူငယ်တချို့ ကြားတွင် အသက်ငါးဆယ်အရွယ်လူတဦးထိုင်နေသည်ကို တွေ့ ရသည်။ အသားဖြူဖြူ ဆံပင်
ကောက်ကောက် မျက်မှန်တပ်ထား၏။ စိတ်ထဲ၌မြင်ဖူးသည်ဟု ယူဆနေစဉ် “ အဲဒါ ဆရာဒဂုန်တာရာလေကွာ ” ဟု ကိုစန်းမောင် ပြောပြမှ ကျနော် သူ့ ကို မှတ်မိသွားခဲ့သည်။

တဲရှေ့ တွင် ယာယီထင်းမီးဖိုတခုပြုလုပ်ကာ ထမင်းအိုးကြီးတလုံး တည်ထားသည်ကို တွေ့ ရ၏။ခြံဝန်းတခုလုံးနီးပါး နှင်းဆီပင်များ စနစ်တကျစိုက်ထားသည်ကိုလည်း တွေ့ ရ၏။ ရဲရဲနီသောနှင်းဆီပွင့်များ အပင်တိုင်းလိုလိုမှာ ပွင့်လျက်ရှိနေသည်။

နာရီဝက်ခန့် ကြာသောအခါ လူတယောက် ခြံဝန်းအတွင်း ခြေလှမ်းကျယ်ကျယ်လှမ်းကာ ၀င်လာသည်ကို တွေ့ ရသည်။ အသက်အရွယ်မှာ နှစ်ဆယ့်ငါးနှစ်ခန့် ရှိသူ။ အနားရောက်တော့ အသားခတ်ညိုညို ခတ်ရေးရေးအပြုံး။ တစုံတယောက်က “ ဟော ပြန်လာပြီဗျ ” ဟု ပြောလိုက်သည်။ သူက လက်ထဲမှ အထုပ်တထုပ်ကိုမြှောက်ပြကာ “ ဧည့်သည်တွေကို အမဲသားနဲ့ သင်္ဘောသီး ချက်ကျွေးချင်လို့  ဈေးသွားလိုက်တာပါ ” ဟု ပြောပြောဆိုဆို ကျနော့်ဘေးတွင် လာ၍ရပ်လိုက်လေသည်။သူ့ ကို ကျနော် စတင်မြင်တွေ့ သိကျွမ်းရခြင်း။ စာရေးဆရာ နိုင်ဝင်းဆွေ...။

ထိုအချိန်က နိုင်ဝင်းဆွေမှာ နိုင်ငံကျော်စာရေးဆရာတယောက်ဖြစ်နေပြီ။ ...အပစ်အခတ်၊ အညစ်အပတ်၊ အညှစ်အသတ် ၀တ္ထုများမဟုတ်။ ဘ၀သရုပ်ဖေါ်ဝတ္ထုများကိုသာ ရေးဖွဲ့ သူ။ သူသည်ကား အသက် ဆယ့်ခွန်နှစ်နှစ်အရွယ်၌ “ မဟူရာ မေတ္တာ ” ကို ရေးဖွဲ့ ခဲ့သူ။ “ မသိန်းရှင်ဆီပို့ ပေးပါ ” “နွေတည ” “မြစပယ်ရုံ ” “ညအသင်္ချေမှာ ” အစရှိသော ၀တ္ထုများဖြင့် မြန်မာစာပေလောကကို လှုပ်လှုပ်ရှားရှားဖြစ်စေသူ။

ကျနော်တို့ သည် စာရေးဆရာ နိုင်ဝင်းဆွေ၏ တောင်ဥက္ကလာပ နှင်းဆီခြံကလေးအတွင်းမှ သူနေထိုင်အိပ်စက်သောတဲကလေးတွင် “ စာပေဆည်းဆာ ” ကို မွေးဖွားခဲ့ကြ၏။ ဤတဲကလေးတွင် “ မိုးဝေစာပေမဂ္ဂဇင်း ” အပေါ်မှီကာ နိုင်ငံအနှံ့  စုစည်း၍ရနိုင်သမျှ စာရေးသူလူငယ်လေးဆယ့်နှစ်ဦးတို့  တွေ့ ဆုံခဲ့ကြသည်။ ထိုလူငယ်များမှာ မိုးဝေမဂ္ဂဇင်းမှလွဲ၍ အခြားမဂ္ဂဇင်းများတွင် စာရေးလေ့မရှိကြ။ မိုးဝေ အယ်ဒီတာချုပ် စာရေးဆရာ နတ်နွယ်နှင့် “ စာပေသစ် ” အပေါ်မူတည်ကာ သဘောထားကွဲကြသောအခါ မိုးဝေစင်မြင့်မှခွါရန် အားလုံးဆုံးဖြတ်ခဲ့ကြသောနေ့ ။ အခြားမဂ္ဂဇင်းများတွင်လည်း စာမရေးချင်ကြ။ သည်ကြားထဲ အုပ်စိုးသူက စကားပြေတွင်သာမက ကဗျာကိုလည်း စကားလုံး တလုံးချင်းစီခွဲ၍ ဖြတ်တောက်စီစစ်ခြင်းများ ပြုလုပ်လာခဲ့ပြီ။
ထိုစဉ်က ကျနော်တို့ အကြားတွင် နိုင်ငံရေးကိစ္စ ဆွေးနွေးရန်အကြောင်းမရှိ။ မည်သူ့ ကို ဦးတည်တိုက်ရမည်၊ မည်သူ့ ဘက်က အသိရှိရှိရပ်ရမည်ဆိုသည့် ကိစ္စအပေါ် အငြင်းပွါးရန်မလိုတော့။ သို့ သော် စာမျက်နှာအခက်အခဲကိစ္စ အတတ်ပညာကိစ္စ ပြန့် နှံ့ ရေးနှင့် မြှင့်တင်ရေးကိစ္စ အစရှိသည်တို့ အတွက်မူ ငြင်းကြခုန်ကြရ၏။ အများစု တူညီမှုရလျင် အလုပ်လုပ်ရန် ဆုံးဖြတ်ကြ၏။ ထို “ စာပေဆည်းဆာ ” လှုပ်ရှားမှု၏ အသီးအပွင့်များအဖြစ် နေရာဒေသအလိုက် ကဗျာစာအုပ်များထုတ်ကြ၏။ “ နွေဦးသစ်မှာပေါ်တဲ့ပွင့်သစ်၊ မတ်လအရိပ်၊ မိုးရိပ်လေရိပ် (ရန်ကုန်) ” ၊ “ တောင်ညိုခင်တန်း (ပျဉ်းမနား) ” ၊ “ ဒီရေ ၊ ဆီးပွင့် (ပဲခူး) ” ၊ “နေထဲကလ၊ သစ်ရွက်သေများပေါ်က ရက်စက်သောဂီတ (ရန်ကုန်) ” ကဗျာစာအုပ်များ ထွက်ပေါ်လာခဲ့ကြပါသည်။ သို့ သော် တရားဝင်ပုံနှိပ်ထုတ်ဝေခွင့်ဖြင့် ထုတ်ဝေခဲ့သော စာအုပ်များမဟုတ်ကြ။လက်လှည့် ဖယောင်းပုံနှိပ်စာအုပ်များအဖြစ်သာ ထုတ်ဝေခဲ့ကြရခြင်းဖြစ်သည်။

မှတ်မှတ်ရရ...ထိုနေ့ က အနယ်နယ်အရပ်ရပ်က ရောက်လာသော လူငယ်လေးဆယ်ကျော်အနက် “ နိုင်ဝင်းဆွေ ” မှာ တဦးတည်းသော စကားပြေသမား။ ကျန်သူအားလုံး ကဗျာရေးသူများချည်းဖြစ်ကြလေသည်။ ထိုနေ့ မှစ၍ သူ့ ကို ကျနော်က အများနည်းတူ “ ကိုနိုင်ဝင်း ” ဟူ၍ပင် ခေါ်ဝေါ်ဆက်ဆံခဲ့ပါသည်။

( ၂ )
၁၉၇၃ ခု၊ ဆောင်းလည်တနေ့ ...။
ပဲခူးမြို့ ရွှေမေါ်ဓေါဘုရား ယင်ပြင်တော်ပေါ်တွင် ဘုရားဖူးလာသူ ကျဲပါးလျက်ရှိ၏။ လူငယ်နှစ်ဆယ်ကျော်ခန့် သည် ဘုရားအနောက်ဘက်သို့ ဆင်းရာ တန်ဆောင်းအနီး ခရေပင်ကြီးတပင်အောက်တွင် ၀ိုင်းစုပြီး ထိုင်နေကြ၏။ လူသုံးယောက်မှာ လူအုပ်နှင့် မျက်နှာချင်းဆိုင်ကာ အနည်းငယ်ခွါ၍ထိုင်နေ၏။ လူအုပ်နှင့်ထိုသူသုံးဦးကြားတွင် လဘက်ရည်ကြမ်းအိုးနှစ်လုံး၊ လဘက်သုပ်တပွဲ၊ ဆေးလိပ်တစည်းချထား၏။
လူငယ်နှစ်ဆယ်ကျော်ခန့် ရှေ့ တွင် ထိုင်နေကြသူသုံးဦးမှာ...ရန်ကုန်မှလာကြသော စာရေးဆရာ ကဗျာဆရာများဖြစ်ကြ၏။ စာရေးဆရာ နိုင်ဝင်းဆွေ၊ ထက်မြက်( ကျွန်းပြန် ကိုကျော်နိုင်) ၊ ကဗျာဆရာ နံ့ သာလှဆွေ...။

သူတို့ သုံးဦးရောက်မလာခင် ဆယ်ရက်ခန့် က ကျနော်တို့ ဆီသို့ “ မိုးကြိုမုန်တိုင်း ” ဝေဖန်ရေးစာမူတခု ရောက်လာခဲ့၏။ ထိုစာမူကို ပဲခူးမြို့ ပေါ်က စာပေ၀ါသနာရှင်လူငယ်များ တလှည့်စီ ၀ိုင်းစုပြီးဖတ်ကြရ၏။ အလှည့်မဆုံးသေးခင်မှာပင် “ မိုးကြိုမုန်တိုင်း ” မှာ ကျနော်တို့ ကြား၌ ဗုံးတလုံးပေါက်ကွဲသလို ဖြစ်လာခဲ့၏။ ငြင်းကြ ခုန်ကြ စိတ်ဆိုးကြရ၏။ သည်လိုနှင့် “ မိုးကြိုမုန်တိုင်း ” ဖန်တီးသူများထဲမှ ကိုယ်စားလှယ်သုံးဦးရောက်လာကာ ရွှေမော်ဓေါဘုရား ယင်ပြင်တော်ပေါ်တွင် စာပေဆွေးနွေးပွဲ ပြုလုပ်ကြရလေသည်။

ကျနော်နှင့် ကိုစန်းမောင်က လူငယ်တချို့ ကိုခေါင်းဆောင်ကာ “ မိုးကြိုမုန်တိုင်း ” အပေါ် ဝေဖန်ထောက်ပြနိုင်ဖို့ ကြိုးစားကြ၏။ ကျနော်တို့ သည် “ ဝေဖန်ရေးနှင့် မိမိကိုယ်မိမိ ဝေဖန်ရေး ” ကို လက်ခံသည်။ သို့ သော် “ မိုးကြိုမုန်တိုင်း ” မှာ ဝေဖန်ရေးမဟုတ်။ ယင်း၏ အမှာစာအရပင် ဤစာအုပ်မှာ “ အဟောင်းကို ဖါထေးခြင်းမဟုတ်၊ ငှက်မွှေးနှင့်သပ်ခြင်းမဟုတ်၊ အမြစ်ကလှန်၍ အငုတ်မကျန်အောင် တိုက်လှန်ခြင်းဖြစ်သည် ” ဟု ဆိုထားသဖြင့် စည်းတားခြင်းဖြစ်ကြောင်း။ သည်လိုလုပ်လျင် အတွင်းစည်းဖြေရှင်းနည်းမဟုတ်တော့ပဲ ရန်,ငါ သဘောဖြစ်နေကြောင်း။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာတို့ နှစ်ဦးအပေါ် ဒီလိုလုပ်ဖို့ မသင့်ကြောင်း။ လုပ်လျင်လည်း မှားသည်ဟုယူဆကြောင်း၊ စာအုပ်အဖြစ် ထုတ်ဝေဖို့ မသင့်ကြောင်း ၀ိုင်းဝန်းကန့် ကွက်လိုက်ကြ၏။ ထိုနေ့ က ဤသို့ မဆုံတွေ့ ခင်ကပင် ကြိုတင်ညှိနှိုင်းထားပြီးဖြစ်သဖြင့် ကျနော်တို့ ဖက်မှ ရှည်ရှည်ဝေးဝေးမပြောလိုက်ရပဲ ဆွေးနွေးပွဲမှာနိဂုံးချုပ်သွားခဲ့လေသည်။

ဘုရားယင်ပြင်တော်ပေါ်မှအဆင်း နိုင်ဝင်းဆွေသည် ကျနော့်ပခုံးကိုဖက်ကာ “ အေးဗျာ ဒီလိုအယူအဆမတူကြရတာ ကျနော်လည်းစိတ်မကောင်းဘူး ” ဟု တတွတ်တွတ်ပြောလာခဲ့၏။ ကျနော်တို့ အထဲမှ လူငယ်တချို့ က နိုင်ဝင်းဆွေ၏လက်ကိုဆုပ်ကိုင်ကာ နှုတ်ဆက်စကားပြောနေကြ၏။ ဆိုက်ကားနှစ်စီးဖြင့်ထွက်ခွါသွားကြသူ သူတို့ သုံးဦးကိုကြည့်ကာ ကိုစန်းမောင်က ခေါင်းကိုခါ၍ စိတ်ပျက်သလို ရပ်နေလေသည်။

နောက် ခြောက်လခန့် အကြာတွင် “ မိုးကြိုမုန်တိုင်း ” စာအုပ်ထွက်လာ၏။သည့်နောက်ပိုင်း နိုင်ဝင်းဆွေနှင့်ကျနော်တို့ မှာ ခတ်တန်းတန်းဖြစ်လာကြရ၏။ ပဲခူးမြို့  စာပေ၀ါသနာရှင် လူငယ်များထဲမှ ငါးဦးခန့် မှာ(က ဗျာဆရာ စိုးးမိုးတင်-ခရေ အပါအ၀င် )လည်း “ မိုးကြိုမုန်တိုင်း ” ကို ထောက်ခံသည်ဟုဆိုကာ ကျနော်တို့ နှင့် ခေါ်ပြောနှုတ်ဆက်သာသာ ဖြစ်သွားခဲ့လေသည်။

( ၃ )
၁၉၇၈...၊
နိုင်ဝင်းဆွေနှင့် နံ့ သာလှဆွေ တို့  “ ပန်ဆန်း ” သို့ ထွက်ခွါသွားကြကြောင်း ကြားရသည်။ သူတို့ နှင့်အတူ ပဲခူးမှ စိုးမိုးတင်-ခရေ လည်း လိုက်ပါသွားခဲ့၏။

ကိုကိုးကျွန်းပြန် ကိုကျော်နိုင်(ထက်မြက်)က အင်းစိန်တောရ သို့ ပြန်ဝင်ရ၏။ ကိုစန်းမောင်မှာ ရှေ့ နေလုပ်နေ၏။ စာရေးဆရာ သခင်မြသန်း တောတွင်းတနေရာတွင် ဖမ်းမိ၍ရုံးတင်သောအခါ ရှေ့ နေလိုက်ပေးခြင်းဖြင့် ပဲခူးတွင် ထင်ရှားသည့်ရှေ့ နေတဦးဖြစ်လာခဲ့၏။

ကျနော်သည် အစိုးရ၀န်ထမ်း မူလတန်းပြကျောင်းဆရာဘ၀ကိုစွန့် ခွါကာ စစ်တောင်းမြစ်ဘေး၊ “ ဘွားအေစု ” ခေါ် တံငါရွာကလေးတွင် ရွာငှါးကျောင်းဆရာအဖြစ် ရှိနေခဲ့၏။ “ မိုးဝေ မဂ္ဂဇင်း ” တွင် ဆရာနတ်နွယ် မရှိတော့ပြီမို့  ကဗျာတပုဒ်စ နှစ်ပုဒ်စနှင့် ၀တ္ထုတိုတပုဒ်ကို မဂ္ဂဇင်းစာမျက်နှာပေါ် တင်လိုက်မိသေး၏။ သို့ သော် အယ်ဒီတာ ကိုညိုသစ် က မိမိ၏ “ နှလုံးသားထဲက ပန်းချီကားချပ်များ ” ၀တ္ထုတိုအပေါ် မလိုအပ်ပဲ ဖြတ်တောက်ဖေါ်ပြသည်ကို မကျေနပ်သဖြင့် “ မိုးဝေ ” သို့  စာမူများ နောက်ထပ်ပြီးမပို့ တော့။

( ၄ )
မယ်တုက္ခီစမ်းချောင်းရေမှာ ကြည်လင်လွန်းလှသည်။ ကျနော်က ကျောက်တုံးတခုပေါ်တွင် အ၀တ်ဖွပ်နေစဉ် ချောင်းစပ်သို့ ဆင်းလာသည့်လူသံကြောင့် မေါ့ကြည့်မိ၏။ လူတယောက် လက်ဆွဲသားရေအိပ်တလုံး ပခုံးတွင်လွယ်ကာ ဘောင်းဘီကို မတင်ဆွဲစုလျက် ချောင်းထဲသို့ ဆင်းလိုက်သည်။ သူ့ နောက်မှအမျိုးသမီးတဦးက ရေထဲသို့ ဆင်းရန် ထမိန်စကိုဆွဲနေ၏။
ချောင်းထဲသို့ ဆင်းလာသူသည် ကျနော့်ကို တချက်လှမ်းကြည့်ပြီးမှ တဖက်သို့ မျက်နှာလွှဲသွား၏။ ခြေလှမ်းနှစ်လှမ်းခန့် သွားပြီးမှ ကျနော့်ဖက်သို့ တဖန်မျက်နှာပြန်လှည့်လာခဲ့၏။ ကျနော်တို့ နှစ်ဦး မျက်လုံးချင်း ဆုံမိသွားကြသည်။

“ ဟာ ကိုနိုင်ဝင်း ”
“ ဟေး..ကိုငြိမ်းဝေ၊ ခင်ဗျားရောက်နေတာ လှေဆိပ်မှာကတည်းက ကြားတယ်၊ ကျနော် မဲဆောက်ကို ကိစ္စတခုရှိလို့ သွားနေတာပါ၊ ဒါ ကျနော့်အမျိုးသမီး ပန်ဆန်းမှာ ကျနော် အိမ်ထောင်ကျခဲ့တာ ၊ ရေချိုးပြီးရင် အိမ်ကိုလိုက်ခဲ့ဗျာ၊ စကားလေး ဘာလေး ပြောကြရအောင် ”

မယ်တုက္ခီစမ်းချောင်းထဲတွင် နိုင်ဝင်းဆွေ၏အသံကို ကျနော်က ယ္ခင်တုန်းကနှင့် တူမတူ မဝေခွဲတတ်အောင် ဖြစ်နေခဲ့လေသည်။
၁၉၉၂ ၊ စက်တင်ဘာလ ၂၂ ရက် ၊ မာနယ်ပလော...။

( ၅ )
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကို ပြန်ရောက်သွားကြသည်။ ထိုစဉ်က ကျနော်က အသက်နှစ်ဆယ်ကျော်။သူက ကျနော့်ထက် အသက်ငါးနှစ်ခန့် ကြီးသူ။ ကျနော်က ကဗျာတပုဒ်ဒ နှစ်ပုဒ်စသာ ရေးစပြုသူ။ သူက နိုင်ငံကျော် စာရေးဆရာဖြစ်နေပြီ။ သူသည် တခါတရံ ပဲခူးသို့ ရောက်လာတတ်၏။ သူနှင့်ကျနော် ပန်းချီကိုတင်ဦးနှင့်အတူ မဟာစေတီဘုရားကြီး၏ ငှက်ပျောဖူးပေါ်တက်ကြ၏။ ကိုတင်ဦးက ပဲခူးမြို့ အပေါ်စီးကို ပန်ချီဆွဲနေစဉ် သူနှင့်ကျနော်က အိန်ဂျယ်၏ “ ပုဂ္ဂလိက အိမ်ထောင်မှုအစ အစိုးရတို့ ၏ မူလဘူတ ” စာအုပ်အပေါ် အခြေအတင် ငြင်းခုန်ခဲ့ကြ၏။

သူသည် သူ့ ဝတ္ထုများနှင့်ပါတ်သက်ပြီး ကျနော်နှင့် တကြိမ်တခါမျှ ငြင်းခုန်ဖူးခြင်းမရှိခဲ့။ သူက သူရေးခဲ့ပြီးသမျှ ၀တ္ထုများကိုကျနော်က ဝေဖန်လျင ပြုံးစိစိမျက်နှာထားနှင့်သာ နားထောင်နေတတ်၏။် တခါက “ နွေတည နှင့် မသိန်းရှင်ဆီပို့ ပေးပါ ” ၀တ္ထုများထဲက ဇာတ်သိမ်းပိုင်းမျိုး နောက်ထပ်ပြီး မရေးပါနဲ့ တော့လား ကိုနိုင်ဝင်းရယ်..ဟု ကျနော်က မျက်ရည်တလည်လည်နှင့် တောင်းပန်တော့ သူက ကျနော့်ကို သနားစရာသတ္တ၀ါတဦးလို ပြန်ကြည့်နေခဲ့၏။ ထိုစဉ်အချိန်က သူသည် ၁၉၇၀၊ ၈၀ ဆယ်စုနှစ်တခုအတွင်း စကားပြေအရေးအသား အကောင်းဆုံးစာရေးဆရာအဖြစ် နာမည် ကြီးနေလေပြီ။

ယ္ခုအခါ သူနှင့်ပြန်ဆုံစဉ် သူ့ ဝတ္ထုများထဲမှ အရေးအသားတချို့  စကားလုံးတချို့ ကို ကျနော်က ပြန်ရွတ်ပြတော့ သူကမေ့တေ့တေ့...။ ကျနော် ဒီလိုရေးခဲ့သလားဟု ကျနော့်ကို ပြန်မေးနေသေး၏။
သူနှင့် ကျနော်တို့ နှစ်ဦး၏ ငယ်စဉ်က အဖြစ်အပျက်များမှာ တချို့ လင်း၊ တချို့ မှိန်၊
တချို့ ပျောက်နေ၏။ သူသည်ကား ကျနော့်ထက် ဆယ်နှစ်ကျော်စေါကာ သူပုန်ဖြစ်ခဲ့သူ။

သူနှင့်တွေ့ မှပင် ဒိုက်ဦးကိုအောင် မာနယ်ပလောကို ခေတ္တလာပြီး ပန်ဆန်းကိုပြန်သွားကြောင်း သိရ၏။ ကျောက်တံခါးကိုစံဦး(တောခို၊ တိုက်ပွဲတွင်မိ၊ ထောင်ကျ)
တယောက် ကျောက်တံခါး N L D တွင် ဥက္ကဌလုပ်နေကြောင်း သူ့ ကိုပြောပြတော့ သူက ရယ်နေလေသည်။ စိုးမိုးတင်-ခရေ မှာ တရုပ်ပြည်နယ်စပ်တွင် သောင်တင်နေပြီ။ နံ့ သာလှဆွေက ယ္ခုအခါ မြက်ခင်းသစ်တွင် ရွေတညာအမည်နှင့် စာတွေဝင်ရေးနေပြီ။

စာပေဆည်းဆာမှာ သုံးအုပ်စု ကွဲသွားခဲ့ကြောင်း၊ တအုပ်စုက “ ပန်ဆန်း ” သို့ ထွက်ခွါကာ ကျန်နှစ်အုပ်စုမှာ စာပေနယ်တွင် အခိုင်အမာရပ်တည်နေဆဲ ဖြစ်ကြောင်း ပြန်လည်သုံးသပ်မိခဲ့ကြ၏။

“ မိုးကြိုမုန်တိုင်း ” ကိစ္စပေါ်ပြီးနောက် သူနှင့်ကျနော် အနေတန်းခဲ့ကြပုံ၊ သူက ပန်ဆန်းကို ထွက်ခွါပုံ၊ ပန်ဆန်းကို ၀̓ တွေ အာဏာသိမ်းပြီးနောက် မာနယ်ပလောတော်လှန်ရေး ဌါနချုပ်ကို သူ ရောက်ရှိလာပုံ။

မာနယ်ပလောတွင်(၂)နှစ်ကျော်နေပြီးမှ “မဟူရာမေတ္တာ ” လို လုံးချင်းဝတ္ထုရှည်ကြီးတပုဒ်ရေးမည်ဟုဆိုကာ ရဟန်းဝတ်ခဲ့၏။ ရဟန်းဝတ်နှင့်နေစဉ် “ မဟူရာမေတ္တာ ” ၀တ္ထုကြီးရေးစဉ်က သမာဓိတည်ဆောက်ပြီးမှ ရေးခဲ့သလို ယ္ခုလည်း သမာဓိယူမည်ဟုဆိုကာ အပြင်းအထန် တရားထိုင်ခဲ့၏။ (၆)လခန့် အကြာတွင် ငှက်ဖျားရောဂါ ခံစားရပြီး ကျန်မာရေးချို့ ယွင်းလာခဲ့၏။
သူသည် ညပေါင်းများစွာအိပ်စက်ခြင်းမပြုပဲ နေ၏။ ရဟန်းဘ၀မှ လူဝတ်လည်းလိုက်သော်လည်း သူ့ ကျန်းမာရေးမှာ ပိုပြီးကောင်းမလာခဲ့။ အထူးသဖြင့် ငှက်ဖျားရောဂါပျောက်သွားသော်ငြားလည်း စိတ်ဖိစီးမတည်ငြိမ်မှုမှာ ကျန်နေခဲ့၏။
သူ့ အပေါ် လေးစားသူတချို့ က သူ့ ကို ဆေးကုသပေးရန်ကြိုးစားကြ၏။ သူက နည်းအမျိုးမျိုးဖြင့် ငြင်းဆန်၏။ နောက်ပိုင်းတွင် သူ့ အပေါ် အလေးအနက်ထားသူတို့ ကိုပင်လျင် သူက လက်ခံစကားပြောခြင်းမပြုတော့။
ကျနော့်အဖို့ ရာမှာလည်း သူ့ ကို ထိထိရောက်ရောက် ကူညီနိုင်သည့် ဘ၀အခြေအနေမျိုးမဟုတ်။ ကျန်းမာရေးသိသိသာသာချို့ တဲ့လာစဉ် သူသည် ကျနော့်ကိုလည်း အိမ်သို့ မလာရန်တားမြစ်ခဲ့လေသည်။

( ၆ )
၁၉၉၅ ၊ ဖေဖေါ်ဝါရီလ ..။
မာနယ်ပလော ကျဆုံးပြီးနောက် နိုင်ဝင်းဆွေ ကို ထိုင်းနိုင်ငံ နယ်စပ်ကျေးရွာ၊ “ ဖွေးပေါလူ ” ရွာတွင် နောက်ဆုံးအကြိမ်အဖြစ် ကျနော် တွေ့ ခဲ့ရပါသည်။ ထိုစဉ်က စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့  တောတောင်များကိုဖြတ်ကာ ထွက်ပြေးနေကြရချိန်ဖြစ်သည်။ သူ့ ကို ဗိုလ်မှူးချစ်မောင်( ရ လ လ ဖ ) အတွင်းရေးမှူး ခေတ္တတည်းခိုနေသည့်အိမ်တွင် ရောက်နေသည်ဟု ကြားသဖြင့် သွားတွေ့ ခဲ့သည်။ သူက မည်သူ့ ကိုမျှ လက်ခံစကားပြောခြင်းမပြု။ ဘုရားစင်ရှေ့ တွင် တဦးတည်း တိတ်ဆိတ်စွာထိုင်နေသည်ကို တွေ့ ရသည်။ သူ့ မိသားစုနှင့်သူမှာ တကွဲတပြားစီ ဖြစ်နေကြပြီ။ သူ့ ကို ဓါတ်ပုံရိုက်ယူရန်ကြိုးစားကြည့်တော့ သူက ပြင်းပြင်းထန်ထန်ကန့် ကွက်၏။

သူနှင့်တွေ့ ပြီး နှစ်ရက်အကြာ ကျနော်သည်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းသို့  တာဝန်နှင့် ထွက်ခွါရ၏။ သူ့ ကို နှုတ်မဆက်ပဲ ခွဲခွါခဲ့ရ၏။
ဖွေးပေါလူရွာမှ ကားကြုံနှင့် ထွက်ခွါလာသည့် ညနေဆည်းဆာအချိန် ကားပေါ်တွင်ထိုင်ရင်း သူ့ အတွက် စိုးရိမ်နေခဲ့မိသည်။ ကျနော့်မှာလည်း တာဝန်အရ ရုံးပိုင်ပစ္စည်းများ၊ ရဲဘော်တချို့ နှင့်အတူ ထိုင်း နယ်ခြားစေါင့်တပ်များကို မျက်ခြေဖြတ်ကာ သက်စွန့် ဆံဖျား ထွက်ခွါလာနေရသဖြင့် သူ့ ကို မည်သို့ မျှ မကူညီနိုင်ခဲ့။ သူကလည်း အကြမ်းဖက်ခေါ်ဆောင်မှသာ လိုက်မည့်ပုံမျိုးဖြစ်နေသဖြင့် မလွှဲသာပဲ ထားခဲ့ရ၏။
ဖွေးပေါလူရွာမှအထွက် ရွာဖက်သို့ ပြန်လှည့်ကြည့်သောအခါ ရွာပေါ်တွင် မီးခိုးများအူလျက်ရှိသည်ကို တွေ့ ခဲ့ရ၏။

( ၇ )
စကားပြောခွက်ကို ပခက်ပေါ်ပြန်တင်ပြီးသည်အထိ ပဒိုမန်းရှာ ၏ စကားသံမှာ နားထဲ၌စွဲနေ၏။ ပဒိုမန်းရှာ၏အသံမှာ ၀မ်းနည်းကြေကွဲနေပုံ ရပါသည်။

ကိုငြိမ်းရေ ဆရာနိုင်ဝင်းဆွေ တော့ ဆုံးရှာပြီဗျာ...” တဲ့။

နိုင်ငံကျော်စာရေးဆရာ ဗိုလ်မှူးချစ်ကောင်း က သူ၏ “ အနှစ် နှစ်ဆယ် ” စာအုပ်အစတွင် “ တိုင်းပြည်အတွက် အနှစ် နှစ်ဆယ်မျှ အလုပ်လုပ်လာပြီးနောက် မိမိကိုယ်မိမ် ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲတွင် ရောက်နေသည်ကို တွေ့ ရသည်...” ဟု ရေးခဲ့၏။

ကျနော်တို့ အဖို့ မူ အနှစ် နှစ်ဆယ်မျှ စာပေချစ်စိတ်ဖြင့် အရူးအမူးနေလာကြပြီးနောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သောအခါ နိုင်ဝင်းဆွေ က ထိုင်းမြန်မာနယ်စပ် တောအုပ်အတွင်း သေဆုံးခဲ့ရပြီး ကျနော်ကမူ ဥရောပမဲဇာ တွင် သောင်တင်လျက်ရှိသည်ကို တွေ့ ရလေတော့သည်။ ။

(ဒီ ၀တ္ထုဆန်တဲ့ ဆောင်းပါးလေးက နိုင်ဝင်းဆွေ သေဆုံးပြီးနောက် ကျနော့်ရဲ့ သူ့ အပေါ် လွမ်းသခြင်းအနေနဲ့ ရေးတဲ့ ပထမဆုံးစာပါပဲ။ ဒီစာမူကို ၁၉၆၆ ခုနှစ်ထဲမှာ ထုတ်ဝေတဲ့ ဒေါင်းအိုးဝေစာစောင်မှာ ဖေါ်ပြခဲ့ပြီး ကျနော့်ရဲ့ လေးပွင့်နှင်းဆီ စာအုပ်မှာဖေါ်ပြခဲ့ပါတယ်။ )

၁၈ ၊ ၁ ၊၁၉၆၆
ဆန်ဗစ်ကာမြို့ 

3 comments:

  1. ဆရာ လွမ်းဆွတ်စွာ ဖတ်သွားပါတယ်
    မသိဖူးတဲ့ စာပေနယ် ရဲ့ အတွင်းရေး တစွန်းတစ
    ဆရာတို့ ရဲ့ စာပေခံယူချက်၊ နိုင်ငံရေး ခံယူချက် တစွန်းတစ ကိုပါ သိမြင်ခွင့်ရခဲ့ပါတယ်

    ကျမ ဗဟုသုတနည်းခဲ့ လို့
    ဆရာနိုင်ဝင်းဆွေ က အသက် ၁၇ နှစ်မှာ နာမည်ကျော်လုံးချင်းတွေ ရေးနေခဲ့ပြီဆိုတာ ခုမှပဲ သိရပါတယ်

    အဖိုးတန် ဆောင်းပါးလေးပါ ဆရာ

    ReplyDelete
  2. မသိသေးတဲ့ အဖြစ်အပျက်တွေ အတွက် ကျေးဇူးပါပဲ။

    မိုးကြိုမုန်တိုင်း ဖတ်ဖူးပါတယ်။ အစွန်းရောက်လွန်းတယ် ထင်လို့ မသိမ်းခဲ့ပါ။ ကျွန်တော် အမှတ်မမှားရင် ဝေဖန်ထားတဲ့ အထဲမှာ ဓားတောင် ပါ ပါတယ်။

    အကို နွေတည ရိုက်နေတာကို အခန်း (၁၂) ကနေ စပြီး ကူးယူပြီး မြန်မာကျူးပစ်ဖိုရမ်မှာ တင်ခွင့်ပေးပါ။ ကျွန်တော် ရိုက်တင်ပေးနေတာ အခန်း (၁၁) နောက်ပိုင်း ဆက်မရိုက် ဖြစ်တော့လို့ပါ။ အကို အားလုံးရိုက်ပြီးရင် ကျွန်တော် ပရုဖ်ဖတ်ပြီး ပီဒီအက်ဖ် စာအုပ်လေး လုပ်ပေးပါ့မယ်။

    ဘဝစာမျက်နှာများကတော့ စာအုပ်စီပြီးသွားပါပြီ။ အခု ဖိုင်နယ် ပရုဖ် တခေါက် ဖတ်နေပါတယ်။ ပြီးရင် ပီဒီအက်ဖ် ရပါမယ်။

    အဲဒါပြီးရင် မသိန်းရှင် စကိုင်ပါ့မယ်။

    ReplyDelete
  3. Credit to: http://oothandar.blogspot.com

    နှစ် နှစ်ဆယ်မှာ

    (၁)

    ငါ့စိတ်ရဲ့
    တံစက်မြိတ် အရိပ်စွန်းဆီမှာ
    တဂိုးနဲ့ နံ့သာလှေတစင်း
    ရွက်လွှင့်ရင်း တေးသီနေတယ် ။
    “နောင်ဘဝမှာ
    လူလာဖြစ်ခဲ့ရင် …
    ဟင်အင်း … ညီအကိုတို့
    ဘင်္ဂလားပြည်ရဲ့ခေါင်းဆောင်သစ်
    ငါမဖြစ်ချင်ဘူး” တဲ့ …
    “လုံမလေးတွေ ထောပတ်မွေ့ရာ
    ဘရိန္တာ တောအုပ်ထဲက
    သော်ကပင်ရိပ်အောက်မှာ
    ပုလွေကြူအေး
    နွားကျောင်းသားလေးပဲ
    ငါဖြစ်ချင်တယ်”

    (၂)

    ငါ့စိတ်ရဲ့
    ထိုတံစက်မြိတ်
    အရိပ်စွန်းအောက်မှာ
    အို … ခရစ်တော် …
    “အို … ဘုရားသခင်
    အရှင်၌ ဂိုဂိုးသာတီးနဲ့
    တဦးတည်းသာ
    ထို့ကြောင့်ပင်
    အရှင်၏
    လက်ဝါးကပ်စင် နှင်းဆူးခက်
    တပည့်တော်လက်သို့ နှင်းဆက်ခဲ့ပါ”
    “ အို … ဆော့ခရတ္တီ
    သင်၏ညာလက်ထဲ
    ပုလဲမြှုပ်များဖိတ်လက်
    အဆိပ်ခွက်ကို
    ကျွန်ုပ်ထံလက်လှမ်း
    ကမ်းခဲ့ပါလေ
    (ဖြေဖို့မလိုပါ)
    သင့်ရှေ့မှာဆိုလျှင်
    သင့်ကိုသေဒဏ်စီရင်နေသူ
    နှစ်ရာ့ငါးဆယ်မျှသာ
    ရှိနေပါသည်။
    အိုး … ကော်ပါးနီးကပ်စ်
    သင့်လည်ပင်းမှ ကြိုးကွင်းကိုဖြုတ်
    ကျွန်ုပ်လည်ပင်း
    နှင်းအပ်ခဲ့ပါ။
    (ဖြေဖို့မလိုပါ)
    သင့်အပါးမှာ
    သင့်အားတရားစီရင်နေသူ
    ခရစ်တော်၏တပည့်များမှာ
    အသိဉာဏ်တရား
    အနည်းအပါးရှိပါသေးသည်။
    အိုး … ဧကရာဇ်ဘုရင်
    အရှင်ဂျူးလီယပ်စ်ဆီဇာ
    သင်၏ရင်ဝမှ
    နောက်ဆုံးရ ဓားချက်
    ကျွန်ုပ်ရင်အုံထက်
    ဆက်လွဲခဲ့လော့ …
    (ဖြေဖို့မလိုပါ)
    အရှင်မင်းမြတ်တွင်
    ဘရူးတပ်စ်တယောက်သာ။

    (၃)

    ဟင်အင်း … ညီအကိုတို့
    “အာဏာ
    ငွေ
    ကျော်ဇော်ခြင်း” နှင့်
    ရောင်းဝယ်ခြင်းမပြုမှသာ
    အနုပညာ၏
    တြိသီလတရား … ဟု
    ကျွန်တော်ယုံထားပါသည်။
    ဟုတ်တယ် ညီအကိုတို့
    တကယ်လို့ နောင်ဘဝမှာ
    လူပြန်လာဖြစ်ခဲ့ရင်
    ကျွန်တော်လည်း
    အရိန္တာ တောအုပ်ထဲက
    သော်ကပင်ရိပ်အောက်မှာ …
    အနုပညာရဲ့ တြိသီလတရား
    ဖြူစင်စွာဝတ်ဆင်ထားလို့ပေါ့ ။
    ပုလွေကြူအေး တေးသီနေတဲ့
    နွားကျောင်းသားလေး …

    (၄)

    ခုတော့
    ကျွန်တော့်စိတ်ရဲ့
    ဤတံစက်မြိတ် အရိပ်စွန်းအောက်မှာ
    သူတို့ဆီက ထိုအရာတွေ
    လုယက်ယူနေတယ်
    “လက်ဝါးကပ်တိုင်နဲ့ ဆူးခက်
    အဆိပ်ခွက်
    ဓားချက်နဲ့ကြိုးကွင်းများ
    ကျွန်ုပ်ထံပါး ထားခဲ့ကြ” … ။

    နိုင်ဝင်းဆွေ

    (၁၉၈၆ ဧပြီ ၁ ရက်။ ကလောင်သက် နှစ် ၂ဝ နေ့တွင် ပန်ဆန်း စပယ်တောစခန်းတွင် ရေးဖွဲ့ခဲ့သည်။)

    ReplyDelete