ကျနော်
မနက်အစေါကြီး
အိမ်ရှေ့ ဆင်ဝင်အောက်က ကုလားထိုင်မှာ
ထွက်ထိုင်တယ်။
နားထဲမှာကြားနေရသလို
အိမ်ရှေ့မြင်ကွင်းကိုလည်း လင်းလင်းချင်းချင်း ကြားကြည့်ချင်နေမိတယ်။
ဟိုး ခတ်လှမ်းလှမ်းမှာ ဘုရားစေတီ
ဘုန်းတော်ကြီးကျောင်းတစ်ခုရဲ့ အမိုးပြဿဒ်တစ်ခု
ကောင်းကင်မှာ ငှက်တွေ အုပ်ဖွဲ့ပျံသန်းသွားနေကြတာ
အိမ်ရှေ့ကွင်းထဲက လေတိုက်လို့ ယိမ်းနွဲ့ အိကျလိုက် ပြန်ခေါင်းထောင်လာလိုက်ဖြစ်နေတဲ့ မြက်ရိုင်းတွေ
အာရှလမ်းမကြီးဘက် တိုက်တာအဆောက်အဦတွေ
အားလုံး ကြားနေရပါလား
တုံးမောင်းခေါက်သံကြားနေရပြီ
သူလှမ်းပြောနေတဲ့ သူ့ မျက်နှာကို ငါကြားနေရပြီ
လုံလောက်ပြီပေါ့
အသံတစ်ခုဟာ အားလုံးကို ဖြည့်ဆီးပေးလိုက်တာပါပဲလား
ငှက်သံတွေကို ငါ နားစွင့်
ကွန်ပျူတာ စက်သံကို ငါနားစွင့်
ချောင်းတဟွတ်ဟွတ်ဆိုး
တကိုယ်လုံး ကိုက်ခဲနာကျင်
ငါကြားနေရပြီ
စိတ်အန်ဖတ်တွေ ခေါင်းပြူနေတာ ငါကြားနေရပြီ
ငါ့ အနာဂါတ်
ငါ့ ရင်ခုန်သံ
ငါ့ အတိတ်
ငါ့ ဗုံမဟုတ် ပတ်မဟုတ် ညများ
ငါကိုယ်တိုင်တည်ဆောက်ခဲ့ပြီး ဖျက်ချလို့မရတဲ့ ညနေခင်းများ
အို ငါကြားနေရတာ တကယ်အစစ်လား
ငါ ငိုရမှာလား ရယ်ရမှာလား
ငါငိုချလိုက်တာ အဓိပါယ်တကယ်ရှိရဲ့လား
ငါကြားနေရပြီ
တကယ်ပါ ငါကြားနေရပြီ
လုံလောက်သွားပေါ့
ငါ့ မနက်ခင်းတစ်ခု
အမှောင်ထဲက ငါ့မနက်ခင်းတစ်ခု
မနက်ခင်းများစွာထဲက မနက်ခင်းတစ်ခု
ငါ့မနက်ခင်းတစ်ခု
ငါ့ရင်ဘတ်အောက်မှာ
ငါ့ လက်အောက်မှာ
ငါ့ ခြေထောက်အောက်မှာ
ဆူးတွေ
သွေးအဖြူတွေ ပန်းထွက်နေတဲ့
ဆူးတွေ ဒင်းကြမ်းပြည့်နေတဲ့ စိတ်အန်ဖတ်တွေ
ခေါင်းတထောင်ထောင် လည်တဆန့်ဆန့်နဲ့
ဆူးတွေ
ငါကြားနေရပြီ
ငါ ကြားနေရပြီဟေ့...။ ။
( ၁၂၊ ၂ ၊ ၂၀၁၁ မနက်ခင်း ၄ နာရီခွဲ )
ငြိမ်းဝေ
No comments:
Post a Comment