(က)
“ အပြာရောင်ကောင်းကင် ” စာသင်ကျောင်းကအထွက် ကားလမ်းမပေါ်အရောက် ကျောင်းကလေးဆီ ပြန်လှည့်ပြီးကြည့်သည်။ အရုပ်မျိုးစုံ နံရံမှာ ရေးဆွဲထားသည့် စာသင်ကျောင်းကလေးကို လှမ်းမြင်ရသည်မှာ ကျနော့်အတွက် တကယ့်ကို အသစ်အဆန်းလိုဖြစ်နေသည်။ ပြီးခဲ့တဲ့ ဆယ်မိနစ်ခန့်ကပဲ လည်တိုင်မှာ ကြိုးတွဲလောင်းနှင့် ကိုယ်လုံးတီးလူတယောက် လေးဘက်ထောက်သွားနေတဲ့ ကျောင်းနံရံပေါ်က ပန်းချီပုံကို နောက်ခံထားပြီး ကျနော့်ကို တူမလေး မြတ်နိုဗယ်သန်းက ဓါတ်ပုံရိုက်ပေးခဲ့သည်။ ဓါတ်ပုံကို ပြန်ကြည့်တော့ ကျနော့်ဘေးမှာ ခွေးတစ်ကောင်အိပ်လျက်။ ကျနော်က ဝတ်စုံအနက်ကို ဝတ်လျက်။
စာသင်ကျောင်းနံရံမှာ ဒီလိုပန်းချီပုံတွေကို ဘယ်သူ ဆွဲပေးခဲ့တာပါလိမ့်။ ကျောင်းကို ကူညီထောက်ပံ့သွားတဲ့ နိုင်ငံခြားသားတစ်ဦးဦးက ရေးဆွဲသွားတာများလား။ ပန်းချီကားတွေက ပန်းချီကို အပျော်ဆွဲတာထက်သာတဲ့လက်ရာမျိုးဖြစ်နေတာကိုကြည့်ပြီး ပန်းချီဆရာက တမင်သက်သက် သူ့အဓိပါယ်နှင့်သူ ရေးဆွဲသွားခဲ့တာ သေချာတာကိုတော့ ကျနော် သိသည်။ သူ ဖေါ်ပြချင်သည့် အဓိပါယ်ကို ကျနော် ကောင်းကောင်းသိသည်။ ထို့ကြောင့် ကျနော့်မှာ ခံစားရသည်။
(၅) မိနစ်ခန့်ကြာတော့ ကျနော်တို့ တူဝရီးနှစ်ယောက် အမှိုက်ပုံကြီးတခုရဲ့ ခြေရင်းကို ရောက်လာခဲ့ကြသည်။ လမ်းတွင်လည်း အမှိုက်မျိုးစုံကို လမ်းဘေးနှစ်ဖက်တွင် လမ်းပေါ်တွင် နင်းကျော်လာခဲ့ကြရသည်။ အထူးသဖြင့် ပျက်စီးရန်မလွယ်ကူသည့် အရောင်မျိုးစုံ အရွယ်မျိုးစုံပလပ်စတစ်အိပ်ခွံပျက်များကို နေရာအနှံ့ တွေ့ခဲ့ရသည်။ အမှိုက်ပုံကြီးနှင့် မနီးမဝေးအရောက်ကတည်းက စူးရှသည့် ညှီစို့စို့ အနံ့အသက်ကို လေအဝေ့တွင် ကျနော် ရှူရှိုက်မိခဲ့သည်။ တောင်ငယ်လေးတစ်ခုပမာဖြစ်နေသည့် အမှိုက်ပုံကြီး၏အောက်ခြေက တဲကလေးသုံးလုံးခန့်ဘေးတွင် ကားလမ်းက နိဂုံးချုပ်သွား၏။ အမှိုက်သွန်သည့်ကားများ၊ စွန့်ပစ် ပစ္စည်းလာဝယ်သည့် ကားများသာ အသုံးပြုသည့် ကားလမ်းဘေးတွင် ကျနော်တို့ ရပ်တန့်လိုက်ကြသည်။ ကားလမ်းဘေးတွင် ရေကန်ကြီးတစ်ခုရှိသည်။ အမှိုက်မျိုးစုံက ရေကန်ဘေးတွင် ကျနေသည်။ ရေကန်ပေါ်ဖြတ်လာသည့်လေနှင့်အတူ ညှီစို့စို့အနံ့ကို ရလိုက်သည်။
တူမလေး မြတ်နိုဗယ်သန်းကို လူတယောက်ကဆီးပြီး စကားပြောသည်။ တူမလေးအဖို့ အမှိုက်ပုံကလူတွေနှင့် ရင်းနီးပြီးဖြစ်သဖြင့် ကျနော်က အထူးအထွေလုပ်မနေတော့ပဲ လမ်းဘေးတွင် ရပ်နေလိုက်သည်။ တဲကလေးနှစ်လုံးရှေ့တွင် စုပြုံပြီးထိုင်နေသည့် ခလေးတသိုက် ခွေးတအုပ်နှင့် အမျိုးသမီးများက ကျနော်တို့ကို ပြုံးပြီးကြည့်နေကြသည်။ တူမလေးက စကားတခွန်းနှစ်ခွန်းပြောပြီးနောက် အမှိုက်ပုံကြီး၏ ဘေးတဖက်တွင်ရှိသည့် တခြားတဲအိမ်ကလေးတွေဖက် သွားရမည်ဟုဆိုကာ ရှေ့ကထွက်သည်။
ကျနော်က တူမလေးရဲ့နောက်က ဘေးဘီအနှံ့လိုက်ကြည့်ရင်း လမ်းလျှောက်လိုက်လာခဲ့သည်။ အမှိုက်ပုံကြီးရဲ့ ဘေးတဖက်တွင် တဲအိမ်ကလေးတချို့ကို ထပ်ပြီးတွေ့ရပြန်သည်။ ဈေးဆိုင်နှင့် အိမ်ကလေးတလုံးကိုလည်း တွေ့ရသည်။ တဲရှေ့တွင် တဲရဲ့တံစက်မြိတ်တွင် ခလေးသားရေစာနှင့် အချိုအချဉ်မုန့်ထုပ်များ ချိပ်ဆွဲထားသည်ကို တွေ့ရသည်။ ဆိုင်ပိုင်ရှင်ဟုထင်ရသူ အမျိုးသားတစ်ဦးက ကုန်းထိပ်တွင်ရပ်နေကြသည့် ကျနော်တို့ကို တဲတံစက်မြိတ်အောက်မှ ခေါင်းပြူကာ အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။
အိမ်မှထွက်လာစဉ်ကတည်းက အလုပ်ကိစ္စကို ကြိုပြီးပြောထားခဲ့သဖြင့် ကျနော်က တူမလေးကို ဘာမျှမမေးပဲ သည်အတိုင်း စေါင့်ကြည့်နေလိုက်သည်။ တူမလေးက အမှိုက်ပုံကြီး၏ အခြားတစ်ဖက်တွင်နေထိုင်သူများ ရောက်လာသည်အထိ စေါင့်နေရန်ပြောနေသည်။
“ အဲဒါ သူ့အမေကိုယ်စား အစည်းအဝေးလာတက်တာတဲ့ဘဘ ကြည့်ပါအုန်း ”
တူမလေးဘေးတွင် တုတ်တစ်ချောင်းကို လက်တဖက်ကကိုင်လျက်။ အသက် ၃ နှစ်သာသာ ခလေးမလေးတစ်ဦး။ လက်တွေခြေတွေအားလုံး ပေရေလျက်။ ဝတ်ထားသည့် ဂါဝန်ကလေးက အရောင်လွင့်လျက်။
ကျနော်က ခလေးမလေး၏ဘေးတွင် သွားရပ်သည်။ သူ့ ပခုံးလေးကို ထိကာ မင်းဘာလုပ်ဖို့လာတာလဲ၊ နာမည်ဘယ်လိုခေါ်သလဲဆိုပြီး မေးနေမိသည်။ ခလေးမလေးက ကျနော့်ကို သူ့ နံမည်ပြောပြသည်။ အစည်းအဝေးလာတက်တာဟု ပြောနေသည်။ ပထမတော့ သူဘာပြောသည်ကို ကျနော် မသဲကွဲ။ မေးခွန်းကို ထပ်ပြီး မေးရသည်။ သူက စကားကို ခတ်နည်းနည်း ကျယ်ကျယ်ပြောလာသည်။ သူ့နာမည်ကို ပြောသည်။ အစည်းအဝေးတက်ဖို့လာသည်ဟု ပြောသည်။ ကျနော် သဘောကျသွားရသည်။
ငြိမ်းဝေ
(အပိုင်း - ခ - ကို ဆက်လက်ဖတ်ရှုပါရန်...)
No comments:
Post a Comment