February 27, 2011

အမှိုက်ပုံ


                                     သူတို့ ပျော်စံရာ တဲနန်းကလေးတစ်ခု
                                                အမှိုက်ပုံ
                                                    (ဂ)
ကျနော်တို့နှင့် ကိုက် ၂၀၀ ဝန်းကျင်လောက်မှာ ရှိနေတဲ့ အမှိုက်ပုံကြီးက ကျနော်တို့ကို ငုံ့ကြည့်နေသည်။ 

အမှိုက်ပုံကြီးရဲ့ အောက်ခြေမှာ ခွေးသုံးလေးကောင်က အနံ့ခံရင်း စားစရာလိုက်ရှာနေ၏။ ပူပြင်းလှတဲ့နေရောင်အောက်မှာ အမှိုက်ပုံကြီးက မြင့်မြင့်မားမား ကျနော်တို့အပေါ် ဆီိးမိုးနေသလိုဖြစ်နေတာမို့ ကျနော်က မေါ့ကြည့်နေမိသည်။ 

ဒီအမှိုက်ပုံကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ဒီလောက်အထိလည်း မကြီးသေးတဲ့အကြောင်း အမှိုက်ပုံဘေးမှာ အခုလို လူတွေ လာရောက်နေထိုင်တာလည်း မရှိသေးတဲ့အကြောင်း အစည်းအဝေးတက်လာတဲ့ လူတစ်ယောက်က အစည်းအဝေး မစခင်လေးမှာပဲ ကျနော့်ကို ပြောပြခဲ့၏။ 

အခုတော့လည်း အမှိုက်ပုံဘေး လေးဘက်လေးတန် နေရာအနှံ့ တဲထိုးပြီး လာနေကြတဲ့ မိသားစုတွေက (၉၀) ကျော်၊ ခလေး လူကြီး လူအရေအတွက်က (၂၀၀ ) ကျော် ရှိနေခဲ့ပြီ။ သူတို့အားလုံး ကရင်ပြည်နယ်ထဲက အများစုဖြစ်သည်။
အမှိုက်ပုံကြီးဘေးမှာ လူတွေ လာပြီးမနေခင်က မြေကြွက်ကြီးတွေသာ သည်နေရာမှာ ရှိနေပြီး စိုက်ခင်းတွေတောင် ကောင်းကောင်းစိုက်လို့ မရခဲ့တဲ့အကြောင်းလည်း ပြောပြခဲ့၏။ 

အမှိုက်ပုံကြီးကို မော့ကြည့်ရင်းက မနက်ခင်း ကြောင်နှစ်ကောင် စာအုပ်ဆိုင်မှာ မတ်တပ်ရပ်ရင်း ဖတ်ခဲ့ရတဲ့ ကဗျာလေးတပုဒ်ကို သွားပြီး သတိရလိုက်ပြန်သည်။ ပထမတော့ လေးလုံးစပ်ကဗျာဖြစ်နေတဲ့အပြင် အကြောင်းအရာကလည်း ရိုးစင်းလွန်းတဲ့ ကဗျာဆိုပြီး တချက်သာဖတ်ကြည့်ပြီး ပြန်ချထားခဲ့သည့် ကဗျာလေးဖြစ်သည်။ စာအုပ်ဆိုင်က အလုပ်သမားလေးက ကျနော့်ကို လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကဗျာတွေကို လဆန်းတိုင်း မိတ္တူကူးပေးနေကျဖြစ်လို့ သူကူးပေးလိုက်တဲ့ ကဗျာစာရွက်တွေကတော့ ကျနော့် ကြောပိုးအိပ်ထဲမှာ ပါလာခဲ့၏။အဲဒီအထဲမှာ ကျနော်ပြန်ချထားခဲ့တဲ့  ကဗျာလေးလည်း ပါလာခဲ့သည်။ 

အစည်းအဝေးမစခင် ကျနော့်ဘေးကလူတစ်ယောက်က အမှိုက်ပုံဘေး လူတွေ တစတစရောက်လာခဲ့ပုံကို  ပြောပြလိုက်တဲ့အခါမှာတော့ ကျနော့်စိတ်ဟာ အဲဒီ ပြန်ချထားခဲ့မိသည့် ကဗျာလေးဆီ တချက်ထဲ ခုန်ကူးပြီး ရောက်သွားရပြန်၏။ အခု ကျနော် ဖတ်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ကြားညှပ်ပြီး ဖေါ်ပြလိုက်ပါသည်။

အကျည်းတန်တဲ့ ဆည်းဆာ

အမှိုက်ပုံဘေးမှာ
ဝိုင်းအုံဖွေယက်
မြေကြွက်ကြီးတွေ....။
အမှိုက်ပုံမှာ
ဝိုင်းအုံစုဝေး
လေလွင့်ခွေးတွေ...။
ဒါ ဟိုတုန်းက
အခုကျတော့လေ...
မြေကြွက်လည်း ဝေး
ခွေးလည်း ပြေးပြီ
သည်နေရာမှာ၊ ရောက်လာမွှေနှောက်
‘ အစာကောက်သူ ´
စိတ်ခြောက်ခြားစွာ၊ မြင်မိငါလျင်
အားနာစိတ်ပြင်း
အံကြိတ်တင်းမိ၊ ရင်တွင်းမချိ
တစ်တိတိဖြင့်
ကြည့်မိနောင်တ၊ ခါခါရသည်
မလှမပ ဆည်းရီည။    ။

ဇော်နောင်
ကလျာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၁။
                              ခေတ်သစ် ဂဏာနဲ့ ဇာလီတို့ ပျော်စံရာ ကစားကွင်းလေး
အစည်းအဝေးမှာ အသံတွေ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာလို့ ကျနော်လည်းပဲ တခြားမှာအာရုံရာက်နေရာက အစည်းအဝေးထဲ ပြန်ဝင်လိုက်ရ၏။

တူမလေး မြတ်နိုဗယ်လ်သန်းက ကျောင်းနေနိုင်တဲ့အရွယ်ရှိတဲ့ သားသမီးတွေကို ကျောင်းကို မဖြစ်မနေပို့ စေချင်တဲ့အကြောင်းပြောလိုက်တဲ့အခါ အမျိုးသမီးကြီး တော်တော်များများက ချက်ချင်းဆိုသလိုပဲ သဘောထားပြန်ပေးနေကြ၏။ နို့စို့အရွယ်ခလေးကို ရင်ခွင်ထဲထည့်ထားရင်း မြေကြီးပေါ်မှာ ကျကျနန ဖင်ချထိုင်နေသည့် အမျိုးသမီးကြီးကဆိုလျင် ဒါကိုတော့ ဘယ်နည်းနဲ့မှ မလိုက်နာနိုင်ဘူးလို့ အော်ပြောနေ၏။ သူ့ဘေးက အမျိုးသမီးတချို့ကလည်း ဝိုင်းပြီးပြောနေကြ၏။ တယောက်နဲ့တယောက် လုပြီးပြောနေကြတာမို့ မြတ်နိုဗယ်လ်သန်းက အသံတွေလျော့သွားတဲ့အထိ စေါင့်ကြည့်နေ၏။
တကယ်တော့ သူတို့ဟာ ခလေးတွေ ကျောင်းထားချင်ကြတဲ့သူတွေချည်းပဲဖြစ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း စားဝတ်နေရေးအရ ခလေးကအစ အမှိုက်ကောက်နေရတဲ့အကြောင်း မိဘတွေက အလုပ်ထွက်လုပ်နေတုန်း အိမ်မှာထားခဲ့ရတဲ့ ခလေးငယ်ကို ထိန်းဖို့ အကြီးတွေကို အိမ်စေါင့်ထားခဲ့ရတဲ့အကြောင်း တယောက်တပေါက်ရှင်းပြနေကြ၏။ ကိုယ့်မြေနဲ့ကိုယ် အတည်တကျနေချင်ကြပေမယ့် ဒါကိုတော့ မလိုက်နာနိုင်ဘူးဆိုတဲ့သဘော ဝိုင်းပြောနေကြ၏။
တူမလေး မြတ်နိုဗယ်လ်သန်းက ဒါဆိုရင် ခလေးတွေ အလုပ်လုပ်လို့တနေ့ ရတဲ့ငွေကို အလှူရှင်က နေ့တွက် ပေးမယ့်အကြောင်း ခလေးတွေကိုတော့ ကျောင်းကိုပို့ရမယ့်အကြောင်း ရှင်းပြလိုက်၏။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရ၏။ တချို့ကဆိုလျင် မတ်တပ်ပင် ထရပ်လိုက်ကြ၏။ ရှေ့တိုးထိုင်လိုက်ကြ၏။
အမျိုးသမီးကြီးတစ်ယောက်က သူ့ခလေးက တနေ့ကို ဝင်ငွေ အနည်းဆုံး ၆၀ ရတဲ့အကြောင်း နောက်တစ်ယောက်က ဒါကတော့ ပုံမှန်တွက်လို့မရတဲ့အကြောင်း အလုအယက် ပြောနေကြပြန်သည်။ မြတ်နိုဗယ်သန်းက ခေတ္တခဏ ပြန်မပြောပဲနားထောင်သည်။ သူတို့ပြောသမျှ ရေးမှတ်သည်။ 

ကျနော်က အစည်းအဝေးလုပ်နေသည့် လူအုပ်ဘေးမှ ခွါကာ တဲတွေကြား လျှောက်လာလိုက်သည်။ တဲနှစ်လုံးဘေးတွင် ရေတွင်းတစ်တွင်းတွေ့သည်။ ရေတွင်းဘေးက ဗွက်အိုင်များကို ရှောင်ပြီး ရေတွင်းထဲ ကျနော် ငုံ့ကြည့်သည်။ ရေတွင်းက တော်တော်လေး နက်သည်။ ရေကလည်း နည်းနည်းလေးပဲ ရှိသည်။ ကျနော့်အထင် အောက်ခံ ကျောက်သားနှင့် မြေကြီးကိုပင် မြင်နေရသည်ဟုထင်သည်။ အခုဆိုလျင် မတ်လပင်မရောက်သေး။ ရေက ခမ်းတော့မည်။ ဧပြီ၊ မေ ဆိုလျင် ရေ လုံးဝ ရှိတော့မည်မဟုတ်။ သို့သော် ရေတွင်းက ရေက သောက်ရန်မဟုတ်။ သုံးရေအတွက်သာ သုံးလို့ရသည်ဟု ဆိုသည်။ သောက်ရေကိုမူ ရေသန့်ဗူးရေကိုသာ သောက်ကြသည်ဟု သိရသည်။

ရေတွင်းဘေးက ခွါပြီး ရှေ့ကတဲဘေးတွင် သွားရပ်လိုက်သည်။ အမှိုက်ပုံကြီးဆီ ရောက်လာကာစက ရိုက်ခဲ့သော ဓါတ်ပုံများကို ပြန်ပြီးကြည့်သည်။ 
                                       ခေတ်သစ် ဂဏာနဲ့ ဇာလီတို့ ပျော်စံရာမြေ 
ဓါတ်ပုံများကို ကြည့်နေရင်းက လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က လူမှုရေးလုပ်ငန်းလုပ်ချင်စိတ်ရှိသူ အမျိုးသမီးငယ်တစ်ဦးအကြောင်း ကျနော် သွားတွေးမိပြန်သည်။

ထိုအမျိုးသမီးငယ်က သူ့အနေနှင့် ခန္ဒာကိုယ်ရင်းပြီး ဝမ်းစာရှာနေရသူ မြန်မာမိန်းခလေးများကို ကယ်တင်ချင်သည့်အကြောင်း ကျနော့်ကို ကူညီပါရန် တိုင်ပင်ခဲ့ဖူးသည်။ ကျနော်က သူ့ စိတ်ထားစေတနာကို လေးစားသည်။ အသိအမှတ်ပြုသည်။ သို့သော် သည်ကိစ္စက သိတ်ပြီးမလွယ်ကူသည့်အကြောင်း ပြောပြခဲ့မိသည်။ သူက လက်မလျှော့ပါ။ သူ့ မှာ စုထားဆောင်းထားသည့် ငွေကလေးနှင့် သူ့အလုပ်ကို စဖြစ်အောင်စ၏။ ဇိမ်မယ်လေးများရှိရာ အိမ်များတွင် တခြား သူ့အဖေါ် မိန်းခလေးတစ်ဦးနှင့် ဝင်နိုင်ထွက်နိုင်အောင် ကြိုးစား၏။ အဆက်အသွယ်ရအောင် လုပ်၏။ သည်အလုပ်မှ ထွက်ချင်သူ မိန်းခလေးများကို စုံစမ်း၏။ တွေ့သည့်အခါ ဇိမ်ခေါင်းအားပေးရန်ရှိသည့်ငွေကို စိုက်ပေး၏။ မိန်းခလေး ၂ ယောက်ကို ကယ်ထုတ်၏။ ကျန်းမာရေးကအစ ပြုစု၏။ မြန်မာပြည်ပြန်မည်ဟုဆိုသဖြင့် စရိတ်ပေးပြီး ပြန်ပို့ လိုက်၏။ နောက် ၁ လခန့်ရှိသောအခါ သူ ကယ်တင်ပြီး ပြန်လွှတ်လိုက်သည့် မိန်းခလေး ၂ ယောက်စလုံး တခြား ဇိမ်ခန်းရှေ့တွင် ဖီးကာလိမ်းကာ ရယ်ကာမောကာနှင့် ပြန်တွေ့ရလေသည်။ ကျနော့် မိတ်ဆွေ လူမှုရေးစိတ်ဓါတ်ပြင်းပြသူ မိန်းခလေးမှာ တော်တော်လေး စိတ်ပျက်သွားရ၏။ သို့သော် ကျနော့်မိတ်ဆွေ မိန်းခလေးမှာ စိတ်ခိုင်သူဖြစ်သည်။ သည်လုပ်ငန်းကို ဆက်မလုပ်သော်လည်း တခြား လူမှုရေးလုပ်ငန်းများကိုမူ ဆက်ပြီး လုပ်၏။ ယခုအခါ ကျနော့်မိတ်ဆွေ မိန်းခလေးမှာ လူမှုရေးလုပ်ငန်းကြီးများကို အောင်မြင်စွာ လုပ်ကိုင်နေသည့်အဆင့် ရောက်လာနိုင်ခဲ့သည်ဟု ဆိုရပါမည်။

ယခုလည်း တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီရပါ့။ လူမှုရေးလုပ်ငန်းဆိုသည်မှာ လူမှုရေးပြဿနာများဖြင့် ရှုပ်ထွေးကျဆုံးရတတ်သည်ကို သူ သတိပြုမိပါစ။ သည်လို လူမှုရေး ပေါက်ကွဲလွင့်စင်မှုများမှာ ဘာ့ကြောင့်ဖြစ်လာရသနည်း၊  သည် လူမှုရေးပြဿနာများ ပျောက်ကင်းသွားအောင် ဘယ်လိုနည်းလမ်းက အဓိကနည်းလမ်းဖြစ်သနည်း။ တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီပြီး ဆွေးနွေးရပါ့။ 

နေက ပူသထက်ပူလာသည်။ အမှိုက်ပုံကြီးဘေး မရောက်တရောက်တွင် ကျနော် ရပ်သည်။ ယင်ကောင်များကို ကျနော့် ပါးစပ် နှာခေါင်း ဆံပင်များပေါ်မှ မကြာခဏ ပုတ်ချနေရ၏။ တချို့ယင်ကောင်များက အသံများ တဝီဝီပေးကာ ကျနော့်ဘေးက မခွါသွားချင်ကြ။

ယင်ကောင်များကို လက်ဖြင့် ပုတ်ထုတ်ရင်းက အမှိုက်ပုံကြီးကို ကျနော် မော့ကြည့်နေမိပြန်၏။
အမှိုက်ပုံကြီးကလည်း သူ့ကို မေါ့ကြည့်နေသူ ကျနော့်ကို သနားစရာ လူသတ္တဝါတစ်ဦးကိုကြည့်သလို ငုံ့ကြည့်ပြီး ပြုံးပြနေသည်ဟု ကျနော် ခံစားလိုက်ရ၏။

ငြိမ်းဝေ
အပိုင်း (ဃ) သို့  ဆက်လက်ဖတ်ရှုပါရန်....။

No comments:

Post a Comment