February 04, 2011

ကိုငြိမ်း(မန္တလေး)က ကျနော့်ကို လူသုံးဦးနဲ့ မိတ်ဆက်ပေးခဲ့တယ်


(က)
အခန်းထဲကအထွက်တွင် သူ့ကို သတိထားလိုက်မိသည်။

သူသည် ကျနော့်အခန်း ပြတင်းပေါက်များကို မြင်နေရသည့် အိမ်ရှေ့ခြံဝန်းထဲက စကားဝါပင်အောက်တွင် ရပ်နေခြင်း ဖြစ်နိုင်သည်။ စကားဝါပင်ဆီ ကျနော်ငဲ့ကြည့်တော့ စကားဝါကိုင်းတချို့ လှုပ်ခတ်သွားသည်မှလွဲ၍ ဘာကိုမျှ မတွေ့ရ။
သေချာစေရန် စိတ်ရှင်းစေရန် အိမ်ရှေ့ဆင်ဝင်အောက်တွင် သွားရပ်သည်။ ပန်းခြံကလေးထဲ မသိမသာ မျက်လုံးဝေ့သည်။ ဆီးဖြူသီးပင်ထက်က ငှက်ကလေးတစ်ကောင်က ကျနော့်ကို ပြန်ကြည့်နေသည်။ ငှက်ကလေးက အငြိမ်မနေ။ အမြီးလှုပ်လိုက် ခေါင်းလှုပ်လိုက်လုပ်နေသည်။ ဟိုကိုင်းသည်ကိုင်း ကူးနေသည်။ ဆီးဖြူသီးတချို့ မြေပေါ်ပြုတ်ကျလိုက်သည်ဟု ကျနော်ထင်နေစဉ် ဆီးဖြူပင်နှင့် ငှက်ပျောပင်ကြားထဲ၌ လူရိပ်သဏ္ဍာန်ကို ကျနော် တွေ့ရပြန်သည်ဟု စိတ်ကထင်ပြန်သည်။ သို့သော် အသေအချာရှာကြည့်တော့လည်း ဘာကိုမျှ မတွေ့ရ။

ကျနော်က အမှိုက်ပုံရပ်ကွက်ကိုပို့ မည့် ပစ္စည်းပစ္စယအပုံများကြားတွင်ရပ်ကာ ပစ္စည်းတွေဆီ အာရုံပြောင်းယူလိုက်သည်။ ထိုပစ္စည်းများမှာ အလှူရှင်တစ်ဦးက အမှိုက်ပုံအနီးတွင် နေထိုင်ကြသည့် လူဆင်းရဲများထံ ပို့ ပေးလှူဒါန်းရန် ထုပ်ပိုးထားသည့် ပစ္စည်းများဖြစ်သည်။ ကျနော့် အိမ်တွင် ညက ခေတ္တလာထားသွားသော လှူဘွယ်ပစ္စည်းများဖြစ်သည်။

မနက် စေါစေါ နေထွက်စအချိန် လူသူအသွားအလာ နည်းနေသေးသည့်တိုင်  လမ်းမပေါ်တချက်ကြည့်သည်။ ဘေးချင်းယှဉ်အိမ်တွေဘက် အကဲခတ်သည်။ လူသူအရိပ်အယောင်မတွေ့ရသဖြင့် စိတ်က လွတ်လပ်သလို ဖြစ်လာရပြန်သည်။
ကျနော်က ဘယ်ပစ္စည်းက ကိုယ့်အတွက် အလိုအပ်ဆုံးပစ္စည်းဖြစ်မလည်းဟု စဉ်းစားနေသည်။ သွားတိုက်ဆေးဗူးတစ်ဗူးကိုပဲ ယူထားလိုက်ရရင်ကောင်းမလား။ ကိုယ့်မှာက သွားတိုက်ဆေးဗူးလက်ကျန် တော်တော်များများရှိနေသေးသည်။ 

စေါင်ထုပ်များဆီ မျက်စေ့ရောက်ပြန်သည်။ စေါင်တွေက အကောင်းစား အနုစားတွေချည်းပဲဖြစ်နေသည်။ သည်လိုစေါင်မျိုးက ကိုယ့်အတွက် သိတ်ပြီးမကောင်း။ နုပေမယ့် ပါးလွှာလွန်းသည်။ ပြီးတော့ အပေမခံ။ အလျှော်မခံ။ ကိုယ့်မှာ ရှိတဲ့ အဲသလိုစေါင်တစ်ထည်ကို ခြုံစေါင်မလုပ်ပဲ မီးပူတိုက်စဉ် အောက်ခံအထည်အဖြစ်သာ အသုံးပြုခဲ့သည်မှာပင် ကြာခဲ့ပြီ။

ဆီဗူးများထားရာဆီ တိုးသွားသည်။ ကိုယ်က တစ်ယောက်ထဲ။ ကိုယ်နဲ့ အတူနေတဲ့ တူမလေး လင်မယားနှစ်ယောက်အတွက်တော့ ဆီဗူးတစ်ဗူး ယူထားပေးလိုက်ရရင် ကောင်းမလား။ တူမလေးနဲ့ တိုင်ပင်ပြီးမှ ယူလိုက်ရရင်ကောင်းမလား။
အချိုမှုန့်ထုပ်များ ဆားထုပ်များ ကြက်သွန်ထုပ်များ...။ သွားတိုက်ဆေးဗူးနှင့် တံပွတ်တံများ...။

ခြေသံကြားလိုက်သည်။ ကျနော့်ကိုယ်ခနာမှာ ကြက်သီးမွေးညှင်း ထသွားသည်။
မကောင်းဆိုးဝါးတကောင် ကျနော့်ကြောဘက် ဝင်ကပ်လိုက်သည်။ မဟုတ်သေးဘူး ဝင်ကပ်လိုက်သည်ဟု ထင်သည်။ လှည့်မကြည့်ရဲ။ စိတ်နှင့်ဆွဲယူထားသည့် ကျနော့်လက်ထဲက ကြက်သွန်ထုပ် ဆီဗူး သွာတိုက်ဆေးဗူးများက ဖုတ်ကနဲပြုတ်ကျသွား၏။

ထိုစဉ်အခိုက်မှာပင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က တွေ့ခဲ့ဖူးသည့် လူတစ်ယောက်ကို ဖြတ်ကနဲ သွားတွေးနေမိပြန်သည်။ ထိုလူက ပိုက်ဆံအစိပ်ကောက်ရသည့်အခါ ပိုင်ရှင်နှင့်ပက်ပင်းတွေ့သော်လည်း ဖွင့်မပြောပဲ ထိုပိုက်ဆံအစိပ်ကို ပြန်မပေးပဲထားခဲ့သည်။ နောင် တစ်နှစ်ကျော်ကြာမှ ပိုက်ဆံအစိပ်က သူ့ ကို အမြဲတမ်းကိုက်ခဲနေခဲ့သဖြင့် ပိုင်ရှင်ကိုလိုက်ရှာကာ ပိုက်ဆံအစိပ် ပြန်ပေးခဲ့။ ထိုအခါကျမှ သူ့ခမျာ ပိုက်ဆံအစိပ် ကိုက်ခဲမှုဝေဒနာ ပျောက်ကင်းခဲ့ရသည် ဆိုပဲ။
အခုလည်း သူ့ ကို သွားတိုက်ဆေးဗူး ဆီဗူး ကြက်သွန်ထုပ် ကိုက်ခဲမှုများက ဘယ်လောက်ကြာကြာ ကိုက်ခဲနေစေနိုင်ဦးမလည်း။ ဒီကိုက်ခဲမှုတွေလောက်တော့ တောင့်ခံထားနိုင်မလား။ 

ထိုစဉ်မှာပင် ပန်းခြံကလေးထဲက သစ်ပင်များ၏ခြေသံများကို ကြားလာရသည်။  တဖြစ်ဖြစ်မြည်သံက ပီသလွန်းလာသည်။ ကျနော်က စိတ်ထဲက ပြုတ်ကျသွားသော ပစ္စည်းများဆီမှ အာရုံကို ကမန်းကတန်းပြန်လည် ဆွဲခေါက်ထားလိုက်သည်။ ကျနော့် အကျီအိပ်ခတ်များ ကျနော့် ဘောင်းဘီအိပ်ခတ်များထဲကတဆင့် ကျနော့် စိတ်က ခေါင်းပြူကြည့်နေသေးသည်။ ကျနော်က မလုံမလဲစိတ်နှင့်ပင် အသံကြားရာ သစ်ပင်တွေဆီ ခေါင်းလှည့်သည်။

သစ်ကိုင်းများပေါ်က တန်းစီနေသည့် အရာဝတ္ထုများကို ကျနော် တွေ့သည်။ သစ်ကိုင်းများပေါ်တွင်သစ်ရွက်များအစား မျက်လုံးများ တန်းစီနေသည်ကို ကျနော် တအံတသြတွေ့ လိုက်ရ၏။ ပို၍အံ့သြဖို့ ကောင်းသည့်အချက်မှာ တခြားတစိမ်း မျက်လုံးများတန်းစီနေသည့်ကြား၌ ကျနော့် မျက်လုံးတစုံက ကျနော့်အား စူးစိုက်ကြည့်နေသည်ကိုလည်း မထင်မှတ်ပဲတွေ့လိုက်ရသည့်အချက်ပင်ဖြစ်သည်။ 

ကျနော်က ခြေရင်းတွင် တန်းစီနေသည့် ပစ္စည်းများကို ကြည့်သည်။ သစ်ကိုင်းများပေါ်က မျက်လုံးများကလည်း ကျနော့်ကို စေါင့်ကြည့်နေကြသည်...။ ကျနော် တုန်လှုပ်စွာ ရပ်နေသည်။

(ခ)
ဒီကနေ့ ညနေပိုင်း လေပြေသုပ်ဖြူးနေသည့်အချိန်တွင် အရက်ဆိုင်ထဲက ထွက်လာသော လူအထီးတစ်ကောင်ကို ကျနော်တွေ့ ခဲ့သည်။ 

ကျနော်တို့အခေါ်“ကဗျာဆရာ့ကဖေး”၊ ဆိုင်ပိုင်ရှင်အခေါ် “ဖိုးထူး လဘက်ရည်ဆိုင်” ကိုအသွား လမ်းထိပ် အရက်ဆိုင်ထဲက ထွက်လာသော ထို လူ အထီးတစ်ကောင်ကို  လမ်းဖြတ်ကူးစဉ် တွေ့လိုက်ခြင်းဖြစ်သည်။
သူက မည်သူ့ကိုမျှ မကြည့်။ ခေါင်းငိုက်စိုက်ချထား၏။ ထို့ ပြင် ကျနော်ကလွဲပြီး မည်သူကမျှလည်း သူ့ကို မမြင်မိကြ။ သူကလည်း ဘေးဘီတွင် လူတွေ သွားလာလှုပ်ခတ်  ပျံသန်းနေကြသည်ကို အကယ်၍ သူ့ခေါင်းကို မေါ့လိုက်သည့်တိုင် မြင်ဟန်မတူဟု ကျနော် ထင်သည်။
သူ့ ကိုယ်ခနာမှ မီးတောက်မီးလျှံများက ကောင်းကင်ဆီ ပန်းထွက်နေလို့ပါလား။ သူ အသက်ရှူလိုက်တိုင်း ပန်းထွက်နေသည့် မီးတောက်မီးလျှံများက မြင့်တက်လာလိုက် နိမ့်ဆင်းသွားလိုက်။
သူ့ ပခုံးပေါ်တွင်မူ သွေးတစက်စက်ကျ သားကောင်ကိုထမ်းလျက်။ တကယ်တော့ ထို လူအထီးတကောင်သည် သားကောင်တကောင်ကို တချိန်လုံး စေါင့်ကြည့်ခဲ့ ကျောက်ချွန်းလက်နက်ဖြင့် ပစ်ခတ်ခဲ့ ကျောက်ဂူထဲက လူအမများရှိရာ သားကောင်ကို ထမ်းပြီး ပြန်လာခဲ့သည်ကိုလည်း ကျနော် သိနေသည်။
ထို လူ အထီးတကောင်ကို ကျနော် နှစ်ပေါင်း ထောင်သောင်းချီပြီး စေါင့်ကြည့်နေခဲ့မိသည်ကိုလည်း ကျနော်တွေးလို့ရလာနေသည်။ အခုတော့ သူက အရက်ဆိုင်ထဲက ခေါင်းငိုက်စိုက်ချပြီး ထွက်လာသည်ကို ကျနော် တွေ့လိုက်ရ၏။ သူသည် မည်သူ့ကိုမျှ မကြည့်။ သူသည်ကား “ အသက်မီး လောင်စာ ” ကို ဝါးမြိုထားပြီးသူအဖြစ် ဆိုင်ထဲမှ ထွက်လာခြင်းဖြစ်သည်။ သူ့ခနာကိုယ်ထဲမှ မီးတောက်မီးလျံများ ပန်းထွက်နေလျက်...။
သူသည် နောက်ထပ် နှစ်ပေါင်း ထောင်သောင်းချီ၍ အသက်ရှင်ကောင်း ရှင်သန်နေဦးမည့် လူသားတစ်ဦးအနေနှင့် သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားမှု အပြည့်တပ်ဆင်ထားသည့် ဟန်ပန်အပြည့် လမ်းလျှောက်သွားနေ၏။ သို့မဟုတ် စင်္ကြာဝဋာကြီးက သူ့ကို လက်ခံထားသလောက် မနက်ဖြန် ဒါမှမဟုတ် မရေမတွက်နိုင်သော နေ့ ပေါင်းကုဋေကဋာကြာသည်အထိ အသက်ရှင် လျှောက်သွားနေဦးမည်မှာ သေချာနေသည်။
ကျနော်က ထို လူအထီးတကောင်၏ သို့မဟုတ် စာရေးဆရာတစ်ဦး၏ခနာကိုယ်မှ ပန်းထွက်နေသော ရောက်စုံပြိုးပြက်လွန်းလှသည့်  မီးတောက်မီးလျှံများကို တမနက်ခင်းလုံး လိုက်လံဖမ်းယူနေခဲ့မိလေသည်။

(ဂ)
ပုံမှန်အားဖြင့်ဆိုလျင် ကျနော်က ညနေပိုင်းတွင် လဘက်ရည်ဆိုင် သို့မဟုတ် “ ကဗျာဆရာ့ကဖေး ” ကို  သွားလေ့သွားထ မရှိပါ။ ဒါပေမယ့်  စိတ်အညောင်းပြေလိုပြေငြား ဒီကနေ့ ညနေကျမှ “ ကဗျာဆရာ့ကဖေး ” ဘက်  ထွက်ခဲ့မိသည်။ “ ကဗျာဆရာ့ကဖေး ” တွင် နာရီဝက်မျှ ထိုင်ခဲ့သည်။
ကဗျာဆရာ့ကဖေးကအပြန်တွင်မူ  အိမ်ကိုမပြန်ပဲ မြို့ကလေး၏အပြင်ဘက် ထွက်လာခဲ့သည်။  စိတ်ထွေထွေနှင့်  လယ်ကွင်းတွေကို ဖြတ်ကျော်လာခဲ့သည်။ လယ်ကွင်းတွေက နောက်တွင် မဲ့လာ၏။ ကျနော်က ချောင်းတွေ မြောင်းတွေကို ကျော်လာခဲ့သည်။ နောက်ပိုင်းတွင် ချောင်းတွေ မြောင်းတွေ မဲ့လာ၏။ တခါ တောင်တန်းတွေကို ကျော်ရင်း တောင်တန်းတွေသည်လည်း မဲ့လာ၏။ နောက်ဆုံး သစ်ပင်မဲ့၊ ငှက်မဲ့၊ အပြင် ...။
အံ့သလောက်မဲ့သော အဖြစ်တွင်ပင် ကျနော်က ပုဆိုးပုခက် တော့ မမဲ့။ ကျနော့်မှာ ပုဆိုးအဟောင်းတထည် အပိုပါသည်။ ကျနော်သည် အရှေ့မိုးကောင်းကင်အထိ ခြေလျင်လျှောက်ရင်း ကိုယ်ပိုင်ဟင်းလင်းပြင် တခုကို ရရှိတော့၏။ တညည တချိန်ချိန်တွင် ကျနော်သည် ပုဆိုးပခက်လေးကို လ,ပေါ်တက်ပြီး ချိပ်ဆွဲမည်။ လ,တွင် ချိပ်ထားသည့် ပုဆိုးပခက်ကို ဒါန်းလုပ်ပြီး စီးမည်။ ကမ္ဘာကြီးကို ငုံ့ကြည့်မည်။

သည်လိုနှင့် တညည တချိန်ချိန်ကို ဒီညနေမှာတော့ ရောက်လာခဲ့သည်ဟု ဆိုကြပါစို့။
ထို တညည တချိန်ချိန်တွင် ကျနော်သည် ပုဆိုးပခက်လေးလွယ်ထားသည့် လူတဦး ကောင်းကင်ကြီးအား ကျနော့်ထက်ဦးစွာ တွယ်တက်နေသည်ကို တွေ့ လိုက်ရ၏။ ကောင်းကင်ကြီးအား တွယ်တက်နေသည့် ထိုသူကောင့်သားသည် မည်သူနည်း။
မေးခွန်းမေးခြင်း၏နောက်မှ အဖြေတခု ထပ်ချပ်ကပ်လိုက်လာ၏။ မည်သူဖြစ်နိုင်ပါမည်နည်း။ ကျနော့်ထက်ဦးစွာ ကောင်းကင်ကြီးကိုတွယ်တက်နေသူမှာ “ အောင်ပင်လယ်က ကဗျာဆရာ ” ပင် ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် အောင်ပင်လယ်က “ ကိုငြိမ်း( မန္တလေး) ” ပင်ဖြစ်သည်။
သူက “ ပုဆိုးပခက်ကို လ, တက်ချိပ်ချင်လို့ ” ဟု အော်ပြောနေပြန်ပါပကော...။

(ဃ)
အထက်ပါ စာစုများမှာ အမှန်စင်စစ် ကျနော်သည် “ ကိုငြိမ်း(မန္တလေး) ” ၏ “ အိပ်မက်သုံးဆင့် ” ဝတ္ထုတိုစုစာအုပ်ကိုဖတ်ကာ ထိုဝတ္ထုတိုစု စာအုပ်ထဲက ဇာတ်လမ်းထဲ ကိုယ်ကိုယ်တိုင် ဝင်ရောက်ခြင်း၊ ထိုဝတ္ထုတိုစုထဲက အဓိကဇာတ်ကောင်များနှင့် ဒွေးရောယှက်တင်ဖြစ်ခဲ့ခြင်းကို သူရေးသည့် စကားလုံးတချို့၊ သူရေးသည့် စာသားတချို့နှင့် ရောမွှေသမကာ ပြန်ရေးပြနေခြင်းသာ ဖြစ်ပါသည်။ 

“ ကိုငြိမ်း(မန္တလေး) ” ရဲ့ “ အိပ်မက်သုံးဆင့် ” ဝတ္ထုတိုစုစာအုပ်တွင် ဝတ္ထုတို (၁၄)ပုဒ် ပါရှိသည့်အနက် ကျနော်က “ အသက်မီး၏လောင်စာ ” ၊ “ ပုဆိုးပခက် လ,တက်ချိပ်မယ် ” နှင့် “ မိမိများစွာကို မိမိများစွာက ချောင်းကြည့်ခြင်း ” ဝတ္ထုတို(၃)ပုဒ်ကို အနှစ်သက်ဆုံးဖြစ်ခဲ့၏။  တနည်းအားဖြင့်ဆိုလျင် ကိုငြိမ်း(မန္တလေး)က  လူအထီးတစ်ကောင်နှင့် ပုဆိုးပခက် လ,ပေါ်တက်ချိပ်သူတို့ကို လက်ဆွဲခေါ်ဆောင်လာကာ ကျနော်နှင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကျနော်နှင့်အင်မတန် ချွပ်စွပ် တူသူတစ်ဦးကိုလည်း ခေါ်လာပြီး တွေ့ပေးလိုက်၏။
ထိုသူတို့နှင့်တွေ့လိုက်ရသည့်အခိုက်တွင် ကျနော့်မှာ တခဏမျှ မူးမိုက်တွေဝေသွားရသည်ကို ဝန်ခံရမည်ဖြစ်ပါသည်။ အင်မတန်တောက်စားလွန်းသည့် မှော်ဆရာ့အိပ်မက်များကို မြင်မက်နေသူတစ်ဦးပမာ ကျနော့်မှာ လှုပ်ခတ်လှိုင်းစီး မျောပါသွားနေခဲ့၏။  သည်လိုနှင့် ကျနော်သည် ကျောက်ဂူတခုဆီပြန်လာသူ၊ လ,တွင် ပုဆိုးပခက်တက်ချိပ်သူ၊ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်လည်ချောင်းကြည့်သူ ဖြစ်ခဲ့ရပြန်သည်။ ကိုငြိမ်း(မန္တလေး) ရဲ့ ဝတ္ထုတိုများမှာ ကျနော့်အတွက်တော့ မှော်ဝင် ဝတ္ထုများပင်တည်း။

ထိုတခဏမျှ ဈာန်ဝင်စားနေစဉ် ကျနော်သည် မြန်မာဝတ္ထုရေးဆရာ (ဦး) ဝင်းဖေကိုလည်းကောင်း၊ ရုရှစာရေးဆရာ ချက်ကော့ကိုလည်းကောင်း၊ ဗြိတိသျှစာရေးဆရာ ဂျိန်းဂျွိုက်စ် ကိုလည်းကောင်း အိပ်မက်သုံးဆင့် အပေါ်ဆုံးအထပ်တွင် တွေ့ခဲ့ရသေး၏။ သူတို့လိုပဲ အင်မတန်စာရေးကောင်းတဲ့ မြန်မာစာရေးဆရာတစ်ယောက် ရှိတဲ့အကြောင်းကိုလည်း ကျနော့်ရဲ့ အတ္တနောမတိ ပီတိစိတ်နဲ့ လက်တို့ပြီး ပြောဖြစ်အောင် ပြောလိုက်ရသေး၏။ 

စာဖတ်သူများကော ပုဆိုးပခက် လ,ပေါ် တက်ချိပ်ချင်တယ်ဆိုရင်ဖြင့် ကိုယ်ပိုင် ဟင်းလင်းပြင်အထိ လမ်းလျှောက်ကြည့်လိုက်စမ်းပါ။
ကျောက်ဂူထဲက စေါင့်နေတဲ့ လူအမတွေဆီ သားကောင်ထမ်းပြီး ပြန်လာချင်တယ်ဆိုရင်ဖြင့် အသက်မီး လောင်စာကို အားရပါးရ သောက်မြိုလိုက်စမ်းပါ။
ကိုယ့်ကိုယ်ကို ချောင်းကြည့်သူအဖြစ် နေကြည့်ချင်တယ်ဆိုရင်ဖြင့် “ ကိုငြိမ်း(မန္တလေး) ” ရဲ့  “အိပ်မက်သုံးဆင့် ” ဝတ္ထုတိုစု စာအုပ်ကိုသာ ဖတ်ကြည့်ပါ။ 

ကျနော်ကတော့ အိပ်မက်သုံးဆင့်ပေါ် တဆင့်ပြီးတဆင့် တက်လာပြီးသည့်အခါ  ပြန်ဆင်းချင်စိတ်မရှိလောက်အောင် ဈာန်ဝင်စားနေခဲ့မိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။  ။

ငြိမ်းဝေ
(ဧရာဝတီအတွက် ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။)
စာအုပ်အမည်။    ။ အိပ်မက်သုံးဆင့် ဝတ္ထုတိုစု
စာရေးသူ။    ။ ကိုငြိမ်း(မန္တလေး)
ထုတ်ဝေသူ။    ။ ဦးသန်းဆွေ( စစ်သည်တော်စာပေ)
ထုတ်ဝေခုနှစ်။    ။ ၂၀၀၂၊ ဇူလိုင်
အုပ်ရေ။    ။ ၁၀၀၀ အုပ်

No comments:

Post a Comment