October 23, 2011

ကြည်မောင်သန်း is Freedom


ဒီအချိန်က
ကျန်ခဲ့တဲ့ စာမျက်နှာထက်
နောက် တစ်မျက်နှာကို မလှပ်ပဲ
ကြိုဖတ်တတ်ဖို့ အရေးကြီးတယ်

ခင်ဗျားလည်း ပျံသန်း
ကျနော်တို့လည်း ပျံသန်းခဲ့တာပဲ
ကောင်းကင်ချင်း မတူဘူး
သစ်တောချင်း မတူဘူး
ရှူရရှိုက်ရတဲ့ လေချင်း မတူဘူး
ဒါပေမယ့် တူခဲ့ပါတယ်

ကျနော်
ခင်ဗျားအသံကို မကြားဖူးဘူး
ခင်ဗျားကို မမြင်ဘူးဖူး
ဒါပေမယ့် မြင်ခဲ့ ကြားခဲ့ပါတယ်

တခါတုန်းက
ခင်ဗျားနဲ့ကျနော်
ကဗျာထဲမှာ တွေ့တယ်
ခင်ဗျားနဲ့ကျနော်
အလယ်ရိုးမမှာ တွေ့တယ်
ခင်ဗျားနဲ့ကျနော်
အရေပြားပေါ်မှာ
ဘော့ မာလေရဲ့သီချင်းကို ကူးရေး
သစ္စာလေးပါးကို ဆင်ခြင်
ကိုယ့် အမာရွတ်ကို ကိုယ်စီ လျှာနဲ့သပ်
ကျနော်တို့ မတ်မတ် ရပ်ခဲ့ကြတယ်။

ဒီလိုအချိန်မျိုးမှာ
ခင်ဗျားနဲ့ကျနော်
မညီညွတ်ရင် မလွတ်မြောက်ဘူး ဆိုတာထက်
လွတ်မြောက်မှ ညီညွတ်နိုင်တယ်ဆိုတာကို
ပိုပြီး သဘောတူခဲ့ကြတယ်

ဒီကနေ့
ကျနော့်ရဲ့ လျှို့ဝှက် အဘိဓါန်မှာ
ဝေါဟာရအသစ်တစ်လုံး ရေးထိုးလိုက်တယ်
ကြည်မောင်သန်း is Freedom…

( ကွယ်လွန်သူ ကဗျာဆရာ ကြည်မောင်သန်း သို့ ကြေကွဲမှု အမှတ်တရ ကဗျာ…)

ငြိမ်းဝေ    

2 comments:

  1. ဆရာ ကြည်မောင်သန်း အတွက် ကြေကွဲရသလို ဆရာ့ ကဗျာကိုလည်း လှိုက်လှဲစွာ သိမ်းဆည်းထားပါတယ်။

    ReplyDelete
  2. လှသန်းကို လွမ်းကြတဲ့အထဲက သိပ်ကောင်းတဲ့ ကဗျာတပုဒ်ပါပဲ..။ ထိတယ်...

    ReplyDelete