January 31, 2010

မသိန်းရှင်ဆီပို့ ပေးပါ


၂။

၁၉၆၂....
နံနက်လင်းစ နှင်းမှုန်များ ဝေနေဆဲ၊ အလင်းနှင့် အမှောင် ရောရှက် နေဆဲတွင် မြို့လုင်ဘူတာသို့ ရထားကြီး ဝင်လာခဲ့လျှင် ကျနော်သည်လည်း လူစီးတွဲဝတခုမှ ရပ်ကာ သူ ထိုင်နေကျ ထိုင်ခုံနေရာကို အမှတ်မထင် ကြည့်လာမိတတ်သည်။
ထိုရက်များကမူ ကျနော်သည်ပင် ကျနော့် စိတ်နှလုံးအိမ်၌ ငြိတွယ်လာနေသည့် စွဲလန်းမှုကလေးကို မမြင်နိုင်။ သူ့ ကို တွေ့နေကျနေရာ၌ မတွေ့ရသည့် ရက်များတွင် စိတ်၌ တခုခု ဟာနေ လိုအပ်နေသလိုသာ ခံစားနေရတတ်သည်။
သူ သည်လည်း ညောင်ပင်ကြီးအောက် ထိုင်ခုံနံဘေးမှ ထရပ်ကာ ရထားပေါ်၌ ပါလာမည့် ကျနော့် ကို ရှာဖွေကြည့်နေတတ်သည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူ့ မျက်နှာမှာ မသိမသာ ရွှန်းလက်သွားတတ်သည်။
သူသည် ရထားတွဲပေါ်သို့ ကုန်စိမ်းတောင်းများကို တင်ပြီးလျှင်လည်း တွဲပေါက်ဝမှ မခွာသေးဘဲ တောင်းများကို ဟိုရွှေ့ သည်ရွှေ့ဆွဲနေရင်း ကျနော့်ကို ကိုယ်ရောင်ပြနေတတ်ပြန်သည်။
တခါတရံ အခြားတွဲများ၌ စစ်ဆေးရှာဖွေရန် အရေးကြီးသဖြင့် ကျနော်သည် သူ စီးလာသည့် တွဲသို့ မသွားဖြစ်ခဲ့။ ထိုအခါများ၌ သူသည် တွဲဝမှ ထွက်ပြူရပ်ကာ ကျနော် ပါလာသည့်တွဲကို လှမ်းကြည့်နေတတ်သည်။ ကျနော်နှင့် မျက်နှာချင်းဆိုင်မိကြလျှင် သူသည် ရှက်ကိုး ရှက်ကန်း ဖြစ်နေတတ်ပြန်သည်။
အခြား လုပ်ဆောင်စရာများ အရေးမကြီးသည့် နေ့များတွင်ကား ရထားထွက်လာလျှင် ကျနော်သည် သူ ရပ်နေရာတွဲဝသို့ ခိုတက်လာတတ်၏။ ကျနော်သည် ရထားခြေနင်းခုံပေါ်တွင် ရပ်ရင်း သူ့ ကိုပြုံးပြကာ နှုတ်ဆက်သည်။
သူ့ အနား၌ ကျနော်ရပ်နေပြန်လျှင်လည်း သူ့ မျက်နှာမှာ ရှက်သလိုဖြစ်နေပြန်သည်။ သူသည် ကျနော့် ကို စေ့စေ့မကြည့်ရဲဘဲ ဆံတောက် ဆံပင်များကို နားရွက်ပေါ်သို့ သပ်တင်ကာ အလုပ်ရှုပ်နေပြန်သည်။

“ ကိုရင်မောင်ကြီး မပါဘူးလားလို့ ရင်ထဲကို ထိတ်သွားတာဘဲ ”
ဟူ၍လည်း ခလေးစိတ်ဖြင့် ပြောနေသည်။
“ နောက်ကိုဆိုရင် ကိုရင်မောင်ကြီး အလယ်တွဲကလိုက်လာခဲ့ သူများလဲ ဦးကောင်းဇုံဆိုင်ရှေ့ကခုံမှာ ထိုင်တာ ကိုရင်မောင်ကြီးတွေ့အောင်လို့၊ နောက်ကို အဲဒီကိုကြည့်လာခဲ့၊ ညောင်ပင်ကြီးအောက်ကခုံလေ၊ အဲဒီမှာ မတွေ့ရင် သူများမလိုက်တဲ့ နေ့လို့မှတ်ထားပေါ့ ”

ကျနော်သည် သူ ရှက်သွားမည် စိုးသဖြင့် သူ့မျက်နှာကို စိုက်မကြည့်သော်လည်း သူ့ တကိုယ်လုံးကို သိမ်းကျုံးမြင်နေရသည်။ သူဝတ်နေကျ အင်္ကျီမှာ သူ့ ကိုယ်လုံးနှင့် ကျပ်လာသဖြင့် ဘေးသားများခွဲကာ အခြားပိတ်ဖြင့်စပ်ထားရသည်။ အခါတရံ သူ့ ကို ငေးကြည့်မိလျှင် သူသည် မျက်နှာတပြင်းလုံး ရှက်စိတ်ဖြင့် ပိန်းလာကာ ခေါင်းကို ငုံ့ပစ်လိုက်တတ်သည်။ အနေကျုံ့ လာသည်။

“ အဲဒီလိုမကြည့်ပါနဲ့ ”ဟု သူ့ စိတ်အတွင်းမှပြောနေသံကိုပင် ကြားနေရသည် ထင်ရသည်။
ပုတီးကုန်းရွာကို လှမ်းမြင်ရလျှင် သူသည်....
“ အဖေတို့က ကိုရင်မောင်ကြီးကို အလည်ခေါ်လာဘို့ မှာလိုက်တာ၊ သူများတော့ မခေါ်ချင်ဘူး၊ သူများတို့အိမ်က သိပ်စုတ်တာ၊ ရှက်စရာနော်၊ အဖေတို့ကတော့ ကိုရင်မောင်ကြီးဟာ သူများတို့ ကျေးဇူးရှင်တဲ့ ”

ကျနော်သည် ငြိမ်သက်စွာ ပြုံးနေခဲ့၏။ ကျနော့် စိတ်နှလုံးအာရုံ၌ လှိုင်းထ လှုပ်ရှားနေတတ်သည်ကို သုံးသပ်မိလာသည်။
တနေ့ထက် တနေ့ တချိန် ထက် တချိန် ထို လှုပ်ရှားနေမှုမှာလည်း ပို၍သိသာလာသည်။ အလိုလို စိတ်၌ မောလာနေမိပြန်သည်။ သူ့ စိတ်တွင်လည်း ထိုသို့ လှုပ်ရှားနေသည်ကိုလည်း အစင်းသား သိလာနေရပြန်သည်။ တခါတရံ၌ သူ့မျက်လုံးရဲကြီးများအပေါ်၌ တခုခုကို တမ်းတနေသည့် အရောင်များ တောက်လာနေသည် ထင်မိသည်။

“ ဒီနေ့ ညိုညို ဘယ်ကို လိုက်မလဲ ”
“ နတ်မောက် ဈေးနေ့လေ ”
“ ပင်းချောင်းကျအောင် လိုက်ခဲ့ပါလား ”
သူသည် ခေါင်းငုံ့ထားရင်း “ ရထားခတွေသာ ပေးနေရရင် အများကြီးနေမှာနော်....ထီပေါက်မှ ကိုရင်မောင်ကြီး ရထားခတွေ အကုန်ပြန်ပေးရမှာ ”ခပ်တိုးတိုး ပြောနေသည်။
“ ထီကကော ထိုးထားပီးပလား ”
“ အဲတာတော့ စိတ်ကူးနေတုန်းဘဲ ”

သူသည် ခလေးစိတ်ပေါ်လာပြန်ကာ ရယ်စရာမဟုတ်ဘဲနှင့် လွတ်လပ်စွာ ရယ်ချင်ရယ်လိုက်ပြန်သည်။
သူ့ လွတ်လပ်စွာ ရယ်လိုက်သံကြောင့် သူ့ ကို ခလေးအဖြစ်ဖြင့်ပြန်မြင်လာကာ အစောက ပူနွေးလှုပ်ရှား လာနေခဲ့သည့် ကျနော့် စိတ်နှလုံးများသည်လည်း ပြန်၍ ငြိမ်သက်လာသည်။ ထိုလှုပ်ရှားမှုကလေးသည် ခဏမျှ ဟုတ်ကနဲ ပျောက်ကွယ်သွား ပြန်သည်။ ရင်ထဲ၌ ပေါ့ပါး ရှင်းလင်းလာသည်။ သူ၏ လွတ်လပ်စွာ ခလေးလို ရယ်လိုက်သံနှင့် ရထားခုတ်မောင်းနေသံသည် ရောထွေးသွား၏။ ထိုအသံနှစ်ခု ရောထွေးနေပုံမှာ ရွှင်မြူးဖွယ် ဂီတသံတခု ဖြစ်လာနေသည်။

ညနေအပြန်များတွင်လည်း ကျနော့်ရထားဖြင့်ပင် ပြန်လိုက်လာသည်။
အပြန်၌ကား မြို့လုင်သို့ ရထားဆိုက်ရောက်လာလျှင် မှောင်ရီဆိုင်းစ ပြုလာနေပေပြီ။ သူသည် ရထားပေါ်မှ သူ့တောင်းများကိုချပြီး ဦးကောင်းဇုံဆိုင်ရှေ့သို့ မသွားသေးဘဲ ကျနော့်ကို နှုတ်ဆက်သည်။ နက်ဖြန်တွင် သူလိုက်မည်မ မလိုက်မည်ကိုလည်း ကြိုတင် သတင်းပေးလိုက်သည်။
“ မနက်ဖြန် မြို့သစ်ဈေးနေ့ ”ဟု လှမ်းပြောသည်။
ရထားကြီး ထွက်ခွာလာခဲ့လျှင် သူသည် ဦးကောင်းဇုံ ဆိုင်ရှေ့၌ ရပ်ကျန်နေရစ်ခဲ့သည်။ ရထားကြီး ဝေးလာခဲ့သည်အထိနောက်မှ လိုက်ကြည့်နေသည်။ သူနှင့် အတူ ဦးကောင်းဇုံဆိုင်၊ ညောင်ပင်အုပ်ကြီးနှင့် မြို့လုင်သည် အဝေး၌ ငြိမ်သက်ကျန်ရစ်ခဲ့၏။

ကျနော် ခွင့်ယူတော့မည့်အခါများတွင် သူ့ကို ကြိုတင်ပြောပြထားနှင့်ရသည်။ ခွင့်ယူထားစဉ်၌ ကျနော့် နေရာတွင် လူစား တယောက်ယောက် ဝင်ရောက်လုပ်ကိုင်နေရာ..သူနှင့်အဆင်ပြေမှ ပြေပါ့မလား...ဟု ကျနော်သည်လည်း စိတ်ပူနေမိပြန်သည်။
တခါတရံတွင်ကား သူ့ ကိုပင် ကြိုတင်မပြောနိုင်ဘဲ အရေးပေါ်ခွင့်ယူရလျှင် ကျနော်သည် သူ့ အတွက် စိတ်မဖြောင့်နိုင်ပင် ဖြစ်လာမိသည်။ ရက်အတန်ကြာသွားလျှင် သူ ကျနော့်ကို မည်မျှ စောင့်မြှော်နေတော့မည်ကို တွေးမိသည်။
အလုပ်ပြန်ဝင်သည့် နေ့ များ၌ ကျနော်သည်လည်း သူစီးခိုင်းသည့် အလည်တွဲဝ၌စီးလာကာ သူမြင်စေရန် တမင်ထွက်ရပ်လာခဲ့သည်။
သူ့ ကိုလည်း သူ နေနေကျ ထိုင်ခုံတွင်သာ တွေ့ရသည်။ သူ ရထားကြီးကို ငေးမျှော်ကြည့်နေပုံမှာ မြှော်လင့်ချက် ကြီးမားစွာဖြင့် စောင့်မြှော်နေပုံထင်ရှားနေသည်။ ထိုအသွင်သဏ္ဍာန်ကို ကျနော်သည် မည်သည့်အခါတွင်မှ မေ့နိုင်မည်မဟုတ်။
သူနှင့်ကျနော်သည် အဝေးကတည်းက တယောက်ကိုတယောက် စိမ်းနေအောင်ကြည့်လာမိခဲ့ကြသည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူသည် ခလေးစိတ် ပေါ်လာကာ နေရာမှ ရုတ်တရက် ထရပ်ပြီး ပြေးထွက်လာသည်။ သူ၏ ဝမ်းသာအားရဖြစ်နေဟန်ကို သူသည် ဖုံးဖိ ဟန်ဆောင်ထားရ ကောင်းမှန်းမသိ။

“ ကိုရင်မောင်ကြီး ”
သူသည် လူကြားထဲမှ လှမ်းအော်နှုတ်ဆက် လိုက်သည်။
ကျနော်ရပ်နေရာ တွဲဝသို့ ကုန်းစိမ်းတောင်းများကို ထိုးတင်သည်.။ ရထားထွက်လာခဲ့လျှင် သူနှင့် ကျနော်သည် တွဲဝ၌ မျက်နှာချင်းဆိုင် ယှဉ်ရပ်နေမိကြသည်။
“ ဘယ်သွားနေတာလဲ” ဟု သူသည် အလောဆုံးဆယ်မေးနေ၏။
ကျနော်ကလည်း“ ညိုညို ပိုပီးလှလာတယ်” ဟု အမှတ်မထင်ပြောလိုက်မိသည်။
သူ့ မျက်နှာမှာ ထူပိန်းသွားပြန်သည်။ သူသည် ကျနော့်ကို မျက်စောင်း ထိုးကြည့်သည်။
ကျနော်လည်း သူ့ ကို ကြည်ရင်း ရယ်မောနေမိသည်။

“ ကဲ...ဘာအပြစ်ပြောမလို့လဲ”
“ မဟုတ်ဘူး၊ သူများမေးတာပြောစမ်းပါ၊ ကိုရင်မောင်ကြီး ဘယ်သွားပွေနေတာလဲ၊ မှန်မှန်ပြောစမ်း”
“ ဘယ်လိုထင်လို့လဲ”
“ သေများ နေပလားလို့”

သူသည် ထိုစကားများကို ခပ်တိုးတိုး ပြောနေစဉ်၌ ဒေါသဖြစ်လာကာ ကျနော့် ကိုပင် ဆွဲယမ်းပစ်မည့်ဟန် ပေါ်လာနေသည်။
သူ့ ဆံတောက် ဆံပင်များကို နားရွက်အပေါ်သို့ ခပ်သွက်သွက် သပ်တင်သည်။

“ ကိုရင်မောင်ကြီး မလိုက်တာ ဆယ်ရက်နော်...သူများသေသေချာချာ မှတ်ထားတာ၊ ကိုရင်မောင်ကြီး မပါတဲ့နေ့ကလေ ကံကောင်းလို့ လက်မှတ်အဖမ်းမခံရတာ၊ ဒီကြားထဲ လက်မှတ်တွေ ဝယ်စီးနေရတယ်၊ လက်မှတ်ခတွေ ရော်ပေးရမယ်၊ သူများလဲ ဟိုလက်မှတ်စစ်ကို မျက်နှာကျော မတည့်တာနဲ့ ဝယ်စီးပလိုက်တာပေါ့၊ အဲဒီလက်မှတ်စစ်က ကိုမြအောင်တဲ့နော်၊ အရက်သိပ်သောက်တာ၊ ဘယ်တော့ဖြစ်ဖြစ် အရက်စော်ကိုဟောင်နေတာဘဲ၊ သူ့ လွယ်အိတ်ထဲမယ် အမြဲတမ်း အရက်ပုလင်းပါတယ်၊ ကိုရင်မောင်ကြီး အရက်တော့ မသောက်နဲ့ နော်....၊ သူများ သိပ်မုန်းတာ၊ အဲဒီလူကြီးက လူကိုလဲ ရိသဲ့သဲ့လုပ်သေးတယ်၊ ပီးတော့ ပြောသေးတယ်....သူများက ကိုရင်မောင်ကြီးကို သိပ်လွမ်း နေပလားတဲ့...ပြန်လာတော့မှာပါတဲ့၊ သူများလဲ အမြင်ကပ်တာနဲ့ လွမ်းနေတယ်လို့ ပြောလိုက်တယ်၊ ပီးတော့ ကိုရင်မောင်ကြီး မိန်းမယူဘို့ အိမ်ပြန်သွားတာဆို၊ အဲတာဟုတ်သလား”

သူ့ ပါးကလေးများ ပို၍ နှင်းဆီသွေးစို့ကာ မို့ကြွလာနေပုံမှာ ရင်ခုန်လှုပ်ရှားစရာပင်။ လေဝှေ့သဖြင့် သူ့ နဖူးမှ ဆံစများသည် ဝဲပျံနေ၏။ ဤဆယ်ရက်တာအတွင်း တယောက်ကိုတယောက် မတွေ့မမြင်ရသောကြောင့် အနည်းငယ် စိမ်းသွားသလိုလည်း စိတ်၌ ထင်လာမိပြန်သည်။ ကျနော့် စိတ်ထဲ၌ လှုပ်ရှားနေခဲ့သည်တို့မှာလည်း ပို၍ ထင်ရှား ပီပြင်လာသည်။ ကျနော်ကား သူ့ကို ရင်ခွင်အတွင်းသို့ ဆွဲသွင်းပွေ့ဖက်ပစ်လိုက်ချင် စိတ်များ ပေါ်လာနေသဖြင့် ရင်ထဲတွင် ပူနွေးလာနေသည်။ သူသည် ခလေးစိတ်ဖြင့်...

“ ကိုရင်မောင်ကြီးကို သူများ နေ့တိုင်း နေ့တိုင်း အောက်မေ့နေတာ”
“ နောက်ကို ကိုရင်မောင်ကြီး ခွင့်ယူရင် သူများကို ကြိုပြောထားပါ၊ ဘယ်တော့မှ မမေ့ပါနဲ့”

ကျနော်သည် သူ့ကို ကြာရှည်ကြည့်နေမိလျှင် ဆွဲပွေ့လိုက်မိတော့မည်ကို သိလာသည်။
ကျနော်ကား စိတ်လှုပ်ရှား ဆူပွက်တတ်သူ...နက်ရှိုင်းစွာ ခံစားတတ်သူအဖြစ် မိမိကိုယ်ကို ပြန်မြင်လာသည်။
ကျနော်သည် ရထားနှင့်ယှဉ်လျက် ပြေးလိုက်လာနေသောအဝေးမှ တောင်တန်းကြီးများကို စိတ်မဝင်စားဘဲနှင့်ကြည့်လာခဲ့သည်။
ခပ်ဖြေးဖြေး ရွေ့ရွေ့ လိုက်ပါနေသည့် တောင်တန်းကြီးများပေါ်၌ မြူထုကြီးများ ပိတ်ဆိုင်းနေသဖြင့် အနားသတ်မျဉ်းကြောင်းများကို မမြင်ရ။
ဖြူစင်ခဲ့သော ကျနော့် စိတ်နှလုံးသားများမှာလည်း စွဲလန်းမှုများ အုပ်ဆိုင်းလာနေသလို ခံစား နေမိသည်။
အကြောင်းတခုခုကြောင့် သူ ဈေးပတ်မလိုက်သည့် ရက်များတွင် သူ့ ကိုမြင်တွေ့လိုစိတ်များ ဖုံးကွယ်ထားမရတော့ပေ။
ကျနော်သည် သူထိုင်နေကျခုံကို လှမ်းကြည့်၍ မတွေ့မြင်ရလျှင် ရင်ထဲ၌ သိသိသာသာ ဟာသွားသည်ကို ခံစားလာရသည်။ ကျနော်ကိုယ်တိုင်လည်း သူလိုက်ခိုင်းသည့် အလယ်တွဲဝမှပင် လိုက်ပါနေမိသည်။ သူ့ ကို လူအများကြား၌ ပါရှိမည်အထင်ဖြင့် ရှာမိပြန်သည်။ ခရီးသည်များအားလုံး ရထားပေါ်ရောက်မှ သူမပါလာ-ဟု ယုံကြည်လာခဲ့သည်။ အမှတ်မထင်ပင် သူ ဈေးပတ်မလိုက်သည့် ရက်များကို စိတ်၌ တေးမှတ်ထားမိသည်။
ရက်ပေါင်းနှစ်ဆယ်မျှ ကြာလာသောအခါ ကျနော်သည် ဦးကောင်းဇုံကြီးကို မေးကြည့်မည်ဟု စိတ်ကူးမိခဲ့သည်။ စိတ်မလုံသောကြောင့် မမေးဖြစ်ခဲ့။
ပုတီးကုန်းရွာ ခပ်လှမ်းလှမ်းမှ ရထားဖြတ်မောင်းနေစဉ်၌ ကျနော်သည် ရထားတွဲဝမှာ ရပ်ကာ ရွာဖက်သို့ လှမ်းကြည့်မိပြန်သည်။ ရွာထဲရှိ သူတို့အိမ်ရှိမည့်နေရာကို မှန်းဆကြည့်မိသည်။ မန်ကျည်း တမာပင်များ အုပ်ဆိုင်းနေသော ရွာပေါ်တွင် မိုးဖွဲမိုးမှုန်များ ဆိုင်းနေသည်။
ပုတီးကုန်းရွာသည် ရထားကြီးနောက်ဖက်မှ ပြေးလိုက်လာနေရင်း မမှီနိုင်သဖြင့် တဖြည်းဖြည်း ဝေးကွာ ကျန်နေရစ်ခဲ့သည်ဟု စိတ်၌ ထင်လာမိပြန်သည်။
တခါတရံ၌မူ သူ့ကို ခလေးဟု သဘောထားကြည့်မိသည်။ ခဏနေနေလျှင်ပင် ထိုသဘောထား ပျောက်ကွယ် သွားပြန်ကာ သူနှင့် ကျနော်သည် ချစ်ရည်တူမျှသော ချစ်သူများဟု ယုံကြည်လာနေပြန်သည်။
တလကျော်ပြီးမှ သူ့ ကိုပြန်၍ မြင်တွေ့ရသောအခါ ကျနော်သည်ပင် ရင်ခုန်နေခဲ့သည်။
ထိုနေ့က သူ့ကို လှမ်းမြင်ရသောအခါ အိပ်မက်များအတွင်း၌ တွေ့မြင်နေကျ ဥစ္စာစောင့်မကလေးကို သက်ရှိထင်ရှား တွေ့မြင်လိုက်ရသလို ထင်သည်။ ကျနော်သည် သူ့ ကို အဝေးမှပင် လှမ်းငေးကြည့်လာမိသည်။
သူသည် ညောင်ပင်အောက်ရှိ ခုံတန်းပေါ်တွင် ထိုင်နေခဲ့၏။ ရထားဝင်လာသည်ကို မြင်ရလျှင် ထိုင်ရာမှ ထပြီး ရထားကြီးကို မျှော်လက့်ချက် ကြီးမားစွာဖြင့် ငေးစိုက် ကြည့်နေခဲ့သည်။ သူသည် ဆံပင်အုပ်လုံးသိမ်းပစ်လိုက်ပြီး ဖြစ်သဖြင့် လွန်ခဲ့သောတလက သူနှင့် တယောက်စီ ဖြစ်သွားပြီထင်ရသည်။
သူနှင့် ကျနော်သည် အဝေးကတည်းက တယောက်ကို တယောက် လှမ်းမျှော်ကြည့်နေမိကြသည်။
သူသည် ရထားရပ်မည့်နေရာသို့ လျှောက်လာလေသည်။
မိုးမှုန် မိုးဖွဲကလေးများ တဖွာဖွာကျနေသည်။ မှောင်ပျပျမိုးဖွဲမိုးမှုန်များအတွင်း၌ သူ့ ကိုလှမ်းမြင်ရသည်မှာ အိပ်မက်ထဲ၌ တွေ့မြင်နေရသလို ဖြစ်နေသည်။
ရထားရပ်သောအခါ၌ ကျနော်စီးလာခဲ့သည့် တွဲဝနှင့် သူ့ ကုန်စိမ်းတောင်းများ ချထားရာနေရာသည် တည့်တည့်ကျနေ၏။
သူသည် ကျနော့်ကို အောက်ဖက်မှ မော့ကြည့်လိုက်သည်။ သူ၏ နှုတ်ဆက်ပြုံးမှာ စိတ်လှုပ်ရှား ရင်ခုန်နေသဖြင့် ပီပီသသ မရှိပေ။ ကျနော်သည် သူ့ တောင်းများကို တွဲပေါ်မှ လှမ်းယူကာ နေရာချထားပေးလိုက်သည်။
သူသည်လည်း တွဲပေါ်သို့ တက်လာကာ ကျနော့် အနီးတွဲဝတွင် မျက်နှာချင်းဆိုင်၌ ရပ်နေသည်။ ကျနော်သည်လည်း သူ့ကိုနှုတ်ဆက်စကား ပြောရန်ပင် သတိမရ။ သူသည်လည်း မေ့နေဟန်တူသည်။ သူသည် ပြုံးထားသော်လည်း ကျနော့် ကို စေ့စေ့မကြည့်။
ရထားကြီး ထွက်ခွာလာမှ...ရင်ခုန်သံများမှာ ရထားခုတ်မောင်းသံနှင့် ရောထွေး ပျောက်ကွယ် သွားနေသည်ဟု ထင်မိသည်။
သူ့ ရင်ခုန်နေသံကို ရထားခုတ်မောင်းနေသံများအကြား၌ပင် ကြားနေရပြန်သည် ထင်သည်။

“ ညိုညို ယောကျာ်းနောက် လိုက်သွားတယ် ကြားလို့”
သူက “ ရှက်စရာတွေ မပြောနဲ့” ဟု ပြောရင်း ကျနော့်ကို မကြည့်ဘဲ သူ့တောင်းများကို မလိုအပ်ဘဲနှင့် ဟိုရွေ့သည်ရွေ့လုပ်နေပြန်သည်။
ကျနော်သည် ချုပ်တည်း ထားခဲ့သော စိတ်များကို အလိုလိုက် လွှတ်ပေးထားလိုက်သည်။ သူ့တကိုယ်လုံးကို ငေးစိုက်ကြည့်နေလိုက်သည်။ တောင်းရွေ့အပြီး သူ ပြန်ရပ်လိုက်သော အခါတွင်ကား မျက်နှာချင်းဆိုင်နေမိကြသည်။ သူ့ မျက်လုံးအိမ်အတွင်းကို နက်ရှိုင်းစွာ စိုက်ကြည့်နေမိသည်။ သူ့ မျက်တောင်ကော့ကြီးများကို ငေးကြည့်နေမိသည်။ သူသည် မျက်နှာတပြင်လုံး ထူပိန်းလာကာ မျက်လွှာကြီး ချလိုက်သည်။ သူ့ အသက်ရှူသံကို ကြားနေရသည် ထင်သည်။

“ ကိုရင်မာင်ကြီး ပါမှ ပါပါ့ မလားလို့”

သူ့ အသံမှာလည်း စွဲမက်ဖွယ်ရာ တုန်ယင်နေပြန်သည်။
အိမ်သာများ ခြားနေသဖြင့် အခြားခရီးသည်များနှင့်လည်း အဆက်ပြတ်နေသည်။ သည်နေရာကလေးမှာ ချစ်သူနှစ်ဦး တွေ့ဆုံကြရာ နေရာကလေးဟု ကျနော့်စိတ်၌ ထင်လာသည်။ သူ့ ကို ကျနော့် ချစ်သူဟု ယုံကြည်လာနေသည်။
သူ၏ အရှက်ကြီးနေပုံကို ရယ်မောစရာ တခုလို ထင်လာပြန်သဖြင့် ခပ်တိုးတိုး ခပ်ပေါ့ပေါ့ ရယ်နေမိပြန်သည်။ စိတ်များသည်လည်း ပို၍ လှုပ်ရှားလှိုင်းထလာပြန်သည်။

“ ညိုညိုက သိပ်လှလာတာဘဲ၊ မြင်ရတာကို အသက်ရှူမှားနေတာဘဲ” ဟု တိုးတိုး ပြောလိုက်မိသည်။
“ညိုညိုကို ချစ်နေဘီ၊ သိလား...ညိုညို့ ကို ကိုချစ်နေဘီ၊ အဲတာ မင်း သိတယ်မှုတ်လား၊ မင်းသိတယ် မှုတ်လား”
သူ့ မျက်လုံးများသည် သားရိုင်း သမင်လို ဝိုင်းစက်သွားကြ၏။
ကျနော်သည်လည်း ပို၍ စိတ်လှုပ်ရှားလာကာ ရှေ့သို့တိုးလိုက်ပြီး လက်နှစ်ဖက်ကို ရုတ်တရက် လှမ်းလိုက်သည်။ သူသည် သတိရလာပြီး သူ့ ကိုယ်ကို ဆောင့်ရုန်းလိုက်၏။
“ အိုတော်...ကိုရင်မောင်ကြီးကလဲ”
နောက်ဆုတ်လျက် သူက တိုးတိုးညည်းညည်း ပြောသည်။
အိမ်သာဖက်သို့ ရောက်သွားသည်။ ကျနော့်ကိုကျောပေးကာ လူစီးထိုင်ခုံများ ရှိရာဖက်သို့ သွက်သွက် လျှောက်သွားသည်။
ကျနော်လည်း လှေကားဝတွင်ရပ်ရင်း စိတ်လှုပ်ရှားနေခဲ့၏။ ကြိုတင်၍ တွေးတော ကြံစည်ခဲ့ခြင်းကား မဟုတ်။ ဤသို့ ရုတ်တရက် ဖြစ်ပျက်ရခြင်းအပေါ်၌ ကောင်းသည် ဆိုးသည်ကို မသုံးသပ်ချင်တော့ပေ။
မြို့သစ် ဘူတာသို့ ရောက်လျှင် သူ ဆင်းနေရစ်ခဲ့သည်။
ညနေတွင် မြို့သစ်ဘူတာသို့ ရထား အပြန်ဆိုက်ရောက်လာခဲ့သောအခါ သူ့ ကို ဘူတာပလက်ဖေါင်းပေါ်တွင် မမြင်ရတော့ပေ။ ကျနော်သည် နေရာအနှံ့အပြား လိုက်ရှာကြည့်မိ၏။ သူ တနေရာရာမှ တက်ရောက်လိုက်ပါလာလိမ့်မည်ကို သိသော်လည်း ရှာ၍ကား မတွေ့။
ရထားထွက်လာခဲ့မှ ကျနော် လက်မှတ်စစ်ဆေးရာ သူ့ကို ခရီးသည်များအလည်ရှိ ထိုင်ခုံတခုပေါ်၌ တွေ့ရသည်။ သူသည် ကျနော်ကို တချက်လှမ်းကြည့်ပြီး မျက်နှာလွှဲသွားသည်။
ကျနော်လည်း သူ့ ကိုကျောပေးကာ လှေကားဝ၌ သွားရောက်ရပ်နေခဲ့သည်။ ရထားခုတ်မောင်းနေစဉ် အပြင်ဖက်ကိုသာကြည့်လာခဲ့သည်။ သူက တချက်တချက်၌ ကျနော့် ကိုမသိမသာ စောင်းငဲ့ကြည့်နေမည်ကို သိနေသော်လည်း ကျနော်သည် အရွဲ့တိုက်ချင်စိတ် ပေါ်နေကာ သူ့ ကို တချက်မျှ လှည့်မကြည့်။
မြို့လုင်တွင် ကျနော်သည် သူ့ ကိုကျောပေးပြီး ဂါတ်တွဲသို့ထွက်လာခဲ့၏။ ရထားကြီး ထွက်ခွာလာခဲ့လျှင် ကျနော်သည် မှန်ချပ်ကြားမှ မသိမသာ လှမ်းကြည့်လာခဲ့သည်။ သူကလည်း တမင်အရွဲ့တိုက်ကာ ရထားကြီးကို ကျောပေးထားသည်ကို တွေ့မြင်ခဲ့ရသဖြင့် ကျနော်သည် ပြုံးလာခဲ့မိ၏။

နောက်ရက်များတွင် ဦးကောင်းဇုံဆိုင်ရှေ့ သူထိုင်နေကျနေရာတွင် မတွေ့မြင်ရတော့ပေ။ ထိုနေရာ၌ သူ့ကို အခါတိုင်းကလိုပင် တွေ့ရလိမ့်မည်ဟု ထင်ခဲ့သည်။ တရက်ပြီး တရက် မတွေ့ရသော အခါတွင်ကား သူက ကျနော့် ကို အထင်မှားနေခဲ့ပြီဟု တွေးရတော့သည်။
ကျနော်သည် သူနေသည့် ပုတီးကုန်းရွာကို လှမ်းကြည့်နေရင်း သူ့ရွာသို့ပင် လိုက်သွားရကောင်းမလားဟု တွေးလာရပြန်သည်။သူ့ကို တီဘီစီ စိန်ထွန်း၊ မြအောင်၊ စိုးမြင့် စသူတို့က အပျော်ကြံကာ ရိသဲ့သဲ့လုပ်သည့်နည်းတူ ကျနော့် ကိုလည်း အပျော်ကြံသည်ဟု သူတွေးထင်သွားမည်ကို စိုးရိမ် မောလာရပြန်သည်။
ဤသို့ သူ ယူဆသွားလျှင်မူ အဖြစ်အပျက်မှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ပေသည်။ ကျနော့် အပြုအမူမှာလည်း ပေါ့ပေါ့ ရှပ်ရှပ်နိုင်သည် ထင်မိသည်။

အမှန်အားဖြင့် သူသည် နေ့စဉ် ကျနော့်ကို ရှောင်ကွင်းကာ ဈေးပတ်လိုက်မြဲ လိုက်ပါနေခဲ့၏။ သူသည် မြို့လုင်မှ အတက်တွင် သံလမ်းတဖက် မစိန်မြ ဆိုင်ဖက်သို့ ပြောင်းနေခဲ့သည်။ အခြားဘူတာများတွင်လည်း ထိုသို့ နေရာပြောင်းကာ ကျနော့် ကိုလွတ်အောင် ရှောင်နေသည်။ သူသည် ခလေးစိတ်၊ ကြည်စားလို စိတ်ဖြင့် ခုနှစ်ရက် ကျော်ကျော် ကျနော့် ကို ဒုက္ခပေးနေခဲ့သည်။

တညနေတွင် အပြန်ခရီး၌ မြို့သစ်ဘူတာ ပလက်ဖေါင်းပေါ်တွင် သူ့ ကိုပြန်တွေ့ရမှ ကျနော်လည်း စိတ်ပေါ့ပါးခဲ့ရသည်။
ထိုညနေက သူသည် ဘူတာပလက်ဖေါင်းအစွန် ဂါတ်တွဲအနီးရှိ တမာပင်တန်းများ အောက်ဖက် တန်လျားပေါ်တွင် တယောက်တည်း ထိုင်နေခဲ့သည်။ သူ့ ကို ကျနော်သည် ဂါတ်တွဲပေါ်မှ လှမ်းမြင်တွေ့ရ၏။
သူသည် ဂါတ်တွဲဖက်သို့ မသိမသာ ခေါင်းငဲ့ကြည့်နေခဲ့သည်။ ကျနော် လှမ်းကြည့်လိုက်သည်နှင့် တပြိုင်တည်း သူ့ မျက်နှာကို ဆက်ကနဲ တခြားဖက် လှည့်လိုက်သည်။
ကျနော်သည် ဂါတ်တွဲပေါ်မှ ဆင်းကာ သူရှိရာသို့သွားပြီး သူထိုင်ရာ တန်းလျားတဖက်စွန်းတွင် ဝင်ထိုင်လိုက်သည်။
ထိုနေရာမှာ ပလက်ဖေါင်း အစွန်ဆုံးနေရာ ဖြစ်သဖြင့် အခြားခရီးသည်များနှင့် အလှမ်းဝေးနေသည်။
ကျနော်တို့ နှစ်ယောက်တည်းသီးသန့်ဖြစ်နေခဲ့သည်။ ကျနော်သည် အတန်ကြာသည်အထိ သူကို စကားမပြောသေးဘဲ ငြိမ်သက်စွာ ထိုင်နေစဉ်တွင် သူ့ ရင်ခုန်သံများကို ကြားနေရသည် ထင်မိသည်။ တဖက် မျက်နှာလှည့်ထားသော သူ့ကို ကျနော်သည် ငေးကြည့်နေသည်။
အတန်ကြာမှ သူသည် ပြန်လှည့်လိုက်၏။

“ လက်မှတ်စစ်မလို့လား”

သူသည် အသံတုန်တုန်ဖြင့်ပြောကာ သူ့ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် လက်မှတ်ကို ပြနေသည်။
ကျနော်သည် သူ့ စိတ်၌ ဖြစ်ပေါ် ခံစားနေရသည်တို့ကို အမှန်အတိုင်း မြင်တွေ့သောအခါ စိတ်၌ ထိခိုက်နာကျင်မိပြန်သည်။ သူ့ မျက်နှာမှာ ညို့မှိုင်းနေခဲ့၏။ သူ့ မျက်လုံးအပေါ်တွင် မျက်ရည်များဝဲလာနေသည်။ လက်မှတ်ပြနေသော သူ့ လက်မှာ တဆတ်ဆတ်တုန်ယင်နေသည်။ သူက “ သူသည် လက်မှတ်မဲ့ဖြင့် ခရီးသွားနေသူ၊ ကျနော်က လက်မှတ်စစ်ဖြစ်၍ သူ့ ကိုမချစ်ဘဲနှင့် အပျော်ကြံစည်နေသည်”ဟု ယုံကြည်ယူဆနေခဲ့သည်။

“ ညိုညို....ကို့ စိတ်ထဲမယ် ဘယ်လိုဖြစ်နေရတယ်ဆိုတာ မင်းအမှန်အတိုင်း သိဖို့ကောင်းပါတယ်၊ နောက်ကို မင်းကိုချစ်တယ်လို့ကို ဘယ်တော့မှ မပြောတော့ဘူး”

ကျနော်သည် ဝမ်းနည်းစိတ်ဖြင့် ပြောနေမိသည်။

သူသည် ကျနော့် ကို တချက်ကြည့်ပြီး လူစီးတွဲများဖက်သို့ မျက်နှာပြန်လှည့်သွားသည်။ သက်ပြင်းချနေပြန်သည်။
ကျနော်သည်လည်း သူ့ ဖက်သို့ တိုးလိုက်၏။
“ကို့ စိတ်ထဲမယ် ဘယ်လိုဖြစ်နေတယ်၊ ဘယ်လောက် ချစ်နေတယ်ဆိုတာ မင်းမသိဘူးမှုတ်လား၊ ကိုလဲ မပြောပြတတ်ဖူး၊ အစတုန်းက မင်းကို ကို့ညီမလေးလို ချစ်တယ်၊ နောက်တော့ မင်းကလဲ ပိုပီး လှ လှလာတယ် မှုတ်လား၊ လှလို့ချစ်တာဟာ အပြစ်လား....ကဲ....ပြောစမ်း...လှတာဟာ အပြစ်လား၊ လှလို့ချစ်တာ အပြစ်လား”
သူသည် စိတ်ရှုပ်ထွေးလာသလို ခေါင်းကိုယမ်းနေသည်။
“ရထားခေါင်းတွဲဆက်ပီး ရှန်တိန် လုပ်ပီးသွားဘီး” ဟု ပြောရင်း နေရာမှ ခပ်လေးလေး ထရပ်လိုက်သည်။
“နေအုံးလေ....”
“ရထား ထွက်တော့မယ်”
“မဟုတ်ဖူး...ကိုမေးတာ ပြောပါအုံး”
“ဘာပြောရမှာလဲ”
“ကို့ ကို ချစ်တယ်လို့ ပြောသွားလေ”
သူသည် တလှမ်းနှစ်လှမ်း လှမ်းပြီးမှ ကျနော့်ကို ပြန်လှည့်ကြည့်သည်။
“လူကြီးကလဲနော်...သူများ စိတ်ညစ်နေရတဲ့အထဲ ဒုက္ခပေးလိုက်တာ၊ ဒီနေ့ ငရုပ်သီးစိမ်းတွေလဲ မရောင်းရဘူး၊ ပီးတော့ ရထားလက်မှတ်တွေ အသွားယူ အပြန်ယူ ပါဆယ်တွေလုပ်နေရ၊ ကုန်တွေမကောင်းလို့ သွန်ပစ်ခဲ့ရနဲ့ တနေ့ လေးငါးကျပ်ရှုံးနေလို့ ငိုချင်နေရတဲ့အထဲ”
သူ ညည်းညည်းညူညူ ရေရွတ်ကာ လူစီးတွဲများရှိရာသို့ သွားနေစဉ်တွင် ကျနော်ကား နေရာမှ ထရပ်ကာ ကြည်နူးစွာ ပြုံးနေမိသည်။
သူသည် ကျနော့်ကို “ကိုရင်မောင်ကြီး” ဟု သုံးနေရာမှ “လူကြီး” ဟုပြောင်းသွားသည်။ “အိုတော်” မှ “နော်”သို့ ပြောင်းလဲသွားသည်။
သူ ပြန်လှည့်ကြည့်စဉ်တွင် ကျနော်သည် အသံထွက်အောင် ရယ်မောနေမိ၏။ သူသည် ရထားပေါ်သို့ မတက်မီ ငိုမဲ့မဲ့ မျက်နှာဖြင့်ပင် နှုတ်ခမ်းတချက် ကိုက်ပြသွားသည်။ ကျနော်ကား ဤအပြုအမူ အတွက် ထပ်၍ ကြည်နူးစွာ ရယ်နေမိပြန်သည်။

(ထိပ်တွင်ဖေါ်ပြထားသောပုံမှာ ဤဝတ္ထုစာအုပ်၏ နောက်ကြောဖုံးပုံဖြစ်ပါတယ်ခင်ဗျား)



January 28, 2010

မသိန်းရှင်ဆီပို့ ပေးပါ


စာရေးသူ၏ ဝန်ခံချက်။

ဤဝတ္ထုမှာ ကျနော် ကျင်လည်ခဲ့သောဘဝကို ပြန်ရေးခြင်းဖြစ်ပါ၏။ ရှုမဝ မဂ္ဂဇင်း၌ မဖော်ပြနိုင်သဖြင့် ပြန်၍ ရင်ခွင်ပိုက်ထားရသည့် ဝတ္ထုကို ၁၉၆၅ ၊ မေလ ၊ ၁၃ ရက်၊ ည ၂နာရီ မိုးကြီး ရွာသွန်းနေစဉ် အဆုံးသတ်သည်။ ၁၉၆၆ ဇူလိုင်လ၌ ရှုမဝသို့ ပေးပို့ခဲ့သည်။
ဒုတိယ ပြန်ရေးသည့် ရှုမဝ၌ တင်ဆက်ခွင့်ရသော “ မသိန်းရှင်ဆီ ပို့ပေးးပါ ” ကို၁၉၆၈၌ ပြန်ရေးသည်။
ယခု “မသိန်းရှင်” မှာ ထိုနှစ်ခုကို ပြန်၍ပေါင်းစပ် ညှိနှိုင်း ရေးသားခြင်း ဖြစ်ပါသည်။

နိုင်ဝင်းဆွေ
၁၈၊ ၄၊ ၇၁၊

(၁)
၁၉၆၄......
နှင်းထုကြီး ပိတ်ဆို့ မှောင်ပိန်းနေသောနံနက်များ၌ ရထားကြီးသည် ဘူတာရုံရှေ့မှ ထွက်ခွာရန် ကြောက်ရွံ့ တုန်လှုပ်နေသည်။ မထွက်ခွာ၍လည်း မဖြစ်။ သူသည် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး တညည်းညည်းတညူညူဖြင့် ထွက်ခွာရတော့သည်။ ရှေ့နား ကွက်ကွက်ကလေးသာမြင်ရသည့် မီးမောင်းကို ဖွင့်လိုက်သည်။ ဖြတ်သန်းမှုအရှိန် ရလာလျှင် သူ့သွေးများသည်လည်း ဆူပွက်လာကာ သူသည် တစတစ အကြောက်ပျယ်လာနေသည်။ တောင်တွင်းကြီးဘူတာရုံ ပလက်ဖောင်း မီးရောင်များကို လွန်လာခဲ့လျှင် သူသည် သူ့ကိုယ်သူ အားပေးသည့် ဥသြသံရှည်တချက်ကို ညှစ်ထုတ်အော်ဟစ်လိုက်သည်။
ချက်ချင်း သူ့ဥသြသံကို ပတ်ဝန်းကျင်မှလာသော သြဘာကောင်းခြီးသံများဟု ကယောင်ကတမ်းဖြင့်တွေးကာ သူသည် အမှားမှားအယွင်းယွင်း အားတက်လာသည်။ ပို၍ မှောင်ပိန်းနေသော အမှောင်ထုကြီးအတွင်းသို့ သွေးရူးသွေးတန်းဖြင့် ခွဲဖြတ် ဝင်ရောက်နေသည်။

ကျနော်သည် ဤရထားကြီး၏ စက်ကရိယာအစိတ်အပိုင်းတခုလိုပင် တွဲတတွဲ၏ တောင်ဖက် အမှောင်ရိပ်ထဲမှ လိုက်ပါနေရသည်။ ကျနော်သည် ပီပီပြင်ပြင်မမြင်ရသည့် တောင်တွင်းကြီးမြို့ကို အမှတ်မထင်ကြည့်လာခဲ့သည်။
ဘူတာရုံမှ မီးရောင်များသည် နောက်သို့ဆုတ်ပြေးကာ သေးငယ်နေရစ်ခဲ့သည်။ မြို့ဖက်မှလမ်းဓာတ်မီးတိုင်အရောင်များသည် ရထားကြီးပေါ်သို့ ဖျတ်ကနဲ လာထိနေကြလျက်၊ မြို့ကြီးမှာငြိမ်သက်နေလျက်၊ ရခိုင်ဘုရားပျက်ကြီး၏ထုထယ်သည် အမှောင်ရိပ်ထဲမှ အမှောင်မည်းကြီးတခုအဖြစ်ဖြင့် အမြင်၌ ဖြတ်သန်းနေခဲ့လျက်၊ ရထားကြီးသည် အကွေ့အရှည်ကြီး၌ ဖြည်းဖြည်းရွေ့ရွေ့ကွေ့လိုက်၏။ သဖန်းကုန်းရွာကလေးဖက်မှ ရေနံဆီမီးခွက် မီးရောင်မှိန်မှိန်များသည် တဖျတ်ဖျတ် လာရောက်ရိုက်ခတ်နေပြန်သည်။ အမှောင်ထုကြီးအတွင်း၌ အလင်းရောင်ငယ်များသည် ပြောပဖွယ်မရှိ။
ဤအလင်း အမှောင်၊ အမှောင် အလင်းတို့သည် ရထားကြီးပေါ်၌သာ ဖြတ်သန်းနေသည်မဟုတ်၊ ရထားကြီးပေါ်တွင်ပါလာသမျှ သက်ရှိ သက်မဲ့အပေါင်းအပေါ်၌သာ ကျရောက်နေသည်မဟုတ်၊ ကျနော့်ခနာကိုယ်ပေါ်၌သာ ကျရောက်နေသည်မဟုတ်၊ ကျနော့်နှလုံးသားပေါ်တွင်လည်း ကျရောက်နေကြ၏။
ရထားကြီးကား ဘာမျှ ခံစားရမည်မဟုတ်။ သူသည် စက်ကရိယာဖြစ်၏။ အေးခြင်း ပူခြင်းကိုမသိ၊ အမှောင်နှင့် အလင်းကို မသိ၊ ဦးနှောက်မရှိ၊ အသက်မရှိ၊ ခံစားမှုမရှိ၊ နှလုံးသားမရှိ၊ ရည်ရွယ်ချက်မရှိ။

ကျနော်လည်း စက်ကရိယာ တခုပေဘဲလား- ဟု ကျနော်သည် အသံမထွက်သော မေးခွန်းကိုမေးနေမိပြန်သည်။ ကျနော့် နှလုံးသားများမှာ ခံစားမှုမှန်သမျှ ဆိတ်သုန်း ကွယ်ပျောက်စပြုနေပြီဖြစ်သော စက်ကရိယာပေဘဲလား။ ကျနော့် ဦးနှောက်မှာ အမှောင်များအတွင်း၌ မရုန်းဝံ့ မကန်ဝံ့ မလှုပ်ရှားဝံ့၊ ငြိမ်သက်နေရသော ဦးနှောက်များပေဘဲလား။

ဤရထားကြီးပေါ်၌ ကျောက်ပန်းတောင်းမှ မှောင်ခို ထန်းလျက်များတင်ရန် လိုက်ပါလာခဲ့သော၊ ကျနော် ငြင်းဆန်မရအောင် မျက်နှာနာနေသော မှောင်ခိုသမားများ ပါလာနေသည်။ သူတို့ကို ကျနော်မဖမ်းဆီးရက်တော့သည့် အကြောင်းအရင်းကို ရှာဖွေနေမိပြန်သည်။ သူတို့ပါလာသဖြင့် ကျနော်သည် အလုပ်ပြုတ်သွားနိုင်သည်၊ လွတ်မြောက်ရက်မရှိ အကျဉ်းကျသွားနိုင်သည်ကိုလည်း မတွေးမိ၍မဟုတ်။
ကျနော့်စိတ်ကား ရထားကြီး ခုတ်မောင်းနေသည်ဟုမထင်တော့ပေ။ မှောင်ခိုသူများ၊ ထန်းလျက် တောင်းခွံများ၊ ဆီ၊ ဆား၊ ကြက်သွန်၊ လဖက်ခြောက်၊ ငရုတ်သီး၊ နံနွင်းမှုန့် စသည့်တားမြစ်ကုန်များ၊ ဂါတ်ဗိုလ်၊ စက်ခေါင်းမောင်း၊ အညှီနံ့များ၊ မုဆိုးများ၊ သားရိုင်းသမင်များ၊ ရွံရှာဖွယ်ရာများ၊ ကျောင်းသားများ၊ ရဟန်းသံဃာများ၊ လူသားများ၊ ပျက်စီးမှုများ။ အနံ့ဆိုးများ စသည့် သက်ရှိ သက်မဲ့ အပေါင်းသည်အထွေးထွေး အရှုပ်ရှုပ်ဖြစ်ကာ ဘယ်ဆီသို့ သွားနေမှန်းမသိသည့် ရေးစီးကြောင်းကြီးတခုအတွင်း၌ ဘရန်းဘတာ မျောပါနေသည်ဟု ထင်နေပြန်သည်။
အမှောင်ထုကြီးကို အဆုံးအစမရှိ နက်ရှိုင်းလှသည့် ပင်လယ်ပြင်ကြီးဟူ၍လည်း တွေးနေပြန်သည်။

အတန်ကြာလျှင် နှင်းများ ပိတ်သည်းနေသည့် အမှောင်ထဲ၌ အရုဏ်ရောင်ခြည်များသည် လှပစွာ ပျို့ အန် လာနေကြပြန်သည်။ ဆဒ္ဒုံချောင်းသို့ ရောက်တော့မည်။ ဆဒံ္ဒုမှတက်ရောက်လာကြမည့် ကိုရွှေယောက်နှင့်သားသုံးယောက်၊ ကိုရွှေယောက်အဖွဲ့သားများကို စိတ်၌ မြင်တွေးနေမိပြန်သည်။
ဆဒ္ဒုံချောင်း ဘူတာရုံသို့ရောက်လျှင် ရထားသည် အမှောင်ထုထဲ၌ ငြိမ်သက်စွာ ထိုးဆိုက်ရပ်လိုက်သည်။ ကျနော်သည် ရထားအရှိန် သတ်လိုက်ကတည်းက ရထားပေါ်မှ ဖျတ်ကနဲခုန်ဆင်းလိုက်သည်။
ဖလက်ဖောင်းပျက်တနေရာ၌ ရပ်လိုက်ပြီး “ဒီမှာ လက်မှတ်လာယူကြ....ဒီမှာ..... ဒီမှာ”ဟု ကျနော်သည် နေ့စဉ် အော်ဟစ်နေကျအတိုင်း အော်ဟစ်နေရသည်။

ဤ ဘူတာမဲ၊့ ရုံပိုင်မဲ့၊ ကံထရိုက်တာမဲ့ ဘူတာတွင် ခရီးသည်များသည် ပလက်ဖောင်းပျက်အတိုင်း ကျနော်ရှိရာသို့ စိတ်မှန်းဖြင့် အလဲလဲ အကွဲကွဲ ပြေးလာနေကြသည်။ “ကုန်တင်စရာရှိတယ်ဆရာ” ဟု ခရီးသည် တဦးသည်အဝေးအတည်းက လှမ်းပြီးအော်လာသည်။ ဂါတ်ဗိုလ် ကိုအောင်ကျော်သည် မှန်အိမ်ဆွဲပြီး ကောင်းဘွိုင်ဟန်ဖြင့် ကျနော်ရှိရာသို့လျှောက်လာသည်။ သူသည် မှန်အိမ်မီးဖြင့် ကျနော် အလုပ်လုပ်နေသည်ကို ထိုးပြပေးနေ၏။

“ရင်မောင် သုတ်သုတ်လုပ်ဟေ့”ဟု သူသည် လောဆော်နေ၏။
ကျနော်သည် လက်မှတ်ရောင်း၊ တန်ဆာလုပ် အလုပ်များကို အပြေးအလွှား အမြန်ဆုံးလုပ်ဆောင်နေရင်း ကိုရွှေယောက်၏ အဖွဲ့ကိုလည်း လှမ်းကြည့်နေပြန်သည်။ ကိုရွှေယောက်နှင့်သူ့ လူများသည် လက်မှတ်မယူဘဲနှင့် ရထားတွဲများ ပေါ်သို့ပြေးလွှားတက်ရောက်နေကြ၏။ ကိုရွှေယောက်သည် သူ့သားသုံးယောက်ကို ရထားပေါ်တက်ခိုင်းပြီး သူကိုယ်တိုင်မှာမူ ပလက်ဖောင်းအစွန်မှောင်ရိပ်၌ ရပ်ကာကျနော့် ကိုလှမ်းကြည့်နေသည်။ သူ့ ခြေထောက်၌ ဖိနပ်မပါ၊ သူ့ လည်းပင်တွင် ပုဆိုးစုတ်တထည် ရစ်ပတ်ထားသည်။ သူ၏ ပြဇာတ်မင်းသားဟန် ဆံပင်ရှည်များသည် ဆီမလိမ်း မဖီးသင်သဖြင့် သူ့ မျက်နှာပေါ်တွင် အရပ်ရှစ်မျက်နှာ၌ ဖရိုဖရဲ ဝဲကျနေသည်။

အလုပ်ပြီးလျှင် ဂါတ်ဗိုလ်သည် ဝစီကိုစစ်မိန့်ပေးသံလို အားကုန်မှုတ်လိုက်ပြီး မီးစိမ်းယမ်းပြလေသည်။ ရထားကြီး ထွက်ခွာလာမှ ကျနော်သည် လူစီးတွဲတတွဲပေါ်သို့ တွယ်တက်လိုက်၏။ ကျနော့် နောက်မှ ကျနော့်ကို အမိဖမ်းရန် ကိုရွှေယောက်သည်လည်း ဖျတ်ကနဲ ခုန်တက်လာသည်။
ကျနော်နှင့်ကိုရွှေယောက်သည် ယှဉ်ရပ်နေမိကြ၏။ ရထားအရှိန်ရလာစဉ်တွင် ကိုရွှေယောက်သည် သူ့လက် အတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာသော ကျပ်တန်အနွမ်းအကျေများနှင့် အကြွေစေ့ကလေးများကို ကျနော့် လက်အတွင်းသို့ လှမ်းထည့်ပေးနေသည်။ သူ့လက်များမှာ ချမ်းအေးနေသောကြောင့် တကြောင်း၊ ကြောက်ရွံ့ တုန်လှုပ် နေသောကြောင့်တကြောင်း တုန်ယင်နေသည်။

“ကျနော်တို့ ရှစ်ယောက် ဆရာ....”
“တအုပ်စုလုံးလား”
“ကိုဖိုးကျော် သူ့ မိန်းမဆုံးလို့ နေရစ်ခဲ့တယ်”

ကျနော်သည် သူပေးသည့် ငွေများကို ဘောင်းဘီအိတ်ထဲသို့ မထည့်သေးမီ အမှောင်ရိပ်ထဲ၌ သူ့ မျက်နှာကိုရှာကြည့်နေမိပြန်သည်။ သူပေးသည့်ငွေမှာ တဆယ့် သုံးလေးကျပ်မျှရှိမည်။ သူတို့ရှစ်ယောက်အတွက် ကျောက်ပန်းတောင်းအထိလက်မှတ်မဲ့ဖြင့် စီးခွင့်ပြုရန်ပေးသည့်ငွေ၊ သူတို့သည် လက်မှတ်ခအတိအကျဖြင့် လက်မှတ်ဝယ်ယူစီးနိုင်သည်အထိ သူတို့မှောင်ခို ထန်းလျက်များအပေါ်မှ မြတ်စွန်းကြသည်မဟုတ်။ သူတို့ရသည့် အမြတ်ထဲမှ ကျနော်၊ ဂါတ်ဗိုလ်၊ မီးရထားရဲများ၊ ရှာဖွေရေးများကို ပေးရသည်။ ကျနော်သည် သူ့ မိန်းမနေမကောင်းဖြစ်နေသည်ကို သတိရနေပြန်သည်။

“ခင်ဗျားမိန်းမ သက်သာပလား”ဟု မေးနေမိသည်။
“ဒီလိုဘဲဆရာ....”
“ ဆေးမထိုးဘူးလား ”
“ အင်း.... ”
“ ဘာအင်းတာလဲ ”
“ မြို့ကိုသွားထိုးဘို့ကလဲ ပိုက်ဆံမရှိဘူး၊ ကျနော်တို့ဆီမှာဆေး လာလာကုနေတဲ့လူကလဲ ဆေးတွေပြတ်နေလို့တဲ့ ”
“ ကျန်းမာရေးမှူးလား ”
“ မဟုတ်ပါဘူး... မြင်းလှည်းသမားပါ၊ အားကိုးရပါတယ်ဆရာ၊ သူက ဆေးထိုးသိပ်ကောင်းတာ၊ ပိုက်ဆပ်လဲ သိပ်မယူဘူး၊ ဆရာဝန်တွေဘာတွေလို ကြီးကြီးကျယ်ကျယ်လုပ်တဲ့လူလဲမဟုတ်ဖူး ”

ကျနော်သည် ငြိမ်သက်နေမိပြန်၏။ ကိုရွှေယောက်ကား ခလေးတကျိတ်ကျော်ကျော် ကျွေးမွေးနေရသူ။ သူ့မယားကား အစဉ်အမြဲ မမာမကျန်းဖြစ်နေသူ။ အရွယ် မရောက်သေးသော သားကလေးသုံးယောက်ကိုပါ မှောင်ခိုလုပ်ခိုင်းနေရသူ၊ ကျနော်ဂါတ်ဗိုလ်၊ မီးရထားရဲများနှင့် ရှာဖွေရေးများကို ရှာဖွေကျွေးမွေးနေရသူ။
သူသည် တခုခုကို နက်နက်ရှိုင်းရှိုင်း တွေးလာနေခဲ့ပုံဖြင့် “ ဒီလိုပေါ့ဆရာ... ” ဟု အရင်းမရှိ အဖျားမရှိ စကားပြောနေပြန်သည်။

ကျနော်သည် ငွေတဝက်မျှကို အိတ်ထဲ ထည့်လိုက်ပြီးတဝက်ကိုကား သူ့မိန်းမဆေးကုရန်အတွက် ပြန်ပေးနေမိပြန်သည်။ သူသည် ပြန်ယူရန် ငြင်းဆန်နေသည်။ သူ့ငွေများအကုန်မယူသဖြင့် သူ့ကို ကျနော်က ဒုက္ခပေးတော့မည်ဟု ကြောက်ရွံ့နေပြန်သည်။ ကျနော်သည် သူ့ကို ပြန်ယူရန် တိုက်တွန်းနေရင်း စိတ်မောနေမိသည်။
နောက်ဆုံး၌ ကျနော်ပြန်ပေးသည့်ငွေများကိုလှမ်းယူသော အခါတွင် သူ့လက်များ တဆတ်ဆတ်တုန်နေသည်ကို သတိထားမိလာသည်။ သူ့မျက်လုံးအိမ်၌ လှိုက်လှဲသော မျက်ရည်များ ပြည့်လာနေသည်ကို ကျနော်သည် မမြင်ရဘဲနှင့် သိနေခဲ့သည်။

“ ဒိပြင်လူတွေဆိုရင် ဘယ်လောက်ပေးပေး ကျေနပ်ကြတာမှုတ်ဖူး၊ တချို့ မိန်းခလေးတွေဆိုရင် ငွေတင် မကျေနပ်လို့ ဟိုဟာပါပေးရတာ၊ ငွေနဲတယ်ဆိုပီး ထပ်ထပ်တောင်းကြတာ၊ မြခင်လေးဆိုကြည့်ပါလား၊ အသက်ဆယ့်သုံးနှစ်မပြည့်သေးဘူး၊ ဆံထောက်ကလေးတောင် မထားရဲထားရဲထားနေတုန်း ဟိုဟာပေးရလို့ ဗိုက်ကလေးပူလာ တာ ” ဟု သူက စိတ်ထည်းမှ ပြောနေသည်ကိုလည်း ကျနော့် စိတ်အာရုံ၌ လာ၍ကြားနေရပြန်သည်။

“ အေးဗျာ....ဒီလိုဘဲပေါ့ဗျာ၊ ကြည့်တော့လုပ်ကြဗျာ ”ဟု ကျနော်သည် မှာကြားနေမိ၏။
“ စိတ်ချပါဆရာ၊ ဆရာ့ကို မထိခိုက်ပါဘူး၊ ဘယ်တော့မှ ကျနော်တို့သားအဖတွေ ထန်းလျက်ကို မမိပါဘူး ”
“ ခင်ဗျားတို့ကို စိတ်ချပါတယ်၊ ခင်ဗျားတို့ ကျနော့် ကိုဘယ်တော့မှ ဒုက္ခမပေးဘူးဆိုတာ ယုံတာပေါ့ဗျာ၊ ဒါပေမယ့် ရှာဖွေရေးတွေဘာတွေမိရင် ကျနော့် မှာ တာဝန်ရှိတာဘဲ ”
“ ဟုတ်ပါတယ်ဆရာ... ”
“ အလုပ်ပြုတ်နိုင်တယ်၊ ထောင်ကျနိုင်တယ် ”

သူဆက်ပြောသည်ကို ရထားခုတ်မောင်းနေသံ ဆူညံနေသဖြင့် ကျနော် မကြားရတော့ပေ။ သူ့ ထန်းလျက်များကို မည်သည့်အခါ၌ မည်သူများက ဖမ်းဖမ်း မိမည်မဟုတ်။ သူ၏ လျှိုဝှက်ချက်ကို ကျနော်လည်းမသိ။ အမှန်တွင် ကျောက်ပန်းတောင်း-တောင်တွင်းကြီး ခုတ်မောင်းနေရာ၌ ရထားနှစ်စင်းလဲလှယ်ခုတ်မောင်းနေရာ ရထားတစင်း၏ အိမ်သာတခုတွင် အပေါ်အမိုး၌ အပေါက်တခုပါရှိသည်။ ထိုအပေါ်က်အတွင်းမှ သူတို့ပစ္စည်းများကို လျှို့ဝှက်တင်ဆောင်နေခဲ့ကြ၏။
ကျနော်သည် ဤရထားပေါ်၌ မှောင်ခိုသမား နှစ်ဆယ်ထက်မနည်း ပါနေခဲ့ပြီးကိုတွေးမိကာ စိတ်နှလုံး၌ လေးလံလာနေပြန်သည်။ ပင်းချောင်းအောင်နိုင်မြင့်၊ သားမျှားကိုသန်း၊ မြို့သစ် ကိုသန်း၊ ကျောက်ပန်းတောင်း စိုးမြင့်၊မည်သူတွေ ဖမ်းဆီးဖမ်းဆီး ကျနော့်၌ တာဝန်ကင်းမည်မဟုတ်။

ကျနော်ကား တီဘီစီ ( ရထားလိုက် ဘူတာစာရေး) ဖြစ်၍ ရထားတစင်းလုံး လက်မှတ်စစ်၊ တန်ဆာမဲ့ပစ္စည်းဖမ်း၊ မှောင်ခိုပစ္စည်းဖမ်း စသည့်တာဝန်များကို ထမ်းဆောင်နေရသူ။ အကယ်၍ တစုံတဦးက ရန်ညိုးဖြင့် ဖမ်းဆီးစစ်ဆေးလျှင် ရှောင်ကွက်မရှိသူ။ မှောင်ခိုသူများနှင့်လည်း တသွေးတည်၊ တသားတည်း ရင်းနှီးချစ်ခင်ကြသဖြင့် မျက်စိမှိတ်နေရသူ။
ကျနော်သည် နီပြာတံခဲတံကို ကိုင်ကြည့်နေရင်း ဤရထားပေါ်၌ ကျနော်ကား ဖမ်းဆီးနိုင်သော အာဏာ ပြည့်စုံသူ ဘုရင်ကလေးတဆူဖြစ်နေသည်ကို တွေးနေမိ၏။ ဤနီပြာတံကလေးဖြင့် ချယ်လှယ်ချင်သလို ရနေနိုင်သော အခွင့်ထူး ရရှိနေပုံမှာ ဝမ်းသားအားရစရားဟု တွေးနေမိပြန်သည်။

ဤသို့ဖြစ်နေရပုံမှာ ကမောက်ကမ ဖြစ်နေခြင်းပေလား။ အရုဏ်သည် ပို၍လင်းလာ၏။ အမှောင်နှင့် အလင်းများ ရောထွေးလာနေပြန်သည်။ မြို့လုလင်သို့ရောက်လျှင် အလင်းရောင် ပျော့ပျော့အတွင်း၌ နှင်းစက်များကျနေသည်ကို မသဲမကွဲမြင်လာရသည်။ ဘူတာကွေ့၌ ရထားဆိုက်ရပ်ချိန်တွင် အလင်းနှင့်အမှောင်ကြား၌ အရာဝတ္ထုများသည် မသဲမကွဲရောထွေးနေကြလေသည်။
မြို့လုင်ဘူတာစာရေး သိန်းလွင်ကြီးသည် နံနက်စောစော၌ အရက်မူးနေလျက်ဖြင့် ဂါတ်တွဲသို့ ခပ်ယိုင်ယိုင် လျှောက်လာတတ်၏။ သူ့ ကိုယ်ပေါ်မှ ယူနီဖောင်းဝတ်စုံမှာ ညစ်ထေးနေသည်။ သူ၏ထန်းလက်တဲဘူတာရုံရှေ့တွင် ခရီးသည်များသည် အလုအယက် တိုးဝှေ့နေကြ၏။ ဟိုဖက်၌ကား ထန်းပင်များ၊ ညောင်ပင်များ၊ ဈေးဆိုင်များ။ မြို့လုင်ဈေးတန်းနှင့် မြို့လုင်ရွာပေါ်တွင် နှင်းများပိတ်ဆို့ မှောင်နေသည်။

ကျနော်သည် ဤဘူတာသို့ရောက်လျှင် လူစီးတွဲ တတွဲတွဲအဝမှရပ်ကာ ဦးကောင်းဇုံ ၏ အကြော်တဲဆိုင်ဝဖက်သို့ အစဉ်အမြဲ လှမ်းကြည့်တတ်သည်။ အကြော်တဲဆိုင်ရှေ့ဖက်ညောင်ပင်ကြီးအောက်ရှိ ထိုင်ခုံ၌ ညိုညို့ကိုတွေ့နေကျဖြစ်နေသည်။ သူ သည်ရထားကြီးဝင်လာလျှင် ကျနော့်ကိုမြင်ရန် လှမ်းကြည့်နေတတ်၏။ ထိုနေရာမှထရပ်ပြီး သူ့ ကုန်စိမ်းတောင်းများ ချထားရာ သံလမ်းနံဘေးသို့ သုတ်သုတ်ပြေးလာကာ သူ့တောင်းများကို ရေးကြီးသုတ်ပျာတင်လေသည်။
ကြာသော် သူထိုင်နေကျ ဤညောင်ပင်ကြီးအောက် ဦးကောင်းဇုံဆိုင်ရှေ့ရှိ ထိုင်ခုံပေါ်တွင် မိုးမလင်းမီ နှင်းမှုန်များဝေနေစဉ်တွင် သူ့ကိုမြင်တွေ့နေရသည်မှာ စိတ်၌ အစွဲအလန်းတခုလိုဖြစ်လာသည်။
သူ ဤနေရာကလေးတွင် ထိုင်ပြီး ရထားကြီးကို စောင့် ကျနော့်ကိုရှာဖွေကြည့်နေတတ်သည်မှာ ကျနော် တောင်တွင်ကြီး ကျောက်ပန်းတောင်း လမ်းသို့ ရောက်လာစကတည်းကဖြစ်သည်။
ထိုအခါကမူ သူသည်လည်း ခလေးသာသာအရွယ်ကလေး။ ဆံရစ် ဆံတောက်ကလေးနှင့် ဖြစ်၏။
သူသည် ရထားကြီး ဆိုက်ရပ်လျှင် ထိုနေရာမှ ဒုန်းစိုင်းပြေးလာတတ်၏။ သူ့ ခေါင်းပေါ်မှ ဆံရစ် ဆံတောက် ဆံပင်များသည် တဖွာဖွာဝဲနေတတ်သည်။ သူ့ လည်ပင်း၌ ပုဆိုးစုတ်တထည်တင်ထားကာ ဖို့ယို့ ဖားယားဖြစ်နေသည်။။ သူ့ ပါးပေါ်တွင် ကျောက်နီနားဆွဲကလေးသည် ယိမ်းက လှုပ်ရှားနေသည်။ သူ့ပါးကလေးများမှာ အပျိုသွေးသစ်စ ဖောင်းကြွနေသည်။

သူသည်မြို့လုင်နှင့် တမိုင်မျှသာ ဝေးသည် ပုတီးကုန်းရွာသူဖြစ်၏။ သူသည် ဖခင် မျက်မမြင်ကြီးကိုလည်းကောင်း၊ မိခင်လူမမာကြီးကိုလည်းကောင်း သူ့ ကုန်စိမ်း ရောင်းရငွေကလေးဖြင့် လုပ်ကိုင် ကျွေးမွေးနေကာ မောင်ကလေး တယောက်ကိုလည်း ကျောင်းထား ပေးနေရသည်ကို ကျနော်မသိခဲ့။ သူ ဈေးပတ် လိုက်ရောင်း၍ မြတ်ငွေမှာ သုံးလေးကျပ်မျှသာ ရှိသဖြင့် ရထား လက်မှတ်ကိုလည်း ဝယ်မစီးနိုင်၊ ကုန်ပစ္စည်းများကိုလည်း တန်ဆာမလုပ်နိုင်။

ကျနော် ဤလမ်းသို့ရောက်စ နှင်းများဝေနေသော တနံနက်တွင် ကျနော် လက်မှတ်စစ်သောအခါ သူသည် အိမ်သာနံဘေး၌ ရပ်နေရင်း ကျနော့်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေခဲ့သည်။
ကျနော် လက်မှတ်တောင်းနေသည့် လက်ကို မကြည့်ဘဲကျနော့်မျက်နှာကိုသာ မော့ကြည့်ရင်း မျက်တောင်ကော့ကြီးများကိုသာ ပုတ်ခတ် လှုပ်ရှားနေခဲ့သည်။ သူ့ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာနေသည်။ သူသည် ကြောက်ရွံ့သဖြင့် ငိုလိုက်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
အတော်ကြာမှ သူသည် တုန်ယင်နေသော လက်များဖြင့်သူ့ချွေးခံအင်္ကျီအောက် အိတ်ကပ်အတွင်းသို့ နှိုက်နေသည်။ လက်ပြန်နှုတ်လျှင် လက်မှတ်မပါဘဲ ကျပ်တန်ကလေး တရွက်သာပါလာသည်။ သူသည် တုန်ယင်သောလက်များဖြင့် ကျနော့်ကို လှမ်းပေးနေသည်။
ရထားသည် ပုလင်းချောင်း တံတားရှည်ကြီးကို ဖြတ်ကျော်နေ၏။

“ လက်မှတ်မပါဘူးလား ”ဟု ကျနော်က အသံမြှင့်ပြီး မေးနေသည်။
“ အမြဲတမ်း ဒီလိုဘဲစီးနေတာလား ”
“ ဟုတ်ကဲ့”
“ ဒါဖြင့် ဖမ်းရမှာပေါ့ ”
“ ညိုညို...ညိုညို...မြို့သစ်ရောက်ရင် လက်မှတ် ဆင်းဝယ်ပါ့မယ်၊ကိုစိုးမြင့်ကြီး လိုက်တုန်းက ညိုညို ငါးမူးလောက်ပေးရင် သမျှား ဈေးအထိလိုက်ရတယ် ”

သူ့ အသံမှာ တုန်ယင်နေခဲ့သည်။
သူ့ ငွေ တကျပ်ကို ပြန်ထည့်ထားရန် ပြောသောအခါ သူသည် ပို၍ ကြောက်ရွံ့လာကာ မျက်ရည်များဝိုင်းလာနေသည်။

“ ဒါဖြင့် မြို့သစ်ရောက်ရင် ငါ့နောက်ကလိုက်ခဲ့၊ လက်မှတ်လိုက် ဝယ်ပေါ့ ” ဟု ပြောလျှင် သူသည် ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့၏။

သူ့ကို ဖမ်းရန်အတွက် ဘူတာအတွင်းသို့ခေါ်သည်ကို သူ မသိပေ။

ကျနော်သည် သူ့ အနားမှ ခွာပြီး လက်မှတ် လျှောက်စစ်နေစဉ်၌ သူသည် ကျနော့် ကို စိမ်းစိမ်းစားစား လိုက်ကြည့်နေခဲ့သည်။
မြို့သစ် ဘူတာတွင် ရထားရပ်လျှင် သူသည် ကျပ်တန်တရွက်ကိုင်လျက် ကျနော့် နောက်မှ လျှောက်လိုက်လာခဲ့သည်။

“ သူများ လက်မှတ်မယူတော့ဘူးလေ...ဒီပိုက်ဆပ်ကို ယူပါလား.. ”
“ တခါတလေတော့ လက်မှတ် ယူဘူးတယ်ရှိအောင် ယူမှပေါ့ကွယ်... ”

ကျနော် ရုံပိုင်စာပွဲရှေ့သို့ လျှောက်သွားသည်။ သူသည်နောက်ဖက်မှ တကောက်ကောက် လိုက်လာခဲ့သည်။ ကျနော်သည် သူ့ကို စာပွဲရှေ့တွန်းပို့လိုက်ပြီး လက်မှတ်မဲ့ဖြင့် အပ်လိုက်၏။ သူ့တောင်းများကိုလည်း အလုပ်သမားများ ချထားလိုက်ကြ၏။ သူသည် ရုံပိုင်က တရားစွဲရန် “ အမည်၊ နေရပ်၊ မိဘ ”တို့ကိုမေးနေစဉ် ဖြေဆိုနေရင်း ကျနော့်ကို စကားတလုံးမျှ မပြောတော့ဘဲ မျက်ရည်များကျလာသည်။
ရုံးခန်းအတွင်းမှ ကျနော် ထွက်လာသည်။ သူသည် တန်လျားရှည်တခုပေါ်တွင် ထိုင်နေရင်း ကျနော့်ကို ကျောဖက်မှလိုက်ကြည့်နေခဲ့သည်။

ကျနော်လည်း အမှတ်မထင်ပင် ရထားပေါ်သို့ တက်လာခဲ့၏။ လက်မှတ်မဲ့ ခရီးသည်များကို ဖမ်းဆီရခြင်းမှာ ကျနော့်အတွက်ကား နေ့ စဉ်ပြုလုပ်နေကျ အလုပ်သာ ဖြစ်သော်လည်းသူ့ အတွက်ကား နတ်မောက်ဈေးအထိ မလိုက်ရသဖြင့် သူ့ ရောင်းကုန်များလည်း ပျက်စီးကုန်ရသည်။
သူနှင့် ကျနော့်ကြား၌ ထိုအခါကတည်းကပင် မမြင်ရသော သံယောဇာဉ်ကြိုးမျှင်များ စတင် ရစ်ဖွဲ့လာကြသည်ကို ကျနော်လည်း မသိခဲ့။ ဤသံယောဇဉ်များကား သူ့အလိုလိုနှလုံးသားအတွင်းတွင် ပေါက်ပွားလာကြလေသည်။ ဘာကြောင့်ဖြစ်ပေါ်လာရသည်ဟူသော အကြောင်းရင်း၏ အစကိုကား ဦးနှောက်ဖြင့် ရှာဖွေ၍ ထိတွေ့နိုင်မည် မဟုတ်။

ကျနော်သည် သူ့မျက်ရည်များ တတွေတွေ ကျလာခဲ့ပုံကို အမှတ်မထင် တွေးမိခဲ့သည်။ သူ့ မျက်နှာဝိုင်းဝိုင်းကလေး၊ သူ့ ဝိုင်းဝိုင်းစက်စက် မျက်လုံးများ၊ သူ့ မျက်တောင် ကော့များ၊ သူ၏ ဆံတောက်ဖားဖားကြီးကို မြင်ယောင်မိကာ သူ့မျက်နှာမှာ ကျနော်နှင့် ရင်းနှီးခဲ့ဖူးသူ တဦးဦးလို ထင်နေခဲ့ပြန်သည်။ သူ၏ အဝတ်အစားများ နွမ်းကျေနေပုံကို မြင်နေပြန်သည်။ ကရုဏာစိတ်များသည် အမှတ်မထင် ဖြစ်ပေါ်လာကြသည်။

နောက် ခုနှစ်ရက်မျှကြာသည်အထိ မြို့လုင်သို့ရောက်လျှင်သူ့ကို ရှာကြည့်သော်လည်း မတွေ့မြင်ရတော့ပေ။
ကျနော့်စိတ်၌ ငယ်စဉ်က သေဆုံးသွားခဲ့သော ညီမကလေး၏ မျက်နှာကို သတိရနေပြန်သည်။ သူ့ မျက်နှာကို ညီမကလေးမျက်နှာနှင့်တူနေမလား-ဟု နှိုင်းစာကြည့်နေရင်း သူ့ကိုလည်း ညီမလေးတဦးလို စိတ်၌ မှန်းဆနေမိပြန်သည်။

မကြာမီ တနံနက်တွင် သူ့ကို ဦးကောင်းဇုံဆိုင်ရှေ့ ညောင်ပင်ကြီးအောက်ရှိ စာပွဲခုံဘေး ထိုင်ခုံပေါ်တွင်ပင် တွေ့နေရပြန်သည်။
ထိုနေ့က သူသည် ကုန်စိမ်းတောင်းများကို သံလမ်းနံဘေးတွင် ရွှေ့ထားနှင့်သည်။ ရထားရပ်လျှင် ရပ်ချင်း နေရာမှထကာ ကျနော်ပါလာသည့် တွဲဖက်သို့ ခလေးစိတ်ဖြင့် ဒုံးပြေးလာသည်။ ကျနော်သည်လည်း ရထားမရပ်သေးမီ၌ ခုန်ဆင်းလိုက်၏။ သူနှင့်ကျနော်သည် မသဲမကွဲ အလင်းရောင် အောက်တွင် နှင်းများဝေနေစဉ်၌ မျက်နှာချင်းဆိုင် ရပ်နေမိကြသည်။

“ လက်မှတ်စစ်ကြီး....ဒီနေ့....ဒီနေ့....သူများကိုဖမ်းအုံးမလားဟင်... ”
သူသည် အလောသုံးဆယ် မေးနေသည်။
ကျနော်သည် ပြုံးနေမိ၏။
“လက်မှတ်မဝယ်ရင် ဖမ်းမှာပေါ့ ” ဟု ရယ်သံဖြင့် ပြောနေမိသည်။
“ ဒါဖြင့် ညိုညို မလိုက်တော့ဘူး ”
“ ဒါဖြင့် ဘာနဲ့သွားမှာလဲ ”
“ ခြေလျင်သွားမှာပေါ့ ”
“ တောင်းတွေကရော... ”
“ တောင်းတွေတော့ တင်ပေးလိုက်မယ်၊ အဲဒါ မြို့သစ်ဘူတာရောက်ရင် လက်မှတ်စစ်ကြီး ချထားခိုင်းလိုက်ပါ ”
ကျနော်သည် သူ့ ၏နဖူးကို လက်သီးဖြင့် ထိုးကျိတ်လိုက်တော့မလို ရွယ်လိုက်ပြီး ရယ်နေမိ၏။
“ ခု လက်မှတ်မပါဘူးလား...ကဲတောင်းတွေ သုတ်သုတ်တင် လူကော လိုက် ခဲ့ပေါ့၊ ခင်ဗျား တောင်း တွေ ကျုပ်ကူလီမှ မဟုတ်ဘဲ ဘယ်ချနိုင်ပါ့မလဲ၊ ခင်ဗျားကို ကျုပ်မဖမ်းပါဘူး၊ ဘယ်တော့မှ မဖမ်းပါဘူး၊ ဒိပြင်လူတွေ ဖမ်းရင်သာ ကျုပ်ကို ပိုက်ဆံပေးရတယ်လို့ မပြောပါနဲ့ ”

“ တကယ်လား ”ဟု သူသည် အံ့အားသင့်စွာ မေးနေခဲ့သည်။ သူသည် ဆယ်ပြားစေ့ကလေး လေးငါး ခြောက်စေ့ကို ထုတ်ပေးနေပြန်သဖြင့် ကျနော်သည် သူ့၏နဖူးကို ခပ်သာသာ ပုတ်ပစ်ခဲ့၏။
သူသည် သူ့တောင်းများကို ရထားတွဲပေါ်သို့ ကမန်ကတမ်းတင်ပြီး သူပါတက်လိုက်၏။ ကျနော်လည်း သူ့နောက်မှလိုက်တက်သွားသည်။ ရထားထွက်လာချိန်တွင် သူနှင့် ကျနော်သည် တွဲပေါက်ဝ၌ နီးကပ်စွာ ယှဉ်ရပ်နေမိကြ၏။ သူသည် အပျိုသွေးဝင်စ စိတ်ဖြင့် ရှက် နေကာ မျက်နှာ တပြင်လုံး နီမြန်းနေခဲ့သည်။
ကျနော်သည် သူ့ကို ခြောက်လှန့်ပြီး နောက်ပြောင်ရန် စိတ်ကူးမိခဲ့၏။
မနောက်ပြောင်ဖြစ်ဘဲ သူ့ ဈေးရောင်းရသည့် ဝင်ငွေများကိုမေးနေမိပြန်သည်။

သူသည် သူ့ရွာကလေးကို ရထားပေါ်မှ လှမ်းပြခဲ့၏။ သူ့ရွာကလးမှာ သံလမ်းနှင့် မနီးမဝေးတွင် မန်ကျည်းပင်များ၊ တမာပင်များ အုပ်ဆိုင်းကာ ညို့ပျနေသည်။ သူသည် ထိုရွာကလေး အတွင်းရှိ တဲအိမ်ကလေး တလုံးတွင် နေထိုင်သူဖြစ်၏။

“ လက်မှတ်စစ်ကြီး...သူများတို့ရွာ လာလယ်အုံးပေါ့၊ သူများတို့အိမ်ကိုတော့ မလာနဲ့နော်၊ ရှက်စရာကောင်းလို့ပါ ”
သူသည် သူ့ရွာကလေးကို လက်ညှိုးထိုးပြနေခဲ့သည်။
သူ၏ မိဖများလုပ်ကျွေးနေပုံကို သိရလျှင် ကျနော့် စိတ်နှလုံးအိမ်၌ သူ့ ကိုလေးစားစိတ်၊ ခင်မင်စိတ်များ ပေါ်လာနေပြန်သည်။ သူသည် ချမ်းသဖြင့် တဘက်ကို ခပ်တင်းတင်း ပြင်ခြုံလိုက်သည်။
“ မင်းကို နောက် ဘယ်တော့မှ ကို မဖမ်းတော့ဘူး...တကယ်ပြောတာ ”

ကျနော်ပြောနေသည်ကို သူသည် ငေးကြည့်နေသည်။
“ မင်း နာမယ် ညိုညိုနော်... လက်မှတ်စစ် ထွန်းမြင့် တို့ မောင်ရွှေတို့ကို ပြောထားရမယ်၊ ညိုညိုဟာ ကို့ညီမလးလို့ကြားလား၊ သူတို့ယုံပါတယ်၊ မင်းနဲ့ကိုနဲ့ ရုပ်ချင်းလဲ ဆင်တယ်နော်...မောင်နှမ အရင်းဆိုရင်တောင် ယုံကြမှာ၊ မင်းကို လက်မှတ်စစ်ရင် ကိုရင်မောင့်ညီမ ညိုညိုလို့ ပြောပြလိုက်ပေါ့၊ သူတို့ မဖမ်းပါဘူး၊ တခု တော့ ပြောထားရအုံးမယ်...အဲ ဒီ လူ တွေဟာနာမယ်နဲ့ လူတွေနော်၊ မိန်းမဆိုရင် သူတို့ဖို့ချည့် ထင်ကြတာ၊ မင်းတို့အရွယ်ဆိုရင် အပျိုကြီးလှဘီလို့ထင်ကြတာ၊ မရှက်နဲ့ လေ..ကို တကယ် သတိပေးနေတာ၊ ဒီလူတွေဟာ ခပ်တည်တည် နေနိုင်လို့တောင် တန်ကာ မကျဘူး၊ တော်ကြာရင် မင်းလဲ အပျိုကြီးဖြစ်လာတော့မှာနော်၊ အပျိုကြီးဖြစ်လာရင် ကို တို့ကိုလဲ ခပ်တည်တည်နေ ”

သူသည် မျက်နှာနီမြန်းနေကာ ခေါင်းငုံ့ ထားနေပြန်သည်။
မြို့သစ်သို့ ရထားဆိုက်လျှင် သူ့တောင်းများကို ကမန်းကတမ်း ဆွဲချနေရင်း ကျနော့် ကိုနှုတ်ဆက်နေ၏။

“ အမေတို့ကို ပြောရမယ်၊ အမေတို့ သိပ်ဝမ်းသာကြမှာ ”ဟု ပြောနေသည်။
ကျနော်လည်း ရထားပေါ်မှ အဆင်းတွင် သူ့ကို ခေါင်းတချက်ပုတ်ပြီး ဂါတ်တွဲသို့ ကူးလာခဲ့လေသည်။

အခန်း(၂)သို့ ဆက်ဖတ်ပါရန်...မျှော်



January 26, 2010

သတင်းလက်ဆောင်


ကျနော့်ဘလော့မှာ ‘နိုင်ဝင်းဆွေ‛ ရဲ့ ‘နွေတည‛ ဝတ္ထု အပိုင်းလိုက်ရိုက်ပြီး တင်ပေးခဲ့ပါတယ်။ ဒီဝတ္ထု မဖတ်ရသေးတဲ့လူတွေ ဖတ်နိုင်ဖို့ နဲ့  ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း သေသေချာချာပြန်ဖတ်ချင်လို့ပြန်ရိုက်ပြီးတင်ပေးခဲ့တာပါ။ အခု ထပ်ပြီး နိုင်ဝင်းဆွေ ရဲ့ နာမည်ကျော်ဝတ္ထုတပုဒ်ကို တင်ပါအုံးမယ်။ ‘မသိန်းရှင်ဆီပို့ ပေးပါ‛ ဝတ္ထုကို တင်မှာပါ။ တခြားနေရာတွေမှာ ဒီဝတ္ထု အစအဆုံး သွားဖတ်လို့ ရနိုင်ကောင်း ရနိုင်ပါလိမ့်မယ်။ ကျနော်ကတော့ နိုင်ဝင်းဆွေကို လွမ်းသတဲ့အနေနဲ့ ကျနော့်ဘလော့မှာ တမင် တကူးတကကိုပဲ ဒီဝတ္ထုကို ရိုက်တင်ပေးမှာဖြစ်ပါတယ်။

နိုင်ဝင်းဆွေ ရဲ့ဝတ္ထုတွေထဲမှာ ကျနော်အနှစ်သက်ဆုံးဝတ္ထု (၄)ပုဒ်ရှိပါတယ်။ သူရေးခဲ့တာ ဘာသာပြန်ဝတ္ထုပါထည့်ရင် (၁ဝ)အုပ်ရှိပါတယ်။ ဒီအထဲက ‘ဘဝစာမျက်နှာများ‛က ဝတ္ထုတိုစုစည်းမှုစာအုပ်ဖြစ်ပါတယ်။ ကျန်တာတွေကတော့ လုံးချင်းဝတ္ထုရှည်စာအုပ်တွေချည်းပါပဲ။ ကျနော်အနှစ်သက်ဆုံးစာအုပ်(၄)အုပ်ထဲမှာ အခုထပ်ပြီးတင်မယ့် မသိန်းရှင်ဆီ ပို့ ပေးပါ ဝတ္ထုလည်း ပါပါတယ်။
ဒီဝတ္ထုစာအုပ်က ကျနော့်အထင် (၂)ကြိမ်လောက်ထုတ်ဝေနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော့်ဆီမှာရှိတဲ့စာအုပ်က ပထမအကြိမ်ထုတ် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဒဂုန်တာရာ၊ ရှုမဝဦးကျော်၊ အညတရ နဲ့ အောင်လှိုင်ထွန်းတို့ ရဲ့ အမှာစာများပါ ပါတယ်။ ဆရာ ဒဂုန်တာရာနဲ့ ရှုမဝဦးကျော်တို့ က အမှာစာရေးပေးတာဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ တခြားစာစေါင်စာနယ်ဇင်းတွေမှာ ဝေဖန်စာရေးခဲ့ကြတဲ့စာတွေပါ။ နိုင်ဝင်းဆွေက တမင် အဲဒီဝေဖန်စာတွေကိုလည်း အမှာစာသဘော ထည့်ပြီးဖေါ်ပြလိုက်တဲ့သဘောလို့ ယူဆရပါတယ်။ ကျနော် အဲဒီ ဝတ္ထုကို ရိုက်တင်တဲ့အခါ ကျနော်က အဲဒီစာတွေကို စာအုပ်ထဲမှာဖေါ်ပြသလို ရှေ့ ကမထားချင်ပါဘူး။ နောက်ကပဲ ထားဘို့ စဉ်းစားထားပါတယ်။ နိုင်ဝင်းဆွေရဲ့ သမိုင်းဆိုင်ရာအဖြစ်အပျက်တချို့ က ဒီစာအုပ်ထဲမှာပါတဲ့ အမှာစာတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ကိစ္စတွေ ရှိနေတာမို့ ဒီအမှာစာတွေကို ကျနော်ကတော့ ချန်မထားခဲ့ချင်ပါဘူး။ ဥပမာ ဆိုပါတော့ ဒီ မသိန်းရှင်ဆီပို့ ပေးပါ စာအုပ် ဒုတိယအကြိမ်ထုတ်တော့ နိုင်ဝင်းဆွေက ဆရာဒဂုန်တာရာရဲ့ အမှာစာကို ဖြုတ်ပြီးမှ ထုတ်ဝေခဲ့တာပါ။ ဒါဟာ သူ့ မှာ အကြောင်းရှိကောင်း ရှိနိုင်ပါတယ်။ ဒီလိုကိစ္စတွေရှိနေတဲ့အတွက် ကျနော့်ဘလော့မှာ ဒီဝတ္ထုရိုက်တင်တဲ့အခါ အမှာစာတွေကိုလည်း တပါတည်းနောက်ဆုံးမှာ ရိုက်တင်ပေးဖို့  ကျနော်စဉ်းစားထားပါတယ်။

ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ကျနော့်မှာလည်း ပြောစရာတွေရှိပါတယ်။ ဒါပေမယ့် အခုတော့ ဝတ္ထုကိုပဲ ရိုက်တင်ပေးလိုက်မှာပါ။ ကျနော်ကတော့ နိုင်ဝင်းဆွေရဲ့ဝတ္ထုတွေ ကျနော့်ဘလော့မှာ လုံးချင်းတင်ပေးခွင့်ကြုံလို့ ‘ဘလော့ဂါဒုလ္လဘ‛ကို တကယ့်ကို ကျေနပ်နေမိကြောင်းပါခင်ဗျား။

ငြိမ်းဝေ



January 25, 2010

မတ်ဆုရှိမ


လူဟာ စိတ်ကိုဖွပ်လျော်ဖို့ တခါတလေ ထူးဆန်းတဲ့အခွင့်အရေးရတတ်ပါတယ်။ အရေးကြီးတာက အဲဒီအခွင့်အရေးကို ကိုယ်က ပိုင်ပိုင်နိုင်နိုင်ယူတတ်ဖို့ တော့လိုမယ်ထင်မိတယ်။ ကျနော့်မှာ အဲဒီလို စိတ်ကိုလျော်ဖွပ်နိုင်တဲ့အခွင့်အရေး မကြာခဏရခဲ့ဖူးတယ်။ ရတဲ့အခွင့်အရေးကို ပိုင်ဆိုင်လိုက်တာရှိသလို ဒါဟာဖြင့် ငါ့အတွက်အခွင့်အရေးရတာပါလားဆိုတာကိုတောင်မှ မရိပ်မိလိုက်တာမျိုးလည်း ရှိခဲ့တယ်။

အခုလို အသက်အရွယ်ရလာတဲ့အခါ အဲသလိုစိတ်ကိုဖွပ်လျော်လို့ အထိုက်အလျောက်ရနိုင်တဲ့ အခွင့်အရေးမျိုးကို တောင့်တလာမိတယ်။ ကျနော်ရခဲ့တဲ့အခွင့်အရေးဆိုတာ တခြားလူတွေရတဲ့အခွင့်အရေးမျိုးနဲ့ တူချင်မှတော့တူမှာပါ။ ကျနော်ရခဲ့ဖူးတဲ့အခွင့်အရေးက ၁၉၉၄ ခုနှစ်ထဲ ဖါးအံခရိုင်ကို ခရီးထွက်စဉ်က ရခဲ့တာပါ။ မယ်ညောခီးတောင်ကြီးကို တမနက်ခင်းလုံးတက်လာရင်းက မထင်မှတ်ပဲ တောင်စွန်းတောင်ကွေ့ တခုကိုအရောက် ကျနော် အဲဒီအခွင့်အရေး ရခဲ့တာပါ။ အင်မတန်လှပပြီး အင်မတန်ကျယ်ပြောလှတဲ့ မြေနိမ့်ပိုင်းမြင်ကွင်းကြီးတခုကို တောင်ခါးလယ်တနေရာက လှမ်းကြည့်မိတဲ့အဲဒီလိုအချိန်အခိုက်အတန့် မှာ ကျနော်ဟာ အဲဒီတောင်စွန်းပေါ်မှာရပ်ရင်းက ကျနော့်စိတ်တွေ အလိုလိုဖြူစင်လာခဲ့တယ်လို့ ခံစားရပါတယ်။ မျက်စေ့တဆုံးအင်မတန်ကျယ်ပြောလှပလှတဲ့ သဘာဝပါတ်ဝန်းကျင်ကြီးကို ကျနော်အရမ်းကာရော ချစ်မက်လိုက်မိတယ်။ ပြီးတော့ ကျနော့်ဘေးနားမှာရပ်နေတဲ့လူတွေ ပြီးတော့ ကျနော်နဲ့ မသိတဲ့လူတွေ၊ တွေးလေတွေးလေ ချစ်လိုက်မိတယ်။ နောက်ဆုံး ကျနော့်ရဲ့ရန်သူလို့ ပြောရမယ့်လူတွေကိုပါ ငါချစ်တတ်ရမယ်ဆိုတဲ့စိတ်နဲ့ ကျနော် ပေါ့ပါးလွတ်လပ်ချမ်းမြေ့လိုက်မိတယ်။ အဲဒီလိုအခိုက်အတန့် မှာတော့ ကျနော့်စိတ်တွေဟာ တကယ့်ကို ပေါ့ပါးလွန်းခဲ့တယ်။ ဖြူစင်လွန်းခဲ့တယ်။

နောက်တော့လည်း ကျနော့်စိတ်တွေဟာ ပြန်လည်ညစ်ထေးလာရပြန်တာပေါ့လေ။
ဒီလို ကိုယ့်စိတ်ကို ဖြူစင်အောင် လျပ်တပျက်အတွင်း လျော်ဖွပ်နိုင်ခဲ့တဲ့အတွေ့ အကြုံကို ကျနော် သေတဲ့အထိ မေ့နိုင်မှာမဟုတ်ပါဘူး။

ဒီကနေ့  ဂျပန်ဟိုက္ကူကဗျာဆရာ ဗသျှိုး ရဲ့ ခရီးသွားမှတ်တမ်းတပိုင်းတစကို ကျနော်တင်ပေးလိုက်ပါတယ်။ ဗသျှိုးက သူ့ ခရီးသွားမှတ်တမ်းကိုရေးတဲ့အခါ ကျနော့်လိုပဲ မကြာခဏ စိတ်ကိုလျော်ဖွပ်နိုင်တဲ့အခွင့်အရေး မုချရခဲ့ဟန်တူတယ်လို့ ကျနော်ယုံကြည်နေမိတယ်။ သူ့ မှတ်တမ်းကို ကျနော် အကြိမ်ကြိမ်ဖတ်တယ်။ ဖတ်မိတဲ့အချိန်တိုင်းလည်း သူဟာ ငါ့လိုများ စိတ်ကိုလျော်ဖွပ်တဲ့အခွင့်အရေး ရခဲ့မလားဆိုတဲ့အတွေး ကျနော်တွေးမိတာချည်းပါပဲ။ မိတ်ဆွေတွေဖတ်ကြည့်ပါ။ ဒီ ဗသျှိုးရဲ့ စာပုဒ်တပုဒ်ကို သေသေချာချာစိတ်နဲ့ ဖတ်မယ်၊ သူခေါ်ရာနောက် တကယ်လိုက်မယ်၊ သူလက်ညှိုးညွှန်ရာ စိတ်ပါလက်ပါလိုက်ကြည့်မယ်ဆိုရင် ခင်ဗျားတို့ လည်း စိတ်ကိုအထိုက်အလျောက် လျော်ဖွပ်နေမိလျက်သားဖြစ်နေမှာပါပဲ။

ကဲ ကျနော်က ထုံးစံအတိုင်း စကားကြောတွေရှည်မိပြန်ပြီ။ ဒီလောက်ပါပဲ...။ စာဖတ်သူများ သဘာဝပတ်ဝန်းကျင်ကို ချစ်နိုင်ကြပါစေ။ လူတွေအပေါ် ချစ်နိုင်ကြပါစေ။ ရန်သူများအပေါ် ချစ်နိုင်ကြပါစေ...။



မတ်ဆုရှိမ

မွန်းတည့်လု ရှိပြီ။ ဒါနဲ့ လှေတစင်းငှါးပြီး ထင်းရှူးပင်လွှမ်းတဲ့ မတ်ဆုရှိမ ကျွန်းများဆီ ထွက်ခဲ့ကြတယ်။ ရေကိုဖြတ် ငါးမိုင်လောက်သွားပြီးတဲ့နောက် နောက်ဆုံးမှာတော့ အိုဂျိမ ကမ်းပေါ်တက်ခဲ့ကြပေါ့။
မတ်ဆုရှိမ ဟာဖြင့် ဂျပန်တပြည်လုံးမှာ အလှဆုံးအရပ်ပါပဲလို့ ပြောခဲ့ကြလှပါပြီ။ တရုပ်ပြည်က တုန်တင်အိုင် ဆီအိုင် တို့ နဲ့ အလွယ်ပဲ နင်လားငါလား ရပ်တည်နိုင်ပါတယ်။ အရှေ့ တောင်ဘက်မှာ ပင်လယ်ဆီပွင့်နေကာ၊ ပင်လယ်အော်ဟာ ခုနှစ်မိုင်ကျော်ကျယ်ဝန်းပြီး ရေပြည့်လျှံနေတယ်။ တရုပ်ပြည်ရဲ့ စီအန်တန်မြစ်လိုပဲ။
ကျွန်းတွေက မရေမတွက်နိုင်အောင်ပါပဲ။ တချို့ က မြင့်မြင့်မားမား မိုးပေါ်ညွှန်နေတဲ့ လက်ညှိုးတွေလိုပဲ။ တချို့ က လှိုင်းတွေပေါ် အားလျားမှောက်နေကြတယ်။ တချို့ က ဘယ်ဘက်ခွဲထွက်လိုက် ညာဘက်ပြန့် ကားသွားလိုက်နဲ့ နှစ်ကျွန်းတတွဲ သုံးကျွန်းတတွဲ စုနေကြတယ်။ တချို့ ကတော့ မိဘတွေ ဘိုးဘွားတွေနှယ် ကလေးငယ်တွေ ကြောမှာပိုးကာ ရင်မှာပွေ့ ကာနဲ့ ။

ထင်းရှူးပင်တွေက မှိုင်းညို အစိမ်းရင့်။ သူတို့ ရဲ့အကိုင်းအခက်တွေကို ဆားငန်ပင်လယ်လေတို့ က သဘာဝအလှသဏ္ဍာန်များဖြစ်အောင် ကွေးညွတ်ပေးတယ်။ မာယာကြောင့် ပိုလို့ တောင်လှသွားရတဲ့ မိန်းမလှတဦးနှယ် နက်နဲတဲ့အလှ ရှိတယ်။

ရှေးအတီတေ နတ်ဗြဟ္မာတို့ ခေတ်က တောင်တန်းသခင်နတ်မင်းက ဒီကျွန်းတွေကို ဖန်ဆင်းခဲ့လေရော့သလား။ အော် စင်္ကြာဝဠာဖန်ဆင်းသူရဲ့ အံ့ဘွယ် ဒီနတ်လက်ရာကို ဘယ်သူ စုတ်တံနဲ့ ရေးမီနိုင်ပါ့မလဲ။ တကယ်က ပြည်မနဲ့ ဆက်နေပါတယ်။ အဲဒီမှာ ဈာန်ဆရာတော် အွန်ဂေါရဲ့ ကျောင်းသင်္ခန်းနေရာနဲ့ သူကမ္မဌါန်းထိုင်ရာ ကျောက်တုံးကို မြင်ခဲ့ကြရတယ်။ ထင်းရှူးပင်တွေကြားမှာ လောကကြီးကို ရှောင်ထွက်ကာ ဧကစာကျင့်ရာ နေရာပုန်းကလေးများ မကြာမကြာဆိုသလို တွေ့ ကြရတယ်။ သက်ကယ်မိုးက ထင်းရှူးရွက် ထင်းရှူးသီး မီးခိုးတလူလူနဲ့ ဒီလို ကျောင်းသင်္ခန်းလေးတခုရဲ့ ငြိမ်းချမ်းမှု အေးစိမ့် မှုကို ကြည်နုးမိတာနဲ့ တဲရှင်ကို မသိပေမယ့် ဝင်တွေ့ လိုက်ကြတယ်။ အဲဒီလို နေကြတုန်း လ ထွက်လာကာ ရေပြင်ပေါ် ဝင်းပနေတော့တယ်။ နေ့ ခင်းမှာ မြင်ရတာနဲ့ မတူတဲ့ မြင်ကွင်းတခု ဖေါ်ကျူးနေသပ။

ကမ်းခြေကိုပြန်လာကာ တည်းခိုခန်းတခုမှာ တည်းလိုက်တယ်။ ငါ့အခန်းက အပေါ်ထပ်မှာ ပင်လယ်ဘက်ပြတင်းပေါက် ပွင့်လို့ ။ လေတွေ တိမ်တွေနဲ့ တသားတည်း လျောင်းစက်နေမိရာ ထုးထူးကဲကဲ ခံစားမှုတရပ်ကို ခံစားမိရတော့တယ်။

ထင်းရှူးပင်ကျွန်းဆီ
ပျံဖို့  ကြိုးကြာ တောင်ပံ လိုလိမ့်
ဥသြငှက်ငဲ့။

ဒီကဗျာကို ဆောရ စပ်တာပါ။ ငါဘာမှ မရေးဖြစ်ဘူး။ အိပ်လို့ လည်းမရဘူး။ ငါ့ သင်္ခန်းကျောင်းဟောင်းက ထွက်လာစဉ်က ဆောဒိုးက မတ်ဆုရှိမဖွဲ့  တရုပ်လိုကဗျာတပုဒ်၊ ဟုရအန်တေကိက ‘ကမ်းပေါ်မှာ ထင်းရှူးပင်နဲ့ ကျွန်းများ‛ ဆိုတဲ့ ပါဒပါတဲ့ ဝက တပုဒ်၊ စမ္ပူနဲ့ ဒကုရှိတိုက ဟိုက္ကူတပုဒ်ပေးလိုက်ကြတယ်။ ငါ့ အိပ်ကိုဖွင့် ကဗျာတွေထုတ်ကာ အဖေါ်လုပ်လိုက်ရတယ်။ ။

(ဆရာ မောင်သာနိုး ဘာသာပြန်ထုတ်ဝေတဲ့ ‘ဟိုက္ကု ကဗျာခရီးသည် ဗသျှိုး‛ စာအုပ်မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။ )

ငြိမ်းဝေ


January 21, 2010

ရေချိုးပေးလို့ လည်းမလုံလောက် ဆပ်ပြာတိုက်ပေးလို့ လည်း မလုံလောက်


(က)
အနုရသစာပေနယ်ပယ်တွင် စာရေးသူ၏ဘဝနှင့်သူ့ အနုရသစာပေကို တွဲပြီးခံစားရမည်ဟု ယူဆသူရှိသလို ခွဲပြီးမှခံစားရမည်ဟု ယူဆသူလည်းရှိသည်။ ကျနော်ကတော့ စာရေးသူ၏ဘဝနှင့် သူ့ အနုရသစာပေကို ခွဲပြီးမခံစားချင်ပါ။ တွဲပြီးမှသာ ခံစားကြည့်ချင်သည်။ ဥပမာအားဖြင့်ဆိုလျင် ရုရှားကဗျာဆရာမ ‘မာရီနာ စဗက်ထရေဗါ‛ ၊ အမေရိကန်ကဗျာဆရာမ ‘ဆစ်ဗီယာ ပလပ်‛တို့ ၏ကဗျာများကို ကျနော်က ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြသူများဖြစ်သည်ဟူသော သူတို့ ဘဝအထုပ္ပတ္တိနှင့်တွဲပြီးမှ ပိုပြီးခံစားနားလည်လို့ ရနိုင်ခဲ့သည်ဟု ယူဆမိသည်။ သည်လိုပါပဲ။ ဆရာမြို့ မငြိမ်း ကိုလည်း ကားတစင်းအောက် ပြေးဝင်လိုက်သည့် သူ့ ဘဝနိဂုံးနှင့်တွဲပြီး သူ့ သီချင်းများကို ကျနော်ပိုပြီးလေးနက်ခဲ့မိ၏။ ယခုလည်း ရုရှားကဗျာဆရာကျော် ‘မာယာကော့ဗ်စကီး‛ ကိုလည်း သူ့ ဘဝနိဂုံးပိုင်းနှင့်တွဲကာ သူ့ ကဗျာများကို ကျနော်ပိုပြီး ခံစားလက်ခံလို့ ရနိုင်ခဲ့သည်ဟု ယူဆမိသည်။ သူက သူ့ ကိုယ်သူ အဆုံးမစီရင်ခင် သေတမ်းစာထဲ၌ ဤသို့ ရေးသွားခဲ့၏။


အဖြစ်အပျက်က အဆုံးသတ်သွားပါပြီ
အချစ်လှေ...
ဓလေ့ထုံးစံကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်ခဲ့ပြီ‛ ဟု သူ့ ရင်ခုန်သံကို ကမ္ဘာကြီးတခုလုံးကြားအောင် ပြောသွားခဲ့ ရေးခဲ့၏။ ထို သေတမ်းစာ အတိုအထွာ လေးသည်ပင် သူ့ ကဗျာများကို နောက်ထပ် အကြိမ်ကြိမ်အခါခါ သို့ မဟုတ် ကျနော့်ဘဝ နောက်ဆုံးအချိန်များအထိ တခုတ်တရဖတ်ဖို့  သေချာသွားစေသော နတ်တမာန်တို့ ၏တွန်းအားအဖြစ် ကျနော် ယုံကြည်လိုက်မိသည်။ ထို့ ကြောင့် သူ့ ဘဝတစိတ်တပိုင်းပင်ဖြစ်ပစေ သူကိုယ်တိုင်ရေးခဲ့သည့် သူ့ မှတ်တမ်းစာအုပ်ကလေး“ကျွန်ုပ်နှင့် ကျွန်ုပ်အကြောင်း” ကို ကျနော် စိတ်ပါလက်ပါဖတ်ခဲ့သည်။ စာအုပ်တအုပ်လုံးဆုံးတော့ သူ မသေမီရေးခဲ့သည့် သူ့ သေတမ်းစာက ကျနော့်အယူအဆကို အမှန်တကယ်ပင် ပိုပြီးခိုင်မာစေလိုက်၏။

(ခ)
မာယာကော့ဗ်စကီး က သူ့ မွေးနေ့ နှင့်ပတ်သက်ပြီး ၁၈၉၄ ဇူလိုင်လ ၇ ရက်ဟုရေးခဲ့၏။ တဆက်တည်းဆိုသလို သူ့ မွေးနေ့ မှာ သူ့ မိခင်ပြောပြသောနေ့ နှင့် သူ့ ဖခင်၏မှတ်တမ်းစာအုပ်ပါနေ့ စွဲ နှင့်တထပ်တည်းမကျသည်ကိုလည်းထည့်ပြီးရေး၏။ထိုအခါ ကျနော့်မွေးနေ့ နှင့်ပတ်သက်သည့် အခက်အခဲတခုကိုလည်း ကျနော်သွားတွေးမိသည်။ ကျနော့် မွေးနေ့ အင်္ဂလိပ်နေ့ စွဲမှာ ၄-၄-၄၇ ၊ ကြာသပတေးနေ့ ဖြစ်၏။ ဤနေ့ စွဲဖြင့်ပင် ကျနော်ကျောင်းတက်ခဲ့သည်။ အလုပ်လျောက်ခဲ့သည်။ သို့ သော် မြန်မာ နှစ်တစ်ရာပြက္ခဒိန်တွင်မူ ယင်းမွေးနေ့ နှင့် ကြာသပတေးနေ့ ဆိုသည်မှာ တထပ်တည်းမကျ။ ကျနော်က မွေးနေ့ နေ့ စွဲကို အတည်ယူလျင် ကြာသပတေးနေ့ ဆိုသည်ကိုစွန့် လွှတ်ရမည်။ ကြာသပတေးနေ့ ကိုအတည်ယူလျင် ၄-၄-၄၇ မွေးနေ့ ကို စွန့် ရမည်။ ယခု မာယာကော့ဗ်စကီး၏ မှတ်တမ်းလာ မွေးနေ့ နေ့ စွဲကိုဖတ်တော့ မဆီမဆိုင် ကိုယ့်မွေးနေ့ အခက်အခဲကိုတွေးကာ ပြုံးလိုက်မိသေးသည်။

မာယာကော့ဗ်စကီးက သူ့ မှတ်တမ်းတွင် ‘ရိုမန်းတစ်ဝါဒဇစ်မြစ်များ‛ ဟု ခေါင်းစဉ်တပ်ကာ သူ့ ငယ်စဉ်ဘဝကို စပြီးရေး၏။ တကယ်လည်း သူ့ မှတ်တမ်းအစ ရေးပုံသားပုံက ရိုမန်းတစ်ဆန်လွန်း၏။ ဥပမာ...သူ မွေးဖွားရာဒေသ သူ့ အိမ်၏ပတ်ဝန်းကျင်ကို သူက ‘ဘက်ခ်ျဒါဒီ အနီးတွင်ေ၈ျာ်ဂျီယာခံတပ်ရှိသည်။ ခံတပ်ကား လေးဘက်လေးတန်တွင် မြို့ ရိုးများဖြင့် ခုခံကာကွယ်ရန် ဆောက်လုပ်ထားသည်။ ထောင့်တိုင်းထောင့်တိုင်းတွင် အမြောက်များတင်ထားသည်။ မြို့ ရိုးတိုင်းတွင်လည်း ပြအိုးများရှိသည်။ ပြအိုးများ၏ ဟိုမှာဘက်တွင် ကျုံး၊ ကျုံး၏ဟိုမှာဘက်တွင် တောများနှင့်ခွေးအများ။ တောတန်းများ၏ဟိုမှာဘက်တွင် တောင်ကတုံးများ။ ကျွနုပ်ကြီးလာသောအခါ ခံတပ်ထဲက အမြင့်ဆုံးနေရာများဆီ တက်ရောက်ခဲ့သည်။ ခံတပ်၏မြောက်ဘက်တွင် တောင်ကတုံးများ နိမ့်ဆင်းသွားသည်။ မြောက်ဘက်တွင်မူ တောင်ကတုံးများကြားဝယ် ကွက်လပ်များဖြစ်လျက်ရှိနေသည်။ ‛ ဟု အင်မတန်လှပသေသပ်စွာ လွမ်းပြခဲ့၏။ (မှတ်ချက်။ ။မာယာကော့ဗ်စကီးက သူ့ မှတ်တမ်းအစကို ရိုမန်းတစ်ဝါဒဇစ်မြစ်များ ဟု ခေါင်းစဉ်တပ်ပြီးရေးသော်လည်း သူ့ ကို မည်သူကမျှ ရိုမန်းတစ်ဝါဒီဟု မမြင်ကြပါ။ သူ့ ကို အနာဂါတ်ဝါဒီတဦးအဖြစ်သာ မြင်ကြ၏။)

မာယာကော့ဗ်စကီးက သူ့ ငယ်ဘဝ ပထမဆုံးဖတ်ရသည့်စာအုပ်များထဲတွင် ‘ဆာ အာသာကိုနင်ဒွိုင်း ‛၏ ‘ဒွန်ကွီစုတ်‛ စာအုပ်ကိုဖတ်ကာ သူ့ ကိုယ်သူ ချပ်ဝတ်တန်ဆာဝတ်သူရဲကောင်းတဦးလို ဝတ်စားကစားခဲ့သည်ကို ရေး၏။ နောင် သူ့ အသက် (၂၀) ဝန်းကျင်တွင်ရေးသည့် အနာဂါတ်ဝါဒကြေညာစာတမ်းဟုပင် တင်စားပြောဆိုခံရသည့် နာမည်ကျော် “ဘောင်းဘီဝတ်မိုးတိမ်” ကဗျာရှည်ထဲ၌ သူသည် လူ့ အဖွဲ့ အစည်းဟောင်းကို အပြင်းအထန်လှောင်ပြောင်သည့်ကဗျာပိုဒ်များထည့်ရေးခဲ့၏။ အမှန်စင်စစ် လူ့ အဖွဲ့ အစည်းတခု၏ ကမေါက်ကမဖြစ်မှုများကို လှောင်ပြောင်ထားသည့် ယင်း “ဒွန်ကွီစုတ်” စာအုပ်မှာ ငယ်စဉ်ကတည်းက သူ့ အပေါ်လွှမ်းမိုးခဲ့သည်လောဟု ကျနော်တွေးမိသည်။

မာယာကော့ဗ်စကီးကိုယ်တိုင်ကလည်း သူ့ စရိုက်သူ့ ခံစားချက်ကို သူ့ မှတ်တမ်းထဲ၌ အခုလိုရေးခဲ့၏။ “တခါမက စိတ်ကူးပေါက်ခဲ့သည်မှာ အဟောင်းတိုင်းကို အူလှိုက်သဲလှိုက်မုန်းပစ်မည်။ အရာရာတိုင်းသည်လည်းကောင်း၊ ဆလိုဗိုနစ်တိုင်းသည်လည်းကောင်း၊ ဘုရားရှိခိုးကျောင်းများနှင့် ပါဝင်ပတ်သက်နေသည် မဟုတ်လား။ ဒါ ကျွန်ုပ်၏အနာဂတ်ဝါဒ၊ ကျွန်ုပ်၏ဘုရားမဲ့ဝါဒ။ နောက် ကျွန်ုပ်၏ နိုင်ငံတကာဝါဒများ မြစ်ဖျားခံရာ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု အတိအကျပင် မာယာကော့ဗ်စကီးရေးခဲ့၏။

မာယာကော့ဗ်စကီး၏အမဖြစ်သူ အိမ်ကိုခဏပြန်လာစဉ် တော်လှန်ရေးနှင့်ပတ်သက်သောအကြောင်းအရာများကို ကဗျာဖြင့်ရေးထားသည့် စာရွက်စာတမ်းများ သူ့ အတွက်ယူလာခဲ့၏။ မာယာကော့ဗ်စကီး စွဲလန်းသွားခဲ့ရသည့်စာရွက်စာတမ်းများဖြစ်၏။ သူက ထိုအဖြစ်အပျက်ကို “ဘာ့ကြောင့်မှန်းမသိ ကဗျာလင်္ကာနှင့် တော်လှန်ရေးသည်အတူတူ ဆက်စပ်နေကြောင်း ကျွန်ုပ်စိတ်ထဲ ရောက်လာလေသည်” ဟု တခုတ်တရ ထည့်ရေးခဲ့၏။
ဖခင်သေဆုံးပြီးသောအခါ မာယာကော့ဗ်စကီး၏မှတ်တမ်းအရပြောရပါက သူ့ မိသားစုမှာ ဆင်းရဲနွမ်းပါးလွန်းခဲ့သည်ဟုဆိုရပါမည်။ စားပွဲကုလားထိုင်များကိုပင် ရောင်းချစားသောက်ခဲ့ရ၏။ မော်စကိုသို့ ပြောင်းရွှေ့ ခဲ့ရ၏။သူသည် မူလတန်းအဆင့်ကို အမှတ်အနည်းဆုံးနှင့်အောင်ခဲ့သည်။ သို့ သော် ဟေဂယ်လ်၊ သဘာဝသိပ္ပံ၊ ဒဿနိကနှင့် မာ့က်စ်ဝါဒစာအုပ်များကို စတင်ဖတ်ခွင့်ရသည်။ တရားမဝင်သောစာအုပ်များကို စာသင်ခန်းထဲမှာပင် လှို့ ဝှက်စွာ သူဖတ်ခဲ့ရသည်။ အထူးသဖြင့် လီနင်၏ ‘နည်းပရိယာယ်နှစ်သွယ်‛ စာအုပ်ကိုဖတ်ရသည့်အကြောင်း သူ့ မှတ်တမ်းထဲ၌ထည့်ရေးခဲ့၏။

သူသည် မုန့် ဖုတ်သမားများ၊ ဖိနပ်ချုပ်သမားများ၊ ပုံနှိပ်တိုက်အလုပ်သမားများကြားတွင် ကျင်လည်ခဲ့ရသည်။ ဘဝမျိုးစုံဖြတ်သန်းခဲ့ရသည်။ ဗော်ရှီဗစ်တဦးဖြစ်လာခဲ့သည်။ နေရာအနှံ့ ခရီးဆန့် ခဲ့သည်။ သို့ သော် ဇာဘုရင်၏နယ်မြေခံအာဏာပိုင်များက သူ့ ကို အမြဲစေါင့်ကြည့်ခဲ့နေခဲ့၏။ သူ့ ကဗျာများကို ထိုစဉ်က တကြောင်းတပါဒမျှ ထည့်သွင်းဖေါ်ပြခြင်းမပြုရဲကြ။ စာပေရေးရာကိစ္စတွင် သူသည် ဂန္ထဝင်လက်ရာများကို ထိုးနှက်ဝေဖန်ခဲ့၏။ ထို့ နောက် သူ အဖမ်းခံရသည်။ သုံးနှစ်သုံးမိုး နယ်နှင်ဒဏ်ခံရသည်။ ထို့ နောက် ဆိုရှယ်လစ်စာပေကိုစိတ်ဝင်စားသည်။ ဆိုရှယ်လစ်စာပေသမားဖြစ်လာခဲ့သည်။ကဗျာဆရာတယောက်အဖြစ် လူလားမြောက်လာခဲ့သည်။

သူ၏ နာမည်ကျော်ကြားလှသော “ဘောင်းဘီဝတ်မိုးတိမ်” ကဗျာရှည်ကို ထုတ်ဝေသောအခါ အာဏာပိုင်များက ဖြတ်တောက် မှင်တားပြီးမှ ထုတ်ဝေခွင့်ပြုခဲ့သည်။ ကဗျာရွတ်ပွဲများဆက်တိုက်လုပ်သည်။ ပြဇာတ်များရေးသည်။ နောက်တော့သတင်းစာဆရာဖြစ်လာပြန်သည်။ သူ့ ကဗျာတွေထဲ၌ ဗျူရိုကရက်ဆန့် ကျင်ရေးများ ထုနှင့်ထည်နှင့်တွေ့ လာရ၏။ လူ့ အဖွဲ့ အစည်းဟောင်း၏ အနာအဆာများကို သူက ကဗျာထဲ၌ မညှာမတာ ကန့် ကွက်ရှုံ့ ချခဲ့၏။
ကွန်မြူနစ်အုပ်ချုပ်ရေးယန္တယားကြီးအောက်တွင် သူသည် ကြောင်တအုပ်နှင့်ကြွက်တကောင်လိုဖြစ်ခဲ့ရသည်ဟု ကျနော်ယူဆမိသည်။ သူက သူ၏ “ကြွေးကြော်သံ” ကဗျာထဲ၌...

ဗျူရိုကရက် တအုပ်တမကြီးကို
သန့် စင်ပစ်ဖို့  မလွယ်ပ
ရေချိုးပေးလို့ လည်း မလုံလောက်
ဆပ်ပြာတိုက်ပေးလို့ လည်း မလုံလောက်
နောက်..အဲဒီ ဗျူရိုကရက်တွေပေါ့
သက်သက်သာသာ အဝေဖန်ခံရ
အထောက်အပံ့တွေတောင် ပေးခံနေရရဲ့‛ ဟု ထည့်သွင်းရေးဖွဲ့ ခဲ့လေသည်။

(ဂ)
ရုရှား အနာဂတ်ဝါဒီကဗျာဆရာကျော် “ဗလာဒီမာ မာယာကော့ဗ်စကီး”သည် ၁၉၃၄ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ သူက “ကျွန်ုပ်နှင့် ကျွန်ုပ်အကြောင်း” အမည်ဖြင့် သူ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို သူကိုယ်တိုင်ပြန်ရေးခဲ့၏။

သူ့ ကို ဆိုဗီယက်ကမ္ဘာတခုလုံးက တော်လှန်သောသံမဏိကဗျာဆရာအဖြစ်လေးစားကြ၏။ သို့ သော် သူနှင့်အယူအဆမတူကြသူတချို့ ၏ သူ့ အပေါ်ပြောဆိုထားရှိခဲ့သည့်စကားများကလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဥပမာ ဆိုဗီယက်သံကွန်ခြာကြီးထဲပိတ်မိကာ လင်သေသားဆုံးဘဝနှင့်နေခဲ့ရသည့် ကျော်ကြားလှသည့် ရုရှားကဗျာဆရာမ “အက်ခ်မာတော်ဗါ”က သူ့ ကို “အချစ်ဆုံး ရန်သူ” ဟူသောစကားလုံးဖြင့် သူ့ အပေါ်နွေးထွေးခဲ့၏။ တခါ ဒေါက်တာဇီးဗားဂိုး ဝတ္ထုကြီးဖြင့် စာပေနိုဗယ်ဆုရခဲ့သူ ရုရှားကဗျာဆရာ“ပက်စတာနတ်” ကလည်း သူ့ ကို “အလကား ခွန်အားတွေဖြုန်းတီးနေတဲ့သူ” ဆိုပြီး သူ့ အပေါ် သူ့ ကြိုးပမ်းချက်ကြီးမားမှုများအပေါ် ချစ်ခင်စွာအပစ်တင်ခဲ့ဖူး၏။

ယခု မာယာကော့ဗ်စကီး၏ ကိုယ်တိုင်ရေးစာအုပ်ကို ဆရာ‘လေးကိုတင်‛ က မြန်မာဘာသာပြန်ပြီး မြန်မာစာဖတ်ပရိဿဒ်ကို ကျေးဇူးပြုထား၏။ ကျနော်တို့ ကျေးဇူးမတင်ပဲ နေလို့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။
ကျနော်တို့ သည် ကမ္ဘာကျော်ပုဂိုလ်များ၏ အထုပ္ပတ္တိစာအုပ်များကိုဖတ်ကာ မိမိ၏အယူအဆဘဏ္ဍာတိုက်အတွင်း ရွှေရောင်ဝင်းလက်သည့် နောက်ထပ်အယူအဆကောင်းများ ထပ်မံသိုမှီးနိုင်ကောင်း၏ဟု ယုံကြည်မိလေ၏။ ။

( ဤဝတ္ထုဆန်သောဆောင်ပါးမှာ ဧရာဝတီအင်တာနက်ဝက်ဘ်ဆိုဒ်အတွက်ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ စာအုပ်စင်ကဏ္ဍအတွက်ရေးခဲ့တာပါ။)

ငြိမ်းဝေ

January 19, 2010

ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ


ဒီကနေ့  ကျနော်ကဗျာတပုဒ်တင်လိုက်ပါတယ်။ လွန်ခဲ့တဲ့ (၁၇)နှစ်လောက်က ရေးခဲ့တဲ့ကဗျာပါ။ ကျနော့်ဘလော့မှာလည်းတင်ခဲ့ပြီးပါပြီ။ ၁၉၉၂ ခု၊ အောက်တိုဘာလမှာထုတ်ဝေခဲ့တဲ့ ကရင်အမျိုးသမီးအစည်းအရုံး မဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ကဗျာပါ။ တော်တော့ကို ဟောင်းခဲ့ပြီပေါ့ဗျာ။
ကျနော်က ၁၉၉၂ ခု၊ ဇွန်လထဲမှာ ဟိုတုန်းက တော်လှန်ရေးဌါနချုပ်ဖြစ်တဲ့ မာနယ်ပလောကို ရောက်ပါတယ်။ ရောက်စက သောင်ရင်းမြစ်တဖက်ကမ်းတောထဲက KNU ရဲ့ ရိက္ခာဂိုဒေါင်တွေမှာ ဆန်သွားထမ်းရပါတယ်။ ဒီတုန်းက မဟာမိတ်အဖွဲ့ အစည်းအားလုံးအတွက် အဓိကရိက္ခာကို KNU ကပဲ ထောက်ပံ့ကူညီခဲ့တာပါ။ အဲဒီမှာ သောင်ရင်းမြစ်ထဲ ဆန်တင်တဲ့စက်လှေပေါ်လိုက်လာရင်း ကမ်းနားမှာ ပင်လုံးကျွတ်ပန်းတွေပွင့်နေတဲ့ သစ်ပင်တပင်ကိုတွေ့ ပြီး ဒီကဗျာကို ရေးခဲ့တာပါ။ ရဲဘော်တွေ တပျော်တပါးကြီး ဆန်ထမ်းကြတာကို တွေ့ ပြီး နည်းနည်း ပျော်သွားတယ်နဲ့ လည်းတူပါရဲ့။ သရုပ်ဖေါ်ပုံထဲမှာတွေ့ ရတဲ့ နောက်ခံတောင်ကြီးက ကဗျာထဲမှာပါတဲ့ ဘောနော်လေးတောင်ကြီးပါပဲ။ဒီပုံကို လုပ်ကြံခံရလို့ ကျဆုံးသွားရတဲ့ ပဒိုမန်းရှာရဲ့ အိမ်ကုန်းပေါ်ကတဆင့် ကျနော်ကိုယ်တိုင်လှမ်းရိုက်ထားတဲ့ ဓါတ်ပုံပါ။ ဒီဓါတ်ပုံကလည်း မာနယ်ပလောရဲ့သင်္ကေတတခုလိုခံစားရတဲ့ ဓါတ်ပုံတခုအဖြစ် ကျနော်အမြတ်တနိုးသိမ်းဆည်းထားခဲ့ရတဲ့ ဓါတ်ပုံလေးပါပဲ။ ကြာတော့ကြာခဲ့ပြီပေါ့လေ။ ဒါပေမယ့် ကျနော့်အဖို့ တော့မကြာသေးပါဘူး။ မနေ့ တနေ့ ကလို့ ပဲ လန်းဆတ်နေတဲ့ ကဗျာလေးပါပဲ။
ပြန်လည်တူးဖေါ်ခံစားကြည့်တဲ့သဘောပါပဲ။ သီးခံပြီးသာ ဖတ်ကြပေါ့ဗျာ။



(၁)
နံနက်ခင်း
ပြတင်းကို ဖွင့်ရင်
တောင်ကို မြင်ရမယ်။

တောင်ထိပ်မှာ
ဂန္တ၀င်ဆန်တဲ့ မြူခိုးတွေ
တနွဲ့ နွဲ့ ခွေရစ် ရိုမန်းတစ် ကဗျာ။

ကြားရဦးမယ်
မယ်တုက္ခီစမ်းချောင်းထဲက ရေကျသံ
ရဟန်းပျို သမဂ္ဂကုန်းတော်ပေါ်က ကြေးစည်သံ
နံနက်ခင်း
ထမင်းစားရုံဖက်က ၀ါးခေါက်သံ
တော်လှန်ရေး ရေကင်းသံ
ကာရန်စည်းချက် ချစ်မက်ဖွယ်ရာ။

ဒီမှာ
ပင်လုံးညွှတ်ပွင့်တဲ့ ပန်းတပင်
မြင်ရခြင်းမျိုး
နေရကျိုး သေရကျိုးနပ်စွာ
ငါ့ကို သူတို့စွန့့် ခွါသွားခဲ့ကြ။

ဒီမှာ
ငါတို့ ရုံးရှေ့ က
“ဒေါ်အောင်ဆန်းစုကြည် လမ်းကလေး”
လေနုအေးက နော့ဆဲကို။

ဒီမှာ
“အဖြူထဲမှာ အဖြူကိုရှာရ
အနက်ထဲမှာ အနက်ကိုရှာရ”
တခါတရံ ကိုယ့်ကိုယ်ကို ရှာရ
မကြာခဏလဲကျ ပြန်ထ။

ဒီမှာ
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
ရာဇ၀င်စံနှုန်း
လက်သစ်တောင်တာ
ယူဇနာဆုံးစေတော့
ယူကြုံးမရ နာကျည်းလက်ခံ
ဖါးစည်သံဟိန်း။

ဒီမှာ
ငါဟာ ကဗျာဆရာတဦးပါ
ခေါင်းရွက်ဗျတ်ထိုး ဈေးသည်မရဲ့ ချစ်သူပါ
အနာဂတံဝါဒီ အိပ်မက်ကုန်စည် ကူးသူပါ
“မောင်သော်က”ရဲ့
မီးခြစ်တဆံနဲ့ အလံတခု ထောင်ခဲ့သူပါ။

(၂)
ဘောနော်လေးရဲ့ ဆည်းဆာအတွက်
အိုမာခရမ်ရဲ့
နှင်းဆီတထောင် ယူဆောင်လာတဲ့ နံနက်ခင်း
ငါ ငြင်းဆန်လိုက်ပြီ မဒေ၀ီ။ ။

(ကရင်အမျိုးသမီးအစည်းအရုံးမဂ္ဂဇင်းမှ ၁၉၉၂-အောက်တိုဘာလ )

ငြိမ်းဝေ


January 15, 2010

ပိတောက်တွေလှိုင်တဲ့နှစ် ခမေါက်တွေနိုင်တဲ့ခေတ်


(က)
ကျနော်တို့ လူစု ခမောက်ကြီးအောက်တွင် ဝိုင်းစုပြီးထိုင်နေကြသည်။ခမောက်ကြီးမှာ လူ သုံးဆယ်ခန့် ထိုင်နေကြသည့်တိုင် လုံခြုံသည့်အမိုးဖြစ်နေသေး၏။ ခမောက်ကြီးအောက်တွင် ထိုင်နေရင်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းကို ကျနော်တွေးမိသည်။ သူက အကြံကောင်း၏။ ဝါးခမောက်ကြီးတခုကို ယာယီတဲ၏အမိုးအဖြစ်တင်ထားရန် စိတ်ကူးခဲ့သူဖြစ်သည်။ ကျနော်တို့ အဖွဲ့ ချုပ်၏ ရွေးကောက်ပွဲသင်္ကေတမှာ ခမောက်ဖြစ်သည်။ ထို့ ကြောင့် ယာယီတဲ၏အမိုးအဖြစ် ဝါးခမောက်ကြီးတခုလုပ်ပြီးတင်ထားရန် စိတ်ကူးခဲ့သူ ဦးခင်မောင်ဝင်း၏အကြံကိုပြန်တွေးကာ ကျနော် ပြုံးမိသည်။


ဝါးခမောက်ကြီးမိုးထားသည့် စည်းရုံးလှုံ့ ဆော်ရေးယာယီတဲမှာ မဲရုံနှင့် ကိုက်(၁၅၀) အကွာခန့် တွင်ရှိသည်။ မဲရုံနှင့်ကိုက်(၁၀၀)အတွင်း မဲဆွယ်စည်းရုံးခြင်းမပြုရဟူသည့် ရွေးကောက်ပွဲဥပဒေအရ ကျနော်တို့ က မဲရုံနှင့်ကိုက်(၁၅၀)အကွာခန် အကွာ ဥပဒေနှင့်လွတ်ကင်းသည့်နေရာ့တွင် မဲဆွယ်စည်းရုံးရေးယာယီတဲထိုးရန် ဆုံးဖြတ်ခဲ့ကြ၏။ တဲရှေ့ လက်ခုပ်တဖေါင်အမြင့်တွင် “ပိတောက်တွေလှိုင်တဲ့နှစ် ခမောက်တွေနိုင်တဲ့ခေတ်” ဟု ရေးထားသည့်ပိုစတာကြီးကို တဲ၏နဖူးစီးအဖြစ်ထောင်ထားလိုက်၏။ ကျနော်တို့ က တဲရှေ့နှင့် တဲအောက်တွင် ခုံတွေချကာ ထိုင်ကြသည်။ တဲရှေ့ မှဖြတ်ကျော်ကာ မဲရုံသို့ သွားကြသော မဲလာပေးသူများ ကို နှုတ်ဆက်ကြ မျက်နှာပြကြရသည်။ သို့ သော် ယခင်နေ့ များလိုတော့ အဖွဲ့ ချုပ်စည်းရုံးရေးစကားများကို ဓါတ်စက်နှင့်မပြောမဟောကြတော့ပဲ တဲအောက်တွင် ရေနွေးကြမ်းသောက်ရင်း အေးဆေးစွာထိုင်ကြ၏။ မဲထည့်မည့်နေ့ တွင် မည်သည့်ပြဿနာမျှမပေါ်ပေါက်စေရန် ဆူဆူညံညံပြောဟောစည်းရုံးသည့်အလုပ်ကို ရပ်ထားလိုက်ကြ၏။

“ကျနော်တို့ နိုင်မှာကတော့ သေချာသလောက်ပဲ၊ ဒါပေမယ့် ရှေ့ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ကျနော်တွေးလို့ မရဘူး၊ ကျနော်ကတော့ ရွေးကောက်ပွဲဟာ ပြဿနာအားလုံးကိုပြေလည်သွားစေမယ့်ကိစ္စလို့ တော့ ကျနော်မယုံကြည်မိဘူး”

ဦးခင်မောင်ဝင်း က မည်သူ့ ကိုမျှမကြည့်ပဲ မြေကြီးပေါ်ကို ခေါင်းငုံ့ ပြီး စိုက်ကြည့်နေသည်။ ကျနော်ပြောလိုက်သည့်စကားကိုမူ ခေါင်းငုံ့ ပြီးနားထောင်သည်မှအပ မည်သို့ မျှရုတ်တရက်ပြန်မပြောပဲနေခဲ့၏။
ဤ လေးငါးဆယ်ရက်အတွင်း ဦးခင်မောင်ဝင်း၏မျက်နှာမှာ သိသိသာသာ ချောင်ကျသွား၏။ နေ့ စဉ်ရက်ဆက် နယ်လှည့်ပြီး စည်းရုံးရေးဆင်းခဲ့ရသဖြင့် သူ့ မှာ အစားမှန် အအိပ်မှန်မရှိခဲ့။ နေလောင်ထားသည့် သူ့ နဖူးပြင်မှာ အညိုရောင်သန်းနေလေသည်။ အမြဲတန်းလိုလို သန့် ပြန့် သပ်ရပ်စွာ ဝတ်စားနေထိုင်တတ်သူဖြစ်သည့်တိုင် ဤရက်များအတွင်း၌သူသည်ဘိုသီဘတ်သီဝတ်စားသွားလာနေသည်ကို တွေ့ ခဲ့ရ၏။

“ဆရာပြောတာ ကျနော်နားလည်ပါတယ်၊ ကျနော်လည်း အချိန်တိုင်းလိုလို ဒါကိုပဲစဉ်းစားနေရတာပဲ၊ စည်းရုံးရေးဆင်းနေတဲ့တချိန်ထဲမှာ ငါတို့ နိုင်မှာကတော့ သေချာသလောက်ပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့အခါ ဆိုပြီးဆက်တွေးမိရင် ကျနော့်ရင်ထဲ တကယ်မရှင်းဘူး”

ကျောင်းဆရာဟောင်းဖြစ်သူ ကျနော့်ကို ဦးခင်မောင်ဝင်းက ဆရာဟူသောနာမ်စားဖြင့် သာခေါ်ဝေါ်ပြောဆိုတတ်၏။ သူနှင့်ကျနော်က အသက်ချင်းမတိမ်းမယိမ်း။ သူက ရဲဝန်ထမ်းဟောင်းတဦး။ ကျွဲပွဲမြို့ ရဲစခန်းတွင် စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူ။ အလုပ်မှဆေးပင်စင်နှင့်ထွက်ပြီးနောက် သစ်အရောင်းအဝယ်လုပ်ငန်းလုပ်ရင်း နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လာခဲ့သူ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တော့ သူက ကျွဲပွဲမြို့ သပိတ်ခေါင်းဆောင်။ ကျနော်က စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာသပိတ်စခန်း အမာခံတဦး။ အရေးတော်ပုံကာလနောက်ပိုင်း အုတ်တွင်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် အချိန်တိုင်းလိုလို သူနှင့်ကျနော် အတူတွဲပြီး အလုပ်လုပ်ခဲ့၏။ သူက မြို့ နယ် စည်းရုံးရေးကော်မီတီဥက္ကဌ။ ကျနော်က မြို့ နယ် ပြန်ကြားရေးနှင့်သုတေသနဌါနတာဝန်ခံ။ သူက ရဲဝန့် ပြတ်သားစွာ အလုပ်လုပ်တတ်သူ။ ကျနော်က ရှင်းလင်းဆွေးနွေး ဝါဒဖြန့် ချိရေးကို စိတ်အားထက်သန်သူ။ သူနှင့်ကျနော် ကျေးရွာတွေဆင်းခဲ့ကြသည်။ အခန်းအနားတွေလုပ်ခဲ့ကြသည်။ စာရွက်တွေ ဝေခဲ့ကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ၊ ကျနော့်စိတ်ထဲ ဆရာ့လိုပဲ မတင်မကျသဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေဆက်လုပ်ကြရမှာပဲမို့ လားဆရာ၊ ပြီးတော့ ရွေးကောက်ပွဲ ရှိသည်ဖြစ်ပစေ မရှိသည်ဖြစ်ပစေ ပါတီကတော့ရှိကိုရှိနေရမှာပဲမို့ လား၊ ဒါဆိုရင် သံသယတွေနောက်တန်းမှာထား လုပ်စရာရှိတာ လုပ်ကိုလုပ်ကြရတော့မှာပဲပေါ့၊ ဒီလိုတွေးလိုက်မှပဲ ရင်ထဲမှာပေါ့သွားတယ်လို့ ကျနော်ထင်မိတယ်”

မဲရုံက မဲပေးပြီးပြန်လာကြသည့် အမျိုးသမီးကြီးတအုပ်က ခမေါက်တဲကြီးရှေ့ ရောက်ကာမှ “ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ” ဟု သံပြိုင်အော်ဟစ်လိုက်ကြ၏။ ကျနော်တို့ က လမ်းပေါ်က သူတို့ လူအုပ်ကို ညာသံပေးကာ တုန့် ပြန်နှုတ်ဆက်လိုက်ကြသည်။

နေ့ တဝက်ကျော်လာခဲ့ပြီ။ မဲရုံရှေ့ တွင် မဲပေးသူ ပိုများလာသည်ဟုထင်မိသည်။ မဲပေးလာသူ အားလုံးလိုလိုက ကျနော်တို့ ကို နှုတ်ဆက်သွားကြသည်။ တချို့ က ကျနော်တို့ နှင့်ခဏတဖြုတ်အတူတွဲပြီးထိုင်သွားကြ၏။ တချို့ က ခမောက်တဲကြီးနောက်ခံထားကာ အမှတ်တရ ဓါတ်ပုံများပင် ရိုက်ကြ၏။

“ဟော ဦးခင်မောင်ဝင်းတော့ ရောက်လာပြီဗျို့ ”

ခမေါက်တဲကြီးဆီ လွယ်အိပ်တလုံးလွယ်ကာ လျောက်လာနေသည့် ဦးခင်မောင်ဝင်းကို ကျနော်တို့ အားလုံးက ဝမ်းသာတက်ကြွစွာ ကြိုဆိုလိုက်ကြသည်။

“ဘယ်လိုလဲ အခြေအနေကောင်းရဲ့လား၊ ဟိုမှာတော့ အားလုံးကောင်းပါတယ်၊ ခမောက်နဲ့ နှဲ အတူတူပဲဆိုပြီး အပင်ပမ်းခံ လိုက်ရှင်းထားတာ တော်တော်ထိရောက်သွားတယ်”

ဦးခင်မောင်ဝင်းက ခမောက်တဲကြီးကို သဘောကျသလိုမေါ့ကြည့်ရင်း တဲရှေ့ တွင် လာပြီးရပ်လိုက်သည်။ ကျနော်က အခြေအနေကောင်းသည်ဟု ယူဆရကြောင်း မည်သည့်ပြဿနာမျှမရှိကြောင်း ပြန်ပြောပြလိုက်၏။

ဒီကနေ့  မနက်ပိုင်းက ကျနော်တို့ မဲဆွယ်စည်းရုံးရာ ခမေါက်တဲကြီးဆီ ဦးခင်မောင်ဝင်း ရောက်မလာနိုင်ခဲ့ပါ။ သူက အုတ်တွင်းမြို့ မဲရုံဆီ အစေါကြီးထသွားရ၏။ အုတ်တွင်းမြို့  အမှတ်(၁)မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဝင်မပြိုင်ခဲ့ပါ။ ဗဟိုမှ ညှိနှိုင်းချက်အရ အဖွဲ့ ချုပ်၏ အသက်ကယ်ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဝင်းက ဝင်ရောက်ယှဉ်ပြိုင်၏။ ထို့ ကြောင့် နယ်ခံဖြစ်သူ ဦးခင်မောင်ဝင်းက ယင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်ဝင်းအတွက် ကူညီဆောင်ရွက်ပေးရန် မြို့ နယအဖွဲ့ ချုပ်ရုံးသို့ အစေါကြီးသွားနေခဲ့ရခြင်းဖြစ်သည်။
အမှန်တကယ်အားဖြင့်မူ သူသည် သူ့ အတွက် မဲဆွယ်စည်းရုံးသည့်အလုပ်ထက် ဗဟိုမှ ချပေးသည့် အသက်ကယ်ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးသည့်အလုပ်ကို ပိုပြီးအချိန်ပေးခဲ့၏။ အဖွဲ့ ချုပ် အသက်ကယ်ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လေါင်းဦးသိန်းဝင်းမှာ နယ်မြေခံမဟုတ်။ လူသိနည်းသူလည်းဖြစ်သည်။ အဖွဲ့ ချုပ်အသက်ကယ်ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာသင်္ကေတမှာ “နှဲ” ဖြစ်သည်။ ထို့ ကြောင့် ခမောက်ကလွဲ မည်သူ့ ကိုမှ မဲမပေးဟုဆန္ဒပိုင်းဖြတ်ထားသည့် မြို့ နယ်လူထုကို “ခမောက်နှင့်နှဲ အတူတူပဲ” ဟု ရှင်းလင်းလှုံ့ ဆော်ကာ ဦးခင်မောင်ဝင်းကဦးဆောင်လျက် နေ့ မအားညမအား စည်းရုံးရေးဆင်းခဲ့ရ၏။ (မှတ်ချက်။ ။ ယင်းအသက်ကယ်ပါတီ၏ဥက္ကဌမှာ ယခုအခါ အဝေးရောက်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာစိန်ဝင်းဖြစ်ပါသည်။) ယခုလည်း သူ ဝင်ရောက်ယှဉ်ပြိုင်ရသည့် မဲဆန္ဒနယ်မဲပေးသည့်နေ့ ဖြစ်သည့်တိုင် သူက မြို့ နယ်ရုံးသို့ သွားကာ အသက်ကယ်ပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဝိုင်းဝန်းကူညီနေခဲ့ရ၏။ နေ့ လည်ပိုင်းကြမှသာ ကျွဲပွဲသို့ ပြန်ရောက်လာခြင်းဖြစ်သည်။
ထိုနေ့ က အုတ်တွင်းမြို့ နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးခင်မောင်ဝင်းက (၈၀)ရာခိုင်နှုန်းကျော် မဲအပြတ်ရရှိကာ အနိုင်ရရှိခဲ့၏။ ဤမဲဆန္ဒနယ်တွင် ဦးခင်မောင်ဝင်းနှင့် အဓိကဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပုဂိုလ်မှာ တချိန်က မဆလပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်ထွန်းရီဖြစ်သည်။ သူက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စား လှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မဲပေးသည့်နေ့ က မဲရုံပိတ်ကာနီးအချိန်တွင် ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့  မဲရုံသို့  ကား(၄)စီးဖြင့် ရောက်လာခဲ့၏။အခြွေအရံများခြံရံလျက် မဲရုံအတွင်းသို့ ဝင်လာခဲ့၏။ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက တရိုတသေကြိုဆိုကြရ၏။ ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့ မဲရုံအတွင်း ဆယ်မိနစ်ခန့် နေသွားသည်ကို မဲလာပေးသူအားလုံးမြင်၏။ မဲပုံးများထားရာ အခန်းထဲအထိဝင်သည်ကိုလည်း အားလုံးသိ၏။ ပထမတော့ ဤသတင်းကိုကြားကြားချင်း ဦးခင်မောင်ဝင်းနှင့် ကျနော်တို့ အားလုံး ဒေါသဖြစ်ကြရ၏။ ရွေးကောက်ပွဲဥပဒေကိုချိုးဖေါက်သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ထွန်းရီ၏အပြုအမူကို ရွေးကောက်ပွဲကော်မရှင်ထံ စာရေးပြီးတိုင်ရန် တိုင်ပင်ကြသေး၏။ သို့ သော် မဲများရေတွက်ပြီးသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအပြတ်အသတ်နှင့်အနိုင်ရရှိသည့်အဖြေကိုကြားရသဖြင့် ဗိုလ်ချုပ်ထွန်းရီအားတိုင်ကြားရန်စဉ်းစားထားသည်ကို ကျနော်တို့ အားလုံး နောက်ဆုတ်ထားလိုက်ကြ၏။ ကျနော်တို့ အောင်ပွဲခံခဲ့ပြီ။ ရထားသည့်အောင်ပွဲနှင့်နွယ်ပြီး နောက်ထပ် မည်သည့်ပြဿနာမျှ မဖြစ်ချင်ကြတော့။

မဲရုံမှ မဲများရေတွက်သည်ကို ဦးခင်မောင်ဝင်းအပါအဝင် လူအတော်များများ ဝိုင်းဝန်းကြည့်ကြ၏။ မဲစာရင်းများရေတွက်နေစဉ် လူတွေအားလုံး ငြိမ်သက်စွာ စေါင့်ပြီးနားထောင်နေခဲ့ရာက မဲအရေအတွက် နောက်ဆုံးသတင်းထွက်လာသောအခါ လူတွေအားလုံး ဆူညံစွာ အော်ဟစ်လိုက်ကြသည်။ လက်ခုပ်လက်ဝါးတီးကာ ကကြခုန်ကြ၏။ တချို့ က ဦးထုပ်များ၊ထီးများ၊ ဖိနပ်များကိုပင် အပေါ်သို့ ပစ်မြှောက်ကာ တက်ကြွနေခဲ့ကြ၏။

ဦးခင်မောင်ဝင်း၏မျက်နှာကို ကျနော်အကဲခတ်သည်။ သူ ဘယ်လိုခံစားနေရသည်ကို ကျနော်သိချင်သည်။ ဦးခင်မောင်ဝင်းက ခတ်ပြုံးပြုံးမျက်နှာနှင့် လူအုပ်၏ဘေးမှလျောက်လာနေ၏။ ကျနော့်ကိုတွေ့ တော့ သူက မျက်နှာကို အားယူပြီး ပိုပြီးပြုံးပြသည်။ ကျနော်က သူမကြာခဏပြောတတ်သည့်စကားတချို့ ကိုသာ နားထဲတွင်ကြားနေခဲ့၏။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ၊ ကျနော့်စိတ်ထဲ မတင်မကျသဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေဆက်လုပ်ကြရမှာပဲမို့ လား...”

အမှန်တကယ်အားဖြင့်မူ သူက နိုင်ငံရေးမိုးကောင်ကင်တခုလုံး ညစ်ထေးအုံ့ ဆိုင်းနေသည်ကို ထိုစဉ်ကတည်းက သံသယဖြစ်နေခဲ့သည်ဟု ကျနော်ခန့် မှန်းမိသည်။
ခတ်ပြုံးပြုံးမျက်နှာနှင့်လမ်းလျောက်လာနေသည့် ဦးခင်မောင်ဝင်း၏ ဟန်ပန်မှာ အိပ်မက်ထဲတွင်လမ်းလျောက်လာနေသူနှင့်တူနေသည်ဟု ကျနော်ထင်ခဲ့၏။

(၂)
“ကံကောင်းလို့ မိုးကတပေါက်နှစ်ပေါက်ပဲရွာလိုက်လို့ ပေါ့၊ နို့ မို့ ရင် ဒီခမောက်ကြီး ဘယ်လိုမှသယ်လို့ ရမှာမဟုတ်ဘူး”
“ရွာတော့လဲဘာဖြစ်လဲကွာ၊ အဲဒါလဲ ရွှေမိုးငွေမိုးသဘောပဲပေါ့၊ ဟ မနက်ဖြန်ကြရင် တမြို့ လုံး ပိတောက်တွေလှိုင်နေတော့မှာသေချာတယ်၊ ဟား ပိတောက်တွေလှိုင်တဲ့နှစ် ခမောက်တွေနိုင်တဲ့ခေတ် ဟုတ်ပါ့ကွား၊ သိတ်ဟုတ် တကယ့်ကိုဟုတ်တာပဲဟေ့”

လူနှစ်ဆယ်ခန် က့ ခမောက်ကြီးကို ဝိုင်းဝန်း မ,ယူ လာခဲ့ကြသည်။ တလမ်းလုံးတယောက်တပေါက် စကားတွေဆူဆူညံညံနှင့်ပြောလာခဲ့ကြ၏။ နေရာလပ်မရှိသဖြင့် ဝင်မမပဲ ဘေးမှလမ်းလျောက်လိုက်ပါလာသူတွေက တွေ့  သမျှလူကိုနှုတ်ဆက်ကြ၏။ ခမောက်ကြီးလမ်းအပြည့်ဝိုင်းမလာကြသည့်ကျနော်တို့ ကို လူတိုင်းကလည်း ဝိုင်းဝန်းအားပေး နှုတ်ဆက်သွားကြ၏။

ကားလမ်းနှင့်ရထားလမ်းဖြတ်ရာနေရာအနီးကိုရောက်လာခဲ့ကြသည်။ ရထားတစင်းက ကျနော်တို့ လူအုပ်ကိုတွေ့ ဟန်တူ၏။ ကားလမ်းဖြတ်မည့်သဘော ရထားဥသြသံပေးပြီးမှ တဖြေးဖြေးနီးလာနေ၏။ ကျနော်တို့ လူသိုက်က ခမောက်ကြီး ခေါင်းပေါ် ရွက် မ, ထားလျက်နှင့်ပင် ရထားလမ်းအောက် ကားလမ်းပေါ် ရပ်နေခဲ့ကြ၏။ ရထားတစင်းလုံးလိုလို ပြတင်းပေါက်များမှ ခရီးသည်တွေ ခေါင်းပြူပြီး ထွက်ကြည့်ကြ၏။ တချို့ က ချက်ချင်းသဘောပေါက်ကာ လက်သီးလက်မောင်းတန်း နှုတ်ဆက်လိုက်ကြ၏။ ကျနော်တို့ ကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

ရန်ကုန်မန္တလေးလမ်းမကြီးပေါ်ရောက်လာခဲ့ကြသည်။ ကျနော်တို့ က လမ်းဘေးသို့ ကပ်ပြီးမှ ခမောက်ကြီးကို သယ်လာကြသည့်တိုင် မောင်းလာသည့်ကားတချို့ က လမ်းဘေးသို့ ဆင်းရပ်ပေးလိုက်ကြ၏။ ကျနော်တို့ ကို ပြုံးပြနှုတ်ဆက်လိုက်ကြ၏။ ထိုစဉ်မှာပင် စစ်သားများအပြည့်တင်ဆောင်လာသည့် စစ်ကားတစီးက ကျနော်တို့ ဘေးမှခတ်ဖြေးဖြေးဖြတ်မောင်း၏။ ကားပေါ်က စစ်သားများကို ကျနော်တို့ ထဲကလူတယောက်က ရုတ်တရက် လက်တဖက်မြှောက်ပြီးမှ အော်ဟစ်နှုတ်ဆက်လိုက်၏။

“ပြည်သူ့ စစ်သား ဒို့ စစ်သား ကျန်းမာပါစေ”

ကားပေါ်ကစစ်သားများမှာ ပထမတော့ ဘာပြန်ပြောရမှန်းမသိပဲ ကြောင်စီစီဖြစ်နေကြသေး၏။ ပြီးမှ ကျနော်တို့ ကို ပြန်လည်ပြုံးပြနှုတ်ဆက်ကာ အောင်မြင်ကြပါစေ ဟု ဆုတောင်းပေးလိုက်ကြ၏။

ကျွဲပွဲမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးဘေး အဆင်သင့်ပြင်ထားသည့် နေရာတွင် ခမောက်ကြီးကို ထောင်ထားလိုက်ကြသည်။ ရုံး၏မျက်နှာစာနှင့် ထောင်ထားသည့်ခမောက်ကြီးကို ကားလမ်းပေါ်မှ ထင်ထင်ရှားရှားကြီးမြင်နေရ၏။ အောင်ပွဲခံခဲ့ရသည်ရှိသော် မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်လာစေရန် အောင်ပွဲခံအခမ်းအနားကို နေ့ ချင်းမလုပ်ပဲထားရန်ဆုံးဖြတ်ခဲ့ကြသဖြင့် ထိုနေ့ က ရုံးရှေ့ တွင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် အောင်ပွဲခံခဲ့ကြရ၏။ အထူးသဖြင့် ဦးခင်မောင်ဝင်းက လုံခြုံရေးကို ပိုမိုဂရုစိုက်ရန်အကြံပြုထားသဖြင့် တညနေလုံး တညလုံး ကင်းချပြီးမှ အောင်ပွဲခံကြရ၏။

ညနေ(၆)နာရီခန့် ကားလမ်းပေါ်တွင် လူအသွားအလာရှင်းနေစဉ် မဲရုံမှပြန်လာကြသည့် လူအုပ်တအုပ်ကိုတွေ့ ရသည်။ သူတို့ က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ စည်းရုံးရေးမှူးများဖြစ်ကြ၏။ သူတို့ ရုံးက ကျနော်တို့ အဖွဲ့ ချုပ်ရုံးရှေ့ မှသွားမှသာရောက်နိုင်၏။ တခြားရွေးစရာလမ်းမရှိ။ ထို့ ကြောင့် သူတို့ လည်း မျက်နှာငယ်ငယ်နှင့်ပင် ကျနော်တို့ ရုံးရှေ့ မှလျောက်လာကြ၏။ ရုံးရှေ့ ကိုရောက်တော့ သူတို့ လူအုပ်ကို ကျနော်တို့ အားလုံးလှမ်းကြည့်နေမိကြသည်။ သူတို့ အထဲက လူတချို့ ကလည်း ကျနော်တို့ ဘက်သို့ လှမ်းပြီးအကဲခတ်သလိုကြည့်၏။ အမှန်တကယ်အားဖြင့်မူ သူတို့ က ကျနော်တို့ ၏ အဓိက နိုင်ငံရေးပြိုင်ဖက်များဖြစ်သည်ဆိုသော်လည်း ကျဉ်းမြောင်းလှသည့် ကျွဲပွဲမြို ကလေးထဲ့တွင် နေ့ စဉ်ထိတွေ့ ဆက်ဆံနေကြရသော အသိမိတ်ဆွေများပင်ဖြစ်ခဲ့၏။ ထို့ ကြောင့် ကျနော်တို့ ကလည်း သူတို့ ကို အားနာနေမိသည်။
ထိုစဉ်မှာပင် ဦးခင်မောင်ဝင်းက ရှေ့ ကိုခြေတလှမ်းတိုးရပ်ကာ ထိုလူအုပ်ကိုလက်ပြနှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါရဲဘော်တို့ ”

လမ်းပေါ်က တစည စည်းရုံးရေးမှူးများမှာ ရုတ်တရက် လမ်းသွားရပ်လိုက်ကြ၏။ ကျနော်တို့ ဘက်သို့ ပြိုင်တူလိုပင် လှည့်ကြည့်ကြသည်။ ပြီးတော့ ဇာတ်တိုက်ထားသလိုပင် သူတို့ အားလုံးပြန်လည်နှုတ်ဆက်လိုက်ကြလေသည်။

“မင်္ဂလာပါ ဦးခင်မောင်ဝင်း”

ပင်ပမ်းနွမ်းနယ်နေသောမျက်နှာနှင့် ဦးခင်မောင်ဝင်းက လမ်းပေါ်ကလူအုပ်ကို ပြန်ကြည့်နေသည်။ပြီးတော့ အမှတ်မထင် မိုးကောင်းကင်ကို မေါ့ကြည့်၏။ ထို့ နောက် ကျနော့်ဘက်သို့ လှည့်ကာ စကားတခွန်းပြောလိုက်လေသည်။

“မိုးသားတွေ မဲနေပါလားဆရာရေ၊ နိုင်ငံရေးရာသီဥတုကတော့ တကယ့်ကို မှုံမှိုင်းနေတာပဲဗျနော”

ကျနော်က သူ့ စကားကိုသဘောတူကြောင်း ခေါင်းညိမ့်ပြီးပြလိုက်မိလေသည်။ ။

ငြိမ်းဝေ

(ဦးခင်မောင်ဝင်းမှာ အုတ်တွင်းမြို အမှတ်(၂)့မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက သူ့ ကို စစ်အစိုးရက ချဲမှုနဲ့ မတရားအမှုဆင်ပြီး ထောင်ချခဲ့လို့  ထောင်ထဲမှာ (၁၀)နှစ်နဲ့ (၁၅)ရက်နေပြီးမှပြန်လွတ်ခဲ့ပါတယ်။ ၂၀၀၆ ခု၊ မတ်လ (၃၁)ရက်နေ့ မှာ သူ့ ကို စစ်အစိုးရက ထပ်မံဖမ်းဆီးပြီး နှစ်(၂၀)ထောင်ဒဏ်ချပြန်ပါတယ်။အခုဆိုရင် ဦးခင်မောင်ဝင်းဟာ အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ထောင်ဒဏ်အများဆုံးချမှတ်ခံရတဲ့ပုဂိုလ်ဖြစ်ပါတယ်။ဒီဆောင်းပါးဟာ အကျဉ်းချခံနေရတဲ့ အဲဒီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးတဲ့ဆောင်းပါးဖြစ်ပါတယ်။)

January 08, 2010

နေ့ သစ်တခုရဲ့ ဤမှာဘက်၌


(၁)
ဒုံသမိချောင်း ရေပြင်မှာ မဟူရာကျောက်သားလို နက်မှောင်လျက်ရှိ၏။ အမှိုက်မရှိဒိုက်မရှိရေပြင်မှာ ရေစီးလို့ စီးမှန်းမသိနိုင်လောက်အောင် ငြိမ်သက်ပြောင်ချောနေ၏။ “ဒီချောင်းက ချောင်းပြင်ကျဉ်းသလောက် စေါက်နက်လွန်းတယ်” ဟု တပ်ကြပ်ကြီးဖါးတေးကပြောထားသဖြင့် ကျနော့်မှာ ရေပြင်ကိုငုံ့  ကြည့်ကာ ကြက်သီးထနေမိသည်။ ငယ်စဉ်က သရဲကြောက်သူတဦးလို ညအခါ ရှေ့ ကလည်းမသွားရဲ၊ နောက်ကလည်းမလိုက်ရဲသည့်အဖြစ်မျိုးမို့ ကုန်းပေါ်တွင် တယောက်ထဲ ထိုင်မနေရဲပဲ ချောင်းထဲသို့ လိုက်လာခဲ့၏။


လွန်ခဲ့သည့် မိနစ်နှစ်ဆယ်ခန့်  က တလိုင်းကရင်ရွာဖက်မှ သေနတ်သံသုံးလေးချက် ခတ်သဲ့သဲ့ကြားခဲ့ရသည်။ သေနတ်သံကြားရာနှင့် ကျနော်တို့ ရှိနေသောနေရာမှာ ခြေလျင်အပြေးလာလျင်ပင် တနာရီလောက်ကြာမှရောက်နိုင်သည်ဟု သူတို့ ကပြောသော်လည်း ကျနော်က ကြောလုံအောင်ထိုင်မနေရဲခဲ့။ကမ်းပေါ်တွင် ချန်မနေရဲသဖြင့်သာ ချောင်းထဲသို့ လိုက်လာခဲ့ရသော်လည်း အမှန်စင်စစ် ကျနော်က ရေကူးတတ်သူမဟုတ်။

ချောင်းထဲကိုရောက်ပြန်တော့ တပ်ကြပ်ကြီးဖါးတေးနှင့် မောင်သိန်းတို့ က လူပိုတယောက်ပါလာမှတော့ နှစ်ယောက်စလုံး ပုဇွန်ဆင်းငုတ်မည်ဟုဆိုကာ လှေပေါ်မှဆင်းလိုက်ကြ၏။ လှေပေါ်တွင် ကျန်ရစ်သူကျနော့်အဖို့  လှော်တက်ကို ယောင်ယောင်အအနှင့် ကောက်ကိုင်လိုက်ရတော့၏။ သို့ သော် ကျနော်က လှေလှော်တတ်သူမဟုတ်။

လှေပေါ်တွင် တယောက်တည်းကျန်ရစ်စဉ် လှော်တက်ကို လှော်မိလှော်ရာ လှော်နေမိသည်။ လှေကလည်း အောက်ကိုသာမျောရင်း တပါတ်လည်တော့၏။ သို့ သော် အချိန်ကြာကြာတော့ မစွန့် စားလိုက်ရပါ။ တက်ကို မှန်ကန်စွာ ကိုင်တတ်လှော်တတ်သွား၏။ လှေကလေးမှာ ဖင်ရမ်းခေါင်းရမ်းနှင့်ပင် အထက်သို့ ပြန်တက်လာနေ၏။ သူတို့ နှစ်ဦး ရေထဲသို့ ခုန်ချရာမူလနေရာသို့ ပြန်ရောက်လာခဲ့၏။ တနေရာအရောက်တွင် လှေဘေးမှ လူနှစ်ယောက် ဘွားကနဲပေါ်လာ၏။ ကျနော်က အောင်မြင်သည့်မျက်နှာထားနှင့် သူတို့ ကိုကြည့်သည်။ သူတို့ ကမူ ကျနော့်ကို ဂရုမပြုအား။ လက်နှစ်ဖက်က ပုဇွန်နှစ်ကောင်ကို ခေါင်းချိုးကာ လှေဝမ်းထဲ ပစ်ထည့်ကြ၏။ပြီးတော့မှ ပါးစပ်တွင်ကိုက်ထားသည့် ပုဇွန်ကို ခေါင်းချိုးပြီး လှေဝမ်းထဲ ပစ်ထည့်ပြန်သည်။ ထို့ နောက် နှစ်ယောက်စလုံး ရင်ဘတ်ကိုကော့ အသက်ရှူပြီး ရေထဲသို့ ပြန်ငုတ်သွားကြ၏။
နာရီဝက်ခန့် အကြာတွင် ကျောက်ပုဇွန်အကောင်(၃၀)ခန့် နှင့်အတူ ကျနော်တို့ သုံးယောက် ကုန်းပေါ်သို့ ပြန်ရောက်လာကြ၏။မောင်သိန်းက ချောင်းဘေးတလျောက် ကင်ပွန်းချဉ်ရွက်များကို လိုက်ခူးနေစဉ် ကျနော်နှင့် တပ်ကြပ်ကြီးဖါးတေးက မီးဖိုကြ ဆန်ဆေးကြ၏။ နောက်ထပ်နာရီဝက်ခန့် ကြာသောအခါ ကျနော်တို့ သုံးယောက် ပုဇွန်ကင်ပွန်းချဉ်ရွက်ဟင်းနှင့်ထမင်းစားပြီးချောင်းလက်တက်ကလေးဆီပြန်လာခဲ့ကြ၏။

ချောင်းလက်တက်ကလေးမှာ ဒုံသမိချောင်းအတွင်း စီးဝင်သည့်ချောင်းငယ်ကလေးဖြစ်၏။ ကျနော်က ချောင်းလယ်အထိ တိုးထွက်နေသော သစ်ကိုင်းတခုပေါ်တက်လာခဲ့သည်။ သစ်ကိုင်း နှစ်ခုခွဲထွက်ရာ ခွဆုံတွင် ဝါးလုံးစီပြီးခင်းထားသည့် လင့်စင်အိပ်ယာလေးဆီ ရောက်လာခဲ့သည်။လင့်စင်ကလေးပေါ်တွင်ထိုင်ရင်း ကြောပိုးအိပ်ပေါ် မှတ်စုစာအုပ်တင်ကာ ရေးမှတ်စရာရှိသည်များကို ရေးမှတ်သည်။ မနက်ဖြန်ဆိုလျင် မိဆိုင်းတောင်ခြေက ကော်ဟဲရွာကို ခရီးထွက်ရမည်ဟု တပ်ကြပ်ကြီးဖါးတေးက ပြောခဲ့၏။ တပ်မဟာမှူးနှင့်အဖွဲ့ ကို ထိုရွာတွင် ကျနော်တို့ တွေ့ ဆုံကြမည်ဖြစ်သည်။

မှတ်စုရေးရင်း အတွေးမျှင်တန်းရင်း သတိရလို့ သစ်ပင်အောက် ချောင်းဘေးကိုငုံ့ ကြည့်တော့ တပ်ကြပ်ကြီးဖါးတေးနှင့် မောင်သိန်းတို့ က နေပျောက်မထိုးသည့်သစ်ရိပ်အောက်တွင် ဇိမ်ကျကျထိုင်ကာ ဆေးလိပ်သောက်နေကြပေပြီ။

(၂)
တနေရာဆီမှ လူသံများကြားသဖြင့် ကျနော်တို့ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြရသည်။ သုံးယောက်စလုံး ပြာယာခတ်နေစဉ် တောစပ်မှ လူတချို့ ခေါင်းပြူပြီးထွက်လာကြ၏။ သူတို့ အားလုံး လူ(၅)ယောက်ဖြစ်၏။ ကျနော်က လင့်စင်ပေါ်မှဆင်းသည်။ တောစပ်မှထွက်လာသည့်လူအုပ်ဘေးတွင်သွားရပ်လိုက်သည်။

“သူတို့ က တလိုင်းကရင်ရွာကလူတွေပဲ၊ ရွာမှာအခြေအနေမကောင်းလို့ ခဏထွက်လာကြတာ”

မောင်သိန်းက သူနှင့်တရွာတည်းသားလူတချို့ ကျနော်တို့ နှင့်လာရောက်ပူးပေါင်းလိုက်သဖြင့် တပြုံးပြုံးနှင့်ဖြစ်နေ၏။ သို့ သော် တလိုင်းကရင်ရွာသားများရဲ့စကားက သူ့ ကိုကြာကြာ မပြုံးစေနိုင်ခဲ့ပါ။
မောင်သိန်းက တလိုင်းကရင်ရွာတွင်တပ်စွဲထားသည့် နအဖစစ်တပ်၏ရန်ကိုကြောက်ပြီှး ရွာပြင်ထွက်နေခဲ့သည်မှာ ရက်နှစ်ဆယ်ကျော်ပြီဖြစ်သည်။ပထမပိုင်းရက်များက သူသည် တော်လှန်ရေးဌါနချုပ်စခန်း မာနယ်ပလောသို့ ရောက်လာ၏။မာနယ်ပလောမှတဆင့် ပေါ့ပါးထရွာကလေးသို့ သွား၏။ ဒုက္ခသယ်အဖြစ်ရောက်လာသူ တလိုင်းကရင်ရွာသားမောင်သိန်းကို ကျနော်က သွားရောက်တွေ့ ဆုံကာ တလိုင်းကရင်ရွာသားများ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသည့်သတင်းကိုရယူခဲ့၏။ မောင်သိန်းနှင့်တွေ့ ဆုံမေးမြန်းထားချက်များကို ဒီမိုကရက်တစ်မြန်မာ့အသံသို့ ပို့ ခဲ့၏။ ထိုစဉ်က နယ်မှပို့ သောသတင်းများကို နော်ဝေနိုင်ငံ အော်စလိုမြို့ တွင်အခြေစိုက်သည့် အသံလွှင့်ဌါနအဖို့ ချက်ချင်းအသံလွှင့်နိုင်ခြင်းမရှိသေး။ ရရှိသည့်သတင်းကို တိတ်ခွေတွင် အသံသွင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သို့ ပို့ ရ၏။ ထိုမှတဆင့် အော်စလိုသို့ အမြန်စံနစ်ဖြင့် စာတိုက်မှပို့ ရသည်။အများအားဖြင့် သုံးလေးရက်ခြားပြီးမှသာ လွှင့်နိုင်၏။ ထို့ ကြောင့် တလိုင်းကရင်ရွာသား မောင်သိန်းနှင့် တွေ့ ဆုံမေးမြန်းချက်ကို အော်စလိုသို့ ပို့ ပြီးနောက် ကျနော် ရှေ့ တန်းသို့ ဆင်းလာသည့်အချိန်အထိ ထိုတွေ့ ဆုံမေးမြန်းချက်ကို အသံမလွှင့်နိုင်သေး။ မောင်သိန်းသည် ကျနော်နှင့်တွေ့ ဆုံပြီးနောက်တနေ့ တွင် တလိုင်းကရင်ရွာသို့ ပြန်ဆင်းသွားခဲ့၏။ တခါ ကျနော်ကလည်း နောက်တနေ့ တွင်ပင် ရှေ့ တန်းသို့ ဆင်း၏။ မနေ့ ကမူ တပ်ကြပ်ကြီးဖါးတေး၏ စီစဉ်ပေးချက်အရ တလိုင်းကရင်ရွာနှင့် ကျောက်ဖြာရွာကြား ခေတ္တနားနေစဉ် ရွာကိုပြန်မကပ်ရဲသေးသည့် မောင်သိန်းက ကျနော်တို့ နှင့်အတူ လာရောက်တွေ့ ဆုံကာ ယာယီအားဖြင့်ကျနော်တို့ နှင့်ပင်အတူနေရန်ဆုံးဖြတ်ခဲ့၏။

တလိုင်းကရင်ရွာတွင် တပ်စွဲထားသည့် နအဖစစ်တပ်၊ တပ်မ(၉၉)လက်အောက်ခံ၊ ခလရ(၈၄)က ရွာသားတဦးကို ကရင်သူပုန်နှင့်ဆက်သွယ်သူဟုစွပ်စွဲကာ သူတို့ တပ်စွဲထားသော ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာပင် သေနတ်ဖြင့်ပစ်သတ်ခဲ့၏။ အလောင်းကို ကျောင်းဝန်းအတွင်းက စေတီကုန်းအောက်တွင် မြှုပ်ထားလိုက်ကြ၏။ သို့ သော် ကျန်ရစ်သူ မိသားစုများ၊ ရွာသားများမှာ မျက်စေ့ဖြင့်တပ်အပ်မမြင်လိုက်ရ။ သေနတ်သံကြားရခြင်း၊ ဘုန်းကြီးကျောင်းသားလေးများပြောစကားအရ သိကြရခြင်းသာဖြစ်သည်။ စစ်သားများကိုမေးတော့ စစ်ဆေးစရာရှိလို့ တိုင်းရုံးကိုအပို့ လမ်းတွင် ထွက်ပြေးလွတ်မြောက်သွားသည်ဟူ၍သာဖြေ၏။ အသတ်ခံရသည်ဟုယူဆရသူမှာ မောင်သိန်း၏ညီဖြစ်သည်။ သေနတ်သံကြားပြီး နောက်တနေ့ တွင် မောင်သိန်းကို စစ်တပ်က လာရှာ၏။ သတိနှင့်နေသူ မောင်သိန်းက အချိန်မီထွက်ပြေးလွတ်မြောက်လာခဲ့၏။ မောင်သိန်းကိုမမိသဖြင့် ဒေါသထွက်နေသော စစ်သားများက သေနတ်များနေ့ တိုင်းဖေါက်ကာ ရွာကိုခြိမ်းခြောက်နေတော့သည်။ ထို့ ကြောင့် အသက်အရွယ်ငယ်ရွယ်သူယောင်္ကျားမိန်းမ အများစုမှာ ရွာမှတိမ်းရှောင်ကြရတော့၏။
မည်သို့ ပင်ဖြစ်စေ သည်ကနေ့ ညတော့ ကျနော်တို့ လူသိုက်တွင် လူအရေအတွက်တိုးလာကာ စိတ်ထဲ၌အားရှိသလိုခံစားရ၏။ ရွာသားများပြောသမျှ ထိုင်ပြီးနားထောင်နေစဉ် တပ်ကြပ်ကြီးဖါးတေးက လမ်းလျောက်စကားပြောစက်ကိုင်ရင်း ကျနော်တို့ အနားသို့ ရောက်လာ၏။ သုတ်သီးသုတ်ပြာဖြစ်လာသည့် တပ်ကြပ်ကြီးဖါးတေးကိုကြည့်ကာ ကျနော်စိတ်ပူသွားရသည်။

“ကျနော်တို့ နေရာရွှေ့ ကြမှဖြစ်မယ်၊ ဟိုကောင်တွေ ချောင်းဘေးအတိုင်း ထွက်လာပြီလို့ ပြောတယ်”

တပ်ကြပ်ကြီးဖါးတေးက တဆက်တည်းဆိုသလို ကရင်လို တခွန်းနှစ်ခွန်းပြောကာ ကြောပိုးအိပ်ကိုကောက်လွယ်လိုက်၏။ ရွာသားများမှာ မျက်စိမျက်နှာပျက်ကာ တပ်ကြပ်ကြီးဖါးတေးကို ဝိုင်းကြည့်နေကြသေး၏။ တပ်ကြပ်ကြီးက ကရင်လို ထပ်ပြီးပြောလိုက်တော့မှ လူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ နေရာရွှေ့ ဖို့ လုပ်ကြ၏။

ကျနော်တို့ လူသိုက် လူအားလုံး(၈)ယောက်။ ဒုံသမိချောင်းဘေးမှ အလျင်အမြန် ခွါလာခဲ့ကြသည်။ မောင်သိန်းနှင့် တပ်ကြပ်ကြီးဖါးတေးက ရှေ့ ကဦးဆောင်ပြီးသွား၏။ မည်သူမျှ စကားမပြောကြ။ တောလမ်းခရီးပေါ်တွင် ခြေသံများ၊ အသက်ရှူသံများ၊ အဝတ်ချင်းထိခတ်သံများသာ ကြားနေရ၏။ တနာရီကျော်ကြာကြာ အလျင်အမြန်လျောက်လာကြပြီးနောက် တောင်ကုန်းတခုပေါ်တွင် ကျနော်တို့ အားလုံး ရပ်နားလိုက်ကြ၏။
တောင်ကုန်းပေါ်တွင် တပ်ကြပ်ကြီးဖါးတေးက ရွာသားများကို ကင်းတာဝန်ခွဲပေးလိုက်၏။ တဦးချင်းအလှည့်ကျ ကင်းစေါင့်ရန်ဖြစ်သည်။ တောင်ကုန်းပေါ်က အမြင့်ဆုံးသစ်ပင်ပေါ်တွင်တက်ပြီး ကင်းစေါင့်ရမည်ဖြစ်သည်။ သည်တောင်ကုန်းမှာ သည်နေရာတဝိုက်တွင် အမြင့်ဆုံးတောင်ကုန်းဟုသိရပြီး ပါတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည့်နေရာဟူ၍လည်း သိလိုက်ရ၏။အခြေအနေကိုရှင်းပြနေစဉ် တပ်ကြပ်ကြီးဖါးတေးက သည်တောင်ကုန်းကို “ဒါ စိုးမိုးကုန်းသဘောပေါ့ဗျာ” ဟူ၍ပြောခဲ့၏။

တောင်ကုန်းပေါ် နေရာယူပြီးလို့ နာရီကိုကြည့်တော့ ညနေ(၅)နာရီပင်ရှိပြီဖြစ်သည်။ ထမင်းချက်စားဖို့ ကို မည်သူမျှမဟကြ။ တလိုင်းကရင်ရွာသားတချို့ က ထမင်းထုပ်များပါလာကြသဖြင့် ရှိသည့်ထမင်းထုတ်ကိုပင် ဝေမျှပြီးစားလိုက်ကြ၏။ တနေ့ ခင်းလုံး သယ်လာခဲ့ရသည့် ထမင်းထုတ်များမှာ ခတ်သိုးသိုးအနံ့ ပင်ထွက်နေပြီဖြစ်သည်။ထိုထမင်းထုတ်များကိုပင် ညစာအဖြစ်စားလိုက်ကြ၏။ကျနော်က ရေဗူးတွင် ရေသိတ်မရှိသဖြင့် လက်မဆေးပဲထမင်းဝင်စားပြီး စားပြီးမှ ရေဗူးရေဖြင့် လက်ဆေးလိုက်ရ၏။

နေရောင်ခြည်များမှာ မယုံကြည်နိုင်လောက်အောင် အလျင်အမြန်နောက်ဆုတ်သွားနေကြ၏။ တောင်ကုန်းပေါ်ရောက်ကတည်းက တပ်ကြပ်ကြီးဖါးတေးနှင့်ရွာသားများအားလုံး တစုံတရာ စိတ်အေးလက်အေးနှင့် သွားလာပြောဆိုနေကြသည်ကိုကြည့်ကာ လုံခြုံရေးအရ စိတ်ချရသည့်နေရာဖြစ်သည်ဟူ၍မူ တွက်ချက်မိသည်။ သို့ သော် ထုတ်၍မူ မည်သူ့ ကိုမှမမေးမိ။ မည်သူကမျှလည်း အခြေအနေကို ရှင်းမပြခဲ့။

အတွေ့ အကြုံမရှိသေး၍ပဲလားတော့မသိ။ ကျနော့်စိတ်ထဲ စိုးရိမ်စိတ်သိတ်မရှိ။ ကျနော်က ညနေဆည်းဆာအချိန် တောရိပ်တောတန်းများကို အပေါ်ဆီးမှ ရှင်းရှင်းလင်းလင်းမြင်ခွင့်ရသဖြင့် ထုံးစံအတိုင်း ကျေနပ်နေမိသည်။ တောင်ကုန်းပေါ်ကတဆင့် အနောက်ဖက်နေဝင်ရာဘက်ကိုသာ ထိုင်ပြီးကြည့်နေမိသည်။
သေနတ်သံ သုံးလေးချက် ဆက်တိုက်ဆိုသလိုကြားရပြန်သည်။ တော်တော်အလှမ်းဝေးသော နေရာလောက်ဆီက ခပ်အုပ်အုပ်ကြားရခြင်းဖြစ်သည်။ တလိုင်းကရင်ရွာဘက်ကဖြစ်သည်ဟု မောင်သိန်းကပြောလိုက်၏။

နေရောင်ခြည်များ အင်အားဆုတ်ယုတ်လာချိန် တိမ်နီများမှာ တိမ်ခဲသားဖျော့ဖျော့ဖြစ်လာကြ၏။ တိမ်သားလွတ်ရာနေရာတွင်မတော့ ဖြူရင့်ရင့်ဝါဖျော့ဖျော့ နောက်ခံကောင်းကင်တောက်တောက်ကို တွေ့ နေရသည်။ နောက်တော့ တဖြေးဖြေးနှင့် တိမ်တွေ မဲမဲအုပ်အုပ်...။ အလင်းတန်းများမှာ ကြားညှပ်လျက်ပေါ်လာနေကြ၏။
အရှေ့ ဖက်က မိဆိုင်းတောင်ကြီးကတော့ ပြာပြာမှိုင်းမှိုင်း မြူတွေဆိုင်းလျက်။ လေးကေတောင်ကြီးရဲ့ထိပ်ပိုင်းကိုတော့ မိုးပေါ်မှာ ထင်းထင်းကြီးတွေ့ နေရဆဲ။ ကားမဲတောင်က မြူတွေထဲ တပိုင်းတစမြုတ်လျက်။ ဖလံတောင်ကိုမူ မမြင်ရတော့။

အိပ်တန်းတက် တောကြက်တွန်သံများ ကြားလာရသည်။ အသက်(၂၀) ငယ်ရွယ်စဉ် ပဲခူးချောင်းဖျားရွာတရွာ၌ ရွာငှါးကျောင်းဆရာလုပ်စဉ်က ညနေပိုင်း တောစပ်ဆီက တောကြက်တွန်သံများ လိုက်လံမှတ်သားနေခဲ့ဖူးသည်ကို သတိရပြန်သည်။ ညဥ့်နက်တော့ မှတ်သားထားသည့်နေရာများတွင် အိပ်တန်းတက်နေကြသည့်တောကြက်များကို ကျောင်းသားများနှင့် အတူလိုက်လံရှာဖွေခဲ့ကြဖူးသည်ကို သွားတွေးလိုက်မိသေး၏။

သတိရလို့ အိပ်ယာဝင်ရန်ပြင်ဆင်ထားသည့်နေရာဆီ ထလာခဲ့သည်။ ရေဒီယိုဖွင့်ပြီးနားထောင်လို့ ရနိုင်ပါ့မလားဟု တပ်ကြပ်ကြီးကိုခွင့်တောင်းတော့ ဖွင့်လို့ ရနိုင်ကြောင်း၊ ရန်သူနှင့်အလှမ်းဝေးပြီး သည်လိုအချိန်မျိုး၌ ရန်သူက ဘယ်တော့မှ အပြင်ထွက်လေ့မရှိတတ်ကြောင်းသိလိုက်ရ၏။ ထို့ ကြောင့် ရေဒီယိုလေးကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို ကျနော့်ဘေးသို့ ရွာသားများရောက်လာကြ၏။ ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံကိုနားထောင်ပြီးမှ အိပ်ကြရန် နှိုးဆော်လိုက်သည်။ ကျနော့်စိတ်ထဲ သည်ကနေ့ ည ကျနော့်အသံနှင့်အသံလွှင့်သည့် သတင်း သို့ မဟုတ် သတင်းဆောင်းပါး တခုခုလာလျင်ကောင်းမည်ဟု တောင့်တမိသည်။
စကားပြောရင်း ရေဒီယိုနားထောင်ရင်းနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ အချိန်ရောက်လာခဲ့သည်။ သတင်းကြေညာသူ မသီတာက သတင်းခေါင်းစဉ်များကိုကြေညာ၏။ သတင်းဆောင်းပါးကိုကြေညာပြန်၏။ ထို့ နောက်တွေ့ ဆုံမေးမြန်းခန်းကိုကြေညာပြန်သည်။ ကျနော်က ရေဒီယိုလေးကို အသံမြှင့်လိုက်၏။ သေသေချာချာနားထောင်ကြဖို့ ရွာသားများကို သတိပေးလိုက်၏။ ရေဒီယိုထဲက ကြားရသည့်အသံကို ဘယ်သူ့ အသံလို့ ထင်သလဲဟုမေးပြီးမှ ရေဒီယိုလေးကို လူလယ်ခေါင်တွင် ချပေးထားလိုက်သည်။ တလိုင်းကရင်ရွာသား မောင်သိန်းနှင့် သတင်းထောက်ငြိမ်းဝေတို့ ၏ တွေ့ ဆုံမေးမြန်းခန်း အသံလွှင့်သည်ကို လူတွေ တအံ့တသြနားထောင်နေကြ၏။ မောင်သိန်းမှာ မယုံကြည်နိုင်လောက်အောင် သူ့ အသံကိုသူ ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်၏။ တလိုင်းကရင်ရွာ လူသတ်မှုကိုအခြေခံသည့် တွေ့ ဆုံမေးမြန်းခန်းကို တလိုင်းကရင်ရွာသားများကိုယ်တိုင် ကျနော်နှင့်အတူတွဲပြီး နားထောင်ခွင့် ရလိုက်ကြ၏။

ထိုညက ကျနော် ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပါ။ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းသည့် အတွေ့ အကြုံများက ကျနော့်ကို အိပ်မပျော်စေခဲ့ပါ။ မှေးကနဲ အိပ်ပျော်ရာက နိုးတော့ တုံးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရသလိုရှိ၏။ အောက်ဖက် ချိုင့်ဝှမ်းထဲက ချေဟောက်သံ အကြာကြီးကြားနေရသေးသည်။ ထို့ နောက် မှေးကနဲ ပြန်လည်အိပ်ပျော်သွားပြန်သည်။
သည်တခါ တရေးနိုးတော့ အိပ်တန်းဆင်းငှက်သံတွေ ကွင်းပြင်တောအနှံ့ ကြားလာရ၏။ နေထွက်လာခဲ့ပြီ။ မိဆိုင်းတောင်တန်းကြီးပေါ်တွင် တိမ်နီတွေတွေ့ နေရပြီ။ နေ့ သစ်တခုကူးလာခဲ့ပြီ။ တလိုင်းကရင်ရွာသားများအဖို့ သည်လိုပဲ တောထဲတောင်ထဲ ဘယ်အချိန်အထိ ထွက်ပြေးပုန်းအောင်းနေရဦးမည်လဲဟု တွေးမိတော့ သူတို့ အတွက် ကျနော် သက်ပြင်းချမိသည်။ သူတို့ ဘဝတွေသည်လည်း နေ့ သစ်ပြောင်းပါစေတော့ဟု ဆုတောင်းလိုက်မိသည်။ ။

ငြိမ်းဝေ


January 02, 2010

ကူးတို့ 


ကျောက်သားထဲက ရေကို
ဘယ်လို
လွယ်လွယ်ကူကူ ထုတ်ယူနိုင်မလဲ။

သံတွေခဲတခုက
သံတွေခဲတခုကို
သန့် စင်အောင်
မီးဆေးဖို့ ခက်ရဲ့။

လှိုင်းထအောင်
ကိုယ့်ကို ယူသွားတဲ့
စိတ်ကို
လေနဲ့ မဆေးနိုင်သေးဘူး။

လက်ကလေးနဲ့ 
တောက်ရုံ
လင်းလာမယ့် အမှောင်ဆိုတာ
ရှိမလား။

ကမ်းမမြင် လမ်းမမြင် သစ်ပင်တွေတောင်
နေရောင်ကို ကျောမခိုင်းကြဘူး
သူ့ စိတ်ကူးနဲ့ သူ
ပွင့်ခဲ့ကြတယ်။

ကျွန်တော်တို့ 
လင်းလက်တဲ့ သစ်ရွက်နဲ့ 
တဖက်ကမ်းကို ကူးကြစို့ ။ ။

မင်းချမ်းမွန်
စတိုင်သစ်၊ မေ၊ ၂၀၀၃

(နှစ်သစ်ကူးလက်ဆောင်အဖြစ် ကဗျာတပုဒ်ပေးချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကဗျာရေးလို့ မရဘူးလေ။ ဒါနဲ့ ပဲ ဆရာ မင်းချမ်းမွန်ရဲ့ ဒီကဗျာလေးကို ကျနော်လည်းနှစ်သက်လို့  လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။)



January 01, 2010

မှန်ကွဲလေးတချပ်


(၁)

ဟီးထိုးထ တောင်ကြားထဲတွင် နေရောင်ခြည်မှာ လင်းလင်းချင်းချင်းဖြစ်နေသည်။ လှည်းတစီးသာသာအကျယ် တောင်ကြားလမ်းကလေးမှာနေရောင်အောက်၌ တိတ်ဆိတ်နေ၏။ ကြည်လင်ချိုမြသည့် ကျေးငှက်သံများကို ကျနော်နားထောင်နေမိသည်။ လှပသည့်နေရောင်အောက် လေပြေတချက်တိုက်ခတ်လိုက်သည့်အခါ အမေရိကန်ကဗျာဆရာ ဘလော့ရဲ့ “ဝင်းပသည့်လေ” ဆိုသည့်ကမ္ဘာကျော်ကဗျာစာသားကိုတွေးမိကာ တယောက်တည်းပြုံးမိသည်။ကျဉ်းမြောင်းသည့်တောင်ကြားလမ်းကလေးမှာ ကျွဲနွားမှောင်ခိုလမ်းကလေးဖြစ်သဖြင့် ကျွဲခြေရာ နွားခြေရာများထပ်လျက် ရွှံ့ စပ်စပ်ရေစပ်စပ်ဖြစ်နေ၏။

လမ်းဘေးနှစ်ဖက်တွင် ဆူးခက်များပြည့်နေသည့် အမျိုးအမည်မသိသစ်ပင်သစ်ကိုင်းများက လမ်းကလေးကို ဘေးနှစ်ဖက်မှ ခြံစည်းရိုးကာထားသလို ဖြစ်နေသည်။ တခါတရံ လမ်းသာရာရွေးရင်း လမ်းဘေးသို့ ကပ်လိုက်သည့်အခါ ဆူးပင်များက ကျနော့်ကို သူတို့ နားအကပ်မခံပဲ ဆူးခိုင်းများဝှေ့ ရမ်းပြီး ရန်လုပ်လွှတ်ကြ၏။ နာရီဝက်ခန့် တောင်ကြားထဲ လျောက်လာနေကြစဉ် ကျနော့်နားထဲ၌ မာနယ်ပလော လှေဆိပ်တွင် လှေကြုံထိုင်စေါင့်နေခိုက် ကရင်မိတ်ဆွေတဦးပြောလိုက်သည့်စကားကို မကြာခဏ ပြန်ကြားနေခဲ့၏။

“ခင်ဗျားရူးနေသလား၊ တပ်မဟာတစ်ကိုဆင်းရင် ခင်ဗျားသေသွားလိမ့်မယ်၊ ခင်ဗျား ဘာမှလည်း နားမလည်ပါးမလည်နဲ့ ၊ဒီလိုနေရာမျိုးကို မသွားသင့်သေးဘူး”

ကမ်းစပ်ကိုထိုးဆိုက်လိုက်သည့် စက်လှေပေါ်အလုအယက်တက်နေစဉ် ကမ်းပေါ်တွင်ကျန်နေရစ်သည့် ထိုကရင်မိတ်ဆွေကို တချက်ပြန်ကြည့်ဖြစ်သေးသည်။ သူ့ မျက်လုံးများထဲ၌ ကျနော့်ကို သနားစရာကောင်းသည့်သတ္တဝါတကောင်ကိုကြည့်သလိုကြည့်နေသည်ကို အထင်အရှားတွေ့ လိုက်ရ၏။ ကျနော်က သူနှင့်မျက်လုံးချင်းအလျင်အမြန်လွှဲလိုက်ကာ သံလွင်မြစ်လယ်ကိုသာ ငေးနေလိုက်သည်။ကမ်းပေါ်တွင်ထိုင်ရင်းလှေကြုံစေါင့်နေစဉ် သူ့ ကို ကျနော်က တပ်မဟာတစ်နယ်မြေသို့ ခရီးထွက်မည့်အကြောင်းပြောပြမိသည်။ သူက ကျနော့်ကို တအံ့တသြမျက်နှာနှင့်စူးစမ်းသလိုကြည့်ကာ ထိုစကားကိုပြောခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် သူ့ စကားမှာ မှန်သင့်သလောက်တော့ မှန်ပါလိမ့်မည်။ ကျနော်က ကရင်စကား တလုံးမျှတတ်သူမဟုတ်။ သို့ သော် ကျနော်သွားမည့်နေရာအားလုံးလိုလိုမှာ ကရင်ရွာများဖြစ်ပြီး မြန်မာလိုမပြောတတ်ကြ။ပြီးတော့ ထိုဒေသတွင် မိမိ၏အခြေခံစခန်း တခုမျှမရှိ။ အားလုံးလိုလိုမှာ ကြောပိုးအိပ်စခန်းများသာရှိ၏။ ထို့ ပြင် ကျနော်နှင့် သိကျွမ်းခင်မင်သူဆို၍လည်း ထိုနယ်မြေတွင် တယောက်မျှမရှိ။ နယ်မြေအတွေ့ အကြုံအရ ကျနော့်အဖို့ တခါမျှခြေချဖူးသည့် နယ်မြေလည်းမဟုတ်။ မနေ့ တနေ့ ကမှ လဘက်ရည်ဆိုင်တွင် မမျှော်လင့်ပဲမိတ်ဆွေဖြစ်ကာ ထိုမိတ်ဆွေ ကရင်စစ်ဗိုလ်လေး ဗိုလ်သိမ်းစိုး၏ သဘောတူညီချက်နှင့်သာ တပ်မဟာတစ်နယ်မြေသို့  ကျနော် ခရီးထွက်လာခြင်းဖြစ်သည်။ ထို့ ကြောင့် လှေဆိပ်တွင် ကရင်မိတ်ဆွေ ပြောလိုက်သည့်စကားမှာ မှန်သင့်သလောက်တော့မှန်သည်ဟု ကျနော့်စိတ်ထဲ ဝန်ခံနေမိခြင်းဖြစ်သည်။ သို့ သော် တပ်မဟာတစ်နယ်မြေကိုမှ ကျနော်က တမင်တကာရွေးချယ်ခဲ့ခြင်းဖြစ်သည်ကိုမူ ထိုကရင်မိတ်ဆွေ မသိနိုင်ပါ။
ကျနော်တို့ လူသိုက် တနာရီနီးပါးကြာသည်အထိ ထူးထူးခြားခြား တိတ်ဆိတ်စွာလျောက်လာခဲ့ကြသည်။ တောင်ကြားထဲဝင်ကာစက စကားတခွန်းစနှစ်ခွန်းစပြောခဲ့သည့် ဗိုလ်သိမ်းစိုး သည်ပင်လျင် ငြိမ်ချက်သားကောင်းနေ၏။ တောင်ကြားထဲဝင်လိုက်ကတည်းက သာယာလှပလှသည့် သဘာဝပါတ်ဝန်းကျင်အပေါ် သိသိသာသာ နစ်မျောနေခဲ့သည့် ကျနော့်အရိပ်အခြေကိုကြည့်ကာ တမင်ပင် စကားမပြော အနှောက်အယှက်မပေးပဲနေခဲ့ဟန်တူသည်ဟု ကျနော်တွေးမိသည်။
ရုတ်တရက်ဆိုသလို လေပြင်းများ တောင်ကြားလမ်းကလေးထဲ ခေါင်းထိုးပြီးဝင်လာခဲ့ကြသည်။လမ်းဘေးနှစ်ဖက်မှ သစ်ပင်သစ်ကိုင်းများ ယိမ်းထိုးလှုပ်ရှားကခုန်လိုက်ကြ၏။နေရောင်ခြည်များမှာ ချက်ချင်းဆိုသလို အားအင်ကုန်ခမ်းသွားနေ၏။တောင်ကြားထဲဝင်လာစဉ်က အင်မတန်ယဉ်ကျေးသိမ်မွေ့ သည့် လေပြေလေညှင်းမှာ စိတ်ရိုင်းဝင်လာခဲ့၏။ နားထဲ၌ လေတိုးသံများနှင့်မတူသည့် ထူးခြားသည့်အသံတချို့ ကို ကြားနေရ၏။ လူသွားလမ်းမှာ အထက်သို့ အနည်းငယ်မေါ့ပြီးသွားနေရ၏။
“မိုးရွာတော့မယ်ထင်တယ် ကိုငြိမ်း လမ်းဘေးနည်းနည်းတိုးပြီး ခတ်ဖြေးဖြေးပဲလျောက်၊ ဒီနေရာကျမှမိုးမိရင် ရေကျတာနဲ့ တိုးပြီး သွားရလာရတာ တော်တော့်ကို ဆိုးသွားလိမ့်မယ်”
ဗိုလ်သိမ်းစိုး ရဲ့စကားသံများကို မိုးချုန်းသံများက နင်းချလိုက်၏။ တစုံတရာဆက်ပြောနေသည့် သူ့ စကားသံများကို သဲသဲကွဲကွဲမကြားရတော့။ နားထဲတွင်ကြားနေရသည့် ထူးခြားသည့်အသံများက ကျနော်တို့ နှင့် ပြေးကပ်လိုက်သလို ကြားလာနေစဉ် ကျနော်တို့ အထက် လမ်းကွေ့ ဆီမှ ရေများ ဒလဟော စီးဝင်လာသည်ကို တွေ့ လိုက်ရတော့၏။

“အထက်မှာ မိုးရွာနေပြီကိုငြိမ်း၊ တောင်ကျရေနဲ့ တိုးတော့မှာသေချာတယ်၊ လမ်းဘေးနည်းနည်းကပ်ပြီး ရေဦးကိုရှောင်ထားမှဖြစ်မယ်၊ ကြောပိုးအိပ်ကို ဂရုစိုက်”

ရုတ်တရက်ဆိုသလို ကျနော်တို့ ကြောပေါ် မိုးသီးမိုးပေါက်များ ပေါက်ပေါက်ကြဲသလို ခုန်ချလာကြသည်။ အရှိန်နှင့်ပြေးလာသည့် တောင်ကျရေက ကျနော်တို့ ကို အငြိုးတကြီးအော်ဟစ်ခြိမ်းခြောက်ကာ နောက်သို့ တွန်းချဖို့ ကြိုးစားကြ၏။ ကျနော်တို့ အားလုံး လမ်းဆက်မလျောက်နိုင်ကြတော့ပဲ မိုးသီးမိုးပေါက်များအောက်၊ တောင်ကျရေများကို တောင့်ခံကာ နေရာတွင်ပင်ရပ်နေကြရ၏။
တုတ်ချောင်းများ အမှိုက်သရိုက်များတောင်ကျရေနှင့်အတူမျောပါလာကာ ကျနော်တို့ ကို တွန်းထိုးဝှေ့ ယမ်းနေကြ၏။ သို့ သော် ချက်ချင်းဆိုသလို ရေစီးအားလျော့သလိုဖြစ်သွားရပြန်သည်။ အမှိုက်သရိုက်များသည်ပင် သိပ်ပြီးပါမလာတော့။ သို့ သော် ရွာချလိုက်သည့်မိုးက ပိုပြီးသည်းထန်လာပြန်သည်။ ကျွဲခြေရာနွားခြေရာခွက်များပေါ် လမ်းလျောက်ရသည်မှာ လဲကျမသွားရအောင် မနည်းထိမ်းပြီးမှ သွားနေရ၏။ မိုးချုန်းသံများ ကျနော်တို့ နှင့်ဝေးသွားနေ၏။ သို့ သော် တောင်ကြားလမ်းမှာ ကျဉ်းသထက်ကျဉ်းလာနေစဉ် တောင်ကျရေက ဒူးဆစ်သာသာအထိ ရေစီးအားကောင်းလာနေပြန်သည်။ လမ်းအလယ်တွင် လမ်းလျောက်လို့ မရနိုင်တော့။ ခြေထောက်အောက်မှ မြေကြီးမှာ ရွှံဗွက်အိုင်ကြီးဖြစ်ကာ ရေစီးနှင့်ရွှံ့ နှစ်ကိုပါ အားသွန်ပြီး တွန်းလှန်ရင်း တလှမ်းချင်းလှမ်းကြရ၏။ ကျနော်က လမ်းဘေးသို့ ကပ်သည်။ လမ်းဘေးက သစ်ပင်သစ်ကိုင်းများကို လက်နှင့်လှမ်းဆွဲပြီးမှ လမ်းလျောက်ရန်စဉ်းစားသည်။ သို့ သော် လမ်းဘေးသစ်ကိုင်းများက ကျနော့်ကိုအကပ်မခံကြ။ ကျနော့်လက်နှင့်ခန္ဓာကိုယ်မှာ ဆူးခက်များနှင့်ငြိ၏။ ကျနော်က လမ်းလယ်သို့ သတိနှင့် ပြန်တိုးလိုက်ရလေသည်။
ဟီးထိုးထတောင်ကြားထဲ မိုးဖွဲဖွဲများအောက် နောက်ထပ်နာရီဝက်ခန့် လျောက်လာပြီးနောက် တောင်ကြားထဲမှ ကျနော်တို့ ထွက်လာနိုင်ခဲ့ကြသည်။ ကျနော်တို့ အားလုံး မိုးရေကိုယ်စီ စိုရွှဲလျက်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ ရွှံ့ နှစ်များပေကျံလျက်။
နောက်ထပ်တနာရီခန့် ပြင်းပြင်းလျောက်လျင် မဲပလိရွာသို့ ရောက်တော့မည်ဟုသိရ၏။့  ဟီးထိုးထတောင်ကြားအတွေ့ အကြုံကမူ ကျနော့်ကို မမေ့နိုင်အောင် ဖမ်းစားသွားခဲ့ပြီဟု ကျနော်တွေးမိသည်။

(၂)

ကျုံစိန်ကြိုးဝိုင်းကြီးထဲသို့ ကျနော်တို့ လူသိုက် ဝင်လာခဲ့စဉ် နေရောင်ခြည်များသည်လည်း ဖရိုဖရဲ ဆုပ်ခွါသွားနေကြ၏။ ကျနော်တို့ လူသိုက်တွင် ကျနော်အပါအဝင် လူ (၄)ယောက်ရှိ၏။ မဲပလိရွာတွင် လူ(၅)ယောက်ကျန်နေရစ်ခဲ့ကြ၏။ ကျနော်တို့ သွားရမည့်ခရီးမှာ တောလမ်းခရီးများသာဖြစ်မည့်အပြင် မည်သည့်ရွာတွင်မျှလည်း ညအိပ်ညနေ နားနေကြမည်မဟုတ်ပဲ ကြုံရာတောထဲတွင်သာ သွားလာနေထိုင်ကြမည်ဖြစ်သဖြင့် ရိက္ခာအတွက် ဝန်ပေါ့စေရန် ဗိုလ်သိမ်းစိုးက သူ့ ရဲဘော်တချို့ ကို မဲပလိရွာတွင် ထားခဲ့ရန်ဆုံးဖြတ်ခဲ့၏။ ထို့ ကြောင့်ကျနော်တို့ လူသိုက်တွင် မာနယ်ပလောက ထွက်လာစဉ်(၉)ယောက်ရှိရာက ယခုတော့ (၄)ယောက်သာ ပါလာခဲ့တော့၏။
စမ်းချောင်းကလေးတခုဘေးမှ ကျနော်တို့ လျောက်လာခဲ့ကြသည်။အိပ်တန်းတက် ငှက်သံများမှာ တတောတတောင်လုံး ဆူညံလျက်ရှိ၏။ နေရောင်ခြည်များ ဆုပ်ခွါသွားနေစဉ် ကျနော်တို့ ကြောပေါ်သို့  အအေးဓါတ်က လာရောက်ပူးကပ်ထားလိုက်၏။ စမ်းချောင်းကလေး တံတောင်ဆစ်ချိုးကွေ့ သွားသည့်တနေရာတွင် ယာယီအားဖြင့်တညအိပ်ရန် နေရာရွေးလိုက်ကြ၏။ ကျနော်တို့ အထက် တနေရာဆီက စကားပြောသံကြားရသလိုရှိသည်။ ကျုံစိန်ကြိုးဝိုင်းထဲသို့ ဝင်လာကာစက ကြိုးဝိုင်းထဲတွင် ကျနော်တို့ ထက်စေါစွာ ကေအင်ဒီအိုပြောက်ကျားရဲဘော်တချို့ ရောက်နှင့်နေသည်ဟု ဗိုလ်သိမ်းစိုးကပြောခဲ့၏။ စကားပြောသံများမှာ ဗိုလ်သိမ်းစေါပြောခဲ့သည့် ပြောက်ကျားရဲဘော်များသာ ဖြစ်မည်ဟုကျနော်တွေးမိသည်။

“ဒီကောင်တွေ တော်တော်ခက်တဲ့ကောင်တွေပဲ၊ ဒီလိုသာသိရင် ကျနော်တို့ နောက်ထပ်တနေရာသွားပြီးခိုမှာပေါ့၊ ခုတော့မှ ဒီကောင်တွေ ဒီနေရာမှာခိုနေတာ ငါးရက်ရှိပြီဆိုတာ သိရတယ်”

ဝါးရုံပင်အုပ်တခု၏အောက် မြက်ခင်းအစပ်တွင် အိပ်ယာပြင်ဆင်နေစဉ် လူသံကြားရာ အထက်ဖက်ထွက်သွားပြီးမှပြန်လာသည့် ဗိုလ်သိမ်းစိုးက စိတ်ပျက်လက်ပျက်ပြောရင်း ကျနော့်ဘေးနားတွင် ဝင်ထိုင်လိုက်၏။

“ဘာပြုလို့ လဲဗျ၊ ဒီနေရာက သိတ်ပြီးမလုံခြုံလို့ လား”
“ဘယ်လုံခြုံပါ့မလဲ၊ ဒီနေရာက ရေရှိတယ်မို့ လား၊ ရေရှိရင် ကျနော်တို့ လူတွေ ဝင်ပြီးခိုတတ်တယ်ဆိုတာ ရန်သူကသိတယ်၊ ဒါကြောင့်မို့ ဒီလိုနေရာမျိုး ဘယ်တော့မှ ကြာကြာဝင်မခိုသင့်ဘူး၊ အဲဒါကျနော်ပြောတော့ သူတို့ မှာ လူမမာပါနေတယ်၊ ဒါကြောင့်မို့ ဒီမှာကြာနေတာတဲ့၊ နောက်ထပ်တညအိပ်ပြီးရင်တော့ ရွှေ့ မယ်လို့ ပြောတာပဲ”

ညနေလေးနာရီခန့် က ကျနော်တို့ တတွေ ဖါးအံမြို့ နယ်၊ ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုလာဘ၏ ယာယီပြောက်ကျားစခန်းတွင် ညစာထမင်းစားခဲ့ကြ၏။ စခန်းကမထွက်ခွါခင် တပ်မဟာတစ် ကျနော်၏ခရီးစဉ်ကို ဗိုလ်သိမ်းစိုးနှင့်တိုင်ပင်ကာ ပဒိုလာဘအား ရှင်းပြခဲ့၏။ ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံ ကွင်းဆင်းသတင်းထောက်တဦးအနေနှင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း၊ ဖါးအံ၊ဘီးလင်း၊ ကျိုက်ထို နှင့် ဖါပွန်မြို့ နယ်များအတွင်း အခြေအနေပေးပါက (၂)လကျော်ကြာ လှည့်လည်နေထိုင်သွားမည့်အကြောင်းရှင်းပြခဲ့၏။ ပဒိုလာဘက ကျနော့်ကို ဖလင်(၂)လိပ်၊ မြန်မာငွေ တစ်ထောင်ကို အကူအညီပေးလိုက်၏။ ရှေ့ တန်းသို့ ဆင်းလာသည့် သတင်းထောက်တဦးကို သူတို့ မြို့ နယ်က ကြိုဆိုပါကြောင်းလည်း အားပေးစကားပြောခဲ့၏။

ညဥ့်နက်လာတော့ အအေးဓါတ်က ပိုပြီးဖိစီးလာခဲ့သည်။ မီးဖိုပြီးလှုံချင်သော်လည်း လုံခြုံရေးအရ မီးဖိုလို့ မဖြစ်သဖြင့် သည်အတိုင်း အအေးဒါဏ်ကို တင်းခံထားခဲ့ရ၏။ မိုးကုန်လုပြီဖြစ်သည့်တိုင် မိုးနှင်းများက စမ်းချောင်းလေးတဝိုက် တဖျောက်ဖျောက်နှင့်ကျနေ၏။ ကျနော်က တောတိရစ္ဆာန်တချို့ ၏အော်မြည်သံကို နားထောင်နေမိသည်။ ခတ်ဝေးဝေးတနေရာက ချေဟောက်သံသဲ့သဲ့ကြားရ၏။ တစ်တီတီတူးမြည်သံ ဆက်တိုက်ကြားလိုက်ရသောအခါ ဗိုလ်သိမ်းစိုးက အိပ်နေရာက ခေါင်ထောင်ပြီးထကြည့်သေး၏။ မှုန်ဝါးဝါး လရောင်အောက် မလှမ်းမကမ်းတောစပ်၌ ရဲဘော်လေးဝှေ့ စာနှင့် ကျန်ရဲဘော်တဦး အိပ်စက်နေသည်ကို မြင်နေရ၏။ တိတ်ဆိတ်ထူးခြားသည့် တောတွင်းတနေရာ၏ အသံဗလံများကို နားထောင်ရင်း မောပမ်းနွမ်းနယ်စွာ ကျနော် အိပ်ပျော်သွားခဲ့၏။

(၃)

“ဟေ့ ဖီးလှလိမ်းလှချည့်လား”

ကရင်စစ်သားလေးက ကျနော့်ကိုတချက်လှည့်ကြည့်သည်။ ပြီးတော့ လိမ်းလက်စသနပ်ခါးကို ဆက်ပြီးလိမ်းနေ၏။ သူ့ ဘယ်ဖက်လက်ထဲတွင် လက်ဖဝါးခန့် မရှိတရှိ မှန်ကွဲတချပ်။ ညာဖက်လက်ထဲတွင် သွေးလက်စ သနပ်ခါးခဲတခဲ။ သူ့ ရှေ့ က ပုဆိုးအဟောင်းတထည်ပေါ်တွင် ကျောက်ပြားလေးတချပ်။ ကျနော်က မှန်ကြည့်ပြီး သနပ်ခါးလိမ်းနေသည့် ကရင်ရဲဘော်လေး၏ဘေးတွင် သွားရပ်လိုက်သည်။သူကတော့ ကျနော့်ကိုမကြည့်။ သနပ်ခါးလိမ်းမပျက်။

“မင်းက သနပ်ခါးကြိုက်သလားကွ”
“အေး”
သည်တခါတော့ သူ့ ဆီက တခွန်းတည်းသောစကား ကျနော်ကြားရ၏။
“သူက ဗမာစကားသိတ်ပြီးမပြောတတ်ဘူးဆရာကြီး၊ နည်းနည်းပဲနားလည်တယ်”
“အော် ဟုတ်လား၊ သူက သနပ်ခါး ဒီလိုပဲလိမ်းတာပဲလား”

သူတို့ အဖွဲ့ ထဲက ခေါင်းဆောင်လုပ်သူဟုထင်ရသူက သူ့ ရဲဘော်လေးဘေးတွင်ရပ်ကာ ကျနော်ကိုရှင်းပြ၏။

“ဒီကောင်တွေက သနပ်ခါးပဲလိမ်းနေတာပဲဆရာကြီး၊ ရှိတဲ့ပိုက်ဆံ သနပ်ခါးဖိုးနဲ့ ပဲ ကုန်တာ”

ကျနော်က အသက်(၂၀)ပင်ပြည့်ဟန်မတူသေးသည့် ကရင်စစ်သားလေးကို သဘောကျနေမိသည်။ စစ်သားလေးက မှန်ကွဲလေးကိုကြည့်ကာ စိတ်တိုင်းကျ သနပ်ခါးလိမ်းပြီးနောက် ကျောက်တုံးကျောက်ပြင်နှင့် လက်သဲခွံသာသာ သနပ်ခါးခဲလက်ကျန်လေးကို ကြောပိုးအိပ်ထဲသို့ တယုတယထည့်သိမ်းနေ၏။
ကျနော်က ပိုက်ဆံအိပ်ထဲမှ ပိုက်ဆံငါးဆယ်ကိုထုတ်ပြီး ကရင်စစ်သားလေးကိုပေးလိုက်သည်။

“ဒါ မင်းအတွက် သနပ်ခါးခဲဖိုး ငါလက်ဆောင်ပေးတာပါ ”

ကရင်စစ်သားလေးက ကျနော့်ကိုမေါ့ကြည့်သည်။ ကျနော့်လက်ထဲက ငွေငါးဆယ်ကိုကြည့်သည်။ ပြီးတော့ လှမ်းယူလိုက်သည်။ စကားကိုမူတခွန်းမှမပြော။
ထိုနေ့ မနက်က ကျနော်တို့ လူသိုက် ကျုံစိန်ရွာဘက် ထွက်ခဲ့ကြသည်။ သူတို့ ကိုလည်း သည်နေရာတွင် ကြာကြာမနေဖို့ ဗိုလ်သိမ်းစိုးက မှာဖြစ်အောင်မှာခဲ့၏။ အထုပ်အပိုးကိုယ်စီဖြစ်နေသည့် ကျနော်တို့ လူသိုက်ကိုကြည့်ကာ သနပ်ခါးကြိုက်သူ စစ်သားကလေးက ပြံးပြ၏။ ဒါကတော့ သူ ကျနော်တို့ ကိုနှုတ်ဆက်နေခြင်းပင်ဖြစ်ပေမည်။
စမ်းချောင်းကလေးအတိုင်း ကျနော်တို့ လမ်းလျောက်လာခဲ့ကြသည်။ ထိုညနေက နောက်ထပ်တညအိပ် ခိုနားမည့် ကျုံစိန်ရွာနှင့်မနီးမဝေး တောင်ကုန်းလေးပေါ်ရောက်သည်အထိ သနပ်ခါးကြိုက်သူ ထို ကရင်စစ်သားလေး သနပ်ခါးလိမ်းနေသည်ကို တလမ်းလုံးလိုလို ကျနော် ပြန်တွေးနေမိသည်။ ထို့ နောက် ကျနော်တို့ အဖွဲ့ တွင်ပါလာသည့် “ဝှေ့ စာ” ဟုခေါ်သော ကရင်စစ်သားလေးကိုလည်း မကြာမကြာ ခိုးကြည့်နေခဲ့မိပြန်သည်။ ရဲဘော်လေးဝှေ့ စာကမူ သနပ်ခါးကြိုက်သူ ဟုတ်ဟန်မတူပါ။ သို့ သော် သူ့ မျက်ခုံးများ လည်ဂုတ်များပေါ်၌ ပေါင်ဒါမှုန့် များ ဖွေးဖွေးဖြူနေသည်ကိုမူ ထင်ထင်ရှားရှားတွေ့ နေရ၏။ ကျနော်ကျေနပ်စွာ ပြုံးမိသည်။ ငယ်ရွယ်သည့် ကရင်စစ်သားတချို့ က သနပ်ခါးနှင့် ပေါင်ဒါမှုန့် လိမ်းကြသည်ဟု ကြားခဲ့ဖူးသည့်စကား ကြောင့် ကျနော်ပြုံးမိခြင်းဖြစ်သည်။

(၄)

“ဘယ်မှာတိုက်ပွဲဖြစ်တာလဲ ဗိုလ်သိမ်းစိုး”

ခတ်လှမ်းလှမ်းမှ သေနတ်သံများ ခတ်အုပ်အုပ်ကြားလိုက်ရပြီးနောက် လမ်းလျောက်စကားပြောစက်နှင့် အလုပ်ရှုပ်နေသည့် ဗိုလ်သိမ်းစိုးကို မအောင့်နိုင်ပဲ ကျနော်မေးလိုက်မိသည်။ဗိုလ်သိမ်းစိုးက ရုတ်တရက်ပြန်မဖြေပဲ တက်တခေါက်ခေါက်ဖြစ်နေသေး၏။

“အဲဒါကြောင့် ပြောတာပေါ့၊ ဒီကောင်တွေကိုက မှားတာ၊ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ဒီနေရာမှာ ဒီလောက်ကြာကြာ နေကို မနေသင့်ဘူး၊ ခုတော့ သေသေချာချာပြောခဲ့ရဲ့သားနဲ့ ဖြစ်မှဖြစ်ရပလေကွာ တကယ်ပဲ”

ကျနော် ထိုင်ရာက ထရပ်လိုက်မိသည်။ စိတ်ထဲ၌ ပူသွားရ၏။ ကျနော်ထင်သလို မဟုတ်ပါစေနဲ့ လို့ လည်း ဆုတောင်းဖြစ်အောင် တောင်းလိုက်မိသေးသည်။

“ဘယ်မှာတိုက်ပွဲဖြစ်တာလဲဗျ၊ကျနော်တို့ နားခဲ့တဲ့နေရာမှာများလား”
“အေးပေါ့ဗျ၊ အဲဒီနေရာကလွဲလို့ ဘယ်နေရာဖြစ်တော့မှာလဲ၊ ကျနော်ထင်တယ်၊ အစကတည်းက၊ အခုတော့ ”
“ထိခိုက်တဲ့သူကော ရှိသလားဗျ”
“ရှိရတော့တာပေါ့၊ သူတို့ မှာ လူမမာကလည်းရှိနေတော့ တယောက်က ခံပစ်ပေးတုန်း ကျန်တဲ့သူတွေ လွတ်အောင်ဆုတ်ကြရတာပဲဟာ၊ ခင်ဗျား သနပ်ခါးခဲဖိုးပေးခဲ့တဲ့ကောင် ကျသွားပြီ”

နေရာတွင်ပင် ကျနော် ကြက်သေသေကာ ရပ်နေမိသည်။ ဗိုလ်သိမ်းစိုးကို မည်သို့ မျှ ဆက်ပြီးမမေးတော့။ ဗိုလ်သိမ်းစိုးကလည်း မည်သည့်စကားမျှ ဆက်ပြီးမပြောတော့။ ကျနော်တို့ နှစ်ယောက်ကြားတွင် ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားရ၏။

ကျနော်က တောင်ကုန်းလေးပေါ်ကတဆင့် ခတ်ဝေးဝေးတနေရာကို လှမ်းကြည့်နေမိသည်။ တောင်ကုန်းလေး၏အောက်တွင် သစ်ပင်တောတန်းများမှာ အထပ်လိုက် အလွှာလိုက်ရှိနေ၏။ ကောင်းကင်၏ နေရာတချို့ တွင် မိုးသားများညို့ ဆိုင်းနေ၏။ လွန်ခဲ့သည့်ည ကျနော်တို့ တညအိပ်ခိုနားခဲ့ရာ စမ်းချောင်းကလေးသည် ဤတောအုပ်များ၏ ဟိုမှာဘက် အစပ်၌ တိတ်ဆိတ်စွာ စီးဆင်းနေပေလိမ့်မည်။
စမ်းချောင်းကလေးရှိရာ တောအုပ်အပေါ်တွင်မူ မိုးများ အုံ့ ဆိုင်းရွာချနေသည်ကို တွေ့ နေရလေသည်။ ။

( ဤနှစ်သစ်ကူးအခါသမယတွင် နှစ်ပေါင်း ခြောက်ဆယ်ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်မီးကြီး အမြန်ဆုံးနိဂုံးချုပ်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။ )

ငြိမ်းဝေ