April 10, 2010

မိုးတပေါက်နဲ့ လည်း ပိတောက်ပွင့်နိုင်တယ်


(က)

“ပန်းဝေဝေ↔စာအုပ်အငှါးဆိုင်ကလေးထဲကမီးရောင်က ဆိုင်အပြင်ဘက် ကိုက်အနည်းငယ်အကွာအထိ လင်းနေသည်။ရထားလမ်းနှင့်စာအုပ်ဆိုင်ကလေးကြားက မြေကွက်လပ်ပေါ်မှာလည်း မီးရောင်ကရောက်နေသည်။ လွန်ခဲ့သည့်နာရီဝက်လောက်ကတော့ အဲဒီမြေကွက်လပ်မှာချထားသည့် စားပွဲဝိုင်းကလေးဘေးမှာ လူတချို့ ထိုင်နေခဲ့ကြသေး၏။ စာရေးဆရာ တက္ကသိုလ်တင်မြင့်၊ ဆရာ ဦးရမ်းမဂျိ၊ ကိုခင်မောင်ကြည်နှင့်အတူ သူလည်းပဲ လဘက်ရည်ဝိုင်းဖွဲ့  ထိုင်နေခဲ့၏။

ဇေယျဝတီမြို့ သကြားစက်ဝန်းကြီးထဲ ဝင်ရာ ကားလမ်းက စာအုပ်ဆိုင်ကလေးနှင့် ကိုက် ၃၀ လောက်အကွာတွင် ရထားလမ်းကို ကန့် လန့် ဖြတ်ပြီး ရှိနေ၏။ သူတို့ ဝိုင်းစုထိုင်ပြီး စကားပြောနေခဲ့ရာ မြေကွက်လပ်ကလေးကို ရထားလမ်းနှင့် ကားလမ်းဆုံရာ ကုန်းထိပ်ပေါ်ကကြည့်လျင် ပန်းချီကားတချပ်လို လှနေ၏။ ကက်ဆက်နှင့်ဖွင့်ထားသည့် ခင်မောင်တိုးရဲ့ သီချင်းသံက ခတ်သဲ့သဲ့ကြားနေရ၏။ သူတို့ လူစု လူစုကွဲတော့ ည (၁၀)နာရီထိုးပြီ။ စားပွဲဝိုင်းက နောက်ဆုံး ထပြန်သွားသူကတော့ ထုံးစံအတိုင်း စာရေးဆရာ တက္ကသိုလ်တင်မြင့်။ ပြီးတော့လည်း ဧည့်သည်တွေမရှိတော့တဲ့ စားပွဲဝိုင်းဘေးမှာ သူတယောက်တည်း ကျန်နေရစ်ခဲ့၏။ ကက်ဆက်သီချင်းကိုလည်း မဒေဝီက ပိတ်လိုက်ပြီးပြီ။
စာအုပ်ဆိုင်ကလေးထဲကို လှမ်းကြည့်တော့ မဒေဝီက စာအုပ်စင်ဘေးက စားပွဲမှာ စာထိုင်ဖတ်နေ၏။ စားပွဲဝိုင်းမှာ လူရှင်းသွားပြီဖြစ်တာမို့ သူက မဒေဝီကို လှမ်းခေါ်လိုက်သည်။ မဒေဝီက တော်တော်နဲ့ ထမလာသေးပဲ စာထိုင်ဖတ်နေသေး၏။ သူက စားပွဲခုံနှင့်ကုလားထိုင်ပုလေးတွေကို သိမ်းဖို့ ပြင်လိုက်ရတော့၏။

“ခုံတွေသိမ်းတော့မလားမောင် ↔

သူက လက်ထဲက ခုံပုလေးတခုကို ပြန်ချလိုက်ရင်း မဒေဝီကို လှည့်ကြည့်သည်။

“မနက်ဖြန်ကျရင် ပိတောက်တွေပွင့်မယ်ထင်တယ်မောင် ↔
သူက စူးစမ်းသည့်အကြည့်နှင့် မဒေဝီကို ငေးကြည့်မိသည်။
“မိုးကဖြင့် တစက်တပေါက်ပဲ ရွာသွားတဲ့ဟာ ↔
မဒေဝီက သူ့ ကို သဘောကျသည့်အပြုံးနှင့်လှမ်းကြည့်နေ၏။
“မိုးတပေါက်နဲ့ လည်း ပိတောက်ပွင့်နိုင်တယ်မို့ လားမောင်ရယ်၊ အဲဒါ ကျမပြောတာမဟုတ်ဘူးမောင်ရေ ဆရာကြီး မင်းသုဝဏ်ပြောတာ ကဲ..↔

ထိုအချိန်အထိ သူက မဒေဝီကို ငေးကြည့်နေတုန်းဖြစ်နေသေး၏။ သိမ်းမယ်လုပ်နေတဲ့ ခုံပုလေးကိုလည်း ကိုင်ထားနေဆဲ။

“ ဘာငေးနေတာလဲမောင်ရဲ့ ကျမပြောတာ သဘောမတူနိုင်လို့ လား ↔
“ အော် အေး အေး ဟုတ်ပ၊ မင်းပြောတာဖြစ်တော့ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဆိုင်ကူသိမ်းဖို့ လည်းစိတ်ကူးဦး၊ ညဥ့်နက်နေပြီ ↔
“ ညဉ့် နက်တော့ဘာဖြစ်လဲမောင်ရယ်၊ ဒီကနေ့ ည ကျမတို့ မအိပ်တော့ပဲနေလိုက်ကြရင်ကောင်းမလားလို့ ↔

သူက မဒေဝီကို အနည်းငယ်အံ့သြဟန်နှင့် မေါ့ကြည့်သည်။ လက်ထဲက ခုံပုလေးကိုလည်း ပြန်ချထားလိုက်သည်။ မဒေဝီက သူ့ ကိုအပြုံးမျက်နှာနှင့်ပြန်ကြည့်နေသည်။ နှစ်ယောက်သား အကြည့်ချင်းခဏကြာမျှဆုံလိုက်ကြသည်။
“ မနက်ကြရင် ပိတောက်တွေပွင့်နိုင်တယ်မောင်၊ ကျမအထင် မနက် သုံးနာရီ လေးနာရီလောက်မှာ ပိတောက်တွေပွင့်မယ်နဲ့ တူတယ်၊ ကျမတို့ ပိတောက်ပွင့်တာ စေါင့်ကြည့်ရရင်ကောင်းမလားလို့  ↔
သူက မဒေဝီကို မဝေခွဲတတ်သည့်မျက်နှာနှင့်ကြည့်သည်။ ပြီးတော့ မဒေဝီရဲ့အတွေးကို သဘောကျစွာပြုံးမိသည်။

“ မသေချာတဲ့အလုပ်ကို ဘာပြုလို့ ဒုက္ခခံနေမလဲကွာ၊ မိုးရွာရင်ပိတောက်ပွင့်မယ်ဆိုတာ မောင်သိပါတယ်၊ ဒါပေမယ့် ညနေကရွာသွားတယ်ဆိုတဲ့မိုးက တကယ့်ကို နည်းနည်းလေး၊ မိုးဖွဲလေးလို့ တောင်မှ မဆိုသာပါဘူး၊အေးလေ ထားပါ၊ မင်းက ဆရာမင်းသုဝဏ်နဲ့ ကိုင်ပေါက်မှတော့ မောင် မကန့် ကွက်တော့ပါဘူး၊ ဒါပေမယ့် ပိတောက်ပင်က ဘယ်မှာရှိသလဲ၊ မင်းစဉ်းစားထားတာ တွေ့ ထားတာကောရှိလို့ လား↔
“ အော် မောင်ကလည်း ပိတောက်ပင်တွေ မောင်တို့ ညကျောင်းရှေ့ က လမ်းမှာ တန်းစီနေတာ မောင်မသိဘူးလား၊ ပြီးတော့ အဲဒီတလမ်းလုံး သကြားစက်ဝန်ထမ်းအိမ်ယာတွေဆိုတော့ မာကျူရီမီးတွေထိန်နေတာပဲ၊ ကျမက မောင်သိနေတယ်ထင်လို့ ပြောတာ ↔
“ အော် ဟုတ်တယ်ဟုတ်တယ်၊ ကောင်းလိုက်တဲ့နေရာကွာ၊ ပိတောက်ပင် နှစ်ဆယ်လောက် လမ်းဟိုဖက်ဒီဖက် တန်းစီပြီးပေါက်နေတာ၊ ဟား ↔
“ ဆိုင်တော့သိမ်းလိုက်မယ်လေ၊ အိမ်ပြန်နားရင် အိပ်ပျော်ပြီး မတော်တဆမနိုးလို့ ဒီအခွင့်အရေးလက်လွတ်သွားရင် ဒီတနှစ်ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးမို့ လား၊ ကျမသဘောကတော့ ဆိုင်မှာပဲ မောင်နဲ့ ကျမ စာဖတ်လိုက် ဆိုင်သန့် ရှင်းရေးလေးလုပ်လိုက်နဲ့ အချိန်ဖြုန်းလိုက်မယ်လေ၊ မနက် သုံးနာရီလောက်ကြတော့ အဲင်္ဒီပိတောက်လမ်းကို မြန်းကြတာပေါ့၊ အိုကေပါတယ်နော်မောင် ↔

သူက ခေါင်းတချက်ညိမ့်ကာ ခုံပုလေးများကို သိမ်းသည်။ မဒေဝီကိုလည်း စိတ်ထဲက ကြိတ်ပြီး သဘောကျနေမိသည်။ ပိတောက်ပွင့်တာကို စေါင့်ကြည့်ကြမယ်ဆိုပါလား။ မိုးတစ်ပေါက်နဲ့ လည်း ပိတောက်ပွင့်တာပဲ ဆိုပါလား။
သူတို့ နှစ်ယောက် စာအုပ်ဆိုင်လေးကို သန့် ရှင်းရေးလုပ်ကြသည်။ မဒေဝီက မီးညွန့် ကျိုးနေသည့်မီးသွေးမီးဖိုကို မီးပြန်မွှေးကာ ရေနွေးအိုးတလုံးထပ်တည်သည်။ လဘက်သုပ်တစ်ပွဲပြင်သည်။ ညဦးပိုင်းက ထမင်းစားလို့ ကျန်နေသည့် ထမင်းကျန်ကို ပန်းကန်ပြားတွင်ထည့်သည်။ ဇွန်းနှစ်ချောင်းတပ်သည်။
သူကတော့ ဆိုင်ဘေးတဝိုက်ကို တံမျက်စည်းလှည်းသည်။ အမှိုက်ကောက်သည်။ စာအုပ်စင်များကို ဖုံခါသည်။ နေ့ စဉ် စာအုပ်ငှါးစာရင်းကို စစ်သည်။ စာအုပ်ငှါးခရငွေကို စစ်သည်။

“ ပန်းဝေဝေ ↔စာအုပ်အငှါးဆိုင်ကလေးထဲ သူတို့ နှစ်ယောက် အလုပ်ရှုပ်နေစဉ် စာအုပ်ဆိုင်ကလေးရဲ့နောက်ဖက် ရထားလမ်းဘေးအိမ်ကလေးတွေဆီက ဆဲဆိုအော်ဟစ်သံများကြားလိုက်ရ၏။ မီးရောင်နှင့်ဝေးရာ ရထားလမ်းဘေး အနိမ့်ပိုင်း ဖင်တပြန်ခေါင်းတပြန် စုပြုံတိုးခွေ့ နေကြသည့် တဲမမည့်တမည် အိမ်ကလေးတွေဆီက အော်ဟစ်ဆဲဆိုသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို တွန်းထိုးနှိုးလိုက်၏။

“ ဘာလဲ၊နောက်ထပ် ငါက ဘာထပ်ပေးရဦးမှာလဲ၊ ဟေ့ ခင်မော်နော်၊ ခင်မော် သီးခံနိုင်တဲ့အတိုင်းအတာထက်ပိုပြီး လွန်လာရင် ခင်မော်က ဘယ်မအေ မှ သီးမခံဘူးဟေ့၊ ဘာ ဘာပြောတယ်၊ အောင်မယ်လေး၊ လူလည်းအိပ်ပေးရတယ်၊ ဆက်ကြေးလည်းပေးတယ်၊ အရက်ဝယ်တိုက်တယ်၊ အို အမြီးတောင် ဝယ်ပေးတယ်၊ ဒါကိုအားမရလို့ ပိုက်ဆံထပ်ပေးရဦးမယ်ဟုတ်လား၊ အောင်မယ် လာစမ်းပါ၊ နင့်သေနတ်လောက်တော့ ခင်မော်က ဟိုဟာလောက်တောင် သောက်ဂရုမစိုက်ဘူး↔

မဒေဝီက သူ့ ဘက်ကိုလှည့်မကြည့်ပဲ လဘက်သုပ်ပန်းကန်ကိုသာ ခေါင်းငုံ့ ပြီးပြင်သည်။ သူက တံမျက်စည်းလှည်းနေရာက အသံကြားရာဆီ နားကရောက်နေ၏။ မကြာခင် မခင်မော်တယောက် စာအုပ်ဆိုင်ကလေးဆီ ရောက်လာနိုင်သေးသည်ကိုလည်း သူသိနေသည်။ မီးရောင်ကြောင့် ဆိုင်မသိမ်းသေးသည်ကို မခင်မော် ကောင်းကောင်းသိနိုင်သည်။ အခြေအနေပေးလျင် မဒေဝီနှင့်သူ့ ကို သူ့ ဘဝအဖြစ်အပျက်များကို ရင်ဖွင့်ကောင်း ရင်ဖွင့်ပေဦးမည်။ မခင်မော်က အသံကုန်ဟစ်ပြီးပြောနေပေသည့် ယောင်္ကျားတဦး၏အသံကိုမူ ခတ်အုပ်အုပ်သာကြားနေရ၏။ မခင်မော်ရဲ့စကားထဲမှာ သေနတ်ဆိုတာပါလာလို့ မခင်မော်တယောက် ရဲစခန်းက တပ်ကြပ်ကြီးစာရေးနှင့် စကားများနေခြင်းဖြစ်မည်ဟု သူတွေးမိသည်။ မခင်မော်က ရဲစခန်းကို ဆက်ကြေးပေးနေရသည်ကိုလည်း သူသိသည်။ ညဥ့်နက်သည့် တချို့ သောညများဆိုလျင် ရထားလမ်းဘေး မခင်မော်တို့ တဲအိမ်ကလေးတွေဆီ မကြာခဏရောက်လာလေ့ရှိသည့် တပ်ကြပ်ကြီးစာရေးမှာ မခင်မော်၏ဖေါက်သည်တယောက်ဆိုသည်ကို သူသိသည်။အခုတော့ မခင်မော်တို့ အဆင်မပြေဖြစ်ကြဟန်တူသည်။
မခင်မော်ရဲ့ အော်သံဟစ်သံ ထပ်ပြီး မကြားရတော့။ ခွေးဟောင်သံများကြားရပြီး လူနှစ်ယောက် စာအုပ်ဆိုင်ဘေးမှကွေ့ ကာ ကားလမ်းမပေါ်တက်သည်။ လမ်းဘေးဓါတ်မီးတိုင် မီးရောင်အောက်တွင် ရဲဝတ်စုံနှင့် လူနှစ်ယောက်။ ရထားလမ်းဘေး အမှောင်ထုထဲက ခွေးဟောင်သံများရပ်သွားသည်။
သူ့ စိတ်ထဲ ခဏအကြာတွင် စာအုပ်ဆိုင်ကလေးဆီ မခင်မော်ရောက်လာနိုင်သည်ဟုတွေးသည်။ သို့ မဟုတ် မနက်ဖြန်နေ့ လည်လောက်ဆိုရင်တော့ မခင်မော်တယောက် မဒေဝီရှေ့ တွင်ထိုင်ကာ သူ့ ဘဝဇာတ်ကြောင်းများကို ငိုကာရယ်ကာနှင့် ရင်ဖွင့်ပေလိမ့်ဦးမည်ဟု သူတွေးမိသည်။

(ခ)

“ မခူချင်စမ်းပါနဲ့ 
နှစ်ဆန်း ခါတော်မီမို့ 
ဇမ္ဒော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့ 
ပွင့်ငုံကို လင့်ကုန်ကြတော့လို့ 
ခေါင်းကြွကာ ဆာဝေဝေနဲ့ 
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။↔

သူနှင့်မဒေဝီတို့ နှစ်ယောက် သကြားစက်ဝန်းကြီးထဲဝင်လာတော့ မနက် သုံးနာရီထိုးပြီ။ သူက စာအုပ်ဆိုင်ကလေးထဲက ထွက်လာကတည်းက ပိတောက်ပန်းကိုဖွဲ့ တဲ့ ဆရာဇော်ဂျီရဲ့ “ပန်းတောက်ပန်း↔ ကဗျာကို တွေးလာခဲ့၏။ ဆိုင်ထဲက မထွက်လာခင် ပိတောက်ပန်းအကြောင်း မဒေဝီနှင့်သူ စကားနည်းနည်းထိုင်ပြောဖြစ်သေးသည်။ ရှေးစာဆိုများက ပိတောက်ပန်းကို သိတ်ပြီးစာမဖွဲ့ ခဲ့ဘူးလို့ သူ ထင်ကြောင်း၊ နောက်ပိုင်း ကိုလိုနီခေတ်လောက်ကြမှသာ ပိတောက်ပန်းကို စာဆိုတိုင်းလိုလို ကဗျာဖွဲ့ လာခြင်းဖြစ်ကြောင်း သူ့ အနေနဲ့ မကြေနပ်မိကြောင်း မဒေဝီကပြောခဲ့၏။ မဒေဝီ၏ထင်မြင်ချက်ကို သူက သဘောတူသည်။ ပိတောက်ပန်းကိုဖွဲ့ တဲ့စာဆိုတွေထဲမှာ ဆရာဇော်ဂျီကို သူ့ အနေနဲ့ အထူးအလေးအနက်ထားမိကြောင်း ပြန်ပြောပြမိသည်။ ဆရာဇော်ဂျီက ခေတ်စမ်းကဗျာခေတ်ကို အဲဒီ ပိတောက်ပန်းကဗျာနဲ့ တွန်းဖွင့်လိုက်တယ်လို့ သူထင်ကြောင်း၊ အထင်ရှားဆုံးအင်္ဂါရပ်ကတော့ ပိတောက်ပန်းကို သက်မဲ့ဘဝက သက်ရှိဘဝရောက်အောင် သက်ရှိသဏ္ဍာန်ဖြစ်အောင် ဖွဲ့ တဲ့ အတတ်ပညာရေး ဆန်းသစ်မှုဟာ ခေတ်ဆန်းကဗျာရဲ့ ခေတ်ဟောင်းကဗျာတွေနဲ့ မတူ လမ်းသစ် ဖေါက်လိုက်တဲ့ကဗျာ ဖြစ်တဲ့အကြောင်း ပြောခဲ့မိ၏။ သူက ဥပမာအနေနှင့် ပိတောက်ပန်းကဗျာထဲက “ သူလဲလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မယ်↔ဆိုတဲ့စာသားက သက်မဲ့ပိတောက်ပန်းကို သက်ရှိနေရာမှာထားပြီး ရေးဖွဲ့ တဲ့စားသားဖြစ်ပြီး၊ ပိတောက်ပန်းကဗျာရဲ့ အစဦးဆုံးပါဒဖြစ်တဲ့ “ မခူးချင်စမ်းပါနဲ့ ↔ဆိုတဲ့ ပါဒကြတော့ မြန်မာကဗျာသမိုင်းမှာ စာဟန်အရေးအဖွဲ့ ရဲ့ဟန်ကိုချိုးဖျက်ပြီး စကားပြောဟန်ကို အသိရှိရှိ ထိထိမိမိ ပထမဆုံးတီထွင်အသုံးပြုလိုက်တဲ့ အချက်၊ အဲဒီအချက်တွေဟာ မြန်မာကဗျာရဲ့ အချိုးအကွေ့ တခုဖြစ်စေခဲ့တဲ့အကြောင်း ပြောဖြစ်၏်။ သူ ပြောပြတာတွေကို နားထောင်ရင်းက မဒေဝီက “ ဆရာဇော်ဂျှီပြောသလိုဆိုရင် ကျမတို့ ပိတောက်ပန်းတွေ စေါင့်ပြီးခူးလို့ ဖြစ်မှဖြစ်ပါ့မလားကွယ်၊ ဆရာက ပိတောက်ပန်းကို မခူးချင်စမ်းပါနဲ့ လို့ ရေးတယ်မို့ လား↔ဟု ပြောခဲ့သေး၏။ ထိုအခါကျတော့လည်း သူက “ ဒါကတော့ တို့ က ပန်းခူးဖို့ အဓိကထားမှာမှမဟုတ်တာ ပိတောက်ပန်းပွင့်တာကိုပဲ စေါင့်ကြည့်ချင်တာက အဓိကမို့ လားကွာ ↔ဆိုတဲ့စကားနဲ့ မဒေဝီကို ပြန်ပြီး နှစ်သိမ့်ခဲ့ရ၏။

သကြားစက်ရုံဝန်းကြီးထဲက စက်ရုံအဝင်ဖက်သွားရာ၊ အရက်ပျံစက်ရုံဖက်သွားရာနှင့် ညကျောင်းရှေ့ သို့ သွားရာ လမ်းဆုံလမ်းခွကို ရောက်တော့ သကြားစက်အဝင်ပေါက်ဂိတ်က ညစေါင့်တဦးထွက်လာကာ သူတို့ ကို လှမ်းကြည့်နေ၏။ သူနှင့်မဒေဝီက ညကျောင်းဖက်သွားရာလမ်းထဲ ချိုးဝင်လာခဲ့တော့မှ ညစေါင့်သည်လည်း ဂိတ်တဲကလေးထဲ ပြန်ဝင်သွား၏။

သူတို့ နှစ်ယောက် နာရီတကြည့်ကြည့်နှင့် လမ်းလျောက်လိုက် လမ်းဘေးက ခုံတန်းတခုတွင် ဝင်ထိုင်လိုက်လုပ်နေခဲ့ကြသည်။ အစ ပထမတော့ သူနှင့်အတူ ညကျောင်းတွင် စာအတူတူသင်ကြသည့် ဆရာ ကိုခင်မောင်ကြည်တို့ အိမ်ဖက်က ခွေးတကောင်က လိုက်ဟောင်နေသေး၏။ ပြီးတော့ပြန်ငြိမ်သွား၏။ သူတို့ ကလည်း အိနြေ္ဒမပျက် လမ်းလျောက်နေခဲ့ကြ၏။ မနက် လေးနာရီကျော်လာခဲ့ပြီ။ ပိတောက်ပင် ပိတောက်ကိုင်းများဆီက မည်သည့်ထူးခြားမှုမျှ မတွေ့ ရသေး။

လမ်းဘေးနှစ်ဖက် ဝန်ထမ်းအိမ်ယာများမှာ တိတ်ဆိတ်စွာ အိပ်မေါကျနေကြ၏။ လမ်းလျောက်လာရင်းက အိမ်တလုံးရှေ့ ကိုရောက်တော့ သူ့ ခြေလှမ်းများ နှေးသွား၏။ အိမ်ရှေ့ ပန်းခြံကလေးကို လမ်းဘေးမီးရောင်အောက်တွင် မထင်မရှားတွေ့ နေရ၏။ လမ်းနှင့် မလှမ်းတလှမ်းဖြစ်သဖြင့် အိမ်ကလေးကိုမူ အမှောင်ထဲ၌ သဲကွဲစွာမမြင်ရ။

အိမ်ကလေးရှေ့ တည့်တည့်တွင် သူ့ ခြေလှမ်းများ နှေးသထက် နှေးသွားရသည်။ ထိုအိမ်ကလေးတွင် လွန်ခဲ့သော တလအချိန်အထိ နေထိုင်သွားခဲ့သော အရက်ပျံစက်ရုံ အထက်တန်းစာရေး ကိုစိန်အောင်တို့ မိသားစုကို သူ တွေးသည်။ ကိုစိန်အောင်က စက်ရုံဝန်ထမ်းများ အနေနှင့် ပြီးခဲ့သော ရှစ်လေးလုံးဆန္ဒပြပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသည့်သဘောထားများကို မေးထားသည့် သဘောထားစစ်တမ်းတွင် သူယုံကြည်သလို ထည့်ပြီးရေးခဲ့၏။ ရှစ်လေးလုံးဆန္ဒပြပွဲမှာ ပြည်သူတွေ၏ အထွေထွေမကျေနပ်ချက်များကို ဖေါ်ပြသည့် ကိစ္စဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုခေါင်းဆောင်တဦးဖြစ်ကြောင်း ရေးခဲ့၏။ ထိုနေ့ က အလုပ်မှထုတ်ပယ်ကြောင်းစာကို ညနေသုံးနာရီခွဲတွင် ဌါနမှူးက သူ့ ကိုလာပေးခဲ့၏။ လေးနာရီတွင် ကိုစိန်အောင် စိတ်ဆင်းရဲသောကနှင့် အိမ်ကိုပြန်လာခဲ့သည်။ အိမ်ရောက်တော့ အိမ်ရှေ့ တွင် အိမ်ထောင်ပရိဘောဂများချကာ ထိုင်နေကြသည့် သူ့ မိသားစုကိုတွေ့ ရတော့၏။ နေ့ လည်ကတည်းက သူ့ မိသားစုကို ဝန်ထမ်းအိမ်ယာမှ ပြောင်းရွှေ့ ရနလာပြောသည့် စက်ရုံလုံခြုံရေးများက ပြောပြောဆိုဆို ပစ္စည်းများပါ ဆွဲချလိုက်ကြ၏။ မိသားစုက ကိုစိန်အောင်ပြန်ရောက်တဲ့အထိ စေါင့်ဖို့ ပြောသည်ကိုလည်း လက်မခံကြ။ ကိုစိန်အောင် စိတ်ထိခိုက်ရတော့သည်။ နောက်တနေ့  ဘုန်းကြီးကျောင်းဝန်းအတွင်း ခေတ္တခိုလှုံနေကြသည့် သူ့ မိသားစုက ကိုစိန်အောင်ကို အိပ်ယာကနှိုးတော့ ကိုစိန်အောင်က မနိုးသောအိပ်ခြင်းဖြင့် အိပ်ယာထဲက မထတော့။ ကိုစိန်အောင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီ။အခုတော့ ကျန်ရစ်သူ ကိုစိန်အောင်တို့ မိသားစု ဘယ်ဆီဘယ်နေရာတွင် ဘယ်လို နေထိုင်နေကြသည်ကို သူ မတွေးတတ်တော့။

အိမ်ကလေးရှေ့ ကကျော်လာသည့်တိုင် အိမ်ကလေးထဲတွင် ကိုစိန်အောင်တို့ မိသားစု ရှိနေသေးသလို သူုတွေးမိသည်။ သို့ တည်းမဟုတ် တနေ့ သောအခါတွင် သည်အိမ်ကလေးဆီသို့  ကိုစိန်အောင်တို့ မိသားစု ပြန်လည်ရောက်ရှိလာနိုင်ကောင်းရဲ့ဟု သူဆုတောင်းမိသည်။

“ ဟော ဟော မောင်ရေ မောင်ရေ ဟိုမှာ ဟိုမှာ ↔

သူ့ လက်တဖက်ကို ဆောင့်ဆွဲလိုက်သည့် မဒေဝီကို သူက ဖြတ်ကနဲ ပြန်ကြည့်သည်။ အတွေးလွန်နေသည့် သူ့ စိတ်က မဒေဝီရဲ့အော်သံကြောင့် တိကနဲပြတ်ကျသွားရ၏။

“ ဘာလဲ ဘာလဲ↔
“ ဟိုမှာ ဟိုမှာ ကြည့်လေကြည့်လေ ဟောဟော ဟိုဖက်ကိုင်းမှာလဲ ဟောဟော ပွင့်လာပြီ ပွင့်လာပြီ ပိတောက်တွေပွင့်လာပြီ ပိတောက်တွေပွင့်လာပြီး ဟေး ဟေး↔

မဒေဝီက သစ်ကိုင်းများကို လက်ညှိုးလိုက်ထိုးရင်း တဟေးဟေးနှင့်အော်နေသည်။ သူကလည်း မဒေဝီနောက်မှလိုက်ကာ ခုန်ပေါက်လုမတတ်ဖြစ်နေသည်။
လမ်းပေါ်တွင် သူတို့ နှစ်ဦးမှအပ မည်သူမျှမရှိ။ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ တဟေးဟေးနှင့်အော်ကာ သစ်ပင်သစ်ကိုင်းများကို လက်ညှိုးထိုးကာ သူတို့ နှစ်ဦးစလုံး ဆူညံနေတော့သည်။ အနီးဆုံးအိမ်တချို့ က မီးများလင်းလာကြသည်။ မလှမ်းမကမ်းမှ ခွေးဟောင်သံများထွက်ပေါ်လာသည်။ အိမ်တချို့ ဆီက ပြတင်းတံခါးဖွင့်သံများကြားလိုက်ရသည်။

ပိတောက်ပင်တပင်က သစ်ကိုင်းများမှာ ကြည့်နေရင်းမှပင် အဖြူရောင်လိုလို၊ အဝါရောင်လိုလို ပန်းပွင့်များပွင့်အာလာနေကြ၏။ သူတို့ က ဒီဖက်ကကိုင်းကိုမေါ့ကြည့်နေစဉ် ဟိုဖက်ကိုင်းပေါ်က ပန်းပွင့်များ အဆုပ်လိုက် အခိုင်လိုက် ဘွားကနဲပေါ်လာကြ၏။ သူတို့ နှစ်ယောက်အဖို့ ဘယ်လိုမှ စိတ်ကို မထိန်းနိုင်ကြတော့။ နှစ်ယောက်စလုံး ပိတောက်ပင်တန်းအောက်တွင် ကခုန်လုမတတ်ဖြစ်ကုန်သည်။ အသံတွေ ဆူညံလျက်။

“ ဟေ့ ဟေ့ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး၊ လူတွေနိုးကုန်ပြီ၊ မောင်တို့ အော်သံတွေတော်တော်ဆူသွားတယ်၊ ဟေ့ တော်တော့ကွာ၊ တော်တော့၊ ဒီလောက်ဆို ကြေနပ်တော့၊ ပြန်ကြရအောင်၊ တော်တော်ကြာ ဒို့ ကို အရူးတွေလို့ ထင်ကုန်တော့မယ်၊ အားနာဖို့ လည်းကောင်းတယ်↔

သူက မဒေဝီရဲ့လက်ကို လိုက်ဆွဲကာ ပါးစပ်ကလည်း တတွတ်တွတ်တားမြစ်နေမိသည်။ မဒေဝီကမူ ရုတ်တရက် အရှိန်မသပ်နိုင်သေး။အသံမပြုတော့သည့်တိုင် လမ်းမပေါ်တွင် ပိတောက်ကိုင်းများကို လက်ညှိုးလိုက်ထိုးနေသေး၏။

သူတို့ နှစ်ယောက် ပိတောက်ပင်တန်းလမ်းထဲက ပြန်လာတော့ ဇေယျဝတီမြို့ ကလေးမှာ နိုးထစပြုပြီဖြစ်သည်။ မြို့ ထဲသို့ ဝင်ရာ လမ်းပေါ်တွင် လူတယောက်တလေကို တွေ့ လာရ၏။ သကြားစက်ဝန်းကြီးထဲက ကင်းသံချောင်းခေါက်သံကိုကြားလိုက်ရသည်။ နေရောင်ကို မတွေ့ ရသေးသော်လည်း ဈေးဆိုင်တချို့ တံခါးတွေဖွင့်နေကြပြီ။

စာအုပ်ဆိုင်ကလေးဘေးက မြေစိုက်ခုံတန်းကလေးပေါ်တွင် သူတို့ နှစ်ယောက် အမေါပြေထိုင်ကြသည်။ မဒေဝီရဲ့အသက်ရှူသံကို သူကြားနေရသည်။ မဒေဝီဆီက သနပ်ခါးနံ့ သင်းသင်းကို သူ ရှူရှိုက်မိသည်။ အိပ်တန်းဆင်းငှက်သံများကို ကြားရသည်။ အထူးသဖြင့် စာကလေးငှက်ကလေးများက သူ့ စာအုပ်ဆိုင်ကလေးနှင့် လမ်း၏တဖက် မျက်စေါင်းထိုး ကုလားလဘက်ရည်ဆိုင်ကလေးကို ကူးချည်သန်းချည်လုပ်နေကြသည်။ ခုံတန်းကလေးပေါ် ထိုင်နေသည်မှာ အတန်ငယ်ကြာသည့်တိုင် မဒေဝီက စကားမပြောနိုင်သေး။ အိမ်ပြန်ဖို့ စကား မဟနိုင်သေး။ သူကမူ မဒေဝီနှင့် ခန္ဒာကိုယ်ချင်းထိကပ်ကာ ငြိမ်သက်နေမိသည်။

“ မောင် သဘောတူပြီမို့ လား ↔

မဒေဝီရဲ့စကားကြောင့် သူက ဇဝေဇဝါနှင့် မဒေဝီဘက်ကို လှည့်လိုက်သည်။

“ဘာကိုလဲ၊ ဘာကိုသဘောတူရမှာလဲ↔

မဒေဝီဆီက ရုတ်တရက် ဘာစကားမျှ မကြားရ။ နှစ်ယောက်သား အတန်ငယ်တိတ်ဆိတ်သွားရသည်။

“အော် မိုးတပေါက်နဲ့ လဲ ပိတောက်ပွင့်နိုင်တယ် ဆိုတဲ့စကားကို မောင် သဘောတူပြီလား လက်ခံပြီလားဆိုတာ မေးလိုက်တာပါ↔

သူက ရှေ့ ကိုပြန်လှည့်ပြီးထိုင်လိုက်သည်။ မဒေဝီကို မည်သို့ မျှစကားပြန်ပြီးမပြောတော့။
ဇေယျဝတီမြို့ ကလေးအဖို့ ဒီကနေ့ မနက်မှာတော့ပိတောက်ပန်းတွေနဲ့ ဝေနေတော့မှာကိုတွေးပြီး ကျေနပ်နေမိ၏။ ။

ငြိမ်းဝေ
(ဒီဝတ္ထုတိုလေးကတော့ ဧရာဝတီ အင်တာနက်ဝက်ဆိုဒ်မှာ လွန်ခဲ့တဲ့ ၂ ရက်က တင်ထားခဲ့ပြီးတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။)




အကျယ်ချဲ့ကြည့်ရန်စာများထားရန်နေရာ.

No comments:

Post a Comment