April 25, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၂)
လောင်ကျွမ်းနေသော နွေရက်များ

တရက်ထက်တရက် အဖမ်းအဆီးများ ပို၍တင်းကျပ်လာသည်။ ဤရက်များတွင် မှောင်ခိုသူများ တဦးချင်း လက်လျှော့စွန့်ခွာ သွားနေသည်။ ထိုအထဲ၌ လူငယ်များနှင့် အစဉ်အမြဲ ကလေးကလား စကားပြောပြီး ရယ်မော နေတတ်သော ဦးပေါ်လာကြီး၊ မခင်လှ၊ မခင်သိန်း၊ မိသိန်း၊ ကုလားမ မိသန်း၊ သူတို့တတွေလည်း ပါသွားသည်။
လိုက်ပါနေကြသူများမှာလည်း ရက်စဉ်ရက်ဆက် မဟုတ်ကြတော့ပေ။

“ဦးပေါ်လာကြီးက မလိုက်ဘဲ နေလို့လဲ နေနိုင်တာပေါ့တော်....၊ နောက်ပိုင်းမှာ စားစရာရှိတဲ့လူ မှုတ်လား။ ကျမတို့ဘဲ ဘယ်သူတွေ ဘယ်လောက်ဖမ်းနေနေ၊ ဟောဒီက ကိုရင်မောင်ကြီးနဲ့ ရိုးမြေကျပေါင်းနေရမှာ၊ ကျမတို့ဘဲ သစ္စာအရှိဆုံးနော်”

အေးအေးစက်စက် နေတတ်သော မမြသိန်း၏ပြက်လုံးမှာလည်း ရွှင်လန်း ကြည်နူးစရာ ပြက်လုံး မဟုတ် တော့ ပေ။
ဤ ပြက်လုံး၏ နောက်စွယ်၌ ညည်းတွားရေရွတ်သံ၊ သက်မချသံများ ပါနေသည်။ ဖြစ်လိုရာ ဖြစ်စေတော့ဟု စိတ်လျှော့ချလိုက်သံ၊ အားကိုးရာ မျှော်လင့်ရာမဲ့စွာ ငိုကြွေးလိုက်သံများသည် ပြက်လုံးနောက်ဆွယ်ရှိ နှလုံးသားများအပေါ်၌ ထပ်ဟပ်နေသည်။
တောင်တွင်းကြီး ရှာဖွေရေးများသည် ဘူတာရုံမှသာမဟုတ်၊ မြို့အဝင်မှလည်း မြင်းလှည်းများကို စောင့်ဖမ်းနေသည်။ နယ်ကျော်ကာ နတ်မောက်အထိ တောင်တွင်းကြီးရှာဖွေရေးများ ချီတက်လာကာ ကြွားဝင့်စွာ စောင့်ဖမ်းလာကြသည်။
ကျောက်ပန်းတောင်းတွင်လည်း ရှာဖွေရေးများနှင့် ထန်းလျက်ဖြန့်ချိသူတဦး ဈေးမတည့်သဖြင့် ပဋိက္ခဖြစ် လာ ကာ ရှာဖွေရေးချင်း ခြေချင်းလိန်နေသည်။
ပင်းချောင်းရုံပိုင် ဂျပုသည်လည်း ပထမတွင် မှောင်ခိုသူအချို့နှင့် မတည့်ရာမှ ခုအခါတွင် ဤလမ်းတာဝန်ခံ လက်မှတ်စစ် အဖွဲ့နှင့်ပင် မသင့်မတင့်ဖြစ်လာကာ သူ ဖမ်းဆီးနိုင်ကြောင်း အာဏာကုန်ပြလာနေသည်။
ထိုအခါတွင် မြှော်လင့်ချက်ကင်းမဲ့စွာဖြင့် စက်ရုပ်များကဲ့သို့ လိုက်ပါနေကြသည့် မှောင်ခိုသူများမှာ တဆယ် ထက် ပို၍ မတင်ဝံ့။ သူတို့သည် တပိဿာစီအထုပ်ကလေးများ ပြုလုပ်ကာ အနှံ့ လျှောက်ဝှက်ထားသည်။ ဖမ်းမကုန်၍ ကျန်သည့် အထုပ်ကလေးများကို ဆဒံ္ဒုချောင်းမှ ထွက်လာလျှင် အမှောင်ထဲ၌ လိုက်လံစုဆောင်းသည်။ တောင် တွင်းကြီးအဝင် သဖန်းကုန်းရွာထိပ်၌ စက်ဗိုလ်များသည် ရထားကို ဖြေးနှေးစွာ ခုတ်ပေးသဖြင့် သူတို့ ဆင်း ကျန်နေရစ်ခဲ့သည်။
သူတို့ထံမှ လက်မှတ်ခ၏ တဝက်မျှကိုပင် ကျနော်သည် မယူရက်တော့။ မီးရထားရဲများမှာမူ လစာ နည်း ပါးကြသူများ ဖြစ်သဖြင့် မယူချင်သော်လည်း ယူနေကြရသည်။
“ငါတို့ ပိုက်ဆံတောင်မယူချင်တော့ဘူးဟာ၊ နင်တို့မြင်ရတာ စိတ်ကိုမောနေတာဘဲ“
ပိန်ပိန်ပါးပါး ရဲကြပ်ကြီးတဦးက ညည်းတွားလေသည်။

ညိုညိုသည်လည်း အခါနှစ်ဆယ်ထက်မနည်း အဖမ်းခံရပြီးပြီ။
မကြာမီ သူ့ လက်ပေါ်မှ လက်စွပ်ကလေးသည် လည်းကောင်း၊ နားပေါ်မှ နားတောင်းကလေး သည် လည်းကောင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ ကိုယ်ပေါ်မှ အဝတ်များသည်လည်း မတောက်ပတော့။ သူ့ မျက်နှာ မှာလည်း ညှိုးမှိန်လာနေပြန်ပြီ။
သူကား ထမင်းပင်ထုပ်မလာနိုင်သည့် ကုန်စိမ်းသည် ဘဝ၏ အဆိုးဆုံး အခြေအနေနှင့် မခြားနားတော့ပေ။ ထိုအခါကမူ သူသည် မှောင်ခိုလုပ်လျှင် ထွက်ပေါက်ရှိသေးသည်။ ယခုမူ သူ့ တွင်း၌ ရှိသမျှ အသက် ရှူပေါက်များအားလုံး ပိတ်ဆို့နေပြန်ပြီ။ သူ့ အမေ၏ ကျန်းမာရေး အခြေအနေမှာလည်း ဆေးဝါး များ လျှော့လိုက်ရသည်နှင့်တပြိုင်နက် ပြန်၍ဆိုးလာနေခဲ့ပြီ။

ညနေခင်းများ၌ ရထားပေါ်တွင် သူ့ နံဘေး၌ ယှဉ်ထိုင်နေစဉ်၌ သူတွေ့ကြုံခံစားနေရသည့် အပူရှိန်များသည် ကျနော့် ကိုလာ၍ ရိုက်ဟပ်နေသလိုပင်။
သူ့ ခေါင်းမှ ပဲဆီအနံ့ များသင်းနေပြန်ပြီ။ သူ့ ဂုတ်ပေါ်၌ ဆံစကလေးများ ဝဲနေသည်။ သူသည် အပူရုပ်ကို မပူရုပ်ဆင်ကာ သူ့ မျက်နှာကို ရွှင်လန်းအောင် ကြိုးစား၍ ပြုံးရယ်နေပုံမှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်နေခဲ့သည်။ ညနေ ခင်းများ၌ ဝင်လုဆည်းဆာ နေခြည်ဟပ်သဖြင့် သောကဝေနေလျက်နှင့် သူ့ မျက်နှာကလေးမှာ ဝင်းပ နေ တတ်ပြန်သည်။

ရထားကြီးသည်လည်း တံလျှပ်ထကာ အပူရှိန်ပြင်းထန်သည့် ကွင်းပြင်ကြီးထဲ၌ ဖြတ်သန်းနေရသည်။
သံလမ်းနှင့် မနီးမဝေးမှလိုက်ပါလာသည့် ယင်းချောင်း သဲပြင်ကျယ်ကြီးပေါ်၌ အပူရှိန်တံလျှပ်များသည် ကောင်းကင်သို့ တရှိတ်ရှိတ်တက်နေသည်။ နေဝင်တော့မည်ဆိုလျှင် တဖက်တောင်ကုန်းနိမ့်ကလေးများပေါ်ရှိ သစ်ပင်တောအုပ်ကလေးများမှာ ညှိုးယော်သွားနေသည်။ ချောင်းပြင်ပေါ်ရှိ ဆည်းဆာပန်းချီကားချပ်မှာ ဝမ်းနည်းဖွယ်ရာ အရောင်လေးကြီးများဖြင့် မှိုင်းညစ်လာနေသည်။
“နေကြီး ဝင်တော့မှာ ကြည့်ရတာ စိတ်မောစရာကြီးနော်၊ နီနေလိုက်တာ စူးနေတာဘဲ၊ ရင်ထဲမှာကို လာပီး ပူနေတယ်၊ မောနေတာဘဲ”
သူက လှည့်မကြည့်ဘဲ ပြောနေတတ်သည်။
“မင်းကြည့်ရတာလဲ မောနေတာဘဲ” ဟူ၍ ကျနော်သည် သူ့ကိုပြန်ပြောလိုက်ချင်သော်လည်း ငြိမ်သက် နေလိုက်သည်။
ရထားခုတ်မောင်းနေစဉ်၌ ပြတင်းဝမှ ဝင်လာသော လေထဲတွင်လည်း အပူငွေ့များပါနေကာ အေးချမ်းမှုကား ဘယ်နေရာတွင်မျှ မရှိနိုင်ဟု ထင်လာမိပြန်သည်။
“ဗေဒင်တွက်တတ်ရင် သိပ်ကောင်းမှာနော်... ဘယ်နေ့မှာ ဘယ်က ဖမ်းမယ်၊ ဘယ်နေ့မှာ ဘယ်က ဖမ်း ဘူးဆိုတာ သိရင်သိပ်ကောင်းမှာ၊ အဲဒီလိုဆို သူများပစ္စည်းကို သူတို့ယူတာ ဘယ်ခံမလဲ၊ သူတို့ဖမ်းမယ့်နေ့ မှာ အိမ်မှာဇိမ်နဲ့ အိပ်နေလိုက်မှာပေါ့နော်”
သူသည် ကလေးလိုတွေးနေ၏။ ထိုအတွေးကြောင့် သူ့ မျက်နှာပေါ်မှ အားငယ်နေမှုများသည်ပင် လျော့သွား သည်ဟု ထင်နေရပြန်သည်။ အမှန်ကား ထိုစိတ်ကူးယဉ်အတွေးများမှာ တွေးပြီးလိုက်လျှင် ချက်ခြင်းငြိမ်းသေ သွား သည်။
အမှန်၌ ခုအချိန်တွင် စိတ်အေးချမ်းနေသူဟူ၍ မရှိနိုင်ပေ။
အလွန်ပျော်ပျော်ရွှင်ရွှင်နေတတ်သော ကိုရွှေယောက်ကြီးပင် အခါတိုင်းကလို ရယ်ရယ်မောမောမနေနိုင်။ ကိုရွှေယောက်ပင် ရထားပေါ်၌ ရံဖန်ရံခါသာ ပါလာတော့သည်။
ကိုရွှေယောက်၏သားတယောက်မှာ ဆဒ္ဒုံချောင်းဘူတာ၌ ထန်းလျက်အိပ်များကို မြင်းလှည်းပေါ်သို့တင်ရင်း မြွေကိုက်သေဆုံးသွားခဲ့ရသည်။ ခုအခါ၌ ရထားပေါ်တွင် ကိုရွှေယောက်၏ သားနှစ်ယောက်သာ လိုက်ပါနိုင်တော့သည်။
ကိုရွှေယောက်သည် ထန်းလျက်များကို မြင်ပင် မမြင်ချင်တော့ပေ။။
“မထူးပါဘူးဆရာရယ်၊ မကောင်းမှု လုပ်ရတာချင်းအတူတူ ဓါးပြတိုက်တာကောင်းပါတယ်” ဟု သူတွေးလာသည်။
သို့သော် သူသည် ဓါးပြလည်းတိုက်ရဲသူမဟုတ်၊ ထန်းလျက်မတင်၍လည်း မဖြစ်။ သူ၏ထန်းလျက် အဖမ်းမခံရအောင် တင်နေနိုင်သည့် မီးရထား အိမ်သာတခုမှ ခေါင်းမိုးပေါက်ကိုလည်း မစွန့်ပစ်နိုင်။
သူသည် သူ့သားနှင့် သွားခဲ့ လာခဲ့ ပြေးခဲ့ လွှားခဲ့သည့် နေရာများကို မကြည့်မြင်ချင်။ ညနေတိုင်ရောက်လာပြီး နေရောင်မှိန်လာလျှင် သူ့ သား မြွေကိုက်ခံရသည်ကို သတိရလာကာ သူ့ မျက်နှာ တပြင်လုံးမှာ နီမြန်းလာတော့သည်။ ထို အချိန်၌ သူသည် မည်သူ့ ကိုမျှ စကားမပြောတော့ပေ။

ကိုရွှေယောက်၏ အဖေါ်တဦးဖြစ်သည့် ကိုထွန်းခင်သည်လည်း ရထားကြီးကို စွန့်ပစ်ထွက်ခွါပြေးရလေသည်။
ကိုထွန်းခင်သည် ထန်းလျက်များ အကြိမ်ကြိမ် အဖမ်းခံရသဖြင့် ကြွေးများ လည်ပင်းအထိနစ်နေသည်။ သူသည် နောက်ဆုံးအခေါက်က ဆတ်သွားမြို့မှ မျှင်ငါးပိတပုံး အကြွေးယူပြီး တင်လာခဲ့သည်။ သူ့ တွင် ကြွေးထူလှသဖြင့် သူသည် ထိုငါးပိပုံးကိုလည်းကောင်း၊ ရဲသားများကို အသိမပေးတော့ပေ။
ထိုသို့အသိမပေးသည်ကို ရဲသားတဦးက သူတို့ကို မထီလေးစားလုပ်သည်၊ သူတို့အဏာကိုဖီဆန်သည်ဟု ဆုံးဖြတ်ပြီး ငါးပိပုံးကို ပင်ချောင်းဘူတာ၌ ဖမ်းအပ်လိုက်တော့သည်။
ပင်းချောင်းမှ ရထားကြီး ထွက်ခွာလာခဲ့သောအခါ ကိုထွန်းခင်သည် ယောကျာ်းကြီးတန်မဲ့နှင့်ကြူကြူချ ငိုခဲ့ရသည်။

“ကျနော် ရိုင်းတဲ့လူ မဟုတ်ပါဘူးဗျာ... အမြဲတန်း ပေးသင့်တာ ပေးနေတာပါ၊ ခု တခေါက်သာ ပိုက်ဆံမ ပေးမိတာပါ၊ ကျနော့်ကို ဒါလောက် မရက်စက်ဖူးလို့လဲ ထင်လို့ပါ” ဟု သူသည် ဖမ်းဆီးသူ ရဲသားရှေ့၌ တတွတ်တွတ် ပြောငိုသည်။
ရဲသားသည်လည်း ခရီးလွန်ပြီးဖြစ်သဖြင့် ဘာမျှ မတတ်နိုင်တော့ပေ။ ရဲသားမှာ စိတ် မကောင်းလည်း ဖြစ်နေစဉ်... သူ့ စိတ်ထဲမှ “နောက်ကို ကျုပ်တို့ကို ဖုတ်လေတဲ့ငပိ လုပ်ရဲသေးလား” ဟု ရင်ကော့ကာ မေးမြန်း နေသည်။
အတာစန်းကုန်းတွင် ရထားဆိုက်ရပ်လိုက်လျှင် ကိုထွန်းခင်ကြီးသည် မျက်ရည်သုတ်ပြီး ရထားပေါ်မှ ဆင်းသွားတော့သည်။
သူသည် အတာစန်းကုန်း ထန်းလျက်တဲ ဘူတာကလေးသို့ ခြေထော့ကျိုးဖြင့် လျှောက်သွားနေသည်။ သူသည် ကိုယ်ရေပြားရောဂါသည်ဖြစ်၍ ခြေထောက်တဖက် မကောင်းတော့ပေ။ ကင်းပတ်ရှူး အနီကို စီးထားသည်။
ရထားကြီး ထွက်လာခဲ့သောအခါ ဤကိုယ်ရေပြားရောဂါသည် မှောင်ခိုသမား ဒုက္ခိတ၏ ထော့ကျိုးတော့ကျိုး လျှောက်သွားနေဟန်မှာ ဝေးသည်ထက် ဝေးလာသည်။ နောက်ဆုံး အမဲစက်ကလေးအဖြစ်မှ ပျောက်ကွယ်သွားလေသည်။
ထိုအခါမှစ၍ ကိုထွန်းခင် ရထားပေါ်၌ မမြင်တွေ့နိုင်တော့။

မညွန့်ရီကြီးကိုပင် ရထားပေါ်၌ မှန်မှန် မမြင်တွေ့ရတော့ပေ။
“မတတ်နိုင်ဘူး၊ ကိုရင်မောင်၊ လုပ်စားလဲ မိုးခေါင်၊ ခိုးစားလဲ ခွေးဟောင် မှုတ်လား၊ မအေးမြင့်တို့ မအေးရွှေတို့လို ဘိန်းကုန်ကူးနေတာဘဲ ကောင်းမယ်၊ ဘိန်းကမှ အန္တရာယ်ကင်းသေးတယ်၊ ကျမလဲ ရှမ်းပြည်ဖက် သွားဘို့ စိတ်ကူးနေဘီ”
မညွန့်ရီက ငေးပြီးပြောသည်။
ညနေခင်းများတွင် ကျနော်သည် ညိုညို့  နံဘေးတွင် ထိုင်ရင်း သူ့ အတွက် လမ်းစများကို ရှာဖွေကြည့်နေမိသည်။
လမ်းစများ အားလုံးမှာ ပျောက်ကွယ်နေကြပြီ။ မျှော်လင့်ချက် ဟူ၍လည်း ဘယ်မှာမှ မမြင်နိုင်။ စိတ်များသည် အလိုလို မောလာမိ၏။ သူသည် သူ့မိသားစု၏ စားဝတ် နေရေးကို ဖြေရှင်းရင်း ဖါဖြစ်သွားလျှင်လည်း ထိုအတွက် အပြစ်တင်နိုင်စရာ မရှိ။
ကျနော်သည် ခု ချက်ခြင်း သူ့ ကို လက်ထပ်ပစ်ရန်လည်း တွေးကြည့်သည်။ သူ့ အိမ်ထောင် မိသားစုနှင့် ကျနော့် မိဖများ အိမ်ထောင်စု နှစ်ခု တာဝန်ကို ခု အချိန် ကုန်ဈေးနှုန်းများ မိုးထိမြင့်တတ်နေဆဲ၌ ကျနော် မည်သို့မျှ တာဝန်ယူနိုင်မည်မဟုတ်။ ထိုအတွေးမှာ မဖြစ်နိုင်သော စိတ်ကူးယဉ် အတွေးအဖြစ်ဖြင့် သူ့ဖာသာ ပျောက် ပျက် သွားနေသည်။
နောက်တော့ မွန်းကျပ်လွန်းနေချိန်၌ သူ့ အတွက် အသက်ရှုပေါက်ကလေး တခုတလေကို အခွင့်အရေးရလျှင် ရသလို ဖွင့်ပေးရန်သာ တွေးလာရသည်။
ကျနော်သည် ထန်းလျက်များကို ခရမ်းချဉ်သီးများ ဖုံးကာ ခရမ်းချဉ်သေတ္တာ အယောင်ဆောင်ပြီး တင်ပေးရန် တွေးလာမိသည်။
အင်တောကျယ်မှ ခရမ်းချဉ် သေတ္တာများ တင်လေ့ရှိသည်။ အင်တောကျယ်မှာ ကျနော် တန်ဆာလုပ်ပေးရသည့် ကျနော်ပိုင်ဘူတာလည်းဖြစ်သည်။ တန်ဆာကို အခြားသူ တဦးဦးကို လုပ်ခိုင်းပြီး ကျနော်ပိုင်သည့် ဆဒ္ဒုံချောင်း ဘူတာတွင် ချယူလျှင် အန္တရာယ်လည်း မရှိနိုင်။ သည်ကြားထဲ ရှာဖွေရေးများသည်လည်း တန်ဆာလုပ်သည့် ပစ္စည်းများကို စစ်ဆေးလေ့မရှိ။ အကယ်၍ စစ်ဆေးလျှင်လည်း ကျနော်မသိကြောင်း ငြင်းကွယ်၍ ရနိုင်သည်။ တန်ဆာလုပ်ရာ၌ အချိန်တိုကလေး အတွင်းတွင်မည်မျှ အားလုံးကို စစ်ဆေးနိုင်မည် မဟုတ်ပေ။

တညနေ၌ ကျနော်သည် သူ့ ကို ထိုအစီစဉ် အတိုင်း ပြုလုပ်ရန် ပြောခဲ့သည်။
သူသည် ကျနော်ပြောသမျှကို နားထောင်ရင်း ခေါင်းကိုသာ တွင်တွင် ခါနေသည်။
သူသည် ရထားတွဲထောင့်ဖက်တွင် ကျနော့်လက်ကို သူ၏ ချွေးစေးထန်းနေသည့် လက်များဖြင့် ဆုပ်ကိုင်ထားသည်။ သူ့ မျက်လုံးများဖြင့် ကျနော့် တကိုယ်လုံးကို ထွင်းဖေါက်ကြည့်နေသည်။ မျက်လုံးအိမ်များထဲ၌ မျက်ရည်များ ပြည့်လာနေသည်။ သူ့ စိတ်၌ နာကျင်စူးရှနေသည့် ခံစားရမူများသည် အကြောအမျှင်များအတိုင်း စီးဆင်းလာသည်။ သူ့ လက်ချောင်းကလေးများမှ တဆင့် ကျနော့် စိတ်နှလုံးပြင်ပေါ်သို့ ဆင်းသက်လာနေသည်။

“ဟင်အင်း.... ဟင်အင်း... အဲတာတော့ မလုပ်ဖူး၊ သူ့ ကို ထိခိုက်မှာပေါ့၊ သူ အလုပ်ပြုတ်သွားရင် သူများကိုသူများ သတ်သေမှာ”

သူသည် ကတုန်ကယင်ဖြင့် ပြောနေသည်။
“မပြုတ်ပါဘူး၊ မင်း ရဲတွေကိုသာ ပိုက်ဆံပေးထား၊ သူတို့လဲ တာဝန်ရှိတာဘဲ၊ဖြစ်လာရင် သူတို့က ကိုယ့်ကိုလွှဲချ၊ ကိုယ်က သူတို့ကို လွှဲချ၊ ဘယ်လိုရှောင်ရမယ်ဆိုတာ ကို သိပါတယ်၊ မင်းအမေ နေမကောင်းဘူး မှုတ်လား၊ သင်းသင်းက ပြောတယ်၊ မင်း ကို့ ကို ဖွင့်မပြောပေမယ့် ကို သိပါတယ်၊ ခု တော့ ဒီနည်းနဲ့ ဖြေရှင်းရုံဘဲ၊ ဒီရက်တွေမယ် ထန်းလျက်တင်တဲ့ လူတွေလဲ ပါးနေတယ် မှုတ်လား၊ လသာတုန်း ဗိုင်းငင့်ပေါ့ကွယ်၊ ဒီ တခါတော့ များများ စားစား လုပ်ပလိုက်၊ ထန်းလျက် လေးရာလောက်တင်ပလိုက်။ ဒီလို လုပ်ရတာဘဲ၊ ကြွေတလက် ကြက်တခုန်ပေါ့၊ မင်းမှာ အရင်းအနှီး မရှိတော့ဘူး မှုတ်လား”

သူသည် အချိန်များစွာ ကြာအောင် ငိုင်နေသည်။ ကျနော်သည် ထပ်ပြန်တလဲလဲ တိုက်တွန်းနေ၏။ ယာယီလွတ်မြှောက်ခွင့် ရရန် သူ့ တွင် ထိုနည်းလမ်းမှတပါး မရှိ။ ကျနော့် လက်ကိုဆုပ်ကိုင်ထားသည့် သူ့ လက်ချောင်းကလေးများမှာ တစတစ ခွန်အားကုန်ခမ်းကာ ပြေလျှော့လိုက်လာနေသည်။
ဆဒ္ဒုံချောင်းနား နီးလာလျှင် အမှောင်ရိပ်များ ဆိုင်းလာသည်။ အရာဝတ္ထု အပေါင်း၏ ရုပ်ပုံဖေါ် ကောက်ကြောင်းများမှာ အမှောင်ထုကြီး ဖြစ်လာပေပြီ။ ဤ အမှောင်ကား အသက်ရှူပေါက် ကလေးပင် မရှိတော့အောင် ပိတ်သည်းနေသည့် အမှောင်။ ကြောက်မက်ဖွယ်ရာ အမှောင်။ မကောင်းဆိုးရွားများ စားမည်တကဲကဲပြုကာ ကြိမ်းဝါး ခြိမ်းချောက်သံကြီးများသာလျှင် အဆက်မပြတ် မြည်ဟိန်းနေသော အမှောင်။
ကျနော်သည် သူ့ လက်ကလေးကို ဆုပ်ကိုင်ရင်း ထပ်၍ တိုက်တွန်းနေသည်။
သူသည် အမှောင်ထဲ၌ သက်ပြင်း တချက် ညည်းတွားလေသည်။
“အရင်းအနှီးတော့ သေသေ ချာချာ ပြောပြရင် အကြွေးပေးကြမယ့် လူတွေရှိပါတယ်”
ထိုစကားများကို ပြောနေစဉ်တွင် သူ့ စကားသံ တိုးတိုးမှာ တုန်ယင်အက်ကွဲနေခဲ့သည်။်
မကြာမီ တရက်တွင် ထိုအစီစဉ်အတိုင်း လုပ်ဖြစ်သည်။
သူသည် ထန်းလျက်သေတ္တာများကို ခရမ်းချဉ်သေတ္တာအဖြစ် အင်တောကျယ်မှ မိန်းမတဦးကို တန်ဆာ လုပ်ခိုင်း ထားသည်။
သူ ကိုယ်တိုင်မှာ အမြန်ရထားဖြင့် ရှေ့မှ ကြိုတင် ပြေးနှင့်သည်။်
လမ်းတလျှောက်လုံးတွင် ကျနော်နှင့် တကွ ရဲသားများထိတ်လန့် လာခဲ့ကြသော်လည်း ပင်းချောင်းကို ကျော်လွန်လာခဲ့သည်။ အခြား ဘူတာများမှလည်း အစစ်အဆေး မရှိ လွတ်မြောက်လာသည်။ နတ်မောက်ကို လွန်လာခဲ့လျှင် စိုးရိမ်ရန် မရှိတော့ပေ။
မြို့သစ်မှ လွတ်မြောက်လာခဲ့လျှင် ရင်ထဲ၌ ရှင်းလင်း ပေါ့ပါးနေကာ ကျနော်သည် လူစီးတွဲတတွဲ၏ တွဲဝတွင် ရပ်ရင်း သူ့ ကို ချက်ခြင်း မြင်တွေ့ချင်လာသည်။
မြို့လုင်၌ သူသည် ဦးကောင်းဇုံ ဆိုင်ရှေ့တွင် အသင့်စောင့်နေသည်။ ရထားရပ်သည်နှင့်တပြိုင်နက် ကျနော်ရှိရာသို့ ပြေးလာသည်။
ရထား ထွက်လာသော အခါ သူနှင့် ကျနော်သည် တွဲဝအမှောင်ရိပ်ထဲ၌ အတူ ယှဉ်ရပ်လာခဲ့ကြသည်။
“ဘယ်လိုလဲ...ဟင်”
သူသည် အေးတိအေးစက် လုပ်နေသည့် ကျနော့် ကို လက်မောင်း အတင်းဆွဲလှုပ်ရင်း ကတုန်ကယင် ဖြင့် မေးလာခဲ့သည်။
မှောင်ရီ ဆိုင်းစ၌ မြို့လုင်မှာ အေးငြိမ်းနေသည်။ အလင်းရောင် အကြွင်းအကျန်များသည် ဟိုသည် ကွက်ကြား ထွန်းနေသည်။ ချက်ခြင်းပင် မြို့လုင်သည် အဝေး၌ ငြိမ်သက် နေရစ်ခဲ့သည်။
ကျနော်သည် လွတ်လပ်သော ဤရထားတွဲဝ၌ သူ့ ကျောပေါ်သို့ လက်ကို အသာအယာတင်လိုက်သည်။ သူ့ မျက်နှာကလေးကို တစိမ့်စိမ့်ကြည့်နေသည်။ ကျနော်သည် မပြုံးမိရန် စိတ်တင်းထားသည်။ မရတော့ပေ။ သူကလည်း ငြိမ်သက်ပြီး ကျနော့် ကို ပြန်ကြည့်နေသည်။ သူ့ ပခုံးပေါ်မှ တဘက်စ တခုမှာ မိုမောက်နေသည့် သူ့ ရင်သားညွန့် ပေါ်တွင် ဝဲကျနေသည်။
“ပြောစမ်းပါ”
သူက ထပ်မေးနေသည်။
“သေတ္တာတွေ ပါခဲ့သေးရဲ့လား၊ ရင်ထဲပူနေတာဘဲ၊ အေးတိအေးစက် လုပ်မနေစမ်းပါနဲ့”
ကျနော်သည် သူ့ ကို စကားမပြောဘဲနေကာ နောက်ပြောင်နေသည်။ သူသည် ကျနော့် လက်မောင်း ကြွက်သားများကို အားမလို အားမရဖြစ်ပြီး လိန်ဆွဲနေသည်။်
အတော်ကြာမှ “ရင်မောင်တို့ လုပ်ရင် ပိရိပါတယ်” ဟု ကျနော်သည် နှုတ်ခမ်းမဲ့ကာ ရုပ်ရှင် လူကြမ်းဟန်ဖြင့် ပြောဆိုရယ်မောလာခဲ့သည်။
“မောနေတာဘဲ၊ ရှာတွေ့ကုန်ရင် သူ အလုပ်ပြုတ်သွားမှာ၊ နောက်တော့ ဒါမျိုး မလုပ်တော့ဘူး၊ အမြန် ရထားနဲ့ တုန်းက သူများ ရင်လေးလိုက်တာ၊ သူများ ရင်လေးလာရင် တခုခု ဖြစ်မယ်ဘဲ ထင်တာ၊ နိမိတ်ကလဲ မကောင်းဘူး၊ မျက်ရည်ခံတွေ တဆတ်ဆတ်လှုပ်နေတာ၊ အဲတာ အိမ်သာထဲဝင်ပြီး ငိုရတယ်”
သူ့ အသံသည်လည်း တုန်ယင်နေသည်။
ဆဒ္ဒုံချောင်း၌ သူသည် အသင့်စောင့်ကြိုနေကြသူများဖြင့် သေတ္တများကို ချယူကာ ဆင်းနေရစ်ခဲ့သည်။
ကျနော်သည် လူစီး တွဲဝအမှောင်ထဲတွင် တယောက်တည်း ရပ်မြဲ ရပ်လာခဲ့သည်။
ခု တခဏအတွက်ကား သူ့ ကို ကျနော် ကူညီနိုင်ပြီ။ နောင် အရှည်အတွက်မူ ရင်၌ လေးလံ ပင်ပမ်းနေရဆဲပင်။
ကျနော်သည် မိမိကိုယ်ကို အပေါ်ယံသာ ကြည့်ရှုသူ... ပေါ့ပေါ့ဆဆမျှသာ ခံစားတတ်သူ၊ အစိုးရိမ် သောက မရှိသူ ဖြစ်ချင်လာသည်။
ဘာကြောင့် နောင် အရှည်အဝေးအတွက် တွေးနေရသလဲ။
ဘာကြောင့် မရေရာသော အရာများကို အမှောင်ထဲ၌ ကြိုးစားရှာဖွေနေသူ ဖြစ်နေရသလဲ။
နွေ၏ နောက်ဖက် အစွန်ပိုင်း ရက်များ၌ မှောင်ခိုသူများ အတွက် အသက်ရှူပေါက်များ တကြိမ် ရလာကြပြန်သည်။
ပင်းချောင်း ရှာဖွေရေးများ၊ တောင်တွင်းကြီး ရှာဖွေရေးများသည် အနာရောဂါဆိုးတခု ခဏမျှ မြုံနေသလို ငြိမ်သက်နေပြန်သည်။
မညွန့်ရီ၊ မအေးသွယ်၊ သင်းသင်း၊ နုနု၊ မခင်သိန်း၊ မခင်လှ၊ မအေးမြင့်၊ ကိုအောင်စိန်၊ ကိုစိုးမောင် စသူများ တကြော့ပြန်လိုက်လာကြသည်။
“အတင်း မွေးတဲ့ ခလေးကတော် ကိုရင်မောင်ကြီးနဲ့ တရုပ်ထဲ၊ ကိုရင်မောင်ကြီးလို နှာခေါင်းချွန်းချွန်းနဲ့၊ ပါးချိုင့် ကလေးနဲ့၊ နဖူးကလဲ မောက်မောက်၊ အရပ်ကလဲ မြင့်မြင့်၊ ခါးကလဲ ကုန်းနေသေးတယ်”
မအေးသွယ် နောက်ပြောင်သည် ကို အားလုံး ဝိုင်းဝန်းရယ်မောလာကြပြန်သည်။
ဤရက်များအတွင်း၌ ကျနော်သည် ကျောက်ပန်းတောင်းဈေးသို့လည်း ညိုညို ထန်းလျက်ဝယ်သည့် နေရာများသို့ လိုက်ပါသွားသည်။
တခါတရံ၌ ကျနော်သည် သူ့ ကိုချိန်းဆိုထားပြီး ကျောက်ပန်းတောင်း ဘူတာရုံ နောက်ကြောဖက်ရှိ ကျောက်တောင်ကြောပေါ်မှ သုံးဆူတန်း စေတီကုန်းမြင့်ပေါ်တွင် သူ့ ကိုစောင့်နေသည်။ ထိုနေ့တွင် သူသည် ဈေးသို့ ကမန်း ကတမ်း သွားပြီး ကျနော်ချိန်းရာသို့ ရောက်လာသည်။
သူသည် ကုန်းမြင့်ပေါ်သို့ မတ်မတ်ရပ် လှေကားမြင့်ကြီးအတိုင်း စွန့်စားတက်ရောက်နေရစဉ်၌ အသဲတထိတ်ထိတ် ရင်တဖိုဖိုဖြင့် ကြောက်ရွံ့နေသည်။ အပေါ်သို့ ရောက်လျှင် ကျနော်ရပ်နေရာ ဇရပ်အတွင်းသို့ ပြေးဝင်လာသည်။
“ကြောက်လိုက်တာကွယ်..အသဲတွေ တုန်နေတာဘဲ”
ကျနော်သည် သူ့ ကို ငေးကြည့်ရင်း ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူကမူ ဤ လွတ်လပ်ကာ လူသူကင်းပြတ်သည့် နေရာ၌ သူ့ကို အငမ်းမရ ပွေ့ဖက်ဖျစ်ညစ်မည်ထင်ကာ ရင်ဖိုနေသည်။ သူ့ မျက်နှာမှာ ရှက်သွေးကြွနေပြန်သည်။
ကျနော်သည် သူ့ကို ပွေ့ဖက်လိုသည့် စိတ်များကို ချုပ်တည်းကာ သူနှင့်အတူ ဘုရားဝတ်ပြုသည်။ ဝတ်ပြုစဉ်၌သူသည် အသံမထွက်ဘဲ တတွက်တွက် နှုတ်ခမ်းလှုပ် ရွတ်ဆိုသည်။
သူ ဘာဆုတောင်းသည်ကို ကျနော်သည် မမေး။

ဘုရားဝတ်ပြုပြီးလျှင် သူနှင့် ကျနော်သည် ကျောက်တောင်စွန်း၌ ဘေးချင်း ယှဉ်ရပ်ကာ ငြိမ်သက်နေကြသည်။ သူ စကားပြောမည်ပြုလျှင် ကျနော်သည် လက်ကာ ပြထားလိုက်သည်။ သူသည်လည်း ကျနော်၏ ငြိမ်ငြိမ်သက်သက်နေစေလိုသည့် ဆန္ဒကို သဘောပေါက်လာသည်။ ကျနော့် နံဘေး၌ မလှုပ်မရှက်ငြိမ်သက် ရပ်နေသည်။
ဤ ကျောက်တောင်ကုန်းထိပ်မှာ ငြိမ်သက်အေးငြိမ်းနေသည်။တောင်ခိုးများ ဝေ့လာသည်၊ လေများတိုးဝှေ့ လာသည်။ အောက်ဖက်ရှိ ကမ္မဌာန်းကျောင်းတိုက်များသည်လည်း ငြိမ်သက်နေသည်။ ဟိုဖက် တောင်စဉ် တောင်တန်းများပေါ်ရှိ ရွှေတောင်ဦး၊ လွမ်းစေတီ၊ အခြား စေတီတော်များမှ ဆွဲလဲသံများ ပျံ့လွင့်လာသည်။ အခြားတောင်ကုန်းများသည် ဤ ကျောက်တောင်ကုန်းအောက်၌ ငြိမ်သက်နေသည်။ အဝေးရှိ ပုပားတောင်မကြီးမှ မြူခိုးများ ဝေ့လာနေသည်။ ကျောက်ပန်းတောင်း တမြို့လုံးကို စီးမြင်နေရသည်။
သူသည် ကျနော့် ရင်ခွင်အတွင်းသို့ လှဲမှီလိုသဖြင့် သူ့ ပခုံးကို ကျနော့် ဖက်သို့ ညွတ်ကိုင်းသည်။
ကျနော်သည် မသိမသာ နောက်ဆုတ်ကာ သူ့ ကိုလက်ကာပြလိုက်ပြန်သည်။
သူသည် ကျနော့် ကို ရိုက်နှက်ပစ်လိုသော်လည်း သည်းခံနေရပုံမျိုးဖြင့် ငြိမ်သက်နေသည်။ အတော်ကြာလျှင် သူသည် “ဘာမှ ပြောစရာမရှိဘူး မှုတ်လား” ဟု ခပ်တိုးတိုးမေးသည်။
ကျနော်သည် ခေါင်းကိုသာ ယမ်းပြလိုက်၏။
သူသည် ကျနော့်ကို နှုတ်မဆက်ဘဲ ဆင်းသွားလေသည်။ နောက်ပိုင်းရက်များတွင် ဤ သုံးဆူတန်းစေတီ ကျောက်တောင်ကုန်းထိပ်၌ နှစ်ယောက် တွေ့ဆုံကြလျှင် သူသည်လည်း စကားမပြောရန်၊ အတတ်နိုင်ဆုံး တိတ်ဆိတ် ငြိမ်သက်စွာ နေရန် အကျင့်ရလာသည်။ ကျနော့် ကို နားလည်လာသည်။ သူကိုယ်တိုင်လည်း ကျနော့် လိုပင် ငြိမ်သက်သော၊ သိမ်မွေ့ အေးငြိမ်းသော ကြည်နူးမှုကို ခံစားတတ်လာသည်။
ဤကဲ့သို့ ချစ်သူ နှစ်ဦး လွတ်လပ် တိတ်ဆိတ်သည့် နေရာ၌ တွေ့ဆုံပြီး စကားမပြောဘဲ ဘုရားအတူဝတ်ပြု၊ အတူရပ်ကာ၊ က္ကုနြေ္ဒကြီးမားစွာ နေရသည်ကို သူ နှစ်သက်လာသည်။

ကျနော်တို့ နှစ်ယောက် ဤ ကုန်းတော်ပေါ်၌ နေရချိန်များနှင့် ရထားပေါ်တွင် နေရချိန်များမှာ ငရဲနှင့် နိဗ္ဗာန်လိုခြားနားပေသည်။
ရထားပေါ်သို့ ပြန်ရောက်လျှင် ဆူညံရှုပ်ပွေမှုများဖြင့်သာ ရောထွေးနေတော့သည်။ မညွန့်ရီ၏ ထန်းလျက် တောင်းများ လူအလိမ်ခံလိုက်ရသည်ဆိုသော အသံမျိုးကို မကြား၍ မရ။ ဘယ်မိန်းကလေးကို ဘယ်သူတွေက ဖျက်ဆီးလိုက်ပြန်ပြီဆိုသော စကားကို မကြား၍ မရ။ မကြင်ယုံတယောက် ငရုတ်သီးများနှင့်မိသဖြင့်၊ သူ့ အဖော်များကို မဖော်ဘဲ အနစ်နာခံလိုက်သဖြင့်အမှုဖြစ် ထောင်ကျသွားပြီ ဆိုသည့် သတင်းကို မကြား၍ မရ။ ပင်းချောင်းတွင် ယခင်ဖမ်းဆီးနေသောရဲများ ပြန်လာကြပြန်ပြီဟူသော သတင်းကို မကြား၍ မရ။
ဤ အဖြစ်အပျက်များမှာ ရေလှိုင်းလို နိမ့်လိုက် မြင့်လိုက်ဖြင့် မတည်ငြိမ်နိုင်ပေ။
သည်တကြိမ်၌ ပင်းချောင်းရှာဖွေရေးများ၏ ရှာဖွေဖမ်းဆီးမှုသည် ပို၍ တင်းကျပ်ပြင်းထန်လာသည်။ ထန်းလျက် တပိဿာအထုပ်ကလေးများပင် မချန်။ မှောင်ခိုသမားများ၏ အသံများမှာလည်း ကျယ်ရာမှ တိုးသက် သွားကြသည်။ ပင်းချောင်းရဲများသည် ပိုင်ရှင်များ မမိသဖြင့် ပို၍ ဒေါသဖြစ်လာကြသည်။
သူတောင်းစားကြီး ပခုံးမှ ထန်းလျက်ထုပ်ကို ဆွဲယူလိုက်ပြီး မျက်မမြင် သူတောင်းစားကြီးကို ဘယ်ကဲ့သို့ အရေးယူရမည်မသိ ဖြစ်သဖြင့် ပို၍ဒေါပွနေသည်။
သူသည် သူ တောင်းစားကြီး၏ ဆုတောင်းမေတ္တာ ပို့သနေသည့် ပါးစပ်ကို လိုက်၍ ပိတ်လိုက်ချင်ပုံရနေသည်။
သူတောင်းစားသည်လည်း ရှာဖွေဖမ်းဆီးရေးများ ကြား၌ သူ့ ပခုံးမှ ထန်းလျက်ထုပ်ဆွဲယူလိုက်သည်ကို ဂရုမပြုဘဲ ဆက်လက်၍ တောင်းရမ်းသွားသံမှာ ရဲသားကို အရွဲ့တိုက်နေသလိုဖြစ်နေပြန်သည်။

“သနား ကြပါခင်ဗျ၊ သနားကြပါခင်ဗျ၊ ကျုပ်ဟာ ဟိုတုန်းက နတ်မောက်ဘူတာက ကူလီအလုပ်သမားကြီး မြဒင်ပါဗျ၊ သူတောင်းစားမျိုး မဟုတ်ပါဘူး၊ ဘဝကအကြောင်း မကောင်းတော့ မျက်စိနှစ်ကွင်း အလင်းကွယ်ပျောက်လို့ ဟောဒီ မြေးကလေးတယောက်နဲ့ ရွာစဉ်ရှောက် တောင်းစားနေရပါတယ်ခင်ဗျ”
နောက်ပိုင်းရက်များတွင် ပင်းချောင်း၌ ဆိုက်ရပ်လျှင် ဤအသံများဖြင့် ဆူပွတ်လာသည်။
ပင်းချောင်း ရဲများသည် ပိုင်ရှင်ဖော်ထုတ်ရန်လည်း ကြိုးပမ်းလာသည်။
“ဒါနင့်အထုပ် မှုတ်လား”
ဖြူစောထီး ဘဝမှ စုတေလာခဲ့သော ရဲသားသည် ခုံတခုံအောက်မှ တပိဿာခန့် ထန်းလျက်ထုတ်ကို ဆွဲယူလိုက်ပြီး မျက်နှာထားဖြင့် တရားခံရှာတတ်လာသည်။
ညိုညိုသည် ခါးကော့၍ ကိုယ်ကိုမတ်လိုက်သည်။
သူ့ မျက်နှာမှာ နီမြန်းနေသော်လည်း သူသည် က္ကုနြေ္ဒမပျက် စေရန် စိတ်တင်းထားသည်။
“မဟုတ်ဖူး” ဟု သံပြတ်နှင့်ဖြေလိုက်သည်။
“အေး.... အမြဲတမ်း နင်တို့ မျက်နှာတွေချည့် မြင်မြင်နေရတာ တရားခံရှာမရဘူး၊ နင်တို့ တီဘီစီပါ ဖမ်းပလိုက်မယ် သိလား၊ ခု နင်တို့ကို ငါ ဖမ်းနိုင်တယ်”
“ဖမ်းနိုင်ရင် ဖမ်းပေါ့”
“တယ်... ငါလေ.... ဟေ့....ဒီထုပ်တွေ အောက်ချကွာ၊ ထန်းညက် တလုံးတွေ့ရင် တလုံးကိုဖမ်း၊ ဒီမှောင်ခိုတွေ အမြစ်ကို မပြုတ်ဖူး၊ ခပ်ကြမ်းကြမ်း လုပ်ရ ရမယ့်ဟာတွေ”
ဤ အသံများကြားထဲတွင် သူတောင်းစားအိုကြီး၏ “ ကျန်းမာကြပါစေ...ချမ်းသာကြပါစေ... သတ္တဝါအများ ကိုယ် စိတ်နှစ်ပါးချမ်းသာကြပါစေ” ဟု ဆုတောင်းမေတ္တာ ပို့သသံသည်လည်း ရောထွေးနေသည်။
ရထားကြီး ထွက်ခွာလာခဲ့သော အခါ၌ကား ဤအသံအပေါင်းသည် နောက်၌ ကျန်နေရစ်ခဲ့၏။
ရထားကြီးပေါ်တွင် မည်သူမျှ စကားမပြောကြဘဲ ငြိမ်သက်လာနေခဲ့သည်။ ရထားခုတ်မောင်းနေသံသာလျှင် ဆူညံနေသည်။ မည်သူမျှ စကားမပြောချင်ကြတော့။ သူတို့ ပြောနေကျစကားများမှာ အပ်ကြောင်းထပ်နေပြီဖြစ်သဖြင့် ဤ ညည်းညူသံများကို သူတို့ကိုယ်တိုင် မည်သူ့ ထံကမှ မကြားချင်တော့ပေ။
ထိုညနေက လူအများက ညိုညို့ ကို မှောင်ခိုသမကလေး အဖြစ်ဖြင့် သိနေကြပြီကို တွေးလာမိကာ ကျနော်သည် သူ့ အတွက် ပို၍ စိုးရိမ်သောက ဖြစ်လာခဲ့၏။ သူသည်လည်း သူ့ ကို ရဲသားတဦးက စွပ်စွဲလိုက်သည်ကိုသာ တွေးလာခဲ့သည်။ သူ့ နောက်မှ သူ့ အရိပ်သည် ထက်ကြပ်မကွာ ပြေးလိုက် လာနေသည်ကို မကြောက်ရံွ့၍ မဖြစ်တော့။
တညနေခင်းလုံးလုံး သူ့ အနား၌ ထိုင်ကာ စာရင်းများ လုပ်လာခဲ့သော်လည်း ကျနော်သည် သူ့ ကို စကား တလုံးမျှ မပြောမိ။
ဤကဲ့သို့ ရထားတစင်းလုံး အဖမ်းအဆီး ခံရစဉ်တွင် လွတ်မြောက် ကျန်ရစ်ခဲ့သူမှာ ကိုရွှေယောက်နှင့် သူ့ သား နှစ်ယောက်သာ ဖြစ်လေသည်။
မြို့သစ်မှ ရထား ထွက်ခွာလာခဲ့လျှင် ကိုရွှေယောက်သည် လဖက်ရည်ဘိုး ပေးရန် ကျနော်ရှိရာသို့ ရောက်လာပြန်သည်။ ကျနော် ငြင်းဆန်သော်လည်း သူသည် ဆယ်တန်တရွက်ကို အတင်းအကျပ် ပေးနေပြန်သည်။်
“စိတ်မပျက်ပါနဲ့ဟာ”
သူက ညိုညို့ ကို အားပေးလေသည်။
သူသည် နေရာမှမခွါသေးပဲ ရပ်နေသည်ကို ကျနော်သည်လည်း မသိနိုင်။
မြို့ လုင်ကို ကျော်လွန်လာသည်အထိ သူသည် မခွါသေး။
“သွားတော့လေ ကိုရွှေယောက်↔ဟု ကျနော်ပြောသော်လည်း သူသည် ငြိမ်နေခဲ့၏။
နောက်ဆုံး၌ သူသည် ကျနော်နှင့် ညိုညိုကို ဤရထားပေါ်ရှိ အိမ်သာတတွဲတွင်ပါသည့် ခေါင်မိုးမှ အပေါက်အကြောင်းကို ဖွင့်ပြောလေသည်။ ဤကိစ္စမှာ သူ့ အသက်နှင့်ထပ်တူ စေါင့်ထိမ်းထားရမည့် အရာဖြစ်သည်ကို ကျနော်လည်း ခံစားရသည်။
“ဒါကြောင့် အဲဒီအိမ်သာပါတဲ့ရထားနဲ့ ကိုက်ပီး ကျနော် နှစ်ရက်မှ တပတ်လိုက်တာ↔
သူက လျှို့ ဝှက်ပြီး အသံတုန်တုန်ဖြင့် ပြောနေသည်။
“အဲဒီအပေါက်က ငါးဆယ်ဆန့် တယ်၊ကျနော်နှစ်ဆယ်၊ ကျနော့်သားသုံးယောက်ရှိတုန်းက သူတို့ ကသုံးဆယ်၊ခြေနိုင်လက်နိုင် ပြေးလွှားကောင်းရုံပေါ့ဆရာ၊ ခုတော့ ကျနော့်သားကြီးလည်း မရှိတော့ဘူး၊ အဲဒီမှာ မိညိုတဆယ်တင် ↔
သူသည် စကားပြောနေရင်း အသံတွေတုန်လာသည်။ သူ့ သားကြီးကို သတိရလာသည်။
သူ နေရာမှ ထသွားသည်အထိ ကျနော်လည်း သူ့ ကို စကားပြန်မပြော မိ။ ညိုညိုသည်လည်း သူ့ ကို ကျေးဇူးတင်သည်ဟု ပြန်မပြောလိုက်။ သူသည် နေရာမှ ငြိမ်သက်စွာထွက်ခွါသွားသည်။
အတန်ကြာသည်အထိ ကျနော်သည် ငြိမ်သက်နေမိ၏။ ဘဝတူလူသားချင်းအပေါ်၌ထားရမည်ဟု အသိမရှိဘဲ သူ့ အလိုလို နှလုံးသားမှ ပေါက်ဖွားလာခဲ့သည့် ထိုမေတ္တာတရားမှာ နက်ရှိုင်းလှသည်ဟု ခံစားနေရပြန်သည်။

နိုင်ဝင်းဆွေ

အခန်း (၁၃)သို့ ဆက်လက်ဖတ်ရှုပါရန်...

No comments:

Post a Comment