April 18, 2010
မသိန်းရှင်ဆီ ပို့ ပေးပါ
(၁၁)
အမှောင်တွင်းမှာ သံသရာ
မကြာမကြာ ရထားကြီးသည် အပြန်ခရီး၌ နောက်ကျ နေတတ်သည်။
ထိုအခါ နတ်မောက် ဘူတာမှ ထွက်လာခဲ့လျှင်ပင် ဘူတာတဖက်ရှိ တောင်ကြော ကုန်းမြင့်ကလေးများပေါ်ဝယ် မှောင်ရီလည်း ဆိုင်းလာနေခဲ့ပြီ။ တောစပ်များ၊ လယ်ကွင်းပြင် များ၊ ယာခင်းဟောင်းများသည် မပီမသ ရေးခြယ်ထားသည့် ပန်းချီကားချပ် ဖြစ်လာ၏။ အ မှောင်ရိပ်သည် မှောင်ခို သမားများအတွက် ကိုးကွယ်ရာဖြစ်လာသည်။
သူတို့ မျက်နှာများမှာ မလင်းမရှင်းအလင်းရောင်အောက်၌ ပေါ့ပါးလတ်ဆတ်လာကြ သည်။ သည့်ထက်ပို၍ မှောင်လာလျှင် သူတို့သည် ချောင်ထဲ၌ ဝှက်ထားကြသော ထန်းလျက် အိတ်များတောင်းများကို လွတ်မြောက် လာကြပြီး အထိမ်း အမှတ်ဖြင့် စုဆောင်းနေကြသည်။
သူတို့ထံမှ ပေါ့ပါးလန်းဆန်းလာမှုများသည် ကျနော့် ကိုပင် ကူးစက်လာနေကြသလား ထင်သည်။ ကျနော်သည် ညိုညို့ နံဘေး၌ထိုင်ရင်း ကျနော့် ကို ကျနော် မေးခွန်းတခု မေး နေသည်။ ကျနော်သည်ပင် မှောင်ခိုသမားတပိုင်း ဖြစ်လာနေခဲ့ပြီလား။
“ နေ့တိုင်း...နေ့တိုင်းနော်... ဒီလိုချည့် ရထားကြီး နောက်ကျ နောက်ကျနေရင် သိပ်ကောင်းမှာဘဲ”
ညိုညို၏ ရွှင်လန်းပေါ့ပါးစွာ ပြောနေသံမှာ ကျနော့် အတွေးများနှင့် လာ၍ စပ်ဟပ် ဆက်သွယ်နေပြန်သည်။ ထိုအခါတွင်ကား ကျနော်သည်လည်း သူ့လိုပင် လွတ်မြောက် လာမှု အတွက် ဝမ်းသာနေကာ သူ့ လိုပင် တိတ်တဆိတ် ဆုတောင်းနေမိသည်။
သူသည် မီးရောင်မှိန်မှိန်အောက်တွင် ကျနော့်ကို လှည့်ကြည့်နေသည်။ သူ့ မျက်နှာ ပေါ်မှ ချွေးဥချွေးစက် ကလေးများကို တို့ပတ်ပုဝါဖြင့် တို့ယူနေသည်။
“ဟုတ်တယ်... ဒီလိုဆိုရင် ကောင်းမှာဘဲ၊ ဖမ်းမှာဆီးမှာလဲ မကြောက်ရတော့ဘူး၊ အင်း....မဖမ်းဆီးပြန်ရင်လဲ ထန်းညက်ဈေးတွေ ကျကုန်မှာပေါ့၊ ဈေးတွေကျကုန်ရင်လဲ ဘယ် ကောင်းတော့မလဲ”
သင်းသင်းသည် ခပ်တိုးတိုး ရယ်မောနေ၏။
ထိုနေ့မျိုးတွင် ညိုညို၊ သင်းသင်း၊ နုနှင့် သူတို့တတွေသည် စိတ်အေး ချမ်းသာစွာဖြင့် စကားများစွာပြောလာခဲ့ကြ၏။ စကားပြောရသည်မှာလည်း လွတ်လပ်နေကြသည်။ ကျနော် သည်လည်း မှောင်ရိပ်ခိုပြီး ညိုညို့  လက်ပေါ်သို့ ကျနော့်လက်ဖြင့် ဖိထားကာ မလွှတ်တမ်း ဆုပ်ကိုင်ထားနေမိသည်။
“ဦးပေါ်လာကြီးတို့ လှည်းတွေနဲ့ ထန်ညက်တွေ ချနေကြတာသိသလား၊ လေးအိမ်က ထန်းညက်တွေလေ....၊ သိန်းအောင်လဲပါတာပေါ့၊ အဲတာ ဦးပေါ်လာကြီး ထန်းညက် လှည်းသုံး စီးအချင်းချင်း အလိမ်ခံရလို့ ဦးပေါ်လာကြီး ကြူကြူချ ငိုရတယ်တဲ့ ...ဒီလူကြီး သနားပါတယ် နော်....ဦးပေါ်လာကြီး ငိုတော့ မညွန့် ရီလဲ မျက်ရည်တွေကျလို့တဲ့၊ ကိုရွှေယောက်ကြီး ပြောတာ”
“ဘယ်သူမှသာ မသိလိုက်တာ၊ မမသိန်းရှင် ထန်းညက်တွေကုန်ရထားနဲ့ သုံးတွဲတောင်တင်တာတဲ့၊ အင်တောကျယ်က တင်တာ၊ ဂါတ်ဗိုလ် ကိုမောင်ရီလေ...၊ တတွဲ လေးရာနဲ့ ကိုမောင်ရီထောင့်နှစ်ရာ ရတယ်တဲ့၊ ဆဒ္ဒုံချောင်းမှာ ရထားစက်ပျက်တယ်ဆိုပီး သုံးနာရီလောက် ရထားရပ်ပြီးချတာ၊ ပိုက်ဆံရှိတဲ့ လူတွေကျတော့လဲ တတ်နိုင်တယ်နော်....၊ ဒို့ ထန်းညက်တွေလဲ သူ့ဆီဘဲ သွင်းရတာ၊သူတို့ကျတော့ ဈေးထဲ ပြောင်ပြောင်ချရောင်းနေလဲ ကိစ္စမရှိဘူး၊ ဒို့ သွားရောင်ကြည့်စမ်းပါလား”
“ဒါနဲ့ အခုတလော ပင်းချောင်းကမရှာတော့တာ သိလား၊ မခင်သိန်းတို့ မခင်လှတို့ မိသိန်းတို့ မပါတော့လို့၊ အောင်နိုင်မြင့်က သူတို့ကို ညိုးနေတာ၊ ဇာတ်တွေကလဲ ရှုပ်လိုက်တာနော်၊ သပွတ်အူဘဲ၊ အဲတာ ကျောင်းတော်က ရန်စတဲ့...”
“ကိုရင်မောင် ...မနေ့က ဂါတ်ဗိုလ် ကိုစံရီကြီး ပိုက်ဆံတဆယ်တောင် ပြည့်အောင်မရလို့ သူ့ မိန်းမကို မျက်နှာ ဘယ်လိုပြရမယ်မသိဘူး ဆိုပြီး ငိုတယ်ဆို”
“မူးနေလို့ ငိုတာပါ”
ကျနော်သည်လည်း စိတ်လက်ပေါ့ပါးလာကာ ကိုစံရီ ငိုရပုံကို ရယ်စရာအဖြစ်ဖြင့် ရှင်းပြနေပြန်သည်။ ကိုစံရီကား မူးလာလျှင် ငိုစရာရှာကာ ငိုတတ်သူ ဖြစ်၏။ မူးလာလျှင် ကိုစံရီ၏ မျက်လုံးများသည် မျက်ရည် အလိုလို ဝဲလာကာ ငိုရန် အသင့်ဖြစ်နေတတ်သည်။်
ကျနော်သည် ဤကဲ့သို့ စိတ်လက် ပေါ့ပါးလာခဲ့သည့် နေ့များတွင်....မှောင်ရိပ်ဖက် ထောင့်ကျကျ၌ ထိုင်ရင်း၊ ညိုညို့ လက်ကိုဆုပ်ကိုင်ထားရင်း၊ ပြဇာတ်မင်းသားဟန်ကို ရယ်စရာ အတုခိုးကာ ခေါင်းကိုစောင်းလိုက် ငဲ့လိုက် ညုလိုက်လုပ်ရင်း၊ ညိုညို့ ကို သီချင်းတပုဒ်ပုဒ် တီးတိုး ဆိုပြ လာမိတတ်သည်။
ထိုအခါများတွင် သူ့ မျက်နှာသည်လည်း အမှောင်ရိပ်ထဲဝယ် ပြုံးနေသည်။ လရောင် မှိန်ပျပျသည် သူနှင့် ကျနော့်ကြား၌ ကျနေ၏။ သူသည် ရှက်လာကာ ကျနော့်မျက်နှာကို မကြည်ရဲတော့ပြန်ပေ။ ကျနော့် လက်မောင်းကို တချက်ဆွဲလိန်လိုက်သည်။
“တော်စမ်းပါ...ရှက်စရာကောင်းလိုက်တာ၊ မကြည့်ရဲတော့ဘူး”
ပြောရင်း သူသည် တခစ်ခစ် ရယ်နေသည်။
“ကျယ်ကျယ်တော့ မဆိုရဲဘူး”
“ဆိုရဲတယ်ဗျာ”
“ဒါဖြင့် ဆိုကြည့်စမ်း”
“ဟိုသီချင်း ဆိုမယ်နော်...မောင့်အနားမှာ ခင်လေးထိုင်လို့ တီတီတာတာပြောတတ်ပြန်သေးတယ်....နော်”
သူသည် ကျနော့်ကို တချက် လိန်ဆွဲလိုက်ပြန်သည်။
“အဲတာ မဆိုရဘူး.... သူများကို စောင်းပြောတာ”
ကျနော်သည် ထိုသီချင်းကိုပင် တီးတိုးညည်းညည်း ဆိုနေမိသည်။ သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားသည်။ ကျနော်သည် သူနှင့် နှစ်ယောက်ထဲနေရသလို စိတ်၌ခံစားနေရ၏။ သူ့ မျက်နှာပေါ်မှ အပြုံးရိပ်များကို အမှောင်ပျပျ၌ ရှာကြည့်နေသည်။ သူကလည်း ကျနော့် ကို မျက်လွှာကြီးပင့်ကာ ကြည့်နေသည်။ ကျနော်တို့နှစ်ဦးစလုံးစိတ်၌မူ မေးခွန်းတခုကို တပြိင်နက်တည်း မမေးရဲမေးရဲဖြင့် မေးနေကြ၏။ “ဘယ်တော့ ကျနော်တို့ အတူတကွ နေရမှာလဲ။ ဘယ်အခါတွင် သားသမီးတွေ တလှေကြီးနှင့် စုစုရုန်းရုန်း ပျော်ပျော်ပါးပါး နေနိုင်မည့် နေ့ရက်များ ဆိုက်ရောက်လာမှာလဲ”။ ထိုနေ့ရက်များမှာ မမြင်ရသေးသည့် အနာဂါတ်၌သာ ရှိနေကြသည်ကို နှစ်ယောက်စလုံး သိနေကြ၏။
သီချင်းထဲတွင် လေပြင်းမုန်တိုင်းကျပြီး ကိန္နရီမောင်နှံ ကွဲကွာသွားကြသည့် အပိုဒ်ရောက်လာလျှင် သူသည် ဝမ်းနည်း လာနေပြန်သည်။ သူ့ မျက်လုံးထဲ၌ ကိန္နရီမောင်နှံငိုကြွေးနေကြဟန်ကို မြင်တွေးနေသည်။
သူ့ မျက်လုံးအိမ်၌ ရွှန်းလက် တောက်ပ နေမှုများသည် မှိန်ဖြော့လာနေသည်။ သူ့ နှုတ်ခမ်းပေါ်၌ ဝဲနေသည့် အပြုံးရပ်အတွန့်ကလေးသည် တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သူ၏ ဝမ်းနည်းတတ်သော၊ အားငယ်တတ်သော မျက်နှာကလေးမှာ ငြိမ်သက်လာကာ..တဖြည်းဖြည်း ဝမ်းနည်းရိပ်ကလေးများသန်းလာနေသည်။
“တော်တော့ကွယ်၊အဲဒီသီချင်းကို ဘယ်တော့မှမဆိုနဲ့၊ အဲတာ နိမိတ်မရှိတဲ့ သီချင်းကြီး”
သူသည် ကျနော့်လက်ကို ပြန်၍ ဆုပ်ကိုင်ထားနေရင်းခပ်တိုးတိုး ပြောနေပြန်သည်။
ကျနော်သည်လည်း သီချင်း အဆို ရပ်လိုက်သည်။
သူ့ လက်ဖဝါးကလေးကို ပွတ်သပ်နေသည်။
သူ့ လက်ချောင်းကလေး တခုအပေါ်၌ မကြာမီရက်ပိုင်းအတွင်းကမှ သူဝယ်လိုက်သည့် လက်စွပ်ကလေးကို အမှတ်မဲ့စမ်းနေမိ၏။ “ဤလက်စွပ်ကလေးမှာ ထန်းလျက်များမှ ဖြစ်လာသည့် လက်စွပ်ကလေး၊ အမှောင်ရိပ်သံသရာမှ ထွက်ပေါ်လာခဲ့ရသည့် ရွှေတို ရွှေစကလေး” ဟု တွေးနေမိပြန်သည်။
မကြာမီ သူ့ ထန်းလျက်များ အဖမ်းခံလိုက်ရလျှင် သူ့ လက်ပေါ်မှ ဤလက်စွပ်ကလေး သည်လည်း ပျောက်ကွယ် သွားရလိမ့်မည်။
ညိုညိုသည်လည်း လေး ငါး ကြိမ်ထက်မနည်း အဖမ်းအဆီးခံခဲ့ရပြီး ဖြစ်သဖြင့် ဖမ်းဆီး သည်မှာ သူ့ အတွက် ဘာမျှ မထူးဆန်းသလို ရိုးလာစပြုလာနေခဲ့ပြီ။
သူ့ ထန်းလျက်တောင်းများကို ရထားပေါ်မှ ဆွဲချနေကြစဉ်တွင် သူသည် သူ့ ပစ္စည်းမဟုတ်သလို က္ကှူနြေ္ဒရရ နေနိုင်လာခဲ့ပြီ။
သူ့ မျက်မှောက်၌ပင် သူ့ ပစ္စည်းများကို အလုပ်သမားများ ဆွဲချနေကြ၏။ဤသို့ ဖမ်းဆီးနေဆဲအချိန်များ၌မူ ရထားကြီး တစင်းလုံးမှာ အလုပ်သမားများ၏ လှုပ်ရှားနေသံမှ လွဲ၍ အခြားအသံမရှိ ၊ ငြိမ်သက်တိတ်ဆိတ်နေတတ်သည်။
ကုန်ပစ္စည်များဖမ်းပြီး ရထားကြီး ပြန်ထွက်လာခဲ့မှ သူသည်လည်း အခြားသူများကဲ့သို့ ငြိမ်သက်နေသော စက်ရုပ်များ အဖြစ်မှ လူပြန်ဖြစ် လှုပ်ရှားလာနေသည်။ သူ့ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လှုပ်ရှားလာသည်။
ရထားကြီးသည်လည်း လူ့ ဘုံလောက၌ ဘာဖြစ်နေပြီကို မသိလိုက်သော ပိတ်ပိတ်ပိန်း နားလေးနားထိုင်ကြီးကဲ့သို့...သူ့ ဖာသာ ဆူညံစွာ ဥသြဆွဲပြီး ထွက်ခွာလာသည်။ ပင်းချောင်း အထွက်၌ ထန်းတောကြီးများသည် ပတ်လည်ဝေ့ကာ ကျန်ရစ်နေခဲ့သည်။
ရထားပေါ်၌ ဆူညံသံများ ပွက်လောရိုက်လာသည်။ ငိုလုလု အသံများဖြင့် ဆဲဆိုကြ၏။ ပေါက်ကွဲမတတ် ကျိန်ဆဲသံများဆူညံလာသည်။
“ဖမ်းပေါ့..နောက်တခါဖမ်းရင် တခါတင်မယ်၊ အခါတရာဖမ်းရင် တထောင်တင်မယ်”
“ဒီလိုပေါ့ မိညိုရယ်...လွတ်တဲ့အခါလွတ်၊ အဖမ်းခံရတဲ့အခါလဲ ရှိမှာပေါ့” ဟု သင်းသင်းက ပြောနေသည်။
သင်းသင်း၏စကားလုံးများသည် သင်းသင်းကိုပင် ပြန်၍ အားပေးနေသည်။
ညိုညိုကား မွှန်ထူ ထုံထိုင်း နေသလို ငြိမ်သက်နေ၏။
ထိုအချိန်တွင် ကျနော်သည် သူ့ အနားတွင် ထိုင်နေရင်း သူ့ ကို စိတ်တွင်းမှ အားပေး နေမိသည်။ သူသည်လည်း ကျနော်ရှိနေသောကြောင့် အားရှိနေသည် ထင်သည်။ ကျနော် သည် သူ့ ဒုက္ခကို ဝေမျှခံစားနေရ၏။
သူ့ ပစ္စည်းများ အဖမ်းခံ အသိမ်းခံရခြင်းများကို ကျနော့် ပစ္စည်းများ အဖမ်းခံရသလို ထင်နေခဲ့ပြန်သည်။
တခါတရံ၌ကား ကျနော်၏ သူ့ ကို ချစ်သူလို ချစ်နေသောစိတ်မှာ ထို့ထက်များစွာ ပိုမိုနက်ရှိုင်းသော မေတ္တာတရား အဖြစ်သို့ပင် ကူးပြောင်းသွားနေသည် ထင်ရသည်။ သူနှင့် ကျနော့် ကြား၌ရှိသော ဖိုမ တပ်မက်မှု အမှေးပါးကလေးသည် ကွဲပျက်သွား၏။ ရင်ထဲမှ ဂရုဏာများသည် တစိမ့်စိမ့်ကြီးထွား လာနေပြန်သည်။ ထိုအခါများ၌ကား သူ့ လက်မောင်း ကလေးကို ဆုပ်ကိုင်းထားသည့် ကျနော့် လက်များမှာ တပ်မက်စိတ်မပါဘဲနှင့် ပို၍ တင်းကျပ် လာသည်။ သူ့ကို တအူတုံဆင်း ညီမကလေးလို တွယ်တာလာသည်။ သူ့ မျက်နှာ ကလေးမှာ လည်း ကျနော်နှင့် ပို၍ တူလာနေသည် ထင်မိပြန်သည်။
“မောင်ရင်တို့ကြည့်ရတာ မောင်နှမကလေး နှစ်ယောက်ကိုကြည့်ရသလိုဘဲ” ဟု ရထားလိုက် စာတိုတ်ဗိုလ် ကိုကျော်စိန် ပြောဘူးသည်ကို ထိုအခါများတွင် ကျနော်သည် အ မှတ်ရလာနေကာ သူ့ မျက်နှာကလေးကို ငေးစင်းကြည့်နေမိသည်။
သူ့ မျက်လုံးများမှာလည်း ကျနော့်ကို ချစ်သူကဲ့သို့ တွယ်တာနေခြင်း မဟုတ်တော့ဘဲ... အားကိုးလိုစိတ်၊ ယုံကြည်စိတ်များဖြင့် ပြည့်လျှမ်းကာ တောက်ပနေသည် ထင်မိသည်။
တခါတရံ လမ်းခုလတ်၌ ရထားကြီး စက်ပျက်နေသဖြင့် အမှောင်ထဲ၌ ရပ်ထားရ၏။
ထိုအခါများတွင် ကျနော်သည် စာအုပ်စာတန်းများကိုယူပြီး သူတို့ တွဲသို့ ကူးပြောင်း သွားသည်။
သူသည် အချိန်အတန်ကြာကပင် ကျနော့် ကို အားကိုးလိုစွာ မျှော်နေခဲ့ရှာသည်။
ကျနော်လည်း အမှောင်ထဲ၌ သူ့ အနားတွင် အသားချင်းထိကပ်ထိုင်လိုက်သည်။
“ဘာပြုလို့ ခုမှလာရတာလဲ၊ ဒီမှာဘဲ ထိုင်နေနော်...၊ ဟိုဟိုဒီဒီ ရှောက်သွားမနေပါနဲ့”
သူက သူ့ အဖော်များ မကြားစေရန် ခပ်တိုးတိုး ပြောသည်။
ရထားပေါ်၌ မီးမလင်းသဖြင့် ဟိုတကွက် သည်တကွက် ဖရောင်းတိုင်ကလေးများသာ ထွန်းညှိထားကြ၏။ လေတိုက်လိုက်လျှင် ဖရောင်းတိုင်များသည် ဟုတ်ကနဲ ငြိမ်းသွားကြ၏။ ထိုအခါ၌ကား ဘာမျှ မမြင်ရအောင် မဲမှောင်လာသဖြင့် ကျနော်သည် သူ့ အနားသို့ တိုးကပ်လိုက်ပြီး သူ့ ဂုတ်ပိုးသားကို တချက်နမ်းလိုက်၏။ သူက ကျနော်ကို တွန်းလွှတ်သည်။
“ဟိုဘက်မှာထိုင်”
သူက အသံအုပ်ပြီးပြောသည်။
“ဟိုဘက်မှာ စာအုပ်တွေ ထားရမယ်၊ နှစ်ယောက်ကြားကထား၊ အလယ်ကထား”
သူသည် ကျနော့် လက်မောင်းကို တချက်လိန်ဆွဲသည်။ ပြင်းပြင်း ထန်ထန် မဟုတ်သော တက်တချက်ခေါက်သည်။ ကျနော်သည်လည်း အမှောင်ထဲ၌ ပြုံးနေမိပြန်သည်။
ဖရောင်းတိုင်မီးများ ထွန်းညှိ ကြသောအခါ...“ဒုက္ခပါဘဲ၊ ဒီမီးတွေကို ဘာပြုလို့ ထွန်းနေကြပါလိမ့်နော်...” ဟု ကျနော်သည် ရယ်သံ တဝက်ဖြင့် ပြောနေမိသည်။
ညဥ့်နက်လာလျှင် သူ့ အဖော်နှစ်ယောက်လည်း တဖက်ခုံပေါ်တွင် တယောက်ကိုတယောက် မှီပြီး အိပ်ပျော်သွားသည်။ သမ်းဝေသံများ ကြားရသည်။ “ရထားကြီးက ဘယ်တော့ပီးမှာလဲ” ဟု ညီးညူကြသည်။ စက်ဗိုလ်သည် ရထားခေါင်းတွဲကို ထုနှက်ပြင်ဆင်နေသည်။ အဝေးတောစပ်ဆီမှ ဂျီဟောက်သံများကြားရသည်။ လရောင်ပျပျ၌ အညာကုန်းကမူ မြက်ခင်းပြင်များပေါ်တွင် ယုန်ကလေးများ နှုတ်ခမ်းမွှေးသပ်လိုက် ပြေးဆော့ ကစားလိုက် လုပ်နေသည်ကို သူနှင့် ကျနော်သည် ရထားပြတင်းဝမှ ငေးမောကြည့်နေမိကြ၏။
သူ့ အသက်ရှူသံ၌ နွေးနေပြန်သည်။
ညလေပြေများသည် တောင်ကုန်းစောင်းများ၊ ချိုင့်ဝှမ်းများဆီမှ ပြေးလာနေသည်။
“သူ အိပ်ချင်အိပ်ပါလား”
ညိုညို၏ စကားပြောသံမှာ နွေးနေသော နှလုံးသားအတွင်းမှ ဖြတ်သန်းလာသည်။
“အိပ်ချင်ဘူး”
“မှောင်နေတာဘဲ၊ ကြောက်စရာ ကောင်းလိုက်တာနော်...”
“ဘာကို ကြောက်တာလဲ”
“အာလုံးဘဲ”
“ကိုလဲ ပါသလား”
“အမယ်...အမယ်...သူ့ ကို ဘာလို့ ကြောက်နေရမှာလဲ”
ကျနော်သည် သူ့ မျက်နှာအနားသို့ ပို၍ တိုးကပ်လိုက်သည်။ သူ့ လက်မောင်းကို ခပ်ရွရွဆုပ်ကိုင်ထားသည်။ရယ်သံဖြင့်...
“ခုလို အခါဆိုတော့ ကိုကလဲ မတရား ကြံချင်ကြံမှာပေါ့၊ အဲတာတော့ ကိုလဲ ကိုယ့်ကိုယ်ကို စိတ်မချရဲဘူး”ပြောနေမိသည်။
သူသည် ကျနော့် ကို တွန်းလွှတ်ပြန်သည်။
“သွား...ဒါဖြင့်သွား ...ဟုတ်တယ်၊ သူ့ ကိုလဲ ကြောက်ရမှာဘဲ၊ သူလဲ တီဘီစီမှုတ်လား၊ ကဲ ..ပြောစမ်း...ဟိုနေ့က ရထားမိုးချုပ်နေတုန်းကလေ....သူ မအေးသွယ်ကို အိမ်သာနားခေါ် သွားတာ ဘာလုပ်တာလဲ၊ မှန်မှန်ပြောစမ်း၊ မလိမ်နဲ့နော်၊ သီပီးသားသိလား”
“ကိုယ်က ဘီဘီစီပေမယ့် သူတော်ကောင်းပါ”
“အန္တရာယ်ဘဲ” ဟု သူက ပြောနေသည်။
အတန်ကြာလျှင် ကျနော်သည် စာအုပ်များကိုသူနှင့် ကျနော့်ကြားတွင် ချလိုက်သည်။ ထိုင်ခုံတဖက် အစွန်းတွင် ထိုင်ရင်းအနာဂါတ်ကာလကို မျှော်လင့်ချက်များဖြင့် မျှော်တွေးနေ မိသည်။ မိသားစု နှစ်ခု၏ စားဝတ်နေရေးအတွက် သူသည်လည်း တွေးနေပုံရသည်။ သူ့ အမေ၏ ကျန်းမာရေးအခြေအနေကို မေးကြည့်သည်။ သူသည် အတော်နှင့် ပြန်မဖြေဘဲ တွေနေသည်။
“သက်တော့ သက်သာလာဘီ၊ အရင်ကလောက် ချောင်းမဆိုးတော့ ဘူး၊အရင် က လောက် ချောင်းမဆိုးတော့ဘူး၊ ပန်းနာထရင်တော့ မောမောနေတယ်၊ သူ ဝယ်လာ ခဲ့တဲ့ ဆေးနဲ့ တဲ့တယ်။ အဲတာ အမေက ခဏခဏ ပြောတယ်၊ ဘာပြုလို့ ပေးတာလဲ....ဟင်”
“ကိုတို့ ဘယ်တော့ အတူနေရမလဲတို့ တွေးနေမိလို့ပါ၊ ညိုညိုတို့ အမေနေကောင်းလာရင် သိပ်ငဲ့နေစရာမလိုတော့ဘူး မှုတ်လား”
“ဘာပြုလို့ အတူနေရမှာလဲ”
“မနောက်စမ်းနဲ့”
ပြောရင်း ကျနော်သည် လှစ်ကနဲပြုံးလိုက်မိ၏။ သူနှင့်ကျနော်သည် တဦးကိုတဦး သဲသဲကွဲကွဲ မမြင်ရဘဲနှင့် မျက်နှာချင်းဆိုင်ကာ အတန်ကြာ ငေးကြည့်နေကြသည်။ သူ့ ကိုလည်း ကျနော် မပိုင်ဟု တွေးနေမိ၏။
“အတူတူနေချင်တာ ချစ်လို့ ပေါ့၊ ဘယ်တုန်းကချစ်တာလဲလို့ မေးအုံးမယ်လို့ မှုတ်လား၊ တကယ်ပါ၊ ကို တကယ်တွေးနေတာ၊ ပီးတော့ ဒီအတိုင်း မင်းကို ကို စိတ်မချချင်တော့ဘူး၊ ပိုင်ထားလိုက်ချင်တယ်၊ စိတ်ချစရာလဲ မရှိဘူးမှုတ်လား၊ ခုတောင်မှ ကိုကာကွယ်ပေးထားလို့”
“သူများလဲ သူ့ ကို စိတ်မချဘူး၊ နေ့တိုင်းဘဲ သူ မိန်းမတွေနဲ့ ပူးပူးကပ်ကပ်နေရင် သူများ သိပ်ငိုချင်တာ၊ အော်အော် ငိုပလိုက်ချင်တာ”
သူသည်လည်း ခပ်တိုးတိုး ပြောနေသည်။
ထိုနောက် ပြောစရာ စကားများ ကုန်ခမ်းသွားသလို နှစ်ယောက်စလုံး ငြိမ်သက်နေမိကြသည်။ ရထားကြီး မီးရှိန်အားပြန်ပြည့်လာပြီး ထိုနေရာမှ ထွက်ခွာလာ ခဲ့သည် အထိ စကားမပြောဖြစ်ကြတော့ပေ။ အိပ်ပျော်နေသူများသည် နိုးလာခဲ့ကြ၏။ ရထားတွဲပေါ်ရှိ မီးလုံးများသည်လည်း ပြန်၍ လင်းလာကြပြန်သည်။
ခပ်ဝေးဝေး မှောင်ရိပ်ကျသော ခုံတခုမှ မအေးသွယ်၏ တခစ်ခစ်ရယ် သံများသည် လည်း ရထားခုတ်မောင်းနေသံဖြင့် ရောထွေးပေါ်လာနေပြန်သည်။ အစောက ရှေ့ အနား ခုံတခုပေါ်၌ ထိုင်နေခဲ့သည့် လင်ရှိအပျို မအေးမြင့်လည်း သူ့ နေရာ၌ မရှိတော့ပေ။
ကြားဘူတာတခုတွင်ကား မအေးမြင့် ပြန်တက်လာသည်။ သူသည် ကပိုကရိုဖြစ်နေ၏။ အားအင်ကုန်ခမ်း နွမ်းနယ်လာသည်။ မျက်နှာပေါ်၌မူ ကျေနပ်သော အပြုံးကလေး တခုမှာ ဝေ့ပါလာသည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော သူ့ ယောင်္ကျားးနံဘေး၌ ခပ်ဖြည်းဖြည်း ဝင်ထိုင်လိုက်လေသည်။
ကျနော်ကား စိတ်များ ရှုပ်ထွေးနောက်ကျိလာနေသည်မှာ ဘယ်အခါတွင်မှ အနည် ပြန်ထိုင်တော့မည် မဟုတ်ဟုပင် ထင်လာခဲ့သည်။
ဤ မိန်းကလေးများမှာ အမှောင်ထဲ၌ သံသရာလည်နေရ၏။ အမှောင်သည် သနားစ ဖွယ်ဖြစ်သော သူတို့ကို တစတစ ရစ်ပတ်လာကာ နောက်ဆုံး၌ ဝါးမျိုစား သောက်ပစ်လိုက်၏။ အမှောင်ကို အသုံးချတတ်သော ကျားရဲများသည် မှောင်လာလျှင် တောကြီးမျက်မည်းထဲမှ ထွက် ပေါ်လာကြသည်။
ကျနော်သည် ထွန်းမောင်လိုလူမျိုး မီးရထားပေါ်တွင် လိုက်ပါနေသမျှ မိန်းမ ကောင်းက လေးများစွာမှာ ဆုံးခန်းတိုင် ပျက်စီးသွားရမည်ကို နိယာမတရားတခုလို တွေးလာမိတတ် သည်။
ထွန်းမောင်သည် မိန်းမကျလောက်သည့် ရုပ်လည်းရှိ၏။ လိမ္မာပါးနပ်သည်။
နေ့လယ်ဖက်တွင် ကျောက်ပန်းတောင်း၌ ရထားကြီး ဆိုက်ရပ်ထားစဉ် သူသည် ရဲတွဲပေါ်မှ အခြားရဲသားများနှင့်အတူ ညိုညိုတို့ သင်းသင်းတို့ မြို့ ထဲမှ ပြန်အလာကို မျှော်နေ တတ်၏။
မှောင်ခိုသမကလေးများ ပြန်လာချိန်ကား ဘူတာရုံသို့  ခရီးသည်များ မဆိုက်ရောက် သေးမီ ဖြစ်သည်။ ထိုအချိန်တွင်မှ သူတို့ အတွက် ဝှက်ရ ကဲ့ရ လယ်ကူသည်။
ညိုညိုရောက်လာလျှင် သူသည် ရဲတွဲမှ ထွက်ရပ်ပြီး လက်ယပ်လှမ်းခေါ်သည်။
ညိုညိုသည်လည်း ခေါင်းပေါ်တွင် ထန်းလျက်တောင်းရွက်ထားရင်း....မျက်နှာ၌ ချွေး များဥ နေလျက်၊ ကျောပြင်တခုလုံး ချွေးများနစ်နေလျက် သူ့ ရှေ့ တွဲအောက်မှ သွားရပ် ရ သည်။
သူသည် ညိုညို့ မျက်နှာနှင့် ရင်သားများကို စိုက်ကြည့်ရင်း ထန်းလျက်မည်မျှ တင်မည် ကို မေးနေကျအတိုင်း ရယ်မောမေးသည်။
ညိုညိုက ပြန်ဖြေပြီး ဖြစ်သော်လည်း သူသည် စကား ဖြတ်မပစ်သေးဘဲ အခြားစကားစများ၊ ရယ်စရာများရှာကာ အရွန်း အပြက်များ ပြောနေသည်။
“ညိုညိုက မညိုပါဘူး၊ ဝါဝါလို့ နာမည်ပြောင်းဘို့ကောင်းတာ၊ ဒါမှ မဟုတ်ရင် လှလှလို့ ပြောင်းပါလား ကို့ ညီမက တကယ်လှတာ၊ တကယ့်ကို လှတာ၊ ကိုတို့တောင် ငေးယူရတယ်၊ ကြည့်လေ လှလေပေါ့” ဟုပြောနေသည်။
“ကဲ...ပိုက်ဆံ ဘယ်လောက် ယူမလဲပြောပါ၊ ကျုပ်ဖါသာလှတာ မလှတာ တော်နဲ့ မဆိုင်ပါဘူး”
ညိုညိုသည်လည်း မျက်နှာထားနှင့် ပြောသည်။
သူသည် ငွေလှမ်းပေးသည့် ညိုညို့ လက်ကို ဖျတ်ကနဲဆွဲဆုပ်ထားပြီး တဟဲဟဲရယ်သည်။ ညိုညိုသည် ဆောင့်ရုန်းပြီး ထွက်လာခဲ့၏။
တခါတရံတွင်ကား ဤသို့ ဇွတ်ထွက်သွား၍ မရ။
အပြန်၌ နတ်မောက်ဘူတာမှ ရထားထွက်လာခဲ့လျှင် ညိုညိုတို့ သဘောင်္သီးသုတ် ဝယ်စားလေ့ ရှိသည်။ ထိုအခါ၌ သဘောင်္သီးသုတ်စားရာသို့ ထွန်းမောင် ရောက်လာ တတ်သည်။
သူသည် အနား၌ လာရပ်ပြီး... “ကိုတို့တော့ စားဘို့ မခေါ်တော့ဘူးလား၊ အေးလေ ဘယ်ခေါ်ချင်မှာလဲ၊ ကိုတို့က တီဘီစီလောက်မှ လခ မရှိတာကိုး” ဟု သူသည် ခနဲ့တတ်၏။
ညိုညိုသည်လည်း စိတ်ညစ်စွာဖြင့် ခေါ်လိုက်ရသည်။
သူသည် ညိုညိုနံဘေး၌ က္ကုနြေ္ဒမပျက် ဝင်တိုး ထိုင်သည်။
ချိုင့်ထဲမှ သဘောင်္သီးသုတ်ကို နှိုက်စားရင်း မျက်နှာငုံ့ကာ ညိုညို့ ပါးနှင့် နီးကပ်အောင် ကပ်သည်။
“သဘောင်္သီးသုတ်က မွှေးလိုက်တာ” ဟု သူသည် ရယ်ရင်းပြောသည်။
ညိုညို့ ပေါင်ပေါ်မှ လက်သုတ်ပုဝါကို လက်ဖြင့် အုပ်ကိုင်ပြီး လှမ်းယူသည်။
“ညိုညို ကတော့ တနေ့ တခြား ဝလာတယ်” ဟု ပြောရင်း အခြားရယ်စရာ စကားမျာစွာကို ပြောနေတတ်သည်။
ညိုညိုသည် သူ့ ကို စကားပြန်မပြောဘဲ မျက်နှာကို တခြားသို့ လှည့်ထားသည်။သူသည် သင်းသင်းတို့နှင့် စကား တဖေါင်ဖေါင် ပြောလာသည်။ သင်းသင်းကော နုနုပါ သူနှင့် မလွတ်ကင်း။ ဤ မိန်းကလေးများကား သူ့ ရယ်သံအောက်၌ ရင်ခုန်နေကြပြန်သည်။
ထွန်းမောင်ပါသည့် နေ့များတွင် ကျနော်သည် ညိုညို့ အနားမှ မခွါဘဲ ထိုင်နေသည်။ တခါတရံ၌ ထွန်းမောင်က ကျနော်နှင့်ညိုညိုကို နောက်ပြောင်ချင်လာလျှင် ကျနော်သည် မျက်နှာတည်တည်ထားလိုက်သည်။ ကျနော်ကား ညိုညို့ ကို ငဲ့ညှာရသဖြင့် ပြဿနာများကို အေးဆေးစွာ ဖြေရှင်းသည့်နည်းဖြင့် ထွန်းမောင်ကို ပြုံးသည့်အခါပြုံး၊ ရယ်မောသည့်အခါရယ်ပြီး ဆက်ဆံနေရသော်လည်း ရင်ထဲတွင်မူ စက်ဆုတ် ရွှံရှာမှုများမှာ တောမီးကဲ့သို့ အရှိန်ပြင်းသည်ထက် ပြင်းလာနေသည်။
တခါတရံ၌ မခံမရပ်နိုင် ဒေါသများဖြစ်လာရ၏။ ညိုညို့ ကို ထန်းလျက် မတင်တော့ရန် တား မြစ် ချင်လာသော်လည်း ဤ စားဝတ်ရေးအတွက် ဖြေရှင်း နေရသော ရေးစီးကြောင်းကြီးကို တားဆီး၍ ရမည်မဟုတ်။
ရထားပေါ်တွင် လက်မှတ်စစ်အဖွဲ့ ပါလာသည့်နေ့များတွင် ကျနော်သည် ညိုညို့ အတွက် လက်မှတ်တစောင် ဆင်းဝယ်ပြီး သူ ထိုင်နေရာသို့ သွားပေးသည်။
သူသည် ရထားပြတင်းဝမှ ကျနော့် ကို ငုံ့ကြည့်နေရင်း သူ့ မျက်နှာမှ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ့ မျက်လုံးများမှာ ရိုးသားစွာဖြင့် အဖြေရှာမရနိုင်အောင် ဖြစ်နေသည်။ သူသည် ကျနော်ပေးနေသည့် လက်မှတ်ကို လှမ်းမယူ။
“သူများ ... ဘာ... ဘာပြုလို့ ... ယူရမှာလဲ”
သူသည် အသံတုန်တုန်ဖြင့် တိုးတိုးကပ်မေးနေသည်။
“ယူစမ်းပါ၊ လက်မှတ်တစောင် ဘယ်လောက် တန်ဖိုးရှိလို့လဲ၊ သုံးကျပ်ထဲပါ”
“ပြောလိုက်ရင် ပြီးတာမှုတ်လား”
“အဲဒီအထဲမှာ မင်းမပါဘူး၊ မင်းကို ထည့်မပြောဘူး၊ သိပ်နားဝေးတာဘဲ”
ကျနော်သည် အလိုလို ဒေါသဖြစ်လာကာ လက်မှတ်ကို ပစ်ချပစ်ခဲ့၏။ ကျနော် ဒေါသဖြင့် ထွက်လာခဲ့သည်ကို သူသည် နားမလည်နိုင်ဘဲ ကျနော့် ကျောပြင်ကို ငေးကြည့် နေမည်။
ငွေသုံးကျပ်သည် ဆင်းရဲလှသူများအတွက် မနည်းပါးသော အရေအတွက် ဖြစ်၏။ ကျနော်ကား လက်မှတ်စစ် တဖွဲ့လုံးကို ကျွေးမွေးထားပြီး ဖြစ်သဖြင့် ကျနော် စာရင်းပြလိုက်လျှင် ထိုလက်မှတ်မဲ့များကို လက်မှတ်စစ်အဖွဲ့က စစ်တော့မည် မဟုတ်ပေ။
ကျနော်သည် ထိုစာရင်းထဲတွင် ညိုညို့  ကို မထည့်ချင်။
လက်မှတ်စစ်အဖွဲ့မှာ လူကောင်းဟူသော ပစ္စည်းသည် ရှားပါးလှသော ရတနာ ဖြစ်၏။ ထိုအထဲ၌ မိန်းမ ကိစ္စ အတွက်နာမည်အကြီးဆုံး လက်မှတ်စစ်တဦးမှာ တောင့်တောင့် ဖြောင့်ဖြောင့် နိုင်ငံခြား ရုပ်ရှင်မင်းသားဟန် ပေါက်နေသည်။ သူ့ ကို အထင်ကြီးမိသော မိန်းကလေးပေါင်း မြောက်မြားစွာမှာ သူတို့ လက်မှတ်စစ်တဖွဲ့လုံးနှင့် ညားကြရလေတော့သည်။ သူတပါး သားမယားလည်း ရှောင်သူမဟုတ်။
ဤဒေသရှိ ဆင်းရဲသူ တောသူ တောင်သားများ၊ ဖျင်ကြမ်းအဝတ်ကိုပင် လုံလောက်စွာ မဝတ်နိုင်ကြသူများ၊ ရိုးသား ဖြူစင်ကြသူများမှာ သူတို့ကို အထင်လည်း ကြီးတတ်ကြသည်။
သူသည် ညိုညို့ အနား ရောက်လျှင် လက်မှတ် စစ်ပြီးသွားသော်လည်း အကြောင်းမရှိ အကြောင်းရှာကာ စကား များ နေတတ်ပြန်သည်။ တခါတရံ လက်မှတ် ဆက်၍ မစစ် တော့ဘဲ ညိုညို့ အနားတွင် ဝင်ထိုင်သည်။
သူသည် ညိုညို့ ခေါင်းကို ရင်းနှီးစွာ ပုတ်လိုက်ပြီး....
“ကိုတို့ လာမှ လက်မှတ်ယူစီးတာနော်...ဖိုးရင်မောင် ယူပေးတာ မှုတ်လား၊ ဒီကကောင် သိပ်သဝန်ကြောင်တဲ့ အကောင်၊ နောက်ကို ဘယ်တော့မှ ယူမစီးနဲ့၊ ကိုက မယူရဘူးလို့ ပြောတယ်လို့ ပြောလိုက် ကြားလား၊ မင်းနဲ့ ဖိုးရင်မောင်နဲ့ မောင်နှမဆို၊ ဖိုးရင်မောင် ကို့ကို ပြောထားဘူးပါတယ်၊ ကဲ ... ပြောစမ်း ဘယ်နှစ် ဝမ်းကွဲတော်တာလဲ၊ ဘယ်ဘက်က တော်တာ လဲ၊ မှန်မှန်ပြောနော်... လိမ်ရင် ကိုတို့က မျက်နှာကြည့်လိုက်တာနဲ့ သိတယ်။ လက်မှတ် စစ်ဆို တာ အကင်းပါးတယ်”
သူသည် တဟဲဟဲရယ်နေ၏။
ညိုညိုသည်လည်း ပြုံးနေသည်။ ညိုညိုက ဤ လက်မှတ်စစ်က သူ့ ကို အကယ်ပင် ခင်မင် နေသည်ဟု တွေးချင်တွေးနေမည်၊ ထိုသို့ တွေးမိလျှင်ကား နောက်တပတ် သူတို့ လက်မှတ်စစ်အဖွဲ့ ပါလာသည့်နေတွင် ဤ ရိုးသား ဖြူစင်လှသော မိန်းမကောင်းကလေးများမှာ လက်မှတ်စစ် တွဲပေါ်သို့ လိုက်ပါသွားရပြီး လူ စင်စစ်က ဖါ ဖြစ်သွားရတော့မည်။
ကျနော်ကား ညိုညို့ ကို သတိပေးသင့်သည် ထက်လည်း ပို၍မပြောချင်။
ကျနော့် စိတ်၌ကား ညိုညို၏ ချစ်သူအပေါ်၌ ထားသော သစ္စာတရားကိုလည်း အကြွင်း မဲ့ ယုံကြည် နေသည်။ စိတ်၌ သောကများလည်း ဖြစ်နေခဲ့ရပြန်သည်။ စိုးရိမ်စိတ်များသည် တမျှင်းမျှင်း အုံကြွလာနေကြပြန်သည်။
နောက်တော့ ကျနော်သည် “လက်မှတ်စစ်တွေထဲက တချို့ လူတွေအကြောင်း ကြားဖူး သလား” ဟု အရိပ်အမြွက် ပြောလာရသည်။
“သူများသိပါတယ်၊ ဒီလူတွေ ဘယ်ဘူတာမှာ မယားငယ် ဘယ်နှစ်ယောက်ရှိတယ်၊ မီးရထား အမှုထမ်းချင်း မယားတောင် ရှောင်ကြတာမဟုတ်ဖူးဆိုတာအထိ သိပါတယ်၊ လူတင် ပါမှ နွားကျား ကိုတ်တာပါ၊ သူက အစိုးရိမ် သိပ်လွန်တာဘဲ”
ညိုညိုသည် ကျနော့် မျက်နှာကိုကြည့်ရင်း ပြုံးနေ၏။ ထို အပြုံးများထဲ၌ ခိုင်မာသော သစ္စာတရားကို မြင်တွေ့နေရသလို ထင်သည်။ သူ့ မျက်လုံးထဲတွင် တောက်နေသည့် အရောင် ထဲ၌ သူ၏ နှလုံးသားမှ ခိုင်မာမှုများ လာ၍ ထင်နေသည်ထင်မိသည်။
ကျနော့်ရင်ထဲမှ ပူလောင်သော သောကများမှာ အရှိန်ပြယ်လာသော်လည်း ပျောက် ပျက်၍ကား မသွား။ အကြွင်းအကျန်ကလေးများမှာ နှလုံးအိမ်၌ ငြိစွဲနေခဲ့ပေသည်။
နောက်ပိုင်း ရက်များ၌ တောင်တွင်းကြီးမှ အဖမ်းအဆီးများ အမိန့်အရ ပို၍ တင်းကျပ် လာသည်။
တောင်တွင်းကြီးသို့ ရထားဝင်တော့မည် ဆိုလျှင် လူတိုင်း မျက်နှာငယ်ကလေးများနှင့် ဖြစ်လာကြ၏။
ကျနော်သည်လည်း ညိုညို့ မျက်နှာကို ကြည့်မိတိုင်း စိတ်မချမ်းသာ ဖြစ်လာနေရ သည်။
သူတို့ သည် အခက်အခဲများကို ရှောင်းကွင်းနိုင်ရန် ဆဒ္ဒုံချောင်း ဘူတာတွင်ပင် ရထားပေါ်မှ ဆင်းသက်ပြီး မြင်းလှည်းများဖြင့် ညအခါ၌ တိတ်တဆိတ် တောင်တွင်းကြီးသို့ ဝင်ကြသည်။
ဆဒ္ဒုံချောင်းသို့ ရထား ဆိုက်ရပ်လိုက်လျှင် အမှောင်ထဲ၌ အထုပ်အပိုးများ အားလုံး ချကြ၏။ စက်ဗိုလ်သည်လည်း ရထားကို ကြာကြာ ရပ်ပေးသည်။ မှောင်ခိုသူများနှင့် တကွ ထန်လျက်အားလုံး မြေကြီးပေါ် ရောက်ကုန်မှ အခွံချည်းသာကျန်သော ရထားကြီးသည်လည်း အမှောင်ထဲ၌ တရွေ့ရွေ့ ဆက်လက်ခုတ်မောင်းသွားသည်။
ရထားကြီး၏ ပျော်ရွှင်ပေါ့ပါးစွာ ဥသြဆွဲလိုက်သံကို ဆဒ္ဒုံချောင်း ဘူတာကုန်းပေါ်ရှိ မှောင်ရိပ်ထဲမှ ကြားရသည်။
အလင်းရောင်များကား ရေးရေးပျပျမျှသာ ရှိတော့၏။ အမှောင်သည် ရှိစုမဲ့စု အလင်း ရောင် စုကလေးကို လိန်ရှက်နေသည်။ ကုက္ကိုပင်ကြီးများသည်လည်း အမှောင်ရိပ် မဲမဲကြီးများ အဖြစ်ဖြင့်သာ ငြိမ်သက်နေကြ၏။
ဘူတာကုန်းပေါ်၌ လူအများ အသံမထွက်ဘဲ လှုပ်ရှားပြေးလွှားကာ အသင့်ကြိုနေကြသည့် မြင်းလှည်းများပေါ်သို့ ထန်းလျက်များ တင်နေကြစဉ်၌ ကျနော်သည်လည်း ထိုလူအုပ်ထဲ၌ ပါနေပြန်သည်။
ကျနော့်ကို အများက ဝိုင်းဝန်း သတိပေး ကြသော်လည်း ကျနော်သည် လက်ဝှေ့ပွဲများ၌ စင်ပေါ် တက်ရပ် ရသလိုရင်ခုန်ကာ ပျော်နေသည်။ ဤစွန့်စားမှုကို ကျနော်သည် အပျော်တမ်း အလုပ်တခုလို ထင်နေ၏။ ကောင်းကင်ယံ၌ မီးပုံးပျံနှင့် ပျံရသလို ဖြစ်၏။ ထိုအခါများတွင်ကား ဤ မှောင်ရိပ် ထဲမှ လူသားများမှာ သူတို့ ဝမ်းရေးအတွက် ကြောက်ရွှံ့ လှပါလျက်ဖြင့် စွန့်စားနေရသည်ကို ကျနော်သည် နက်ရှိုင်းစွာ မတွေးနိုင်၊ နက်ရှိုင်း စွာ မခံစားနိုင်၊ မတွေ့ထိနိုင်။
မြင်းလှည်းများသည် အမှောင်ရိပ်ထဲ၌ အသံမမြည်ဘဲ ရွေ့လျားလာကြ၏။ ချောင်း သဲပြင်ကြီးကို တိတ်တဆိတ် ဖြတ်ကူးနေစဉ်တွင် “လရောင်မလာခင် ရောက်မှ၊ အသံ မမြည်စေနဲ့ နော်” ဟု တီးတိုး ရေရွတ်သံများမှာ ကျနော့် အတွက် အပျော်ခရီး ထွက်လာသလို ဖြစ်နေသည်။
ကျနော်သည် ထန်းလျက်များ လေးလံစွာ တင်ထားသော မြင်းလှည်းတစီးပေါ်တွင် မညွန့်ရီနှင့် ညိုညို့ ကြား၌ ရောက်နေသည်။ မညွန့်ရီ၏ ပိဿာ ခုနှစ်ဆယ်မျှသာရှိသည့် သေးသေးကွေးကွေး ကိုယ်လုံးကြီးကြောင့် မြင်းလှည်းသည် သဲပြင်ထဲ၌ တဖက်သို့ အိနေသည်။
“ဒီလူ ဘာလိုက်ရှုပ်တာလဲ၊ ဒါ အပျော်ကစားတာ မဟုတ်ဘူး”
မညွန့်ရီက အသံနှိမ့်ပြီး ပြောသည်။
“မှောင်ခိုမလို့ပေါ့ ရီရီရဲ့ ”
“ကိုရင်မောင်....တော့ကို နရင်း မအုပ်လောက်သေးလို့ ကြည့်နေတာ”
မညွန့်ရီသည် အလွန်ကြီးမားကာ ဖါးပြုတ်ကြီးလို ကုန်းထနေသည့် သူ့ လက်ဝါးကို အမှောင်ရိပ်ထဲ၌ မြှောက်ပြနေသည်။
ကျနော်လည်း ငြိမ်နေလိုက်ရသည်။
ညိုညိုသည် အသံကျိတ်ပြီး တခိခိရယ်နေသည်။
ကျနော်သည် ညိုညို့ ခါးကို လက်ဖြင့် ရစ်ပတ်ပြီး ဖက်ထားသည်။ သူသည် မြင်းလှည်းအခုန်တွင် ကျနော်ပခုံးကို ခေါင်းလာမှီသည်။ ကျနော့် ရင်အုံပေါ်တွင် သူ့ ခေါင်းဖြင့် မသိမသာ ဝှေ့နေသည်။ ကျနော့် လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားနေသည်။
ကျနော့် အတွက်ကား ပျော်စရာ ဖြစ်နေသည်။ အကယ်၍ တနေရာရာမှာ ဖမ်းဆီး လိုက်လျှင် ကျနော်ကား မည်သို့မျှ ဖြေရှင်း၍ရမည် မဟုတ်သည်ကို ကြိုတင်တွေးခဲ့မိ သော် လည်း ထို ကြုံတွေ့လာမည့် အန္တရာယ်များကို ကျနော်သည် မေ့နေ၏။
အမှောင်ထဲ၌ရှိသော ကျောင်းကုန်းရွာကို တိုးတိုးတိတ်တိတ် ဖြတ်ကျော်လာသည်။ မကြာမီ ကျောက်ခင်းလမ်းပေါ်သို့ မြင်းလှည်းများ တက်လာကြ၏။ မြင်းခွာသံမထွက်စေရန် မြင်းလှည်းများကို အနှေးဆုံး မောင်းနေကြ၏။
လရောင်များသည် အရှေ့ဖက်တောင်တန်းဆီမှ စ၍ ဖြည်းဖြည်းချင်း လင်းလာသည်။ ရွက်သစ်များ ဝေနေသော တောစပ်များဆီမှ လေတိုးဝှေ့သံများ ပျံ့ လွင့်လာနေသည်။ လူ့ဘုံ လောကကြီးမှာ တိတ်ဆိတ်ငြိမ်သက်လာနေသည်။ ခဏတာပဲဖြစ်ဖြစ် ငြိမ်သက် ငြိမ်းချမ်းမှု ကား အခိုက်အတန့်၌ ဖြစ်ပွားလာနေသည်။ ဤ ငြိမ်သက် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ အချုပ် အနှောင်ကင်းမဲ့မှုမှာ ခဏတာမျှသာ ဖြစ်သည်ကိုကား ကျနော့် လိုပင် အများသည်လည်း တွေးမိကြလိမ့်မည် ထင်သည်။
“ကိုရင်မောင်ကြီး... တော့ကို ထမင်းစားခေါ်တာလဲ တခါမှ မလာဘူးတော်... ” ဟု မညွန့်ရီက ပြောနေသည်။
“ဦးပေါ်လာနဲ့ လာမယ်လေ”
“တော့ အဘက သွားမရှိတော့လို့ ထမင်းမစားနိုင်တော့ဘူး ကိုရင်မောင်ရဲ့ ၊ ဆန်ပြုတ်ဘဲ သောက်နေရတာ”
“ဝါးခွံ့ရင် ရပါတယ်ဗျာ”
“တော်စမ်းတော်... မဦးမချွတ်တွေ၊ တော်တို့ နောက်တာနဲ့ အဖိုးကြီး မျက်နှာမ ထားတတ်တော့ဘူး သိလား၊ ကျုပ်ကို ရဲရဲ မကြည့်ရဲတော့ဘူး၊ တော်ကြာ ဒါကြီးက တရား နောက် နားပါလုပ်လာမှာ၊ ကဲ... ကိုရင်မောင်၊ ဒီနေ့ ထမင်းစားလာမလား မလာဘူးလား၊ ပြတ်ပြတ်ပြော”
“တော်ကြာ မညွန့်ရီက တသက်လုံး ကျွေးနေချင်တယ် ဆိုရင် ကျနော်တော့ ဒုက္ခဘဲ”
“နောက်မနေစမ်းနဲ့ ကိုရင်မောင်.... တော့ပုံမျိုးကို ကျုပ်က တိုင်မှတ်လို့ ထုံးမသုတ်ဘူး”
ညိုညိုသည်လည်း တခစ်ခစ်ရယ်မောနေရင်း ကျနော့်လက်ထဲသို့ သူ့ လက်ကလေး တ ဖက်ကို အသာလာထည့်ထားသည်။
“လူချောပါမမရီရယ်....၊ ကျမတို့တော့ ထုံးသုတ်ရုံမကဘူး... ရွှေ တောင်ချ ထားချင် တယ်” ဟုပြောနေသည်။
“ဟုတ်ဖူးလားနော်”
“ဟုတ်တာပေါ့”
ကျနော်သည်လည်း အသံကို ထိန်းချုပ်ရယ်မောနေသည်။
တောင်တွင်းကြီးမှ မီးရောင်များ ကောင်းကင်သို့ လှမ်းတက်နေသည်ကို မြင်လာနေရသည်။
မတော်တဆ ရှာဖွေရေးများ သတင်းရကာ စောင့်ဖမ်းနေမလားဟု စိုးရိမ်စိတ်များ ဝင်လာ နေကြသည်။ စိုးရိမ်စိတ်များသည် သွေးကြောမကြီးမှတဆင့် အကြောသေး အကြော မျှင် ကလေးများအတွင်းသို့ပါ တဒိတ်ဒိတ် စီးဆင်းနေသည်ဟု ထင်လာရသည်။
စကားသံများ မထွက်တော့ပေ။ သက်မချသံများ ကြားလာရ၏။ ညိုညို့ လက်ဖ ဝါးပြင်တွင် ချွေးဥကလေးများ စို့လာနေသည်။
“နောက်ကို သူမလိုက်တော့နဲ့နော်...အခုနေတုန်း ဖမ်းမိရင် လူပါ အမိခံရမှာ၊ သူများတို့က တောင်ကျချင်လဲကျ လုပ်နေကြတာ၊ သူများ သူ့အတွက် စိုးရိမ်တာ၊ အလုပ်ပြုတ် သွားမှဆိုးတာ နော်.... နောက်ကို မလိုက်တော့နဲ့”
သူက မြို့ အဝင် သင်းချိုင်းကုန်း ကို ဖြတ်ကျော်နေစဉ်၌ ထိုစကားများကို တုန်ယင်စွာ အသံ မပွင့်တပွင့်ဖြင့် ပြောနေခဲ့သည်။
ကျနော်သည်လည်း ထိုစကားလုံး ကလေးများကို ခြေရာခံကာ တီးတိုးလိုက်လံ ရေ ရွတ်ကြည့်နေမိသည်။
နိုင်ဝင်းဆွေ
(အပိုင်း ၁၂ သို့ ဆက်လက်ဖတ်ရှုပါရန်...)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment