(က)
ကျနော်တို့ လူသိုက်ကို ရွှေကွယ်ရွာသူကြီးကိုယ်တိုင် ရွာပြင်ထွက် ကြိုခဲ့သည်။ ကျနော်တို့နှင့်အတူလိုက်ပါလာသည့် တလိုင်းကရင်ရွာသူကြီး ဦးအောင်က လမ်းလျှောက်စကားပြောစက်ကတဆင့် ရွှေကွယ်ရွာသူကြီးထံ ကြိုတင်အကြောင်းကြားခဲ့သဖြင့် အခုလို ရွာပြင်ထွက်ပြီး ကြိုဆိုခဲ့ခြင်းဖြစ်သည်။ ထို့ ပြင် မာနယ်ပလောဗဟိုဌါနချုပ် အသံလွှင့်ဌါနမှ သတင်းထောက်တစ်ဦးလည်း လိုက်ပါလာသည်ဆိုသည့်သတင်းကြောင့် အခုလို ရွာသူကြီးကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ခြင်းဖြစ်တန်ရာ သည်ဟု ကျနော် တွေးမိသည်။
ကျနော်တို့ လူသိုက် ရိုးတစ်ခုအကျော် သစ်ပင်တောတန်းတစ်ခုအတွင်းဝင်လိုက်စဉ် လူသုံးယောက်ကို တွေ့ရ၏။ လူတစ်ယောက်က အရပ်ပုပု။ မဲညစ်ဟောင်းနွမ်းလျက်ရှိပြီဖြစ်သော တံဘက်ဖြူတစ်ထည်ကို ခေါင်းတွင်ပတ်ထား၏။ ပုဆိုးစက ဒူးဆစ်အထိတက်လျက်။ ခါးပုံစက အပြင်ကို တံတောင်သာသာကျလျက်။ပါးစပ်က ကွမ်းကို ပါးလုပ်ပါးလောင်း ဝါးလျက်။ စွပ်ကျယ်လက်ပြတ်အသစ်ချပ်ချွတ်ကို ကိုယ်ကြပ်ဝတ်လျက်။ ရွှေကွယ်ရွာသူကြီး၏ ရုပ်ပုံလွှာမှာ သိသာထင်ရှားလွန်းသည်။ သူ့ နောက်တွင်ရပ်နေသူနှစ်ဦးက အရပ်မြင့်မြင့်။ အဝတ်အစားညှိုးနွမ်းလျက်။
ကျနော်တို့ လူသိုက်ကိုတွေ့ တော့ ရွှေကွယ်ရွာသူကြီးက ကရင်လိုပြောဆိုနှုတ်ဆက်သည်။ သူစကားပြောတော့ စကားထစ်သူဖြစ်သည်ကို တွေ့ ရသည်။ကျနော့်ကိုမူ အကဲခတ်သလို မကြာခဏ ကြည့်နေ၏။ ကျနော်တို့ အထဲက တလိုင်းကရင်ရွာသူကြီးဦးအောင်နှင့် ကရင်လိုတခွန်းနှစ်ခွန်းပြောပြီး ကျနော်တို့ လူသိုက်ကို သူကပဲဦးဆောင်ကာ ရွာဘက်ကိုထွက်သည်။ (တလိုင်းကရင်ရွာသူကြီး ဦးအောင်မှာ လွန်ခဲ့သည့် တပါတ်ကမှ သူ့ ရွာတွင်တပ်စွဲထားသည့် နအဖစစ်တပ်ရန်ကိုကြောက်ပြီး ကျနော်တို့ နှင့်အတူ တောထဲတွင် ယာယီလာရောက်နေရသူဖြစ်သည်။)
“ကျုပ်နံမည် ရွာချစ်၊ ရွာ ရွာ ရွာဟိတ်မဟုတ်ဘူးနော် ရွာ ရွာချစ်၊ ရွာက ကျုပ်ကိုချစ်လို့  ကျုပ် ကျုပ်နံမည် ရွာ ရွာချစ်လို့ ခေါ်တာ↔
သူက ရွှေကွယ်ရွာသူကြီး၏စကားသံကိုနားထောင်ကာ မသိမသာပြုံးမိသည်။ ဦးရွာချစ်ပြောသည့် “ရွာဟိတ်↔ဆိုသူမှာ ကရင်အမျိုးသားအစည်းအရုံး ဘူးသိုခရိုင် ဥက္ကဌ ဗိုလ်မှူးရွာဟိတ်ကို ဆိုလိုခြင်းဖြစ်သည်။ (ဘူးသိုခရိုင်ဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံးကသတ်မှတ်ခေါ်ဝေါ်သည့် နယ်မြေအခေါ်အဝေါ်ဖြစ်သည်။ ဖါးအံမြို့နယ်၊ ဖါပွန်နှင့် သထုံ ဘီးလင်းမြို့ နယ်များကို စုစည်းခေါ်ဝေါ်ခြင်းဖြစ်သည်။) ရွှေကွယ်ရွာသူကြီးက စကားထစ်လွန်းသဖြင့် ကျနော့်မှာ မနည်းနားထောင်နေရ၏။ ကျနော်က သူနှင့်စကားပြောချင်သော်လည်း သူက စကားထစ်လွန်းသဖြင့် အားနာကာ သူပြောသမျှ အလိုက်အထိုက်လိုက်ပြီးမှသာ စကားပြောနေရ၏။ သူကမူ ကျနော်နှင့်သာ စကားပြောချင်နေပုံရ၏။ ကျနော်နှင့်ဘေးချင်းကပ် လမ်းလျှောက်ရင်း အိမ်ခြေ(၅၀)ကျော်ရှိသည့် သူ့ ရွာကလေးအကြောင်း ပြောပြလာခဲ့၏။
“ကျ ကျနော့်ရွာက မှောင် မှောင် မှောင်ခို နွား နွားလမ်းကြောင်း ကျ ကျလို့ ဒီနားတဝိုက်မှာ စီး စီး စီးပွါးရေး အ အ အကောင်းဆုံး ပဲ၊ လှည်းလှည်း လှည်း သုံးစီးတောင် ရှိ ရှိ တယ်၊ ဈေးဆိုင် သုံးဆိုင်လောက်ရှိ ရှိတယ်↔
ရွှေကွယ်ရွာသူကြီးပြောသည့်အတိုင်း မှန်ကန်သည်ကိုမူ လက်တွေ့ ကျနော်တွေ့ ခဲ့ရ၏။ သူကြီးခေါင်းဆောင်သည့် ကျနော်တို့လူအုပ် ရွာလည်လမ်းအတိုင်း လျှောက်လာနေစဉ် တနေရာအရောက်၌ လမ်ဘေးဈေးဆိုင် သုံးဆိုင်ကို တန်းစီလျက်တွေ့ ရ၏။ စလူဖက်မိုး၊ လူတရပ်မလွတ်တလွတ် တဲကလေးသုံးလုံး တန်းစီလျက်။ တဲပေါက်ဝတွင် မာမားထုပ်များ၊ ကော်ဖီမစ်ထုပ်များ၊ တခြား ကလေးစားစရာ မုန့် ပဲသရေစာများ တွဲလျက်ချိပ်လျက်။ ကျနော်က ကျနော်တို့ လူအုပ်ရှေ့ မှ ခေါင်းမေါ့ခြေဖျားထောက်ကာ လမ်းလျှောက်သွားနေသည့် သူကြီး ဦးရွာချစ်ကို မသိမသာအပြုံးနှင့် ကြည့်မိသည်။ တကယ်တော့လည်း သူပြောသည့်စကားမှာ မှန်သင့်သလောက်တော့ မှန်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤဒေသကြီးတဝိုက်တွင် အများအားဖြင့် အိမ်ခြေဦးရေ လေးငါးဆယ်ရှိသည့်ကျေးရွာများသာ ရှိသည်။ တောင်ယာနှင့် အမဲလိုက်ခြင်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းကြရ၏။ထို့ကြောင့် ဦးရွာချစ်ပြောသလို သူ၏ရွာက စီးပွါးရေးအကောင်းဆုံးရွာဖြစ်သည်ဆိုသည့်အချက်မှာ မှန်ကန်ကောင်းမှန်ကန်လိမ့်မည်ဟု ကျနော် တွေးမိသည်။
ရွာလည်တနေရာအရောက်တွင် မြင့်မားအုပ်ဆိုင်းနေသည့် ကုက္ကိုပင်ကြီးတစ်ပင်အောက်သို့ ရောက်လာခဲ့ကြ၏။ ကုက္ကိုပင်အောက် ဤနေရာကွက်လပ်တွင်ပင် အရိုးကောက်ပွဲကျင်းပရန်စီစဉ်ထားသည်မှာ သိသာသည်။ ကုက္ကိုပင်အရိပ်အောက်တွင် မြေကြီးပေါ် ထုံးဖြူးပြီး စက်ဝိုင်းတခုဆွဲထား၏။ သည်စက်ဝိုင်းမှာ လက်ဝှေ့ ကြိုးဝိုင်းအဖြစ် ရာထားသည့်စက်ဝိုင်းဟုသိရ၏။ ဆိုင်းဝိုင်းအဖွဲ့ ကို ရွာမှ လှည်းနှင့်သွားကြိုနေဆဲ။ ကွက်လပ်ဘေးတွင် အလောင်းစင်တခုကို ဝါးငုတ်လေးခုပေါ် တင်ထား၏။ အလောင်းစင်ထက်က ခေါင်းတခုပေါ်တွင် ငှက်ပျောသီး အုံးသီးပွဲတခုပြင်ထား၏။ ရွာသူရွာသားတချို့ က သစ်ပင်ရိပ်အောက်တွင် ခလေးတွဲလေါင်း ခွေးတွဲလေါင်းနှင့် အေးအေးလူလူ ထိုင်နေကြ၏။
“လာဆရာကြီး အသုဘအိမ်မှာ ထမင်းသွားစားကြမယ်၊ ပြီးမှ ဒီနေရာပြန်လာကြမယ်↔
ကွင်းထဲက ထွက်လာသည့် ကျနော်တို့ လူသိုက်ကို ရွာသားတွေက လှမ်းကြည့်နေကြ၏။
(ခ)
ဆိုင်းသံဗုံသံများဆူညံနေစဉ် ကျနော်က အသံဖမ်းစက်နှင့် ကင်မရာကိုထုတ်ကာ မိမိ၏ အလုပ် ကိုလုပ်ရန်ပြင်ဆင်၏။ အသံဖမ်းစက်ကို ဖြာပေါ်တွင်ချကာ အသံဖမ်းခလုပ်ကိုဖွင့်ထားလိုက်သည်။ ခရီးမထွက်မီက ဒီမိုကရက်တစ်မြန်မာ့အသံ ကြီးကြပ်မှုကော်မတီဥက္ကဌ ပဒိုကလိုထူး စွန့် ကြဲလိုက်သည့် မိသားစု အပျော် ရိုက်ကင်မရာလေးကို ကြောပိုးအိပ်ထဲက ဟန်ပါပါ ထုပ်လိုက်၏။ထိုစဉ်အခိုက်တွင် ကျနော်၏လှုပ်ရှားမှုအဝဝကို မျက်ခြေမပြတ်စေါင့်ကြည့်နေကြမည့် ရွှေကွယ်ရွာသားများကို ကျနော် မေါ့မကြည့်ပဲ သိနေသည်။ အထူးသဖြင့် ကျနော့်ဘေးတွင် ကပ်ထိုင်နေသည့် ရွှေကွယ်ရွာ ပြည်သူ့ စစ်ခေါင်းဆောင်ဆိုသူက ကျနော့်ကို အသေ အချာလိုက်ကြည့်နေသည်ကို သိသိသာသာ သတိထားမိသည်။ မာနယ်ပလောဌါနချုပ်မှရောက်လာသည့် အသံလွှင့်ဌါနသတင်းထောက်ကြီးတဦး၏ ပစ္စည်းကိရိယာများကို သူတို့ အားလုံး အာရုံကျနေကြခြင်းဖြစ်သည်။
“သူကြီးကောဗျ ဘယ်ရောက်သွားတာလဲ၊ ဟို ဟို လုံခြုံရေးကိစ္စ သေသေချာချာလုပ်ထားရဲ့လား၊ ကင်းတွေဘာတွေချတာကော လုပ်ထားရဲ့လား၊ အခုနက ထပ်ပြီးသတိပေးမလို့ ဟာ၊ သူကြီးဘယ်ရောက်သွားလဲဗျ↔
ပြည်သူ့ စစ်ခေါင်းဆောင်လုပ်သူက ကျနော်နှင့်အတူ ဘေးဘီကိုလိုက်ကြည့်သည်။ ထုံးဖြူးပြီး စည်းတားထားသည့် စက်ဝိုင်းကွက်လပ်ဘေးတွင် လူတွေ စုပြုံပြီးနေရာယူထားကြ၏။ ကျနော်နှင့် ဝါးတရိုက်အကွာလောက်တွင် ပတ်လုံးခြောက် ဆိုင်းဝိုင်း ရှိနေသည်။ လူတချို့က ကျနော်နှင့်နီးကပ်သည့်ကွက်လပ်တွင် တိုးဝင်နေရာယူကြ၏။
ကျကျနနခင်းထားသည့်သင်ဖျူးဖျာတစ်ချပ်ပေါ်တွင် ကျနော်ထိုင်သည်။ ကျနော့်ဘေးနားသို့ လူတွေ ကပ်မထိုင်ရန် ရွာသားလူငယ်သုံးယောက်လောက်က တုတ်ကိုယ်စီကိုင်ပြီး တားထား၏။ ကျနော့်နေရာမှာ သီးသန့် ပွဲကြည့်စင် သဘောဖြစ်နေသည်။ ကျနော့်ရှေ့ တွင် ဓါတ်ဗူးတစ်လုံး၊ ဇွန်းတပ်ထားသည့် သကြားတစ်ပုဂံ၊ အကြမ်းပုဂံလုံးနှစ်လုံး ချထား၏။ ကျနော်က မြို့ ပြနှင့်ဝေးလှသည့် ကရင်တိုင်းရင်းသား တို့၏ ရိုးရာအလိုက်ပြုလုပ်သည့် အသုဘအခမ်းအနားတခု(ဒေသအခေါ်အဝေါ် အရိုးကောက်ပွဲ) ကို မှတ်တမ်းယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။
“လုပ်ထားပါတယ်၊ သူကြီးနဲ့ ကျနော်တိုင်ပင်ပြီးကင်းချထားပြီးမှ သူကြီးက ရွာထဲခဏပြန်သွားတာပါ၊ ဘာမှမစိုးရိမ်နဲ့ ဆရာကြီး ဒီကောင်တွေ ဒီနေရာကို သိတ်ပြီးလာလေ့လာထ မရှိဘူး၊ စိတ်ချလက်ချသာ လုပ်ပါ ↔
ထိုအခါကျမှသာ ပြည်သူ့ စစ်ခေါင်းဆောင်၏မျက်နှာကို ကျနော်ကြည့်မိသည်။ ပေါင်ဒါလိုလို သနပ်ခါးလိုလိုလိမ်းကျံထားသည့် သူ့ မျက်နှာပေါ်တွင် အဖြူကွက်များထင်ထင်ရှားရှားတွေ့ နေရ၏။ ကွင်းဘေးတွင် တိုးခွေ့ ပြီးရပ်နေကြသူ လူအတော်များများမှာ မျက်နှာတွင် ပေါင်ဒါများလိမ်းချယ်ထားကြသည်ကို တွေ့ ရ၏။
“လက်ဝှေ့ ပွဲက ဘယ်တော့စမှာလဲ၊ အခုပဲ ၉ နာရီထိုးပြီ↔
ဆိုင်းသံဗုံသံများကြောင့် ကျနော်က ပြည်သူ့ စစ်ခေါင်းဆောင်ကို အသံမြှင့်ပြီးပြောနေရ၏။ ဆိုင်းသမား တွေကလည်း ဆိုင်းသံကိုမြှင့်သထက်မြှင့်ပြီးတီးနေကြသည်ဟု ထင်ရ၏။ အထူးသဖြင့် ဗိန်းမောင်းတိုက်တီးသံမှာ တရွာလုံးကို လွှမ်းမိုးသွားနေ၏။
“ဟော ပြောရင်းဆိုရင်း လာကုန်ပြီဆရာကြီး၊ ရှေ့ ဆုံးက အဖိုးကြီးက ဒိုင်လူကြီးပဲ၊ သူက အရင်တုန်းက လက်ဝှေ့ သမားကြီးပဲ၊ ဒီနယ်တဝိုက်မှာ သူ့ ကိုမီတဲ့လက်ဝှေ့ သမား အခုထက်ထိ မရှိသေးဘူး၊ သူက ဖါးအံအထိ တက်ထိုးခဲ့ဖူးတယ်၊ ဆုလဲ ရတယ်↔
သစ်ပင်အောက်ကွက်လပ်ထဲသို့ လူ (၁၀)ယောက်ခန့် ဝင်လာသည်။ လူတွေ လက်ခုပ်လက်ဝါးတီးပြီး အားပေးလိုက်ကြ၏။ ရှေ့ ဆုံးက အသက်(၅၀)ခန့် အရွယ် ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်ပုံရသည့်ပုဂ္ဂိုလ်က ကွက်လပ်အလည်တွင် ရပ်သည်။ အပေါ်က ပုဆိုးချွတ်သည်။ အောက်က ဘောင်းဘီပွပွကြီးကို ပေါင်တဖက် အနည်းငယ်လိပ်တင်သည်။ လက်ခမောင်း တဖြောင်းဖြောင်းခတ်သည်။ ဆိုင်းသမားတွေဖက်သို့ လက်တဖက် မြှောက်ပြီး ဆိုင်းတီးရပ်ခိုင်းသည်။ ထို့ နောက် ဆိုင်းမဆင့်ဗုံမဆင့် လက်ဝှေ့ ထိုးသတ်မည့်သူနှစ်ဦး၏ အမည်ကို အော်ခေါ်လိုက်သည်။ စည်းဝိုင်းထဲက လူတွေ အပြင်ထွက်သွားတော့ အသက်၁၂ နှစ် ၁၃ နှစ်သာသာ လူငယ်နှစ်ဦး စည်းဝိုင်းထဲတွင် ကျန်နေရစ်ခဲ့သည်။ နှစ်ယောက်စလုံး မျက်နှာတွင် ပေါင်ဒါများ ဖွေးဖွေးဖြူလျက်။ နှစ်ယောက်စလုံး ခါးတောင်းမြှောင်အောင် ကျိုက်လျက်။ မည်သူမျှ အင်္ကျီဝတ်ထားခြင်းမရှိ။ ကျနော်က အရိုးပြိုင်းပြိုင်းနှင့် လူမမာရုပ်ပေါက်နေသော လက်ဝှေ့သမား လူငယ်လေးနှစ်ယောက်ကိုကြည့်ကာ စိတ်မချမ်းမသာဖြစ်နေမိသည်။ သူတို့ တကယ် လက်ဝှေ့ ထိုးသတ်ကြမှာလား။ ထိုးကော ထိုးနိုင်ကြပါ့မလား။
ဒိုင်လူကြီးက လက်ဝှေ့ သမားနှစ်ယောက်ကို မျက်နှာချင်းဆိုင်စေပြီး တစုံတရာပြော၏။ ဆိုင်းသံကြောင့် ဘာတွေပြောနေသည်ကိုမူ မသိနိုင်။ ထို့ နောက် ဆိုင်းသံက ရုတ်တရက် ပိုမိုဆူညံမြည်ဟိန်းလိုက်စဉ် လက်ဝှေ့ သမားများလည်း စတင်ထိုးသတ်ကြတော့၏။ လက်ခုပ်သြဘာပေးသံ ညာသံများကြားတွင် လက်ဝှေ့ သမားများ သူတပြန်ကိုယ်တပြန် ထိုးသတ်နေကြ၏။ ကျနော်က အသံဖမ်းစက်ကလေးကို ငုံ့ ကြည့်ရင်း သေသေချာချာ အသံဖမ်းမိ မမိကိုစစ်ဆေးရပြန်သည်။ လက်ဝှေ့ သမားနှစ်ယောက် ရင်ဆိုင်ထိုးသတ်နေစဉ် အချိန်ကိုက် ဓါတ်ပုံရိုက်နိုင်ရန် ကင်မရာကိုလည်း အသင့်ချိန်ထားလိုက်၏။
“ပယော် ပယော် ပယော်↔
ပွဲကြည့်ပရိသတ်မှာ ထိုင်ရာမှ ရုတ်တရက်ထရပ်လိုက်ကြ၏။ ဘယ်သူက စပြီး အော်လိုက်သည်မသိ၊ အားလုံးလိုလို ဝူးဝူးဝါးဝါး အော်ဟစ်ကာ သစ်ပင်ရိပ်အောက်မှ တဝုန်းဝုန်းထပြေးကြတော့၏။ ကျနော်က ကင်မရာကိုကိုင်ရင်း ကြက်သေသေပြီး ရပ်နေမိသည်။ လူတွေက အရပ်မျက်နှာ တဖက်ထဲသို့ မပြေးပဲ ဥဒဟို နေရာအနှံ့ ထပြေးနေကြ၏။ ထိုစဉ်မှာပင် ကျနော့်ဘေးက ပြည်သူ့ စစ်ခေါင်းဆောင်က ခါးတွင်ပတ်ထားသည့် ပုဆိုးအပိုကိုဆွဲဖြုတ်ကာ ကျနော့်ရှေ့ သို့ ဖြန်ခင်းချလိုက်၏။ဆိုင်းသံများ ရုတ်တရက်တိတ်ဆိတ်သွားသည်။ အော်သံဟစ်သံများသာ ဆူဆူညံနေတော့၏။
“ဆရာကြီး ပစ္စည်းတွေ ဒီမှာထည့်၊ ဆရာကြီးပစ္စည်းတွေ ဒီမှာထည့်၊ ကျနော့်နောက်ကသာ လိုက်ပြီးပြေး↔
ကျနော်က ကင်မရာနှင့် အသံဖမ်းစက်ကို ရှေ့ တွင်ဖြန့် ချလိုက်သည့် ပုဆိုးထဲပစ် ထည့်လိုက်၏။ ပြည်သူ့ စစ်ခေါင်းဆောင်က ခင်းထားသည့်ပုဆိုးကို ဆွဲစုကာ လူအုပ်နှင့်ရောပြီး ပြေး၏။ ကျနော်ကလည်း သူ့ ပုဆိုးစကို ဆွဲမထားရုံတမယ် သူ့ နောက်မှ ကပ်ပြီး ပြေးလိုက်ရ၏။ ဆယ့်ငါးကိုက်မျှပြေးပြီးကာမှ ပြည်သူ့ စစ်ခေါင်းဆောင်က ဘာစိတ်ကူးပေါက်သည်မသိ၊ နောက်သို့ တဖန်ပြန်လှည့်ပြီး ပြေးပြန်၏။ ကျနော်ကလည်း သူ့ နောက်မှ ထပ်ချပ်မကွာလိုက်ရပြန်၏။ ကျနော့်မှာ နားထဲတွင် သေနတ်သံများကြားလာလေမလားစိတ်နှင့် ပြေးရင်းလွှားရင်း နားစွင့်ထားမိ၏။ သို့ သော် အော်သံဟစ်သံ ခွေးဟောင်သံများသာကြားနေရ၏။ ပြေးသာပြေးနေရသော်လည်း ဘေးဘီကို လှည့်မကြည့်အား။ ကိုယ်မကျွမ်းကျင်သည့်ဒေသဖြစ်သည်မို့ ရှေ့ ကပြေးနေသည့် ပြည်သူ့ စစ်ခေါင်းဆောင်ကိုသာ မျက်ခြေမပြတ်ကြည့်ရင်း ပြေးလိုက်နေရ၏။ ဘယ်နေရာက ထပြီး သေနတ်ပေါက်လေမလဲဆိုပြီး ပြေးရင်းလည်း နားစွင့်ထားရ၏။
နီးစပ်ရာတောထဲသို့ ကျနော်တို့ တိုးဝင်လာခဲ့ကြသည်။ တောင်ပေါ်တက်သည့်လမ်းအတိုင်း တက်လာခဲ့ကြသည်။ ကျနော်တို့ နှင့်အတူပြေးလိုက်လာသူများနှင့်ပင် ဝေးလာခဲ့၏။ တနေရာအရောက်တွင် ကုန်းမေါ့တခုကို မေါ့ပြီးအတက်၊ ကျနော်တို့ ကို ငုံ့ ပြီးကြည့်နေသည့် မျက်နှာပြင်တခုလုံး ပေါင်ဒါမှုံ့ များဖွေးဖွေးဖြူနေသည့် ရွာသူကြီးဦးရွာချစ်နှင့် ရွာသားတချို့ု ကုန်းထိပ်တွင် ရပ်နေသည်ကို တွေ့ ရလေတော့သည်။
(ဂ)
“ဘာ ဘာ ဘာဖြစ် ဖြစ်ကြ ကြတာလဲဗျ↔
ကျနော်က မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အမေါဖြေနေစဉ် သူကြီးဦးရွာချစ်က ကျနော့်ကိုမေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
“ဟင် မသိဘူးလေဗျာ၊ လူတွေအကုန်လုံးထပြေးကြတာပဲဟာ၊ ရန်သူလာလို့ ပြေးတာဖြစ်မှာပေါ့↔
“ဟုတ် ဟုတ် ဟုတ်ရဲ့လား၊ ကျ ကျ ကျနော်တော့ ဘာ ဘာ ဘာမှ မ မတွေ့ ခဲ့ပါ ပါဘူး↔
ကျနော်က သူကြီးကို နားမလည်သလိုကြည့်သည်။ ကျနော့်ဘေးတွင် အမေါမပြေနိုင်သေးပဲ ရပ်နေသည့် ပြည်သူ့ စစ်ခေါင်းဆောင်ကို ကြည့်သည်။ သူတို့ နှင့်စကားပြောရင်းက ပတ်ဝန်းကျင်ကို သတိထားမိသည်။ ကျနော်မှလွဲ၍ လူတွေအားလုံး ပေါင်ဒါများ ဖွေးဖွေးဖြူအောင် လိမ်းထားသည့် မျက်နှာကိုယ်စီနှင့်။ ချွေးစီးကြောင်းများက ပါးပြင်နှင့်နဖူးပြင်ပေါ်တွင် အထင်အရှားတွေ့ နေရ၏။ ကျနော်က မကျေနပ်ချက်ကို ထုတ်ပြောမိသည်။
“ဒါဖြင့် သူကြီးကကော ဘာပြုလို့ ဒီကိုပြေးလာတာလဲ↔
“မ မ မသိဘူးလေ၊ ကင်း ကင်းသမားတွေ တွေက ကျုပ် ကျုပ်ဘေးက ထ ထ ထပြေးတော့ ကျုပ် ကျုပ်လည်း လိုက်ပြေး ပြေးလာရ ရတာပေါ့ ↔
သူကြီးရဲ့အဖြေက ကျနော့်အဖို့ ငိုရအခက် ရယ်ရအခက်။ကျနော်က ဆောင့်ကြောင့်ထိုင်ရာက မြေကြီးပေါ် ခြေပစ်လက်ပစ် ဖင်ချထိုင်လိုက်ရတော့သည်။သည်ကြားထဲ သူကြီးနှင့် သူ့ ဘေးက ကင်းသမားဖြစ်ဟန်တူသူ ရွာသားများရဲ့မျက်နှာများကိုကြည့်ပြီး ကျနော့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။ သူတို့ မျက်နှာများပေါ်က ပေါင်ဒါများမှာ ချွေးစီးကြောင်းများကြားမှ ဖွေးဖွေးဖြူလျက်။
“ရန်သူလာလို့ ရန်သူမြင်လို့ တော့မဟုတ်ဘူးနဲ့ တူတယ်၊ ရန်သူလာတာဆိုရင် ပစ်ပြီခတ်ပြီပေါ့၊ ခုဟာက တယောက်ယောက်က လန့် ပြီးအော်ရာက အကုန်လုံးထွက်ပြေးကုန်တာပဲဖြစ်မယ်↔
ကျနော်ကတော့ ဘာမျှထပ်ပြီး ထင်ကြေးမပေးနိုင်တော့ပါ။ ရွာခံများကိုယ်တိုင်က အခုလိုထွက်ပြေးလာကြပြီမို့ ကျနော်သည်လည်း ထွက်ပြေးရုံမှတပါး အခြားမရှိတော့ဟု တွေးမိ၏။
“ခုမှတော့ မထူးဘူး၊ အရိပ်အခြေစေါင့်ကြည့်ရဦးမယ်ထင်တယ်၊ အတီးလည်း ပါလာတဲ့ကင်းသမားနဲ့ ခဏ ဒီမှာ စေါင့်နေအုံးပေါ့၊ ဟော ဆရာကြီးနဲ့ အတူပါလာတဲ့လူတွေတောင် ရောက်လာပြီ”
ကျနော်နှင့်အတူပြေးလာသည့် ပြည်သူ့စစ်ခေါင်းဆောင်က အောက်ဖက်ကို ငုံ့ ကြည့်ရင်း ပြောလိုက်၏။ လူဆယ်ယောက်ခန့်  ကုန်းပေါ်သို့ အမေါတကော ရောက်လာကြပြန်သည်။ တလိုင်းကရင်ရွာသူကြီးဦးအောင် က လူအုပ်ထဲမှ ထွက်ကာ ကျနော့်ကိုပြုံးပြ၏။
“ဆရာကြီးအတွက်စိတ်ပူနေတာ တော်ပါသေးရဲ့ ဒီအထိပါလာလို့ ၊ ကျနော်တို့ က ရွာထဲမှာပဲရှိနေသေးတာ၊ ပွဲလန့် ပြီး သူများတွေပြေးမှ ကိုယ်လည်းလိုက်ပြေးရတာ၊ ဘာဖြစ်မှန်းလည်းမသိဘူး၊ ရန်သူလာတာကောဟုတ်ရဲ့လား”
“ဘယ်ကလာဟုတ်ရမှာလည်း၊ စိတ်ပူလို့ သာ ပြေးရတာ၊ ရန်သူလာတာဆိုရင် ဒီလိုထွက်ပြေးပုံမျိုးနဲ့ အပစ်ခံရတာ အနည်းဆုံးတယောက်တော့ သေမှာသေချာတယ်”
သူတို့ အချင်းချင်း အချီအချပြောဆိုငြင်းခုန်နေကြစဉ် ကျနော်ကတော့ လူသွားလမ်းဘေး တောစပ်တွင် လဲလျောင်း အမောဖြေနေရတော့၏။ အမောဖြေနေစဉ် အရိုးကောက်ပွဲကျင်းပရာ ကွင်းထဲ စိတ်ရောက်သွား၏။
“ အော် ဒါထက် ကျနော်တို့ ထပြေးတုန်းက ဖျာတွေ ဓါတ်ဗူးတွေ ပုဂံတွေ ဒီအတိုင်းထားခဲ့ရတာ လူတွေ တက်နင်းမိကုန်မလားမသိဘူးဗျ”
ကျနော်က စိုးရိမ်စိတ်နှင့်ပြောမိသည်။
“ ဟာ ဒါတော့မပူနဲ့ ဆရာကြီး ပစ္စည်းပိုင်ရှင်တွေက သူ့ ပစ္စည်းသူ ယူပြေးကြမှာသေချာတယ်၊ ဒီအတွက် ဘာမှ စိတ်မပူနဲ့ ၊ အောင်မယ်လေး ဒါမျိုးက ကျနော်တို့ အဖို့ ရိုးနေပြီ၊ စိတ်ချ ဘာမှမဖြစ်ဘူး”
ကျနော့်ဘေးနား ကပ်ထိုင်နေသည့် ပြည်သူ့ စစ်ခေါင်းဆောင်က ဂုဏ်ယူသလိုဖြေလိုက်သည့်စကားကို ကျနော်စဉ်းစားသည်။ သူပြောတာ ဟုတ်ကောင်းဟုတ်နိုင်သည်ဟုတွေးသည်။ ယခု ကျနော်တို့ ရောက်နေသည့် တောင်ခြေတောတွင်း တောင်ကုန်းဆီကို သူတို့ အားလုံး လာစုမိသည်ကိုကြည့်ပါက သည်လိုပဲ ထွက်ပြေးတိမ်းရှောင်ရသည့်အချိန်တိုင်း လာပုန်းနေကြသည့် နေရာတခု ဖြစ်မည်ဟု ကျနော်သဘောပေါက်လာခဲ့၏။
(ဂ)
“ ဟော ဆိုင်းသံလားလို့ ”
တောင်အောက်ခြေ ရွာဖက်ဆီက ဆိုင်းသံကို အတိုင်းသားကြားလိုက်ရသည်။လူတွေအားလုံး ခေါင်း ထောင်လာကြသည်။ တချို့ က ထိုင်ရာက လူးလဲပြီးထရပ်ကြ၏။
“ပွဲပြန် ပြန် စ စ နေပြီဟ၊ ကဲ ဆ ဆရာကြီး အခြေအနေကောင်း ကောင်းသွားပြီ၊ ကျနော်တို့ သွား သွား ကြရအောင်”
ကျနော်ကတော့ စိတ်မချနိုင်သေးပါ။
“ပြန်သွားလို့ ဖြစ်ပါ့မလားသူကြီးရာ တော်တော်ကြာ တကယ်ထပ်လာနေ ဘယ်လိုလုပ်မလဲ၊ ခဏထပ်စေါင့် ကြည့်တာ မကောင်းဘူးလား”
“ဘာ ဘာမှမဖြစ်တော့ပါဘူး၊ ဒီ ဒီတခါ ကျနော်ကိုယ်တိုင် ကင်း ကင်း လိုက်ချမယ်၊ ဒီကောင်တွေ အရမ်း ရမ်း ကာရောတော့မလာရဲပါဘူး၊ စိတ် စိတ်ချ ၊ ကျနော်က စိတ် စိတ် မချရရင် ဘယ် ဆရာကြီးကို ခေါ်ခေါ် ပါ့မလဲ၊ ကျ ကျနော့်မှာ တာ တာ ဝန်ရှိတာပဲဟာ”
ကျနော်တို့ အားလုံး တောင်အောက်ကို ပြန်ဆင်းလာခဲ့ကြသည်။ ကျနော်ကတော့ လူအုပ်နှင့်ရောပြီး လိုက်လာရသည့်တိုင် ခြေလှမ်းများက တုန့် ဆိုင်းလျက်။ ရွာအဝင်တွင် သူကြီးဦးရွာချစ်နှင့်ကင်းသမားတချို့ ကျနော်တို့ နှင့်လမ်းခွဲကာ ရွာထဲသို့ ဝင်၏။ ကျနော်တို့ ဧည့်သည်လူအုပ်ကို ပြည်သူ့ စစ်ခေါင်းဆောင်က ရှေ့ ဆောင်ကာ အရိုးကောက်ပွဲကွင်းထဲ ဝင်လာခဲ့ကြ၏။ လူတွေ အရင်ကထက်ပိုများနေသည်ကို သိသိသာသာတွေ့ နေရ၏။
“အောင်မယ် တခြားရွာက ဧည့်သည်တွေတောင် တော်တော်စုံတာပဲ”
ပြည်သူ့ စစ်ခေါင်းဆောင်က ကွင်းထဲက လူတွေကိုကြည့်ကာ တက်ကြွပျော်ရွှင်နေ၏။
စည်းဝိုင်းဘေးတွင် လူတွေ သူ့ ထက်ငါ တိုးခွေ့ နေရာယူထားကြ၏။ ကျနော်တို့ မူလနေရာယူခဲ့ရာနေရာတွင် ဖျာတချပ်အဆင်သင့်ခင်းလျက်။ ဓါတ်ဗူးတစ်လုံးထောင်လျက်။ ဇွန်းတပ်သကြားတစ်ပုဂံက နေရာမပျက်။ ကျနော် အံ့ဩသွားရသည်။ သည်လိုကျတော့လည်း အဟုတ်သားပါကလားဟု ချီးကျူးမိသည်။ပြည်သူ့ စစ်ခေါင်းဆောင်ပြောခဲ့သည့်စကားအရ ပစ္စည်းပိုင်ရှင်များက ကိုယ့်ပစ္စည်းကိုယ် ကောက်ယူပြေးလွှားသွားခဲ့ကြသည်မှာ သေချာသွားတော့၏။
ကျနော်က ဧည့်သည်တော်အတွက်ခင်းပေးထားသည့် ဖျာပေါ်တွင် ကျကျနနထိုင်သည်။ ပုဆိုးဖြင့်ထုပ်ထားသည့် ပစ္စည်းများကို ဖြေသည်။ အသံဖမ်းစက်ကလေးကို ဖွင့်သည်။ ကင်မရာလေးကို ပြင်သည်။ ထို့ နောက် ဆူဆူညံလျက်ရှိသည့် ဆိုင်းသံကို အသံဖမ်းသည်။ ညာသံပေး အော်ဟစ်သံများကို အသံဖမ်းသည်။ လက်ဝှေ့ သမားများကို မီးတဝင်းဝင်းနှင့် ဓါတ်ပုံအမျိုးမျိုးရိုက်သည်။
ကျနော်က လုပ်စရာအလုပ်များကို ဆက်တိုက်လုပ်နေရပေသည့် စိတ်ကတော့ မချ။ ဘယ်အချိန် ရန်သူလာသည်ဟုဆိုကာ ပွဲပျက်သွားမည်ကို စိုးရိမ်နေသေးသည်။ ထို့ကြောင့် စိတ်တထင့်ထင့်နှင့် အလုပ်လုပ်နေရ၏။ ရွာသူကြီး ဦးရွာချစ်နှင့် တလိုင်းကရင်ရွာသူကြီး ဦးအောင်တို့လူသိုက် ဘယ်နေရာရောက်နေပါလိမ့်ဟု တွေးနေမိသည်။
ဆိုင်းသံများ ခဏ ရပ်သွားသည်။ လက်ဝှေ့ပွဲတစ်ပွဲ ပြီးသွားသည်။ လူတွေ တဝေါဝေါနှင့် ဆူညံလာပြန်သည်။ နောက်ထပ် လက်ဝှေ့ပွဲတစ်ပွဲ ပြန်စရန် ဒိုင်လူကြီးက ကွင်းလယ်မှရပ်ကာ အော်ပြောနေသည်။ ဒိုင်လူကြီး၏အသံကို ကောင်းစွာ မကြားရ။ ကျနော်က လူတွေ ဆူဆူညံညံဖြစ်နေသည့်အတွက် စိုးရိမ်စိတ် ပိုဖြစ်လာရပြန်သည်။ အရေးထဲ ရွာသူကြီး ဦးရွာချစ်တို့လူသိုက် ဘယ်သွားနေပါလိမ့်ဟု စိတ်ထဲက အပစ်တင်မိသည်။ ထို့ကြောင့် ကိုယ့်ဘေးနားတဝိုက်တွင် ရှိလိုရှိငြား လိုက်ကြည့်သည်။
ကံအားလျော်စွာ ရွာသူကြီးဦးရွာချစ်တို့လူသိုက်ကို ကျနော်နှင့်ဘေးချင်းယှဉ် ရင်ဘောင်တန်း ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။ အစ ပထမတော့ သူတို့လူသိုက်ကို ကျနော် မမှတ်မိ။ သေသေချာချာကြည့်မှ သူတို့မျက်နှာများကို ကျနော် မှတ်မိသွားသည်။ ရွာသူကြီး ဦးရွာချစ်ခေါင်းဆောင်သော လူဆယ်ယောက်ခန့်မှာ ကွင်းဘေး လူအုပ်၏ရှေ့တွင် ဟန်ပါပါ နေရာယူ ထိုင်နေကြ၏။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် ပေါင်ဒါမှုန့် ရေဖျော်ပြီး ထူပိန်းနေအောင် လိမ်းကျံထားသဖြင့် ကျနော့်မှာ သူတို့လူအုပ်ကို ရုတ်တရက် မမှတ်မိခြင်းဖြစ်သည်။ ဦးရွာချစ်က ကျနော့်ကို ပြန်ကြည့်သည်။ ထို အကြည့်ထဲ၌ ဂုဏ်ယူဝံ့ကြွားသည့် အကြည့်များ ပါရှိနေသည်ကို မူ အထင်အရှား ကျနော် တွေ့လိုက်ရ၏။ ။
ငြိမ်းဝေ
No comments:
Post a Comment