(၁)
ကျနော်သည် ဆရာကြီးတင်မိုး၏ ကဗျာများထဲက ကဗျာရှည်တပုဒ်ကို အထူးတလည် စွဲလန်းနှစ်သက်နေခဲ့ဖူးပါသည်။ယင်းကဗျာရှည်ကို လုံးချင်းကဗျာစာအုပ်အဖြစ် ထွက်ရှိနိုင်လျင် မည်မျှကောင်းမည် နည်းဟု တွေးခဲ့ဖူး၏။ ကျနော့်စိတ်ထဲ ယင်းကဗျာရှည်ကို လုံးချင်းစာအုပ်အဖြစ် ဖတ်ရှုလိုက်ချင်သည့်ဆန ပြင်းပြခဲ့၏။
၁၉၉၇ ခုနှစ်ထဲတွင် ကံအားလျော်စွာ ဆရာတင်မိုး၏ ကဗျာပေါင်းချုပ်စာအုပ်တစ်အုပ်ကို စီစဉ်ထုတ်ဝေခွင့် ကျနော် ရခဲ့သည်။ ဆရာတင်မိုးကဗျာပေါင်းချုပ်(၁၉၉၉) ကို စီစဉ်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းစဉ်အချိန်က ကျနော်က နှစ်ပေါင်းများစွာ ကျနော် နှစ်သက်စွဲလန်းနေခဲ့သည့် ယင်းကဗျာရှည်ကိုပင် လုံးချင်းထုတ်ရလျင် မကောင်းဘူးလားဟု ထုတ်ဝေသူကို တိုက်တွန်းခဲ့၏။ ထုတ်ဝေသူက လက်မခံသည့်အတွက် ကျနော့်ဆနမှာ မပြည့်နိုင်ခဲ့ပါ။ ထို့ကြောင့် “တင်မိုးကဗျာပေါင်းချုပ်(၁၉၉၉)” အဖြစ်နှင့်သာ ကျနော့်မှာ စီစဉ်ဆောင်ရွက်ပေးခဲ့ရ၏။
တချိန်ကမူ ဆရာတင်မိုးကို အဓိက ဂုဏ်ပြုထုတ်ဝေမည့် မဂ္ဂဇင်းတစေါင်၏ တာဝန်ရှိသူများက ကျနော့်ကို ဆရာတင်မိုး၏ ကဗျာများထဲက သင့်တော်မည့် ကဗျာများကို ရွေးပေးဖို့ အကူအညီတောင်းသည်ကို ကြုံရပြန်သည်။ ထိုစဉ်က ကျနော်က ဆရာတင်မိုး၏အခြားကဗျာများထက် နှစ်ပေါင်းများစွာကတည်းက ကျနော် နှစ်သက်နေခဲ့သည့် ကဗျာကိုပဲ ဦးစားပေးရွေးချယ်ပေးလိုက်သည်။ မဂ္ဂဇင်းထွက်လာသောအခါ ကျနော်အကြံပေးလိုက်သည့် ကဗျာကိုမူ ဖေါ်ပြထားခြင်းမရှိပါ။ ထို့ကြောင့် ကျနော့်မှာ စိတ်ထိခိုက်ခဲ့ရ၏။
သို့သော် ကျနော် နှစ်သက်စွဲလန်းနေခဲ့သည့် ကဗျာမှာ ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်ကို ကျနော် သိပါသည်။ ယင်း ကဗျာတပုဒ်တည်း လုံးချင်း ထုတ်ဝေခြင်းတော့ မဟုတ်ပါ။ ကျနော် နှစ်သက်စွဲလန်းနေသည့် ကဗျာနှင့်အတူ ဆရာ၏ အခြားကဗျာများ ပူးတွဲထုတ်ဝေသည့် ကဗျာပေါင်းချုပ်စာအုပ် ဖြစ်သည်။ ကျနော့်ဆနက ယင်းကျနော် နှစ်သက်စွဲလန်းနေသည့်ကဗျာကို အခြားကဗျာများနှင့်တွဲ၍မဖတ်ချင်ပါ။ ထိုကဗျာတပုဒ်တည်း သီသန့်လုံးချင်းထုတ်ဝေသည့် စာအုပ်တအုပ်အနေနှင့်သာ ဖတ်ချင်သည့်ဆန ပြင်းပြခဲ့ခြင်းဖြစ်သည်။ စိတ်ထဲတွင် အနည်းငယ်ဖြေလို့ရသည့်သဘောတော့ရှိပါသည်။ ကျနော်နှစ်သက်စွဲလန်းလွန်းနေသည့်ကဗျာပါရှိသည့် ကဗျာစာအုပ်၏ အမည်ကိုမူ ‘နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း’ ဟု ပေးခဲ့သည့်အတွက်မူ ကျနော့်မှာ အနည်းငယ်စိတ်ဖြေလို့ ရနိုင်ခဲ့ပါသည်။ ကျနော် နှစ်သက်စွဲလန်းနေခဲ့ရသည့်ကဗျာမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာပဲ ဖြစ်ပါသည်။
(၂)
“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်မှာ ဆရာကြီးတင်မိုး၏ စုပေါင်းကဗျာစာအုပ်ဖြစ်သည်။ ကဗျာပုဒ်ရေ ( ၆၈ ) ပုဒ်ပါရှိသည်။ ဆရာတင်မိုးက အမှာစာကို သူကိုယ်တိုင်ပင် ရေးသည်။ ယင်း အမှာစာကို စကားပြေနှင့်မရေးပဲ ကဗျာတပုဒ်ဖွဲ့ပြီး ရေးသည်ကို ထူးခြားဆန်းသစ်စွာ တွေ့ရသည်။
မြန်မာစာပေနယ်တွင် အမှာစာ သို့ မဟုတ် အယ်ဒီတာ့အာဘော် ကို စကားပြေနှင့်မရေးပဲ ကဗျာဖြင့်ဖေါ်ပြရေးသားသည်မှာ တွေ့ရခဲလှသည်။ ကျနော်ငယ်စဉ် အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာ့အာဘော်ကို ကဗျာတပုဒ်နှင့်ဖေါ်ပြခဲ့ဖူးသည်ဆိုသည့်စကားကြောင့် ကျနော့်မှာ အိုးဝေမဂ္ဂဇင်းဟောင်းများကို အပြေးအလွှားလိုက်လံရှာဖွေဖတ်ရှုခဲ့ရဖူး၏။ ယခုလည်း ဆရာတင်မိုးက သူ၏ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်တွင် အမှာစာကို စကားပြေနှင့်မရေးပဲ ကဗျာတပုဒ်ဖြင့် ဖေါ်ပြသည့်အတွက် ကျနော့်မှာ စာအုပ်ကို လှပ်လိုက်ကတည်းက စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရ၏။
ညရိပ်ခို၍
နုပျို ဆန်းတင့်၊ နှင်းဆီ ပွင့်မည်။
နှင်းနှင့် ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်း ရောင် ကြား၊ ဖွံ့ထွားထွားနှင့်
ကားကား စွင့်စွင့်၊ ပွင့်လိမ့် နှင်းဆီ
ရဲရဲနီ။
ဒါကတော့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်ရဲ့ အဖွင့်ကဗျာဖြစ်တဲ့ ‘နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ’ကဗျာထဲက တပိုဒ်ဖြစ်သည်။ ဆရာက နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဆိုတဲ့အမည်ကို ဘယ်လိုအဓိပါယ်နှင့်ရေးခဲ့ပါလိမ့်ဟု မကြာခဏဆိုသလို ကျနော် တွေးခဲ့ဖူးသည်။ ထိုအတွေးကို ဆရာလည်း အဖြေပေးခဲ့ဖူး၏။ “ရဲရင့်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ အမှောင်ကိုအံတုခြင်း၊ အောင်မြင်ကျော်လွှားခြင်း တို့အပေါ် နှစ်ချိုက်စွာ ပျော်ဝင်အိပ်စက်ခြင်း အစရှိတဲ့အဓိပါယ်နဲ့ရေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ထက်လည်း တခြားအဓိပါယ်တွေ ရှိပါသေးသည်။ ကိုယ့်အတွေး လက်တံ ရှည်ရင် ရှည်သလောက် ဆက်တွေးကြပါကုန်” ဟူ၍ ရှင်းပြခဲ့ဖူး၏။ ကျနော့်မှာ ကဗျာပိုဒ်များကို ဖတ်လိုက် တွေးလိုက်..။
ညယံ ၌ ပင်၊ ပန်ဆင် လိုက
ပန်နိုင်ကြ၏
ဘဝနှင်းဆီ ရဲရဲနီ။
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်ထုတ်ဝေသည့် နှစ်များဆီ ကျနော် ပြန်လျှောက်သွားခဲ့သည်။ ထိုစဉ်က နှင်းဆီနီ၊ ရဲရဲနီ၊ ဘဝနှင်းဆီ၊ ညပိန်းပိန်း၊ ညရိပ်ခို၍…ဟူသော စကားလုံးများမှာ ကျနော်တို့၏ရင်ကို တိုက်ရိုက် ထိခိုက်ရှတ နိုင်ခဲ့သည့် စကားလုံးများဖြစ်ခဲ့ကြ၏။ကျနော်တို့ ကောင်းကောင်း ဖမ်းချုပ်ဆုပ်ကိုင် ခံစားနိုင်ခဲ့သည်။
အမှောင်ကြားတွင်
ဝိုးဝါး ပျံကူး၊ ပိုးစုန်း ကြူးတို့
စူးစူး စမ်းစမ်း၊ မအိပ်တမ်းလျှင်
လမ်းသစ် ရှာကြ၊ တီထွင်ကြ။
၁၉၇၀ ခုနှစ်ဝန်းကျင်…။ တပါတီအာဏာရှင်စံနစ်ကို သွေးသံတရဲရဲ အံတုဖက်ပြိုင်ကြသည့် နိုင်ငံရေးနယ်ပယ်မှ သူရဲကောင်းများ၏ သတင်းစကားများမှာ လဘက်ရည်ဆိုင်များ၊ စာသင်ခန်းများ၊ လမ်းဘေးပလက်ဖေါင်းများ၊ စက်ရုံများဆီ ဝေ့ဝဲ ရောက်လာနေခဲ့၏။ ကျနော်တို့က ထို သူရဲကောင်းတို့၏ ပုံပြင်များကို တရှိုက်မက်မက် နားစွင့်နေခဲ့ကြ။ သူရဲကောင်းတို့သည်ကား အမှောင်ထုအောက်မှ ပိုးစုန်းကြူးငယ်များပမာ..လမ်းသစ်ရှာ ထွင်းဖေါက်ကြရင်း ကျဆုံးခဲ့ကြရ၏။ ပြည်သူ့ သူရဲကောင်းတို့သည်ကား နှင်းဆီပွင့်ပေါ် နှစ်ချိုက်စွာ အိပ်စက်သွားနိုင်ခဲ့ကြသည့်သဘော..။ ဥပမာ.. ကမ္ဘာကျော် ကိုးကိုးကျွန်း အစာငတ်ခံတိုက်ပွဲသတင်းများ။
အိုဘဲ့ဘယ်…အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ်မှာနည်း။
အပြိုင်း အရိုင်း၊ နှင်းဆီ ကိုင်းတို့
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား၊ ကျောင်းနား တချို့
မြို့ပေါ် ရွာပေါ်၊ တောင်ပေါ် မကျန်
ဖူးတံ စီစီ၊ ဦးခေါင်း ချီလျက်
နီလျက် ရဲလျက်၊ တခဲနက် ပင်
လက်နှင့် ချွေလည်း၊ ချွေ၍ မနိုင်
လှိုင်၍ မဆုံး၊ ဤ တောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား။
ဤ ကဗျာပိုဒ်များမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်၏ အဖွင့်ကဗျာဖြစ်သည့် ‘နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း’ ကဗျာတွင် ပါရှိသည့် ကျနော် ချစ်သော ကဗျာပိုဒ်တချို့ ဖြစ်ပါသည်။ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာရှည်တွင် အပိုဒ်ခွဲ(၁၅) ပိုဒ် ၊ ပါဒအရေအတွက်အားဖြင့် (၃၅၁) ခု ပါရှိသည်ကို တခုတ်တရ မှတ်သားလိုက်မိ၏။
(၃)
“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်တွင် တခြား နာမည်ကြီးကဗျာများလည်း ပါရှိ၏။ ဟိုတချိန်က ဆရာတင်မိုး သွားရောက်တက်ရောက်ဟောပြောသည့် စာဆိုတော်နေ့ အခန်းအနားတိုင်းလိုလို ပွဲတောင်းခံရတတ်သည့်ကဗျာဖြစ်သော ‘ဂျော်နီတို့ခေတ်’ တခန်းရပ် ကဗျာပြဇာတ်တို ကိုလည်း ဤ စာအုပ်တွင် တွေ့ ရ၏။ ပြည်သူလူထုအကျိုးကို ဘေးချိပ်ပြီး မိမိကြီးပွါးချမ်းသာရေးကိုသာ ဦးစားပေးနေကြသည့် ဆေးပညာလောကသားတချို့ကို လှောင်ပြောင် ဖွင့်ချထားသည့်ကဗျာဖြစ်၏။ သည်ကဗျာထဲမှ ကဗျာတစ်ပိုဒ်ကိုလည်း မြည်းစမ်းကြည့်စေချင်ပါသည်။(စာ-၁၄၀)
ဂျော်နီ။ ။ ဂျော်နီတို့တော့
အိုဟို့ ပျော်ပျော်၊ ခပ်မော်မော်ဘဲ
တော်လှန်ရေးတွေ
နိုင်ငံရေးတွေ
စာရေး ပေရေး၊ ဟို အရေးတွေ
တွေးနေတယ်ဆို၊ ပိုနေတာဘဲ
ဒါတွေ တော်ကွယ်၊ ငကြောင် ရယ်…။
လောကကြီးမှာ
ဖြစ်ချင်ရာ ဖြစ်…
(ဖြစ်…ဘရစ်)
အချစ်လဲပါ၊ စာမေးပွဲအောင်
နောင်လဲ ချမ်းသာ၊ ခု ချမ်းသာနှင့်
တိုက်တာကြီးကြီး၊ ကား ဝီးဝီးမို့
ပိုပြီး ပြေလည်၊ ပိုပြီး ကြည်တယ်
ဂျော်နီတို့ပွဲ၊ ဇိမ်ပါဘဲကွဲ့
အောင်ပွဲ တို့ကို ကြိုနေတယ်။
ရေဒီယို။ ။“ ဟေ့….ဟေ့
သီချင်းသံ တို့ခေတ်ရောက်ပြီ၊ တို့ခေတ်ရောက်ပြီ ”
ဂျော်နီ မော်လီ၊ မျက်စ ချီလျက်
ပရက်တီကယ်ခန်း ဝင်သွားတယ်။
( ကားလိပ် အလိုလို ကျ။ )
ဆရာ တင်မိုးက စင်မြင့်ပေါ်မှ တဆင့် ဤ ကဗျာကို အသံနေအသံထားကောင်းကောင်း သရုပ်ဆောင်မှုကောင်းကောင်းနှင့် ရွတ်ဆိုရင်း ရှင်းပြသည့်အခါ စင်အောက်က စာပေဝါသနာရှင်များမှာ လက်ခုပ်သံမစဲအောင် အားပေးခဲ့ကြ၏။ ခေတ်ကို လှောင်ပြောင်သည့် ပြောင်မြောက်လှသည့် ကဗျာတပုဒ်အဖြစ် ထင်ရှားခဲ့ပါသည်။
“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်တွင် နိုင်ငံတကာ တော်လှန်ခေါင်းဆောင်များအပေါ် ကြည်ညိုစိတ်နှင့် ရေးဖွဲ့ သည့် ကဗျာကိုလည်း တွေ့ရသည်။ ဆရာက ဗီယက်နမ်မျိုးချစ် တော်လှန်ရေးခေါင်းဆောင် ‘ဟိုချီမင်း’ ကို “ ပူဇော်ခြင်း ” ကဗျာတွင် ဤသို့ဖွဲ့ဆိုခဲ့၏။ (စာ-၅၈)
‘ ဟို ’ ၏ စိတ်မှန်၊ အမွေခံသော်
တော်လှန်ရေးများ၊ အောင်မည် တကားဟု
တအား တအင်၊ စိတ်မောင်း တင်လျက်
ဆင်သည် အောင်ပွဲ၊ အစဉ် နွှဲလိမ့်။
ထို့ပြင် ၁၉၆၉ ခု၊ သြဂုတ်လ၊ ၁၆ ရက်နေ့စွဲနှင့် ရေးခဲ့သည့် ကဗျာတပုဒ်။ ကျနော်က မျက်စေ့မှားသလားဆိုပြီး အသေအချာ ဖတ်မိပါသေးသည်။ လေးလုံးစပ်လကာင်္ စပ်နည်းကို ချိုးဖျက်ပြီး ရေးဖွဲ့သည့် ကဗျာတပုဒ်။ ဤ ကဗျာစာအုပ်တွင် သည်ကဗျာတစ်ပုဒ်မှ လွဲပြီး ကျန်ကဗျာအားလုံးမှာ လေးလုံးစပ်ကဗျာ၊ အချိုးကဗျာများဖြစ်ကြ၏။ ထို့ကြောင့် သည်ကဗျာကိုလည်း ကျနော့်မှာ ထူးထူးခြားခြား မှတ်သားမိပြန်သည်။ ထိုစဉ်အချိန်က မြန်မာကဗျာလောကတွင် ခေတ်ပေါ်ကဗျာ ထွက်ပြူစအချိန်။ လေးလုံးတပါဒ ကဗျာစပ်နည်းကို ဖျက်ကာ စကားလုံးအရေအတွက် ကန့် သတ်ချက်မရှိသည့် ကဗျာစပ်နည်း နည်းသစ်ကို အားယူနေသောအချိန်။ ဆရာတင်မိုးက ထိုနည်းသစ်ကို လက်ခံကြိုဆိုရေးဖွဲ့ခဲ့သည်ကို တွေ့ရသဖြင့် ဆရာ့ ရင်ခုန်သံမှာ ခေတ်ပေါ်နရီနှင့် ကိုက်ညီအောင် ကျင့်သုံးနိုင်စွမ်း ရှိပါတကားဟု ကျနော့်မှာ မုဒိတာ ပွါးရပြန်တော့သည်။ဆရာက ‘ မင်္ဂလာ လမ်းတဲ့ရှင် ’ လို့ ခေါင်စည်းတတ်ထားသည့် ကဗျာတွင် လေးလုံးစပ်လကာင်္သွားကို ချိုးဖျက်ကာ ခေတ်ပေါ်ကဗျာဟန်ဖြင့် ဤသို့ရေးဖွဲ့ခဲ့သည်ကိုလည်း အခုလို တွေ့ရ၏။ ( စာ-၅၄)
မြို့တော်ရဲ့ ကတ္တရာစေး လမ်းမကြီး ခမျာ
ဘတ်စ်ကား အချို့သာ အဖေါ် ရှိတော့တယ်။
အထီးကျန် ညဥ့်ဟာ
အပွင့်မဲ့တဲ့ သစ်ပင်အိုပါကွယ်။
(၄)
ယခုအခါ ကဗျာဆရာကြီး တင်မိုး၏ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်ကို ကျနော် မိတ်ဆက်ဖေါ်ပြနိုင်ခဲ့သည်ဟု ယူဆမိပါသည်။ ကျနော့်ဘက်က ကျနော်လေးစားချစ်ခင်ရသည့် ကဗျာဆရာကြီးကို ဤ စာဖြင့် ကန်တော့ခွင့် ရလိုက်ခြင်းဟုလည်း သဘောထားမိသည်။ သို့သော် ကိုယ့်ကိုယ်ကို ကျေနပ်အားရခြင်း မရှိနိုင်သည်ကိုလည်း နိဂုံးချုပ်အားဖြင့် ဝန်ခံရဖို့ ရှိပါသေးသည်။
ဆရာတင်မိုးက ‘နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း’ ကဗျာကို စွန့်လွှတ်အနစ်နာခံခြင်း၊ ရဲရင့်ခြင်း၊ အမှောင်ကို အံတုခြင်း၊ အောင်မြင် ကျော်လွှားခြင်းတို့အပေါ် နှစ်ချိုက်စွာ အိပ်စက်ပျော်ဝင်ခြင်း ဆိုတဲ့ အဓိပါယ်များနှင့် ရေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဆရာက ယင်းစိတ်ဓါတ်ကို စာဖတ်သူများ လက်ခံကျင့်သုံးလာစေရေး ရည်ရွယ်ပြီး ရေးခဲ့၏။ သို့ သော်… ယခု ဤ စာကို ရေးနေစဉ်အချိန်အထိမူ ကျနော့်မှာ ဆရာတင်မိုး၏ ဆနကို ဖြည့်ဆီး လိုက်နာနိုင်ခြင်း မရှိသေးပါ။ ကျနော်သည်ကား ယခုအချိန်အထိ ‘နှင်းဆီပွင့်ပေါ် အိပ်ပျော်နိုင်စွမ်း’ မရှိသေးကြောင်း မိမိကိုမိမိ သုံးသပ် ဝန်ခံရမည်ဖြစ်ပါသည်။
ငြိမ်းဝေ
စာအုပ်အမည်။ ။ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း
ရေးသူ ။ ။ တင်မိုး
ထုတ်ဝေခုနှစ် ။ ။ ၁၉၇၃ ဧပြီလ
ထုတ်ဝေသူ ။ ။ ဒေါ်ကြည်ဝေ(ယုဝတီ ကြည်ဝေ) စိုးစံထိုက် စာစဉ်
အုပ်ရေ ။ ။ (၄၀၀၀)
No comments:
Post a Comment