July 06, 2010

နှစ်လေးဆယ် လမ်းလျှောက်နေဆဲ ဇာတ်ကောင်များ


(က)
          ပြီးခဲ့တဲ့လပိုင်းလောက်က ကျနော့်မိတ်ဆွေတချို့ နဲ့ သတင်းဌါနတချို့ ဆီကရတဲ့သတင်းအရဆိုရင် ကွယ်လွန်သူ စာရေးဆရာ“နိုင်ဝင်းဆွေ” ရဲ့ ဝတ္ထုတချို့ ကို ပြန်လည်ထုတ်ဝေခွင့် ရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပထမတော့ ကျနော် အံ့အားသင့်ပါတယ်။ ဘာပြုလို့ လည်းဆိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂)ခုအတွင်း ဆရာနိုင်ဝင်းဆွေရဲ့ဝတ္ထုတွေ ပြန်လည်ထုတ်ဝေခွင့်မပြောနဲ့ သူ့ နံမည်ကိုတောင်မှ ဖေါ်ပြခွင့်မရခဲ့တဲ့အနေအထားမှာ ဒီလိုသတင်းမျိုးကိုကြားရတော့ ကျနော် တကယ့်ကို မင်သက်မိခဲ့တာပါ။
ဒါပေမယ့် ကျနော့်စိတ်ထဲ သံသယဖြစ်မိတဲ့အချက်တော့ရှိပါတယ်။ ဆရာ နိုင်ဝင်းဆွေရဲ့ လုံးချင်းဝတ္ထု (၁၀)အုပ်ရှိတဲ့အနက် တချို့ စာအုပ်တွေကတော့ ထုတ်ဝေခွင့် ရမှ ရနိုင်ပါ့မလားဆိုတဲ့အချက်ပါ။ အခုပဲ ပထမအသုပ် ထပ်မံထုတ်ဝေခွင့်ရတော့မယ်ဆိုပြီး စီစစ်ရေးက ကျလာပါပြီလို့ ဆိုတဲ့ ဝတ္ထုတွေဟာ တကယ်တော့ နိုင်ငံရေးနောက်ခံနဲ့ ရေးတဲ့ဝတ္ထုတွေမဟုတ်ကြပါဘူး။ စီစစ်ရေးကကျလာပြီဆိုတဲ့ဝတ္ထုတွေက “မဟူရာမေတ္တာ”နဲ့ “နွေတည” ဝတ္ထုတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ လည်း စီစစ်ရေးက ရှောရှောရှူရှူ ချပေးလိုက်တာလို့ ယူဆနိုင်ပါတယ်။ ကျန်တဲ့ ဝတ္ထုတွေထဲက “မသိန်းရှင်ဆီပို့ ပေးပါ” နဲ့ “ဘဝစာမျက်နှာများ” ဝတ္ထုတွေကိုတော့ ထပ်မံထုတ်ဝေခွင့် ရကောင်းမှ ရနိုင်လိမ့်မယ်ဆိုတဲ့သံသယ ကျနော့်မှာ ရှိပါတယ်။ ဘာပြုလို့ လည်းဆိုတော့ အဲဒီဝတ္ထုတွေက ‘ခေတ်ပြိုင်ဘဝသရုပ်ဖေါ်‛ ဝတ္ထုတွေဖြစ်တဲ့အတွက် နိုင်ငံရေးနောက် ခံရှိတယ်လို့ စီစစ်ရေးက ယူဆနိုင်စရာရှိနေလို့ ပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း(၂ဝ) ကျော်မြေမြုပ် သဂြိုလ်ခြင်းခံထားရတဲ့စာရေးဆရာ တယောက်ရဲ့ စာပေလက်ရာတွေကို ပြန်လည်ဖတ်ရှုနိုင် တော့ မယ်ဆိုတဲ့ သတင်းကတော့ မင်္ဂလာသတင်းပါပဲ။ ပြီးတော့ “မသိန်းရှင်ဆီပို့ ပေးပါ” လို ဝတ္ထုမျိုးကို ထပ်မံထုတ်ဝေခွင့် ရမယ်ဆိုရင်တော့ တကယ့်ကို မဟာ့မဟာ မင်္ဂလာသတင်းလို့ ဆိုရပါလိမ့်မယ်။
          (ခ)
          “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုကို ကျနော်အဖို့ ဒီတကြိမ်ပါနဲ့ ဆိုရင် (၄) ကြိမ်မြောက်ဖတ်ဖြစ်ခြင်းပါပဲ။ ပထမ (၃)ကြိမ်တုန်းက နှစ်သက်လွန်းလို့ ဖတ်ခဲ့တာဖြစ်ပြီး အခုတကြိမ်ကတော့ လိုအပ်လို့ ကို ဖတ်ခဲ့တာပါ။ လွန်ခဲ့တဲ့ မတ်ခ်ျလပိုင်းထဲမှာ နိုင်ဝင်းဆွေ ရဲ့ “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုကို ကျနော့်ဘလော့မှာ အပိုင်းလိုက်ရိုက်ပြီးတင်ပေးခဲ့ပါတယ်။ ဆရာနိုင်ဝင်းဆွေရဲ့ဝတ္ထုတွေကို ဒီဘက်ခေတ်လူငယ်တွေ မဖတ်ဖူသေးတာကို ဖြည့်ဆီးပေးတဲ့ သဘောနဲ့ ပြည်တွင်းမှာ သူ့ ဝတ္ထုတွေ ပြန်လည်ထုတ်ဝေခွင့် မရတာကိုလည်း ချေဖျက်တဲ့သဘောနဲ့ ကျနော့်ဘလော့မှာ သူ့ ဝတ္ထုတချို့ အစအဆုံးရိုက်တင်ဖို့ လုပ်ခဲ့တာပါ။ဒီဝတ္ထုကိုကျနော့်ဘလော့မှာပြန်တင်တော့ အကျအပေါက်အမှားအယွင်းတွေ  မရှိရအောင် စကားလုံးတလုံးချင်းဆီပြန်ဖတ်ရပါတယ်။ ဒီလို အလုပ်သဘော ဆန်ဆန် လိုအပ်လို့ ပြန်ဖတ်ရတဲ့ အခါ ဟိုတုန်းက ဒီဝတ္ထုကို ဖတ်စဉ်တုန်းက ရင်ခုန်ပုံမျိုး မဟုတ်တဲ့ ထူးခြားတဲ့ရင်ခုန်ပုံမျိုး ရလိုက်ပြန်ပါတယ်။ 
          
 “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုရဲ့ နောက်ခံကာလဟာ ၁၉၆၄ ခုနှစ်ဝန်းကျင်ကာလဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်စီးပွါးရေးစံနစ်က မွေးထုတ်တဲ့ မှောင်ခိုစီးပွါးရေးလုပ်ငန်းရဲ့ အစဦးပိုင်းကာလဖြစ် ပါတယ်။ထန်းလျက်မှောင်ခိုကုန်ကူးတဲ့(ထန်းလျက် ကုန်သည်ဒိုင်အတွက် ထန်းလျက်သယ်ပေးရသူ ကယ်ရီသမားသာဖြစ်ပါတယ်။) ဆင်းရဲသူ မိန်းမပျိုတဦးနဲ့ ရထားလိုက်လက်မှတ်စစ်မီးရထားဝန်ထမ်းလူငယ် တဦးတို့ ရဲ့မေတ္တာဘွဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။
          
 ဒီဝတ္ထုရဲ့ အဖွင့်စာမျက်နှာများဟာ အင်မတန်ရသမြောက်တဲ့ စာမျက်နှာများဖြစ်ပါတယ်။ ဒီအဖွင့်စာမျက်နှာများသည်ပင်လျင် ဒီဝတ္ထုကို အစမှအဆုံး တထိုင်တည်းနဲ့ ဆုံးအောင်ဖတ်ချင်စိတ်ဖြစ်ဖို့ အာမခံနိုင်တဲ့ စာမျက်နှာများဖြစ်တယ်လို့ ကျနော်ထင်မိပါတယ်။ ဥပမာအနေနဲ့ ဝတ္ထုရဲ့ ပထမဆုံး စာပိုဒ်တချို့ ကျနော်တင်ပြလိုက်ပါတယ်။  

          ( ၁၉၆၄......
          နှင်းထုကြီး ပိတ်ဆို့ မှောင်ပိန်းနေသောနံနက်များ၌ ရထားကြီးသည် ဘူတာရုံရှေ့ မှ ထွက်ခွာရန် ကြောက်ရွံ့ တုန်လှုပ် နေ  သည်။ မထွက်ခွာ၍လည်း မဖြစ်။ သူသည် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး တညည်းညည်းတညူညူဖြင့် ထွက်ခွာရတော့သည်။ ရှေ့ နား ကွက်ကွက်ကလေးသာမြင်ရသည့် မီးမောင်းကို ဖွင့်လိုက်သည်။ ဖြတ်သန်းမှုအရှိန် ရလာလျှင် သူ့သွေးများသည်လည်း ဆူပွက်လာကာ သူသည် တစတစ အကြောက်ပျယ်လာနေသည်။ တောင်တွင်းကြီးဘူတာရုံ ပလက်ဖောင်း မီးရောင်များကို လွန်လာခဲ့လျှင် သူသည် သူ့ကိုယ်သူ အားပေးသည့် ဥသြသံရှည်တချက်ကို ညှစ်ထုတ်အော်ဟစ်လိုက်သည်။
          ချက်ချင်း သူ့ဥသြသံကို ပတ်ဝန်းကျင်မှလာသော သြဘာကောင်းခြီးသံများဟု ကယောင်ကတမ်းဖြင့် တွေးကာ သူသည် အမှားမှားအယွင်းယွင်း အားတက်လာသည်။ ပို၍ မှောင်ပိန်းနေသော အမှောင်ထုကြီးအတွင်းသို့ သွေးရူးသွေးတန်းဖြင့် ခွဲဖြတ် ဝင်ရောက်နေသည်။
          ကျနော်သည် ဤရထားကြီး၏ စက်ကရိယာအစိတ်အပိုင်းတခုလိုပင် တွဲတတွဲ၏ ထောင့်ဖက် အမှောင်ရိပ်ထဲမှ လိုက်ပါနေရသည်။ ကျနော်သည် ပီပီပြင်ပြင်မမြင်ရသည့် တောင်တွင်းကြီးမြို့ကို အမှတ်မထင်ကြည့်လာခဲ့သည်။
          ဘူတာရုံမှ မီးရောင်များသည် နောက်သို့ဆုတ်ပြေးကာ သေးငယ်နေရစ်ခဲ့သည်။ မြို့ဖက်မှလမ်းဓာတ်မီးတိုင်အရောင်များသည် ရထားကြီးပေါ်သို့ ဖျတ်ကနဲ လာထိနေကြလျက်၊ မြို့ကြီးမှာငြိမ်သက်နေလျက်၊ ရခိုင်ဘုရားပျက်ကြီး၏ထုထယ်သည် အမှောင်ရိပ်ထဲမှ အမှောင်မည်းကြီးတခု အဖြစ်ဖြင့် အမြင်၌ ဖြတ်သန်းနေခဲ့လျက်၊ ရထားကြီးသည် အကွေ့အရှည်ကြီး၌ ဖြည်းဖြည်းရွေ့ရွေ့ ကွေ့လိုက်၏။)

          ဒီဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်ကွက်များဟာ ခက်ရာခက်ဆစ်ဖန်တီးယူရတဲ့ ဇာတ်လမ်းဇာတ်ကွက်များတော့ ဟုတ်ဟန်မတူပါဘူး။ သာမာန်အားဖြင့်ဆိုရင် စာဖတ်အားကောင်းသူအများစုက ဇာတ်ကွက်တချို့ ကို ကြိုတွေးလို့ ရနိုင်လောက်အောင် ရိုးစင်းတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆရာ “မောင်စွမ်းရည်”ပြောတဲ့ ထိုအချိန်တုန်းက ထုထည်ကြီးမားလှတဲ့ “အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်” ဝတ္ထု စာရင်းဝင်မဟုတ်တာတခုတည်းနဲ့  “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုရဲ့ဂုဏ်ဟာ သန့် စင်မြင့်မားနေတဲ့သဘောရှိတယ်လို ယူဆမိပါတယ်။စာရေးသူကိုယ်တိုင်က မီးရထားဝန်ထမ်းတဦးဖြစ်တာမို့ သူ့ ဘဝကိုယ်တွေ့ တချို့ ကို ရသအဖွဲ့ အနွဲ့ များနဲ့ ယက်ယှယ်ထားလိုက်တဲ့သဘောမို့ “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုဟာ မြန်မာ ဂန္ထဝင်မြောက် ဝတ္ထုတပုဒ်ဖြစ်လာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ခေတ်ပြိုင် မှားယွင်းသော စီးပွါးရေးစနစ်တခုရဲ့ သားကောင်များ၊ အနိဌါရုံများကို ပီပြင်ထင်ရှားစွာ ထင်ဟပ်ဖေါ်ပြနိုင်သဖြင့်လည်း ခေတ်တခေတ်ရဲ့ ရသမှတ်တမ်းဝင် သမိုင်းသက်သေဝတ္ထုတပုဒ်အဖြစ် လက်ခံခဲ့ကြရမယ့်သဘော ရှိပါတယ်။
           
ဇာတ်လမ်းအရ ရိုးစင်းတဲ့ဇာတ်လမ်းတပုဒ်သာဖြစ်တယ်လို့ ကျနော် အထက်ကပြောခဲ့ပါတယ်။ တောင်တွင်းကြီးမြို့ နဲ့  ကျောက်ပန်းတောင်းမြို့ ကြားခုတ်မေါင်းတဲ့ ရထားတစင်းပေါ်က အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။  ထန်းလျက်မှောင်ခိုကူးတဲ့ ဆင်းရဲသူ မိန်းမပျိုလေး ညိုညို နဲ့ ရထားလိုက်လက်မှတ်စစ် ကိုရင်မောင်တို့ ရဲ့ လွမ်းမောဘွယ်အချစ်ဇာတ်လမ်းတပုဒ်ပါပဲ။ ဒါဆိုရင် ဘာပြုလို့ ဒီဝတ္ထုကို လူတွေအာရုံစိုက်ခဲ့ကြရသလဲ။ ဒီဝတ္ထုကို ဘာပြုလို့ ထပ်မံထုတ်ဝေခွင့် ရကောင်းမှ ရနိုင်မယ်လို့ ကျနော်ယူဆခဲ့တာလဲ။ ခိုင်မာတဲ့ သက်သေတွေ ဒီဝတ္ထုမှာ ရှိပါတယ်။
          (ဂ)
          ပထမပိုင်းအနေနဲ့ ဒီဝတ္ထုရဲ့အတတ်ပညာပိုင်းကိစ္စကို ကျနော် အရင်ပြောချင်ပါတယ်။ ဆရာ“နိုင်ဝင်းဆွေ”ဟာ “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုကို ဇာတ်ရှိန်တဆင့်ပြီးတဆင့် စနစ်တကျမြှင့်တင်သွား တဲ့နည်းနဲ့ ရေးပါတယ်။ ပဟေဠိဆန်ဆန် ဇာတ်လမ်းဆင်တာမျိုးလုပ်ပြီး စာဖတ်သူကို ဆွဲခေါ်သွားတာမျိုးမ ဟုတ်ပေမယ်.၊ စာဖတ်သူက နောက်ဆုံးမှာ ဒီလိုပဲဖြစ်လာတော့မှာပဲဆိုတဲ့ ခန့် မှန်းသိ သိနေနိုင်ပေမယ့် ဇာတ်ဝင်ခန်း တခန်းပြီးတခန်း မဖြစ်မနေဆက်ဖတ်ချင်လောက်အောင် ရေးဖွဲ့ သွားနိုင်တာကတော့ တကယ့်ကို အံ့သြဖို့ ကောင်းတဲ့ အတတ်ပညာအရ အောင်မြင်ပါပဲ။ ကိုရင်မောင်က ရထားလိုက်လက်မှတ်စစ်၊ ညိုညိုက ပထမ ကုန်စိမ်းရောင်းသူ။ မျက်မမြင်ဖခင် လူမမာမိခင်နဲ့ မောင်ငယ်ကလေးကို လုပ်ကိုင်ကျွေးရသူ။ ရထားလက်မှတ်ဝယ်မစီးနိုင်သူ။ တနေ့ ရထားလက်မှတ်ဝယ်မစီးသူ ညိုညိုကို လက်မှတ်စစ်ကိုရင်မောင်က ဖမ်းဆီးမိရာကစလို့ သူတို့ နှစ်ဦးသိကျွမ်းရင်းနီးကြ။ တနေ့ တခြား ကျဉ်းမြောင်းကြပ်တီးလာတဲ့ စီးပွါးရေးဒဏ်ကြောင့် နောက်ဆုံးတော့ ညိုညိုက တင်းခံတောင့်ခံထားသည့်ကြားမှ ထိုစဉ်က တားမြစ်ကန့် သတ်ကုန်တခုဖြစ်သည့် ထန်းလျက်ကို မှောင်ခိုကူးရသည့်အဆင့်အထိ လုပ်ကိုင်လာခဲ့ရ။ နောက်ဆုံးတော့ စိတ်ဓါတ်နှင့်အကျင့်စာရိတ္တပျက်ပြားသူ လက်မှတ်စစ်ထွန်းမောင်က ညိုညိုကို ရထားပေါ်တွင် လိုက်လံဖမ်းဆီးဖို့ ကြိုးစားစဉ် ညိုညိုက မထင်မှတ်ပဲ ရထားအကြိတ်ခံလိုက်ရလို့ သေဆုံးသွားရတဲ့ ကြေကွဲစွာနိဂုံးချုပ်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
          
 ဒီဝတ္ထုရဲ့ အတတ်ပညာရေးအောင်မြင်မှုက စာဖတ်သူတိုင်းလိုလို ညိုညိုနဲ့ ကိုရင်မောင်တို့ ရဲ့ အပြုအမူ အနေအထိုင် အဆက်အဆံကိစ္စဟူသမျှ မျက်စေ့ထဲစွဲထင်နေစေလောက်အောင် ဖွဲ့ နိုင် ရေးနိုင်တာ တွေ့ ရပါတယ်။ တောင်တွင်းကြီးဘူတာ ဦးကောင်းဇုံဈေးဆိုင်ရှေ့ ညောင်ပင်အောက်က ထိုင်ခုံမှာ ညိုညိုက ထိုင်နေစဉ် ရထားကြီးကွေ့ ဝင်လာပုံ၊ ကိုရင်မောင်က အဝေးကြီးကတည်းက ညိုညိုကို လှမ်မြင်နေရပုံ၊ သူတို့ နှစ်ယောက် ထန်းလျက်မှောင်ခိုကုန်ကူးရသည့်အခြေအနေဖြစ်လာသည့်တိုင် တယောက်နဲ့ တယောက် ထုတ်မပြောပဲ စိတ်ခံစားချက်ကိုယ်စီနဲ့ ကြေကွဲကြရပုံ၊ ရထားဂါတ်ဗိုလ်တွဲပေါ်မှာ ကိုရင်မောင်က သူလက်ဆောင်ပေးတဲ့ အနီရောင်ပဝါစလေးကို ညိုညိုက လက်မခံရပါကောင်းလားဆိုပြီး ရထားပေါ်က ပစ်ချလိုက်တဲ့အခါ လမ်းပြင်အလုပ်သမားတွေက ရထားကြီးနောက်မှာ အပြေးအလွှားလိုက်ပါ ကောက်ယူနေကြပုံ၊ ဝှက်ထားတဲ့ထန်းလျက်တောင်းအဖမ်းခံလိုက်ရလို့  ငိုယိုအသနားခံနေသူ ဆံပင်များဖွေးဖွေးဖြူနေတဲ့ အမယ်အိုတဦးရဲ့မြင်ကွင်း၊ အစရှိတဲ့ဇာတ်ကွက်ပြကွက်များက နောင် ဒီဝတ္ထုကိုဖတ်မိသူအားလုံး ဆုံမိသည့်အချိန်တိုင်း တသသပြောမဆုံး ခံစားလို့ မဆုံးနိုင်အောင်ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းများဖြစ်ခဲ့ပါတယ်။ ထန်းလျက်မှောင်ခိုကုန်ကူးရင်းဘဝပျက်ကြရတဲ့ မအေးသွယ်၊ တင်တင်၊ မအေးရွှေတို့ လိုအမျိုးသမီးများ၊ ရထားရဲများ၊ ဂတ်ဗိုလ်များ၊ လက်မှတ်စစ်များ၊ ရှာဖွေရေးဝန်ထမ်းများ အစရှိတဲ့ မှောင်ခိုကုန်လောက အမှောင်အတွင်း ပျက်စီးခြင်းမက ပျက်စီးနေတဲ့ လူပုဂိုလ်များရဲ့ စရိုက်လက္ခဏာများကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးဖွဲ့ နိုင်တာတွေ့ ရပါတယ်။
          
 ဒုတိယပိုင်းအနေနဲ့ မသိန်းရှင်ဆီပို့ ပေးပါ ဝတ္ထု အကြောင်းအရာပိုင်းကို ကျနော်ပြောချင်ပါတယ်။ ဝတ္ထုရဲ့ ဦးတည်ချက် ဒီဝတ္ထုကပေးတဲ့ ဒဿနကို လေ့လာခြင်းဖြစ်ပါတယ်။
          ဆရာ နိုင်ဝင်းဆွေက “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုမှာ လူတွေ အကျင့်စာရိတ္တပျက်ပြားရခြင်းဟာ စံနစ်ကြောင့်ဖြစ်တာဆိုတဲ့ အယူအဆနဲ့ ရေးတာတွေ့ ရပါတယ်။ ငါ့ဝမ်းပူစာ မနေသာလို့ အစိုးရကန့် သတ်ထားတဲ့ ထန်းလျက်မှောင်ခိုကုန်ကူးကြရတာဖြစ်တယ်၊ မှောင်ခိုကုန်တွေ လွတ်အောင် ရှောင်ကြရှားကြ ပေးကြကမ်းကြရင်းက လူတွေ စာရိတ္တပျက်ပြားရခြင်းဖြစ်တယ်၊ ဝန်ထမ်းတွေအားလုံးလည်း ဒီမှောင်ခိုကုန်ကူးခြင်းအမှောင်တိုက်အတွင်းက သားကောင်များသာဖြစ်တယ် ဆိုတဲ့ အယူအဆကို အခြေခံပြီးမှ ရေးခဲ့တာ အထင်အရှားတွေ့ ရပါတယ်။ ဒီအယူအဆကို အခြေခံတယ်ဆိုပေမယ့် စာရေးသူကတော့ သူ့ ဝတ္ထုထဲမှာ ဒီအယူအဆနဲ့ ပတ်သက်ပြီး အတုံးလိုက်အတစ်လိုက် ဖေါ်ပြတာမျိုး၊ ဇာတ်ကောင်တဦးဦးကတဆင့် တရားဝင်ဟောတာမျိုး လုံးဝမလုပ်ပဲ စာဖတ်သူတွေကို တဖြေးဖြေး တွေးထင်သိမြင်လာစေအောင် သိမ်မွေ့ ညက်ညောစွာ ရှင်းပြလိုက်တဲ့သဘောနဲ့ ရေးတာ တွေ့ ရပါတယ်။ စာရေးသူက လူတွေ အကျင့်စာရိတ္တပျက်ပြားရခြင်းဟာ စံနစ်ဆိုးကြောင့်ဖြစ်တယ်ဆိုတဲ့ အချက်ကို ပေးချင် ပြောချင်တဲ့သဘောလို့ ယူဆရပါတယ်။
          “မသိန်းရှင်ဆီပို့ ပေးပါ↔ ဝတ္ထုဟာ အတတ်ပညာနဲ့ အကြောင်းအရာကို အံဝင်ခွင်ကျပေါင်းစပ်မိအောင်ရေးတဲ့ဝတ္ထု အဖြစ်ထင်ရှားခဲ့ပါတယ်။
          (ဃ)
          “နိုင်ဝင်းဆွေ” ရဲ့ “မသိန်းရှင်ဆီပို့ ပေးပါ↔ ဝတ္ထုဟာ စင်းလုံးချော လူတိုင်း ချွင်းချက်မရှိလက်ခံထားကြတဲ့ ဝတ္ထုတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ဝေဖန်ပစ်တင်ကြသူတွေလည်း ရှိပါတယ်။ ဥပမာ ဒီဝတ္ထုဟာ “ဘဝသရုပ်ဖေါ်” သက်သက်ဝတ္ထုသာဖြစ်တယ်၊ လူတွေ ဆင်းရဲဒုက္ခရောက်နေတာကိုပဲကွက်ပြီးဖေါ်ပြတဲ့ဝတ္ထုဖြစ်တယ်၊ တကယ်တော့ လူတွေ ဒီအမှောင်ထုအတွင်းက ဘယ်လို ဖေါက်ထွက်ရမလဲဆိုတဲ့ “ထွက်ပေါက်” ကိုဖေါ်ပြပေးနိုင်တဲ့ “ဘဝသရုပ်မှန်↔ဝတ္ထုတပုဒ်တော့မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ထန်းလျက်မှောင်ခိုသမလေး ညိုညို ရထားအကြိတ်ခံရလို့ ဒေါ်သပေါက်ကွဲနေတဲ့ ကိုရင်မောင်က လက်မှတ်စစ် ထွန်းမောင်ကို မထနိုင်တဲ့အထိ လဲကျသွားအောင် ထိုးကြိတ်လိုက်တဲ့အချက်ဟာ တကယ်တော့ ထွက်ပေါက်အမှားသာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ညိုညိုနဲ့ ကိုရင်မောင်နည်းတူ ထွန်းမောင်ဟာလည်း စနစ်တခုရဲ့သားကောင်သာဖြစ်ပြီး သားကောင်အချင်းချင်း ရန်သူလိုဖြေရှင်းခြင်းဟာ မှားယွင်းတဲ့ဖြေရှင်းနည်းသာဖြစ်တယ်ဆိုတဲ့ ဝေဖန်သံများကိုလည်း ကြားခဲ့ကြရပါတယ်။
           
ဘယ်လိုပဲဖြစ်ပစေ “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုရဲ့ဂယက်ဟာ ကြီးပါတယ်။ ၁၉၆၅ နဲ့ ၁၉၇၅ ခုနှစ် ဆယ်စုနှစ်တခုအတွင်း စကားပြေအရေးအသား အကောင်းဆုံးစာရေးဆရာဖြစ်တယ်ဆိုတဲ့ အောင်မြင်မှုမျိုးအထိ ပြောဆိုသတ်မှတ်ထင်ရှားခဲ့သူ စာရေးဆရာနိုင်ဝင်းဆွေဟာ ဒီလိုဝတ္ထုမျိုးရေးနိုင်စွမ်းရှိလို့သာ အခုလို သတ်မှတ်ချီးကျူးခံရတာဖြစ်ပါတယ်။ ဒီဝတ္ထု ပထမအကြိမ်ထုတ်ဝေစဉ်က အမှာစာရေးပေးခဲ့သူ ကဗျာဆရာကြီး “ဒဂုန်တာရာ↔ ရဲ့မှတ်ချက်ကလည်း စိတ်ဝင်စားစရာပါ။
           “ ယခု နိုင်ဝင်းဆွ၏ ‘မသိန်းရှင်ဆီပို့ ပေးပါ‛ ဝတ္ထုအတွက် ပြောစရာသိတ်မရှိပါ။ သူ့ ဝတ္ထုကိုယ်တိုင်ကပင်လျင် သူ့ ခေတ်၏ ပြည်သူ့ အစီရင်ခံစာတရပ်ကို တင်သွင်းထားပါသည်” လို့ ဆရာကြီး ဒဂုန်တာရာက သူ့ ရဲ့အမှာစာထဲမှာ မှတ်ချက်ပေး ရေးခဲ့ပါတယ်။
          
 အခုဆိုရင် ဆရာနိုင်ဝင်းဆွေရဲ့ ဝတ္ထုတွေကို ပြန်လည်ထုတ်ဝေခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုဆိုတာက ပြည်သူတွေရဲ့ဘဝအမှန်ကို တစုံတရာ ထင်ဟပ်ဖေါ်ပြထားတဲ့အပြင်၊ ဒီဝတ္ထုထဲမှာဖေါ်ပြတဲ့ စံနစ်ဆိုးတခုကြောင့် လူတွေဆင်းရဲမွဲတေကြရပုံ၊ ဝန်ထမ်းတွေအကျင့်စာရိတ္တပျက်စီးကြရပုံတွေက လက်ရှိခေတ်အဖြစ်အပျက်တွေနဲ့ တထပ်တည်း ကျနေသေးတာမို့ စစ်အစိုးရ စာပေစီစစ်ရေးအနေနဲ့ ဒီ “မသိန်းရှင်ဆီပို့ ပေးပါ↔ ဝတ္ထုကို ပြန်လည်ထုတ်ဝေခွင့် ပေးမှ ပေးပါ့မလား။ စဉ်းစားဖွယ်ဖြစ်ပါတယ်။
          အခုတော့ ဆရာ“နိုင်ဝင်းဆွေ↔ ကွယ်လွန်တာ (၁၅) နှစ်ပြည့်ပါပြီ။ (ဆရာနိုင်ဝင်းဆွေက ၁၉၉၅ခု ဧပြီလထဲမှာ သေဆုံးခဲ့ပါတယ်။) “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုရဲ့သက်တမ်းဟာလည်း နှစ် (၄၀) ပြည့်ပါပြီ။ ဒါပေမယ့်လည်း “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုထဲက ညိုညိုလို ကိုရင်မောင်လို ဇာတ်ကောင်တွေကတော့ ရထားဘူတာရုံတွေ၊ ကားဆိပ်နဲ့ ဈေးတွေ၊ လူသွားလမ်းပလက်ဖေါင်းတွေပေါ်မှာ အခုထက်ထိ တယောက်နဲ့ တယောက် ပခုံးချင်းထိလုမတတ် လမ်းလျောက်သွားလာနေကြတုန်းဆိုတာ အထင်အရှားတွေ့ နေရဆဲပါ။   ။

ငြိမ်းဝေ
(၃၁၊၅၊၂၀၁၀ ဧရာဝတီအွန်လိုင်း စာအုပ်စင်ကဏ္ဍတွင် ကလောင်အမည် မောင်သစ်ဦးအနေနှင့် ဖေါ်ပြသည်ခဲ့သည့် ဆောင်းပါးဖြစ်ပါသည် ။)
ဝတ္ထုအမည်။    ။ မသိန်းရှင်ဆီပို့ ပေးပါ
စာရေးသူ   ။    ။ နိုင်ဝင်းဆွေ
ထုတ်ဝေခုနှစ်။    ။ ၁၉၇၁ ခု။


No comments:

Post a Comment