ကျနော် ငယ်စဉ်တုန်းက
တောအုပ်တစ်ခုထဲ
မျက်စေ့လည်ဖူးတယ်။
တောအုပ်ထဲက ပြန်ထွက်လာတော့
ကျနော့် ကြောပေါ်မှာ လရောင်တွေ တောင်းပြည့်တောင်းလျှံ
အိမ်ကြတော့
ကျနော့် အခန်းကလေးထဲ ကြမ်းပြင်ပေါ်
လရောင်တွေ သွန်ချ
ငုံ့ကြည့်ရင်း ငိုင်နေ
မျက်ရည်တွေကို ကျနော် တွေ့တယ်။
ကျနော် ငယ်စဉ်တုန်းက
အိမ်ပြေးတယောက်ဖြစ်ခဲ့ဖူးတယ်
(ကမ္ဘာပေါ်က ခံစားမှုလွန်ကဲလွန်းတဲ့ လူ အတော်များများဟာ
ငယ်စဉ်က အိမ်ပြေးဖြစ်ခဲ့ကြဖူးတယ်ဆိုတာကို အားကျလို့)
သောင်ပြင်ကျယ်ကြီးတခုရဲ့ဘေး
ကိုယ်ထည်ကို ရေလှိုင်းလေးတွေ ပြေးလာရိုက်ခတ်နေတာ ကျနော် ခံစား
ဧရာဝတီ ရက်မှန်သဘောင်္ကြီးပေါ်က ကလေးတစ်ယောက်
ဝေးကွာလာခဲ့တဲ့ သောင်ပြင်ကြီးပေါ်မှာ စွေ့စွေ့ခုန်ရင်း ကျနော့်ကို လှမ်းအော်ခေါ်နေတဲ့ ကျနော့် စိတ်တွေ
ဒီတုန်းက
ရေထဲက အစိပ်စိပ် အမွှာမွှာ ပေါင်းစည်းဖို့ ကြိုးစားနေတဲ့ လရောင်တွေကို ကြည့်ပြီး
ကျနော်
အသံမထွက်ပဲ အော်ငိုလိုက်မိတယ်။
ကျနော့်လရောင်တွေက
ညမှာ မတွေ့ရဘူး
နေ့မှာ မတွေ့ရဘူး
အပြင်မှာ မရှိဘူး။
ကျနော် ထပ်ပြောကြည့်မယ်။
ကျနော့် လရောင်တွေက
နေ့မှာ မတွေ့ရဘူး
ညမှာ မတွေ့ရဘူး
အပြင်မှာ မရှိဘူး။ ။
ငြိမ်းဝေ
၎၊၇၊၂၀၁၀
(သရုပ်ဖေါ်ပုံက အက်ဗတ် မွန့်ခ် ရဲ့ လရောင် ပန်းချီကား ဖြစ်ပါတယ်။)
No comments:
Post a Comment