March 28, 2013

ဝံပုလွေတောင်ကြား




မနေ့က
လမ်းပေါ်က ကောက်လာတဲ့ ခရေပန်းကြွေများကို
သူ့ကဗျာစာအုပ် အဖုံးပေါ်မှာချပြီး
ဓါတ်ပုံရိုက်
ဖဘ ပေါ်တင်လိုက်တယ်။
ပြီးတော့မှ
ဝံပုလွေများနဲ့အတူယှဉ်တွဲနေထိုင် အူသံသီးခြား
ကခုန်မှု သီးခြား
နေထွက်ခြင်း သီးခြား
လရောင် သီးခြား
ပိတောက်သီးခြား
စိန်စ မြစ သီးခြား
ငြိမ်းချမ်းရေးဘုရားတစ်ဆူ
ပွင့်တော်မူရာ
အဲဒီ တောင်ကြားထဲ
ငါ သွားရဦးမယ်။
အရာအားလုံးကို နားလည်ဖို့
အရာအားလုံးကို ဆန့်ကျင်တတ်ဖို့
အရာအားလုံးကို ချစ်တတ်ဖို့
သင့်အတွက် အသင့်တော်ဆုံးနေရာသည်ကား
နိဗာန်မဟုတ်
ဝံပုလွေ တောင်ကြားသာလျင်ဖြစ်ပေတယ်။
သင်သည်ကား
လွတ်မြောက်ခြင်းကို ရောက်ဖို့ရာ
ငြိမ်းချမ်းခြင်းကို ရဖို့ရာ
ဝံပုလွေတောင်ကြားသာ ဘူမိနက်သန် နေရာမှန်။
ဝံပုလွေများရဲ့ ခြေသံကိုနားထောင်
ဝံပုလွေများရဲ့ အံကြိတ်သံကို နားထောင်
သင့်ကိုသင်ကြား
ဆရာသမားသည်ကား
ဝံပုလွေများသာပင် ဖြစ်လေသတည်း။
သင်၏ ငြိမ်းချမ်းရေးကို
ဝံပုလွေများနှင့်အတူ အိပ်စက်ခြင်းဖြင့်သာလျင်
တည်ဆောက်လို့ ရနိုင်ပေလိမ့်။

အို ကျွန်ုပ်၏
ငြိမ်းချမ်းရေးဖခင်
သင်ညွှန်ပြသ
ဘဝ သင်္ခါန်းစာ
ဝံပုလွေများနဲ့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
မဟာ ချစ်ခြင်းမေတ္တာ ဂုဏ်တော်တေး
ခက်ခဲပေမင့်
တမ်းတမိ။   

ငြိမ်းဝေ
၂၉၊ ၃၊ ၂၀၁၃။ မနက်ခင်း ကိုးနာရီ
ပုလဲကွန်ဒို၊ ရန်ကုန်။

March 27, 2013

မင်းနဲ့ငါ ဗုံသံနဲ့ဗုံးသံများကို ဖြင်ကြည့်ကြရအုန်းမယ်



နှစ်နှစ်ဆယ်စေါင့်ရလည်း
ငါတို့ ရဲရဲပဲ ဖူးခဲ့ကြပြီးမှ အဆင်သင့်…။
တကယ်ပဲ နှစ်နှစ်ဆယ်ဟာ ကွေးကောက်လူးလူး ရှေ့မှာ စွေ့စွေ့ခုန်ပြေးနေသေးတယ် ရှေ့မှာ
ဒါပေမယ့်
အချိန်မရှိတော့ဘူး ချစ်သူ
ငါတို့ရဲ့ နောက်ဆုံးအသက်ရှူသံတစ်တောင့်အတွက် ငါတို့ ကမ္ဘာမြေကြီးကို ဆောင့်နင်းကြရတော့မယ်
ဝါးတစ်ထောက်ကနေပြီး တညလုံး ငါတို့ ပုန်းမအိပ်နိုင်ဘူး
ဆံတခြည်မျှင်ကနေပြီး ငါတို့ တဘဝလုံး ခြောင်းကြည့်မနေသင့်ဘူး
လရောင်တွေကို ခွက်ကပ်မကျန်အောင် မော့သောက်လိုက်စမ်းပါ
ဒေါသရောင်သင့်နေတဲ့ ဗုံသံတွေဟာ
သိဂါင်္ရရသနဲ့ကပ်ချွဲနေတဲ့ ဗုံးသံတွေကြားမှာ အုတ်အရောရော ကျောက်တထွေးထွေး
ဒါပေမယ့် ငါတို့ ဖြင်ကြည့်ရဲခဲ့ကြပြီပဲ
ငါတို့ စပ်ကြည့်ရဲခဲ့ကြတာပါပဲ
အသေအချာ နားထောင်ကြည့်စမ်းပါ
ဗုံးသံတွေမှာ ဝတ်ဆံတစ်ခု ပြုတ်ကျသွားလိုက်တဲ့ အသံ…။  

ငြိမ်းဝေ
၂၅၊ ၃၊ ၂၀၁၃။ တနင်္လာနေ့။ မနက် ရှစ်နာရီ ၅၅ မိနစ်
ပုလဲကွန်ဒို၊ ရန်ကုန်မြို့။

March 26, 2013

မင်းနဲ့ငါ ကဗျာဆရာဖြစ်ပြီးခဲ့တဲ့ လရောင်မြှုပ်နှံ လောကကမ်းပါးပျိုများ

တခါတုန်းက
လူ တစ်ယောက်ရှိခဲ့တယ်။
သူဟာ
ရှေ့ကို နောက်ဂျွမ်းအကြိမ်ကြိမ်ပစ်ပစ်ပြီး တစိမ့်စိမ့်လောင်ကျွမ်း
သောင်ကမ်းဟူသမျှမှာ သောင်ထွန်းခဲ့ဖူးတယ်။
ဖေါက်ထွက်ဖို့ကြိုးစားရင်းပဲ
ပေါက်ကျလာတဲ့ အမှိုက်တွေထဲ တုံးလုံးပက်ခေါက်နဲ့လည်း လေချွန်နေခဲ့ဖူးတယ်။
အကြိမ်ကြိမ်ပုတ်ချနေတဲ့ကြားက
ယင်ကောင်တွေ အုံခဲနေတဲ့ ဗွက်ထူထူ လမ်းကလေးနဲ့လည်း သင်းပျံ့လို့မဆုံးနိုင်ခဲ့ပါ
နံနက် အိပ်ယာထ ညအိပ်ယာဝင်
ဂီတကို ကြားချင်ခဲ့သူ ပုဂံခေတ် လူသတ္တဝါ တစ်ကောင်ရဲ့ သွေးသားတောင့်တမှုမျိုးနဲ့
ငါ၏ မနက်ခင်း
ငါ့ ရှေ့မှာ ဦးညွှတ်လျက်…လာပြီး ရပ်ပါလော့။     

ငြိမ်းဝေ
နံနက် ကိုးနာရီခွဲ။ ၂၄ ရက်၊ မတ်လ၊ ၂၀၁၃ ခု။
ပုလဲကွန်ဒို၊ ရန်ကုန်။


March 24, 2013

မင်းနဲ့ငါ ကဗျာဆရာ ဖြစ်ချင်ဖြစ်လာနိုင်တဲ့ လရောင်အောက်က တောကျီးကန်းတစ်ကောင်များ



ချစ်ခဲ့မိတယ်
လာခဲ့ရာ လမ်းကလေးတွေ
သွားခဲ့ရာ တောင်တန်းကြီးတွေ
မျှားခဲ့မိတယ်
ငါတို့ရဲ့ တောအုပ်များလည်း မှော်ဝင်သင်္ကေတ သစ်ကိုင်းသစ်ခက် ဝေဆာလွန်း
ဂန္ထဝင် အနက်ရောင် တဝက်တပျက်ဖုံးကွယ်ထားတဲ့ ပဉ္စလက်လရောင်အံစာတုံးများ
တနေ့တချိန်မှာတော့
ငါတို့ ပစ်တင်ထားခဲ့တဲ့ အဲဒီ မခြောက်သေးတဲ့ အိပ်မက်များသည်ပင်လျင်
ငါတို့ ပစ်ချထားခဲ့တဲ့ အဲဒီ မခမ်းသေးတဲ့ မိုးကုတ်လေးထောင့်များသည်ပင်လျင်…။
ဘယ်လိုနည်းနဲ့မှ
မိုးချုပ်လိုက်လို့မဖြစ်သေးဘူး ချစ်သူ
ဟောဟိုမှာ
ကျီးကန်းတစ်ကောင် ပျံသန်းလာနေတယ်
တောကျီးကန်းတစ်ကောင်  တောင်ပံမခတ်ပဲ ပျံသန်းဖို့ကြိုးစားနေတယ်
မင်းနဲ့ငါ
ကျီးကန်းတစ်ကောင်။

ငြိမ်းဝေ
၂၃၊ ၃၊ ၂၀၁၃။ နံနက် ကိုးနာရီ လေးဆယ်မိနစ်
ပုလဲကွန်ဒို၊ ရန်ကုန်မြို့။
( ရုံးခန်းထဲတွင် အခြား တောကျီးကန်းနှစ်ကောင်ရှိနေစဉ် )

မင်းနဲ့ငါ ကဗျာဆရာဖြစ်ချင်ခဲ့တဲ့ လရောင်အောက်က လမ်းသွယ်များ



ဟိုတုန်းက
မင်းက ပန်းရိုင်းပွင့်သစ်ဆိုရင်
အခုအချိန်မှာ ငါလည်း ပန်းရိုင်းပွင့်ဖူးတစ်ခု ဖြစ်ချင်နေပြန်တယ်။
မိုးမချုပ်ခင် အိမ်ပြန်တတ်တဲ့ င့ါဝိဥာဉ်များသည်ပင်လျင်
ရေပွက်သံကြားတိုင်း ငါးစာအောက်မေ့ပြီး ပြေးခဲ့ရတဲ့ ညီအစ်ကို မသိတသိကာလများ။
လက်ခမောင်းမခတ်ချင်ပါဘူး
အလံကို အမြင့်ဆုံးမြှင့်တင်တယ်ဆိုတာ
ငါလို လူတစ်ယောက်အတွက်တော့ အိမ်အပြန်မခက်တဲ့ မနက်ခင်းများပင် ဖြစ်ခဲ့ရ။
ကဗျာကို ကဗျာလိုမစပ်ချင်ပေမယ့်
ဘဝကိုကြတော့ ကဗျာလို ငါ ချရေးရင်းနဲ့ ကြေမွသွားနေတဲ့ နှင်းဆီပွင့်ဖတ်များ။
မဖတ်ချင်ဘူး ချစ်သူ
နှစ်ပေါင်းများစွာ ငါ လန်းဆန်းခဲ့ဖူးပြီးပြီ
ငါတို့ရဲ့ အတိမ်အနက်က ဝါးထောက်လို့မရနိုင် ဆင်းငုတ်လို့မထိနိုင် ကျောက်ချလို့  မမီနိုင်။
မတုန်လှုပ်စရာကို တုန်လှုပ်နေမိတယ်
ပုံအပ်လိုက်တာတွေလည်း အများကြီး
သွန်ချလိုက်တာတွေလည်း တပုံတပင်
ရာဇဝင်မှာ ငါလည်း ဘာမှမဟုတ်
မင်းလည်း ငုတ်တုတ်က ရှေ့မတိုး တတိုး။
အော် ရက်ရက်စက်စက်
ပက်ပက်စက်စက်
ငါတို့ အရာအားလုံး တိုထိ တို့တိ။
ကြားခဲ့ရတယ် ကြားနေရတယ် ကြားရဦးမယ်
ဒါပေမယ့်
ငါတို့ ဘယ်တုန်းကမှ ရင်ကြားစေ့လို့မရလောက်အောင် မှုန်ဝါးခဲ့ကြရတယ်။
လရောင်တွေ
ခြေသံဖွဖွ
ငါတို့ဆီ ချဉ်းကပ်လာနေပြန်ပြီလား
အတိတ်ဟာ ငါတို့နဲ့ မဝေးအောင်နေကြရလိမ့်မယ် ချစ်သူ။   

ငြိမ်းဝေ
၂၃၊ ၃၊ ၂၀၁၃။ မနက် ၇:၁၅။
ပုလဲကွန်ဒို၊ ရန်ကုန်