March 23, 2013
မင်းနဲ့ငါ ကဗျာဆရာ မဖြစ်ခဲ့တဲ့ လရောင်အောက်က ရေအိုင်များ
ငါ
ရွာထိပ်မှာ
ခုန်ချခဲ့တဲ့အသိုက်ကို
မော့ကြည့်ခဲ့တုန်းက
မင်းက မင်းတက်ရပ်ခဲ့တဲ့သစ်ရွက်ကို
ခိုစီးနေခဲ့တာပဲ။
ဒါနဲ့ပဲ
ငါလည်း သိုက်မြုံဝေး ဥသြငှက်တစ်ကောင်ဖြစ်ခဲ့ပြီး
မင်းလည်းပဲ အငုံဘဝနဲ့ ပွင့်ခဲ့တဲ့ နေကြာပန်းခင်း ဖြစ်ခဲ့ရတယ်။
ငါတို့
မပွင့်ပဲ
မွှေးခဲ့ကြရတာ
အနီးကလေးနဲ့ တိုင်ပတ်ပြီး ပြေးခဲ့ကြရတာ
မငိုပဲ
လွမ်းခဲ့ကြရတာ။
ငါက
ဘဝကို ခတ်မှုန်မှုန် ဝါးတားတား
စုတ်ချက်များသည်ကား ရေပေါ်ပစ်တင်လိုက်သော အိုးခြမ်းပဲ့ပမာ။
ငါလည်း ဒဏ်ရာ မနက်တနက်
မင်းလည်း ဒဏ်ရာ တစ်ချက်နှစ်ချက်နဲ့
ငါဖြင့်
ငါတို့ရဲ့ မနက်ခင်းများကို
ညဥ့်နက်တဲ့အထိ တခါမှ ခေါက်မသိမ်းမိ
ဆည်းဆာများကိုလည်း တခါမှ ငုံ့မနန်းမိ။
ဒါနဲ့များ
လရောင်တွေ လက်ချိုးရေ
လရောင်တွေ ကောက်သင်းကောက်
လရောင်တွေ အပ်ဖျားနဲ့ထောက်။
အခုတော့
ငါ ပုခက်ပေါ်က ခုန်ချချင်နေပြန်ပြီ။
ငြိမ်းဝေ
၂၂၊ ၃၊ ၂၀၁၃။ ည ဆယ်နာရီ ဆယ်မိနစ်
ပုလဲကွန်ဒို၊ ရန်ကုန်။
Subscribe to:
Post Comments (Atom)
ကျနော် ကဗျာမရေးဖြစ်တာကြာပြီ
ReplyDeleteရေးတော့လည်း မကောင်းပါဘူး
ဒါပေမယ့်
ကဗျာရေးပြီးရင် ပေးဖတ်ချင်နေတာပါပဲ
ဒါကြောင့်မို့ ဒီကဗျာတင်လိုက်တာပါ။