March 13, 2013

အောင်ဆန်းစုကြည်ရေ ရထားဖြစ်သလား


လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က

ဖေသက်နီနဲ့ငါ
ရထားဖြစ်သလားဆိုတဲ့ ဘာသာပြန်မှုမှာ
စကားအခြေအတင် ပြောခဲ့ကြရဖူးတယ်
တကယ်တော့ ငါနဲ့ ဖေသက်နီကြား ရထားမဖြစ်ခဲ့ဘူးလေ
ကိစ္စမရှိပါဘူး
ခေတ်တစ်ခုနဲ့ငါတို့ကြား ရထားဖြစ်ဖို့ပဲလိုတာပဲမို့လား
အခုရက်တွေအတွင်းမှာတော့
ငါ ရထား ဖြစ်လိုက် မဖြစ်လိုက်နဲ့ပေါ့
ခေတ်ကြီးရေ ရထားဖြစ်သလား
တခါတုန်းက ရထားတစ်စင်းပေါ်
လူသုံးယောက် လိုက်ပါလာကြသတဲ့
ရထားကြီးစက်ပျက်လို့ ရပ်တန့်သွားတဲ့အခါ
လူတစ်ယောက်ကတော့
ဘာခက်တာမှတ်လို့
လူတွေ အကုန်ဆင်း ရှေ့ကဆွဲခိုင်းရင် ရတာပဲ…တဲ့
ကျန်တဲ့တစ်ယောက်ကတော့
ဘာလိုသေးလဲ တံခါးတွေ အကုန်ပိတ်
ရထားကြီးရွေ့နေတယ်လို့ စိတ်ကူးလိုက်
ဒါဆိုရထားကြီးရွေ့နေတာပဲပေါ့…တဲ့
နောက်ဆုံးတစ်ယောက်ကတော့
ရထားကြီးပေါ်ကဆင်း
နောက်တစ်စင်း ပြောင်းစီးကြရမယ်တဲ့
ငါလည်း ရထားတစ်စင်းပေါ်ထိုင်နေခဲ့မိသလား
ဆင်းလျှောက်သွားနေတာ ငါ လား
ဒါပေမယ့် လူတွေအကုန်ဆင်းပြီး ရထားကိုတွန်းခိုင်းတဲ့အထိတော့
ငါ မစဉ်းစားခဲ့မိတာသေချာ
ရထားကြီးကတော့ ဘေးတိုက်ကြီးကိုရွေ့နေပြီ
ခေတ်ကြီးရေ ရထားဖြစ်သလား
ငြိမ်းဝေရေ ရထားဖြစ်သလား
မဒေဝီရေ ရထားဖြစ်သလား
ရထားကြီးကတော့ ရွေ့သွားနေပြန်ပြီ
ရထားအသစ်လား အဟောင်းလား
ရထားစက် အသစ်လား အဟောင်းလား
ငါ ရထားကြီးနဲ့ ရထားဖြစ်ဖို့အတွက် ကျားကုပ်ကျားကဲ ကြိုးစားနေမိ
ငါ ကြီးသံပါအောင် အော် ခေါ်နေမိ
ရထားကြီးရေ ရထားဖြစ်သလား…
ရထားကြီးရဲ့ ခေါင်းတိုင်ကမီးခိုးတချို့
ရထားနောက်မှာ
မချိမဆန့် တွန့်လိမ် ရှုံ့မဲ့ အဖျားရှူး တဖြေးဖြေး…။   

ငြိမ်းဝေ
၁၄၊ ၁၀၊ ၂၀၁၁
٭ ရထားဖြစ်သလား= နေရာဒေသတချို့မှာ အသုံးပြုတဲ့ ဆက်သွယ်ရေးကြိုးမဲ့ကြေးနန်းစက်သုံးစကား ဖြစ်ပါတယ်။

No comments:

Post a Comment