December 20, 2008

တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း


(က)

ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။ သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့အချိန်အထိ သူက သတိလက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကို မကျော်ခင် ရွာခြေဆီကို စောင့်ကြည့်သည်။ ရွာထဲက အသံကို နားစွင့်သည်။ အသံတွေ တိတ်ဆိတ်လွန်းနေသည်။ ကွင်းထဲက ဖြတ်လာတဲ့လေက သူ့နားရွက်ဘေးနားက သစ်ရွက်ကို တိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီး ဖွင့်သည်။



ရွာ့ဟိုဖက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်းရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကို ထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိ ပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်ပေါ်က သေနတ်သံခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ်လုပ်နေသည်ကို အားလုံးသဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေး ပြီး ၀ိုင်းထားလိုက်ကြ၏။
နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြား ရဲဘော် (၅)ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက် သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယ္ခုအခါ သူနှင့် ပြောက်ကျားရဲဘော် (၅) ဦး ၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာ ယူထားလိုက်ကြ၏။
ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာ့မလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန်သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်း ဆိုသလို အိပ်တန်းဆင်းငှက်မြည်သံများပါး သွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။
သူနှင့်ရင်ဘောင်တန်းပြီး ၀ပ်နေသည့်ရဲဘော်များကို လက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ ၀င်ရန် လယ်ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။ တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ်တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေသဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကို အသင့်ကိုင်ပြီးရပ်သည်။ ရွာလည်လမ်းပေါ်တက်သည်။ မျက်စေ့လျင်လျင် နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်ကရဲဘော်များကို ပြန်ငဲ့ကြည့်သည်။ ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွပဲ သည်အတိုင်း ရပ်သည်။ သူ့ကိုလှမ်းမော့ကြည့်နေကြသူမျာကို မြေကြီးနဲ့ကပ်ပြီး ၀ပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါး အောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ေဲရာက်လာကြသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာကြသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။


(ခ)

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း..။

“အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း” ။

“ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ” ။

မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့် အလင်းရောင်များက သူ့ဥဏှောက်အထိ တိုးဝင် လာသလို နာကျင်သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှ လေများ ခန္ဓာကိုယ် အတွင်း တိုးဝင်လာနေသလို ခံစားရ၏။ လက်ကို မကြည့်သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါနေသလိုဖြစ်နေ၏။
နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပါယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။
ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့် သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ ၀ိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။
“ကျနော့် ... မိန်းမကို ပြောလိုက်ပါ၊ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြုတယ်”
လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ ငိုနေကြတာများလား။ သူ့အဖြစ် က မျက်ရည်ကျရလောက်အောင် တန်ဘိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူတယောက်တည်းသာ ကြုံရသည့် ထူးခြား သီးသန့်ဆန်သည့် ဘ၀တခုပေလား။ သူဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်းသဘောမျှသာ။ ထို့ကြောင့် သူသည် ...။

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း”။
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ”။

ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရား ရှိခိုးဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာလိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ” ။

ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓါးများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးချိမ်းသံကြီးကို သူကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။
ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန်ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လည်း။ ရဲမက်တို့၏ ခြေသံများကို သူမကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်း သံများမှာ ရုတ်ချည်းပျောက်ကွယ်၏။ သူသည် ရဲမက်တို့၏နောက်တွင် တဦးတည်း ကျန်ရစ်ခဲ့ပြီကို သတိပြုမိ သောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့ မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။ ထိုအခါ သူ့နှုတ်ခမ်းမှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့်ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့ သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံးအထိ မချီတက်နိုင်ပဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက်မကျန်အောင်ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း” ။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍
အးနာခဲ့ကြောင်း ပြောပါလေ” ။


(ဂ)

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။ ။


ငြိမ်းဝေ

(စာဆိုကြီး ဆရာကြီး မင်းသုဝဏ် ရဲ့ မွေးနေ့ရာပြည့်အကြို အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး။)


စကောထဲကဆီးသီးများနှင့် ပလိုင်းထဲကပျဉ်းမပန်းပွင့်များ


(က)
ကဗျာဆရာမ “ ခိုင်မာကျော်ဇော ” ရဲ့ ၊ ဒုတိယကဗျာစာအုပ်ကလေး ကျနော့်လက်ထဲရောက်လာတော့ မေ့မေ့ပျောက် ပျောက် တမင်တကာလုပ်ထားခဲ့သည့်အချက်ကို ကျနော်သွားတွေးမိသည်။ ကျနော် စိတ်မကောင်း … ။ ကြေကွဲရပြန်၏။



၂၀၀၅ - ခုနှစ်ထဲကဖြစ်သည်။ ကဗျာဆရာမ “ ခိုင်မာကျော်ဇော ”၏ ပထမဆုံး ထုတ်ဝေသည့်ကဗျာစာအုပ် မျက်နှာဖုံးပုံကို ရေးဆွဲပေး ခွင့်ပြုရန် ကျနော်တောင်းဆိုခဲ့ဖူး၏။ သူကလည်း လိုလိုလားလားလက်ခံ၏။ ကတိပေးထားသည့်ရက် ကျော်လွန်သည့် အချိန်အထိ ကျနော့်ဖက်က တာဝန်မကြေသေး။ တနေ့  … ၊ ကဗျာဆရာမ “ ခိုင်မာကျော်ဇော ” သည်၊ သူငယ်ချင်းအဖေါ် မိန်းကလေးတဦးနှင့်အတူ၊ ကျနော့်ထံ အမေါတကော ရောက်လာ၏။ သူ့ လက်ထဲတွင် “ ပျဉ်းမပွင့်ခိုင် ” တခု ပါလာခဲ့၏။ သူ့ ကဗျာ စာအုပ်အမည်က “ ဖုန်းဆိုးမြေမှ ပျဉ်းမပြာ ” ဖြစ်၏။ ကျနော့်၏ အခက်အခဲကို ရိပ်စားမိဟန်တူ၏။ သူကိုယ်တိုင် “ ပျဉ်းမပွင့် ” ကို မရမကရှာဖွေကါ ကျနော့်ထံ လာပေးသွားခဲ့၏။ သို့ နှင့်တိုင် ကျနော့်ဖက်က ရုတ်တရက် တာဝန်မကြေနိုင်ခဲ့။ ဆယ်ရက်ခန့် ကျော်မှပင် ကျနော် မဆွဲတတ်ဆွဲတတ်နှင့် ဆွဲထားသည့် ပန်းချီမမည်သော ပန်းချီကားတချပ်ကို သူကိုယ်တိုင်လာယူသွားခဲ့၏။ ကဗျာစာအုပ် ထွက်လာသောအခါ ပန်းချီင်္အတတ်ပညာ နကန်းတလုံးမျှ နားမလည်မကျွမ်းကျင်ပါပဲ၊ မျက်နှာဖုံးပန်းချီရေးဆွဲဖို့  ခွင့်တောင်းခဲ့မိ သည့် ကိုယ့်ကိုယ်ကို ဒေါသဖြစ်လို့ မဆုံးတော့ … ။ ကျနော့် ပယေါဂကြောင့် မလှမပဖြစ်သွားရသည့် သူ့ ကဗျာစာအုပ် မျက်နှာဖုံး အတွက် ကြေကွဲလို့ မဆုံးတော့။ အခုလို ကိုယ်နှင့်ဆိုင်သည် မဆိုင်သည်၊ တန်သည် မတန်သည် မချင့်ချိန်ပဲ ၀င်ရောက်စွက်ဖက်မိ သည့် ကိုယ့်ကိုယ်ကိုလည်း နောင်တရလို့ မဆုံးတော့ ။
ယ္ခုအခါ “ ခိုင်မာကျော်ဇော ” ၏ ဒုတိယကဗျာစာအုပ် “ ပလိုင်းအိမ် ” ကို ကျနော်တွေ့ ရတော့ ကျနော့်မှာ စိတ်လှုပ်ရှား တုန်လှုပ်လာရပြန်သည်။ သို့ သော် လွန်ခဲ့ပြီးသော ကိစ္စအတွက် ကျနော့်မှာ မည်သို့ မျှ မတတ်နိုင်တော့။ နောင်တွင် သည်လို အမှားမျိုး မလုပ်မိစေရန်သါ ဆုံးဖြတ်ရတော့၏။ သူ၏ ဒုတိယကဗျာစာအုပ် “ ပလိုင်းအိမ် ” ကိုသါ ဖတ်ရှု ခံစားဖို့ ဆုံးဖြတ်ရတော့၏။

(ခ)
“ ခိုင်မာကျော်ဇော ” ၏ “ ပလိုင်းအိမ် ” ကဗျာစာအုပ်တွင် ကဗျာ(၇)ပုဒ်ပါရှိ၏။ ကဗျာအားလုံးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖေါ်ပြထား၏။ သည်အထဲတွင် သူ၏ နာမည်ကျော် “ ခြေရာပျောက် ” ကဗျာကို ကျနော်ထပ်ပြီးတွေ့ ရ၏။ သည်စာအုပ်ထဲမှ ကဗျာများမှာ၊ ပုံနှိပ်ဖေါ်ပြထားပြီးသောကဗျာများဖြစ်၏။ သူက ပုံနှိပ်ဖေါ်ပြခံထားရပြီးသည့် ကဗျာများထဲမှ လူ့ အခွင့်အရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ယူဆသည့်ကဗျာများကို ရွေးချယ်ပြီး၊ ယ္ခုလို တစုတစည်းတည်း ထုတ်ဝေ ခြင်း ဖြစ်သည်ဟု ဆိုလေသည်။
ကဗျာ (၇)ပုဒ်ထဲက “ ပလိုင်းအိမ် ” ၊ “ ခြေရာပျောက် ” ကဗျာနှင့် “ မိစ္ဆာမျက်လှည့် ” ကဗျာသုံးပုဒ်မှာ ထူးခြား၏။ ကဗျာဖြစ်သွားသောကဗျာများဟု ကျနော်ထင်၏။ ကျနော့်နှလုံးသားကို ဒက်ထိတိုးဝင် ထိခတ်နိုင်သော ကဗျာများဟု ကျနော်ယူဆ၏။ ကျနော်တို့ နှင့် ခေတ်ပြိုင် လူထု၏ရင်ခုန်သံ တစိပ်တပိုင်းကို “ ပလိုင်းအိမ် ” ကဗျာစာအုပ်ထဲမှ တဆင့် အတိုင်းသားကြားနေရ၏။ “ ပလိုင်းအိမ် ” ကဗျာစာအုပ်ကို ဖတ်ရှုရင်း ကျနော့်နားထဲ၌ ငိုရှိုက်သံ၊ သေနတ်သံများ၊ စစ်ဖိနပ် သံများကို ကျနော်ကြားနေရ၏။

ဖိုးမူတို့  ဘယ်လောက်ကြာကြာပြေးနေရဦးမှာလဲ။
ထမင်းချည်းသက်သက် ခုနှစ်ရက်
မှိုတလှည့် မျှစ်တလှည့် ရှစ်ရက်
ဝဥနဲ့  ကြွေးဥတွေလည်း သုံးလေးရက်
အခုတော့ ငှက်ပျောသီးနဲ့  ငှက်ပျောပင်
ဒီအပင်တွေကုန်သွားရင်
ဖိုးမူတို့  ဘယ်လိုအသက်ရှင်မလဲ။
( ပလိုင်းအိမ်ကဗျာမှ … )

လွန်ခဲ့သေါ (၁၀)နှစ်ကျော်က၊ ဖါးအံမြို့ နယ်အတွင်း ကျနော်ခရီးသွားခဲ့သည်။ မယ်ညောစီးတောင်နှင့် မနီးမဝေး … ။ ယွန်းစလင်းချောင်းဘေးက ကရင်ရွာကလေးများ၊ တနှစ်တခါ ရွာပြောင်း ရွာရွှေ့ ကြရ၏။ ရွာသားများ ချောကြီး၊ ချောလေး လိုက်ကြရ၏။ ကင်းစေါင့်ကြရ၏။ လုပ်အားပေးကြရ၏။ ထို့ ကြောင့် တောင်ယါစူးထိုးစိုက်ပျိုးချိန်မရကြ။ သို့ မဟုတ် တောင်ယါစပါး မရိတ်နိုင်ကြ။ ဥယျာဉ်တွေဆီ မသွားနိုင်ကြ။ တောင်ယါများ ပျက်ဆီး၊ ဥယျဉ်များ ပျက်ဆီး … ။ ယွန်းစလင်းချောင်း ၊ ဒုံသမိချောင်း တလျှောက်၊ ကျုံစိန်ကြိုးဝိုင်းကြီးအတွင်း လူတကိုယ်စာ အိပ်ယါငယ်များ … ။ သစ်ခက်၊ မြက်ခြောက်ခင်းထားသည့် ပုန်းခိုကျင်း ရွှေ့ ပြောင်းအိပ်ယါငယ်များ ။ သည်လို တနှစ် …. နှစ်နှစ်။ နှစ်ပေါင်းများစွာ … ။ သည်လိုအခြေအနေမျိုးတွင် ကရင်တိုင်းရင်းသား ညီအစ်ကိုများ ဘယ်လိုအသက်ရှင်နေထိုင်နိုင်ကြပါတော့မလဲ … ။ ကျနော် မတွေးဝံ့ခဲ့ ။

သင်တိုင်းဖြူစ သွေးပွက်ပွက်ထ
လဲကျနေတဲ့ပလိုင်းဘေး မှိုပွင့်တွေဖွေးလို့ 
ရာဘါဖိနပ်တဖက် ချောင်းစပ်မှာ မှောက်လျက်
မိုးမခ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ပြီ။
( မိစ္ဆာမျက်လှည့်ကဗျာမှ )

နအဖစစ်သား (၃)ဦး၏ အဓမ္မပြုကျင့်ခံခဲ့ရသည့် ဖလံတောင်ရွာသူ “ မရေသူ ” အကြောင်း ကျနော်စာရေးခဲ့ဖူးသည်။ ထိုစဉ်က ကျနော်ခေတ္တပုန်းခိုနေရာတောစပ်သို့  “ မရေသူ ” နှင့် သူ၏ခင်ပွန်းတို့ ၊ ကျနော့်ဆီရောက်လာကြ၏။ “ မရေသူ ” က၊ ငရဲ ကျခဲ့ရသည့်အဖြစ်ကို ခရေစေ့တွင်းကျပြောပြခဲ့၏။ “ ခင်ပွန်း ” ဖြစ်သူက မြန်မာလို ဘာသါပြန်ပေး၏။ သတင်းမှတ်တမ်းရေး နေသည့် ကျနော့်လက်များ တုန်ရင်နေခဲ့သည်။

တခါတခါလည်း ပြည့်ပြည့်၀၀
တခါတခါလည်း မပြည့်မဝ
ဒါပေမယ့်
အမြဲတမ်း ရှင်းသန့် တဲ့ လရောင်တွေ … ။
( သူပုန်လေးတယေါက်အကြောင်းကဗျာမှ … )

ခဲတံတချောင်း၊ စားပွဲတလုံး၊ ကားတစင်း၊ အင်္ကျီတထည်ကို ပုဂ္ဂလိပိုင်လုပ်၍ ရပါသည်။ ထို့ အပြင် ရွှေတဆယ်သား၊ ငါးပိ တပိဿာ၊ စက်င်္ဘီးတစီး၊ ရာဇပလ္လင်တခု …၊ ထိုနည်းတူစွာပင်။ သို့ သော်လည်း “ လရောင်များကိုမူ လူသားအားလုံး မျှဝေခံစားပိုင် ခွင့် ရှိသည် ” ဟု ဂျပန် ဟိုက္ကူကဗျာဆရာ “ ရှိကကု ” ကရေးခဲ့ပြောခဲ့ဖူး၏။ “ ပလိုင်းအိမ် ” ကဗျာစာအုပ်ထဲက သူပုန်လေး တယောက်အဖို့ တော့ လရောင်ဝေစု တခုမျှရခဲ့ဟန် မတူပါ။

(ဃ)
“ ခိုင်မာကျော်ဇော ” က၊ “ ပလိုင်းအိမ် ” ကဗျာစာအုပ်တွင်၊ လူ့ အခွင့်အရေးချိုးဖေါက်ခံကြရသည့် ကရင်တိုင်းရင်းသား များ ( သို့ မဟုတ် ) ပလိုင်းအိမ်ထဲက ပျဉ်းမပွင့်များအကြောင်းကို ကဗျာဖွဲ့ ခဲ့သည်။ အမှန်စင်စစ် လူ့ အခွင့်အရေးအချိုးဖေါက်ခံကြ ရသည့် သူများမှာ မြန်မာတပြည်လုံးမှ လူအားလုံးပင်ဖြစ်သည်။ လူထုကြီးတရပ်လုံးခံစားနေကြရခြင်းဖြစ်သည်။ မြန်မာလူထု တရပ်လုံး ဆေါက်တည်ရာမရဖြစ်နေကြရ၏။ ထို့ ကြောင့် ကျနော်က သည်ဆေါင်းပါးကို အခုလို ခေါင်းစဉ်တပ်ခဲ့မိခြင်း ဖြစ်သည်။

“ စကောထဲက ဆီးသီးများနှင့် ပလိုင်းအိမ်ထဲက ပျဉ်းမပွင့်များ ” ဟူ၍ ဖြစ်ပါသည်။ ။

မောင်ဖူးတင့်

(၂၀၀၆ - ခုနှစ်အတွင်းတုန်းက ခေတ်ပြိုင်အွန်လိုင်းမှာတင်ခဲ့တဲ့စာမူဖြစ်ပါတယ်။)

December 07, 2008

မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း

စကားနိဒါန်း

၁၉၉၁ခုနှစ်ထဲမှာ ကျနော်ဟာ တောင်ငူခရိုင် တောင်ပေါ်ဒေသကို လျို့ဝှက်ခရီး ထွက်ခဲ့ဖူးပါတယ်။ မကဒတ လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) က ၊ ၂၁၀ တပ်ရင်းမှုး ဗိုလ်မှူးလေးဆန်းလင်း (ကျဆုံး) ဆီ သွားပြီး တွေ့ဆုံခဲ့တာပါ။ တောင်ပေါ်ဒေသ တော်လှန်ရေးရဲဘော်တွေဆီက ဗဟုသုတ တချို့ သင်ယူလေ့လာဖို့ ခရီးထွက်ခဲ့တာပါ။ မြေပြန့်ကို ပြန်ရောက်တဲ့အခါ ဒီကဗျာကို ကျနော် ရေးခဲ့ပါတယ်။ ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာရှည်တပုဒ်ပါပဲ။
ကဗျာချစ်သူများ ဝေမျှခံစားကြည့်ဖို့ပါ ...။


မိမိကိုယ်ပေါ်တွင် သစ်တပင် စိုက်ပျိုးခြင်း

(က)

ရှိခဲ့ဖူးသည်
ခံစားမှု သန္ဓေတစနဲ့
ဘ၀ကို အစတည်
ယုံကြည်ခဲ့သည် ဆိုပါစို့။

ရှိခဲ့ဖူးသည်
အဖြူရောင်ကိုချစ်တယ်
အနက်ရောင်ကို မုန်းတယ်
အဲဒီလို ဒွံတရသနဲ့
ဘ၀ကို တည်ဖွဲ့ ခိုင်ကြည်ခဲ့ပြီ ဆိုပါစို့။

စိတ်ဖြူတဲ့ အလှ
မိတ္တူမဲ့ဘ၀ ခြေချဖို့ ကြိုးစား
ငါ့ သက်ရှိထင်ရှား
အထင်ကရ ကာလများ
ငါ့ ပန်းချီကားများ ... ... ...။

(ခ)

ငါဟာ
ဗမာပြည် ဗဟိုချက်မ
အပူဆုံး နှလုံးသားရှိရာ
မိုးခေါင်ရေရှား ဒေသမှာ
မွေးဖွားခဲ့သူ။

“အစာလင့်” တဲ့ စလင်းမြို့လေး
ငါချစ်တဲ့
ခြောက်သွေ့ရပ်ဝန်းထဲက မြို့ကလေးတမြို့
အဲဒီ မြို့ကလေးထဲက ချိုင့်ခွက်တွေပေါတဲ့ လမ်းတခု
အဲဒီလမ်းဘေး ဆေးရုံတခုရှေ့က အိမ်တအိမ် ...။

“၀က်သည်းကန်” နဲ့ “ကန်ချောင်”
မြို့စွန်က “ရုပ်စုံကျောင်း”
“သူကောင်းတိုက်” နဲ့ “ကယ်ပါရွာ”
အမေမြင့် ရုပ်ရှင်ရုံနဲ့
ပြူစောထီးဗိုလ် ဦးစရဲ့အလောင်း။

မြင်းခွါသံများ
ပေါက်ကွဲ ဆဲဆိုသံများ
မြို့ရိုးဘေးက သွေးကွက်များ
သစ်ပင်တပင်ရဲ့ ပင်စည်ပေါ်က လူ့ဥဏှောက်များ
ရောင်စုံသူပုန်များ ...။

စုတ်ချက်တချို့ဟာ
ငါ့ဘ၀ ပိတ်ဖျဉ်ပေါ်မှာ
ခတ်ကြမ်းကြမ်း တို့ထိသွားကြတယ်။

သနပ်ခါးနံ့
သီးသီးနံ့ ဆီးသီးနံ့
ကြာစွယ်ယိုနဲ့ ကတွတ်ယို
မုန့်ပြစ်သလက်နဲ့ ပုန်းရည်ကြီးတို့ကို
ငါ စွဲမက်ခဲ့တယ်။

ငါဟာ
ရွှေဘရဲ့ တောပုန်းကြီးစံဖဲရုပ်ရှင်ကား
ကြော်ငြာလှည်းရဲ့ နောက်မြီးဖျားမှာ
ပြေးလွှားလိုက်ပါရင်း
ကြီးပြင်းခဲ့တယ်။

“ကယ်ပါရွာ” က ဦးလေးဖြူနဲ့
ထမင်းအတူစားမိလို့
ကစားဖော်တချို့ရဲ့ ၀ိုင်းပယ်မှုကို ခံခဲ့ရတယ်။

သူ့ကောင်းတိုက်ဝန်းကြီးထဲက
“ဦးထွန်းမြင့်အောင်” ဆိုတဲ့ လူကြီးတယောက်ရှေ့မှာ
ဒူးထောက်ရှိခိုးပြီး
ရိုးရာစည်းမျဉ်းနဲ့ ကြီးပြင်းခဲ့တယ်။

“သင်ရိုးလေးရပ်”
မွန်းကြပ်တဲ့ လမ်းရိုးဟောင်း
“ထုံးစံကျောင်း” မှာ ငါ စာသင်ခဲ့တယ်။

အလှအပ ပြင်ဆင်ခြင်း
အ၀တ်အစား သစ်လွင်ခြင်းဟာ
ကံကြမ္မာကို အာခံနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။

ငါ့ဘ၀ရဲ့ အစဟာ
ပုဒ်ဖြတ်နဲ့ ပုဒ်ဆက်များ
ကွက်လပ်နဲ့ ကွင်းစ ကွင်းပိတ်များ
ပြီးတော့ အောက်ခြေမှတ်စုများ
စုဖွဲ့ထားတဲ့ သနားစရာ့ အက်ဆေးတပုဒ်လိုပါပဲ။

(ဂ)

(ငါ့နေ့ရက်တွေဟာ
တရက်နဲ့တရက်
သဘာဝကိုးကွယ်မှုနဲ့
ရစ်နှောင်လို့သာ ရှိစေချင်တော့။
ဝီလျံဝေါ့စ်ဝဒ် ရဲ့ “တမ်းတခြင်း” မှ )

ပြဒါးကွာစ
မှန်တချက်ကို မြင်ရသလို
ပတ်ဝန်းကျင်ကို ငါကြည့်တယ်။

နေရောင်
လရောင်
ကြယ်ရောင်
ပန်းပွင့် လိပ်ပြာ စမ်းချောင်း
ကျောင်းသင်္ခန်းနဲ့ တောအုပ်
ဘုတ်အီသံ
ခွေးအအူသံ
တစ်တီတူး မြည်သံ ...။

တမြို့လုံးကို တုန်လှုပ်သွားစေတဲ့
ဧရာဝတီ ရက်မှန်သင်္ဘောကြီးရဲ့
ဥသြမှုတ်သံကို ငါဘယ်တော့မှ မမေ့ဘူး။

“မမင်းပူး” မှ မင်းဘူးမြို့ရဲ့
လိပ်တောင်ပေါ်က
ကျော်ကြည့်တဲ့အခါ
“နဂါးပွက်တောင်” ပန်းချီကား
အပြာရောင် လိမ်းကျံထား
ပီကာဆို ဖျားလောက်ရဲ့။

ရိုးစင်းလွန်းတဲ့
ငါ့ရဲ့ အတ္တနောမတိ စိတ်ဆန္ဒတွေဟာ
သဘာဝရဲ့ လျို့ဝှက်ချက်တွေမှာ
ဘာသာပြန်ခဲ့တယ်။

လူတွေရဲ့ ယဉ်ကျေးမှုစည်းကမ်းကို
တက္ကဗေဒနည်းလမ်းနဲ့
ခွဲခြမ်း ချဉ်းကပ်ခဲ့တယ်။

ငါ့ဦးခေါင်းထဲက ကဗျာတွေဟာ
အစာရှာထွက်ခြင်း
သီချင်းဆိုခြင်း
ငိုခြင်း ရယ်ခြင်းများနဲ့အတူ
အချိန်မှန်မှန် အိမ်ပြန်လာလေ့ရှိခဲ့တယ်။

လူတယောက်ရဲ့ ဘ၀ထဲမှာ
စာအုပ်တွေ
စည်းကမ်းတွေ
ရုပ်တုနဲ့ ကြေးစည်သံတွေ
နှင်းဆီပွင့်တွေ အမိန့်တွေ
စမ်းရေနဲ့ ကြိုးကြာငှက်တွေ
ပက်ကျိလို နှေးကွေးပြီး
ပိုးဟပ်လို နံဟောင်တဲ့ စွမ်းဆောင်ချက်တွေ။

ဒီကြားထဲက
မပြည့်ဝတဲ့ ဆန္ဒတချို့က
မျှစ်စို့တွေလို ထိုးထောင်
စိတ်ကူးတချို့က
ရွက်သစ်တွေလို ထွက်ပြူ
ပရိဒေ၀တချို့ကတော့
မြက်သီးတွေလို တွယ်ကပ်ငြိပါ။

ဒီလိုနဲ့ပဲ
အချိန်ကာလတချို့ဟာ
သစ်ခေါက်တွေလို ကွာကျသွားကြတယ်။

(ဃ)

(သေနက်ကို ကျည်အပြည့်ထည့်လာသူများ
ရက်စက်စွာ ပစ်သတ်ရန်
အမိန့်တော်ကို ဦးထိပ်ရွက်လာသူများသည်
သီချင်းဆိုလျက်ရှိသော
လူအုပ်ကိုသာ တွေ့ရှိရသည်...။
ပက်ဘလို နယ်ရူဒါရဲ့ “ပန်းခြံတွင်း၌ ကျဆုံးသူများ” မှ )

“ကျနော်တို့ရဲ့
ငတ်မွတ်ခြင်း
အစော်ကားခံရခြင်း
အနှိမ်ခံရခြင်းများအတွက်
အိမ်အပြင်ဘက်ကို ထွက်ခဲ့ကြ။
၈-၈-၈၈

လေထဲမှာ လွှင့်ပျံဖြာထွက်လာတဲ့ ဓါတ်စက်သံဟာ
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
ရိုက်ပုတ်ပြီး နှိုးလိုက်တယ်။

မသိနားမလည်မှုနဲ့
ကြောက်ရွံ့ခြင်း အဖုံဖုံကို သံပုံးတီးလွှတ်ကြ။

လူနဲ့လူချင်း
လှပစွာ ကျွန်ဇာတ်သွင်းထားတဲ့
စနစ်ဟောင်းရဲ့ မကောင်းဆိုးဝါးမှုကို
မောင်းထုပြီး စစ်ကြေညာကြ။

ဒါဟာ
ဗမာပြည်ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ဒီမိုကရေစီဗဟိုချက်မဟာ
ဗမာပြည်ဖြစ်တယ်။

လူသားရဲ့
လွတ်လပ်မှု သမိုင်းဆက်ထုံးမှာ
ဘယ်တုန်းကမှ မကြုံဘူးတဲ့
ထူးကဲတဲ့ အကန့်ငယ်တခုဖြစ်တယ်။

လယ်သမားတွေက
`တာဝန်ကျေစပါး ... တာဝန်ကျေစပါး´ ဆိုတဲ့
ခါးသီးတဲ့ အတိတ်ဇာတ်ကို
မြေမြှုပ်သင်္ဂြိုလ်ဖို့ တောင်းဆိုကြတယ်။

အလုပ်သမားတွေက
`လုပ်အားပေးစနစ်´ ဆိုတဲ့
ခေတ်သစ် ကျေးကျွန် ဗြူရိုကရေစီကို
ဒီမိုကရေစီနဲ့ ဖြိုချကြတယ်။

အကြိမ်ကြိမ်စိမ်ခေါ်
အလီလီတိုက်ပွဲဝင်ခဲ့ကြတဲ့
စာသင်ခန်းထဲက ကျောင်းသားတွေက
ကမ္ဘာမကြေဘူးသီချင်း ဆိုကြတယ်။

သမဂ္ဂမြေကျောင်းတော်က
တဖြောင်းဖြောင်း ရိုက်ခတ်လိုက်တဲ့
ခွပ်ဒေါင်းရဲ့ တောင်ပံခတ်သံဟာ
အာဏာရှင်ဟူသမျှထံ
ရာဇသံ ပေးလိုက်တယ်။

သူတို့
သေနက်ပြောင်းဝတွေမှာ
ပန်းပွင့်တွေ ထိုးစိုက်ပြီး
လှံစွပ်ဖျားတွေမှာ ရင်ကော့ရပ်ပြီး
အကျဉ်းထောင်နဲ့ သွေးအိုင်များရှိရာ
ရဲဝံ့စွာ တိုးသွားခဲ့တယ်။

ဒီအဖြစ်အပျက်တွေဟာ
အေးစက်တဲ့ ငါ့နှလုံးသားကျောက်တုံးဗုံကို
အစွမ်းကုန် တီးခတ်လိုက်ကြတယ်။

စောင်ခြုံထဲ မြွေတွေ့သလို
ငါ့ခြေငါ့လက်တွေဟာ
အသေလိုလည်း ဖြစ်သွားရတယ်။
ငါ့အတွေး ငါ့အမြင်တွေဟာ
ပွဲခင်းထဲ ခဲကျသလို
ဖရိုဖရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ကြရတယ်။

ငါဟာ
ဘုရားသခင်ဖန်ဆင်းတဲ့
နောက်ဆုံးလူသားအဖြစ်
နောက်ကျကျန်ရစ်ခဲ့ပါကလား။

ကမ္ဘာ့တိုးတက်မှုလမ်းကြောင်းမှာ
ဖုံတထောင်းထောင်းနဲ့ နောက်ကျကျန်ရစ်ခဲ့သူ
“လူမျိုးများ” ရဲ့စာရင်းမှာ
ငါတို့ အသွင်းခံခဲ့ရပါကလား။

၁၉၆၂
ဇူလိုင်လရဲ့
ဒုတိယ အာဇာနည်များဟာ
ဗမာပြည် အလှည့်အပြောင်းကို
ကောင်းကောင်းကြီး တပ်လှန့်ခဲ့တာ
ငါမသိခဲ့ဘူး။

“အလုပ်သမား” “လယ်သမား”
အခြေံလူတန်းစား ဝေါဟာရတွေနဲ့
ရောမွှေကျိုချက် “ဟင်းတခွက်” ရဲ့ ဘေးမှာ
လူတွေ လူတွေ လူတွေ
ယင်ကောင်တွေလို သေခဲ့ရပါလား။

အနီရောင် မုန်တိုင်း
အစိမ်းရောင် ရေလှိုင်းများ
ကြာပွတ်သံများ ...
လွှတ်တော်
ပါတီညီလာခံနဲ့ စုံစမ်းစစ်ဆေးမှုများ
ပြိုလဲသွားသော ဆိုင်းပုဒ်များ
ထိုးကျွေးလိုက်သော နယ်ရုပ်များ
ပွဲတော်အုပ်ချကျွေးခြင်းများ
အပေးအယူ အလျှော့အတင်းနဲ့ ဈေးဆစ်မှုများ
ကတိက၀တ်များ ....။

အရှင်သခင်သစ်ဆိုသူတွေဟာ
ကျွန်သစ်တွေ မွေးဘို့ ကြိုးစားရင်းက
အလှပဆုံး လိမ်ညာမှု
“ပြည်ထောင်စု မပြိုကွဲရေး ” ဟစ်ကြွေးလာကြပြန်တယ်။

“နိုင်ငံတော် ကိုးကွယ်ရေး” မောင်းထုပြီး
လူစုဘို့ ကြိုးစားကြတယ်။
ယခုတဖန်
“ဗမာမဆန်ဘူး” ဆိုတဲ့ လက်နက်နဲ့
စွဲချက်တွေ တင်ကြပြန်တယ်။

အကြိမ်တထောင်မြောက်
မုသာဝါဒ သတင်းစာရှင်းလင်းခြင်းနဲ့
အတင်းအဖျင်းပွဲ ပြုလုပ်ကြတယ်။

ငါ့ဘ၀ရဲ့
ထမ်းပိုးတန်းခံစားမှုများဟာ
ငါ့ခြေ ငါ့လက် ငါ့မျက်လုံး
ငါ့သွေး ငါ့သား ငါ့နှလုံးသာ
အားလုံးကို မန်းမှုတ်
တမုဟုတ်ချင်း “အသက်သစ်” သွင်းပေးခဲ့ကြတယ်။


သခင်တပိုင်း ကျွန်တပိုင်းအဖြစ်နဲ့
ငါ့ရဲ့ တပိုင်းဒေသ
နလန်ထခဲ့ပြီ။

ငါ့ဥဏှောက်ထဲက
ကဗျာတချို့ဟာ
သူပုန်ထကုန်ကြပြီ။

ငါ့ကို ချန်ထားပြီး
“တားမြစ်ထားတဲ့ မြို့တော်ထဲ”
ရဲရဲဝင်ဘို့ ကြိုးစားခဲ့ပြီ ...။

(င)

ရွှေရောင်ပြိုးပြက်တဲ့
သောင်ပြင်ထက်မှာ ငါရပ်ခဲ့တယ်။

မိန်းမပျိုတအုပ်
ဟန်မလုပ်ဘဲ ရယ်မောသံလို
နုပျိုလတ်ဆတ်လှတဲ့ ရေကျသံကို
ငါကြားရတယ်။

အဖွားအိုတဦးရဲ့ ငြီးငြူသံလို
ပျောက်တချက် ထင်တချက်
ဆုတ်တချက် တက်တချက်
ပြေးလွှားလာတတ်တဲ့
လေးတိုးသံများကို ငါနားစွင့်တယ်။

ကမ္ဘားယံတလျှောက်
ကွေ့ကောက်ကောက် ဖောက်ထားတဲ့
လူသွားလမ်းကလေးကို ငါချစ်တယ်။

တောင်ထိပ်မှာ
မြူတွေ ထုသိပ်စီးမျောနေတာ
ငါချစ်တယ်။

ပေါက္ခရ နေရောင်အောက်မှာ
ခြေရာဖျောက်နိုင်စွမ်းတဲ့
လွမ်းစရာ့ရွာငယ်များကို ငါချစ်တယ်။

ကျည်တောက်ထိုးဟင်း
ဘိစပ်ရွက်ဟင်းနဲ့
တောင်ယာထမင်းကို ငါချစ်တယ်။

ဆန်ဖွပ်မောင်းထောင်းရင်း သီချင်းဆိုကြတယ်။
သူရဲကောင်းပုံပြင်များ
သွေးချောင်းစီးတိုက်ပွဲများ
ကြေကွဲစရာကောင်းတဲ့ ချစ်ဇာတ်လမ်းများ
ထိတ်လန့်ဘွယ် စွန့်စားခန်းများ
မေတ္တာ အချစ် ငြိမ်းချမ်းမှုနဲ့ သရောခိုင်းကာလများ
ဝိုင်းပါယ်ခံရမှု
မုန်းတီးမှု
တူးမီးသေနတ်
လက်ကောက်ခြေကျဉ်း
ခေါင်ရေ
သင်တိုင်း
တောဝက်ခေါင်းချဉ် ...။

သူတို့ရဲ့ဘ၀ဟာ
ရိုးရာသင်္ချာတပုဒ်ပမာ
အဖြေထုတ်ဘို့ လွယ်ကူလှတယ်။

သူတို့မှာ
နှစ်ပေါင်းရှည်ကြာ
ထုထောင်း စုဆောင်းထားတဲ့
ယဉ်ကျေးမှုကောင်းတွေရှိတယ်။

တောရနံ့ တောင်ရနံ့
တောင်ယာစပါးခင်းပေါ် ဖြတ်ကျော်လာတဲ့လေ
အေးစက်တဲ့ တောင်ကျရေ
ဥယျာဉ်ခြံမြေ
ရွှေထွက်တဲ့ချောင်း ...။

တောင်ပေါ်လူမျိုးစုဆိုတာ
ဗမာပြည်ရဲ့ ခြေလက်အင်္ဂါ။

သူတို့ဟာ
ငါတို့လိုသွား ငါတို့လိုစားကြတယ်.
ငါတို့လို
ချစ်ကြ မုန်းကြ စာဖွဲ့ကြ
တေးဂီတကို မြတ်နိုးကြ
ကကြ ခုန်ကြ။

ငါတို့မှာရှိတဲ့ အရာဟူသမျှ
သူတို့မှာလည်း ရှိကြတယ်။

မြေပြန့်က တိုက်ခတ်လာတဲ့ မုန်တိုင်းကို
ငါတို့လိုဘဲ မုန်းကြတယ်။
မိုးပေါ်က ကျလာတဲ့ ရေစက်များကို
ငါတို့လိုဘဲ နှစ်သက်ကြတယ်။

သူတို့မှာ “ဘ၀” ရှိတယ်။
သူတို့မှာ “ကဗျာ” ရှိတယ်။

ကမ္ဘာကြီးပေါ်မှာ
“ကဗျာ” ရှိတဲ့ လူမျိုးတိုင်း
“သမိုင်း” ရှိကြတယ်။

သူတို့နဲ့အတူ
တောင်ခိုးမြူငွေ့ ဖက်ပွေ့အိပ်စက်
အိပ်မက်သစ်များ မြင်မက်ခဲ့တယ်။

ဖျာတချပ်သာသာ
တောင်ထိပ်တနေရာမှာ ငါရပ်လိုက်တယ်။

ကောက်ကြောင်းများ ပျော့ပျောင်းသော်ငြား
ထုထည်ကြီးမားလှတဲ့ ရိုးမတောင်တံတိုင်းဟာ
အပြာရောင် ရေလှိုင်းကြီးတွေလို
ငါ့ကို ၀န်းရံကခုန်ကြတယ်။

ဒီနေရာမှာရပ်လျက်
နေထွက်ခြင်းကို စောင့်ကြည့်ခွင့်ရခဲ့ပါပြီ။
လရောင်ကို စောင်ခြုံခွင့် ကြုံခဲ့ပါပြီ။
(၁၉၉၁ ခု၊ ဒီဇင်ဘာလအတွင်း
မကဒတ နှင့် တောင်ပေါ်ခရီး)



(စ)

(ကျနော်တို့ဟာ
လှပစွာ ရူးသွပ်ကြသူများဖြစ်တယ်။)
(မကဒတ နှင့် တွေ့ဆုံဆွေးနွေးမှု မှတ်စုများမှ)

ဒီကိုရောက်ဘို့ရာ
ပါလာတဲ့ လက်စွပ်နဲ့နာရီ
လာဘ်ထိုးပြီးမှ ခရီးဆက်ခဲ့ရတယ်။

ရန်သူ့အလောင်းဘေး
သေနတ်ကို တက်ကောက်ပြီး
ကျနော်တို့ တပ်ရင်းကို အင်အားဖြည့်တင်းခဲ့ရတယ်။

စောထစခန်းမှာ
ကမ္ဘာမကြေဘူး သီချင်းတွေကြား
ငှက်ဖျားရောဂါအောက်
တယောက်ပြီး တယောက်
ကြက်ပျောက် ငှက်ပျောက်
ဒါပေမယ့် ကျနော်တို့ ဒူးမထောက်ခဲ့ဘူး။

သမိုင်းတခုရဲ့ အလှည့်အပြောင်းမှာ
သဘာဝရဲ့ အထုအထောင်းကိုလည်း
ခေါင်းမစောင်းဘဲ တင်းခံခဲ့ကြတယ်။

မုဒုံ ပခုက္ကူ မကွေး
တောင်ငူ မြစ်ကြီးနား မြိတ် တောင်ကြီး
ညောင်လေးပင် ပုသိမ်
တောင်ပေါ် မြေပြန့် ဗမာပြည်အနှံ့ ...။

“ကျနော်တို့ဟာ
ဒုတိယပင်လုံစိတ်ဓါတ်နဲ့
မြင့်မြတ်တဲ့ ဗမာပြည်ကို ထူထောင်ကြမယ်”။

“ကျနော်တို့ဟာ
ဗမာပြည်လူ့ဘောင်ရဲ့
အကျဉ်းထောင်နံရံကို ကျော်ပြီးကြည့်
သံမဏိတခေတ် ထူထောင်ဘို့ကြိုးစား
ကျောင်းသားများဖြစ်တယ်”။
(မကဒတ နှင့် တွေ့ဆုံမှု မှတ်စုများမှ)

သူတို့ဟာ
သနပ်ခါးပင်ဘေးမှာ စာထိုင်ဖတ်ခဲ့ကြတယ်။
မချစ်စုသရက်ပင်အောက်မှာ စာကျက်ခဲ့ကြတယ်။
ရော်ဘာခြံတွေထဲမှာ လမ်းလျှောက်ခဲ့ကြတယ်။
အောင်ဆန်းကွင်းထဲမှာ ဘောလုံးကစားခဲ့ကြတယ်။
မော်လမြိုင် မုဒုံသွား ကားလမ်းပေါ်မှာ ဂစ်တာတီးခဲ့တယ်။
ဧရာဝတီကမ်းနဖူးမှာ
နေရူးနဲ့ အောင်ဆန်းအကြောင်း ဆွေးနွေးခဲ့တယ်။

စာသင်ခန်းများ
မိဘနဲ့ချစ်သူများ
လ္ဘက်ရည်ဆိုင် ရုပ်ရှင်ရုံ ပွဲဈေးတန်း
စာအုပ် ဘောလုံးနဲ့ ဆုတံဆိပ်များ
ပုဂ္ဂိုလ်ရေး အာမခံချက်များ ...။

သစ်ကိုင်းခြောက်တခုထက်က
ငှက်ငယ်များ ထပျံသွားကြတယ်။

လှပဆန်းသစ်
ပျိုမြစ်တောက်ပြောင်
ဘောင်မကြစ်ရသေးတဲ့
ရာဇာဝင်တခေတ် ပိတ်ကားပေါ်က
စိတ်ထင်ချက် နမိတ်ပုံများ ....။

“အီဗရာဟင်လင်ကွန်း” ဟာ
လမ်းဘေးမီးတိုင်အောက်မှာ
တယောက်ထဲ စာထိုင်ဖတ်နေတယ်။

အာဏာရှင်ဟစ်တလာဟာ
စင်္ကြာတံဆိပ်တပ် စစ်သားတွေကြားက
ကားစီးရင်း ချီတက်လာနေတယ်။

ဘတ်စတီးထောင်ကြီးထဲက လူတွေဟာ
ကျည်ဆံတွေကို လက်နဲ့ကာဘို့ ကြိုးစားနေကြတယ်။

မဟတ္တမဂန္ဓီရဲ့ ဦးခေါင်းဘေး
ဖုံတထောင်းထောင်းကြားက
မြင်းခွါသံတဖြောင်းဖြောင်း ထွက်ပေါ်လာတယ်။

အီတလီပြည် လူထုကြီးဟာ
မူဆိုလိုနီကို ကြိုးစင်တင်ဘို့ ပြင်ဆင်နေကြတယ်။

“အိုဒက်ဆာ” လှေကားပေါ်က
ထီး၊ ဘိနပ်၊ ဦးထုပ်နဲ့ သွေးအိုင်များ။

တီယံမင်ရင်ပြင်ပေါ်က ရွက်ဖျင်တဲငယ်များ။
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းများ။
ခွပ်ဒေါင်း
တူတံဇင်
ပုခက်လွှဲသောလက်နှင့် ချိုးငှက်များ ...။

(ဆ)

(ကျုပ်သိတယ်
ကျုပ်တို့ ၀ိဥာဉ်ရဲ့
ရွှေတွင်းတွေကိုသာမြင်ရရင်
နေမှောင်သွားတယ်။
မာယာကော့စကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” မှ)


ငါ့ဘေးမှာ
အစိမ်းရောင် တောင်တံတိုင်းတွေ ရှိတယ်။

ငါ့ရှေ့မှာ
အနီရောင် နှလုံးသားတွေရှိတယ်။

ငါ့ရင်ထဲမှာတော့
ပြည်သူတွေရဲ့ ဒုက္ခနဲ့ သစ္စာပန်းပွင့်များ ...။

ပန်းပွင့်တွေကို ဖူးပွင့်စေသူ
ပန်းတွေကို မွှေးမြစေသူအဖြစ်နဲ့
သူတို့ကို ငါချစ်ခဲ့တယ်။

တော်လှန်မှု သမုဒ္ဒရာသောင်ခုံမှာ
ယုန်သူငယ်ခြေထောက်နဲ့
လမ်းလျှောက်ရဲကြတဲ့
အဲဒီကလေးငယ်တွေကို ငါချစ်တယ်။


“ကမ္ဘာမကြေဘူး” သီချင်းကို
နံနက်ခင်းမှာ နေ့လည်ခင်းမှာ နေညခင်းမှာ
ငါကြားခဲ့ရ
အိပ်မက်ထဲမှာ သူတို့နဲ့အတူတကွ
နာကြည်းကြေကွဲစွာ ဆိုခဲ့ရ။

ရေပြန်သောက် မြက်ခြောက်စား
သားရေခါးပါတ် ရေလုံပြုတ်ကိုဝါး
အဲဒီ သူရဲကောင်းများဟာ
ဆဌမ ဟင်နရီဘုရင်ပြဇာတ်ထဲက
“ဘယ်ဘုရင်နဲ့ သခင်လက်အောက်
သင်သေမလဲ နေမလဲ” ဆိုတဲ့
ဗန်ဆိုနီယံရဲ့ အမေးစကား
ရဲဝံ့ပြတ်သားစွာ ဖြေကြားလိုက်ကြပြီ။

သူတို့ဟာ
ပြည်သူတွေရဲ့ ရှေ့မှောက်မှာ
သစ္စာရေသောက်ခဲ့ပြီ။

ရွှန်းမြတဲ့ ညရဲ့ တန်ဆောင်
လရောင်ရဲ့ အောက်မှာ
လူသားရဲ့ ဇာတိပုည ဂုဏ်မာနကို
ဖွင့်ဆိုပြခဲ့ကြပြီ။

ပဒေသရာဇ်ကို အသေချစ်တဲ့
“အုတ်လှငယ် လက်သစ်” တွေနဲ့
စစ်ကြေညာခဲ့ကြပြီ။

အရှင်သခင်အတွက်
မျက်စေ့ကန်း တစ္ဆေမကြောက်
ဖောက်ပြန်ရေး စက်ရုပ်များနဲ့
စည်းခြားခဲ့ပြီ။

အာဏာရှင် စစ်ဘုရင်များကို
နှစ်တထောင်အာမခံမယ့်အကြောင်း
ကြေညာမောင်းခတ်ခဲ့ပြီ။

ဆေးချယ်ရန် ငြင်းပယ်ခြင်းခံခဲ့ရသော
အကြမ်းပုဂံလုံးများဟာ
ဗမာပြည်ရဲ့ အနာဂါတ်ဖြစ်လာခဲ့ပြီ။

သူတို့ဟာ
အနာဂါတ်ကို မြတ်နိုးမှုစိတ်ကူးနဲ့
လှပစွာ ရူးသွပ်ကြသူများသာဖြစ်တယ်။

(မွန်မြတ်တဲ့စိတ်ဆိုတာ ရူးသွပ်တဲ့စိတ်နဲ့
ကင်းကွာလို့ရတာ မဟုတ်ဘူး။
အရစ္စတိုတယ်)

(ဇ)

(တံတားကို ဖြတ်ကျော်ခဲ့ပြီးမှ
တမ်းတတတ်တဲ့ရင်ဟာ
တခွင်လုံး မိုးသားတွေပြည့်လို့ ...
ဖော်ဝေး)

နေရစ်ပေဦးတော့
တားမြစ်ပိတ်ပင်ထားတဲ့ မြို့တော်ရေ ...။

သင့်ရဲ့
တော်လှန်မှုမုဒ်ဦးမှာ
ငါ နှုတ်ဆက်ထွက်ခွါလာခဲ့ပါပြီ။

သင့်ရဲ့နှလုံးသား
သင့်ရဲ့ ခွန်အား
သင့်ရဲ့ မေတ္တာတရား
ငါ ... မှတ်သား ခံစားဖူးခဲ့ပြီ။

သင်တို့ရဲ့ ကြီးမြတ်တဲ့ စွန့်လွှတ်မှုတွေမှာ
ပြည်သူတွေစာနာကြမှာ သေချာတယ်။

သင်တို့ရဲ့
ကိုယ်တိုင်ရေး ရာဇ၀င်သစ်ကို
ပြည်သူတွေချစ်လာကြမှာ သေချာတယ်။

သင်တို့ရဲ့ရနံ့
သင်တို့ရဲ့ နှလုံးခုန်သံ
သင်တို့ရဲ့ ရယ်သံ၊ တောက်ခေါက်သံ
ဆွေးနွေးငြင်းခုန်သံ သီချင်းဆိုသံတွေဟာ
ဗမာပြည်အရပ်ရပ်က
“လုပ်အားပေး” ဆိုတဲ့ ချွေးတပ်စခန်းတွေဆီ
လယ်တောနဲ့ စက်ရုံဆီ
အကျဉ်းထောင် ကြိုးစင်နဲ့ တရားရုံးများဆီ
ဗိုလ်ချုပ်ရွာနဲ့ ကိုကိုးကျွန်းဆီင်္
အမြဲမပြတ် စောင့်ကြပ်ကြည့် ရှုခံနေရတဲ့
စာသင်ခန်းတွေဆီ
ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီးဆီ
ကစ်ပလင်းရဲ့ မန္တလေးမြို့ဆီင်္
တက္ကသိုလ် ရိပ်သာလမ်းထဲက
ဒီမိုကရေစီ နန်းတော်ငယ်ဆီ
ပင်လယ်ထဲက ဒဂုံမြို့သစ်ဆီ
လူသားစက်ရုပ်များ ထုတ်လုပ်တဲ့
စစ်သင်တန်းစခန်းတွေဆီ
အရာရှိအိမ်မှာ
ခလေးထိန်း၊ အ၀တ်လျှော်
ထမင်းချက်၊ ကြမ်းတိုက်ကြရတဲ့
သင်တို့ရဲ့ မိခင်နဲ့ ညီမငယ်တွေဆီ
နို့ဆီတဗူး
သကြားတဆယ်သား
ဆန်နဲ့လဲစားနေကြရတဲ့ စစ်တန်းလျားတွေဆီ
အိမ်တံခါးပေါက် ခေါက်လာမယ့်အသံကို
ရင်တဖိုဖိုစောင့်နေကြရတဲ့
လွှတ်တော်ကိုယ်စားလှယ်များရဲ့ သားမယားတွေဆီ။
အခြေအတင် ငြင်းခုန်ဆွေးနွေးနေကြတဲ့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီခန်းမဆီ
အမြန် ... ချီလာလော့
အမြန်ဆုံး ... ချီလာကြတော့။

ငြိမ်းဝေ
၁၉၉၁၊ ဒီဇင်ဘာလ

November 17, 2008

ချစ်သူ ဘလော့ဂါမိတ်ဆွေများသို့

အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ဘလော့ကို ကျနော် လှည့်မကြည့်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ကျနော့်ကို လာရောက်အားပေး ဖေးကူ နှိုးဆော်ကြသူတွေကို ကျနော့်ဘက်က ကျေးဇူးစကား တုန့်ပြန်ဖို့ရာ ပျက်ကွက်ခဲ့ပါတယ်။

ကျနော့်ဆီကို တလေးတစားနဲ့ လာရောက်အားပေးကြ အလည်လာကြ နှုတ်ဆက်ခဲ့ကြတဲ့ ဒေါ်ပန်လေး၊ ငြိမ်းချမ်းအောင်၊ ကိုအေးကြူ၊ ရဲဝံ့သူ၊ မဟာမေ၊ ကိုအောင်၊ ကိုညိမ်းညိုလေး၊ ကိုမြတ်သူ၊ အောင်သာငယ်၊ ကောင်းကင်ကို၊ မဆုမွန်၊ မောင်မောင်ငယ်၊ ကိုဂင်ကြီး၊ Republic၊ အိုးဝေအောင်၊ ဒေါ်တန်ခူးနှင့်တကွ ကျန်လာလည်သော်လည်း ကွန်းမန့်မချန်ထားခဲ့ကြတဲ့ ခင်မင်သူအားလုံး ကျနော့်ကို ခွင့်လွတ်ဖို့ ထပ်လောင်းတောင်းပန်အပ်ပါတယ်။
နောက်ပိုင်းမှာတော့ ကျနော့်ဘလော့ကို ပြန်လည်အသက်ဝင်အောင် ကြိုးစားသွားပါ့မယ်။

အားလုံးကိုချစ်ခင်စွာဖြင့်
ငြိမ်းဝေ

November 03, 2008

သူရဲကောင်းတဦး ဆုံးရှုံးခြင်း


(က)

၂၀၀၈-ခု၊ စက်တင်ဘာလ (၂၁) ရက်၊ ညနေ ...(၄း၀၀) နာရီ။
မဇ္ဈိမအွန်လိုင်းမဂ္ဂဇင်းကိုဖွင့်တော့ ထိပ်မှာတင်ထားသည့်သတင်းကို အရင်ဖတ်သည်။ ပြီးတော့မှ အောက်က တန်းစီဖော်ပြထားသည့် သတင်းကို ဆက်ဖတ်သည်။ ကျနော့်ပါးစပ်မှ တစုံတရာ မပီမသ ထွက်ပေါ်လိုက်သည့် အသံကြောင့် တူမလေး “နိုးနိုး” က ကျနော့်ကို အလန့်တကြားလှမ်းကြည့်၏။
“ဘာဖြစ်လို့လည်း ... ဘဘ”



ရုတ်တရက် သူ့ကို စကားပြန်မပြောနိုင်သေး။ ကျနော် ဖတ်ချင်သည့်သတင်းခေါင်းစဉ်ကို ကလစ်ကာ သတင်းအကျယ်ကိုဖွင့်ရ၏။ ပြီးတော့မှ ကိုဝသုန်၏ နာရေးသတင်းကို ကျနော်ဖတ်သည်။
“ဘာဖြစ်လို့လည်း ဘဘ”
ကျနော့်အနားလာရပ်ပြီးမှ ကျနော့်ကို စိုးရိမ်တကြီးကြည့်နေသည့် တူမလေးကို အဖြေပေးဖို့ သတိရ သွားသည်။
“ဘဘမိတ်ဆွေ ... ပန်းချီဆရာ ၀သုန် ... ဆုံးသွားလို့ပါသမီးရယ် ...၊ အဲဒီ ပန်းချီဆရာက ဘဘ ဘ၀ထဲက သူရဲကောင်းတဦးပဲ သမီးရဲ့ ... ဖြစ်မှဖြစ်ရလေ သမီးရယ်... ဘဘ လုံးဝမမျှော်လင့်ထားမိဘူး...၊ သူနေထိုင်မကောင်းဖြစ်နေတာကိုလည်း ဘဘ မကြားခဲ့ရဘူး ...ခုတော့ ကိုဝသုန်ဆုံးသွားပြီ သမီးရယ်၊ ကိုဝသုန်ဆိုတာ ဘဘအတွက်တော့ တကယ့်ကို သူရဲကောင်းပဲ”
သာမာန်ထက်လွန်ကဲသောစကားများ စကားလုံးများကို ကျနော့်ထံမှ မကြာခဏကြားရဖန်များသဖြင့် ကျနော့်အပေါ် နားလည်နေပြီဖြစ်သည့် တူမလေး “နိုးနိုး” က၊ ကျနော့်ကို စိတ်မကောင်းသည့်မျက်နှာနှင့် ငုံ့ကြည့်နေသေး၏။
“ဟုတ်တယ် သမီးရေ ... ကိုဝသုန်ဆိုတာ ဘဘအတွက်တော့ တကယ့်ကို သူရဲကောင်းပါပဲကွာ”

(ခ)

သူ့ကို လူချင်းမတွေ့ဖူးခင်ကတည်းက သူ့ပန်းချီပုံများကို ကျနော်တွေ့ဖူးနေခဲ့သည်။ မိုးဝေမဂ္ဂဇင်း တွင် ပါရှိသည့် သူ့ရဲ့ကဗျာသရုပ်ဖော်ပုံများကို ကျနော်စွဲလန်းခဲ့၏။ ကျနော်ထင်ပါသည် ထိုစဉ်က ကျနော်သည်ပင်မက၊ စာပေ ၀ါသနာပါသူ လူငယ်တိုင်း သူ့ရဲ့ကဗျာသရုပ်ဖော်ပုံများကို နှစ်သက်ခဲ့ကြသည်ဟု ကျနော်ယုံကြည်၏။ သူ့ကဗျာ သရုပ်ဖော်ပုံများက ကောက်ကြောက်များ ပျော့ပျောင်းသလောက် အင်မတန်ခွန်အားပြည့်သည့် သရုပ်ဖော်ပုံများ ဖြစ်ကြ၏။ ဖွဲ့စည်းပုံကလည်း သူနှင့် ခေတ်ပြိုင် တခြားပန်းချီပုံများနှင့် လုံးဝမတူ၊ လိုင်းခွဲ၏။ သစ်၏။ ကျနော် သိထားရသလောက် ပန်းချီဝသုန်သည် မိုးဝေမဂ္ဂဇင်းတွင်ပင် ကဗျာသရုပ်ဖော်ပုံများ စတင် ရေးဆွဲခဲ့သည်ဟု ထင်၏။ သူ့ရဲ့ကဗျာ သရုပ်ဖော်ပုံများ ထူးခြားသစ်လွင်ကာစက သူသည် မဂ္ဂဇင်းမျက်နှာဖုံး ပန်းချီကားကိုပင် ဆွဲခွင့်မရခဲ့သေး။
၁၉၇၃-ခု ...။ ရန်ကုန်အင်ဗွိုင်းခန်းမ၊ ပန်းချီပြပွဲတခု...။
ကျနော်တို့နှစ်ယောက် ခန်းမကြီးထဲဝင်သွားတော့ ပန်းချီကားကြည့်သူ လူ(၂၀) ခန့်ကို ခန်းမထဲတွင် တွေ့ရသည်။ ကျနော်က ကဗျာသရုပ်ဖော်ပုံဆွဲသည့် ပန်းချီဆရာ “၀သုန်” နှင့် လူချင်းတွေ့ရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားလွန်းနေ၏။ ကျနော့်ကို ဦးဆောင်ခေါ်လာသူ “ကိုစန်းမောင်” ကမူ၊ ပန်းချီဆရာ “၀သုန်” နှင့် တွေ့ဖူး၊ သိဖူးနေပြီးဖြစ်၏။ “ပန်းချီဝသုန်” မှာ မိုးဝေမဂ္ဂဇင်းတွင် ၀င်ရေးကြသည့် ကဗျာဆရာများနှင့် အားလုံး လိုလို ရင်းနှီးပြီးဖြစ်၏။
အရပ်ရှည်ရှည် ...ပိန်မျောမျော အသားညိုညို... နှာတံကောင်းကောင်း၊ မျက်ခုံး မျက်လုံးကောင်းကောင်းလူတယောက၊် လူအုပ်ကိုဖြတ်ပြီး ကျနော်တို့ရှိရာ လျှောက်လာ၏။
“ကိုဝသုန်ရေ ... ဒါမျိုးတင့်နိုင်ပဲ”
ကိုဝသုန်က ကျနော့်ကို ပြုံးပြနှုတ်ဆက်သည်။ သူ့အပြုံးမှာ ပင်ပမ်းနွမ်းနယ်နေသည်ဟု ထင်ရ၏။ သူသည် အင်ဗွိုင်းခန်းမပန်းချီပြပွဲ တာဝန်ခံဖြစ်သဖြင့် အလုပ်ရှုပ်ကာ ပင်ပမ်းနွမ်းနယ်လျက်ရှိ၏။
“ခင်ဗျားနဲ့ ကိုစန်းမောင်ကဗျာကို သရုပ်ဖော်ပုံ ကျနော်ဆွဲပေးတာ ဘယ့်နှယ်လည်း သဘောကျရဲ့လား”
ကိုဝသုန်က ကျနော်နှင့် ကိုစန်းမောင်၊ နှစ်ဦးတွဲပြီး ဘာသာပြန်ခဲ့သည့် “ပြောက်ကျား ရဲဘော်များ” ကဗျာရှည်ကို သရုပ်ဖော်ပုံဆွဲပေးခဲ့၏။ မိုးဝေစာပေမဂ္ဂဇင်းတွင် တင်ခဲ့သည့် ကဗျာဖြစ်၏။
“ဟာ ...ကြိုက်တာပေါ့ဗျာ၊ ဘယ့်နှယ့်ပြောပါလိမ့်၊ ကိုဝသုန် လုပ်စရာရှိတာလုပ်ပါ၊ ကျနော်တို့က တကူးတက ဧည့်သည်တွေမှ မဟုတ်တာ”
လူတချို့ ကျနော်တို့အနားရောက်လာကာ ကိုဝသုန်နှင့်စကားပြောကြသည်။ ကျနော်နှင့် ကိုစန်းမောင်က ကိုဝသုန်ကို နှုတ်ဆက်ပြီး လူချင်းခွါလိုက်ကြ၏။ ခဏကြာတော့ လူအုပ်ထဲမှဖြတ်ကာ ကျနော်တို့ဆီ ကိုဝသုန်ရောက်လာပြန်သည်။
“လာဗျာ ... အထဲမှာ လ္ဘက်ရည်သောက်ကြရအောင်၊ အပြင်မှာဆိုရင် စကားပြောလို့ရမှာ မဟုတ်ဘူးဗျ”
ကိုဝသုန်က ရှေ့ကဦးဆောင်ကာ၊ ပန်းချီကားများ၏ နောက်က အခန်းတခုထဲသို့ ၀င်ခဲ့ကြလေ သည်။

(ဂ)

“ခင်ဗျားက ကျနော်နဲ့တနှစ်ထဲ မွေးတာပဲ၊ ဒါပေမယ့် ကျနော့်ထက် ငါးနှစ်လောက် အနည်းဆုံး ငယ်မယ်လို့ထင်ခဲ့တာ၊ ပြီးတော့ ခင်ဗျားကော ...ကိုစန်းမောင်ကော၊ တကယ်အရက်မသောက်တတ်ကြ ဘူးနော်”
“ဟုတ်တယ်၊ အရက်မသောက်တတ်တာက ပြဿနာမဟုတ်ပါဘူးဗျာ၊ ကျနော်တို့က မကြိုက်လို့ကို မသောက်ဖြစ်ကြတာပါ၊ အခုလည်း ထန်းရေ မသောက်ပေမယ့် ပဲလှော်ဝိုင်းစားလို့ရတာပဲဟာ၊ ဘယ်လိုလည်း ဒီပေါ်က မြင်ကွင်းကို သဘောကျတယ်မို့လား”
ကိုဝသုန်က ပန်းချီကားဒေါက်ဘေးတွင်ရပ်နေရင်းက ရွှေမော်ဓောဘုရားဆီ လှမ်းကြည့်၏။ သူ့မျက်လုံးများမှာ ရုတ်တရက် မှိုင်းသွားသည်ဟု ကျနော်ထင်မိ၏။ တောအုပ်များအတွင်း မြုပ်ချီ ပေါ်ချီဖြစ်နေသည့် ပဲခူးမြို့မြင်ကွင်းကို အပေါ်ဆီးမှမြင်နေရ၏။ ဖြောင့်တန်းသော ကားလမ်းတခုမှာ တောအုပ်ထဲမှာ ခေါင်းထိုးတိုးဝှေ့ကာ ခြင်္သေ့ကြီးနှစ်ကောင်၏ခြေရင်းတွင် ၀ပ်စင်းရပ်တန့်သွားကြ၏။ ချွန်မြ မြင့်မားသည့် ရွှေတောင်ကြီးတခုကို ထီးထီးမတ်မတ်မြင်နေရ၏။
“ခင်ဗျား ... ဒီနေရာ အရင်ကတည်းက ရောက်ဖူးနေတာလား”
“ဟုတ်တယ်၊ ဒါပေမယ့် ဒီနေရာကို ကျနော်ကစပြီး တွေ့တာမဟုတ်ဘူး၊ ကိုအောင်မြင့်က စပြီး တွေ့ထားတာ၊ သူခေါ်လာလို့ ကျနော်လည်း ခဏခဏရောက်ဖူးတာ၊ ခင်ဗျားလာလည်တော့ ပဲခူးမြို့ အပေါ်ဆီးမြင်ကွင်းကို ပန်းချီင်္ဆွဲလို့ရမလားဆိုပြီး ကိုအောင်မြင့်နဲ့တိုင်ပင်ပြီး ခင်ဗျားကိုခေါ်လာကြတာ၊ အခုတော့ ခင်ဗျားက သဘောကျတယ်ဆိုတော့ ခေါ်လာရကျိုး နပ်တာပေါ့ဗျာ”
ထိုနေ့က ကျနော်တို့ဆီလာလည်သော ပန်းချီဝသုန်ကို ကျနော်နှင့် နယ်ခံပန်းချီ ဆရာလေး “ကိုအောင်မြင့်” တို့က မဟာစေတီဘုရားကြီးဆီခေါ်လာခဲ့ကြ၏။ ထိုစဉ်က မဟာစေတီဘုရားကြီးမှာ မြေငလျင်ဒဏ်ကြောင့် ငှက်ပျောဖူးနေရာမှ စတင်ပြီး ပြတ်ကျနေ၏။ ထီးတော်သစ် ပြန်မတင်ရသေး။ ကိုအောင်မြင့်က မဟာစေတီဘေး၊ ထန်းတောထဲမှ ထန်းရေအိုး (၂) အိုးနှင့် ပဲလှော်တထုပ်ဝယ်ကာ မဟာစေတီပေါ်သို့ ဦးဆောင်ပြီးတက်၏။ ပြတ်ကျနေသော ငှက်ပျောဖူးနေရာအထိ တက်ကြ၏။ ထိပ်ပေါ်သို့ ရောက်သောအခါ လှည်းနှစ်စီးသာသာ အုပ်ခုံအကျယ်ကို တွေ့ကြရ၏။ ထိုအုပ်ခုံအကျယ်ပေါ်တွင် သုံးယောက်သားရပ်ကာ ပဲခူးမြို့ကို အပေါ်ဆီးမှကြည့်ကြ၏။ ကိုဝသုန်က ချက်ချင်းဆိုသလို ပန်းချီဆွဲရန် ပြင်ဆင်လေတော့သည်။
“ကဲ ခင်ဗျားလည်း စကားပြောရင်း၊ ပဲလှော်ဝါးရင်း၊ စာဖတ်ရင်းပေါ့၊ ကျနော်လည်း ပန်းချီဆွဲလိုက် ဦးမယ်၊ ပဲခူး အမှတ်တရတပုံတော့ ရကောင်းပါရဲ့”
ကျနော်က ပဲလှော်ကို ဖြောင့်အောင် မ၀ါးနိုင်ပါ။ စာကို ဖြောင့်အောင် မဖတ်နိုင်ပါ။ မတ်တပ်ရပ်ပြီး ပန်းချီဆွဲနေသည့် ကိုဝသုန်ကိုသာ မသိမသာအကဲခတ်နေခဲ့မိ၏။ ကိုဝသုန်နှင့် ပါတ်သက်သော သတင်း စကားများကို ပြန်တွေးနေခဲ့မိ၏။
ကိုဝသုန်သည် ဆင်းရဲလွန်း၏။ မာနကြီးလွန်း၏။ စာအလွန်ဖတ်၏။ နိုင်ငံရေးခံယူချက်ရှိ၏။ ထိုအချိန်မှစတင်ကာ အသက်အရွယ်ချင်းတူသော်လည်း သူ့ကို ကျနော်က ကျနော့်ဘ၀ထဲက “သူရဲကောင်း” တဦးအဖြစ် လေးစားအားကျနေခဲ့မိ၏။ သူ၏ ရုန်းကန်ကြိုးစားမှုများ၊ သူရဲ့ကျော်ကြားစပြုလာနေသည့် ပန်းချီ ကားများ ...။ သူသည်ကား မိုးဝေစာပေမဂ္ဂဇင်း ကဗျာဆရာ အသိုင်းအ၀ိုင်းနှင့်တသားတည်းရှိခဲ့သော တဦးတည်းသော ပန်းချီဆရာ။

(ဃ)

ပန်းချီဝသုန်နှင့် ကျနော် နောက်ပိုင်းတွင် လူချင်းမဆုံဖြစ်တော့ပါ။ ကျနော်ကလည်း အစိုးရခန့် မူလတန်းပြ ကျောင်းဆရာဘ၀ကိုစွန့်ကာ မထင်မရှား တံငါရွာလေးတရွာသို့ ပြောင်းရွှေ့ပြီး ဘ၀အချိုးအကွေ့ များနှင့် လုံးချာလည်နေခဲ့၏။ သို့သော် ကိုဝသုန်၏သတင်းများကိုမူ အမြဲမပြတ်ကြားနေခဲ့ရ၏။ အထူးသဖြင့် ကိုဝသုန်၏ အနုပညာမာနဆိုင်ရာ ဂုဏ်သတင်းမှာ ပုံပြင်များသဖွယ် ကျနော် ကြားနေခဲ့ရ၏။ ကိုဝသုန်နှင့် နာမည်ကျော်ရုပ်ရှင်မင်းသားတဦး၏သတင်းမှာ ဟိုးဟိုးကျော်နေခဲ့၏။ ကိုဝသုန်သည် အနုပညာမာနနှင့် ပါတ်သက်လာလျင် လျှာပေါ်တွင် မြက်ပေါက်လာပစေ အလျှော့ပေး အညံ့ခံတတ်သည့် ပန်းချီဆရာမဟုတ် ဆိုသည်မှာ အနုပညာအသိုင်းအ၀ိုင်းတခုလုံး သိရှိလက်ခံလာခဲ့ကြရ၏။ သူ့ကို ချစ်ဦးညိုက “ပန်းချီဝသုန် သို့မဟုတ် မာနဖြင့် ယဉ်ကျေးခြင်း” ဟု ရေးခဲ့ဖူးသည် မဟုတ်ပါလား။
၂၀၀၃-ခု၊ ဒီဇင်ဘာလထဲတွင် ကိုဝသုန်၏ “သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ” စာအုပ် ထွက်လာ၏။ ထိုအခါ သူ့ဝတ္ထုတိုများကို မဂ္ဂဇင်းတချို့တွင် ပြေးရင်းလွှားရင်းဖတ်ခဲ့ရသည်မို့ အခုလို တစု တစည်းတည်း ဖတ်ခွင့်ရသောအခါ၊ ပြောမပြနိုင်လောက်အောင် ၀မ်းသာနေခဲ့မိ၏။ သူ့ဝတ္ထုများထဲက သူ့ရဲ့ စစ်မှန်လေးနက်လှသည့် အနုပညာမာနကို ကျနော်ဖတ်ရှုရ၏။ သိမ့်မွေ့နက်ရိုင်းလှသည့် သူ့နှလုံးသားဓါတ်ခံ ကို ကျနော်ထိတွေ့ခွင့်ရ၏။ သူ့ဝတ္ထုများကိုဖတ်ကာ သူနှင့်ကျနော် ဝေးသထက်ဝေးရာမှာ နီးသထက်နီးလာ နေသည်ဟု ခံစားရ၏။ ထို့ကြောင့် ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် သူ၏ “သားကလေးအမည်မသိနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ကျနော် ဝေဖန်စာ ... အမှတ်တရရေးခဲ့၏။
အခုတော့ ... ပန်းချီဆရာ (ကို) ၀သုန် ဆုံးပါးသွားခဲ့ပြီ။ ကျနော့်ဘ၀ထဲက ကျနော် လေးစား ကြည်ညိုအားကျခဲ့ရသည့် သူရဲကောင်းများအနက် “သူရဲကောင်းတဦး” ဆုံးရှုံးသွားခဲ့ရပြီ။ ကျနော် ယုံကြည်ပါသည်။ “ပန်းချီဝသုန်” ဆိုသည်မှာ ကျနော်အတွက်သာလျင် သူရဲကောင်းတဦးမဟုတ်ပါ။ ကျနော်တို့တိုင်းပြည် အနုပညာစစ်မျက်နှာပေါ်က သူရဲကောင်းတဦး ဆုံးရှုံးသွားခြင်းဖြစ်သည်ဟုလည်း ကျနော် အခိုင်အမာဆိုလိုက်ပါပြီ။
“ပန်းချီဝသုန်” ကောင်းရာသုဂတိလားပါစေ ...။ ။



ငြိမ်းဝေ


(ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက မဇ္ဈိမမှာ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။)

ဆရာတော်ဦးစာရိန္ဒ၊ စာတစောင်နှင့် လပြည့်နေ့ည ဘုရားပွဲ


ဈေးဆိုင်တန်းအားလုံးလိုလို ကက်ဆက်သံ၊ ဓါတ်စက်သံများ အပြိုင်အဆိုင်ဖွင့်ထားကြသဖြင့် ပွဲခင်း တခုလုံး ဆူညံလျက်ရှိ၏။ ခနော်ခနဲ့တန်းလျားပေါ်တွင်ထိုင်ရသည်မှာ လဲမကျအောင်ထိန်းပြီး ထိုင်ရ၏။ သည်ကြားထဲ လယ်ကွက်ထဲတွင် ကုလားဖျဉ်းထိုး ဆိုင်ဖွင့်ထားသည်မို့ မြေကြီးခဲ၊ ရိုးပြတ်ငုတ်တိုနှင့် ပတ်ကြားအက်များကြောင့် တန်းလျားမှာ တလှုပ်လှုပ်ဖြစ်နေ၏။ ကိုယ်ကငြိမ်အောင်ထိုင် ပေသည့်ဘေးချင်း ယှဉ်ထိုင်ပြီး မုန့်ဟင်းခါးစားနေသူနှစ်ယောက်က အငြိမ်မနေကြ။ ငြုပ်သီးထထည့်၊ ဟင်းရည်ထတောင်းနှင့် ထိုင်လိုက်ထလိုက်လုပ်သည့်အခါ ကျနော့်လက်ထဲက ဇွန်းမှာ ပါးစပ်ပေါက်ဝတွင် ယိမ်းထိုးလျက်ရှိ၏။

လူတယောက် ... ကျနော့်ကြောကို ထိမှီကာရပ်လိုက်သည်။ ခေါင်းကိုမော့ပြီးကြည့်တော့ ကရင် အမျိုးသားတယောက်ကိုတွေ့ရ၏။ ခါးတွင် စောင်တထည်ပတ်လျက်၊ ပုဆိုးတိုတို၊ အင်္ကျီခတ်နွမ်းနွမ်း။
“ဟား ... ဗိုလ်ကျော်ဆန်း”
သူက ကျနော်နှင့်ခွါကာ၊ ဆိုင်တံစက်မြိတ်တွင် သွားရပ်ပြီး စောင့်နေ၏။ ကျနော်က မုန့်ဟင်းခါးဖိုး ရှင်းသည်။ တံစက်မြိတ်ဝတွင် ရပ်နေသည့် ဗိုလ်ကျော်ဆန်းဘေးတွင် ရပ်သည်။
“ခင်ဗျားတယောက်ထဲ ပွဲခင်းထဲထွက်လာတာလား၊ တယောက်ယောက်တော့ခေါ်လာမှပေါ့”
“ဘယ်မှမသွားပါဘူး၊ မုန့်ဟင်းခါးတပွဲစားပြီး လုံခြုံရေးတဲပြန်မှာပါ၊ ခေါ်လာရမှာလည်း အားနာလို့ပါ”
“ဒါဆိုရင် ဆရာတော်ဘုရားဆီ ခဏလိုက်ခဲ့ဦးဗျာ၊ ဆရာတော်ဘုရားက အရေးကြီးတဲ့ကိစ္စတခု တိုင်ပင်စရာရှိတယ်ဆိုပြီး ခင်ဗျားနဲ့ကျုပ်ကို အခေါ်ခိုင်းလိုက်လို့”
ကျနော်တို့နှစ်ယောက် ပွဲခင်းထဲက ထွက်တော့ ကော်ဟဲရွာထိပ်တွင် မှောင်နှင့်မည်းမည်းဖြစ်နေ၏။ ပွဲသွားပွဲလာလူတချို့ ကျနော်တို့ဘေးမှ ဖြတ်လျှောက်သွားကြ၏။ ဗိုလ်ကျော်ဆန်းက လက်နှိပ်ဓါတ်မီးကို အုပ်ပြီးထိုးကာ ရှေ့ကလျှောက်၏။ လက်နှိပ်ဓါတ်မီးအလင်းရောင်မှာ တလံကွာကွာလောက်အထိသာ ထိရောက်၏။
ဖါးအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ရေးတာဝန်ခံ ဗိုလ်ကျော်ဆန်းနှင့် ကျနော် လူချင်းတွေ့ဖူးသည်မှာ သုံးရက်သာလျင် ရှိသေး၏။ ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်၊ ဖြတ်ဖြတ် လတ်လတ်၊ အသက် (၅၀) ၀န်းကျင် ကရင်လူမျိုးတဦး။ စကားကို လေလုံးကွဲရုံမျှသာ အသံနှိမ့်ပြီး ပြောတတ်သူ။
ဘုရားကျောင်းဝန်းထဲတွင် မီးစက်ဖြင့် မီးချောင်းများထွန်းထား၏။ ကျောင်းမကြီးပေါ်တွင်မူ မီးချောင်း များ မှိတ်ထားကာ၊ ရေနံဆီမီးခွက်တလုံးသာ ကြမ်းပြင်ပေါ်ချထားသည်ကို တွေ့ရ၏။ အနားကိုရောက်တော့ ကျောင်းထိုင်ဆရာတော်ဦးစာရိန္ဒနှင့် အခြားပုဂ္ဂိုလ်နှစ်ဦး ထိုင်နေသည်ကိုတွေ့ရ၏။
“ဆရာတော်ဘုရား ... တပြည့်တော်ကို အခေါ်ခိုင်းတယ်ဆိုလို့ပါဘုရား ...”
“အေး၊ ဟုတ်တယ် ဒကာကြီး၊ ကျုပ်ဆီကို ကင်းသမားက တဆင့် စာတစောင်ရောက်လာတယ်၊ အဲဒါ တိုင်ပင်ချင်လို့ အခေါ်ခိုင်းလိုက်တာ”
ဘေးတွင်ကပ်ထိုင်နေကြသည့် ရွာသားနှစ်ဦးက လူစိမ်းဖြစ်သူ ကျနော့်ကို အကဲခတ်နေကြ၏။ မိဆိုင်းတောင်ပေါ်ဘုရား (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကျင်းပရေးကော်မီတီလူကြီးများဖြစ်မည် ဟု ယူဆမိ၏။
“အော် ... သတင်းထောက် ဒကာကြီးပါ.. ပါလာတာကိုး၊ ...အဆင်ပြေတာပေါ့၊ ကျုပ်တော့ ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ မသိတော့ပါဘူး၊ ၀ိုင်းပြီး စဉ်းစားကြပါဦး”
ဆရာတော်ဘုရားက ကြမ်းပြင်ပေါ်က စာရွက်တရွက်ကိုယူကာ ဗိုလ်ကျော်ဆန်း လက်ထဲသို့ လွှဲပေး လိုက်၏။ ဗိုလ်ကျော်ဆန်းက မီးခွက်ကိုဆွဲယူကာ စာရွက်ကိုငုံ့ပြီး ဖတ်၏။ အတန်ကြာဖတ်ကြည့်ပြီးမှ ကျနော့် ဆီကို လွှဲပေး၏။ လက်ထဲရောက်လာသည့်စာရွက်ကိုကိုင်ကာ မီးခွက်အနားကို တိုးကပ်ပြီး ဖတ်သည်။



၂၄.၃.၉၄
တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

တပည့်တော်တို့လည်း ဆရာတော်ဘုရား၏ လပြည့်နေ့ည ဘုရားပွဲကို ဓါတ်ပုံများ၊ ဗွီဒီယိုများရိုက်ကူးပြီး မှတ်တမ်းတင်ချင်ပါသည်ဘုရား။ အရှင်ဘုရားအနေနှင့် တပည့်တော်တို့ကို လာခွင့်ပြုမည်ဆိုလျှင် ကင်းသမား နှင့်အတူ ဘိတ်စာလေးတစောင်ရေးပြီး ပို့ပေးလိုက်ပါရန် လျှောက်ထားပါသည်ဘုရား။

(တပ်ခွဲမှူး)
ခလရ (၄၂) ရွှေအုပ်ကျေးရွာစခန်း

လက်ထဲက စာရွက်ကို ငုံ့ဖတ်နေရင်းက တအံ့တသြငိုင်နေမိသည်။ ကျနော့်ထံက စကားကို နားစွင့်နေကြသည့် ၀ိုင်းထိုင်သူများကိုပင် မေ့သွားရ၏။ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မီတီ ဥက္ကဌ ဆရာတော်ဦးစာရိန္ဒထံ နအဖစစ်တပ်က ရေးပို့သည့်စာဖြစ်၏။
“ပဒိုကိုလေးဆီကိုကော အခေါ်ခိုင်းထားပြီးပြီလားဘုရာ့”
“ခေါ်တော့ ခေါ်ခိုင်းထားတာပဲ ဒကာကြီး၊ အခုပဲ ရှစ်နာရိထိုးတော့မယ်၊ ပဒိုကိုလေးက ချက်ချင်း ထလိုက်လာရင်တောင် တနာရီလောက်ကြာဦးမယ်၊ ပွဲက ကိုးနာရီမှာထွက်မယ်လို့ပြောတယ်၊ အကျိုးအကြောင်းစာပြန်ရင်လည်း ညဥ့်နက်မှ စာပြန်လို့မဖြစ်ဘူးမို့လား၊ ပဒိုကိုလေး မလာခင် ကျုပ်တို့ဖာသာ ကျုပ်တို့ စဉ်းစားထားဖို့လိုတာပေါ့”
နယ်ခံပုဂ္ဂိုလ်များထက် ကျနော့်အဖို့ ပိုပြီး စဉ်းစားရခက်၏။ ကျနော်က ခဏတဖြုတ်ရောက်လာသည့် အာဂန္တုဧည့်သည်။ ဘာတခုမျှ အကျွမ်းတ၀င်သိရှိထားသူမဟုတ်။ တချိန်တည်းမှာပင် ဆရာတော်ဘုရား၊ ဗိုလ်ကျော်ဆန်းနှင့်တကွ တာဝန်ရှိသူများအဖို့လည်း စဉ်းစားဆုံးဖြတ်ရခက်ခဲလိမ့်မည်ဆိုသည်ကို ကျနော်သိ၏။
“ဆုံးဖြတ်ရခက်တာတော့ အမှန်ပဲ ဒကာကြီးရ”
ဝိုင်းထိုင်နေသူအားလုံး ငြိမ်ချက်သားကောင်းနေကြ၏။ အတွေးကိုယ်စီနှင့်အလုပ်ရှုပ်နေကြရ၏။
“သူတို့ပြောသလို ဖိတ်လိုက်ရင်ကော တကယ်လာပါ့မလား၊ တပည့်တော်တို့ဖက်က ဒီပွဲကို နောက်က အမာခံထားပြီး ကျင်းပတယ်ဆိုတာသိလို့ ဆရာတော်ဘုရားကို ကလိတာများလားမှ မသိတာ၊ စာထဲမှာ သူတို့လည်းပဲ ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ချင်ပါတယ်ဆိုတာက၊ တောင်ပေါ်ဘုရားမှာ မနေ့တုန်းက ဗဟိုက အဖွဲ့တွေ တချိန်လုံး ဗွီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေတာ သူတို့သိလို့ ဒီလိုလှမ်းပြီး ကတောက်တာလဲ ဖြစ်နိုင်တယ်ဘုရာ့”
ဗိုလ်ကျော်ဆန်း၏စကားအပေါ် မည်သူမျှရုတ်တရက် သဘောထားမပေးနိုင်ကြ။ ကျနော်ကလည်း မ၀ံ့မရဲဝင်ပြီး အကြံပြုဖို့စဉ်းစားမိ၏။
“ဖိတ်စာပို့ကြည့်ရင် ကောင်းမလား၊ ပွဲခင်းထဲကို ဘယ်သူမှ လက်နက်ကိုင်ပြီး၊ ယူနီဖောင်းဝတ်ပြီး မလာရဆိုပြီး ဆရာတော်အမိန့်ထုတ်တာဆိုတော့၊ ဒီကောင်တွေ လက်နက်မပါပဲတော့ လာရဲမှာ မဟုတ်ဘူး ဖုရား၊ လက်နက်ကိုင်ပြီးလာလို့ကလည်းမရဆိုတော့ ဒီကောင်တွေလာရဲမယ်မထင်ဘူးဘုရာ့”
“ဒါလည်း မဖြစ်သေးဘူး ဒကာကြီးရဲ့၊ သူတို့က လက်နက်ကိုင်ပြီးပဲလာလာ၊ လက်နက်မပါပဲနဲ့ပဲ လာလာ၊ ပွဲခင်းထဲ သူတို့လာပြီဆိုတာ သိတာနဲ့တပြိုင်နက် ပွဲလည်းပျက်မှာပဲ၊ အကုန်ထွက်ပြေးကြမှာပဲ၊ အခုပဲ ကြည့်လေ သူတို့က တညနေလုံး လက်နက်ကြီးထုပြီး အသံပေးနေတာ ဒကာကြီးလည်း အကြားပဲဟာ”
“ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ ... တခုခုတော့ အကြောင်းပြန်ရမယ်နဲ့တူတယ်”
“အဲဒါပြောတာပေါ့၊ ဘယ်လိုအကြောင်းပြန်ရမလဲဆိုတာ ဆုံးဖြတ်ရခက်လို့ပေါ့”
“အကြောင်းမပြန်ပဲ ဒီအတိုင်းနေလိုက်ပြန်ရင်လည်း ပွဲပြီးရင် ဆရာတော်ဘုရားကိုများ သူတို့က ပြဿနာရှာလာနိုင်မလား”
“ဒါလည်း အတတ်မပြောနိုင်ဘူး သတင်းထောက်ကြီးရဲ့၊ ပြီးတော့ ဒီလိုစာလာပို့တာက အစ သတင်းမပေါက်ကြားရအောင် ပိတ်ထားရတယ်၊ တော်ကြာပွဲပျက်သွားမယ်မို့လား”
ကျနော်က မီးခွက်ဘေးတွင်ချထားသည့်စာရွက်ကိုယူကာ နောက်တကြိမ်ထပ်ပြီး ဖတ်ကြည့်မိပြန် သည်။ စာ၏အောက်ခြေ၌ တပ်ခွဲမှူး၏အမည်မပါသော်လည်း လက်မှတ်ထိုးထားသည်ကိုတွေ့ရ၏။ ထိပ်တွင် တပ်ခွဲရုံးတံဆိပ်ရိုက်ထားသည်ကို တွေ့ရ၏။
“တပည့်တော်က မသိလို့၊ စိုးရိမ်လို့မေးတာပါဘုရား၊ တကယ်လို့ ဆရာတော်ဘုရားက ဖိတ်စာမပို့ပဲ ထားရင် ဒီကောင်တွေ ပွဲခင်းထဲများ လက်နက်ကြီးနဲ့ ထုချင်ထုမလားမသိဘူးဘုရာ့”
“အေး ... ဒါလည်း ပြောလို့တော့မရဘူးပေါ့ ဒကာကြီးရာ၊ ဒကာကြီးတောင် မနက်က ပွဲလာတဲ့ ရွာသားတယောက်နဲ့စကားပြောရသေးတယ်မို့လား၊ ဟို ... လက်မှာ လက်နက်ကြီး ကျည်ဆံရှပ်ထိထားလို့ ပတ်တီးစီးတဲ့ ဒကာလေ”
ဟုတ်တော့လည်း ဟုတ်၏။ မနက်ပိုင်းက ကော်ဟဲရွာသို့ ပွဲကြည့်ရန်ထွက်လာကြသည့် ကျောင်းရွာက ရွာသားတအုပ်ကို နအဖစစ်တပ်က လမ်းမှဖြတ်တားပြီး စစ်ဆေးတားဆီးဖို့ကြိုးစားခဲ့၏။ ကြောက်လန့်ကာ ထွက်ပြေးသည့်ရွာသားများကို လက်နက်ကြီးနှင့် လှမ်းပစ်၏။ လက်မောင်းတွင် ဒဏ်ရာရခဲ့သည့် ရွာသားတဦး ကို ကျနော်သွားတွေ့ခဲ့၏။ သတင်းယူခဲ့ရ၏။ ဒဏ်ရာမှာ သွေးမတိတ်သေး။ ကမ္မမေါင်းဆေးရုံသို့ သွားပြသင့်ကြောင်း ကျနော်က အကြံပြုတော့လည်း သည်လို ဒဏ်ရာမျိုးနှင့် မြို့ကဆေးရုံတွင် သွားမပြရဲဟုဆို၏။ ရွာထဲက အရပ်ဆရာ နှင့်ပင် ကြိတ်ပြီးဆေးကုနေလေသည်။
စကားဝိုင်းဖွဲ့ထိုင်နေစဉ် ခြေသံကြားလို့လှည့်ကြည့်တော့ ခရိုင်အတွင်းရေးမှူး ပဒိုကိုလေးနှင့် ရွာသားနှစ်ဦး ရောက်လာသည်ကိုတွေ့ရ၏။
အချိန်အတန်ကြာဆက်ပြီး အကြိတ်အနယ် တိုင်ပင်ဆွေးနွေးကြပြန်သည်။ နောက်ဆုံး၌ နအဖ စစ်တပ်ထံ မည်သို့မျှ အကြောင်းမပြန်ပဲ သည်အတိုင်းပွဲကို ကျင်းပသွားရန်ဆုံးဖြတ်ခဲ့ကြ၏။ သို့သော် ရွာနှင့် ခတ်လှမ်းလှမ်းအထိ ပုန်းကင်းများ တိုးချဲ့ချထားကြရန် စီစဉ်ခဲ့ကြရ၏။ အစစအရာရာ သတိနှင့် ပြင်ဆင်ထားကြဖို့ လုံခြုံရေး ကင်းသမားများကို မသိမသာ နှိုးဆော်ကြရ၏။
ညဥ့် (၂) နာရီထိုးသည်အထိ မည်သည့်ထူးခြားမှုမျှ မရှိသေး။ လက်နက်ကြီးပစ်သံများကိုမူ နာရီဝက် တကြိမ်မျှ ကြားနေကြရ၏။ ဆိုင်းသံတိတ်ချိန်နှင့် လက်နက်ကြီးပစ်သံ ကြုံကြိုက်သွားပါက ပွဲကြည့်ပရိဿဒ်များမှာ အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်ကြရ၏။ ခေါင်းတဆန့်ဆန့်နှင့် လည်ပြန်တကြည့်ကြည့် ဖြစ်ကြရ၏။ ပြီးတော့ ဆိုင်းသံများပြန်လည်ဆူညံလာသည့်အခါ ပွဲစင်ဖက်သို့ မျက်နှာပြန်လှည့်ပြီး ပျက်လုံးများကို တဝေါဝေါနှင့် သဘောကျနေကြပြန်၏။
မနက်မိုးလင်းလို့ ပွဲခင်းထဲတွင် လူစုကွဲသောအခါကြမှ ကျနော်သည်လည်း လူအုပ်နှင့်ရောကာ ဘုန်းတော်ကြီး ကျောင်းဖက်သို့ထွက်ခဲ့ရ၏။ ကျောင်းမကြီးအောက်က ကုတင်တလုံးရှိရာသို့ အိပ်မှုံစုံမွှားနှင့် လျှောက်လာခဲ့၏။ ကုတင်ပေါ်တွင် အဖိုးအိုတယောက်ဟု ယူဆရသည့် လူတယောက်၊ ပုဆိုးခြုံကာ အိပ်ပျော် နေသည်ကို တွေ့ရ၏။ မိုးလင်းပြီဖြစ်သဖြင့် စိတ်ချယုံကြည်ရပြီဟု ပိုင်းဖြတ်ကာ အိပ်ပျော်နေသူ၏ ဘေးတွင်ပင် ၀င်ပြီး လှဲအိပ်လိုက်၏။
“ခင်ဗျား ... အခုမှ ပြန်လာတာလား”
မပီမသ နှုတ်ဆက်သံကြားလို့ ခေါင်းထောင်ပြီး ထကြည့်မိသည်။ ကျနော့်ဘေးတွင် ပုဆိုးခြုံပြီး အိပ်နေသည့် “ဗိုလ်ကျော်ဆန်း” ကို မမျှော်လင့်ပဲ တွေ့လိုက်ရ၏။ စကားပြန်ပြောမည်ဟု ရည်ရွယ်စဉ် ဗိုလ်ကျော်ဆန်းကို ကြည့်တော့ သူက မျက်လုံးများပိတ်ကာ ဟောက်သံပေးပြီး ပြန်လည်အိပ်ပျော်နေ လေတော့သည်။ ။

ငြိမ်းဝေ

(ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက မောင်သစ်ဦးကလောင်အမည်နဲ့ မဇ္ဈိမမှာရေးခဲ့တဲ့ ခရီးသွားဆောင်းပါးဖြစ်ပါတယ်။)

“တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေး ရင်ခုန်သံ


(က)

၁၉၇၃-ခုနှစ်လောက်ကဖြစ်သည်။
ကျနော်က ကျောင်းပိတ်ရက်တွင် ရန်ကုန်သို့ နေ့ချင်းပြန် အလည်သွားတတ်၏။ ရန်ကုန် (၂၇) လမ်း ထဲတွင် အလုပ်လုပ်သည့် ကဗျာဆရာ “မုံရွာအောင်ရှင်” နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းချုပ်ရုံး တွင် အလုပ်လုပ်သည့် ကဗျာဆရာ “အောင်ဇင်မင်း” တို့ထံ ချီတက်သွားလေ့ရှိ၏။ သူတို့ဆီက ရသမျှ စာအုပ်စာတမ်းများကိုယူကာ ပဲခူးသို့ပြန်လေ့ရှိ၏။



ပဲခူးတွင် စာပေ၀ါသနာရှင် လူငယ်တစုရှိခဲ့၏။ မင်းခိုင်ဦး၊ ကိုခါး (ကိုခါး- ကွမ်းခြံကုန်း မဟုတ်ပါ။) ကိုစန်းမောင် (ယ္ခု - ဗဟိုတရားရုံးရှေ့နေ)၊ ကိုခင်ဦး၊ စိုးမိုးတင် (ခရေ) အစရှိသည့် ကဗျာရေးသူ လူငယ်တစု အဖို့ ထိုအချိန်က စာအုပ်စာတမ်းတွေထဲ တောနင်းသွားလာလျက်ရှိသောအချိန်ဖြစ်၏။ ကျနော်နှင့် ကိုစန်းမောင်က မိုးဝေစာပေမဂ္ဂဇင်းကဗျာဆရာများနှင့် ထိတွေ့နီးစပ်သဖြင့် ပဲခူးက ယင်းလူငယ်တစုကို အများဆုံး အကူအညီပေးနိုင်ခဲ့၏။ ထိုစဉ်အချိန်က ကျနော်တို့ရဲ့ လေ့လာရေး ရေချိန်မှာ အမြင့်ဆုံးဖြစ်ခဲ့၏။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အရှေ့လေက အနောက်လေကို ဖိတိုက်နေသောအချိန်ဖြစ်၏။ နယ်ချဲ့နိုင်ငံ များ အရင်းရှင်နိုင်ငံများကို ထိုးနှက်တိုက်ခိုက်နိုင်သည့် တော်လှန်ရေးလက်ဝဲအယူအဆများကို နှစ်နှစ်ကာကာ လေ့လာနေခဲ့ကြ၏။
ကဗျာဆရာ “အောင်ဇင်မင်း” အလုပ်လုပ်သည့်ရုံးမှာ စိနသံရုံးနှင့် မဝေးလှ။ လမ်းလျှောက် သွားလျင် ရောက်၏။ ထို့ကြောင့် ရန်ကုန်ရောက်သည့်အချိန်တိုင်း (ကို) အောင်ဇင်မင်းထံ ကျနော်ရောက်၏။ သူက စိနသံရုံးကို လိုက်ပို့၏။ စိနသံရုံးက ရသမျှစာအုပ်စာတမ်းများကိုတောင်း၏။ (ကို) အောင်ဇင်မင်းမှာ စိနသံရုံးကို အ၀င်အထွက်များသူဖြစ်၏။ သူနှင့်ခင်မင်သမျှ စာပေသမားလူငယ်တိုင်းကို စိနသံရုံးဆီ စေတနာ့ ၀န်ထမ်းပို့ပေးနေခဲ့ဟန်တူ၏။ သံရုံးတာဝန်ရှိသူများက သူ့ကိုသိ၏။ သူက သံရုံးယဉ်ကျေးမှု ကောင်စစ်ဝန် အမျိုးသမီး နှင့်လည်း ရင်းနှီး၏။
ရန်ကုန်ရောက်သည့်အချိန်တိုင်းလိုလို စိနသံရုံးနှင့် မြောက်ကိုရီးယားသံရုံးများသို့ မရောက်သည့် အခေါက်ဟူ၍ မရှိသလောက်ပင်ဖြစ်၏။ ရုရှသံရုံးသို့မူ ကျနော်တို့မသွား။ ကျနော်တို့က ရုရှတို့ကို ပြန်လည် ပြင်ဆင်ရေးသမားများဟု သတ်မှတ်၏။ ထို့ကြောင့် သူတို့သံရုံးသို့မူ မသွားခဲ့။
သံရုံးမှ စာအုပ်စာတမ်းများ၊ လမ်းဘေးစာအုပ်အဟောင်းဆိုင်များမှရသည့် စာအုပ်စာတမ်းများမှ တဆင့် တော်လှန်ရေးဆင်နွှဲနေသော နိုင်ငံများ၏ ကဗျာများကို ကျနော်တို့ စုဆောင်းခဲ့၏။ ကျနော်၊ ကိုစန်းမောင်၊ ကိုခါး၊ မင်းခိုင်ဦးတို့ (၄)ဦး ပေါင်းပြီး “ဒီရေ” နှင့် “ဆီးပွင့်” ဟု အမည်ပေးထားသော ကဗျာ စာအုပ်များထုတ်ကြ၏။ နိုင်ငံတကာ ကဗျာဘာသာပြန်စာအုပ်များဖြစ်၏။ လက်ရေးကျောက်ပုံနှိပ် လက်ချုပ်စာအုပ်ငယ်များဖြစ်၏။
ထိုစဉ်က ကျနော်က စစ်ဆန့်ကျင်ရေးကဗျာများကိုသာရွေးပြီး ဘာသာပြန်ခဲ့သည်။ အထူးသဖြင့် တရုပ်နှင့်ဂျပန်စစ်ဆန့်ကျင်ရေးကဗျာများကို ရှာ၏။ ရွေး၏။ သည်လိုနှင့် တရုပ်ကဗျာဆရာ “တူဖူး” ရဲ့ ကဗျာ များကို ကျနော်ဖတ်ခွင့်ရလာခဲ့၏။

(ခ)

တရုပ်ကဗျာဆရာ “တူဖူး” ပေါ်ထွန်းခဲသည့်ခေတ်မှာ နှယ်နှယ်ရရခေတ်မဟုတ်။ တရုပ်ကဗျာ သမိုင်းတွင်၊ ကဗျာရွှေခေတ်ကြီးဟု တင်စားရလောက်အေင် ... လူတွေက ကဗျာကို အထူးတလည် ချစ်မြတ်နိုးကြသော ခေတ်ကြီးဖြစ်၏။ အင်မတန်ထင်ရှားသည့် “တူဖူး” ၊ “၀မ်ဝေ” ၊ “လီပို” တို့လို ကဗျာဆရာကြီး များ ပေါ်ပေါက်ခဲ့သည့် ခေတ်ဖြစ်၏။ ထိုခေတ်မှာ “တန်မင်းဆက်ခေတ်” ဖြစ်၏။
“တန်မင်းဆက်ခေတ်” က၊ လူတွေ ကဗျာကို အလေးအနက်ထားကြပုံမှာ သြချယူရလောက်၏။ ဥပမာ ... ဈေးဆိုင်တွေ၊ အိမ်နံရံတွေမှာ ကဗျာတွေ ရေးကပ်ထားကြ၏။ လူတချို့သည် ကဗျာစာသားများကို ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ရည်စုတ်ထိုးပြီး ရူးသွပ်ခဲ့ကြ၏။ ထိုခေတ်က ပေါ်သည့် ကဗျာဆရာများကလည်း သဘာဝပတ်ဝန်းကျင်အပေါ် အလေးအနက်ထားစုံမက်ကြပုံမှာ အံ့သြရလောက်၏။ ဥပမာ ကဗျာဆရာ “လီပို” သည် ယန်စီမြစ်ထဲက “လ” ကို ဆင်းဆယ်ဖို့ ကြိုးစားရင်းက ရေနစ်ပြီး သေခဲ့ရသည်ဟုဆို၏။ သည်လို ၀န်းကျင်၊ သည်လို အနေအထားမျိုးတွင် ကဗျာဆရာ “တူဖူး” ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
“တူဖူး” သည် ခရစ်သက္ကရာဇ် ၇၁၂- ခုနှစ်တွင် မွေး၏။ ၇၇၀- ခုနှစ်တွင် ဆုံး၏။ ခရီး အင်မတန်သွား၏။ ပဒေသရာဇ် မင်းစိုးရာဇာ စာမေးပွဲများတွင် အကြိမ်ကြိမ်ရှုံးနိမ့်သော်လည်း ကဗျာဆရာတဦးအနေနှင့်မူ ပဒေသရာဇ် စစ်ဘုရင်များက အစ၊ သာမာန်ဆင်းရဲသား အဆုံး လေးစားခြင်းခံခဲ့ရ၏။ သူသည် လူပေါင်း (၁၆) သန်းကျော် သေဆုံးသည်ဟု ယူဆခဲ့ကြသည့် “လူရှန်ပုန်ကန် အုံကြွမှုကြီး” ကို အသက် (၄၀) ကျော်မှာ ကြုံတွေ့ခဲ့ရ၏။ စစ်ဘုရင်တွေ အချင်းချင်းဖြစ်ကြသည့် စစ်ပွဲမှာ ၉- နှစ် ကြာခဲ့၏။ “တူဖူး” သည် အဖမ်းခံခဲ့ရသေး၏။ နယ်နှင်ခံခဲ့ရ၏။ ပြည်ပြေးဖြစ်ခဲ့ရ၏။ စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရ၏။ သည်အဖြစ်အပျက်ကြီးက “တူဖူး” ကို မည်ကဲ့သို့ ရိုက်ခတ်ခဲ့သနည်း။ သူ့ကဗျာများထဲ၌ သူက မည်ကဲ့သို့ ထည့်သွင်းရေးစပ်ခဲ့သနည်း။
မိသားစုဘ၀မှာလည်း “တူဖူး” သည် ကံမကောင်းပါ။ မိခင်က သူ့ကိုမွေးပြီးကာစမှာပင် ဆုံး၏။ ဖခင်က နောက်အိမ်ထောင်ပြု၏။ သူက အဒေါ်ဖြစ်သူထံသွားနေရင်း ကြီးပျင်းရ၏။ သူ့ကဗျာများထဲ၌ သူ့ဖခင်၊ သူ့ ညီအစ်ကိုသားချင်း ...၊ သူ့အဒေါ်တို့အကြောင်း ရေးဖွဲ့တတ်သော်လည်း သူ့မိဒွေးကိုမူ စာတလုံးမျှ ထည့်မရေးခဲ့။ “တူဖူး” သည် ကဗျာပုဒ်ရေ (၁၅၀၀) ကျော် ရေးဖွဲ့သွားခဲ့၏။ နေရာဒေသမျိုးစုံ ခရီးသွားခဲ့၏။ သူ့ဘ၀နှောင်းပိုင်း (၉) နှစ် လုံးလုံး ဆင်းရဲကြီးစွာ နေသွားခဲ့၏။ ငှက်ပျောဖက် တဲအိမ်ဆောက်ပြီး နေခဲ့သည် များလည်းရှိ၏။ အသက် (၅၈) နှစ်တွင် လှေတစင်းပေါ်၌ ဖျားနာရင်း သေဆုံးခဲ့ရ၏။
သူ့ကဗျာတွေက သူ့ခေတ် သူ့ကာလ သမိုင်းရေးအဖြစ်အပျက်များကို အခြေခံသဖြင့် သမိုင်းဆရာတို့ အတွက် တန်ဖိုးကြီးသော ကဗျာများဖြစ်လာခဲ့၏။ အထူးသဖြင့် သူ့ကဗျာများထဲတွင် ကျနော် စိတ်အ၀င်စား ဆုံးမှာ “စစ်” ကို ဖွဲ့သည့်ကဗျာများဖြစ်၏။ ထိုခေတ်က လူတွေ ... စစ်အပေါ်ဘယ်လိုမြင်ကြသလဲ။ စစ်ပွဲတွေ အပေါ် ဘယ်လိုသဘောထားကြသလဲ။ အထူးသဖြင့် ကဗျာဆရာတွေက စစ်ကို ဆန့်ကျင်ကြသလား၊ ထောက်ခံခဲ့ကြသလား။ သူတို့သည် စစ်မုန်းသူလား၊ စစ်ကို လိုလားကြသူတွေလား။ ကျနော် သိချင်၏။ ထို့ကြောင့် “တူဖူး” ရဲ့ ကဗျာများကို ရနိုင်သမျှရအောင် ကျနော်စုဆောင်းခဲ့သည်။ ဖတ်ခဲ့သည်။ “တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေးအမြင်ရှိသည်ဟု ယူဆရသည့် ကဗျာ(၄) ပုဒ်ကို ဘာသာပြန်ခဲ့သည်။ “ဆီးပွင့်” ကဗျာစာအုပ် တွင် ထည့်ခဲ့သည်။
အခု ... “တူဖူး” ရဲ့ “စစ်ဆန့်ကျင်ရေး” ကဗျာတပုဒ်ကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း တထောင်ကျော်က၊ ကဗျာဆရာတယောက်ရဲ့ စစ်ပွဲတခုအပေါ်မြင်တဲ့ အမြင်ကို ခံစားမျှယူလို့ရနိုင်ကောင်းရဲ့ ဟု ကျနော်ယူဆမိ၏။ “တူဖူး” က သူ့ကဗျာထဲမှာ စစ်ပွဲကြောင့် မိသားစုတွေ ပြိုကွဲဒုက္ခရောက်ရသည်ဟု ဖွဲ့ဆိုခဲ့၏။


နွေဦးကာလ စစ်ပွဲ

နိုင်ငံတော်သည်ကား
ပြိုကျပျက်စီးသွားခဲ့ပြီ။
တောင်ကုန်းတွေ စမ်းချောင်းတွေသာပဲ
အသက်ရှင်သန်ဆဲ။
နွေးဦးကာလ မြို့တော်ထဲ
မြက်ခင်းနဲ့ သစ်ရွက်တွေ ရှင်သန်ဆဲ။
ပန်းပွင့်တွေကတော့
မျက်ရည်သုပ်ရင်းက အချိန်ကုန်လွန်ကြ။
ငှက်တွေ
ထိတ်လန့်ခြောက်ခြားနေဘွယ်ထင်ရ
သူတို့လည်းပဲ
ခွဲခွါကြရမှာကို မုန်းတီးကြတာပဲ။
မီးတွေ လောင်ကျွမ်းနေခဲ့တာ
သုံးလပင် ကြာခဲ့ပြီ။
အိမ်တအိမ်က စကားတခွန်းကြားရဖို့ဆိုတာ
ရွှေအချိန်တတန်ထက်ပင် တန်ဖိုးကြီးပြီပေါ့။
သေးသေးမျှင်မျှင်လေးပေါက်လာတဲ့
ငါ့ဆံပင်ဖြူတချောင်းကို ငါနှုတ်တော့
ဆံပင်ဖြူက
ငါ့ဦးထုပ် ဆံထိုးကြား
တွယ်ကပ်လို့ ထားလေရဲ့။ ။


ငြိမ်းဝေ

ကိုးကား။ ။ THREE CHINESE POETS : VIKRAM SETH

(ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက မဇ္ဈိမမှာ မောင်ဖူးတင့်ကလောင်အမည်နဲ့ တင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)

October 19, 2008

မိုးတည လရောင်တခုနဲ့ ကတိစကား


အခုတလော
ငါ့ခေါင်းပေါ်က ကျော်ခွသွားကြ
တိမ်မဲတချို့ဟာ သံတုံးသံခဲတွေဖြစ်နေခဲ့။



အဲဒီ တိမ်တလိပ်ရဲ့
အဖွင့်အပိတ်ကြားကပဲ
ဒလိမ့်ခေါက်ကွေး ကျလာတတ်တဲ့
လရောင်တစက်နှစ်စက်
ငါ့နှလုံးသားထက် တုံးလုံးပက်လက်ခေါက်။

ကြည့်စမ်းပါဦး
အနီရောင် မရင့်တရင့်
တိမ်တပွင့်က အရိပ်တခုနဲ့ကခုန်
သေရည်စုံဆိုင်းချက်မှာ သိုင်းကွက်တွေနင်းနေခဲ့။

မဒေ၀ီရေ
မင်းရဲ့ ပန်းတွေအကြွေဆုံးဘဝ
ငါ့ရဲ့ ပန်းတွေအဝေဆုံး ကာလ
မျဉ်းပြိုင်ချကြည့်နေတုန်းပဲလား
သွားစမ်းပါ။

`၀တ်မှုန်ကူးကြ ၀တ်မှုန်ကူးကြ´ တဲ့
ကျနော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော်
`ဘုန်းမော်´ `ဖော်ဝေး´
ဆွေးတမွမွ ရေးတဖွဖွ
ဘ၀တချို့လေ လန်းဆတ်နေခဲ့။

မိုးခါးရေကို ငြင်းဆန်လိုက်သတဲ့
သောင်ရင်းမြစ်ရဲ့ မဟာရာဇ၀င်
မယုံချင်လည်း ရပါတယ်။

မည်သို့ပင်ဆိုစေ
`မာနယ်ပလော´ ရေ
မင်းကိုငါ
အသေအချာ ပြောလိုက်ပါပေရဲ့
မင်းဟာ
ငါ့ရဲ့ နှလုံးသားဒီမိုကရေစီမှာ
ဘယ်တော့မှ အပျိုရည်မပျက်စေရဘူးဆိုတာ
ယုံပါ။ ။

ငြိမ်းဝေ

(ဒီကဗျာလည်းပဲ ရေးခဲ့တာ ၁၀နှစ်ကျော်ပါပြီ။ ကာပြွန်တီ ဗဂျော်ဂျီများဖြစ်ကြတဲ့ အောင်သာငယ်တို့ ပန်ဒိုရာတို့ကို အားကျပြီး ကိုယ်တိုင် ကဗျာသရုပ်ဖော်ပုံကို ဆွဲလိုက်ပါတယ်။)

October 17, 2008

ယုံတော်မူတမ်းချင်း



ကျနော့်ရဲ့ ပထမဆုံးများထဲမှာ
ကိုယ့်ကိုကိုယ် ကဗျာရေးလို့ရလောက်ပြီလို့ ယူဆမိအောင် ကျေနပ်ခဲ့ရတဲ့ ကဗျာတပုဒ်အကြောင်း ရေးခဲ့မိတယ်။ ခင်မင်လေးစားရတဲ့ ဘလော့ဂါတချို့က ဒီကဗျာကို ဖတ်ချင်တယ်လို့ဆိုတယ်။ ဒီကဗျာက ကျနော့်ချစ်သူ `မဒေ၀ီ´ အတွက် ရေးခဲ့တဲ့ ကဗျာပါပဲ။ `ယုံတော်မူတမ်းချင်း´ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာပါ။

ကျနော့်ချစ်သူဟာ ကျနော်နဲ့လက်တွဲပြီးကတည်းက အခုအချိန်အထိ ဘ၀ကို အပြင်းအထန် ရုန်းကန်ကျင်လည်ခဲ့ရလို့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော် ဒီကဗျာကို ရေးခဲ့တာပါ။ ကွယ်လွန်သူ ရောင်းရင်း ကဗျာဆရာ `ကေတု-ဘုန်းမော်´ က၊ `မဒေ၀ီအကြောင်း ... တစေ့တစေါင်းကြည့်ရုံနဲ့ ... ငါ့မှာ ...မောပမ်းရ ... ကျောချမ်းရ´ လို့ ကဗျာဖွဲ့ယူရလောက်အောင် အင်မတန် သူရဲကောင်းဆန်လှတဲ့ ချစ်သူပါ။ ကျနော်က ဘ၀ကို ကဗျာနဲ့ရေးပြီး ဖော်ပြဖို့ကြိုးစားနေတဲ့တချိန်ထဲမှာ ကျနော့်ချစ်သူက ကဗျာကို ဘ၀နဲ့ရေးနေခဲ့တာ။

ဒီကဗျာကို ၁၉၉၃-ခုနှစ် ကတည်းက ရေးခဲ့တာဆိုတော့ တချို့ကတော့ အသွင်ကောအနှစ်ပါ ဟောင်းသွားပြီလို့ ယူဆကောင်းယူဆနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ... ကျနော့်မှာ ရင်ခုန်လို့ကောင်းတုန်းပဲ။
ဖတ်ကြည့်ပါ။


ယုံတော်မူတမ်းချင်း

ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာလှော်ရ
တစ ... တစ။

`ဘ၀ဆိုတာ
လှပစွာ ဆင်းရဲခြင်း´တဲ့လား။

မင်းဟာ
လောကဓံကို ရန်သူလိုရင်ဆိုင်
ငါ့ရှေ့မှာကျတော့
ဒေ၀ီတပါးလို မင်းထိုင်ခဲ့။

`မျဉ်းဖြောင့်မှာ
အရောင်ရှိတယ်´ ဆိုတဲ့ စကား
မင်းနဲ့တွေ့မှ
ငါ ပိုပြီးခံစားလို့ ရခဲ့။

`အင်ဒါဆင်း´ ရဲ့ ရေသူမ
ကျမပါမောင်။
ကျမ
`ကဏ္ဍက လိုပေါ့
မီးလို လေလိုကျင့် ငါ့မြင်း
မင်းသခင်ကိုသယ်
ဒါမှ ကမ္ဘာကိုကယ်တင်မယ့်
ဒီကြီးမြတ်တဲ့အမှုမှာ
မင်းဝေစုပါမယ်´

ကဏ္ဍက ဇာတ်မဟာ
အနော်မာ တဖက်ကမ်းမှာဆုံးတော့
မင်းပြုံးရင်း ငိုတတ်ခဲ့ပြီနော် ...။

`ဒေ၀ီရယ်
ဘယ်လိုအကျိုးရှိမယ် မသိရတဲ့
ကြေကွဲဖွယ် နိမ့်ကျကျလမ်း
လိုက်ချင်လိုက်မယ်´ ဆိုတဲ့
ငါ့ရဲ့ ကဗျာရွတ်သံ
မင်း ဘယ်လိုခံနိုင်ရည်ရှိခဲ့ပါလိမ့်။
`ကျမနဲ့မောင်
ခလေးတွေအတွက်
ဖိနပ်တရံလို့ ယူဆရအောင်´ ဆိုတဲ့
မင်းရဲ့ မျက်ရည်ပျက်လုံး
ငါ့တသက်လုံး
ခံစားလို့ မဆုံးဘူး။

ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာ လှော်ရ
မင်းခြေဖ၀ါးက
သွေးစက်စက်ကျရသမျှ
မင်းမျက်ရည် ကျရသမျှ
.............................
..............................
ယုံတော်မူစမ်းတော့ မောင့်ဒေ၀ီ။ ။

ငြိမ်းဝေ

October 12, 2008

ဝိုးလ်ဆိုရင်ကာ သို့မဟုတ် အာဖရိကဒေစီပန်းတပွင့်


(က)

၁၉၉၆-ခု၊ နိုဝင်ဘာလထဲတုန်းက နိုင်ဂျီးရီးယားသတင်းစာဆရာ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမား “ကင်ဆာရိုဝီ၀ါ” ကို အိုဂိုနီလူမျိုးစုဝင်တချို့ အသတ်ခံရမှုမှာ ပါဝင် ပါတ်သက်တယ်ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ နိုင်ဂျီးရီးယားစစ်အစိုးရက ကြိုးပေးကွပ်မျက် လိုက်ပါတယ်။ ဒီသတင်းဟာ ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းအတွင်း အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။


ဒီတုန်းက “ကင်ဆာရိုဝီ၀ါ” ရဲ့ သတင်းကိုကြားရလို့ ကျနော်လည်းပဲ ကြေကွဲတုန်လှုပ်ခဲ့ ပါတယ်။ အခုလို ကြိုးပေးသတ်ခံရတဲ့ “ကင်ဆာရိုဝီ၀ါ” အတွက် ကြေကွဲရတာနဲ့ တချိန်ထဲမှာပဲ …၊ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ “၀ိုးလ်ဆိုရင်ကာ” အတွက်လည်း ကျနော့်မှာ ရတက်မအေးနိုင်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က၊ “၀ိုးလ်ဆိုရင်ကာ” ကိုလည်းပဲ မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတာမို့ အခုလို ဗရုတ်ဗရက်အခြေအနေမျိုးမှာ သူ့အတွက်ကိုလည်း ကျနော် စိုးရိမ်ခဲ့မိတာပါ။ ဒါပေမယ့်လည်း “၀ိုးလ်ဆိုရင်ကာ” က ၁၉၉၄-ခုနှစ်ကတည်းက ပြည်ပကို ထွက်ပြေးလွတ် မြောက်ပြီး အမေရိကနဲ့ ပြင်သစ်မှာ ခိုလှုံနေထိုင်ခဲ့တာမို့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး “ဆန်နီ အဘာချာ” ရဲ့ စက်ကွင်းက လွတ်ကင်းနိုင်ခဲ့ပါတယ်။

ပြည်ပမှာရောက်နေတဲ့ “၀ိုးလ်ဆိုရင်ကာ” ကို နိုင်ငံခြားသတင်းဌာနတွေက တွေ့ဆုံ မေးမြန်းကြတာတွေ ရှိခဲ့ပါတယ်။ ကြိုးပေးသတ်ခံရတဲ့ “ကင်ဆာရိုဝီ၀ါ” ကိစ္စအပေါ် သူ့အမြင် သူ့သဘောထားကို မေးကြမြန်းကြတာပါ။ တွေ့ဆုံမေးမြန်းခန်းတခုမှာ ထည့်ပြောလိုက်တဲ့ “၀ိုးလ်ဆိုရင်ကာ” ရဲ့ စကားတခွန်းက ကျနော့်ကို ထူးထူးခြားခြား မှတ်မှတ်သားသားဖြစ်စေခဲ့ ပါသေးတယ်။ သူက “ဘာရမလဲဗျ၊ ကျနော့်ကို မြန်မာစစ်အစိုးရ လုပ်သလို ဘယ်လုပ်လို့ ရမလဲဗျ” ဆိုတဲ့ စကားကို ထည့်ပြောပြီး နိုင်ဂျီးရီးယားစစ်အစိုးရလက်အောက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တဲ့ကိစ္စကို ရှင်းပြခဲ့လို့ပါပဲ။

(ခ)

“ကင်ဆာရိုဝီ” ကို ကျနော်က “၀ိုးလ်ဆိုရင်ကာ” လောက် မသိခဲ့ပါဘူး။ ၁၉၉၆-ခု၊ နိုဝင်ဘာလထဲမှာ ကြိုးပေးအသတ်ခံရတဲ့ အခါကြမှ “ကင်ဆာရိုဝီ၀ါ” အကြောင်း စုံစုံစေ့စေ့ သိခွင့်ရလာခဲ့တာပါ။ “၀ိုးလ်ဆိုရင်ကာ” ကြတော့ ဒီလိုမဟုတ်ဘူး။ သူ့ကို ၁၉၉၄-ခုနှစ် ကတည်းက ကျနော်သိခဲ့တာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ကျနော်စိတ်ဝင်စားခဲ့တာပါ။

၁၉၉၄-ခုနှစ်ထဲမှာ “၀ိုးလ်ဆိုရင်ကာ” တည်းဖြတ်ထုတ်ဝေတဲ့ “အာဖရိကတိုက်မဲကြီးရဲ့ ကဗျာဗျား” စာအုပ်ကို ကျနော်ဖတ်ခွင့်ရပါတယ်။ ဂျာမာန်သူမိတ်ဆွေတဦးက ကျနော့်ကို လက်ဆောင်ပို့ပေးတာပါ။ သူ့ကဗျာတွေကို စိတ်ဝင်တစားရွေးပြီး ဖတ်ပါတယ်။ ဒီကြားထဲ သူက အဲဒီ ၁၉၉၄-ခုနှစ်ထဲမှာပဲ နိုင်ဂျီးရီးယားက ထွက်ပြေးရပြီး၊ နိုင်ဂျီးရီးယားစစ်အာဏာရှင် ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
“၀ိုးလ်ဆိုရင်ကာ” ဟာ၊ အာဖရိကတိုက်ရဲ့ ပထမဆုံးစာပေ နိုဗယ်ဆု ရရှိတဲ့ လူမဲ ကဗျာဆရာလည်းဖြစ်ပါတယ်။ (၁၉၈၆) …။ ပြီးတော့ ပြည်ပမှာ အချိန်အကြာကြီး ထွက်ပြေး နေထိုင်ခဲ့ရသူ၊ ထောင်အကြိမ်ကြိမ်ကျသူ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထောင်ကျပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုင်ဂျီးရီးယား အနောက်ပိုင်း ရွေးကောက်တင်မြှောက်ပွဲမှာ အနိုင်ရရှိတဲ့ “အာကင်တိုလာ” ရဲ့ အောင်ပွဲမိန့်ခွန်းကို အ်ီဘာဒါ အသံလွှင့်ဌာနက တဆင့် အသံလွှင့်ဖို့ စီစဉ်နေတုန်း “၀ိုးလ်ဆိုရင်ကာ” က၊ သေနတ်တလက်ဆွဲပြီး အသံလွှင့်ရုံထဲ ၀င်လာခဲ့ပါတယ်။ ပြီးတော့ “အာကင်တိုလာ” ရဲ့ မိန့်ခွန်းတိတ်ခွေကို ဖြုတ်ပြီး ကြိုတင်ပြင်ဆင် လာခဲ့တဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရှုံ့ချတဲ့ အသံသွင်းတိတ်ခွေကို အသံလွှင့်လိုက်ပါ တယ်။ ဒါနဲ့ပဲ … သူလည်း ထောင်နန်းစံခဲ့ရတာပါ။ ၁၉၆၅-ခု...။ နိုင်ဂျီးရီးယားနဲ့ ဘီယာဖရာ စစ်ဖြစ်တော့လည်းပဲ ကြားဝင်ဆောင်ရွက်လို့ ထောင်ချခံရပြန်ပါတယ်။ “လီလီယန် ဟယ်မန်” နဲ့ “ရောဘတ် လိုဝဲ” အပါအ၀င် ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိသျှစာရေးဆရာတွေက နိုင်ဂျီးရီးယားအစိုးရကို ၀ိုင်းပြီး တောင်းဆိုကြလို့ ထောင်ကလွတ်လာပြန်တော့ သူ့ရဲ့ ပြဇာတ် တပုဒ်ကို လန်ဒန်မှာ ရုပ်ရှင်ရိုက်ပြီး ပြသလို့ ထပ်ပြီး အဖမ်းခံရပြန်ပါတယ်။

သူ့ရဲ့ အကျဉ်းထောင်အတွင်း အတွေ့အကြုံတွေအပေါ် မူတည်ပြီးရေးတဲ့ “သေလူ” လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ် (၁၉၇၂) ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ထုတ်ဝေခွင့် ပိတ်ပင် ခံရပါတယ်။ ၁၉၇၀-ခုနှစ်က ရေးခဲ့တဲ့ “သူရူးနဲ့ ပါရဂူများ” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပြဇာတ် တပုဒ်ဟာလည်း အကြီးအကျယ်နာမည်ကြီးခဲ့ပါတယ်။
၁၉၇၂-ခုနှစ်မှာ ပြည်ပကိုထွက်ပြီး စေတနာ့ဝန်ထမ်းကျောင်းဆရာလုပ်ပါတယ်။ ၁၉၇၅-ခုနှစ်ကြတော့ ဂါနာနိုင်ငံကိုသွားပြီး “အာဖရိကရှေ့ဆောင်ဂျာနယ်” မှာ အယ်ဒီတာ လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတ “ဂိုဝန်” ရာထူးက နှုတ်ထွက်သွားပြီးတဲ့အခါ “၀ိုးလ်ဆိုရင် ကာ” လည်း နိုင်ဂျီးရီးယားကို ပြန်လာခဲ့ပါတယ်။ အိုင်ဖီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ ပါမောက္ခလုပ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က နိုင်ဂျီးရီးယားပြည်သူတွေရဲ့ဘ၀ကို ထင်ဟပ်ဖော်ပြတဲ့ သူ့ရဲ့ “ကဘေးဘ၀ နှစ်ကာလများ” (၁၉၈၁) စာအုပ်နဲ့ “အရုဏ်ဦးမှာ သင်ဟာ ရှေ့သိုင်္ချီ” စာအုပ်တွေဟာ ထင်ရှားလှပါတယ်။

၁၉၉၃-ခုနှစ်ကြတော့ အာဏာသိမ်း စစ်အစိုးရဆန့်ကျင် ရေး လူထုဆန္ဒပြပွဲမှာ “၀ိုးလ်ဆိုရင်ကာ” တယောက် ပူးပေါင်းပါဝင်လာပြန်ပါတယ်။ ဒီချီတက်ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် လူစုခွဲတဲ့အခါ သူဟာ အဓိက မျက်မြင် သက်သေတဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ စစ်အစိုးရက သူ့ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ သူဟာ ပြည်ပကို အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချခဲ့ပါတယ်။

၁၉၉၈-ခု၊ အောက်တိုဘာလထဲမှာ ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” ရုတ်တရက် သေဆုံးတဲ့အခါ ဗိုလ်ချုပ်ကြီး “အက်ဘ်ဒူဆာလာမိ အဘူဘာခါ” အာဏာရလာပါတယ်။ သူကတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အတွက် “၀ိုးလ်ဆိုရင်ကာ” လည်း နိုင်ဂျီးရီးယားမြေကို ပြန်ပြီး နင်းခွင့်ရခဲ့ပါတယ်။ ပြည်တော်ပြန် နိုဗလ်ဆုရှင်ကဗျာဆရာ “၀ိုးလ်ဆိုရင်ကာ” ကို နိုင်ဂျီးရီးယား ပြည်သူတွေက သူရဲကောင်းတယောက်လို သဘောထားကြိုဆိုခဲ့ကြပါတယ်။

(ဂ)

အာဏာရှင်တွေကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေတင်မက၊ ပညာရှင်များလည်းပဲ အာဏာရှင်များရဲ့ အာဏာစက်ဒဏ်ကို ခံကြရပါတယ်။ ယုတ်စွအဆုံး ပညာရှင်တယောက်ဟာ အာဏာရှင်စနစ်ကို မတို့မထိပဲ နေသည့်တိုင်အောင် အာဏာရှင်တွေရဲ့ အခြေခံသဘော သဘာဝကိုယ်က ပညာရှင်ကို မလိုလားတဲ့ အခြေခံရှိတာမို့ ပညာရှင်တွေဟာ ဘေးသင့်ကြရ တာချည်းပါပဲ။ အာဏာရှင်လက်အောက်က ပြည်သူတွေကြတော့ ပညာရှင်ဟူသမျှကို လိုလား ထောက်ခံကြပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်ကို ထောက်ပြဝေဖန်ဆန့်ကျင်တဲ့ ပညာရှင်ဆိုရင် ပြည်သူတွေက နည်းလမ်းပေါင်းစုံသုံးပြီး ထောက်ခံကြောင်း၊ လေးနက်ကြောင်း ပြကြလေ့ရှိပါတယ်။ ဥပမာ ကျနော်တို့တိုင်းပြည်က ပြည်သူချစ်တဲ့ စာပေပညာရှင်များဖြစ်ကြ တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ၊ မင်းသုဝင်္ဏ၊ လူထုဒေါ်အမာ အစရှိတဲ့ စာပေ ပညာရှင်တွေရဲ့ မွေးနေ့ပွဲတွေ သေဆုံးတဲ့နေ့တွေကို စစ်အစိုးရက အလေးအနက်မထား ပေမယ့် ပြည်သူတွေကတော့ ထူးခြားလေးနက်တဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့နေ့များအဖြစ် သဘောထားသတ်မှတ်ပြီး တခမ်းတနားကျင်းပလေ့ရှိကြပါတယ်။

အခုလည်းပဲ ၁၉၃၄-ခုနှစ်မှာ မွေးဖွားခဲ့တဲ့ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ “၀ိုးလ်ဆိုရင်ကာ” ဟာ ၂၀၀၉ ခုနှစ်ထဲမှာ မွေးနေ့စိန်ရတုပြည့်တော့မှာပါ။ စာပေနိုဗယ်ဆုရှင် “၀ိုးလ်ဆိုရင်ကာ” ရဲ့ မွေးနေ့စိန်ရတုပွဲကို နိုင်ဂျီးရီးယားပြည်သူတွေက အလေးအနက်ထား ကျင်းပဂုဏ်ပြုကြလိမ့်မယ်လို့ ကျနော်ယုံကြည်မိပါတယ်။

ကိုးကား။ ။ ၁- စာပေအနုပညာရှင်များနှင့် စကားပြောခြင်း (လေးကိုတင်)
၂- MODERN AFRICAN POETRY
၃- POEMS OF BLACK AFRICA

ငြိမ်းဝေ
(ပြီးခဲ့တဲ့ တပါတ်က မဇ္ဈိမအွန်လိုင်းမှာတင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)

October 10, 2008

ဖိုးမောင်စိတ်ဓါတ် အဓွန့်ရှည်ပါစေ


စက်တင်ဘာလအတွင်းတုန်းက မဇ္ဈိမအွန်လိုင်းမှာ တင်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ် မွေးနေ့ရာပြည့် အထိမ်းအမှတ်အနေနဲ့ ရေးခဲ့တာပါ။

(က)

၁၉၇၃ - ခုနှစ်ကပါ ...။ “ရေဦး” ဆိုတဲ့ တံငါရွာကလေးတရွာမှာ ရွာငှါး ကျောင်းဆရာလုပ်ခဲ့စဉ်တုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတခုပါ။ ဒီတုန်းက ကျနော်က ဘုန်းကြီးကျောင်းမှာ ကပ်နေပြီး၊ စပါးနဲ့ငှါးတဲ့ ရွာငှါးကျောင်းဆရာလုပ်နေတဲ့အချိန် “မောင်ထူးရှင်” ဆိုတဲ့ ကျောင်းသားလေးနဲ့ဆုံခဲ့ကြပါတယ်။ ကျောင်းရန်ပုံငွေ ရဖို့ အတွက် စပါးလိုက်ရိတ်ကြရင်းက “မောင်ထူးရှင်” ပိုးထိပါတယ်။ ပိုးထိထားတဲ့ “မောင်ထူးရှင်” က သူ့ကို ပိုးထိ လိုက်တဲ့အခါ သူ့ဘေးမှာကပ်ပြီးရပ်နေတဲ့ ကျနော့်ကို နောက်ကိုဆုပ်ဖို့ ပြောပါတယ်။သူနဲ့ရင်ဘောင်တန်းပြီး ရပ်နေကြတဲ့ ကျောင်းသားတွေအားလုံး နောက်ကို ဆုပ်ခိုင်းပါတယ်။ ပြီးတော့မှ သူ့ခြေ ထောက်အောက်က မြွေပွေးကို တံစဉ်နဲ့ဖြတ်၊ အဲဒီ မြွေပွေးက ပေါက်ထားတဲ့ မြွေပွေးအသေးလေးတွေကို တံဇဉ် အနှောင့်နဲ့လိုက်ထု ...။ ပါးစပ်ကလည်း ကျန်တဲ့ကျောင်းသားတွေ ကန်သင်းရိုးပေါ် တက်နေကြဖို့ပြော။ သူက သူ့နေရာတ၀ိုက်ကို စပါးပင်တွေဖြဲပြီး တံဇဉ်နဲ့လိုက်ထု၊ ဖနောင့်နဲ့ပေါက် လုပ်နေတော့ သူ့ကို ပိုးထိထားတယ်လို့ ဘယ်သူမှ မထင်ဘူးပေါ့။ ကျနော်တို့အားလုံး ကန်သင်းရိုးပေါ်ရောက်ပြီး သူ့ကို ၀ိုင်းကြည့်နေတုန်း စပါးတောထဲ သူ ပစ်ပြီး လဲကျသွားမှ သူ့ကို ပိုးထိလိုက်ပြီဆိုတာ သိကြရတာ။ ကျနော်က ဘယ်ကျောင်းသားမှ လယ် ကွက်ထဲ မဆင်းစေပဲ သူ့အနားကို ကျနော်တယောက်ထဲ ပြေးဆင်းလိုက်တော့ “မောင်ထူးရှင်” က သတိတော့ မလစ်သေးဘူး။ လဲနေရာက လူးလဲထပြီး ကျနော့်ကို သူ့အနားမလာဖို့ ပြောနေသေးတယ်။ သူ့အနားကို ဇွတ်တိုး လာတဲ့ ကျနော့်ကို စကားတခွန်းနှစ်ခွန်းပြောနိုင်သေးတယ်။ “မောင်ထူးရှင်” နောက်ဆုံးပြောသွားတဲ့ စကားက ကျနော်တို့အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရတယ်။ “ကျနော့်ကို ပိုးထိထားပြီးပြီ၊ ငုံ့ကြည့်တော့ သားပေါက်ကလေးတွေ အထွေးလိုက်ပဲ ...၊ ဒါနဲ့ပဲ တခြားလူတွေ အကိုက်ခံရမှာစိုးလို့ တကောင်မကျန် ကျနော် လိုက်သတ်နေရသေးတယ်၊ ကျနော် အိပ်ချင်တယ် ဆရာလေး” ဆိုပြီး “မောင်ထူးရှင်” လည်း ကျနော့်လက်ပေါ်မှာ ထာဝရအိပ်ပျော်သွားခဲ့တယ်။
“မောင်ထူးရှင်” က အင်းစာရင်းငှါးတဦးရဲ့သား။ အမေ မရှိဘူး။ ဆင်းရဲလိုက်တာလည်း မပြောပါနဲ့တော့။ ပြီးတော့ ကျနော်နဲ့အတူ ဘုန်းကြီးကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစား။ သူ အခုလို ပိုးထိပြီးဆုံးတော့ ရွာသား တချို့က သူ့အဖေကို မြှောက်ပေးလို့ ဒိုင်နယ်ရုံးမှာ ကျနော်က တရားရင်ဆိုင်ရသေးတယ်။ ဒီလို ဘေးဥပါဒ် အန္တရာယ်ရှိတဲ့အလုပ်ကို ဘာပြုလို့ ကျနော်က ကလေးတွေကို လုပ်ခိုင်းရသလဲပေါ့။ ကျနော့်ဖက်က လိုက်ပါပြော ဆိုကြတဲ့ ကျောင်းသားမိဘတွေလည်း ရှိပါတယ်။ ကျနော်ကတော့ ဘာမှ မခုခံခဲ့ဘူး။ တရားဥပဒေအရသာ လုပ်ဖို့ ခေါင်းထိုးပြီး ရင်ဆိုင်ခဲ့တယ်။ “မောင်ထူးရှင်” အတွက် ကြေကွဲရတာပဲ ကျနော်သိတယ်။ နောက်ဆုံးတော့လည်း “မောင်ထူးရှင်” ရဲ့ ဖခင်က အမှုကို ပြန်လည်ရုပ်သိမ်းပြီး တခြားရွာကို ပြောင်းသွားပါတယ်။ ကျနော့်မှာတော့ ပိုးထိပြီး လဲကျသွားတဲ့ “မောင်ထူးရှင်” ကို မေ့လို့မရနိုင်ဘူး။ သူ နောက်ဆုံးပြောခဲ့တဲ့ စကားတွေကို နားထဲက မထွက်နိုင်ဘူး။ “မောင်ထူးရှင်” ဟာ ကျနော့်အတွက်တော့ တကယ့်ကို အညတြသူရဲကောင်းဖြစ်ခဲ့တော့တာပေါ့။

(ခ)

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်” မှာ အများအတွက် အနစ်နာခံသူ၊ အများအတွက် အသက်ပေးဖို့ ၀န်မလေးသူ နှစ်ဦးကို အဓိက ဇာတ်ကောင်ထားပြီး ဖွဲ့တဲ့ကဗျာ (၂) ပုဒ် ရှိပါတယ်။ (၂) ပုဒ်စလုံး နာမည်အလွန်ကြီးပါ တယ်။ “ဖိုးမောင်လာပြီ” ဆိုတဲ့ ကဗျာနဲ့ “သူ့မှာတမ်း” ဆိုတဲ့ ကဗျာ (၂) ပုဒ်ပါ။
ကျနော်ကတော့ ကျနော့်အထွာ၊ ကျနော့် နှလုံးသာ်းအခံအပေါ် မူတည်ပြီး “ဖိုးမောင်လာပြီ” ကဗျာကို ပိုပြီးနှစ်သက်တယ်။ ပိုပြီးခံစားရတယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီကဗျာထဲက အဓိကဇာတ်ကောင် “ဖိုးမောင်” က သာမာန်အညတြပုဂ္ဂိုလ်တယောက် ဖြစ်တာရယ်၊ ကျနော့် သူရဲကောင်း “မောင်ထူးရှုင်” နဲ့လည်း တူတယ်ထင်လို့ “ဖိုးမောင်လာပြီ” ကဗျာကို ပိုပြီး နှစ်သက်ခံစားလို့ရတာပါ။
“ဖိုးမောင်လာပြီ” ကဗျာမှာ ကဗျာ့ပရိယာယ်တွေ၊ အပြောနဲ့ အပြတွေကလည်း “သူ့မှာတမ်း” ကဗျာထက် ကျနော့်ကိုပိုပြီး စွဲဆောင်နိုင်တယ်။ ဥပမာအနေနဲ့ ပြောရရင် အပြောနဲ့ အပြ နှစ်ခုစလုံးရောပြီး ဖော်ပြထားတဲ့ “ဖိုးမောင်” ရွာကို ၀င်လာတဲ့ အခန်း၊ ဖိုးမောင်နဲ့ ဓါးပြတွေ မတွေ့ခင်၊ ဖိုးမောင်ကို ဓါးပြ တွေက မသတ်ခင်၊ ဖိုးမောင် ဓါးပြတွေ အသတ်ခံရတဲ့ည၊ ဖိုးမောင်ရွာကို ပြန်လာတတ်တဲ့ အချိန် ... အဲဒီအချိန် ကလေးကို ဖော်ပြတဲ့အခန်း၊ ပြီးတော့ ဖိုးမောင်က အော်ဟစ်သတိပေးလို့ တရွာလုံး မောင်းထုအော်ဟစ်ကြတဲ့အခန်း ...၊ အဲဒီ ကဗျာပိုဒ်တွေဟာ ၀ဏ္ဏတခုချင်းစီ အရကော၊ ပါဒ တကြောင်းစီအရပါ အင်မတန်ထိရောက်၊ တိကျ၊ ကျစ်လစ်၊ အားကောင်းတာတွေ့ကြရပါတယ်။

ဖိုးမောင့်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။

နောက်ထပ်တပိုဒ်က ...၊

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။

နောက်ထပ်တပိုဒ် ...၊

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တံခါးဝင်လို၊ သူ မဆိုဘဲ
“မောင်းကိုထုပါ၊ လူစုပါဟေ့၊
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊
ဓါးပြငါ့အား၊ ဖမ်း၍ထား” ဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။



ဒီကဗျာ (၃) ပိုဒ်ဟာ၊ ကဗျာ့ဇာတ်ကောင်တွေရဲ့လှုပ်နေတဲ့ စရိုက်တွေကို ပေါ်အောင်ဖွဲတဲ့ အပိုဒ်တွေပါပဲ။ ဇာတ်ကောင်တွေရဲ့ အလှုပ်အရှားအပေါ် မူတည်ပြီး ကဗျာဖတ်သူကို စိတ်မျက်စေ့နဲ့ မြင်နိုင်အောင်ဖွဲ့တဲ့ ကဗျာပိုဒ်တွေပါ။ ဒီကဗျာပိုဒ်တွေကို အားယူပြီး “ဖိုးမောင်” ရဲ့ ကြေကွဲဖို့ ကောင်းတဲ့ ဇာတ်လမ်းနဲ့ ဂုဏ်ပြုဖို့ကောင်းတဲ့ ဖိုးမောင့်စိတ်ဓါတ်ကို ကဗျာဖတ်သူတွေရဲ့ ရင်ထဲအရောက် ပို့လိုက် တာပါ။
သာမာန်အားဖြင့် ကြည့်ရင်တော့ “ဖိုးမောင်လာပြီ” ကဗျာဟာ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးတခုကို ပုံပြင်ဆန်ဆန် ပြောပြတဲ့ ကဗျာပါပဲ။ ဒါပေမယ့် ကဗျာဖတ်သူက ဖြည့်ပြီး တွေးရမယ့် မြှုပ်ထားတဲ့ကိစ္စတွေ၊ ကဗျာဖတ်သူက ဆင့်ပွားပြီး တွေးယူရမယ့် ဂယက်အနက်တွေကတော့ တတောတတောင်လုံး နှံ့အောင် လိုက်တွေးလို့ရနိုင်မလားပဲ။
“ဖိုးမောင်” ဟာ သာမာန်ဆင်းရဲသား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ရွာသာလေးတဦးပါ။ ကဗျာထဲမှာ ဖော်ပြမထားတော့ သူ့မှာ မိဘနှစ်ပါးမှ ရှိသေးရဲ့လား။ ရှိရင်လည်း အသက်အရွယ်ကြီး ရင့်ကြသူတွေ၊ ဒါမှမဟုတ် ကျန်းမာရေး ချွတ်ယွင်းကြသူတွေ၊ ဒါမှမဟုတ် မိစုံဖစုံမှ ရှိရဲ့လား။ ဖားရှာငါးရှာပြီးမှ အသက်မွေးဝမ်းကျောင်းရတဲ့ သူ ...။ ဖိုးမောင်ရဲ့ ဆန်တွင်းဟာ သူများတကာထက် ပိုပြီး နက်မှာကတော့ သေချာပြီပေါ့။ ဒါကြောင့်မို့ “ဖိုးမောင်” ဆိုတာ ရွာမှာ လူရာဝင်တဲ့ အနေအထားဘယ်ရှိနိုင်ပါ့မလဲ။ ဖိုးမောင်လို ဆင်းရဲသားလူငယ်တယောက်၊ ရွာမှာ မရှိရင်လည်း ဘာမှပိုပြီး မထူးခြားနိုင်လောက်အောင် ... တကယ့်ကို အရေးမပါ အရာမမြောက်တဲ့ လူတယောက်။ လူတွေဟာ ဖားရှာငါးရှာစားရတဲ့ “ဖိုးမောင်” ကို ဘယ်ဂရုစိုက်ကြမှာလဲ။ ဘယ်ကွမ်းတောင်ကိုင်၊ ဘယ် ပိုက်ဆံ ရှိသူ၊ ဘယ်မိသားစုကမှ “ဖိုးမောင်” ကို “ထမင်းလာစားလှည့်ဦး” လို့ တကူးတကန့်ထမင်းဖိတ်ကျွေးကြသူ ရှိပါ့မလဲ။
“ဖိုးမောင်” က ကင်းသမားတွေနဲ့တော့ အဆင်ပြေအောင် ဆက်ဆံထားပုံရပါတယ်။ညကြီးမင်းကြီး အချိန်မတော် ရွာကိုပြန်လာတဲ့ “ဖိုးမောင်” ကို၊ ကင်းသမားတိုင်းက မလွယ်ပေါက်ကို အသာဖွင့်ပေးဖို့ ၀န်မလေး ကြဘူး။ ဖိုးမောင်ရဲ့ဘ၀ဟာ ဆင်းရဲပါတယ်။ ရိုးစင်းပါတယ်။ မထူးခြားဘူး။ မထင်ရှားဘူး။ မကြီးမားဘူး။
တညမှာတော့ ရွာကိုကပ်ပြီး ဓါးပြတိုက်ဖို့ ချောင်းနေကြတဲ့ ဓါးပြတသိုက်နဲ့ ငါးရှာပြီး ပြန်လာတဲ့ ဖိုးမောင် တို့ ရွာဘေးမှာ ပက်ပင်းတိုးတော့ “ဖိုးမောင်” ကို ဖမ်းထားကြတာပေါ့။ တကယ်တော့ ဓါးပြတွေက “ဖိုးမောင်” ကို တမင်သက်သက်လာစောင့်ပြီး ဖမ်းကြတာပါ။ သူတို့က အချိန်မတော် ရွာတံခါးပွင့်ဖို့ဆိုရင် “ဖိုးမောင်” ရဲ့ အကူအညီရမှ ၀င်လို့ရမယ်ဆိုတာ စုံစမ်းထားပြီးသား။ ကင်းသမားက ဖိုးမောင်ဆိုရင် မလွယ်ပေါက်ကို ဖွင့်ပေးနေကြဆိုတာ ဓါးပြတွေက သိထားတော့ ဖိုးမောင်ကိုဖမ်းပြီး တံခါးဖွင့်ပေးဖို့ ဖိုးမောင်ကို ပြောကြတာပေါ့။ ပြောမပေးဘူးဆိုရင် သတ်ပစ်မယ်လို့ ဖိုးမောင်ကို ခြိမ်းခြောက်ကြတာပေါ့။ “ဖိုးမောင်” ဟာ ဓါးပြတွေက ကြိုးနဲ့တုတ်ပြီး ဖမ်းခံထားရတဲ့အချိန် ဘာတွေတွေးနေ ခဲ့သလဲ။ ပထမတော့ သူ့အသက်လွတ်အောင် ရွာတံခါးဖွင့်ပေးဖို့ ပြောလိုက်မယ်ဆိုတဲ့ စိတ်ကူးရှိမယ်။ ပြီးတော့ သူ့ကို ချည်ထားတဲ့ကြိုးကို ပြေအောင် ဘယ်လိုဖြေရပါ့မလဲလို့ တွေးကောင်းတွေးမယ်။ ဒါမှမဟုတ် သူ့ကိုကြိုးနဲ့တုတ်ထားတာ အရေးမကြီးဘူး၊ ရွာကို ဒီည ဓါးပြတိုက်တော့မယ့်ကိစ္စ၊ ရွာသားတွေသိရအောင် သူဘယ်လိုလုပ်ရပါ့မလဲလို့လည်း တွေးမိလိမ့်မယ်။ ရွာအတွက် စိတ်ပူလိမ့်မယ်။ အချိန်တိုအတွင်းမှာ သူဟာ ဆုံးဖြတ်ချက်ချရလိမ့်မယ်။ အဲဒီနောက် “မောင်းထုကြ၊ လူစုကြ၊ ဓါးပြတွေ ရွာကို ၀ိုင်းထားပြီ၊ ငါ့ကိုလည်း ဖမ်းထား ပြီဟေ့” လို့ အကြိမ်ကြိမ်အော်တော့တယ်။ ဖိုးမောင်ဟာ သူဒီလိုအော်ရင် သူ့ကို ဓါးပြတွေက ထုကြ ထောင်းကြ သတ်ကြမယ်ဆိုတာ ကြိုပြီး သိထားပြီးသားပါ။ သူ့မှာကြောက်စိတ်မရှိတော့ဘူးလား။ သူက ရွာကို သတိမပေးပဲ ထားလိုက်ရင် ရွာကို ဓါးပြတိုက်ခံရပေမယ့် သူ့အသက်တော့ လွတ်နိုင်တယ်ဆိုတဲ့ အတွေးကို သူ မတွေးတတ်ဘူး တဲ့လား။ သူ့အသက်ကို သတ်ချင်သတ်ပါစေ၊ ရွာကိုတော့ ဓါးပြရန်က ဝေးရင်ပြီးတာပဲဆိုတဲ့စိတ်ကို သူဘယ်လို လုပ်ပြီး တွေးနိုင်ခဲ့တာလဲ။ အဲဒီ တချိန်ထဲမှာပဲ ဆင်းရဲသားနင်းပြားသူ့ဘ၀ကို သူတွေးမိပြီး၊ တရွာလုံးက ငါ့ကို ဘယ်တုန်းကမှ လူရာမသွင်းခဲ့တာပဲ။ ငါက ဘာပြုလို့ ရွာကို ကာကွယ်နေတော့မလဲ၊ ငါ့အသက်လွတ်ရေးကိုပဲ ဦးစားပေးရမှာပေါ့ဆိုတဲ့ အတွေးကော မတွေးနိုင်ခဲ့ဘူးလား။
ဒီလိုနဲ့ ရွာကို အော်ဟစ်သတိပေးလို့ ဓါးပြတွေက “ဖိုးမောင်” ကို သတ်ပစ်လိုက်ကြပါပြီ။ ဖိုးမောင်ရဲ့အော်သံကြားလို့ ရွာသားတွေ မောင်းထု လူစုနိုင်ကြပြီ။ ရွာဟာ ဓါးပြ ရန်က ဝေးခဲ့ပါပြီ။ ဒီအခါကြတော့ ရွာသားတွေအားလုံး ဖိုးမောင့်ကျေးဇူးကို အထူးပြုကြရပြီပေါ့။ ဖိုးမောင်ရဲ့ စိတ် ဓါတ်ကို အသိအမှတ်ပြုကြပြီပေါ့။ ဖိုးမောင်ရဲ့ ကိုယ်ကျိုးစွန့်နိုင်တဲ့ သတ္တိကို လေးစားကြရပြီပေါ့။ ဖိုးမောင်ဟာ ဒီအခါကြတော့ သာမာန်လူထဲက လူတယောက်မဟုတ်တော့ဘူး။ ဖိုးမောင်ဟာ ရွာကို ဓါးပြဘေးက ကင်းဝေးဖို့ ဆိုရင် သူ့အသက်ကိုတောင် စွန့်လွှတ်ပြီး ကာကွယ်ဖို့ ၀န်မလေးတဲ့သူ။ ဖိုးမောင်ဟာ သူ့အသက်ကိုရင်းပြီး ရွာကောင်းကျိုး ရပ်ကောင်းကျိုး ဆောင်ရွက်သွားခဲ့သူ။ ဖိုးမောင်ဟာ သူရဲကောင်း ...။
ဖိုးမောင် ဒီလို အနစ်နာခံဆောင်ရွက်ခဲ့တာဟာ ရွာထဲက သူကြိတ်ပြီး ပိုးပမ်းခဲ့ရတဲ့ ကွမ်းတောင်ကိုင် မလေးအတွက် မဟုတ်ဘူး။ ရွာက ပိုက်ဆံရှိ လူချမ်းသာ ရွာ့မျက်နှာဖုံး “ဦးလာဘ” အတွက် မဟုတ်ဘူး။ တချိန် လုံး သူ့ကို လူလိုသူလို မဆက်ဆံခဲ့တဲ့ ရွာသူကြီး “ဦးစံတင့်” ဆီက မျက်နှာသာလေး ရလိုရငြား သူ ဒီလိုလုပ်ခဲ့ တာမဟုတ်ဘူး။ သူ့ရည်ရွယ်ချက်က၊ သူ့စေတနာက ပုဂ္ဂလကိစ္စ၊ ပုဂ္ဂလအကျိုးမဟုတ်ဘူး။ ဒီတော့ “ဖိုးမောင်” ဟာ ရွာအတွက်တော့ တကယ့်ကို ကျေးဇူးရှင်ဖြစ်ပြီပေါ့။ ရွာရဲ့ သူရဲကောင်းဖြစ်ပြီပေါ့။ ရွာရဲ့ စံပြပုဂ္ဂိုလ်ပေါ့။ ဒီလိုနဲ့ “ဖိုးမောင်” ကို ရွာက မမေ့နိုင်ကြတော့ဘူးပေါ့။“မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော် “ဖိုးမောင်လာပြီ” ဆိုဆဲပင် ...ပေါ့။”

ဆရာကြီး မင်းသုဝဏ်ရဲ့ “ဖိုးမောင်လာပြီ” ကဗျာဟာ တကယ့်ကို အလွမ်းဇာတ်ပါ။ ဒါပေမယ့် မဟာဆန် လွန်းတဲ့ အလွမ်းဇာတ်တခု။ ကြီးမြင့်ဂုဏ်ထယ်လွန်းတဲ့ လူသားတယောက်ရဲ့ မဟာအလွမ်းဇာတ်။

(ဂ)

“ဖိုးမောင်လာပြီ” ကဗျာထဲက “ဖိုးမောင်” ဟာ သာမာန်အညတြလူတယောက်။ ကျနော့်အတွေ့အကြုံ ထဲက “မောင်ထူးရှင်” ဟာလည်း သာမာန်လူတယောက်။ သူတို့နှစ်ယောက်ဟာ လူသားတွေအတွက် ရတနာတွေ ချန်ပေးမထားနိုင်ခဲ့ဘူး။ ပညာဗဟုသုတတွေ ချန်မထားနိုင်ခဲ့ဘူး။ “မြင့်မြတ်လေးနက်တဲ့ မဟာလူသားစိတ်ဓါတ်” တခုတည်းကိုပဲ ချန်ထားပြီး ဘ၀ကူးပြောင်းသွားခဲ့ကြတာပါ။
ရွာတရွာမှာ ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက်တော့မယ်ဆိုရင် ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက် နေပြီဆိုရင် “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့လို လူတွေ၊ ပေါ်လာတတ်ပါတယ်။ “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့လို လူတွေပေါ်ပေါက်လာအောင်လည်း ကြိုးစားသင့်ပါတယ်။ “ဖိုးမောင်” တို့ “မောင်ထူးရှင်” တို့ရဲ့ စိတ်ဓါတ်မျိုး ရွာက လူတွေ ထားနိုင်အောင်ပြောဆိုဆွေးနွေး၊ နွေးထွေးနေသင့်ပါတယ်။
ဟိုး ... လွန်ခဲ့တဲ့ ၁၉၇၃-ခုနှစ်တုန်းက၊ လက်တင်အမေရိကနိုင်ငံတခုဖြစ်တဲ့ ချီလီနိုင်ငံမှာ တိုင်းပြည်က ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ “အာယန်ဒေး” အစိုးရကို ချီလီစစ်ဗိုလ်ချုပ်ကြီး “ပီနိုချေး” က၊ လက်နက်အားကိုးနဲ့ အဓမ္မ အာဏာသိမ်းခဲ့ပါတယ်။ ဒီတုန်းက ကျန်းမာရေးချို့ယွင်းနေတဲ့ နိုဗယ်ဆုရှင်ကဗျာ ဆရာကြီး “ပက်ဘလိုနဲရူဒါ” က “ဖက်ဆစ်တွေတက်လာပြီ အသင့်ပြင်ကြ” ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။ ချီလီ ပြည်သူတွေကို စစ်ဝါဒီတွေ တက်လာပြီ သတိရှိကြ၊ လက်မခံကြနဲ့ ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောခဲ့တာပါ။
အခုလည်းပဲ ဆရာကြီး မင်းသုဝဏ်ဟာ “ဖိုးမောင်လာပြီ” ကဗျာကို ၁၉၆၂ -ခု၊ ဒီဇင်ဘာလမှာ ရေးခဲ့ တာပါ။ တိုင်းပြည်က ဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ စစ်ဝါဒီတွေက အဓမ္မအာဏာသိမ်းယူတဲ့ ၁၉၆၂ -ခုနှစ်ထဲမှာ ဒီကဗျာကို ရေးတာပါ။ ဒါဟာ တိုင်းပြည်အပေါ် နှစ်ပေါင်းများစွာ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်တော့မယ် စစ်ဝါဒီတွေရဲ့ အန္တရာယ်ကို ကျနော်တို့ ပြည်သူတွေ သိမြင်နိုင်ကြဖို့ တမင်ရေးဖွဲ့ခဲ့တာလို့ကော မဆိုနိုင်ပေဘူးလား ...။ စစ်ဝါဒီတွေရဲ့ ရန်က အသက်စွန့် ပြီး အကာအကွယ်ပေးမယ့် ပြည်သူ့သူရဲကောင်းတွေ ပေါ်ပေါက်ဖို့ သူရဲကောင်းတွေ ရှေ့ထွက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်တဲ့သဘောလို့ကော မပြောနိုင်ဘူးလား။
တရပ်လုံး တရွာလုံး အခုလို စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခမျိုးစုံကြုံတွေ့နေကြရတဲ့အချိန်မှာတော့ ဖိုးမောင်လို လူမျိုးတွေ ပေါ်ပေါက်လာဖို့၊ ဖိုးမောင့်စိတ်ဓါတ်မျိုး ပြန့်ပြားထွန်းကားဖို့ အမှန်တကယ်လိုအပ်တယ် ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ။

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၍
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
“ဖိုးမောင်လာပြီ” ဆိုကြသည်။


ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
“ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ” ။

ဖိုးမောင့်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။


ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တခါးဝင်လို၊ သူ မဆိုဘဲ
“မောင်းကိုထုပါ၊ လူစုပါဟေ့၊
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊
ဓါးပြငါ့အား၊ ဖမ်း၍ထား” ဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲတင်ထပ်ကာ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
“ဖိုးမောင်လာပြီ” ဆိုဆဲပင်။ ။

၅ - ၁၂ - ၆၂

မြ၀တီ မဂ္ဂဇင်း
ဇန်န၀ါရီ၊ ၁၉၆၃။


ငြိမ်းဝေ

September 27, 2008

ကျနော့်ရဲ့ ပထမဆုံးများ


ကိုခိုင် (အောင်သာငယ်) ရေ ...

ခင်ဗျား Tag ခိုင်းတားတဲ့ စာရင်းထဲမှာ ကျနော်က ထိပ်ဆုံးကဖြစ်ပြီး အခုတော့ နောက်ဆုံးမှ ကျနော်က Tag ရသလို ဖြစ်နေတယ်။ အလုပ်တွေ အရှုပ်တွေနဲ့ လုံးချာလည်နေလို့ သူများထက်ဦးအောင် မတက်နိုင်ခဲ့တာ ခွင့်လွှတ်။ ပြီးတော့ အခုလို တက်ခိုင်းခဲ့တာလည်း ကျေးဇူး။


ပထမဆုံးတက်ခဲ့ရသည့်ကျောင်း
စလင်းမြို့၊ ကျောင်းအုပ်ဆရာကြီး ဦးရှိန်ရဲ့ အစိုးရအလယ်တန်းကျောင်း



ပထမဆုံး သူငယ်ချင်း
သူငယ်ချင်းတွေ အများကြီးထဲမှာ “ရဲမြင့်ဇံ” ဆိုတဲ့ သူငယ်ချင်းကို ကျနော် အခင်ဆုံး။ သူ့အရင် သူငယ်ချင်းတွေရှိခဲ့ပေမယ့်၊ သူ့လောက် မခင်မိဘူး။ ၁၉၇၀ လောက်ကတည်းက ကွဲသွားလိုက်တာ အခုထက်ထိ ပြန်မတွေ့ရတော့ဘူး။ ဒါပေမယ့် သူ့ကို ဘယ်တော့မှ မမေ့နိုင်ဘူး။ သူက “ပြည်” က။ သူ့ကို ပထမဆုံး ခင်ခဲ့ရဖူး တဲ့ သူငယ်ချင်းလို့ပဲ သတ်မှတ်မိတယ်။

ပထမဆုံးခင်ရတဲ့ သူငယ်ချင်းမိန်ခလေး
ပြောရင် ယုံပါ့မလား။ မရှိဘူးဗျာ။

ပထမဆုံးရဖူးတဲ့ဆု
စလင်းမြို့နယ် ကျောင်းပေါင်းစုံ လက်တွေ့ပန်းချီပြိုင်ပွဲ တတိယဆု။ ဆပ်ကပ်မြင်ကွင်းတခုကို ပုံတူ ရေးဆွဲရတာ။

ပထမဆုံးဆိုဖူးတဲ့သီချင်း
ကိုသန်းလှိုင်ရဲ့ “တဆောင်းသစ်ပြန်ပြီ” သီချင်း ...။ ဒီတုန်းက ကျနော်က နောင်တချိန်မှာ မရီး ဖြစ်လာမယ့် မကွေးကောလိပ်ကျောင်းသူ “မမမြိုင်” ကို စက်ဘီးနဲ့ ကျောင်းလိုက်ပို့ရင်းက သူက မြှောက်ပေးလို့ စက်ဘီးနင်းရင်း အဲဒီသီချင်းကိုဆိုခဲ့တာ။ တမာပင်တွေ တန်းစီနေတဲ့လမ်းပေါ်မှာ။ အဲဒီလမ်းကလေးဟာ မကွေးမှာ ရှိသေးရဲ့လား ဆိုတာ မကွေးက လူတွေတွေ့တိုင်း မေးနေမိတုန်း။

ပထမဆုံးဖတ်ရတဲ့စာအုပ်
ဆရာကြီး မြစင်္ကြာရဲ့ သိုက်နန်းဧကရီစာအုပ်

ပထမဆုံး ရောက်ဖူးတဲ့ အခြားမြို့
ဆင်ဖြူကျွန်းမြို့

ပထမဆုံးပစ်ဖူးတဲ့ သေနတ်
အမ် ၁၆၊ အမေရိကန်ရိုင်ဖယ်။ (မိုးပေါ်ထောင်ပြီး ပစ်ဖူးခြင်းသာ)

ပထမဆုံး ထိုင်ဖူးတဲ့ လ္ဘက်ရည်ဆိုင်
မြင်းဖြူလ္ဘက်ရည်ဆိုင် (ပဲခူး)

ပထမဆုံး စွဲလန်းခဲ့ဖူးတဲ့ သီချင်း
စန္ဒကိန္နရီ ( အမေလုပ်သူက ထမင်းချက်ရင်းဆို၊ အလကားနေရင်းဆိုနေလို့ ကြားမိရာက အခုထက်ထိ စွဲနေတာ)

ပထမဆုံးရေးဖူးတဲ့ ရည်းစားစာ
(များလွန်းလို့ မမှတ်မိတော့ဘူး)

ပထမဆုံးထားဖူးတဲ့ချစ်သူ
(ခင်စန်းရီ ...၊ နောက်တော့ သူငယ်ချင်း စစ်ဗိုလ်နဲ့လက်ထပ်သွား)

ပထမဆုံးဖတ်ဖူးတဲ့ အင်္ဂလိပ်ကဗျာစာအုပ်
The Goddesses (တရုပ်ကဗျာဆရာ ကူမိုးကြိုးရဲ့ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာစာအုပ်၊ ဒီတုန်းက ဖတ်တတ်လို့ မဟုတ်ဘူး၊ ကြွားချင်လို့)

ပထမဆုံးအကြိမ်ရန်ဖြစ်ဖူးခြင်း
ငါးတန်းတွင်၊ တခန်းထဲ သူငယ်ချင်းကို မခံချင်လို့ ဖင်ထိုင်ခုံနဲ့ခေါင်းကိုရိုက်၊ ခေါင်းကွဲ၊ ကျောင်းထုတ်ခံရ လုနီးပါးဖြစ်ခဲ့။ နောက်တော့ အဲဒီ သူငယ်ချင်းက အလစ်ချောင်းပြီး မျက်လုံးကို လက်သီးနဲ့အထိုးခံရ ...။ ပြန်လုပ် ဖို့ စိတ်မကူးခဲ့။ ကိုယ်လုပ်ခဲ့တာနဲ့တောင် မတန်ဘူးထင်ပြီး သူငယ်ချင်းကို အခုထက်ထိ အားနာနေဆဲ

ပထမဆုံးအကြိမ် အရှက်ကွဲဖူးခြင်း
ငယ်စဉ်၊ အိမ်နောက်ဖေးက သူငယ်ချင်းညီအစ်အကိုနှစ်ယောက်၊ ကိုရင်ဝတ်ပြီး လူထွက်တော့၊ ကတုံးပြောင်လေးတွေနဲ့ ကျနော်တို့အိမ်အောက်ကဖြတ်ပြီး သူတို့အိမ်နောက်ဖေးကို ၀င်ရင်၊ ကျနော်တို့ ညီအစ်ကို နှစ်ယောက်က အိမ်ပေါ်က၊ ကြမ်းပေါက်ကိုဖြဲ ကုန်းကြည့်ပြီး “ကိုရင်လူထွက် ငါးပိချက်” လို့ နေတိုင်ဲးနောက်ပြောင် ရန်စ။ တနေ့ အိမ်ပေါ်တွင် ဧည့်သည်များရောက်နေချိန် ကိုရင်လူထွက် သူငယ်ချင်းညီအစ်ကိုနှစ်ယောက်၊ အိမ်အောက်က ဖြစ်လျှောက်စဉ်၊ ချောင်းနေတဲ့ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က အိမ်ပေါ်က ငုံ့ကြည့်ပြီး “ကိုရင် လူထွက် ငါးပိချက်” လို့ လှမ်းပြော။ ကိုရင်လူထွက်နှစ်ယောက်က ပြိုင်တူဆိုသလို အပေါ်ကို မော့ကြည့်ကာ ”နင့်အမေတခွက်၊ ငါတခွက်” ဟု ပြောကာ ထွက်ပြေး။ အဲသလို ခံလိုက်ရတာကို ရှက်လိုက်ရတာ အခုထက်ထိပဲ။ ကျနော်ထင်တယ် တွေးမိတိုင်း သေတဲ့အထိ ရှက်နေအုန်းမှာပါပဲ။

ပထမဆုံးအကြိမ် စိတ်လှုပ်ရှားရဆုံးနေ့
ကျနော့်ချစ်သူက စေ့စပ်ထားတဲ့ သူနဲ့ မင်္ဂလာဆောင်တဲ့နေ့၊ ကျနော့်ဆီကို “မောင်ရေ ... မင်္ဂလာပွဲကို တော့ မလာလိုက်ပါနဲ့နော်၊ မောင်လာရင် ... ကျမ မင်္ဂလာပွဲတော့ ပျက်ပြီသာမှတ်ပါတော့” လို့ တူမလေးနဲ့ ရေးပို့ တဲ့ စာကို ဖတ်ရတဲ့နေ့။

ပထမဆုံးရေးဖူးတဲ့ကဗျာ
ကဗျာတွေရေးခဲ့တာ အများကြီး။ တပုဒ်မှ မကြိုက်ဘူး။ အသက် (၄၀) ရှိမှ ရေးတဲ့ “ယုံတော်မူ တမ်းချင်း” ကဗျာကို အကြိုက်ဆုံး။ အဲဒီအခါကြမှ ကျနော်က ကဗျာရေးသူ တကယ်ဖြစ်တာလို့ ခံယူမိ။ အဲဒီ ကဗျာဟာ ကျနော့်ရဲ့ ပထမဆုံးရေးတဲ့ ကဗျာပေါ့။

ပထမဆုံး စင်ပေါ်တက်ခြင်း
ဒုတိယတန်းမှာပါ။ ကျောင်းပေါင်းစုံ ကပွဲ။ ပြဇာတ်နာမည်တော့ မမှတ်မိတော့ဘူး။ ကျနော်က အနော်ရထ်ာကို ဆက်သတဲ့ မဏိစန္ဒာမင်းသမီးအဖြစ် သရုပ်ဆောင်ရတာ။ ကျန်စစ်သားနဲ့လမ်းမှာကြိုက်တဲ့ ဇာတ်လမ်း ...။ ကျနော်က ငယ်ငယ်တုန်းက မိန်းခလေးလိုချောတယ်လို့ဆိုပဲ။ အဲဒါ ဇာတ်ခုံရှေ့ရောက်မှ ပိုးချိပ် ထမိန်ကျွတ်ကျလို့ ငိုလိုက်ရတာ၊ ပွဲလည်းပျက်တာပဲတဲ့။ အရှက်လည်းကွဲ ဆုလည်းလွဲပေါ့။ ဒီအကြောင်းကို မိဘတွေက အမြဲပြောပြတတ်တယ်။ ပြောပြတိုင်း လည်း ရှက်တယ်။

ပထမဆုံးရေးဖူးတဲ့ ၀တ္ထု
၁၉၇၈ -ခု၊ မိုးဝေမဂ္ဂဇင်းမှာ “နှလုံးသားထဲက ပန်းချီကားချပ်များ” ၀တ္ထုတိုပါ။ အဲဒီ ၀တ္ထုကို အနှစ်သက်ဆုံးလည်း ဖြစ်ပါတယ်။

ပထမဆုံးလုပ်ဖူးတဲ့ ၀င်ငွေရတဲ့အလုပ်
ကျနော်ငယ်ငယ်က ဘ၀အတွေ့အကြုံကို အရမ်းလိုချင်တယ်။ တနေ့ ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ သူငယ်ချင်းတယောက်နဲ့ ပိုက်ဆံတောင်းတဲ့ သူတောင်းစားလုပ်ခဲ့ကြဖူးတယ်။ နှစ်ည။ ည (၇) နာရီကနေ (၁၂) နာရီလောက်ထိ။ နှစ်ညပေါင်း (၁၂၀) ကျပ် ရတယ်။ ဟိုတုန်းက ၁၂၀ ဆိုတာ မူလတန်းပြဆရာ လစာနီးနီးရှိတယ်။ ဒုတိယနေ့ညကြတော့ အိမ်ကိုပြန်လာတာ လမ်းမှာ သူတောင်းစားတွေက ၀ိုင်းပြီး ရိုက်မယ် လုပ်လို့ ပါလာတဲ့ ပိုက်ဆံတွေ ပေးလိုက်ရတယ်။ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်၊ ခြေတွေ လက်တွေစည်းထားတဲ့ ကျနော်တို့ နှစ်ယောက်ကို ဘုရားပွဲလာတဲ့ အမတွေကအစ မမှတ်မိကြဘူး။ ကျနော်တို့က လက်ကို လိုက်ဆွဲမတတ် လိုက်တောင်းတော့ ဆဲဆိုပြီး ထွက်ပြေးကြတယ်။ အဲဒါ ကျနော့်လုပ်အားနဲ့ ပထမဆုံးရတဲ့ ၀င်ငွေပဲ။ အသေးစိပ် ပြောပြချင်တယ်။ စာဖတ်သူတွေ စိတ်မရှည်မှာစိုးလို့။

မှတ်ချက်။ ။ ကိုခိုင်ရေ ... ကျနော့် ပထမဆုံးတွေက အစီစဉ်တော့ မကျဘူးဗျ။ ငယ်ဘ၀တွေ ပြန်တွေး ဖြစ်အောင် ဖန်တီးပေးတဲ့ ခင်ဗျားကို ကျေးဇူးတင်တယ်။

September 22, 2008

ဧရာဝတီမြစ်ကမ်းပေါ်မှာ သူ့ဘ၀ စခဲ့တယ်


(က)

လယ်သမားတွေရဲ့ တဲကုတ်ကလေးတွေကို ငါချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားမှာ ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ကြီးခင်းထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့
ဒီအရာတွေ အားလုံးက
အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့အတွေးထဲကို တိုးဝှေ့ဝင်လာကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)



မနေ့တုန်းက မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်စာရေးဆရာအုပ်စုနဲ့ တညနေခင်းလုံး စကားပြောခဲ့ရတယ်။ အထူးသဖြင့် အရပ် အမောင်းကောင်းကောင်း၊ နှုတ်ခမ်းမွှေးကားကား၊ ခေါင်းမှာ ပိတ်စပန်းရောင် ပတ်ထားတဲ့ မြန်မာကဗျာဆရာကြီး ရဲ့ ရုပ်ပုံက သူ့မျက်စေ့ထဲမှာ စွဲနေတယ်။ မြန်မာစာရေးဆရာတွေဟာ အဲဒီအသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကဗျာ ဆရာကြီးကို အတိုင်းမသိ လေးစားချစ်ခင်ကြပုံရတယ်။ သူတို့က ဒီလောက် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံနေကြတော့ သူလည်းပဲ အဲဒီကဗျာဆရာကြီးကို အလိုလိုနေရင်း လေးစားလာမိတယ်။ အံ့သြဖို့ကောင်းတာကတော့ သူ့ဇနီးက ကဗျာဆရာကြီးကို ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ တောင်းဆိုတဲ့အခါ ကဗျာဆရာကြီးက ပြာပြာသလဲငြင်းဆို နေတဲ့ ပုံက တကယ့်ကို ပီဘိခလေးတယောက်ရဲ့ ရှက်ရွံ့နေတဲ့ပုံမျိုး ဖြစ်နေတယ်။ လူတွေဟာ ရှက်နေတဲ့ အချိန်တိုင်း ကလေးတယောက်ရဲ့ နှလုံးသားကို ပြန်ရနိုင်တယ်ဆိုတဲ့ စကား သူတွေးမိပြီး သဘောကျခဲ့ရတယ်။
မြန်မာစာရေးဆရာတွေနဲ့ တွေ့ဆုံစကားပြောဖို့ “ အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တော့ သူလည်း အားတက်သရော သဘောတူခဲ့တယ်လေ။ ဒါနဲ့ပဲ မြန်မာစာရေးဆရာများနဲ့ တွေ့ဆုံဖို့အတွက် အခမ်းအနား စီစဉ်ရေး အတွင်းရေးမှူးအဖွဲ့မှာ သွားပြောကြည့်တယ်။ အတွင်းရေးမှူးအဖွဲ့က မြန်မာစာရေးဆရာအဖွဲ့ကို အကြောင်းကြားပြီး မနေ့တုန်းက သူနဲ့ သူ့ဇနီး၊ ပြီးတော့ အာရင်ဘတ်တို့ဇနီးမောင်နှံ၊ မြန်မာစာရေးဆရာအဖွဲ့ ... သူတို့ တည်းခိုနေတဲ့အခန်းမှာပဲ တွေ့ဆုံခဲ့ကြတယ်။ နေ့လည်စာကိုလည်း ဒီအခန်းထဲမှာပဲ အတူတူလက်ဆုံစားခဲ့ ကြတယ်။
မြန်မာစာရေးဆရာအဖွဲ့ထဲက “ဒဂုန်တာရာ” နဲ့ အချိန်တော်တော်ကြာ စကားပြောခဲ့ရတယ်။ သူက သူကိုယ်တိုင်ဦးစီးပြီးထုတ်ဝေတဲ့ “တာရာ မဂ္ဂဇင်း” ထဲမှာ သူ့ကဗျာတချို့၊ သူ့စာတချို့ကို မြန်မာလို ဘာသာပြန် ဖော်ပြခဲ့တဲ့ မြန်မာစာဖတ် ပရိဿဒ်နဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတဲ့ မြန်မာကဗျာဆရာပေါ့။ ဒီလို မြန်မာကဗျာဆရာမျိုးနဲ့ စကားပြောခွင့်ရတော့ လွန်ခဲ့တဲ့ (၂၁) နှစ်လောက်က၊ မြန်မာပြည်မှာနေထိုင်ခဲ့ရတဲ့ဘ၀ကို ပြန်ပြီး သတိရလာမိတယ်။ အင်းယားကန်ဘေးက သူနေတဲ့အိမ်က လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရား ...။ ဆံထုံး မြင့်မြင့်ကြီးတွေ ထုံးပြီးသွားလာနေကြတဲ့ မြန်မာဂုဏ်သရေရှိ အမျိုးသမီးတွေ။ အင်္ဂလိပ်လို ရေလည်စွာပြောတတ်တဲ့ မြန်မာ ပညာတတ်တချို့။ ရန်ကုန်တက္ကသိုလ်ဝန်းထဲက ရေတမာတန်း။ ပြီးတော့ သူ့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်တဲ့ “ပိတောက်ပန်း”။ အို ... အံ့သြဖို့ကောင်းအောင် ရွှေရောင်ဝင်းတဲ့ “ပိတောက်ပန်း” ။

(ခ)

မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေပေါ်
ရေတံခွန်စိမ့်စမ်းသံတွေအောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေမုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ... ကျော်နင်းပြီး လျှောက်ခဲ့တယ် ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)

၁၉၂၇-ခု ... မြန်မာပြည်။
ပဲခူးမြို့လေးဟာ ရန်ကုန်မြို့နဲ့ဆိုရင် မိုင်(၅၀) ကျော် ဝေးတယ်။ ကျင်းတွေ ချိုင့်တွေထူပြောလှတဲ့ ကတ္တရာလမ်းပေါ်မှာ သုံးနာရီနီးပါးကြာအောင် ကားမောင်းပြီးမှ ပဲခူးကို သူရောက်လာခဲ့တယ်။ မြို့လည်ခေါင်က ပဲခူးမြစ်ကို ဇက်နဲ့ကူးရတယ်။ မိုးထိအောင်မြင့်မားလှတဲ့ ရွှေမော်ဓောဘုရား နဲ့ မဟာစေတီဘုရားဟာ တောအုပ် တွေ ပတ်လည်ဝိုင်းနေတဲ့ကြားမှာ ခန့်ညားလွန်းနေတယ်။ အရောင်အသွေးမျိုးစုံ .. အထူးသဖြင့် တောက်တောက် ပပ ပိုးချည်ပိုးထည်တွေကို ၀တ်ဆင်ထားကြတဲ့ ယောက်ျား၊ မိန်းမတွေဟာ လှည်းကိုယ်စီစီးပြီး ဘုရားခြေရင်းကို ရောက်လာကြတယ်။ ယောက်ျားတချို့က ချမ်းသာကြွယ်ဝသူတွေလို့ ထင်ရတယ်။ သူတို့က ပုဆိုးစတွေကို လက်တဖက်နဲ့ ဆွဲမပြီးမှ လမ်းလျှောက်ကြတယ်။ အကယ်၍များ ပုဆိုးစကို ဒီလို ဆွဲမ မထားဘူးဆိုရင် လမ်းလျှောက်လို့ မဆင်မပြေနိုင်ဘူးလို့ သူထင်မိတယ်။ သတိမထားမိပဲ မနေနိုင်လောက်အောင် ထူးခြားလှတဲ့ မြင်းကွင်းကတော့ လှည်းပေါ်ကဆင်းလာတဲ့ အမျိုးသမီးတချို့ဟာ လက်သီးဆုပ်သာသာမြင့်တဲ့ ဆံပင်ထုံးကြီး တွေကို ခေါင်းပေါ်မှာထုံးထား၊ တင်ထားတဲ့ မြင်ကွင်းပါပဲ။ သူတို့ခေါင်းမှာပန်ထားတဲ့ ပန်းတွေက အ၀ါရောင်၊ သူ အင်မတန်စိတ်ဝင်စားတဲ့ ပိတောက်ပန်း။ ဘုရားကုန်းတော်အောက်က ခြင်္သေ့ရုပ်ကြီးနှစ်ခုက မော့ကြည့်ရလောက် အောင် မြင့်မားလှတယ်။
မြို့လည်ခေါင်လမ်းဘေးနှစ်ဖက်မှာ နွားလှည်းတွေ တန်းစီပြီးရပ်ထားတာ တွေ့ရတယ်။ ဂေါ်ရင်ဂျီ ကုလားလေးတွေဟာ ကားပေါ်ကဆင်းလာတဲ့သူ့ဆီကို ပြေးလာပြီး သူ့လက်ထဲက လက်ဆွဲသေတ္တာကို ၀ိုင်းကူပြီး ဆွဲကြတယ်။ သူကငြင်းဆန်လိုက်တဲ့အခါကြတော့ လမ်းဘေးက သစ်ပင်ရိပ်တွေဆီ ပြန်ပြေးသွားကြပြီး သူ့ကို အဝေးကပဲ အကဲခတ်နေကြတယ်။
ဒီတခေါက်ပါနဲ့ဆိုရင် ပဲခူးကို သူရောက်ဖူးတာ (၂) ခေါက်ရှိပြီ။ ဈေးကြီးထဲကို လမ်းလျှောက်ဝင်သွားပြီး မြန်မာထမင်းနဲ့ဟင်း စားကြည့်အုန်းမှလို့ တွေးလာခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ကြောပြင်၊ သူ့ပုခုံးပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရလို့ သူ့ခန္ဓာကိုယ်ဟာ ရှေ့ကိုအနည်းငယ်ကော့ပြီး နောက်ကိုလှည့်ကြည့်မိတယ်။ လူရွယ်နှစ်ယောက်က ရေဖလားတွေကိုယ်စီကိုင်ပြီး သူ့ကိုပြုံးကြည့်နေကြတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာလည်း တခြားလူငယ်ဆယ်ယောက်လောက်က သူ့ကို ပြုံးရယ်ပြီး ကြည့်နေကြတယ်။ ချက်ချင်းဆိုသလို ထိတ်လန့်သွားတဲ့ သူ့စိတ်ကို ရုပ်သိမ်းနိုင်အောင် ကြိုးစားနေမိတယ်။ မြန်မာတွေရဲ့ ထူးဆန်းလှတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတခု။ ရေပက် ကစားကြတဲ့ပွဲတော် ...။ ချက်ချင်းဆိုသလို လူငယ်နှစ်ယောက်ရဲ့လက်ထဲက ရေဖလားတခုကို ဆွဲယူလိုက်တယ်။ ဘေးမှာချထားတဲ့ ရေပုံးထဲက ရေကိုခပ်တယ်။ လူငယ်နှစ်ယောက်ရဲ့ ပုခုံးပေါ်ကို နည်းနည်းစီလောင်းချပေးလိုက် တယ်။ ရယ်သံတွေကြားကပဲ သူဟာ ကားပေါ်ပြန်တက်ပြီး ရှေ့တည့်တည့်ကိုမောင်းလာခဲ့တယ်။ ကားခေါင်မိုးနဲ့ ကားရဲ့နောက်ခန်းမှာ တစုံတခု ပါလာတာကို သတိပြုမိလို့ ကားကို ခဏရပ်ပြီး၊ ကားခေါင်မိုးပေါ်ကို မော့ကြည်ရပြန်တယ်။ ကားခေါင်မိုးပေါ်မှာ ရွှေဝါရောင်ပန်းတွေအပြည့်။ ကားနောက်ခန်းထဲမှာလည်း ရွှေဝါရောင် ပန်းပွင့်တွေအပြည့် ...။ သူ့မျက်နှာတခုလုံး ၀င်းပပြုံးလက်သွားရတယ်။ သူနှစ်သက်စွဲလန်းမိတဲ့ ပိတောက်ပန်း တွေ။ အဲဒီညနေက ပိတောက်ပန်းတွေတင်ထားတဲ့ကားနဲ့ ရန်ကုန်ကို သူပြန်လာခဲ့တယ်။

(ဂ)

တဖက်အစွန်မှာ
ကျေးရွာကို စောင့်နေတဲ့ နတ်
ငါးကိုစောင့်တဲ့ နတ်
ရေကိုစောင့်တဲ့ နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)

မနက်ခင်းဝေလီဝေလင်းအချိန် ရွှေတိဂုံကုန်းတော်ပေါ်ကို သူရောက်ခဲ့တယ် ...။
ဘုရားယင်ပြင်တော်ပေါ်မှာ လှည့်ပတ်ကြည့်ရှုရင်းက သူ့ရဲ့ ရန်ကုန်မြို့ကိုစရောက်တဲ့ တညနေခင်းကို ပြန်တွေးနေမိတယ်။ ဒီတုန်းက အင်မတန်ကြီးမားလှတဲ့ ကျောက်တောင်ကြီးတခုကိုကွေ့ပြီးဝင်လိုက်တဲ့အခါ နေရောင်အောက်မှာ ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတောင်ကြီးတခုကို ဘွားကနဲ သူတွေ့လိုက်ရတာပဲ။ စိမ်းစိမ်းမှောင်နေတဲ့ တောအုပ်တွေရဲ့အပေါ်မှာ ထီးထီးမားမားကြီးရှိနေတဲ့ ရွှေတိဂုံဘုရားကြီးကို သင်္ဘောကုန်းပတ်ပေါ်ကတဆင့် သူ ရပ်ကြည့်နေခဲ့မိတယ်။ တိမ်ဖြူဖြူတချို့က ရွှေတောင်ကြီးရဲ့နောက် အပြာရောင်ကောင်းကင်ပေါ်မှာ လွင့်နေ တယ်။ ရွှေတောင်ကြီးကို လှမ်းကြည့်ရင်း တမေ့တမောရပ်နေခဲ့မိတယ်။
သူဟာ ရန်ကုန်မြို့မှာ အလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ သူလုပ်ခဲ့တဲ့အလုပ်တွေကို အနှစ်ချုပ်လိုက် ရင် အနှစ်သာရအားဖြင့်တော့ နှစ်ခုပဲရှိပါတယ်။ တခုက မြန်မာ့ရေမြေတောင်နဲ့ လူတွေကို လေ့လာခံစားဖို့နဲ့ သတင်းတွေကို စုဆောင်းမှတ်သားဖို့အလုပ်ပါပဲ။ ဒီလိုနဲ့ သူဟာ လယ်ကွင်းတွေဆီ သွားခဲ့တယ်။ ဘုရားပြို ဘုရား ပျက်တွေကြားမှာ ရပ်နေခဲ့တယ်။ နပမ်းပွဲတွေ၊ ကြက်တိုက်ပွဲတွေ၊ လှည်းပြိုင်ပွဲတွေ၊ ရေကစားပွဲ၊ ဘုရားပွဲ၊ ရုပ်ကြီးစင်နဲ့ မြေ၀ိုင်းအကပွဲတွေက အစ နေရာအနှံ့ သူရောက်နေခဲ့တယ်။ မြန်မာတွေဟာ လက်တင်အမေရိက က ပီရူးနဲ့ဘိုလစ်ဗီးယားလူမျိုးတွေနဲ့ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက် တော်တော်တူကြတယ်။ ရာဇ၀င်သမိုင်း ချင်းလည်း တူကြဟန်ရှိတယ်။
ရန်ကုန်မြို့ဟာ “ ရန်ဟူသမျှ ကုန်စင်အောင်မြင်တဲ့မြို့” ဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ခေါ်ထားတဲ့ မြို့။ အင်္ဂလိပ် မြို့ဝန်မင်းဟာ တခါတရံ မြန်မာမြို့ဝန်တွေရဲ့ အဆောင်အယောင် အခမ်းအနားမျိုးနဲ့ မြို့ထဲကို ထွက်လာတတ် တယ်လို့ သူကြားရတယ်။ ရန်ကုန်မှာသူရှိနေတဲ့အခိုက် မြို့ကိုစောင့်ရတဲ့ ဂေါ်ရင်ဂျီစစ်ပုလိပ်တွေ၊ မျက်နှာဖြူ အရာရှိတွေဟာ တစုံတခုကို ထိတ်လန့်တုန်လှုပ်နေတာ အထင်အရှားသတိထားမိတယ်။ ရွှေတိဂုံဘုရားခြေရင်းမှာ ရှိတဲ့ သစ်တပ်ထဲက အင်္ဂလိပ်စစ်တပ်တွေဟာ စစ်ရေး အမြဲလေ့ကျင့်နေကြပြီး အလုပ်ရှုပ်နေခဲ့ကြတယ်။ ရန်ကုန်မြို့ဆိပ်ကမ်းမှာ အိန္ဒိယက ကြေးစားစစ်သားတွေ သင်္ဘောပေါ်က ဆင်းချလာနေတာ လူတိုင်းတွေ့ကြရ တာပဲ။ သတင်းတွေဟာ ရန်ကုန်မြို့ကို ခြိမ်းခြောက်နေတယ်လို့ ဆိုရမယ်။ မြန်မာလယ်သမား သူပုန်တွေဟာ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့တနေရာမှာ အင်္ဂလိပ်စစ်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့သတင်း ...၊ အင်္ဂလိပ် စစ်တပ်တွေက ဖမ်းမိတဲ့ သူပုန်တွေကို ခေါင်းဖြတ်သတ်ပြီး သတင်းစာတွေထဲမှာ ဖော်ပြခြိမ်းခြောက်တဲ့သတင်း တွေနဲ့ ရန်ကုန်မြို့ဟာ ခြောက်ခြားနေခဲ့တယ်။
သူဟာ ရန်ကုန်မြို့ နိုင်ငံခြားသံတမန်များ နားနေအပမ်းဖြေတဲ့ အဆောက်အဦးဆီကို သွားလေ့သွားထ မရှိပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီနိုင်ငံတွေအပေါ် မတရားဖိနှိပ်နေတဲ့ သတင်းတွေကိုတော့ အဲဒီ သံတမန် တွေဆီကပဲ ရခဲ့တယ်။ တချိန်ထဲမှာ အိန္ဒိယတိုက်ငယ်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲခေါ်သံတွေ၊ မဟတ္တမ ဂန္ဓီကြီးနဲ့ အိန္ဒိယပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ တရုပ်ပြည်မကြီးထဲက ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွေ၊ ဥရောပ တခွင်မှာကြတော့ နယ်ချဲ့အရင်းရှင် အစိုးရတွေကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ ရဲ့ သတင်းတွေကို နေ့စဉ်တိုင်းလိုလို သူကြားနေခဲ့ရတယ်။ ဒါနဲ့ပဲ သူကိုယ်တိုင် သတိမထား မိပဲ ဆုံးဖြတ်ချက်တခု အလိုလိုချမိလျက်သားဖြစ်ခဲ့ရတယ်။

သူဟာ ဧရာဝတီမြစ်ကမ်းတခုပေါ်မှာ ဘ၀သစ်တခု အစပြုဖို့ ဆုံးဖြတ်ခဲ့မိပြီဆိုပါတော့ ...။

(ဃ)

အမေရိက ...
သင့်နယ်မြေမှ တဖက်အစွန်
တိုင်း . နိုင်ငံများကို ငါရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ယာလုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါရပ်နားပြီး
အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့ ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)



၁၉၅၁-ခု၊ အောက်တိုဘာလ၊ တရုပ်ပြည် ပီကင်းမြို့။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ...။
မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့၊ ရုရှားစာရေးဆရာ “အာရင်ဘတ်” နဲ့ တိုင်ပင်ကြည့်တဲ့ အခါ၊ အာရင်ဘတ်က ချက်ချင်းဆိုသလိုပဲ သတောတူခဲ့ပါတယ်။ သူနဲ့ အာရင်ဘတ်က အခန်းချင်းကပ်လျက် တည်းခိုခွင့်ရကြသူတွေပါ။ သူ့မှာလည်း ဇနီးဖြစ်သူပါလာခဲ့သလို၊ အာရင်ဘတ်မှာလည်း ဇနီးသည်ပါလာခဲ့တယ်။ သူတို့လေးယောက်စလုံး မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောခဲ့ရတာကို ကျေနပ်မိကြတယ်။ ထမင်း အတူထိုင်ပြီး စားခဲ့ကြရတာကို မမေ့နိုင်ဘူး။
သူကတော့ ဒီအချိန်မှာ လွန်ခဲ့တဲ့ (၂၄) နှစ်ကို ပြန်ရောက်သွားခဲ့သလိုပါပဲ။ မြန်မာစာရေးဆရာ “ဒဂုန် တာရာ” နဲ့ စာပေအကြောင်းတွေ ပြောခဲ့ကြပေမယ့် သူ့စိတ်တွေက တချက်တချက်မှာ ရန်ကုန်မြို့က ရွှေရောင် ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတိဂုံဘုရားကြီးကို သတိရနေမိတယ်။ တောက်ပတဲ့ အရောင်မျိုးစုံ ၀တ်စုံတွေကိုဝတ်ပြီး လမ်းတွေပေါ်လျှောက်သွားနေတဲ့ မြန်မာလူမျိုးတွေကို တွေးနေမိတယ်။ ဒီတုန်းက သူက အချစ်ကဗျာတွေကိုပဲ ရေးဖွဲ့နေခဲ့တဲ့ ကာလ။ အချစ်ကဗျာစာအုပ်ထုတ်ဝေပြီးကာစ။ မြန်မာပြည်မှာ ရောက်နေတဲ့အခိုက်၊ မြန်မာ့ လယ်သမားသူပုန်ကြီး “ဂဠုန်ဆရာစံ” ရဲ့ သတင်းတွေက သူ့ရဲ့ အချစ်ကဗျာခံစားမှုကို ရပ်တန့်စေခဲ့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသတင်းတွေက သူ့အတွေးအခေါ်ကို မြှင့်တင်ပေးလိုက် တယ်။ ရန်ကုန်မြို့မှာ တနှစ်ကျော်နေထိုင်ခဲ့ရတဲ့ ရက်တွေအတွင်း သူ့ရဲ့အထီးကျန်မှုကို နိဂုံးချုပ်နိုင်ခဲ့တယ်။
တညနေခင်းလုံး မြန်မာစာရေးဆရာတွေနဲ့ စကားဖောင်ဖွဲ့ခဲ့ပြီးတဲ့နောက်၊ အင်မတန် ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ဥပဓိရုပ်ရည်ရှိသူ မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီး “သခင်ကိုယ်တော်မှိုင်း” ခေါင်းဆောင်တဲ့ လူတသိုက်ဟာ သူတို့အခန်းက ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ သူနဲ့ တချိန်လုံးလိုလို စကား ပြောခဲ့တဲ့ ကဗျာဆရာ “ဒဂုန်တာရာ” ကို သူက အခန်းပေါက်ဝမှာ လက်ဆွဲနှုတ်ဆက်တယ်။
မြန်မာစာရေးဆရာအဖွဲ့ အခန်းပေါက်ကအထွက်၊ သူ့နှုတ်ခမ်းက နှုတ်ဆက်စကားဆိုဖို့ စဉ်းစားတဲ့အခါ စကားလုံးတချို့ကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွားရတယ်။
“ မြန်မာပြည်က ပိတောက်ပန်းကို ကျနော် မမေ့ပါဘူးဗျာ ...”
မြန်မာကဗျာဆရာ “ဒဂုန်တာရာ” က “ပိတောက်ပန်း” လို့ ပီပီသသလှမ်းပြောလိုက်တဲ့ သူ့ကို အံ့သြတဲ့ မျက်နှာနဲ့ ပြန်ကြည့်ရင်း ပြုံးလိုက်ပါတယ်။ ။

(စာပေနိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီး ပက်ဗလိုနဲရူဒါဟာ ၂၃၊၉၊၁၉၇၃-ခုနှစ်မှာ ကွယ်လွန်ခဲ့တာမို့ အခုဆိုရင် သူကွယ်လွန်တာ (၃၅) နှစ် ပြည့်ပါပြီ။ သူဟာ ၁၉၂၁ -ခုနှစ်ဝန်းကျင်က မြန်မာပြည်မှာ သံတမန်တဦး အနေနဲ့ နေထိုင်သွားခဲ့ရဖူးသူပါ။ သူဟာ ပဲခူးနဲ့ မော်လမြိုင်ကိုလည်း ရောက်ခဲ့ဖူးသူပါ။ ဒါကြောင့်မို့ သူကွယ်လွန်တဲ့ ၃၅-နှစ်မြောက် အမှတ်တရ ... ဒီဆောင်းပါးကို စိတ်ကူးဖြင့် ရေးဖွဲ့ ဂုဏ်ပြုလိုက်ပါတယ်။)

ငြိမ်းဝေ

ကိုးကား။ ။ ၁။ မောင်သစ်တည်ရဲ့ “ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် ၃-ပုဒ်”
၂။ ဒဂုန်တာရာရဲ့ “ဧရာဝတီ၊ ယန်စီ၊ ဘော်လ်ဂါ”

(မဇ္ဈိမအွန်လိုင်းတွင် ဖော်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါတယ်။)