March 01, 2008

ဒုံသမိချောင်းပေါ်ကျော်လာတဲ့ စိန်ပြောင်းကျည်ဆံများ


(က)

ညတုန်းက တောင်ကုန်းထိပ် လေကွယ်ရာဖက်ခြုံဘေးတွင် ကျနော်တို့ အဖွဲ့ ပုန်းအောင်းအိပ်စက်ခဲ့ကြ၏။ လူချင်း ပူးကပ် ကာ အိပ်ကြသည့်တိုင် အအေးဒဏ်ကိုမူ အံမတုနိုင်ခဲ့ကြ။ ည နှစ်နာရီခန့် ကတည်းက မိုးလင်းသည်အထိ မည်သူမျှ နှစ်နှစ် ခြိုက်ခြိုက် မအိပ်နိုင်ကြ။ မနက်မိုးလင်းလို့ အိပ်ယါမှ ထသောအခါ ကျနော်တို့ အားလုံး၏ကိုယ်ပေါ်တွင် နှင်းများဖြင့် ရွှဲစိုလျက် ရှိလေသည်။

နံနက် (၈)နာရီထိုးကာနီးမှ တောင်ကုန်းပေါ်မှ ကျနော်ဆင်းလာ၏။ တောင်ကုန်းအောက်တွင်ရှိသည့် စမ်းချောင်းရှိရာ ဆင်းလာခြင်းဖြစ်သည်။ စမ်းချောင်းပေါ် အုပ်မိုးထားသည့် ရှိုထဲတွင် နေရောင်ခြည်ကောင်းစွာ မရတတ်သေး။ နှင်းများ တပေါက် ပေါက် ကျနေသည့်အသံကို အတိုင်းသားကြားနေရ၏။ စိမ့်အေးစိုထိုင်းလျက်ရှိသော ရှိုထဲတွင် ခေတ္တခဏမျှရပ်ကာ နားစွင့်ကြည့်မိ သေးသည်။ “ တောထဲ၌ မျက်စေ့သည် နားလောက်အသုံးမ၀င် ” ဟူသည့် စကားကိုလည်း တွေးမိသည်။ သို့ သော် မည်သည့် ထူးခြားသည့်အသံမျှ မကြားရ။ ညက သည်တောင်ကုန်းအောက်၊ ရှိုထဲမှ “ ချေ ” ဟောက်သံ မကြာခဏ ကြားနေခဲ့ရ၏။ “ အသံ ကျယ်သလောက် ခွါရာငယ်လွန်းသည် ” ဟူသည့် တရုပ်စကားပုံတခုကိုလည်း မှတ်မှတ်ရရ တွေးမိပြီး ပြုံးမိသေး၏။

စမ်းချောင်းဘေးတွင် “ ဗိုလ်သိန်းစိုး ” ရောက်နှင့်နေသည်။ သူသည် ကျနော့်ကိုနှိုးကာ ရှိုထဲသို့ အရင်ဆင်းသွားခဲ့၏။ ကျနော်နှင့်ရဲဘော်လေး “ ဝှေ့ စာ ” တို့ နှစ်ဦး၊ တော်တော်နှင့်အိပ်ယါက မထနိုင်သေး။ စမ်းချောင်းဘေးတွင်ရောက်သွားတော့ ဗိုလ်သိန်းစိုးက ကာဘိုင်သေနတ်ကို ဘေးကသစ်ပင်တွင်ထောင်ကာ မီးထိုင်မွှေးနေသည်ကို တွေ့ ရ၏။ ကျနော်က သူ့ ဘေးတွင် သွားရပ်ကာ စမ်းချောင်းရေနှင့် မျက်နှာသစ်ရန် စိတ်ကူးလေသည်။

“ ဖေါင်း-----ဂျိန်း၊ -----ဖေါင်း-----ဂျိန်း၊ -----ဖေါင်.း-------ဂျိန်း၊-----ဖေါင်း-----ဂျိန်း ”

ဗိုလ်သိန်းစိုးနှင့်ကျနော် ပြိုင်တူလိုပင် မတ်တပ်ရပ်လိုက်ကြသည်။ ဗိုလ်သိန်းစိုးက သေနတ်ကို ကောက်ကိုင်ကာ တောင်ကုန်းပေါ်သို့ အပြေးတက်ရင်း ပါးစပ်ကလည်း တစုံတရာပြောလိုက်၏။

“ ဒီကောင်တွေ ရွာထဲကို ၆၀ မမ ပစ်ထည့်လိုက်တာပဲဖြစ်မယ် ကိုငြိမ်း ”

ကျနော်တို့ နှစ်ယောက် တောင်ကုန်းထိပ်ပေါ်ရောက်တော့ ရဲဘော်လေး “ ဝှေ့ စာ ” သည်လည်း အဆင်သင့်ဖြစ်နေ သည်ကို တွေ့ ရ၏။ ခြုံပုတ်များကိုကျော်ကာ၊ တောင်ကုန်းအောက်ဖက် “ ကျုံစိန် ” ရွာဆီကို ကမန်းကတန်း လှမ်းကြည့်ကြရ၏။ ရွာလယ်မရှိတရှိနေရာမှ မီးခိုးများအူတက်လာသည်ကို တွေ့ လိုက်ရ၏။ လူတွေ အော်ဟစ်ပြေးလွှားသံ၊ ခွေးဟောင်သံများ ကြားနေ ရ၏။

ဗိုလ်သိန်းစိုးက ဦးဆေါင်ကာ ကျနော်တို့ သုံးယောက်၊ တောင်ကုန်းအောက်ကို အပြေးဆင်းလာခဲ့ကြ၏။ ကျနော်က အသံဖမ်းစက်ကလေးကို စေ့ဖွင့်ကာ လက်တဖက်ကဖေးပြီး လည်ပင်းတွင်ချိပ်၏။ ကျန်လက်တဖက်က “ ကင်မရာ ” ကို အဆင်သင့်ကိုင်ကာ တောင်ကုန်းအောက်ကို ပြေးဆင်းနေမိသည်။

တောင်ကုန်းအောက် လူသွားလမ်းကလေးပေါ်အရောက် ရွာထဲက ပြေးထွက်လာကြသည့် လူအုပ်နှင့် ကျနော်တို့  သုံးယောက် ၀ါးတရိုက်အကွာတွင် ဘွားကနဲသွားဆုံလိုက်ကြ၏။ ကျနော်တို့ က လူသွားလမ်းပေါ်ရပ်မိသည်နှင့်တပြိုင်နက်၊ ကျနော်တို့ ဆီပြေးလာနေသည့် လူအုပ်မှာ နေရာတွင်ပင် ရပ်သူရပ်၊ နောက်ကို ဘေးကို ပြန်ပြေးသူပြေးနှင့် ၀ရုန်းသုန်းကား ဖြစ်ကုန်ကြရ၏။

ဗိုလ်သိန်းစိုးက ကရင်လိုအော်ဟစ်ပြောဆိုရင်း လူတွေကိုလှမ်းပြီး ရှင်းပြနေလေသည်။လူတချို့ ရပ်ပြီး နားထောင်နေကြ၏။ ဖိနပ်မပါ တုတ်တချောင်းကိုထောက်ပြီး ရပ်နေသည့် အဘွားအိုတဦးက ကျနော်တို့ နှင့်အနီးဆုံးနေရာတွင်ရပ်ကာ ကျနော်တို့ ကို အကဲခက်နေ၏။ ထိုစဉ်မှာပင် ကျုံစိန်ရွာထဲက လက်နက်ငယ်ပစ်သံများ ထွက်ပေါ်လာခဲ့၏။ တောစပ်တွင်၊ ကျနော်တို့ နှင့် ရုတ်တရက် ရင်ဆိုင်တွေ့ သဖြင့် နောက်ပြန်ဆုပ်ဖို့ ကြိုးစားနေကြသည့် လူအုပ်မှာ၊ သေနတ်သံများ ထွက်ပေါ်လာသည့်အခါ ကျနော်တို့ ရှိရာသို့ ပင် ဇွတ်အတင်းတိုးဝင် ပြေးလာကြလေသည်။ ဗိုလ်သိန်းစိုးနှင့် ကျနော်တို့ လည်း တောထဲသို့  လူအုပ်နှင့်အတူ ပြေးဝင်လာခဲ့ကြလေသည်။

(ခ)

ကျုံစိန်ကြိုးဝိုင်းအတွင်း ကျနော်တို့ လူအုပ် ခေတ္တနားနေဖို့  ရပ်လိုက်ကြသောအခါ ရွာသားများအားလုံး ကျနော်တို့  ဘေးတွင် ထိုင်လိုက်ကြ၏။ ကျုံစိန်ရွာသား “ ဗိုလ်သိန်းစိုး ” ကို ရွာသားတိုင်းက သိထားကြပြီးဖြစ်သဖြင့် အားကိုးတကြီးနှင့် ၀ိုင်းထိုင် လိုက်ကြခြင်း ဖြစ်ဟန်တူလေသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ခွဲမှူးလေး “ ဗိုလ်သိန်းစိုး ” ကို ရွာသားများက တလေးတစားရှိသည်ကိုလည်း ကျနော် သတိပြုမိ၏။

ဗိုလ်သိန်းစိုးက ကရင်လို တစုံတရာပြောလိုက်သောအခါ လူလတ်ပိုင်းအရွယ် ယောင်္ကျား (၄)ယောက် ရှေ့ သို့ ထွက်လာ ကြ၏။

“ ဒီမှာ လူဘယ်နှစ်ယောက် ပါလာသလဲ၊ ဆန်တွေဘာတွေ ယူလာနိုင်တာရှိသလား၊ အဲဒါ-ဒီလူနှစ်ယောက်နဲ့ အတူ၊ ကိုငြိမ်း လိုက်ပြီးမေးကြည့်ထားပါ၊ ကျနော်နဲ့  ကျန်တဲ့နှစ်ယောက်က ရွာဖက်ခဏ ပြန်သွားပြီးကြည့်မယ်---ကဲ---ကဲ မြန်မြန်လုပ် ”

ဗိုလ်သိန်းစိုးက လူအုပ်ကို ကရင်လို အလျင်အမြန်ရှင်းပြကာ လာလမ်းအတိုင်း ပြန်ထွက်သွားလေသည်။ ကျနော်နှင့် ရွာသားနှစ်ယောက်က ရွာသားတွေကို တယောက်ချင်းလိုက်ကြည့်ပြီး စုံစမ်းရတော့၏။ ခလေး လူကြီး စုစုပေါင်း (၂၈)ယောက် အသက်(၆၀)ကျော် အဖွားအို(၂)ဦး။ အသက်(၂)နှစ်အောက်ဟု ခန့် မှန်းရသည့်ကလေး (၄)ဦး။ (၁၀)နှစ်သားအရွယ် (၃)ဦး။ ကျနော်နှင့် ရွာသားနှစ်ဦးတိုင်ပင်ကာ ရွာသားများကို စနစ်တကျနေရာချထား ပေးလိုက်ကြ၏။ ရွာသားများ၏ပြောစကားအရ၊ သည်နေရာသို့  န၀တစစ်တပ်များ မည်သည့်အခါမျှ လာလေ့မရှိဟုဆို၏။ ကျနော်သည်လည်း လုံခြုံရေးအတွက် အနည်းငယ် စိတ်အေးသွားရ၏။ မိသားစုအလိုက်၊ ၀ါးရုံပင် ခြုံပင်များဘေးတွင် နေရာယူကြပြီးနောက် ညစာအတွက် စဉ်းစားရတော့သည်။

ကျနော်က ညစာအတွက် စဉ်းစားနေစဉ် ရွာသား(၂)ဦးကမူ အပူအပင်မရှိသလို ထိုင်နေသဖြင့် ကျနော်ကပဲ စပြီး ညစာ ကိစ္စမေးရတော့၏။ ထိုအခါကြမှ ရွာသားတွေအားလုံး၊ ဒီကနေ့ ညစာ မည်သူမျှ မစားပဲ အိပ်ကြတော့မည်ဖြစ်ကြောင်း သိရတော့၏။ ခလေးတွေကကော နေနိုင်ပါ့မလားဟု ကျနော်က စေါဒက တက်မည်အပြုတွင် ခလေးတွေသည်လည်း သည်အတိုင်းနေလို့ ရကြ ပါသည်ဟု ရွာသားတယောက်က ကျနော့်ကို ရှင်းပြ၏။ ကျနော့်မှာ သက်ပြင်းကိုသာ မသိမသာ ချလိုက်မိလေသည်။

(ဂ)

ဝါးရုံပင်ဘေးတွင် သစ်ရွက်ခြောက်များခင်းကာ ကျနော့်အတွက် အိပ်ယါတခုပြင်ဆင်လိုက်၏။ နေ၀င်ရီတရော အချိန်တွင် “ ဗိုလ်သိန်းစိုး ” နှင့်အဖွဲ့  ပြန်ရောက်လာကြ၏။ သူတို့ နှင့်အတူ နောက်ထပ် ရွာသား(၁၅)ယောက်လည်း အတူပါလာကြ၏။ ဗိုလ်သိန်းစိုးဆီက ကျုံစိန်ရွာ၏ အမင်္ဂလာသတင်းကို ကျနော်ရေးမှတ်နေခဲ့မိလေသည်။

၁၉၉၃-ခု၊ ဖေဖေါ်ဝါရီလ (၁၇)ရက်၊ နံနက် (၈း၃၀)တွင် ဒုံသမိချောင်း အနောက်ဖက်ကမ်းတွင် စခန်းချနေသည့် န၀တ စစ်တပ် တပ်မ (၉၉) လက်အောက်ခံ၊ ခ.လ.ရ (၈၄)သည် မျက်နှာချင်းဆိုင် တဖက်ကမ်းတွင်ရှိသည့် “ ကျုံစိန် ” ရွာပေါ်သို့  လက်နက်ကြီး (၄)လုံး ပစ်သွင်းလိုက်၏။ ထိုနေ့ က ကျုံစိန်ရွာတွင် အရိုးကောက်ပွဲ ( အသုဘ အခမ်းအနား ) ရှိနေ၏။ လူတွေ အရိုးကောက်ပွဲအတွက် ပြင်ဆင်နေကြစဉ် လက်နက်ကြီးကျည်ဆန်များ ကျလာခဲ့ခြင်းဖြစ်၏။ လက်နက်ကြီး ကျည်ဆံထိမှန် မှုကြောင့် အဖ ဦးဖါးလိပ်၊ အမိ ဒေါ်နော့ရော်တို့ ၏သား အသက် (၃၇)နှစ်ရှိ၊ ကိုလှရွှေ ထမင်းစားနေစဉ် ရင်ညွှန့် တွင် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံး။ အဖွားအို “ ဖီးသူးမဲ ” အသက်(၇၅)နှစ် နှင့် မြေးဖြစ်သူ (၉)နှစ် သမီးလေး “ နော်ကော်ကျိုး ” တို့  ခြေထောက်နှင့်လက်များတွင် ဒဏ်ရာပြင်းထန်စွာရ။ တရွာလုံး ဆူညံပွက်လောရိုက်နေစဉ်၊ ချောင်းတဖက်ကမ်းမှ န၀တ စစ်တပ်များ ရွာဖက်ကမ်းသို့ ချက်ချင်းကူးလာ။ လက်နက်ငယ်များပစ်ကာ ရွာထဲသို့ ဝင်။ရွာထဲတွင် အသက်အရွယ်ကြီးရင့်သူများမှ အပ ကျန်သူအားလုံး တောထဲသို့ အ၀တ်တထည် ကိုယ်တခုဖြင့် ထွက်ပြေးတိမ်းရှောင်ကြရ။ ရွာသူကြီးမ (သည်နယ်တ၀ိုက်တွင် ယောင်္ကျားသူကြီး မလုပ်ရဲကြသဖြင့် မိန်းမသူကြီးများသာရှိ ) ကို စစ်တပ်ကခေါ်ပြီး နေ့ ချင်းပြီး ကျပ်ငွေ နှစ်သောင်းစုဆောင်းပေးရ မည် ဆိုသဖြင့် သည်နေ့ ည (၄)နာရီက ရွာနှင့်ဒုံသမိချောင်းကြား ယါယီတပ်စွဲထားသည့် န၀တစစ်တပ်ကို ငွေများစုဆောင်းပြီးမှ သွားပို့ ခဲ့ရ။ ရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ရခြင်း အကြောင်းမှာ-----၊ သည်ကနေ့ မနက် (၈း၀၀)နာရီ တွင် ကျုံစိန်ရွာအနေနှင့် ၀က်သားအချိန်(၃)ပိသာကို စစ်တပ်စခန်းသို့  ပို့ ပေးရမည်ဟု အမိန့် ရထားသော်လည်း ရွာသားများမှာ ရွာတွင် အရိုးကောက်ပွဲရှိနေ၍ (၈း၀၀)နာရီကျော်သည်အထိ မပို့ ပေးနိုင်သည်ကို မကျေနပ်သဖြင့် အခုလို ရွာထဲသို့  စိန်ပြောင်း ကျည်ဆံများ ပစ်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရ-----။

ဝါးရုံပင်ခြေရင်းက သစ်ရွက်ခြောက်အိပ်ယါပေါ် လဲလျောင်းရင်း မည်မျှအထိ အတွေးနယ်ချဲ့ နေခဲ့မိလေသည်မသိ။ သတိရလို့  ပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ ကျနော့်ခန္ဓာကိုယ်ပေါ်တွင် နေရောင်ခြည်များ ပျောက်ကွယ်ကာ၊ လရောင် မှိန်ပြပြ ရောက်နေသည်ကို တွေ့ လိုက်ရ၏။

သစ်ရွက်ခြောက်အိပ်ယါပေါ်တွင် အသာအယါ ပြန်လည်လဲလျောင်းရင်း၊ ကျုံစိန်ကြိုးဝိုင်းကြီးအတွင်း၊ ပြေးဝင်ပုန်းခိုရင်း သစ်ပင် ခြုံပင်များအကြား၊ အိပ်စက်လဲလျောင်းနေကြမည့် တခြား ကျုံစိန်ရွာသားများအတွက် ကျနော့်မှာ စိတ်ပူနေမိလေသည်။

1 comment:

  1. ဖတ်ရတာစိတ်မကောင်းလိုက်တာနော်။တော်
    တော်ရက်စက်ကြတာပဲ။

    ReplyDelete