July 13, 2008

ကောင်းကင်ရင်ကွဲ


(၁)

၁၉၉၄ ခု၊ မတ်လ ၁၁ ရက်။

ညောင်းညာမှုကို ဖြေလျှော့သည့်အနေနှင့် ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ ကျနော့် ခန္ဓာကိုယ်ပေါ်က လရောင်များမှာ ကစဥ့်ကလျားဖြစ်ကုန်ကြရ၏။ လရောင်တချို့မှာ ခန္ဓာကိုယ်ပေါ်မှတဆင့် ဘေးတွင်ရှိသည့် သစ်ရွက်ခြောက် များပေါ် ခုန်ချသွားကြ၏။ လရောင်တွင် လက်ကို မ ကာ နာရီကြည့်တော့ ညဥ့် (၁၁) နာရီ ထိုးကာနီးပြီ။ ကျနော့်မှာ အိပ်မပျော်နိုင်သေး။



အိပ်ယာမ၀င်ခင်က တပ်မဟာမှူး (ဗိုလ်မှူးချုပ်ကျော်လင်း) နှင့် ကျနော် စကားထိုင်ပြောသည်များကို ပြန်တွေးနေခဲ့မိသည်။ မနက်ဖြန်မနက်တွင် ကျောက်ဖြာရွာကို ခရီးထွက်ရလိမ့်မည်ဟု တပ်မဟာမှူးက ပြောခဲ့၏။ ကျနော့်နှင့်အတူ အဖော်အဖြစ် တပ်ကြပ်ကြီး ဖားတေး (ထိုစဉ်က တပ်ကြပ်ကြီးဖားတေးမှာ ဗိုလ်အဆင့်ရှိပြီဖြစ်သော်လည်း လူတိုင်းက သူ့ကို တပ်ကြပ်ကြီး ဟု ခေါ်နေကြသေး၏) ကို ထည့်ပေး လိုက်မည်ဟု စီစဉ်ပေးလေသည်။ ကျနော်က တပ်မဟာမှူး စီစဉ်ပေးသည့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ချင်သည်ဟု ပြောရန် စဉ်းစားသေး၏။ သို့သော် ပါးစပ်ကမူ ပြောမထွက်ခဲ့။

တပ်မဟာ (၁) တပ်မဟာမှူးဗိုလ်မှူးကျော်လင်း ခေတ္တစခန်းချနေသည့် ယာယီပြောက်ကျားစခန်းကို ကျနော် ရောက်လာတော့ နေ၀င်စပြုပြီဖြစ်သည်။ မိဆိုင်းကျောက်တောင်၏ ခါးလည်မရှိတရှိနေရာ ဖြစ်သဖြင့် ပြောက်ကျားစခန်းမှာ တောအုပ်ထဲ
မြုပ်ဝင်ပျောက်ကွယ်လျက်ရှိ၏။ အနားယူပြီး ထမင်းစားပြီးသည့်အခါ ကျနော်နှင့် တပ်မဟာမှူးတို့ စကားထိုင်ပြောကြ၏။ ထိုစဉ်မှာပင် တပ်မဟာမှူးက ကျနော့်ကို မနက်ဖြန် ခရီးထွက်ဖို့ ပြောလာခဲ့ခြင်းဖြစ်သည်။ ပြောက်ကျားစခန်းတွင် တညပင် မအိပ်ရသေးခင် နောက်တနေ့တွင် ခရီးထွက်ရမည်ဟု ဆိုသောအခါ ကျနော့်မှာ အံ့အားသင့်သွားရ၏။ ထို့အပြင် အခက်အခဲ တခုနှင့်လည်း ကြုံရတော့၏။

တပ်မဟာမှူး၏ ပြောက်ကျားစခန်းသို့ ကျနော် ရောက်မလာခင်ကတည်းက တပ်မဟာမှူးထံ ကြိုတင်သတင်း ပို့ထားခဲ့ပြီဖြစ် သည်။ ကော့ကရိတ်၊ ဖာပွန်၊ နွေရာသီသုံးကားလမ်းတလျှောက်တွင်၊ နအဖစစ်တပ်များက ဒေသခံကရင်ရွာသားများကို “လူသားမိုင်းရှင်းကိရိယာ”များအဖြစ် အဓမ္မသုံးနေခြင်းသတင်းကို ရယူရန် ခရီးထွက်လာခြင်းဖြစ်ကြောင်း ကြိုတင်သတင်း ပို့ထားခဲ့၏။ ယခုကဲ့သို့ တော်လှန်ရေးဌာနချုပ်ကြီးမှ အသံလွှင့်ဌာန သတင်းထောက်တဦး ရှေ့တန်းသို့ဆင်းလာမည့်ကိစ္စ ကြိုတင်ပြီးသိထားရသဖြင့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များအားလုံးမှာ ကျနော့်ကိုလှိုက်လှဲစွာကြိုဆိုခဲ့ကြ၏။ လိုအပ်သလို အစွမ်းကုန် အကူအညီပေးရန် စိတ်အားတက်ကြွလျက်ရှိကြ၏။ သို့သော် ခရီးရောက်မဆိုက် နောက်တနေ့မနက်မှာပင် ခရီး ထွက်မှဖြစ်မည်ဟု တပ်မဟာမှူးက စီစဉ်လိုက်သောအခါမူ ကျနော့်မှာ အခက်အခဲတခုနှင့် ရင်ဆိုင် ရတော့၏။ အများနည်းတူ တက်ကြွလျက်ရှိသည့် ကျနော့်စိတ်မှာ တုံ့ကနဲ တန့်သွားရ၏။

တပ်မဟာမှူး၏ ယာယီပြောက်ကျားစခန်းသို့ အလာလမ်းတွင် ကျနော်စဉ်းစားလာခဲ့သည့် အစီအစဉ်မှာ ပျက်မလိုဖြစ်သွား ရ၏။ မာနယ်ပလောဌာနချုပ်မှ ထွက်ခွာစဉ်က ကျနော့်တွင် ‘ဖလင်’တလိပ်မျှ ပါမလာခဲ့။ ယုတ်စွအဆုံး ‘ကင်မရာ’ကိုပင် မယူလာနိုင်ခဲ့။ မိမိရရှိထားသည့်သတင်းကို လက်လွတ်မခံနိုင်သဖြင့်သာ ခရီးစရိတ် ငွေဘတ် ၃၅၀ ကို တာဝန်ခံဖြစ်သူထံမှ ထုတ်ယူလျက် လူကြုံနှင့် ရှေ့တန်းသို့ ဆင်းချခဲ့ခြင်း ဖြစ်သည်။ ကင်မရာကိုမူ မဲပလိရွာက ရွာငှားကျောင်းဆရာလေး ကိုချစ်နိုင်ထံမှ အကျိုးအကြောင်းပြောပြပြီး ငှားလာခဲ့ရ၏။ မိသားစုအပျော်တမ်းရိုက် အလိုအလျောက် အနီးဝေး ချိန်ပြီး ဖြစ်သည့် ကင်မရာကလေးကို ကျနော် ငှားလာခဲ့ခြင်းဖြစ်သည်။ လိုအပ်နေသေးသည့် ဖလင်ကိုမူ တပ်မဟာမှူးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် နယ်မြေတာဝန်ခံတဦးဦးနှင့် တွေ့လျှင်ပဲဖြစ်ဖြစ် အကူအညီတောင်းကာ ကမ္မမောင်းသို့ လူလွှတ်ပြီး
ဝယ်ခိုင်း မည်ဟု စဉ်းစားထားခဲ့၏။ သို့နှင့် ဖလင်မပါသည့် ကင်မရာလေးကို ပိုက်ခါ ပြောက်ကျားစခန်းကို ကျနော် ရောက်လာခဲ့၏။ စခန်းသို့ ရောက်လျှင်ရောက်ချင်း ရဲဘော်လေးနှစ်ဦးက အမှတ်တရဓာတ်ပုံရိုက်ပေးဖို့ ပြောသည့်အခါ ကျနော့်မှာ ဖလင်မပါသည့် ကင်မရာကလေးကို ယုတ္တိရှိရှိကိုင်ကာ စိတ်မသက်မသာနှင့် ခလုတ်နှိပ်ပြီး ရိုက်ပေးခဲ့ရ၏။ ဓာတ်ခဲထည့်ထားသဖြင့် မီးဝင်းကနဲ လက်သွားပြီးနောက် ကျေနပ်ကြည်နူး နေကြသည့် ရဲဘော်လေးနှစ်ဦးကိုကြည့်ကာ ကျနော့်မှာ မျက်နှာမထားတတ်အောင် ဖြစ်နေသေး၏။ ခရီးရောက်မဆိုက် ဖလင်မပါသည့်ကိစ္စကို ဖွင့်မပြောပြလိုသဖြင့်သာ ရဲဘော်နှစ်ဦး စိတ်ချမ်းသာအောင် ခလုတ်နှိပ်ပေးခဲ့ရခြင်းဖြစ်သည်။ နောက်တနေ့တွင်မှ ကမ္မမောင်းသို့ လူလွှတ်ပြီး
ဖလင်ဝယ်ပြီးကာမှ ထိုရဲဘော်လေး နှစ်ယောက်ကို စိတ်ကျေနပ်အောင် ထပ်ရိုက်ပေးဖို့ စဉ်းစားထားခဲ့၏။

ထမင်းစားပြီးသည့်နောက် တပ်မဟာမှူးနှင့် စကားထိုင်ပြောနေစဉ် မနက်ဖြန်မနက် ခရီးထွက်ရမည်ဟု သိရသောအခါ ကျနော့်မှာ အခက်အခဲနှင့် ထပ်ပြီးကြုံရပြန်တော့သည်။ တပ်မဟာမှူး၏စကားများကို နားထောင်နေပေသည့် ကျနော့်စိတ်က ကမ္မမောင်းသို့ လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းရမည့်ကိစ္စကိုသာ တွေးနေမိ၏။ ကမ္မမောင်းသို့လူလွှတ်ပြီး ဖလင်ဝယ်ခိုင်းပြီးနောက် ကျောက်ဖြာရွာသို့ လိုက်ပို့ရန်ပြောမည်ဟု စဉ်းစားသော်လည်း ထိုစိတ်ကူးမှာ လက်တွေ့တွင် မဖြစ်နိုင်သည်ကို ကျနော် သိလာရ၏။ ကမ္မမောင်းသို့ လူတယောက်စေလွှတ်ပြီး ဖလင်အ၀ယ်ခိုင်းကာ ကျောက်ဖြာရွာသို့ ဖလင်လိုက်ပို့လျှင် လမ်းတွင် မလွဲမသွေ တညအိပ်ရလိမ့်မည်ဆိုသည်ကို ရဲဘော်ကလေးများပြောထားသဖြင့် ကျနော် သိထားပြီးဖြစ်သည်။ ထို့ကြောင့် သဘက်ခါမနက် ကျောက်ဖြာရွာသို့ ဆင်းချလာမည့်နအဖစစ်ကားတန်းမဆင်းခင် အချိန်မှီ ဖလင်ရောက်လာ နိုင်ဖို့ဆိုသည်မှာ ဘယ်နည်းနှင့်မျှမဖြစ်နိုင်သည်ကို ကျနော် တွေးမိလာရ၏။ ဒီအခက်အခဲကြောင့် နောက်အပတ် ကားတန်းအဆင်းအတက် ကျမှ ဓာတ်ပုံသွားရိုက်မည်ဟု ဆိုကာ ခရီးထွက်မည့်ရက်ကို စဉ်းစားနေစဉ် တပ်မဟာမှူးက မနက်ဖြန်မနက်တွင် ခရီး မထွက်ဘဲ နေလို့မဖြစ်ဟု ဆက်ပြောလာခဲ့၏။

သည်တကြိမ် ကားတန်းအဆင်းမှာ သည်ရာသီ သည်နှစ်အတွက် နောက်ဆုံး ဆင်းချလာသည့် ကားတန်း ဖြစ်ဖို့များသည်ဟု ဆိုသဖြင့် ခရီးထွက်မည့်ရက်ကို ရွှေ့လို့မဖြစ်တော့ကြောင်း ကျနော် တွေးမိ၏။ ကျနော့်အခက်အခဲကိုဖွင့်ပြောပြီး ခရီးထွက်ဖို့ အစီအစဉ်ကို ဖျက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။ တော်လှန်ရေး ဗဟိုဌာနချုပ်ကြီးမှ ဆင်းချလာသည့် သတင်းထောက် တဦးတွင် ဖလင်တလိပ်မျှ ပါမလာနိုင်ခဲ့သည်ကို အမှန်အတိုင်း ဖွင့်ပြောသည့်တိုင် တပ်မဟာမှူးအဖို့ ယုံရခက်ခက် ရှိလိမ့်မည် ကို ကျနော်တွေး၏။ ထို့ပြင် လူသားမိုင်းရှင်းကိရိယာအဖြစ် အဓမ္မစေခိုင်းနေခြင်းသတင်းကို စွန့်စွန့်စားစား သွားရောက်ကာ ဓာတ်ပုံရိုက်ယူလိမ့်မည်ဟူသော သတင်းကြောင့် တက်ကြွလျှက်ရှိသည့် တပ်မဟာမှူးအပါအ၀င် ရဲဘော်များ၏စိတ်ကို ကိုယ့်ချို့ယွင်းချက်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တော့။ ထို့ကြောင့် ဖလင်မပါသည့် ကင်မရာကိုပိုက်ကာ မနက်ဖြန် မနက်တွင် ကျောက်ဖြာရွာသို့ ကျနော်ခရီးထွက်ရတော့မည်။ အစီအစဉ်အတိုင်း လက်ခံမည့်အကြောင်း တပ်မဟာမှူးကို ကတိပေးလိုက်ရ၏။

မည်သို့ပင်ဖြစ်စေ … သတင်းထောက်တဦးအဖို့ ကင်မရာ (သို့မဟုတ်) ဖလင်မရှိသည့်တိုင် မျက်စေ့ဖြင့် မြင်သမျှကိုပင် သတင်းတပုဒ်ဖြစ်အောင်ရေးရင်လည်း ရတာပါပဲဟု ကိုယ့်ကိုကိုယ် အားပေးကာ တပ်မဟာမှူးရှေ့မှ ထပြန်လာခဲ့ရ၏။



(၂)

၁၉၉၄ ခု၊ မတ်လ ၁၃ရက် နံနက် ၈း၀၀ နာရီ …။

ကျနော်တို့ပုန်းအောင်းနေရာ တောင်ကမူလေး၏ခြေရင်းတွင် ကျောက်ဖြာရွာထဲက ထွက်လာသည့် ကားလမ်းကို မြင်နေရ၏။ မကြာခင် ရွာထိပ်မှ လူသံများကြားရသလိုရှိကာ လူနှစ်ဆယ်အစိတ်မျှ ရှိမည်ထင် ရသည့် လူအုပ်ကို တွေ့လာရ၏။ တံမြက်စည်းကိုယ်စီကိုင်ပြီး ကားလမ်းမပေါ် တံမြက်လှည်းရင်း လျှောက်လာ နေသည့် လူအုပ်မှာ တောင်ကမူလေး၏ ခြေရင်းသို့ ရောက်လာကြ၏။ ကျနော့်မှာ ကြေကွဲတုန်လှုပ်ဖို့ ကောင်းလှသည့် မြင်ကွင်းကို ကြည့်ကာ အသက်မရှူနိုင်အောင် ငြိမ်နေမိ၏။

“ဆရာကြီး … ဆရာကြီး၊ ရိုက်လေဗျာ”

ဘေးတွင်ကပ်ထိုင်နေသည့် တပ်ကြပ်ကြီးဖားတေး၏ သတိပေးစကားကြောင့် ကျနော့်ခန္ဓာကိုယ်မှာ ကျင်စက်နှင့် တို့လိုက် သလို တွန့်သွားရ၏။ ထိုအခါကျမှ သတိရကာ ဖလင်မပါသည့် ကင်မရာလေးကို လွယ်အိတ်ထဲမှထုတ်လျှက် ဟန်ပါပါချိန် လိုက်ရ၏။ ကျနော်တို့ရှေ့တွင် အသက်အရွယ်ကြီးရင့်သူ အဖွားအို တချို့နှင့် ကလေးငယ်တချို့သာပါသည့်လူအုပ်မှာ တံမြက်စည်း ကိုယ်စီလှည်းကာ လမ်းလျှောက်နေကြ၏။ လမ်းဘေးနှစ်ဖက်တွင်မူ ဂျီ ၃ သေနတ်အသင့်ကိုင်ကာ စောင့်ကြပ် လိုက်ပါသည့် နအဖစစ်သားတချို့ ကိုလည်း တွေ့ရ၏။ ကျနော်က မျက်စေ့မှိတ် တံတွေးမြိုချကာ ကင်မရာခလုတ်ကို တချက်ချင်း နှိပ်နေခဲ့မိ၏။ မီးပွင့်ရှေ့တွင် လက်ဖြင့် ပိတ်ကာထားသဖြင့် မီးရောင်မလက်သော်လည်း ကင်မရာမောင်း ကျသံကို အတိုင်းသားကြားနေရ၏။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်မျှ ခလုတ်ကို နှိပ်ပြီးသောအခါ ကင်မရာလေးကို လွယ်အိတ်ထဲ သို့ ပြန်ထည့်ထားလိုက်၏။ ဘေးတွင်ပုန်းကွယ်ထိုင်နေကြသည့် တပ်ကြပ်ကြီးဖားတေးနှင့် ကျောက်ဖြာရွာသား ၂ ဦးဆီ မသိမသာလှည့်ကြည့်တော့ ကျေနပ်ဂုဏ်ယူလျှက်ရှိသည့် လူသုံးဦး၏ မျက်နှာများကို အထင်အရှားတွေ့လိုက်ရလေသည်။

(၃)

ကျောက်ဖြာရွာထဲက လူတယောက်ထွက်လာကာ ကျနော်တို့ ပုန်းအောင်းနေရာတောင်ကုန်းကို မော့ကြည့်နေ၏။ ပြီးတော့မှ တောင်ကုန်းပေါ်တက်လာလေသည်။ ထိုသူမှာ ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းဖြစ်ကြောင်း တပ်ကြပ်ကြီးဖားတေးက ပြောပြ၏။

“ဘယ်မလဲဟေ့ … ဓာတ်ပုံဆရာ၊ ဓာတ်ပုံဆရာ ဘယ်မလဲ”

ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့က ကျောက်ဖြာရွာသူကြီး ဦးအောင်မောင်းရှေ့တွင် သွားရပ်လိုက်၏။

“ကျနော်ပါပဲ ဦးလေး … ဘာကိစ္စရှိလို့လဲ”

“ခင်ဗျားတို့ ဒီမှာစောင့်ပြီး ဓာတ်ပုံရိုက်ရင် ကားတန်းမဆင်းခင် ကြိုပြီးလမ်းရှင်းတဲ့ ကင်းနဲ့ တည့်တည့်တိုးမှာပဲ။ အဲဒါ ပစ်လား ခတ်လားဖြစ်ရင် တရွာလုံးမီးတင်ရှို့ခံရမှာ သေချာတယ်။ ဒီလိုလုပ် ကားတန်းဆင်းတာ ဓာတ်ပုံရိုက်ချင်ရင် ကျုပ်နဲ့လိုက်ခဲ့။ ရွာထဲက ကားလမ်းဘေးအိမ်မှာ ကျုပ်ပို့ထားမယ်။ အနီးကပ်ခိုးပြီး ကြိုက်သလိုသာရိုက်စမ်း။ ဒီမှာတော့ ခင်ဗျားတို့ စောင့်ရိုက် လို့မဖြစ်ဘူး”

ကျနော်တို့အားလုံး အပ်ကျသံကြားရမတတ် ငြိမ်ချက်သားကောင်းနေခဲ့၏။ ကျနော်က တပ်ကြပ်ကြီးဖားတေးကို ကြည့်သည်။ တပ်ကြပ်ကြီးဖားတေးကလည်း ကျနော့်ကို ကြည့်နေ၏။

“ဘယ်လိုလဲ တပ်ကြပ်ကြီး”

“ဆရာကြီးသဘောပဲ၊ ကျနော်တော့ မပြောတတ်ဘူး”

ကျနော်၏အမေးကို တပ်ကြပ်ကြီးဖားတေးက မယုတ်မလွန် အကြံပေး၏။

“ရွာထဲမှာ နအဖစစ်သားတွေ ရှိမလားမသိဘူး သူကြီး”

“ဟား … ရှိတာပေါ့၊ ရွာထိပ်က တပ်ခွဲအပြင် ဒီနေ့ကားတန်းဆင်းမှာမို့ ရွာထဲက တခြားနေရာက စစ်သားတွေပါ ရောက်နေ တယ်။ ရွာသားထက်တောင် များမလားပဲ။ ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့။ ကျုပ်ကိုယုံရင် လိုက်သာလိုက်ခဲ့။ လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့။ ကျုပ်ဖာသာကျုပ် ကြည့်ရှင်းမယ်။ မသကာ ခင်ဗျားကိုဖမ်းရင်လည်း မရမက လွတ်အောင် ကျုပ်လုပ်မယ်။ စိတ်ချ၊ လိုက်မယ် မလိုက်ဘူးဆိုတာသာ စဉ်းစား၊ အချိန်တော့မရဘူး၊ မြန်မြန်လုပ်ဗျ၊ အဲ … လိုက်မယ်ဆိုရင်လည်း ခင်ဗျားတယောက်တည်းပဲ လိုက်မှဖြစ်မယ်”

ရူးသွပ်မှုတခုပင် ဆိုရမလားမသိ …။ ရွာသူကြီး ဦးအောင်မောင်းနှင့်အတူ ကျောက်ဖြာရွာထဲသို့ လိုက်သွားရန် ကျနော် ဆုံးဖြတ်လိုက်၏။ အသံဖမ်းစက်နှင့် ဖလင်မပါသည့် ကင်မရာထည့်ထားသည့် လွယ်အိတ်ကို ဦးအောင်မောင်းထံပေးကာ တောင်ကုန်းပေါ်မှ ကျနော်တို့ ဆင်းချလာခဲ့ကြ၏။ ဦးအောင်မောင်းက လွယ်အိတ်ကို စောင်တထည်နှင့်ထုပ်ကာ သူ့ခါးတွင် ပတ်ထားလိုက်၏။

ကျောက်ဖြာရွာထဲသို့အ၀င် အိမ် ၅ လုံးမျှအကျော်တွင် ရှေ့မှလျှောက်လာသော နအဖစစ်သား ၃ ဦးကို တွေ့ရ၏။ ကျနော်က ဦးအောင်မောင်းနှင့် သုံးလေးလှမ်းအကွာမှလျှောက်လာခဲ့၏။ အနားသို့ရောက်တော့တပ်ကြပ်လုပ်သူက ဦးအောင်မောင်းအား နှုတ်ဆက်လေသည်။ စစ်သားသုံးယောက် ကျနော့်ဘေးက ကပ်ပြီးလျှောက်တော့ စစ်သားတဦးက ကျနော့်ကို ဖျတ်ခနဲ လှမ်းကြည့်သွားခဲ့သေး၏။ ဆင်းရဲသားရွာခံ ကရင်လူမျိုးတဦးလို ရုပ်ဖျက်ထားသော ကျနော့်မှာ ဒူးများခွေလုမတတ် တုန်လှုပ်နေခဲ့လေသည်။

(၄)

တဲပေါ်တွင် ကျနော်တဦးတည်းသာ ရှိနေ၏။ အသက် ၁၈ နှစ်ခန့်ရှိမည်ဟုထင်ရသည့် အိမ်ရှင်ကရင်မလေးက အတွင်းခန်း ထဲတွင် ကျနော့်ကို နေရာချပေးကာ တဲပေါ်က ဆင်းချသွားခဲ့၏။ ရင်ဆို့ မရှိတရှိမြင့်သည့် တဲအောက် ကျနော်ထိုင်နေရာ ကြမ်းပြင်၏အောက်တွင် တဦးတည်းထိုင်ပြီး နှီးဖြာနေလေသည်။

အိမ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း လှုပ်ရှားလျက်ရှိသည့်စိတ်ကို တည်ငြိမ်အောင် ဟိုတွေးသည်တွေး လုပ်နေခဲ့ရ၏။

မနေ့ကမနက် ယာယီပြောက်ကျားစခန်းမှ ခြေလျင်ထွက်ခွာလာခဲ့သည့် ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးတို့မှာ ညနေ
နေ၀င်ရီတရောအချိန်ကျမှ ကျောက်ဖြာရွာထိပ်သို့ ရောက်လာနိုင်ခဲ့ကြ၏။ လမ်းတွင် ရွာနှစ်ရွာကို ဖြတ်လာခဲ့ရ၏။ ကျောက်ဖြာ ရွာထိပ်က တဲတလုံးပေါ် တက်ထိုင်လိုက်ကြသည့်အခါ နေရောင်မရှိသလောက်ပင် မှောင်နေလေပြီ။

မှေးကနဲအိပ်ပျော်ရာက လန့်နိုးလာတော့ မြန်မာလို ပီပီသသဆဲဆိုနေသည့်အသံကို မလှမ်းမကမ်းက ကြားရသဖြင့် အိပ်ယာက ကမန်းကတန်းထဖို့ ပြင်လိုက်မိ၏။

“ဗမာစစ်သားတွေပါ ဆရာကြီး … ကိစ္စမရှိပါဘူး။ ဒီလိုပါပဲ … ညတိုင်း ဒီလိုပဲ ဆဲဆိုပြီး စကားပြောကြတာပဲ၊ ဘာမှမဖြစ်ပါဘူး ဆရာကြီး”

ကျနော့်ဘေးက မီးဖိုဘေးတွင်ထိုင်နေသည့် ကရင်အဖိုးအိုက ကျနော့်ကို ရှင်းပြလိုက်ခြင်းဖြစ်သည်။ မနက်ဖြန် မနက်ခင်း ကားတန်းများဆင်းမည်ဖြစ်သဖြင့် ကျောက်ဖြာရွာထဲတွင် စစ်သားတွေ ရောက်နေ သည်ကို သတိရသွားရ၏။ ဗိုက်ထဲတွင် တကျုတ်ကျုတ်မည်အောင် ဆာလာသဖြင့် ရေသောက်ရန် ထလိုက်၏။

“ဆာရင် ဒီမှာလာပြီး စားပါလား”

မြန်မာလို ပီပီသသလှမ်းပြောနေသည့် ကရင်အဖိုးအိုကြည့်ကာ ကျနော်ပြုံးမိသည်။ သူသည်ကား ကျောက်ဖြာရွာသားများ အနက် မြန်မာလို ရေလည်စွာပြောတတ်သည့်လူ ၅ ဦးတွင် တဦးအပါအ၀င် ဖြစ်သည်ဟူသော တပ်ကြပ်ကြီးဖားတေး၏ စကားကို တွေးကာ ပြုံးမိခြင်းဖြစ်သည်။

မီးညွန့်ကျိုးနေပြီဖြစ်သည့် မီးဖိုဘေးတွင် ကျနော်ထိုင်သည်။ ပန်းကန်ဟုထင်ရသည့် အရာပေါ်က စားစရာတချို့ကို ကျနော်ယူပြီး စားကြည့်၏။ မီးကင်ထားသည့် အသားတချို့ကို ၀ါးမိသည်။ စားကောင်းကောင်းနှင့် ဆက်ပြီးစားနေမိ၏။ ဗိုက်ထဲတွင် အနည်းငယ်တည်ငြိမ်သွားသည့်အခါကျမှ အိပ်ယာဖက် ပြန်လှည့်ခဲ့ရလေသည်။

(၅)

အိပ်ခန်းထဲတွင် တယောက်တည်းထိုင်ရင်း တွေးမိတွေးရာတွေးနေစဉ် တဲအောက်က စကားပြောသံများကြောင့် အတွေး ရပ်သွားရ၏။ ကြမ်းကြားကတဆင့် အသံကြားရာကို ငုံ့ကြည့်တော့ အိမ်ရှင် ကရင်မလေး၏ ဘေးတွင် နအဖစစ်သားနှစ်ဦး စကားထိုင်ပြောနေသည်ကို တွေ့ရ၏။ အိမ်ရှင်ကရင်မလေးက မြန်မာစကား တလုံးစနှစ်လုံးစဖြင့် စစ်သားများကို ပြုံးရွှင်စွာ စကားပြန်ပြောနေ၏။ မလှုပ်မယှက် မသံမမြည်အောင်ထိုင်ရင်း ကျနော့်မှာ တုန်လှုပ်ခြောက်ခြားနေမိ၏။ ထိုစဉ်မှာပင် တဲပေါ်သို့ လူတစ်ယောက် တက်လာသဖြင့် စစ်သားနှစ်ယောက်လည်း ထပြန်သွားကြ၏။

“အပြင်ကိုထွက်ခဲ့ပါဆရာကြီး … ကားတန်းဆင်းလာတော့မယ်”

ကျနော်က တဲပေါ်တွင် ကျနော်တယောက်တည်း ထားပစ်ခဲ့ပြီး တဲပေါ်က ဆင်းချသွားသည့် ရွာသူကြီး ဦးအောင်မောင်း အထင်နှင့် လှမ်းကြည့်တော့ ညက ကျနော်နှင့်ထိုင်ပြီး တိုင်ပင်ဆွေးနွေးခဲ့သည့် ကျောက်ဖြာရွာသားတစ်ဦးဖြစ်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ကျနော်က စိတ်ချလက်ချဖြစ်ကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့ရ၏။

အိမ်ရှေ့ခန်းတွင် ထိုင်မည်အပြု တိုင်ဘေးတွင် ချထားသည့် ရေနွေးခရားနှင့် ရေနွေးပန်းကန်ကိုတွေ့တော့ လွန်ခဲ့သည့်ညက ကရင်အဖိုးအို ချကျွေးခဲ့သည့် ကြက်သားကင်ကို သတိရကာ ကျနော့်မှာ ရင်ထဲတွင် ပျို့တက်လာရ၏။ မီးဖိုဘေးအမှောင်ထဲ တွင် ကျနော်ကောက်ယူပြီးစားခဲ့သောကြက်ကင်များမှာ ရက်သားမျှသာရှိသေးသည့်ကြက်ပေါက်စလေးများကို ကင်ထားခြင်း ဖြစ်ကြောင်း မနက်ကျမှ တွေ့ရ သိရသောကြောင့် ဖြစ်၏။

ကျောက်ဖြာရွာသားတဦးနှင့်အတူ ထိုင်နေစဉ် မိုးခြိမ်းသံကြီးများကို အဝေးက ကြားရသလိုရှိပြီး မကြာခင် ရွာထဲသို့ နအဖ စစ်ကားများ ၀င်ချလာသည်ကို တွေ့ရတော့၏။ ဖုံတထောင်းထောင်းနှင့် မောင်းဝင်လာ နေသည့် စစ်ကားကြီးများကိုကြည့်ကာ ကျနော့်မှာ ကြောင်ပြီး ငေးနေမိပြန်သည်။

“ဆရာကြီး ရိုက်လေ … ဆရာကြီး ဓာတ်ပုံရိုက်လေကွာ”

ကျောက်ဖြာရွာသားက သတိပေးမှ လွယ်အိတ်ထဲက ကင်မရာကိုထုတ်ကာ ကိုက် ၁၀၀ ခန့်က ဖြတ်သွား နေသည့် စစ်ကား တန်းရှိရာ ချိန်လိုက်ရ၏။ ဖလင်မပါသည့် ကင်မရာတလုံး၏ ခလုတ်ကို နှိပ်ကာ ဖုံလုံးကြီးများကြားထဲက စစ်ကားများကို ကျနော် ဓာတ်ပုံရိုက်သည်။ ခလုတ်တချက်နှိပ်မိသည့်အချိန်တိုင်း ကျနော့်မျက်လုံးများမှာ ပြာဝေမူးမိုက်နေခဲ့၏။ တချီတချီ တွင်မူ မာနယ်ပလောမှ ခရီးစတင်မထွက်ခွာခင် ရက်ပိုင်းအလိုက ကျန်နေသေးသည့် ငွေတ၀က်ကို မပေးချေနိုင်သဖြင့် ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက် ရသည့် ယာရှီကာ အမျိုးအစား ကင်မရာလေးကို မျက်စေ့ထဲ ထပ်တလဲလဲ မြင်နေခဲ့မိ၏။

ကင်မရာခလုတ်ကို အကြိမ်ပေါင်းမည်မျှအထိ နှိပ်နေခဲ့သည်မသိ။ ခြေသံကြားလို့ လှည့်ကြည့်တော့ ကျနော့်ဘေးတွင် ကျောက်ဖြာရွာသူကြီးက ကျေနပ်ဂုဏ်ယူစွာ ရပ်နေသည်ကို တွေ့ရ၏။

“ကဲ … ဒီလောက်ဆိုရင် ရလောက်ပြီထင်တယ်၊ ဒီကောင်တွေ ကားတန်းကို အာရုံစိုက်နေတုန်း ကျုပ်တို့ ရွာပြင်ဖက် ထွက်ကြမှဖြစ်မယ်၊ သွားကြရအောင်”

ပြောပြောဆိုဆို ရွာသူကြီးက ကျနော့်ထံမှ လွယ်အိတ်ကို ဆွဲယူကာ တဲပေါ်က ဆင်း၏။ ကျနော်က နောက်မှ ဆင်းလိုက်လာ ခဲ့ရ၏။ တဲအောက်က အိမ်ရှင်မိန်းကလေးကိုပင် လှည့်ကြည့်ပြီး နှုတ်မဆက်ခဲ့ရတော့။

တဲပေါ်ကဆင်းပြီး ဖင်တပြန် ခေါင်းတပြန်ဆောက်ထားသည့် တဲများအကြား ဖြတ်လျှောက်နေစဉ် ကျောက်ဖြာရွာထိပ်ဆီက မိုင်းကွဲသံကြီး ကြားလိုက်ရလေသည်။ တရွာလုံး လူသံ၊ ခွေးဟောင်သံများ၊ ပြေးလွှားအော်ဟစ်သံများဖြင့် ပွက်လောရိုက် သွားရ၏။ ကျနော်နှင့် ရွာသူကြီးက မြေပေါ်တွင် ကယောင်ကတန်း ၀ပ်ချလိုက်ကြပြီး နားစွင့်အကဲခတ်ကြ၏။

“ကိုင်း … ဆရာကြီး ဒီကောင်နဲ့ပဲ ရွာပြင်ဖက် လိုက်ထွက်ပေတော့၊ ဟိုမှာ တပ်ကြပ်ကြီးဖားတေး စောင့်နေလိမ့်မယ်၊ ဒီအတိုင်းဆို ဒီကောင်တွေ ကျုပ်ကို လိုက်ရှာနေမှာ သေချာတယ်၊ ကိုင်း … သွားပေတော့”

ကျနော်တို့နောက်ကလိုက်လာသည့် ကျောက်ဖြာရွာသားက ကျနော့်ရှေ့မှခေါင်းဆောင်ပြီ တဲကြိုတဲကြားထဲသို့ဝင်လေသည်။ သူ့နောက်မှ လိုက်လာရင်းက ကျနော့်မှာ မိုင်းကွဲသဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကိုတွေးကာ ကျောက်ဖြာရွာသားများအတွက် စိတ်ပူမိလေသည်။

(၆)

‘မဲညောခီး’တောင်ခြေက ခရီးသည်များ ခေတ္တနားရန် ထိုးထားသည့် တဲတန်းလျားကြီးမှာ အမှောင်ထုအောက်တွင် ငြိမ်သက် တိတ်ဆိတ်လျက်ရှိ၏။

တန်းလျားကြီး၏ ထိပ်တနေရာတွင် ကျနော် ညအိပ်ရန် ပြင်ဆင်ခဲ့၏။ ကျောပိုးအိတ်ကို ခေါင်းအုံးကာ ပက်လက်လှန် လဲလျောင်းရင်း အမှောင်ထုထဲကို ငေးကြည့်နေမိ၏။ တလကျော်ကြာမျှ အတူသွားအတူလာရှိခဲ့သည့် တပ်ကြပ်ကြီးဖားတေး ကို ကျနော် လွမ်းနေမိသည်။

တပ်ကြပ်ကြီးဖားတေးသည် မဲညောခီး တောင်ခြေတနေရာက ကရင်ရွာကလေး၏ထိပ်တွင် ကျနော့်ကို ရပ်ကြည့်ရင်း ကျန်နေရစ်ခဲ့၏၊ ကျနော်က ကရင်ပြောက်ကျားရဲဘော်များနှင့်အတူ မဲညောခီးတောင်ပေါ် တက်လာခဲ့၏။ တနေ့လုံးလိုလို တောင်တက် တောင်ဆင်းလမ်းများကို ကျနော် လျှောက်လာခဲ့ရ၏။ မဲညောခီးတောင်မကြီး၏ အရှေ့ဖက်တောင်ခြေ သံလွင်မြစ်ကမ်းသို့ ရောက်သောအခါ မိုးချုပ်လုမတတ် ရှိခဲ့လေပြီ။

လုံခြုံစိတ်ချရသည့် နယ်မြေသို့ ရောက်လာခဲ့ပြီဖြစ်သဖြင့် စိတ်အေးလက်အေး အနားယူအိပ်စက်ရန် စဉ်းစား ထားမိသည်။ ကရင်ပြောက်ကျားရဲဘော်လေးများ ချက်ကျွေးသည့်ထမင်းကို နှမ်းငါးပိနှင့် အ၀အလွေး စားပြီးနောက် အိပ်ယာပေါ်တွင် လှဲလိုက်၏။ မနက်ဖြန်ညနေပိုင်းလောက်တွင် မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ကျနော် ပြန်ရောက်တော့မည် ဖြစ်သည်။

တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး ငှက်ဖျားထသလို ဖြစ်လာသဖြင့် အက်စ်ပရင်းဆေးပြားနှစ်ပြားကို ရေနှင့်သောက်ကာ စောင်ခြုံထားလိုက်ရ၏။

အမှောင်ထုအတွင်းမှ စစ်ချီတေး သီကျွေးနေကြသည့် ခြင်ထုကြီး၏ အသံကို ကျနော် ကြားနေရ၏။ လေတချက်မတိုက် သဖြင့် တဲတန်းလျားကြီးထဲတွင် ပူနွေးအိုက်စပ်လျက်ရှိလေသည်။ ထိုစဉ်မှာပင် ကျနော့်အတွေးများမှာ ကျောက်ဖြာရွာထိပ်သို့ ရောက်သွားရ၏။ ကျနော့်မျက်လုံးထဲတွင် အဖိုးအို အဖွားအိုနျင့် ကလေးတချို့ တံမြက်စည်းကိုယ်စီလှဲကာ ကားလမ်းပေါ် လျှောက်လာနေသည်ကို မြင်လာရသည်။ လူအုပ်အပေါ်တွင် ဖုံတွေဝဲနေသည်ကို တွေ့နေရ၏။ ပြီးတော့ ကင်မရာမောင်း ခလုတ်ကျသံများကို ကြားလာရ၏။ ထိုအခါ ကျနော့်ခန္ဓာကိုယ်တခုလုံး ပျော့ခွေနွမ်းဖတ်ဖြစ်ကာ ချွေးစေးများဖြင့် ရွှဲနစ်နေ လေသည်။

ဖလင်မပါသည့် ကင်မရာဖြင့် တံမြက်စည်းလှဲနေသည့် လူအုပ်ကို ကျနော် ဓာတ်ပုံရိုက်ခဲ့မိ၏။ ထို့ကြောင့် ကျနော့်မှာ ကြေကွဲ ၀မ်းနည်းခဲ့ရ၏။ သို့သော် ... ။

အကယ်၍များ ကမ္မမောင်းသို့ လူလွှတ်ပြီးဝယ်ယူခိုင်းခဲ့သည့် ဖလင်ဖြင့် ဓာတ်ပုံရိုက်နိုင်ခဲ့လျှင်မူ မာနယ်ပလော တော်လှန်ရေး ဌာနချုပ်သို့ ရောက်သည့်အခါ ယင်းဖလင်များ ကူးဖို့ ဆေးဖို့အတွက် လိုအပ်သည့်ငွေကို ရှာရ ဖွေရဦးမည့်ဒုက္ခနှင့် ကြုံစရာ အကြောင်း မရှိတော့သည့်အချက်ကို ဖျတ်ခနဲ တွေးလိုက်မိ၏။ ထိုအခါကျမှ ကျနော့်မှာ စိတ်သက်သာရာရကာ သက်ပြင်းချမိတော့၏။ ။

(ခေတ်ပြိုင်အွန်လိုင်းတွင် မောင်သစ်ဦးကလောင်အမည်နှင့် ရေးခဲ့သည် ၀တ္ထုတိုဖြစ်ပါသည်။)

No comments:

Post a Comment