July 31, 2008

ကြွေ



25.7.08 နေ့က ဆရာမ ဒေါ်မေငြိမ်းနဲ့ ကျနော် ဇင်းမယ်မြို့က စားသောက်ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြပါတယ်။ စားရင်းသောက်ရင်းက ပုဂ္ဂိုလ်ရေးကိစ္စတချို့ကိုလည်း ပြောဖြစ်ကြပါတယ်။ သူကလည်း သူ့ “လယ်သမားကြီး” အကြောင်းပြောသလို ကျနော်ကလည်း ကျနော့် “ချစ်သူ” အကြောင်း ပြောမိတယ်။
နောက်တနေ့ နေရပ်ကိုပြန်တော့ ကားပေါ်မှာ ကျနော့်ချစ်သူအကြောင်း အတွေးမျှင်တန်းရပြန်ရော...။ ဒီကနေ့ကျတော့ ချစ်သူနဲ့ပါတ်သက်တဲ့ ဒီဝတ္ထုတိုလေးကို ပို့စ်အသစ်တင်မိပြန်တယ်။
ဒီဝတ္ထုတိုလေးဟာ၊ ၁၉၉၂-ခု ကျနော် မာနယ်ပလောကို ရောက်လာပြီးနောက်ပိုင်း ပထမဆုံးရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ “ဒေါင်းတမာန်” စာစောင်မှာ ဖော်ပြခဲ့ပါတယ်။ ပန်းချီဆရာလေး “စောငို” က သရုပ်ဖော်ပုံ ဆွဲပေးခဲ့ပါတယ်။
ဒီတုန်းက ဒီဝထ္ထုလေးကိုဖတ်ရတဲ့ ကျနော့်ချစ်ရဲဘော်တချို့က ကျနော့်ချစ်သူကို အသိအမှတ်ပြုကြ ပါတယ်။ အခုလည်း ကျနော် ၀ထ္ထုလေးအပေါ် ချစ်မိတ်ဆွေ စာဖတ်သူများက ဘယ်လိုများ ပြောလာကြဦးမလဲ ...။
မိတ်ဆွေတွေအားလုံး ဒီဝထ္ထုလေးကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူး ...။


(က)
စက်လှေသံနှင့်အတူ မပီိမသရောထွေးပြီး ကြားနေရတဲ့ ဓါတ်စက်ထဲက မောင့်အသံကို ငါ ဂရုစိုက်ပြီး နားထောင်နေမိတယ်။ နာရီပိုင်းအတွင်း ဖြစ်သွားခဲ့ရတဲ့ ကိုယ့်အဖြစ်ကိုပင် မေ့ထားလိုက်ပြီး မောင့်အသံကို စကားလုံးတလုံးမကျန် ကြားလိုက်နိုင်အောင် ကြိုးစားနေမိတယ်။ တကယ်တော့ စက်လှေသံ ဘယ်လောက်ပဲ ဆူဆူ လေတိုးသံ ဘယ်လောက်ပဲပြင်းပြင်း မောင့်အသံကို ငါ ကောင်းကောင်းမှတ်မိတာပေါ့။ ကြည့်စမ်းပါဦး ငါကလည်း မောင်စကားပြောနေတဲ့အချိန်ကျမှ အချိန်ကိုက်ပြီး ရောက်လာသလိုပါပဲလား။
စက်လှေနံရံကိုကျော်တဲ့အထိ လှဲနေရာက အသာထပြီး မျက်လုံးကိုဖွင့်ကြည့်တော့ စက်လှေဟာ သောင်တန်းရွာထိပ်ကို ရောက်နေပြီ။ သရက်တောရွာကွေ့ကို ဦးတည်နေပြီ။ မောင့်အသံကလည်း အခုမှပဲ ပိုပြီး ပြတ်ပြတ်သားသား ကြားလာနေရတယ်။
“ကျွန်တော်တို့ဟာ အနာဂါတ်ကို ပိုင်တယ်။ ကျွန်တော်တို့ဟာ သမိုင်းကို အသိရှိရှိနဲ့ ဖန်တီးနေကြတာ ဖြစ်တယ်။ ဒီလိုအခွင့်အရေးကြီး ကျွန်တော်တို့လက်ထဲရဘို့ဆိုတာ လူ့သမိုင်းမှာ ရတောင့်ရခဲ ကြုံကြိုက်မှုကြီးပါ။ ကျွန်တော်တို့ဟာ ... ”

(ခ)
“အဲဒီလို စင်ပေါ်မှာစကားပြောနေတုန်းမှာတောင်မှ မ ကို မောင် သတိရမိအောင်ရလိုက်သေးတယ်”
အခုလို မောင့်စကားကိုကြားတော့ မုန့်ကြော်နေတဲ့ ငါ့လက်တွေဟာ လမ်းတ၀က်တပျက်မှာတွင် ရပ်သွားရတယ်။ မောင့်ကို မျက်စေ့မှေးပြီး ကြည့်လိုက်တယ်။ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချလိုက်မိတယ်။
မောင်စကားပြောခဲ့တဲ့ နေ့ဆိုတာ စစ်တောင်းမြစ်ဘေး ကျေးရွာတွေအားလုံး စုပေါင်းပြီးဆန္ဒပြပွဲကြီး ကျင်းပတဲ့နေ့၊ အဲဒီနေ့မှာပဲ ငါဆေးရုံတက်ခဲ့ရတယ်။ ရုတ်တရက် မူးမေ့လဲကျသွားတဲ့ ငါ့ကို အိမ်နီးနားချင်းတွေက စက်လှေပေါ်ထမ်းတင်ခဲ့ကြပြီး ကျွဲပွဲမြို့ ဆေးခန်းကို ပို့ပေးခဲ့ကြတယ်။ ဒါပေမယ့် သောင်တန်းရွာထိပ်ကို ရောက်တော့ ငါ သတိပြန်ရလာခဲ့ပြီ။ ပထမဆုံးခေါင်းထဲကိုဝင်လာတဲ့ အသိကတော့ စက်လှေသံထဲမှာရောပြီး ကြားလိုက်ရတဲ့ မောင့်ရဲ့ ဓါတ်စက်နဲ့စကားပြောသံပဲ။
“ဘာလုပ်မလို့လဲ၊ မျက်စိမှိတ်ပြီး အသာကလေး ငါ့ကိုဖေးပြီးမှီထား၊ တခြားဘာမှ တွေးမနေနဲ့၊ ကလေးတွေအတွက်လည်း မပူနဲ့၊ အားလုံးစီစဉ်ပေးထားခဲ့တယ်၊ သက်သာအောင်သာနေ”
မတင်ရီရဲ့ ခန္ဓာကိုယ်ကို လက်နဲ့အားယူပြီး ခေါင်းထောင်ဖို့ ကြိုးစားကြည့်တယ်။
“မထနဲ့လေ၊ သောင်တန်းရွာထိပ်ကိုတောင် ရောက်နေပြီ၊ မကြားဘူးဘား နင့်ယောင်္ကျားအသံ၊ လူတွေ ကတော့ အများကြီးပဲဟ၊ အလံတွေ တလူလူနဲ့”
စက်လှေထဲမှာ အသာပြန်လှဲနေယင်း နားကိုစွင့်ထားမိတယ်။ ကောင်းကင်ပြာပြာကြီး ... ။ ပြီးတော့ မောင့်ရဲ့ ဓါတ်စက်ထဲကအသံ။ ဓါတ်စက်ထဲက မောင့်အသံဟာ စစ်တောင်းမြစ်ပေါ် ဖြတ်ကျော်သွားနေခဲ့တယ်။
“မ ရဲ့ စာကိုဖတ်ရတော့ မောင်လေ နပိုလီယံပြောခဲ့တဲ့ စကားတချို့ကို ချက်ချင်းသတိရသွားတယ်။ အဲ ... ဘာတဲ့၊ မင်းကသာချစ်တယ်ဆိုတဲ့ စကားတခွန်းကို လူကြုံနဲ့မှာလိုက်စမ်းပါ။ ငါ အခုတိုက်နေတဲ့ စစ်ပွဲကြီးတခု လုံးကို ပစ်ချထားခဲ့ပြီး မင်းဆီကို ငါချက်ချင်းပြန်လာခဲ့မယ် ...” တဲ့။
နောင်အခါ အခုလိုပြောပြခဲ့တဲ့မောင်ဟာ တကယ်တမ်းကျတော့ ရွာက ကောင်လေးတွေက အကို့မိန်းမ ဆေးရုံတက်ရတာ သုံးရက်တောင်ရှိနေပြီဆိုပြီး ဆေးရုံပေါ်က ငါရေးပေးလိုက်တဲ့ စာကိုပြတော့ မောင်ဟာ ငါ့စာကိုဖတ်ကြည့်ပြီး ခေါင်းတချက်မော့ထား၊ မျက်စိကို ပိတ်ထားခဲ့သတဲ့။ ဒါပါပဲ။ ပြီးတော့ သူ့အလုပ်တွေကို ဆက်လုပ်နေခဲ့တာပါပဲ။
မောင့်ဆီကို ရေးပို့လိုက်တဲ့ စာထဲမှာ ဆန္ဒပြပွဲကိုပေးထားခဲ့ ကတိအတိုင်း ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့တာ မောင့်အနေနဲ့ နားလည်ခွင့်လွှတ်ဖို့ရေးခဲ့မိတယ်။ တကယ်တော့ ဒီဆန္ဒပြပွဲကို တက်နိုင်ဖို့ နှစ်ရက်လောက် ကတည်းက အလုပ်တွေဖိပြီးလုပ်ထားခဲ့ရတာပဲ။ အခုလို မမျှော်လင့်ပဲ လွဲသွားရတော့ မောင့်ဆီကို စာနဲ့ပဲ တောင်းပန်ရတော့တာပေါ့။

(ဂ)
“အလုပ်ထွက်တာကတော့ လွယ်ပါတယ်၊ ဒါပေမယ့် မောင်တို့ တော်တော်ရုန်းကန်ရမယ့် သဘော ရှိတယ်၊ မ ပြောတဲ့ ကိစ္စဖြစ်ပါ့မလားကွာ၊ မ က အလုပ်ကြမ်းလုပ်လို့ မရဘူး၊ ဈေးတောင်းခေါင်းပေါ်တင်ရတယ် ဆိုတာ မလွယ်ဘူး၊ ပြီးတော့ ကျန်းမာရေး ...”
ငါ့မျက်နှာကိုကြည့်ပြီး မောင်ဟာ ပြောလက်စ စကားကို ရပ်ပစ်လိုက်တယ်။ ပြီးတော့ ရုတ်တရက် မှိုင်ကျသွားတဲ့ မျက်လုံးတွေနဲ့ ငါ့ကို စိုက်ကြည့်နေတယ်။ မျက်မှန်ကိုင်းကို လက်တဖက်နဲ့ ပင့်တင်ရင်း မျက်နှာလွှဲသွားတဲ့အခါ သူ့ဆီက သက်ပြင်းချသံကို ငါ ကြားလိုက်ရတယ်။ မကြာပါဘူး သူ့သားအကြီးကိုခေါ်ပြီး နောင်ချိုအင်းစပ်ကို ကန်စွန်းရွက် ခူးဖို့ ဆင်းချသွားလေရဲ့။
ဒီတုန်းက မောင်ဟာ နှစ်ရက်လောက် ငေးငေးငိုင်ငိုင်ဖြစ်သွားခဲ့တယ်။ ငါ နားလည်ရမှာပေါ့၊ သူ့ခမြာ တော်တော်ထိသွားခဲ့တာပဲ။
မောင်အလုပ်ကထွက်ပြီး ပြန်လာတဲ့ ညနေက လူကြုံနဲ့မှာလိုက်လို့ ရောက်လာတဲ့ ဈေးတောင်းအသစ် ကို ခါးစောင်းတင်ပြီး မောင့်ကို ရွာထိပ်မှာ ငါကိုယ်တိုင် ထွက်ကြိုခဲ့တယ်လေ။ ဒီတုန်းက မောင့်မျက်လုံးတွေ ရီဝေေ၀ မှိုင်းနေလေရဲ့။

(ဃ)
သောင်တန်းရွာထိပ်က စာသင်ကျောင်းပေါ်မှာ မဲပေးမည့်သူတွေ ပြည့်ကြပ်နေတယ်။ ငါကတော့ မဲပေးပြီးပေမယ့် မောင့်ကို စောင့်နေရသေးတယ်၊ မဲလာပေးကြတဲ့ သူတွေကလည်း မောင့်ကိုပဲ မေးနေတယ်။ လူတိုင်းလိုလို ခမောက်ကိုယ်စီဆောင်းပြီး မဲပေးဖို့လာနေတဲ့ မြင်ကွင်းကို မောင်မြင်စေချင်စမ်းပါဘိ။
မောင်ဟာ ရွာနဲ့ဝေးတဲ့ အုပ်တွင်းမြို့မှာ မြို့နယ်အတွင်းက ရွေးကောက်ပွဲကိစ္စတွေအတွက် အိမ်မပြန်နိုင် တာ တလကျော်သွားခဲ့ပြီပဲ။ ဒီနေ့တော့ မဲပေးဖို့ ပြန်လာနိုင်အောင် ကြိုးစားမယ်လို့ လူကြုံနဲ့ကြားရပေမယ့် နေ ခေါင်းပေါ်တက်လာတဲ့ အထိတော့ ရောက်မလာသေးဘူးလေ။
ခေါင်းပေါ်က ခမောက်ကို လက်နဲ့ဖေးကိုင်ပြီး စာသင်ကျောင်းရှေ့က နတ်စင်ရှေ့မျက်ခင်းအစပ်မှာ သွားထိုင်နေမိတယ်။ အရှေ့ဖက်က ရှမ်းရိုးမတောင်တန်းကြီးတွေကို လှမ်းမျှော်ကြည့်နေမိတယ်။ ထိုင်နေယင်းက မောင့်အကြောင်းတွေ တွေးမိပြန်တယ်။ တခါတုန်းက မောင့်ကို ငါက ကဗျာတပုဒ် ရွတ်ပြမိတယ်။

“ကျမနဲ့မောင်
ကလေးတွေအတွက်
ဖိနပ်တရံ လို့ ယူဆရအောင် ...”

မောင်ဟာ အစတော့ ငါ့ကို တအံ့တသြနဲ့မော့ကြည့်နေတယ်။ ပြီးတော့ ခပ်တိုးတိုးရယ်တယ်။ ဒါပေမယ့် ငါ့နားထဲမှာတော့ မောင့်ရယ်သံတွေ ဆူညံမြည်ဟိန်းသွားတယ်လို့ ခံစားလိုက်ရတယ်။
“ဒါ ရယ်စရာလားမောင်”
“မဟုတ်ဘူး၊ မဟုတ်ဘူး ဒီလိုမဟုတ်ဘူး၊ မောင်ရယ်တာ ဒီလိုမဟုတ်ဘူး”
မောင့်ရဲ့ ဖြေရှင်းတဲ့ စကားသံတွေဟာ တုန်ရင်အက်ကွဲနေကြတယ်။ ငါကလည်း တခါတလေ မောင့် အပေါ်မှာ နားလည်ဖို့ မေ့တတ်တယ်။ မောင့်ကို နားလည်ရမယ်။ တစက္ကန့်လေးတောင်မှ မေ့လို့မရတဲ့ နားလည်မှု မျိုးနဲ့ သိနေရမယ်။ အထူးသဖြင့် ကဗျာ ... ။
ဒီလိုနဲ့ မောင်နဲ့အတူ ထင်းခွေကြတာ၊ မနက်အစောကြီးထပြီး မုန့်ကြိတ်ကြတာ၊ စစ်တောင်းမြစ်ကမ်းပါးလမ်းမှာ စကားတွေ ဖောင်လောက်အောင်ပြောရင်း ရွာပြန်လာကြတာ၊ တခါတလေ ဖိနပ် တရံတည်းကို သူအရင်စီးမယ်၊ ငါ အရင်စီးမယ်ဆိုပြီး သားသုံးယောက်ရန်ဖြစ်ပြီး လုစီးနေကြတော့ မောင်က မကြားချင်ယောင်ဆောင်ပြီး ငေးနေခဲ့တာ၊ တနေကုန် ရွာစဉ်လျှောက် ဈေးရောင်းရာက ပြန်လာတဲ့ ငါ့ကို ရွာထိပ် ဘုန်းကြီးကျောင်းအထွက် ရေသိမ်လေးပေါ်က ထိုင်ပြီး တယောက်တည်းစာထိုင်ဖတ်ရင်း ငါ့ကို စောင့်ကြိုနေတာ၊ ညကျတော့ ကလေးတွေအိပ်ပျော်သွားတဲ့အချိန် ငါ့က မုန့်နယ်ပြီးတဲ့အချိန် သူစာရေးနေတဲ့ ရေနံဆီမီးခွက် ဘေးမှာသွားထိုင်ရင်း သူ့ကဗျာတချို့ကို တိတ်ဆိတ်စွာဖတ်နေခဲ့တာ။
“ကဲ ...၊ စာရင်းလုပ်တော့မလား၊ ရပြီလေ၊ မောင်ရေးပေးမှာပေါ့၊ ကိုင်းပြောတော့ အဆင်သင့်ပဲ”
ငါက ကျစ်ကျစ်ပါ အောင်လိပ်ပြီး ကိုင်ထားတဲ့ စာရင်းစာရွက်ကိုထုတ်ပြီး မောင့်ကို ဖတ်ပြလိုက်တယ်။ မောင်က သူ့စာရွက်တွေကို ဘေးဖယ်ပြီး စာရင်းလိုက်ရေးဖို့ ပြင်တယ်။
“မုန့်ကြိတ်ဆုံငှားခက ငါးဆယ်၊ မနက်ဖြန်ဈေးလူကြုံမှာရမယ့်ပစ္စည်း ... အဲ ထန်းလျက်က တပိဿာ ဆိုတော့ နှစ်ဆယ့်ငါးကျယ်၊ ဆားတထုပ်က သုံးကျပ်၊ ဆီ ငါးကျပ်သားက ... ”
“နေပါအုံး မရဲ့၊ မင်းစာရင်းက ရှိတဲ့ငွေထက် ကျော်နေပြီမို့လား”
ငါက မောင့်ကို ပြုံးကြည့်ပြီးမှ “ဒါ ဆန်းသလားမောင်ရဲ့၊ ကျန်တာ အကြွေးပေါ့၊ ယူနေကြပဲဟာ၊ ရပါတယ်၊ ဒါတောင်မှ ကင်းကြေးက လေးဆယ်၊ ချောကြေးက ငါးဆယ်၊ စာသင်ကျောင်း အိမ်သာဆောက်တာ ထည့်ရမှာက တရာ့တစိပ်၊ အုတ်တွင်း စပါးငါးကန် လူကိုယ်တိုင်လိုက်တူး မပေးနိုင်လို့ လူငှါးထည့်ဖို့ ချေးထား ခဲ့တာက တစ်ရာ့ရှစ်ဆယ်၊ ပြီးတော့ ... ”
အဲဒီညက စာရင်းရေးပြီးတဲ့အခါ ငါက ကဗျာတပုဒ်ကို ရွတ်ပြမိခဲ့တယ်။ ဒါကို မောင်က တအံ့တသြနဲ့ နားထောင်ပြီး ခပ်တိုးတိုးလေး ရယ်မောခဲ့တာ၊ အစကတော့ ဒါဟာ ငါ့ကိုလှောင်တာပဲဆိုပြီး ငါက စိတ်ဆိုးခဲ့တာ။ နောက်တော့မှ မောင့်ရဲ့ရယ်သံအဆုံးက မသိမသာလေး တုန်ရင်နေတဲ့ အသံကို ဂရုပြုမိပြီး မောင့်ကို သနားသွား ခဲ့တာ ... ။
ငါ့ရဲ့အတွေးတွေဟာ လူတယောက် ငါ့ဘေးမှာ လာရပ်တော့မှ တပိုင်းတစနဲ့ ပြတ်တောက်သွားရတယ်။ မော့ကြည့်လိုက်တော့ ဖျင်နီတိုက်ပုံအင်္ကျီဝတ်ပြီး ရပ်နေတဲ့ မောင့်ကို တွေ့ရတယ်လေ၊ မောင်က ငါ့လက်ထဲက ခမောက်ကိုယူပြီး ငါ့ခေါင်းပေါ် ဆောင်းပေးလိုက်တယ်။ ငါက မောင်နဲ့ယှဉ်ပြီး ရပ်နေလိုက်တယ်။

(င)
ထာဝရ ... ။ ဟုတ်တယ် ... ။ ထာဝရ ...။
ဒီစကားလုံး သုံးလုံးရဲ့ နောက်မှာ ဘယ်လိုစကားမျိုးပဲ ဆက်ဆက်လိုချင်တာ ဖြည့်လို့ရတယ်ဆိုတော့ သိပါတယ်။ ဒါပေမယ့် ငါ့အဖို့တော့ ဖြည့်သင့်ဆက်သင့်တဲ့အရာတွေကို ဖြည့်နိုင်ရမယ့် သတ္တိတွေ ရှိနေရမယ်လို့ မောင်ပြောဖူးတာတွေးတော့ ငါ့ခေါင်းဟာ အလိုလို မော့သွားရတယ်။ ထာဝရ ...။ ထာဝရ ... ။ ထာဝရ ... ဆိုတဲ့ စကားသံတွေ စစ်တောင်းမြစ်ကြီးကို ကျော်ပြီး၊ လှိုင်းတွေလို တလိမ့်လိမ့်ဝေးသွားနေတဲ့ အရှေ့ရိုးမတောင်တန်း ကြီး တွေကို ကျော်ပြီး မောင့်ဆီကို ရောက်တဲ့အထိ အော်ဟစ် ပစ်လိုက်ချင်တယ်။
“ကဲ လုပ်တော့လေ၊ ကလေးတွေကို ဒီလောက်နောက်ဆံတင်းမနေနဲ့၊ သူတို့လည်း နေတတ်သလောက် ဖြစ်နေပြီပဲဟာ၊ ကိုယ့်ရောဂါက မပြလို့မှမရပဲ၊ ရော့ တင်လှိုင်တို့လင်မယားဆီက ချေးလာတဲ့ ပိုက်ဆံတရာ၊ ကိုင်း ထပါ၊ စက်လှေလာတော့မယ်။ ဖြည်းဖြည်းလျှောက်နော်၊ ငါ ချောင်းထဲဆင်းနှင့်မယ်”
မအေးငွေရဲ့ ကျောပြင်ကို ကြည့်ယင်းက လက်ထဲက ပိုက်ဆံတရာကို ကျစ်ကျစ်ပါအောင် ဆုပ်ညှစ်နေမိ ပြန်တယ်။ ပြီးတော့ အိမ်ပေါက်ဝ ထရံဘေးမှာ ကြုံ့ကြုံ့ကလေးထိုင်နေတဲ့ သားကြီးကို ငါ လှမ်းကြည့်လိုက်တယ်။ သားကြီးဟာ ငါ့ကို မျက်လုံးတွေ ၀ိုင်းနေအောင် မော့ကြည့်နေတယ်။
မောင့်ကိုငါ ရင်နာချင်လိုက်တာ။ မောင့်ကိုငါ မုန်းပစ်လိုက်ချင်တာ၊ ငါ့ဘ၀မှာ တခါမှ မမြင်ဖူး၊ မတွေ့ဖူး၊ မကြားဖူးသေးတဲ့ လူတယောက်အဖြစ်မျိုးနဲ့ မောင့်ကိုငါ ရှိနေစေချင်လိုက်တာ။ ဒါပေမယ့် ဆန္ဒတွေ ပြည့်ဝလာမယ့်နေ့ဟာ ငါ့ဘ၀အဖို့ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ၊ အသက်ရှင်ရပ်တည်လို့ကော ရနိုင်တော့မှာလား ...။
“မေမေ ဆေးရုံတက်နေတဲ့အချိန်မှာ ညီလေးတွေကို ဂရုစိုက်နော် ဒီကနေ့ သားကြီး ကျောင်းမတက်ရတော့ဘူးပေါ့၊ မေမေ ဆေးရုံမှာကြာရင် နှစ်ရက်သုံးရက်ပါ၊ ညကျတော့ အိမ်ရှေ့အိမ်က မင်းအဖော်တွေကိုခေါ်ပြီးအိပ်နော်၊ မေမေမှာထားပေးခဲ့မယ်။ အိုးထဲမှာ ဆန်နှစ်ရက်စာ မလောက်ရင် ဒေါ်လေး မထွေးဆီမှာ သွားတောင်း၊ ပြောထားပြီးပြီ၊ မီးဂရုစိုက်နော်၊ ငါးပိလည်း သုံးရက်စာ ရှိသေးတယ်၊ ပိုက်ဆံလည်း တဆယ် ပေးခဲ့မယ်”
သားကြီးရဲ့ အသက်ဟာ ဆယ့်တစ်နှစ်ပဲ ရှိသေးတာပဲ။ အငယ်ဆုံးက ခြောက်နှစ်။ ဒါပေမယ့် သားကြီးရဲ့ မျက်လုံးတွေထဲမှာ အရွယ်နဲ့မမျှအောင် တွေးခဲ့ခေါ်ခဲ့ရလွန်းလို့ ငါပြောတဲ့ စကားတချို့ကို နားလည်နိုင်စွမ်းရှိ နေတာ ငါ တွေ့နေရတယ်။
မေမေ့ကိုလည်း၊ မေ့မေ့ကို ယုံစမ်းပါသားရယ်၊ ဖေဖေ့အပေါ် မေမေက ယုံကြည်ထားသလို မေ့မေ့အပေါ် မှာလည်း မင်းတို့ ယုံကြည်လိုက်စမ်းပါ။ မေမေ အခု သွေးတွေ အန်နေပေမယ့် မသေစေရပါဘူး။ မေမေသေလို့ လည်း မဖြစ်သေးဘူး။ သေလည်း မသေချင်သေးဘူး။ မေမေ့အတွက် ဖေဖေဟာ ဘယ်တော့မှ မသေသလို သားတို့အတွက် မေမေဟာ ဘယ်တော့မှ မသေစေရဘူး ...
ရင်ထဲမှာပဲ ပြောနေမိတဲ့ စကားတွေပါ။ ဒါတွေကျတော့ သားကြီးနားလည်လိမ့်မယ် မဟုတ်ဘူးပေါ့။ တကယ်တော့လည်း အခုလို မီးလျံတမျှပူလောင်လှတဲ့ စကားလုံးတွေဟာ ကလေးတွေနဲ့ ဘယ်လိုမှ မသက်ဆိုင် ဘူး မဟုတ်လား။
အခုတော့ မုန့်ကြိတ်ဆုံနံဘေးမှာ၊ နောင်ချိုအင်းထဲက ထင်းခွေကြတဲ့နေရာ၊ ရွာထိပ်က ရေသိမ်ကလေး၊ စစ်တောင်းမြစ်ကမ်းနဖူးက လူသွားလမ်းကလေး ...၊ အဲဒီ နေရာလေးတွေဟာ ငါ့အဖို့တော့ တန်ဖိုးကြီးမားလှတဲ့ လွမ်းဘွဲ့နေရာလေးတွေ ဖြစ်နေရပြီပေါ့။
ကိစ္စမရှိပါဘူးလေ ...၊ ဟို အဝေးကြီးက အရှေ့ရိုးမ တောင်တန်းကြီးတွေရဲ့နောက်မှာ မောင်တယောက် ရှိနေသေးတာပဲမို့လား ...။


ငြိမ်းဝေ


No comments:

Post a Comment