July 28, 2008

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း




၁၉၉၅-ခုနှစ်က ထင်မိသည်။
ကျနော်နှင့် အခြား စာရေးသူ (၃) ဦး တို့ ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် “စာအုပ်အတွေး၊ စာအုပ်အရေး” ကဏ္ဍကို တလှည့်စီ တာဝန်ယူပြီး ရေးကြရန် သဘောတူခဲ့ကြ၏။
ဒီကဏ္ဍအတွက် “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ဆောင်းပါးကို ကျနော် ရေးခဲ့၏။ ကဗျာဆရာကြီး “တင်မိုး” ရဲ့ ကဗျာများထဲက ကျနော် အနှစ်သက်ဆုံး ကဗျာတပုဒ်ဖြစ်တဲ့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာကို လွမ်းသထားခြင်း ဖြစ်ပါသည်။



(၁)
သက္ကရာဇ်၂၀၀၇ခု၊ ဧပြီလ(၂၆)ရက်၊နို့ ဖိုးဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ။
ကျနော့်ဘေးတွင် ကဗျာဆရာ (ကို)ခင်လွန်း ထိုင်နေသည်။ ကျနော်နှင့် မျက်နှာချင်းဆိုင်တန်းတွင် ကျောင်းသားတပ်မတော် (၆၀၁)တပ်ရင်းမှ ရဲဘော်များတန်းစီပြီး ထိုင်နေကြ၏။ စာသင်ခန်းတခု ထဲတွင် လူသုံးဆယ်ခန့် ဝိုင်းစုပြီး ထိုင်နေကြသည်။
“သူ့ ကို ငါးရက်လုံးလုံး တကိုယ်လုံးဓါးနဲ့မွှန်းပြီး၊ နှိပ်စက်တာ၊ သူဘာတခွန်းမှ ဖွင့်မပြောဘူး။ (၆၀၁)နဲ့ ဆက်သွယ်အလုပ်လုပ်တဲ့သူတွေ၊ (၆၀၁)ရဲ့ အခြေအနေ၊ မကဒတရဲ့  အခြေအနေ သူဘာတခွန်းမှ ဖွင့်မပြောပဲ တင်းခံထားခဲ့တာ ငါးရက်စေ့တဲ့နေ့ ကြမှသူ့ ဒဏ်ရာတွေထဲကို ကျည်ဆံတွေထဲက ယမ်းတွေထည့်သိပ်ပြီး မီးရှို့ ပြီး နှိပ်စက် ၊ စစ်ဆေးခံရင်း သူကျဆုံးသွားခဲ့တာ-------”
ကျနော့်နားထဲတွင် “မီးရှို့ ပြီးနှိပ်စက်၊ စစ်ဆေးခံရင်း သူကျဆုံးသွားခဲ့တာ----”ဟူသည့်စကားသံများ ပဲ့တင်ထပ်မျှကြားနေခဲ့ရ၏။ ကျနော့်နားစည်၏ နံရံတခုလုံး ပဲ့တင်သံများ ဟိန်းဟိန်းညံလျှက်ရှိ၏။
“ကျနော်တို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားက ကျဆုံးခဲ့ရတဲ့ ကျနော်တို့ မကဒတ
တပ်ရင်း (၆၀၁)က၊ ကျနော်တို့ ရဲ့ တပ်ရင်းမှူးလည်းဖြစ်၊ ကဗျာဆရာ ကိုတိုက်မောင်း အပါအ၀င် တခြား(၆၀၁)က ကျဆုံးခဲ့ကြရတဲ့ ရဲဘော်တွေကို သတိရဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ အခမ်းအနားပါ။ ဒီကနေ့ ဟာ ကိုတိုက်မောင်းကျဆုံးတဲ့ (၁၂)နှစ်ပြည့်မြောက်တဲ့
နေ့ ပါပဲ-----”
ကျနော့်နားထဲတွင် အမျိုးအမည် ခွဲခြားရခက်သည့် အသံများကို ကြားလာရပြန် သည်။ အခမ်းအနားအစီအစဉ်အရ လူတချို့ ထရပ်ပြီး စကားပြောသွားကြ၏။ လူတချို့ က ကဗျာတွေရွတ်ဆိုသွားကြ၏။ ကျနော့်နားထဲတွင်မူ ဘာတခုကိုမျှ သဲကွဲအောင် မကြားနိုင်ပဲ
ဖြစ်နေ၏။
အသံတချို့ မှာ ကျနော့်နားထဲ၌ မိုးချိမ်းသံများလို ကြားလာရ၏။ သေနတ်သံများ၊ သစ်ရွက်လေတိုးသံများ၊ အော်ဟစ်ပြေးလွှားသံများ။ ပြီးတော့ စမ်းချောင်းထဲက ရေစီး သံများ-----။ ပြီးတော့ ငိုရှိုက်သံများ------။
( ၂)
”“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာခေါင်းစဉ်ရဲ့ အဓိပါယ်ကို ရှင်းပြပေးနိုင် မယ်ဆိုရင် ရှင်းပြပေးစေချင်ပါတယ်------”
၁၉၈၄ခု ဇေယျဝတီမြို့ စာဆိုတော်နေ့ အခမ်းအနားတွင် ကဗျာဝါသနာရှင် လူငယ်တဦးက ကဗျာဆရာကြီး”တင်မိုး“ကို မေးခဲ့သည့် မေးခွန်းတခုပင်ဖြစ်သည်။ ထိုစဉ်က ကဗျာဆရာကြီး ”တင်မိုး”က စင်မြင့်ပေါ်ကတဆင့် အခုလို တိုတိုတုတ်တုတ်ပင် ရှုင်းပြခဲ့လေသည်။
”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ဆိုတာ ရဲရင့်ခြင်း၊ လွတ်လပ်ခြင်း၊ စွန့် လွှတ်အ နစ်နာခံခြင်း၊ ဆန်းသစ်လန်းဆန်းခြင်းဆိုတဲ့ အယူအဆအပေါ် ယုံကြည်သက်ဝင်ပြီး အဲ့ဒီယုံ
ကြည်သက်ဝင်မှုအတိုင်း နေထိုင်ကျင့်ကြံနိုင်ကြတဲ့ သူတွေကို တင်စားထားတဲ့ အမည်ပါပဲ၊
နောင်-----(၄)နှစ်ခန့် ရှိသောအခါ “နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း“ ကဗျာ ခေါင်းစည်း ၏အဓိပါယ်ကို မေးမြန်းခဲ့သည့် ထိုလူငယ်သည် ထိုင်းမြန်မာ နယ်စပ်သို့ ရောက်လာ ခဲ့၏။မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တပ်ဖွဲ့ ဝင်တဦးဖြစ် လာခဲ့၏။
၁၉၉၂ခု၊ ဇွန်လ အတွင်း “မာနယ်ပလော” သို့ ကျနော် ရောက်ရှိ လာသည့်အခါ ဇေယျဝတီမြို့ စာဆိုတော်နေ့အခမ်းအနားတွင်“နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း” ကဗျာခေါင်းစည်း ၏ အဓိပါယ်ကို မေးမြန်းခဲ့သူ၊ ယင်းလူငယ် နှင့်မမျှော်လင့်ပဲ ပြန်လည် တွေ့ ဆုံရ၏။ ထိုစဉ်က သူနှင့်ကျနော် တနေရာစီခွဲပြီး နေကြရသဖြင့် စာကြောင်းပေကြောင်း စကားအားရအောင် ပြောခွင့်မရနိုင်ခဲ့ကြ။ သို့ သော်-----မှတ်မှတ်ရရ သူ့ ကိုကျနော်က စာအုပ်တအုပ် လက်ဆောင်ပေးခဲ့၏၊ ကဗျာဆရာ ကြီး”တင်မိုး” ၏ ”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ကဗျာစာအုပ်ဖြစ်လေသည်။
( ၃)
ညရိပ်ခို၍
နုပျိုဆန်းတင့်၊ နှင်းဆီပွင့်မည်။

နှင်းနှင့်ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်းရောင်ကြား ၊ ဖွံ့ ထွားထွားနှင့်
ကားကားစွင့်စွင့် ၊ ပွင့်လိမ့်နှင်းဆီ
ရဲရဲနီ။

ကျနော်က ”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ကဗျာထဲက ကဗျာတပိုင်းတစကို ပြန်တွေးနေမိသည်။

ညယံ၌ပင်၊ ပန်ဆင်လိုက
ပန်နိုင်ကြ၏
ဘ၀နှင်းဆီ ရဲရဲနီ------။

ကျနော်နှင့်မျက်နှာချင်းဆိုင် ထိုင်ရင်း အခမ်းအနား တက်ရောက်လာကြသူ တဦး
ချင်းအနေနှင့် မည်ကဲ့သို့ ခံစားနေကြရသနည်း။ သူတို့ ဘာတွေတွေးနေကြသနည်း။ သူတို့ 
ဘယ်လို ရင်ခုန် နေကြသနည်း။ ကျနော်ကမူ (၆၀၁)တပ်ရင်းက ကျဆုံးခဲ့ကြသည့် ရဲဘော်
တချို့ အကြောင်းနားထောင်ရင်း ”နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း“ ကဗျာထဲက စာသားတချို့  ကိုသာ တွေးနေမိပြန်သည်။

အမှောင်ကြား၌
ဝိုးဝါးပျံကူး ၊ ပိုးစုန်းကြူးတို့ 
စူးစူးစမ်းစမ်း ၊ မအိပ်တမ်းလျှင်
လမ်းသစ်ရှာကြ၊ တီထွင်ကြ။

ကျနော့်ဘေးတွင် ထိုင်နေသည့် ကဗျာဆရာ (ကို)ခင်လွန်းကို ကျနော်လှည့်ကြည့်
သည်။သူသည်လည်း ခေါင်းကိုမော့လျှက်၊ ဟောပြောချက်များကို နားစွင့်လျှက်။ သို့ သော်
ကျနော်သိသည်။ သူ့ နှလုံးသားထဲ၌ သူရဲကောင်းတို့ ၏ ရင်ခုန်သံများ ဟိန်းဟိန်းညံလျှက်
ရှိနေပေလိမ့်မည်။



( ၄)
စာသင်ကျောင်း ကလေးပေါ်က အဆင်းတွင် လူတယောက်က ကျနော့်ဘေးနား
သို့ လာပြီးရပ်လိုက်၏။ ကျနော်ကမော့မကြည့်ပဲနှင့် ဘေးတွင်လာရပ်သူကို ခန့် မှန်းပြီး သိ
နှင့်သည်။ ထို့ ကြောင့်ခေါင်းကို မော့မကြည့်ပဲ အသာရပ်နေလိုက်သည်။
“နှင်းဆီပွင့်ပေါ် အိပ်ပျော်သွားကြတဲ့ ရဲဘော်တွေကို ကျနော်ဘယ်တော့မှ မမေ့ပါ
ဘူးဆရာရယ်၊ ကျနော်ဘယ်ရောက်ရောက်ပေါ့ ၊ ဘယ်မှာပဲနေနေပေါ့၊ နှင်းဆီပွင့်ပေါ် အိပ်ပျော်သွားကြတဲ့ သူတွေကို ကျနော်တို့ လေးစားကြရမှာပဲပေါ့၊ ဟုတ်တယ်မို့ လား ဆရာ“
ပြောပြောဆိုဆို သူနှင့် ကျနော် လူသွားလမ်းဆုံလေးတွင် လမ်းခွဲလိုက်ကြ၏။ ကျ
နော့်ကို နှုတ်ဆက် ထွက်ခွာသွားသူ၏ ကျောပြင်ကို ကျနော် ငေးကြည့်နေမိပြန်သည်။ သူသည်ကား လွန်ခဲ့သော နှစ်ပေါင်း(၂၃)နှစ်က “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း“ ကဗျာခေါင်း
စဉ်၏ အဓိပါယ်ကို ကဗျာဆရာကြီးတင်မိုးအား ကိုယ်တိုင်ကိုယ်ကျ မေးခွန်းထုတ်ခဲ့သည့် လူငယ်ဖြစ်နေသည်ကို ကျနော်တွေ့ ရလေသည်။
လူသွားလမ်းဆုံဘေးတွင် ခြေလှမ်းတလှမ်းချင်းလှမ်း လာရင်းက၊ ”နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း “ ကဗျာထဲက ကဗျာတပိုဒ်ကို ကျနော်ရွတ်ဆိုနေမိပြန်လေသည်။ ။




အိုဘဲ့ဘယ်---------အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ် မှာနည်း။

အပြိုင်း အရိုင်း ၊ နှင်းဆီ ကိုင်းတို့ 
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား ၊ ကျောင်းနား တချို့ 
မြို့ ပေါ် ရွာပေါ် ၊ တောင်ပေါ်မကျန်
ဖူးတံ စီစီ ၊ ဦးခေါင်းချီလျက်
နီလျက် ရဲလျက် ၊ တခဲနက်ပင်
လက်နှင့် ချွေလည်း၊ ချွေ၍ မနိုင်
လှိုင်၍ မဆုံး ၊ ဤတောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား ။ ။


(ဒီဆောင်းပါးကို ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် မောင်ဖူးတင့် ကလောင်အမည်နှင့် ရေးခဲ့ပါသည်။)

No comments:

Post a Comment