January 15, 2008

အက်စစ်လရောင်နှင့် အကျဉ်းထောင်အိပ်မက်များ

(၁)
ဟောဒီမှာ
တောရိုင်းနေကြာတွေရှိတယ။်
ဟောဒီမှာ
တောင်ဇလပ်ပန်းတွေရှိတယ်။
ငါနှစ်ခြိုက်တဲ့
တောစံပယ်ပန်းတွေ
ဝေတဲ့ ကြွေတဲ့လမ်းကလေးရှိတယ်။
ဟောဟိုက
“ဘောနော်လေးတောင်” ထိပ်ပေါ်မှာ
သိက္ခာရှိတိမ်တချို့
လက်နဲ့လှမ်းတို့လို့ရသတဲ့။
မဟာဆန်တဲ့မြူခိုးများ
ခါးမှာစည်းသတဲ့။

ဟိုမှာ
ကြိုးကြာငှက်တွေ
မင်းဆီကို
ငါ့ကိုယ်စား
ဦးတည်ပြီး ပျံသန်းသွားနေကြ။

ဟိုး အဝေးဆီမှာ
ငွေမင်ရည်စည်းကြောင်း မြစ်စစ်တောင်းဟာ
ရန်သူ့လက်ထဲမှာ
ဒဏ်ရာတွေနဲ့ လူးလှိမ့်လို့နေခဲ့။

“ထွီးပါးဝီးကျိုးတောင်” ထိပ်မှာ
ညရဲ့ လှတန်ဆောင်ဟာ
လရောင် အတုံးအခဲတွေ
ဝုန်းကနဲ
ဗုံးကြဲသလိုကြဲချခဲ့။


အိပ်မက်ထဲမှာ
ငါ့ဆီကို
မင်းလာတဲ့အခါ
ကဗျာတွေ ယူခဲ့ပါ။
မင်းပြန်တဲ့အခါ
ကဗျာတွေ သယ်သွားပါ။
အဲဒီညမှာ
မင်းနဲ့ငါ ကဗျာအတူရွတ်ပြီး
ကမ္ဘာကြီးကို တိုက်ချွတ်ဆေးကြောခဲ့ကြ။

ဟောဒီတောင်ကြားထဲ
စံပယ်ပန်းတွေ အဆုပ်လိုက်ကြဲ
ငွေဗျိုင်းဖြူတွေ အုပ်လိုက်ဝဲ
နှင်းပွင့် နှင်းခဲ တဖွဲဖွဲကျ
ဒုံးယိမ်းကတဲ့ည
ဂီတအသစ်နဲ့ အချစ်ကြီးချစ်ရတဲ့ဘဝ
စစ်ကြီးဖြစ်နေတာတောင် မေ့သွားတဲ့တခဏ။

ငါ
ဘ၀မှာ
နှစ် နှစ်ဆယ်ကျော်ကြာ
လှပစွာ မွဲကြံ
တင်းခံခဲ့သူ။
“ဒေါ်အောင်ဆန်းစုကြည်လမ်းဆုံ” က
ဟောဒီ
“ထူးရာစိုး” လ္ဘက်ရည်ဆိုင်မှာ
ငါ့ရဲ့
မြို့ပြမှ ရခဲ့သော
ကြောရိုးပျော့ရောဂါ
မကြာခဏ ကုသဘို့ ကြိုးစားခဲ့သူ
တခါတလေ
“အမှားတွေကို အမှားတွေ” နဲ့ တိုက်မိခဲ့သူ
“ရှေ့က သွားရဲပေမယ့်
နောက်က မလိုက်ရဲ” ခဲ့သူ။

တခါတလေ
ဆရာ “ဗန်းမော်” ကို လွမ်းသ
“ဖေါ်ဝေး” ကို တမ်းတ
သူတို့
ဖက်ဆစ်အပေါ် အာဃာတကြီးမားကြ။
သူတို့ကို
“ပူသျှကင်” က
“သဘာဝရဲ့ ကြေကွဲလင်ပါသား” တဲ့လေ။
ဒီလိုနဲ့ပဲ
အိပ်မက်တခု လူထုဝေဒနာ
ကဗျာအသစ် အက်စစ်လရောင်
အကျဉ်းထောင်ထဲ
နေရဲ တိုးရဲ ဖြတ်ကျော်ရဲပေါ့။

(၂)
ဟော ...
“မာမာအေး” က
“ဒီည ကဗျာရေးပါဦး” လို့
ဆိုပြနေပြန်ပြီ
မဒေ၀ီ။ ။

၁၊ ၂၊ ၁၉၉၃
( ဒီကဗျာကတော့ အခုဆိုရင် ၁၄နှစ် ကြာခဲ့ပြီပေါ့ဗျာ။ ဒါပေမယ့် ကျနော့်ရဲ့ ဆွေးမြေ့မှုကတော့ ဒီကနေ့အထိ မဆွေးမြေ့နိုင်သေးတာ သေချာပါတယ်။ )


5 comments:

  1. ကဗျာလေးကို ကျနော် တော်တော်ကြိုက်သွားတယ်ဗျာ။ ဦးငြိမ်းဝေဆီ အခုမှ ရောက်ဖူးတာပါ။ အားတဲ့အချိန်တိုင်း အမြဲလာအားပေးနေပါ့မယ်ဗျာ။

    ReplyDelete
  2. ဘလော့ဂါလောကကြီးက နွေးထွေးစွာ ကြိဆိုနေပါတယ် ဆရာကိုငြိမ်းဝေရေ...

    ကဗျာလေးတွေ ဆက်ရေးပေးပါဦး

    ခင်မင်လေးစားလျက်

    ရန်အောင်

    ReplyDelete
  3. မာနယ်ပလောသားတွေအတွက်မာနယ်ပလောအမှတ်
    တရပုံလေးတင်ပေးထားတာကျေးဇူးတင်ပါတယ်။
    တကယ်လွမ်းမောဖွယ်မာနယ်ပလောမြေပါဘဲ။
    တကယ်တောမာနယ်ပလောမြေမှာဒေါ်အောင်ဆန်းစု
    ကြည်လမ်းရှိခဲ့တာသိတဲ့လူခပ်ရှားရှားပါ။မာနယ်ပလော
    ကိုစဉ်စားမိတိုင်းတော်လှန်ရေးအတွက်သင်ခန်းစားယူ
    စရာတွေးအများကြီးကိုသံဝေဂရမိပါတယ်။

    ReplyDelete
  4. ကဗျာလေးခံစားသွားတယ် ဆရာ။

    ReplyDelete