January 20, 2008

အော်သံ



(၁)
ပြတင်းပေါက်ဘေးတွင်သွားရပ်ပြီး အသံလာရာဆီလိုက်ကြည့်သည်။ တုန်လှုပ်ချောက်ချားသည့်စိတ်က ငယ်ထိပ်အထိ တက်လာ၏။ ကျနော်ကြားလိုက်ရသည့် အသံသည် အသံကုန်အော်ဟစ်လိုက်သည်မှာ သေချာနေသော်လည်း သူ့အသံမှာ အသံကုန်ထွက်မလာနိုင်။ တ၀က်တပျက်တွင်ရပ်သွား၏။ ယင်းအော်သံတခုအပေါ် အဆမတန်လေးလံသည့် အရာဝတ္ထု တခုက ဖိနင်းထားသလိုဖြစ်နေ၏။ အာရုံစိုက်ပြီးနားစွင့်နေစဉ် နောက်ထပ် အော်သံတချက် ကြားလိုက်ရပြန်သည်။ သည်တခါ သူ့အော်သံမှာ လည်ချောင်းဆီမှ စတင်ဖြစ်ပေါ်လာသည့် အော်သံမဟုတ်တော့။
ခန္ဓာကိုယ်အတွင်း ရှိသမျှအင်္ဂါအစိတ်အပိုင်းအားလုံး၏ ခွန်အားဟူသမျှ တစက်မျှမကျန်အောင် ညှစ်ထုတ်လိုက်ခြင်းဖြင့် ထွက်ပေါ်လာ သည့် အော်သံဖြစ်လာခဲ့၏။ သို့သော် ပထမတချက် အော်သံမျှလောက်ပင် အသံမကျယ်ချင်တော့။ အော်သံမြည်ကာ မတ္ထမျှနှင့်ပင် ရပ်သွားရ၏။ သည်တခါကြားလိုက်ရသည့်အော်သံထဲတွင် အော်သံရှင်၏ ဆန္ဒဟူသမျှ အကြစ်လစ်ဆုံးဖေါ်ပြနိုင်ဖို့ကြိုစားသည့် အဓိပ္ပာယ် ကိုမူ အသေအချာ သဘောပေါက် လိုက်မိ၏။ ထိုအော်သံထဲတွင် အော်သံရှင်၏ ဘ၀တခုလုံး ပုံအပ်ထားလိုက်ပုံရ၏။
ပြတင်းပေါက်တွင်ရပ်ကာ နောက်ထပ်ပြီး အော်သံတချို့ ကြားရလိုကြားရငြား ရင်တထိတ်ထိတ်နှင့် နားစွင့်နေမိသည်။ နောက်ထပ် အော်သံကိုမူ မကြားရတော့။ ထိုအခါကျမှ မိမိ၏ခန္ဓာကိုယ်တခုလုံး အပူငွေ့များ တထောင်းထောင်း ထွက်နေ သည်ကို သတိပြုမိသွားရ၏။ ထောင်နေသောဆံပင်များကြားမှ ချွေးစေးများ စီးကျလာနေ၏။ အသက်ရှူနှုန်းများ မြန်နေခဲ့၏။ ခန္ဓာကိုယ်မှာ လေထဲတွင်မျော နေသလို ခံစားရပြီး တချိန်ထဲမှာပင် ခန္ဓာကိုယ်ပေါ်တွင် ဆင်တကောင် နင်းဖိထားသလို စိတ်ဖိစီးမှုဒဏ် ခံနေရ၏။
ပြတင်းပေါက်ဘေးမှခွါကာ စားပွဲဘေးတွင်သွားထိုင်လိုက်သည်။ စာရေးစားပွဲပေါ်က မှန်ဘောင်သွင်းပြီး ထောင်ထားသည့် ပုံနှိပ်ပန်ချီကား ငယ်တချပ်ကို ငေးကြည့်သည်။ ပန်းချီကားထဲတွင် လူသုံးယောက်၊ တံခါးတခုပေါ် တွင်ရပ်နေသည်ကိုတွေ့ရ၏။ တံတား၏ သည်ဘက် ထိပ် မရောက်တရောက်တွင် လူတယောက်ရပ်နေပြီး နောက်ထပ်လူနှစ်ယောက်က နောက်ဘက်တံတားထိပ်လောက်တွင် ယှဉ်တွဲပြီး ရပ်နေကြ၏။
တံတား၏ သည်ဘက်ထိပ်တွင် တယောက်တည်းရပ်နေသည့်လူသည် ပါးစပ်ကိုဟထား၏။ ဟထားသည့်ပါးစပ်ပေါက်ကို လက်ဝါးနှစ်ဖက် ဖြင့်ကာထား၏။ ပါးနှစ်ဖက်ကို ချိုင့်ဝင်ထားသဖြင့် ပါးစပ်ပေါက်ဝမှာ နကို ရှိရင်းစွဲထက် ပိုပြီး အပေါက်အကျယ်ကြီးဖြစ်နေ၏။ နားထင်များ ချိုင့်ဝင်လျက်ရှိ၏။ တွန့်လိမ်လျက်ရှိသည့်လည်တိုင်မှာ တဖြေးဖြေး ကြုံ့ဝင်သေးငယ် သွားနေသည်ဟုထင်ရ၏။ ခန္ဓာကိုယ်သည် ခေါင်းနှင့်မလိုက်ဖက်နိုင် လောက်အောင် ကျုံလှီလျက်ရှိ၏။ အထူးခြားဆုံး အချက်မှာ ခန္ဓာကိုယ်နှင့်သော်လည်းကောင်း၊ ခေါင်းနှင့် သော်လည်းကောင်း ဘယ်လိုမှမလိုက်ဖက်နိုင်သည့် မျက်လုံးများ ပင်ဖြစ်ကြ၏။ ပြူးကျယ်လွန်းသည့် မျက်လုံးတစုံသည် ရှေ့သို့တိုးထွက် လျက်ရှိ၏။ ထိုစဉ်အခိုက်မှာပင် ထိုတံတားပေါ်က လူသည် ခန္ဓာကိုယ်ကို တွန့်လိမ်ပြီးမှ အော်ဟစ်လိုက်လေသည်။ ကျနော့်နားထဲတွင် ‘အော်သံ’ များမှာ တိတ်ဆိတ်စွာ မြည်ဟိန်း နေပြန်တော့၏။
(၂)
မြန်မာပန်းချီကျော် ‘ပေါ်ဦးသက်’၏ ဆောင်းပါးတပုဒ်ထဲတွင် ဆန်းကြယ်သောဂီတတီးလုံးတမျိုးအကြောင်း ဖတ်ရဖူး၏။ တနေ့တွင် သူသည် ဂီတသံစဉ်တခုကိုနားထောင်ရ၏။
ထိုဂီတသံစဉ်တခုကို နားထောင်နေသည့်အခိုက် သူ့မှာ အသက်ရှုကျပ်သလိုဖြစ်လာရသည်ဟုဆို၏။ တခါ အသက်ရှူကျပ်ရုံ တွင်မက သူ့ခန္ဓာကိုယ်တခုလုံးမှာ လှုပ်ရှားလို့မရနိုင်လောက်အောင် တစုံတခုက နင်းဖိထား သလို ဖြစ်လာရသည်ဟုဆို၏။ မွန်းကြပ်သည့်စိတ်ကို ထိန်းလို့မတ်လို့မရနိုင်လောက်အောင် ခံစားလာရသည်ဟုဆို၏။ တီးလုံးဆုံးသည့်အခါ သူက တိပ်ခွေပေးငှားသူကို တီးလုံးအကြောင်း မေးမိ၏။ ထိုအခါ တီးလုံးတိပ်ခွေပေးငှားသူက ယင်းတိပ်ခွေမှာ လူသေခေါင်းတခုထဲတွင် သေပြီအထင်နှင့် ပိတ်လှောင်ထားခြင်း ခံရသူ တဦး၏စိတ်ခံစားချက်ကို ရေးဖွဲ့ထားသည့် တီးလုံးဖြစ်ကြောင်း ရှင်းပြခဲ့၏။ ဆရာ ‘ပေါ်ဦးသက်’မှာ တအံ့တသြဖြစ်ခဲ့သည်ဟု ဆိုလေသည်။
စာရေးစားပွဲတွင်ထိုင်ကာ ကမ္ဘာကျော် နော်ဝေပန်းချီဆရာ ‘အက်ဗတ်မွန့်ခ’ ရဲ့ ‘အော်သံ’ ပန်းချီကားကို ငေးကြည့်နေမိစဉ် ပြတင်းပေါက်ဘေးတွင် ရပ်နေစဉ်ကကြားခဲ့ရသည့် ‘ဖားအော်သံ’ တချို့ကို ကျနော်ပြန်လည် ကြားလာရ၏။ ဘ၀တခုလုံးကို ပုံအောပြီးမှ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါရပ်အားလုံး၏ အင်အားဟူသမျှကို ညှစ်ထုတ်ကာအော်ဟစ်လိုက်သည့် ဖားတကောင်၏ အော်သံများမှာ ကျနော့်နှလုံးသားကို အပြင်းအထန်ဆုံး ထိမှန်သွားခဲ့ကြ၏။ အကြပ်အတည်းဟူသမျှ၏ ဗဟိုချက်တခု။ ပိန်းပိတ်အောင်မှောင်မည်း နေသည့် ခေါင်းတလုံး။ တလောကလုံး ကြားနိုင်လောက်သည့် ‘အော်သံ’များ။
စာရေးစားပွဲပေါ်က ‘အော်သံ’ ပန်းချီကားကို တဖက်သို့ လှည့်ထောင်ထားလိုက်ရသည်။ ကျနော့် နားထဲ၌ ‘အော်သံ’ များကို ကြားနေရဆဲ။ ပါးကြီးနှစ်ဖက် ချိုင့်ဝင်နေသူ။ လည်တိုင်ကြီး တွန့်လိမ်နေသူ။ မျက်လုံးများ အဆမတန် ပြူးထွက်နေသူ။ တံတားပေါ်က ထိုလူတယောက် ကို မျက်စေ့ထဲက ဖျောက်လို့မရ။ ပြတင်းပေါက်နှင့် မလှမ်းမကမ်း ခြံစည်းရိုးအစပ်က မြွေမြိုခံထားရသည့် ‘ဖားတကောင်’၏ အော်သံ။ လူသေအခေါင်းထဲက လူတယောက်။
မည်သည့်အတွက်ကြောင့် ကျနော်သည် ပန်းချီကားထဲက ‘အော်သံ’နှင့် မြွေမြိုခံရတော့မည့် ဖားတကောင်၏ ‘အော်သံ’များ ကို ဆက်စပ်ပြီးတွေးနေမိပါလိမ့်။ လူသေထည့်သည့် ခေါင်းတလုံးထဲက လူတယောက်အကြောင်းကို မည်သည့်အတွက်ကြောင့် တွေးနေမိ ပါလိမ့်။ တံတားပေါ်က ‘လူတယောက်’။ ခေါင်းထဲက လူတယောက်နှင့် မြွေမြိုခံထားရတော့မည် ‘ဖားတကောင်’ တို့သည် တချိန်တည်း ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ကြ။ မျိုးမတူကြ။ ဖြစ်ပျက်ပုံများလည်းမတူကြ။ သို့ဖြစ်ပါလျက် ကျနော်သည် ထိုအရာအဖြစ်အပျက်သုံးခုကို ဘာ့ကြောင့်များ တဆက်တစပ်တည်း တွေးနေမိပါလိမ့်။
(၃)
ဖားတကောင်သည် မြက်ပင်တချို့ကြားမှဖြတ်ကာ ရေအိုင်စပ်သို့ ညင်သာစွာဆင်းလာခဲ့၏။ သူသည် နှစ်ရက်လုံးလုံး ဆာလောင်မွတ်သိပ်နေခဲ့၏။ ထို့ကြောင့် အန္တရာယ်ရှိနိုင်မှန်းသိသည့်တိုင် ရေအိုင်သို့ ဆင်းချလာခဲ့၏။ ထိုစဉ်အခိုက်မှာပင် သူနှင့် တလံအကွာ ဗေဒါပင်အုပ်ကြားမှ မြွေတကောင်၏ ဦးခေါင်းကို သူတွေ့လိုက်ရ၏။ နောက်သို့ပြန်လှည့်ရန် သို့မဟုတ် နီးစပ်ရာခြုံပုတ် အတွင်းသို့ ခုန်ဝင်ပုန်းအောင်းရန် စဉ်းစားချိန်ပင် မရလိုက်။ အရှိန်အဟုန်ပြင်းထန်လှသည့် အရာဝတ္ထုတခု သည် သူ့ခန္ဓာကိုယ်တခုလုံးကို ဆွဲယူလိုက်၏။ ကြောက်အားလန့်အားနှင့် ရုန်းကန်မိသည့်တိုင် သူ့မှာအသံ မထွက်နိုင်သေး။ သူ့မျက်လုံးများမှာ မှောင်အတိကျသွား၏။ သူ့လက်တဖက်မှာ အသဲခိုက်မတတ် နာကျင်လာရ၏။ ထိုအခါကျမှပင် သူသည် မြွေတကောင်၏ ကိုက်ခဲထားခြင်းကိုခံလိုက် ရပြီဖြစ်ကြောင်း သိလိုက်ရတော့၏။ အသက်ရှူရပ်မတတ် အောင့်အီးသည်းခံကာ လက်တဖက်ကိုရုန်းကြည့်သည်။ သူက တချက်ရုန်း လျှင်မြွေကိုက်ခံထားရသည့်လက်က ပိုပြီးနာကျင်သွားရ၏။
သူ့နားထဲတွင် မြွေတကောင်၏ မာန်ဖီသံကိုကြားရ၏။ အနီရောင်မျက်လုံးကြီး တစုံကိုမြင်၏။ သူသည် မကြာခင်အတော အတွင်းတွင် မြွေတကောင်၏ ခန္ဓာကိုယ် အတွင်းသို့ သက်ဆင်းရတော့မည်ကို အသေအချာသိလိုက်ရ၏။ ထိုအချိန်အခိုက် အတန့်အတွင်းတွင် သူဘာလုပ်ရမည်နည်း။ သူသည် မည်သည့်လုပ်ဆောင်မှုကိုလုပ်ခြင်းဖြင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အကျဉ်းအကြပ်၊ အခက်အခဲ၊ ဖိစီးနာကျင်မှု အသက်ဘေးရန် တခုမှလွတ်မြောက်နိုင်မည်နည်း။ သို့သော် လွတ်လမ်းဟူသမျှ တခုမျှသူမမြင်။ ပြတင်းပေါက်တွင် ရပ်ပြီး ကြည့်နေသူသည် ရုတ်တရက်ပြေးလာကာ သူ့ကို ကိုက်ချီထားသည့်မြွေကို တုတ်ဖြင့်ရိုက်ကောင်းရိုက်လိုက်လေမလား။
ကြံရာမရသည့်အဆုံး သူသည် ခွန်အားဟူသမျှကို ညှစ်ထုတ်ကာ အသံကုန်အော်ဟစ်ပစ်လိုက်၏။ အာခေါင်ကိုခြစ်ထုတ်ပြီး အော်လိုက်သည့်တိုင် သူ့အော်သံမှာ အလွန်မတန်တိုးညှင်းလွန်း၏။ သို့သော် ထိုအော်သံထဲ သူ့ဘ၀တခုလုံး တန်းလန်းတွဲနေ သည်ကိုမူ ကောင်းကောင်းသိလိုက်ရ၏။ နာကျင်လွန်းသည့် ခံစားချက်ကို ခြေစုံကန်ပြီး တောင့်ထားကာ ဒုတိယအကြိမ် ထပ်ပြီး ‘အော်ဟစ်’ လိုက်မိပြန်သည်။ ဒီတခါမတော့ သူ့ခန္ဓာကိုယ်တခုလုံး အရည်တစက်မျှမကျန်တော့သည့် အခွံတခု ဖြစ်လုနီးပါး အားယူပြီးမှ ‘အော်ဟစ်’ လိုက်ခြင်းဖြစ်သည်။ သူ့နားထဲတွင် သူ့တသက်လုံး သည်မျှလောက်ကျယ်လောင်သည့် အသံမျိုးကို သူကိုယ်တိုင်ပင် မကြားဘူးခဲ့။ သို့သော် သူ့အော်သံမှာ တုံးတိတိဖြစ်ကာ ရပ်သွားလေသည်။ သူသည် ခန္ဓာကိုယ်ကို တဆတ်ဆတ်ခါကာ နာကျင်လျက်ရှိစဉ် လောကကြီးတခုလုံး မှောင်အတိကျသွားရလေသည်။
(၄)
နော်ဝေပန်းချီကျော် ‘အက်ဗတ်မွန့်ခ်’ သည် ‘အော်သံ’ ပန်းချီကားကို ဘာ့ကြောင့်ရေးဆွဲခဲ့ရသနည်း။ ပန်းချီဆရာ၏ ရည်ရွယ်ချက်၊ ပန်းချီဆရာပေးချင်သည့် ရသသည် အဘယ်နည်း။
ကျနော်သည် ၁၉၉၆ ခုနှစ်၊ နော်ဝေနိုင်ငံ။ ‘အက်ဗတ်မွန့်ခ်’ ပြတိုက်ထဲက ‘အော်သံ’ ပန်းချီကား၏ ရှေ့တွင်ရပ်ကာ ‘အော်သံ’ ပန်းချီကားနှင့်ပတ်သက်ပြီး အတွေးမျိုးစုံ ကွန့်မြူးခဲ့ဖူး၏။ ‘အော်သံ’ ပန်းချီကားနှင့် ပတ်သက်ပြီး ရှုဒေါင့်အမျိုးမျိုးနှင့် အဓိပ္ပာယ်ဖွင့်ဆို ခံစားဝေဖန်ဆန်းစစ်ကြည့်သည့် စာအုပ်စာတန်းများကို ပြန်လည်စဉ်းစားကာ ‘အော်သံ’ ပန်းချီကားကို ခံစားမှုစိုက်ထူကြည့်မိသည်။ သို့သော် ကျနော့်မှာ သူများပြောသလောက်ဖြင့် ခံစား နားလည်ယူလို့မရခဲ့။ “ကြီးကျယ် လွန်းလိုက်တာ” ဟူ၍ပင် ထင်မှတ်ခဲ့ဖူး၏။ သည်လိုနှင့် ထိုင်းမြန်မာ နယ်စပ်သို့ ကျနော်ပြန်လာခဲ့သည်။
ယခုအခါ လွန်ခဲ့သည့် ၂ ရက်က ကြုံခဲ့ကြားခဲ့ရသည့် မြွေတကောင်၏ ‘အော်သံ’ ကို အမှတ်မထင်ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း ဖြင့် ထူးဆန်းစွာဈာန်ဝင်ခံစားမိစဉ် ‘အက်ဗတ်မွန့်ခ်’ ၏ ‘အော်သံ’ ပန်းချီကားကို ကျနော် သတိရလာရပြန်သည်။ ထိုအခါ ကျနော့်မှာ ရုတ်တရက် ဆာတိုရီဉာဏ် လင်းလက်ရရှိလိုက်သလို ဖြစ်သွား၏။ ပန်းချီကားထဲက လူတယောက်၏ ‘အော်သံ’ မှာ။ မြွေမြိုခံရအံ့ဆဲဆဲ ဖားတကောင်၏ ‘အော်သံ’ များနှင့် တသံတည်း တထပ်တည်း ဖြစ်နေသည်ကို တအံ့တသြ ကျနော် တွေ့ရလေတော့သည်။ ။

4 comments:

  1. အရေးအသားလေးတွေ ကောင်းတယ်ဗျ။

    ReplyDelete
  2. အော်သံကိုလာခံစားကြည့်မိတယ်။ပုံရိပ်တွေကိုတိတိကျကျမြင်ရသလိုမျိုးနဲ့ခံစားရတယ်..ကိုငြိမ်းဝေရာ

    ReplyDelete
  3. မျှော်လင့်ချက်တွေ၊ သွေးပျက်ကြောက်ရွံ့မှူတွေ ကျပ်ခဲနေတဲ့ အော်သံ...။

    ReplyDelete
  4. ခင်အောင်အေးလားမမှတ်မိ။အော်သံကဗျာလေးတော့မှတ်မိတယ်။ပိတောက်ပွင့်သစ်ထင်တယ်။

    ReplyDelete