January 31, 2010

မသိန်းရှင်ဆီပို့ ပေးပါ


၂။

၁၉၆၂....
နံနက်လင်းစ နှင်းမှုန်များ ဝေနေဆဲ၊ အလင်းနှင့် အမှောင် ရောရှက် နေဆဲတွင် မြို့လုင်ဘူတာသို့ ရထားကြီး ဝင်လာခဲ့လျှင် ကျနော်သည်လည်း လူစီးတွဲဝတခုမှ ရပ်ကာ သူ ထိုင်နေကျ ထိုင်ခုံနေရာကို အမှတ်မထင် ကြည့်လာမိတတ်သည်။
ထိုရက်များကမူ ကျနော်သည်ပင် ကျနော့် စိတ်နှလုံးအိမ်၌ ငြိတွယ်လာနေသည့် စွဲလန်းမှုကလေးကို မမြင်နိုင်။ သူ့ ကို တွေ့နေကျနေရာ၌ မတွေ့ရသည့် ရက်များတွင် စိတ်၌ တခုခု ဟာနေ လိုအပ်နေသလိုသာ ခံစားနေရတတ်သည်။
သူ သည်လည်း ညောင်ပင်ကြီးအောက် ထိုင်ခုံနံဘေးမှ ထရပ်ကာ ရထားပေါ်၌ ပါလာမည့် ကျနော့် ကို ရှာဖွေကြည့်နေတတ်သည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူ့ မျက်နှာမှာ မသိမသာ ရွှန်းလက်သွားတတ်သည်။
သူသည် ရထားတွဲပေါ်သို့ ကုန်စိမ်းတောင်းများကို တင်ပြီးလျှင်လည်း တွဲပေါက်ဝမှ မခွာသေးဘဲ တောင်းများကို ဟိုရွှေ့ သည်ရွှေ့ဆွဲနေရင်း ကျနော့်ကို ကိုယ်ရောင်ပြနေတတ်ပြန်သည်။
တခါတရံ အခြားတွဲများ၌ စစ်ဆေးရှာဖွေရန် အရေးကြီးသဖြင့် ကျနော်သည် သူ စီးလာသည့် တွဲသို့ မသွားဖြစ်ခဲ့။ ထိုအခါများ၌ သူသည် တွဲဝမှ ထွက်ပြူရပ်ကာ ကျနော် ပါလာသည့်တွဲကို လှမ်းကြည့်နေတတ်သည်။ ကျနော်နှင့် မျက်နှာချင်းဆိုင်မိကြလျှင် သူသည် ရှက်ကိုး ရှက်ကန်း ဖြစ်နေတတ်ပြန်သည်။
အခြား လုပ်ဆောင်စရာများ အရေးမကြီးသည့် နေ့များတွင်ကား ရထားထွက်လာလျှင် ကျနော်သည် သူ ရပ်နေရာတွဲဝသို့ ခိုတက်လာတတ်၏။ ကျနော်သည် ရထားခြေနင်းခုံပေါ်တွင် ရပ်ရင်း သူ့ ကိုပြုံးပြကာ နှုတ်ဆက်သည်။
သူ့ အနား၌ ကျနော်ရပ်နေပြန်လျှင်လည်း သူ့ မျက်နှာမှာ ရှက်သလိုဖြစ်နေပြန်သည်။ သူသည် ကျနော့် ကို စေ့စေ့မကြည့်ရဲဘဲ ဆံတောက် ဆံပင်များကို နားရွက်ပေါ်သို့ သပ်တင်ကာ အလုပ်ရှုပ်နေပြန်သည်။

“ ကိုရင်မောင်ကြီး မပါဘူးလားလို့ ရင်ထဲကို ထိတ်သွားတာဘဲ ”
ဟူ၍လည်း ခလေးစိတ်ဖြင့် ပြောနေသည်။
“ နောက်ကိုဆိုရင် ကိုရင်မောင်ကြီး အလယ်တွဲကလိုက်လာခဲ့ သူများလဲ ဦးကောင်းဇုံဆိုင်ရှေ့ကခုံမှာ ထိုင်တာ ကိုရင်မောင်ကြီးတွေ့အောင်လို့၊ နောက်ကို အဲဒီကိုကြည့်လာခဲ့၊ ညောင်ပင်ကြီးအောက်ကခုံလေ၊ အဲဒီမှာ မတွေ့ရင် သူများမလိုက်တဲ့ နေ့လို့မှတ်ထားပေါ့ ”

ကျနော်သည် သူ ရှက်သွားမည် စိုးသဖြင့် သူ့မျက်နှာကို စိုက်မကြည့်သော်လည်း သူ့ တကိုယ်လုံးကို သိမ်းကျုံးမြင်နေရသည်။ သူဝတ်နေကျ အင်္ကျီမှာ သူ့ ကိုယ်လုံးနှင့် ကျပ်လာသဖြင့် ဘေးသားများခွဲကာ အခြားပိတ်ဖြင့်စပ်ထားရသည်။ အခါတရံ သူ့ ကို ငေးကြည့်မိလျှင် သူသည် မျက်နှာတပြင်းလုံး ရှက်စိတ်ဖြင့် ပိန်းလာကာ ခေါင်းကို ငုံ့ပစ်လိုက်တတ်သည်။ အနေကျုံ့ လာသည်။

“ အဲဒီလိုမကြည့်ပါနဲ့ ”ဟု သူ့ စိတ်အတွင်းမှပြောနေသံကိုပင် ကြားနေရသည် ထင်ရသည်။
ပုတီးကုန်းရွာကို လှမ်းမြင်ရလျှင် သူသည်....
“ အဖေတို့က ကိုရင်မောင်ကြီးကို အလည်ခေါ်လာဘို့ မှာလိုက်တာ၊ သူများတော့ မခေါ်ချင်ဘူး၊ သူများတို့အိမ်က သိပ်စုတ်တာ၊ ရှက်စရာနော်၊ အဖေတို့ကတော့ ကိုရင်မောင်ကြီးဟာ သူများတို့ ကျေးဇူးရှင်တဲ့ ”

ကျနော်သည် ငြိမ်သက်စွာ ပြုံးနေခဲ့၏။ ကျနော့် စိတ်နှလုံးအာရုံ၌ လှိုင်းထ လှုပ်ရှားနေတတ်သည်ကို သုံးသပ်မိလာသည်။
တနေ့ထက် တနေ့ တချိန် ထက် တချိန် ထို လှုပ်ရှားနေမှုမှာလည်း ပို၍သိသာလာသည်။ အလိုလို စိတ်၌ မောလာနေမိပြန်သည်။ သူ့ စိတ်တွင်လည်း ထိုသို့ လှုပ်ရှားနေသည်ကိုလည်း အစင်းသား သိလာနေရပြန်သည်။ တခါတရံ၌ သူ့မျက်လုံးရဲကြီးများအပေါ်၌ တခုခုကို တမ်းတနေသည့် အရောင်များ တောက်လာနေသည် ထင်မိသည်။

“ ဒီနေ့ ညိုညို ဘယ်ကို လိုက်မလဲ ”
“ နတ်မောက် ဈေးနေ့လေ ”
“ ပင်းချောင်းကျအောင် လိုက်ခဲ့ပါလား ”
သူသည် ခေါင်းငုံ့ထားရင်း “ ရထားခတွေသာ ပေးနေရရင် အများကြီးနေမှာနော်....ထီပေါက်မှ ကိုရင်မောင်ကြီး ရထားခတွေ အကုန်ပြန်ပေးရမှာ ”ခပ်တိုးတိုး ပြောနေသည်။
“ ထီကကော ထိုးထားပီးပလား ”
“ အဲတာတော့ စိတ်ကူးနေတုန်းဘဲ ”

သူသည် ခလေးစိတ်ပေါ်လာပြန်ကာ ရယ်စရာမဟုတ်ဘဲနှင့် လွတ်လပ်စွာ ရယ်ချင်ရယ်လိုက်ပြန်သည်။
သူ့ လွတ်လပ်စွာ ရယ်လိုက်သံကြောင့် သူ့ ကို ခလေးအဖြစ်ဖြင့်ပြန်မြင်လာကာ အစောက ပူနွေးလှုပ်ရှား လာနေခဲ့သည့် ကျနော့် စိတ်နှလုံးများသည်လည်း ပြန်၍ ငြိမ်သက်လာသည်။ ထိုလှုပ်ရှားမှုကလေးသည် ခဏမျှ ဟုတ်ကနဲ ပျောက်ကွယ်သွား ပြန်သည်။ ရင်ထဲ၌ ပေါ့ပါး ရှင်းလင်းလာသည်။ သူ၏ လွတ်လပ်စွာ ခလေးလို ရယ်လိုက်သံနှင့် ရထားခုတ်မောင်းနေသံသည် ရောထွေးသွား၏။ ထိုအသံနှစ်ခု ရောထွေးနေပုံမှာ ရွှင်မြူးဖွယ် ဂီတသံတခု ဖြစ်လာနေသည်။

ညနေအပြန်များတွင်လည်း ကျနော့်ရထားဖြင့်ပင် ပြန်လိုက်လာသည်။
အပြန်၌ကား မြို့လုင်သို့ ရထားဆိုက်ရောက်လာလျှင် မှောင်ရီဆိုင်းစ ပြုလာနေပေပြီ။ သူသည် ရထားပေါ်မှ သူ့တောင်းများကိုချပြီး ဦးကောင်းဇုံဆိုင်ရှေ့သို့ မသွားသေးဘဲ ကျနော့်ကို နှုတ်ဆက်သည်။ နက်ဖြန်တွင် သူလိုက်မည်မ မလိုက်မည်ကိုလည်း ကြိုတင် သတင်းပေးလိုက်သည်။
“ မနက်ဖြန် မြို့သစ်ဈေးနေ့ ”ဟု လှမ်းပြောသည်။
ရထားကြီး ထွက်ခွာလာခဲ့လျှင် သူသည် ဦးကောင်းဇုံ ဆိုင်ရှေ့၌ ရပ်ကျန်နေရစ်ခဲ့သည်။ ရထားကြီး ဝေးလာခဲ့သည်အထိနောက်မှ လိုက်ကြည့်နေသည်။ သူနှင့် အတူ ဦးကောင်းဇုံဆိုင်၊ ညောင်ပင်အုပ်ကြီးနှင့် မြို့လုင်သည် အဝေး၌ ငြိမ်သက်ကျန်ရစ်ခဲ့၏။

ကျနော် ခွင့်ယူတော့မည့်အခါများတွင် သူ့ကို ကြိုတင်ပြောပြထားနှင့်ရသည်။ ခွင့်ယူထားစဉ်၌ ကျနော့် နေရာတွင် လူစား တယောက်ယောက် ဝင်ရောက်လုပ်ကိုင်နေရာ..သူနှင့်အဆင်ပြေမှ ပြေပါ့မလား...ဟု ကျနော်သည်လည်း စိတ်ပူနေမိပြန်သည်။
တခါတရံတွင်ကား သူ့ ကိုပင် ကြိုတင်မပြောနိုင်ဘဲ အရေးပေါ်ခွင့်ယူရလျှင် ကျနော်သည် သူ့ အတွက် စိတ်မဖြောင့်နိုင်ပင် ဖြစ်လာမိသည်။ ရက်အတန်ကြာသွားလျှင် သူ ကျနော့်ကို မည်မျှ စောင့်မြှော်နေတော့မည်ကို တွေးမိသည်။
အလုပ်ပြန်ဝင်သည့် နေ့ များ၌ ကျနော်သည်လည်း သူစီးခိုင်းသည့် အလည်တွဲဝ၌စီးလာကာ သူမြင်စေရန် တမင်ထွက်ရပ်လာခဲ့သည်။
သူ့ ကိုလည်း သူ နေနေကျ ထိုင်ခုံတွင်သာ တွေ့ရသည်။ သူ ရထားကြီးကို ငေးမျှော်ကြည့်နေပုံမှာ မြှော်လင့်ချက် ကြီးမားစွာဖြင့် စောင့်မြှော်နေပုံထင်ရှားနေသည်။ ထိုအသွင်သဏ္ဍာန်ကို ကျနော်သည် မည်သည့်အခါတွင်မှ မေ့နိုင်မည်မဟုတ်။
သူနှင့်ကျနော်သည် အဝေးကတည်းက တယောက်ကိုတယောက် စိမ်းနေအောင်ကြည့်လာမိခဲ့ကြသည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူသည် ခလေးစိတ် ပေါ်လာကာ နေရာမှ ရုတ်တရက် ထရပ်ပြီး ပြေးထွက်လာသည်။ သူ၏ ဝမ်းသာအားရဖြစ်နေဟန်ကို သူသည် ဖုံးဖိ ဟန်ဆောင်ထားရ ကောင်းမှန်းမသိ။

“ ကိုရင်မောင်ကြီး ”
သူသည် လူကြားထဲမှ လှမ်းအော်နှုတ်ဆက် လိုက်သည်။
ကျနော်ရပ်နေရာ တွဲဝသို့ ကုန်းစိမ်းတောင်းများကို ထိုးတင်သည်.။ ရထားထွက်လာခဲ့လျှင် သူနှင့် ကျနော်သည် တွဲဝ၌ မျက်နှာချင်းဆိုင် ယှဉ်ရပ်နေမိကြသည်။
“ ဘယ်သွားနေတာလဲ” ဟု သူသည် အလောဆုံးဆယ်မေးနေ၏။
ကျနော်ကလည်း“ ညိုညို ပိုပီးလှလာတယ်” ဟု အမှတ်မထင်ပြောလိုက်မိသည်။
သူ့ မျက်နှာမှာ ထူပိန်းသွားပြန်သည်။ သူသည် ကျနော့်ကို မျက်စောင်း ထိုးကြည့်သည်။
ကျနော်လည်း သူ့ ကို ကြည်ရင်း ရယ်မောနေမိသည်။

“ ကဲ...ဘာအပြစ်ပြောမလို့လဲ”
“ မဟုတ်ဘူး၊ သူများမေးတာပြောစမ်းပါ၊ ကိုရင်မောင်ကြီး ဘယ်သွားပွေနေတာလဲ၊ မှန်မှန်ပြောစမ်း”
“ ဘယ်လိုထင်လို့လဲ”
“ သေများ နေပလားလို့”

သူသည် ထိုစကားများကို ခပ်တိုးတိုး ပြောနေစဉ်၌ ဒေါသဖြစ်လာကာ ကျနော့် ကိုပင် ဆွဲယမ်းပစ်မည့်ဟန် ပေါ်လာနေသည်။
သူ့ ဆံတောက် ဆံပင်များကို နားရွက်အပေါ်သို့ ခပ်သွက်သွက် သပ်တင်သည်။

“ ကိုရင်မောင်ကြီး မလိုက်တာ ဆယ်ရက်နော်...သူများသေသေချာချာ မှတ်ထားတာ၊ ကိုရင်မောင်ကြီး မပါတဲ့နေ့ကလေ ကံကောင်းလို့ လက်မှတ်အဖမ်းမခံရတာ၊ ဒီကြားထဲ လက်မှတ်တွေ ဝယ်စီးနေရတယ်၊ လက်မှတ်ခတွေ ရော်ပေးရမယ်၊ သူများလဲ ဟိုလက်မှတ်စစ်ကို မျက်နှာကျော မတည့်တာနဲ့ ဝယ်စီးပလိုက်တာပေါ့၊ အဲဒီလက်မှတ်စစ်က ကိုမြအောင်တဲ့နော်၊ အရက်သိပ်သောက်တာ၊ ဘယ်တော့ဖြစ်ဖြစ် အရက်စော်ကိုဟောင်နေတာဘဲ၊ သူ့ လွယ်အိတ်ထဲမယ် အမြဲတမ်း အရက်ပုလင်းပါတယ်၊ ကိုရင်မောင်ကြီး အရက်တော့ မသောက်နဲ့ နော်....၊ သူများ သိပ်မုန်းတာ၊ အဲဒီလူကြီးက လူကိုလဲ ရိသဲ့သဲ့လုပ်သေးတယ်၊ ပီးတော့ ပြောသေးတယ်....သူများက ကိုရင်မောင်ကြီးကို သိပ်လွမ်း နေပလားတဲ့...ပြန်လာတော့မှာပါတဲ့၊ သူများလဲ အမြင်ကပ်တာနဲ့ လွမ်းနေတယ်လို့ ပြောလိုက်တယ်၊ ပီးတော့ ကိုရင်မောင်ကြီး မိန်းမယူဘို့ အိမ်ပြန်သွားတာဆို၊ အဲတာဟုတ်သလား”

သူ့ ပါးကလေးများ ပို၍ နှင်းဆီသွေးစို့ကာ မို့ကြွလာနေပုံမှာ ရင်ခုန်လှုပ်ရှားစရာပင်။ လေဝှေ့သဖြင့် သူ့ နဖူးမှ ဆံစများသည် ဝဲပျံနေ၏။ ဤဆယ်ရက်တာအတွင်း တယောက်ကိုတယောက် မတွေ့မမြင်ရသောကြောင့် အနည်းငယ် စိမ်းသွားသလိုလည်း စိတ်၌ ထင်လာမိပြန်သည်။ ကျနော့် စိတ်ထဲ၌ လှုပ်ရှားနေခဲ့သည်တို့မှာလည်း ပို၍ ထင်ရှား ပီပြင်လာသည်။ ကျနော်ကား သူ့ကို ရင်ခွင်အတွင်းသို့ ဆွဲသွင်းပွေ့ဖက်ပစ်လိုက်ချင် စိတ်များ ပေါ်လာနေသဖြင့် ရင်ထဲတွင် ပူနွေးလာနေသည်။ သူသည် ခလေးစိတ်ဖြင့်...

“ ကိုရင်မောင်ကြီးကို သူများ နေ့တိုင်း နေ့တိုင်း အောက်မေ့နေတာ”
“ နောက်ကို ကိုရင်မောင်ကြီး ခွင့်ယူရင် သူများကို ကြိုပြောထားပါ၊ ဘယ်တော့မှ မမေ့ပါနဲ့”

ကျနော်သည် သူ့ကို ကြာရှည်ကြည့်နေမိလျှင် ဆွဲပွေ့လိုက်မိတော့မည်ကို သိလာသည်။
ကျနော်ကား စိတ်လှုပ်ရှား ဆူပွက်တတ်သူ...နက်ရှိုင်းစွာ ခံစားတတ်သူအဖြစ် မိမိကိုယ်ကို ပြန်မြင်လာသည်။
ကျနော်သည် ရထားနှင့်ယှဉ်လျက် ပြေးလိုက်လာနေသောအဝေးမှ တောင်တန်းကြီးများကို စိတ်မဝင်စားဘဲနှင့်ကြည့်လာခဲ့သည်။
ခပ်ဖြေးဖြေး ရွေ့ရွေ့ လိုက်ပါနေသည့် တောင်တန်းကြီးများပေါ်၌ မြူထုကြီးများ ပိတ်ဆိုင်းနေသဖြင့် အနားသတ်မျဉ်းကြောင်းများကို မမြင်ရ။
ဖြူစင်ခဲ့သော ကျနော့် စိတ်နှလုံးသားများမှာလည်း စွဲလန်းမှုများ အုပ်ဆိုင်းလာနေသလို ခံစား နေမိသည်။
အကြောင်းတခုခုကြောင့် သူ ဈေးပတ်မလိုက်သည့် ရက်များတွင် သူ့ ကိုမြင်တွေ့လိုစိတ်များ ဖုံးကွယ်ထားမရတော့ပေ။
ကျနော်သည် သူထိုင်နေကျခုံကို လှမ်းကြည့်၍ မတွေ့မြင်ရလျှင် ရင်ထဲ၌ သိသိသာသာ ဟာသွားသည်ကို ခံစားလာရသည်။ ကျနော်ကိုယ်တိုင်လည်း သူလိုက်ခိုင်းသည့် အလယ်တွဲဝမှပင် လိုက်ပါနေမိသည်။ သူ့ ကို လူအများကြား၌ ပါရှိမည်အထင်ဖြင့် ရှာမိပြန်သည်။ ခရီးသည်များအားလုံး ရထားပေါ်ရောက်မှ သူမပါလာ-ဟု ယုံကြည်လာခဲ့သည်။ အမှတ်မထင်ပင် သူ ဈေးပတ်မလိုက်သည့် ရက်များကို စိတ်၌ တေးမှတ်ထားမိသည်။
ရက်ပေါင်းနှစ်ဆယ်မျှ ကြာလာသောအခါ ကျနော်သည် ဦးကောင်းဇုံကြီးကို မေးကြည့်မည်ဟု စိတ်ကူးမိခဲ့သည်။ စိတ်မလုံသောကြောင့် မမေးဖြစ်ခဲ့။
ပုတီးကုန်းရွာ ခပ်လှမ်းလှမ်းမှ ရထားဖြတ်မောင်းနေစဉ်၌ ကျနော်သည် ရထားတွဲဝမှာ ရပ်ကာ ရွာဖက်သို့ လှမ်းကြည့်မိပြန်သည်။ ရွာထဲရှိ သူတို့အိမ်ရှိမည့်နေရာကို မှန်းဆကြည့်မိသည်။ မန်ကျည်း တမာပင်များ အုပ်ဆိုင်းနေသော ရွာပေါ်တွင် မိုးဖွဲမိုးမှုန်များ ဆိုင်းနေသည်။
ပုတီးကုန်းရွာသည် ရထားကြီးနောက်ဖက်မှ ပြေးလိုက်လာနေရင်း မမှီနိုင်သဖြင့် တဖြည်းဖြည်း ဝေးကွာ ကျန်နေရစ်ခဲ့သည်ဟု စိတ်၌ ထင်လာမိပြန်သည်။
တခါတရံ၌မူ သူ့ကို ခလေးဟု သဘောထားကြည့်မိသည်။ ခဏနေနေလျှင်ပင် ထိုသဘောထား ပျောက်ကွယ် သွားပြန်ကာ သူနှင့် ကျနော်သည် ချစ်ရည်တူမျှသော ချစ်သူများဟု ယုံကြည်လာနေပြန်သည်။
တလကျော်ပြီးမှ သူ့ ကိုပြန်၍ မြင်တွေ့ရသောအခါ ကျနော်သည်ပင် ရင်ခုန်နေခဲ့သည်။
ထိုနေ့က သူ့ကို လှမ်းမြင်ရသောအခါ အိပ်မက်များအတွင်း၌ တွေ့မြင်နေကျ ဥစ္စာစောင့်မကလေးကို သက်ရှိထင်ရှား တွေ့မြင်လိုက်ရသလို ထင်သည်။ ကျနော်သည် သူ့ ကို အဝေးမှပင် လှမ်းငေးကြည့်လာမိသည်။
သူသည် ညောင်ပင်အောက်ရှိ ခုံတန်းပေါ်တွင် ထိုင်နေခဲ့၏။ ရထားဝင်လာသည်ကို မြင်ရလျှင် ထိုင်ရာမှ ထပြီး ရထားကြီးကို မျှော်လက့်ချက် ကြီးမားစွာဖြင့် ငေးစိုက် ကြည့်နေခဲ့သည်။ သူသည် ဆံပင်အုပ်လုံးသိမ်းပစ်လိုက်ပြီး ဖြစ်သဖြင့် လွန်ခဲ့သောတလက သူနှင့် တယောက်စီ ဖြစ်သွားပြီထင်ရသည်။
သူနှင့် ကျနော်သည် အဝေးကတည်းက တယောက်ကို တယောက် လှမ်းမျှော်ကြည့်နေမိကြသည်။
သူသည် ရထားရပ်မည့်နေရာသို့ လျှောက်လာလေသည်။
မိုးမှုန် မိုးဖွဲကလေးများ တဖွာဖွာကျနေသည်။ မှောင်ပျပျမိုးဖွဲမိုးမှုန်များအတွင်း၌ သူ့ ကိုလှမ်းမြင်ရသည်မှာ အိပ်မက်ထဲ၌ တွေ့မြင်နေရသလို ဖြစ်နေသည်။
ရထားရပ်သောအခါ၌ ကျနော်စီးလာခဲ့သည့် တွဲဝနှင့် သူ့ ကုန်စိမ်းတောင်းများ ချထားရာနေရာသည် တည့်တည့်ကျနေ၏။
သူသည် ကျနော့်ကို အောက်ဖက်မှ မော့ကြည့်လိုက်သည်။ သူ၏ နှုတ်ဆက်ပြုံးမှာ စိတ်လှုပ်ရှား ရင်ခုန်နေသဖြင့် ပီပီသသ မရှိပေ။ ကျနော်သည် သူ့ တောင်းများကို တွဲပေါ်မှ လှမ်းယူကာ နေရာချထားပေးလိုက်သည်။
သူသည်လည်း တွဲပေါ်သို့ တက်လာကာ ကျနော့် အနီးတွဲဝတွင် မျက်နှာချင်းဆိုင်၌ ရပ်နေသည်။ ကျနော်သည်လည်း သူ့ကိုနှုတ်ဆက်စကား ပြောရန်ပင် သတိမရ။ သူသည်လည်း မေ့နေဟန်တူသည်။ သူသည် ပြုံးထားသော်လည်း ကျနော့် ကို စေ့စေ့မကြည့်။
ရထားကြီး ထွက်ခွာလာမှ...ရင်ခုန်သံများမှာ ရထားခုတ်မောင်းသံနှင့် ရောထွေး ပျောက်ကွယ် သွားနေသည်ဟု ထင်မိသည်။
သူ့ ရင်ခုန်နေသံကို ရထားခုတ်မောင်းနေသံများအကြား၌ပင် ကြားနေရပြန်သည် ထင်သည်။

“ ညိုညို ယောကျာ်းနောက် လိုက်သွားတယ် ကြားလို့”
သူက “ ရှက်စရာတွေ မပြောနဲ့” ဟု ပြောရင်း ကျနော့်ကို မကြည့်ဘဲ သူ့တောင်းများကို မလိုအပ်ဘဲနှင့် ဟိုရွေ့သည်ရွေ့လုပ်နေပြန်သည်။
ကျနော်သည် ချုပ်တည်း ထားခဲ့သော စိတ်များကို အလိုလိုက် လွှတ်ပေးထားလိုက်သည်။ သူ့တကိုယ်လုံးကို ငေးစိုက်ကြည့်နေလိုက်သည်။ တောင်းရွေ့အပြီး သူ ပြန်ရပ်လိုက်သော အခါတွင်ကား မျက်နှာချင်းဆိုင်နေမိကြသည်။ သူ့ မျက်လုံးအိမ်အတွင်းကို နက်ရှိုင်းစွာ စိုက်ကြည့်နေမိသည်။ သူ့ မျက်တောင်ကော့ကြီးများကို ငေးကြည့်နေမိသည်။ သူသည် မျက်နှာတပြင်လုံး ထူပိန်းလာကာ မျက်လွှာကြီး ချလိုက်သည်။ သူ့ အသက်ရှူသံကို ကြားနေရသည် ထင်သည်။

“ ကိုရင်မာင်ကြီး ပါမှ ပါပါ့ မလားလို့”

သူ့ အသံမှာလည်း စွဲမက်ဖွယ်ရာ တုန်ယင်နေပြန်သည်။
အိမ်သာများ ခြားနေသဖြင့် အခြားခရီးသည်များနှင့်လည်း အဆက်ပြတ်နေသည်။ သည်နေရာကလေးမှာ ချစ်သူနှစ်ဦး တွေ့ဆုံကြရာ နေရာကလေးဟု ကျနော့်စိတ်၌ ထင်လာသည်။ သူ့ ကို ကျနော့် ချစ်သူဟု ယုံကြည်လာနေသည်။
သူ၏ အရှက်ကြီးနေပုံကို ရယ်မောစရာ တခုလို ထင်လာပြန်သဖြင့် ခပ်တိုးတိုး ခပ်ပေါ့ပေါ့ ရယ်နေမိပြန်သည်။ စိတ်များသည်လည်း ပို၍ လှုပ်ရှားလှိုင်းထလာပြန်သည်။

“ ညိုညိုက သိပ်လှလာတာဘဲ၊ မြင်ရတာကို အသက်ရှူမှားနေတာဘဲ” ဟု တိုးတိုး ပြောလိုက်မိသည်။
“ညိုညိုကို ချစ်နေဘီ၊ သိလား...ညိုညို့ ကို ကိုချစ်နေဘီ၊ အဲတာ မင်း သိတယ်မှုတ်လား၊ မင်းသိတယ် မှုတ်လား”
သူ့ မျက်လုံးများသည် သားရိုင်း သမင်လို ဝိုင်းစက်သွားကြ၏။
ကျနော်သည်လည်း ပို၍ စိတ်လှုပ်ရှားလာကာ ရှေ့သို့တိုးလိုက်ပြီး လက်နှစ်ဖက်ကို ရုတ်တရက် လှမ်းလိုက်သည်။ သူသည် သတိရလာပြီး သူ့ ကိုယ်ကို ဆောင့်ရုန်းလိုက်၏။
“ အိုတော်...ကိုရင်မောင်ကြီးကလဲ”
နောက်ဆုတ်လျက် သူက တိုးတိုးညည်းညည်း ပြောသည်။
အိမ်သာဖက်သို့ ရောက်သွားသည်။ ကျနော့်ကိုကျောပေးကာ လူစီးထိုင်ခုံများ ရှိရာဖက်သို့ သွက်သွက် လျှောက်သွားသည်။
ကျနော်လည်း လှေကားဝတွင်ရပ်ရင်း စိတ်လှုပ်ရှားနေခဲ့၏။ ကြိုတင်၍ တွေးတော ကြံစည်ခဲ့ခြင်းကား မဟုတ်။ ဤသို့ ရုတ်တရက် ဖြစ်ပျက်ရခြင်းအပေါ်၌ ကောင်းသည် ဆိုးသည်ကို မသုံးသပ်ချင်တော့ပေ။
မြို့သစ် ဘူတာသို့ ရောက်လျှင် သူ ဆင်းနေရစ်ခဲ့သည်။
ညနေတွင် မြို့သစ်ဘူတာသို့ ရထား အပြန်ဆိုက်ရောက်လာခဲ့သောအခါ သူ့ ကို ဘူတာပလက်ဖေါင်းပေါ်တွင် မမြင်ရတော့ပေ။ ကျနော်သည် နေရာအနှံ့အပြား လိုက်ရှာကြည့်မိ၏။ သူ တနေရာရာမှ တက်ရောက်လိုက်ပါလာလိမ့်မည်ကို သိသော်လည်း ရှာ၍ကား မတွေ့။
ရထားထွက်လာခဲ့မှ ကျနော် လက်မှတ်စစ်ဆေးရာ သူ့ကို ခရီးသည်များအလည်ရှိ ထိုင်ခုံတခုပေါ်၌ တွေ့ရသည်။ သူသည် ကျနော်ကို တချက်လှမ်းကြည့်ပြီး မျက်နှာလွှဲသွားသည်။
ကျနော်လည်း သူ့ ကိုကျောပေးကာ လှေကားဝ၌ သွားရောက်ရပ်နေခဲ့သည်။ ရထားခုတ်မောင်းနေစဉ် အပြင်ဖက်ကိုသာကြည့်လာခဲ့သည်။ သူက တချက်တချက်၌ ကျနော့် ကိုမသိမသာ စောင်းငဲ့ကြည့်နေမည်ကို သိနေသော်လည်း ကျနော်သည် အရွဲ့တိုက်ချင်စိတ် ပေါ်နေကာ သူ့ ကို တချက်မျှ လှည့်မကြည့်။
မြို့လုင်တွင် ကျနော်သည် သူ့ ကိုကျောပေးပြီး ဂါတ်တွဲသို့ထွက်လာခဲ့၏။ ရထားကြီး ထွက်ခွာလာခဲ့လျှင် ကျနော်သည် မှန်ချပ်ကြားမှ မသိမသာ လှမ်းကြည့်လာခဲ့သည်။ သူကလည်း တမင်အရွဲ့တိုက်ကာ ရထားကြီးကို ကျောပေးထားသည်ကို တွေ့မြင်ခဲ့ရသဖြင့် ကျနော်သည် ပြုံးလာခဲ့မိ၏။

နောက်ရက်များတွင် ဦးကောင်းဇုံဆိုင်ရှေ့ သူထိုင်နေကျနေရာတွင် မတွေ့မြင်ရတော့ပေ။ ထိုနေရာ၌ သူ့ကို အခါတိုင်းကလိုပင် တွေ့ရလိမ့်မည်ဟု ထင်ခဲ့သည်။ တရက်ပြီး တရက် မတွေ့ရသော အခါတွင်ကား သူက ကျနော့် ကို အထင်မှားနေခဲ့ပြီဟု တွေးရတော့သည်။
ကျနော်သည် သူနေသည့် ပုတီးကုန်းရွာကို လှမ်းကြည့်နေရင်း သူ့ရွာသို့ပင် လိုက်သွားရကောင်းမလားဟု တွေးလာရပြန်သည်။သူ့ကို တီဘီစီ စိန်ထွန်း၊ မြအောင်၊ စိုးမြင့် စသူတို့က အပျော်ကြံကာ ရိသဲ့သဲ့လုပ်သည့်နည်းတူ ကျနော့် ကိုလည်း အပျော်ကြံသည်ဟု သူတွေးထင်သွားမည်ကို စိုးရိမ် မောလာရပြန်သည်။
ဤသို့ သူ ယူဆသွားလျှင်မူ အဖြစ်အပျက်မှာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ပေသည်။ ကျနော့် အပြုအမူမှာလည်း ပေါ့ပေါ့ ရှပ်ရှပ်နိုင်သည် ထင်မိသည်။

အမှန်အားဖြင့် သူသည် နေ့စဉ် ကျနော့်ကို ရှောင်ကွင်းကာ ဈေးပတ်လိုက်မြဲ လိုက်ပါနေခဲ့၏။ သူသည် မြို့လုင်မှ အတက်တွင် သံလမ်းတဖက် မစိန်မြ ဆိုင်ဖက်သို့ ပြောင်းနေခဲ့သည်။ အခြားဘူတာများတွင်လည်း ထိုသို့ နေရာပြောင်းကာ ကျနော့် ကိုလွတ်အောင် ရှောင်နေသည်။ သူသည် ခလေးစိတ်၊ ကြည်စားလို စိတ်ဖြင့် ခုနှစ်ရက် ကျော်ကျော် ကျနော့် ကို ဒုက္ခပေးနေခဲ့သည်။

တညနေတွင် အပြန်ခရီး၌ မြို့သစ်ဘူတာ ပလက်ဖေါင်းပေါ်တွင် သူ့ ကိုပြန်တွေ့ရမှ ကျနော်လည်း စိတ်ပေါ့ပါးခဲ့ရသည်။
ထိုညနေက သူသည် ဘူတာပလက်ဖေါင်းအစွန် ဂါတ်တွဲအနီးရှိ တမာပင်တန်းများ အောက်ဖက် တန်လျားပေါ်တွင် တယောက်တည်း ထိုင်နေခဲ့သည်။ သူ့ ကို ကျနော်သည် ဂါတ်တွဲပေါ်မှ လှမ်းမြင်တွေ့ရ၏။
သူသည် ဂါတ်တွဲဖက်သို့ မသိမသာ ခေါင်းငဲ့ကြည့်နေခဲ့သည်။ ကျနော် လှမ်းကြည့်လိုက်သည်နှင့် တပြိုင်တည်း သူ့ မျက်နှာကို ဆက်ကနဲ တခြားဖက် လှည့်လိုက်သည်။
ကျနော်သည် ဂါတ်တွဲပေါ်မှ ဆင်းကာ သူရှိရာသို့သွားပြီး သူထိုင်ရာ တန်းလျားတဖက်စွန်းတွင် ဝင်ထိုင်လိုက်သည်။
ထိုနေရာမှာ ပလက်ဖေါင်း အစွန်ဆုံးနေရာ ဖြစ်သဖြင့် အခြားခရီးသည်များနှင့် အလှမ်းဝေးနေသည်။
ကျနော်တို့ နှစ်ယောက်တည်းသီးသန့်ဖြစ်နေခဲ့သည်။ ကျနော်သည် အတန်ကြာသည်အထိ သူကို စကားမပြောသေးဘဲ ငြိမ်သက်စွာ ထိုင်နေစဉ်တွင် သူ့ ရင်ခုန်သံများကို ကြားနေရသည် ထင်မိသည်။ တဖက် မျက်နှာလှည့်ထားသော သူ့ကို ကျနော်သည် ငေးကြည့်နေသည်။
အတန်ကြာမှ သူသည် ပြန်လှည့်လိုက်၏။

“ လက်မှတ်စစ်မလို့လား”

သူသည် အသံတုန်တုန်ဖြင့်ပြောကာ သူ့ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် လက်မှတ်ကို ပြနေသည်။
ကျနော်သည် သူ့ စိတ်၌ ဖြစ်ပေါ် ခံစားနေရသည်တို့ကို အမှန်အတိုင်း မြင်တွေ့သောအခါ စိတ်၌ ထိခိုက်နာကျင်မိပြန်သည်။ သူ့ မျက်နှာမှာ ညို့မှိုင်းနေခဲ့၏။ သူ့ မျက်လုံးအပေါ်တွင် မျက်ရည်များဝဲလာနေသည်။ လက်မှတ်ပြနေသော သူ့ လက်မှာ တဆတ်ဆတ်တုန်ယင်နေသည်။ သူက “ သူသည် လက်မှတ်မဲ့ဖြင့် ခရီးသွားနေသူ၊ ကျနော်က လက်မှတ်စစ်ဖြစ်၍ သူ့ ကိုမချစ်ဘဲနှင့် အပျော်ကြံစည်နေသည်”ဟု ယုံကြည်ယူဆနေခဲ့သည်။

“ ညိုညို....ကို့ စိတ်ထဲမယ် ဘယ်လိုဖြစ်နေရတယ်ဆိုတာ မင်းအမှန်အတိုင်း သိဖို့ကောင်းပါတယ်၊ နောက်ကို မင်းကိုချစ်တယ်လို့ကို ဘယ်တော့မှ မပြောတော့ဘူး”

ကျနော်သည် ဝမ်းနည်းစိတ်ဖြင့် ပြောနေမိသည်။

သူသည် ကျနော့် ကို တချက်ကြည့်ပြီး လူစီးတွဲများဖက်သို့ မျက်နှာပြန်လှည့်သွားသည်။ သက်ပြင်းချနေပြန်သည်။
ကျနော်သည်လည်း သူ့ ဖက်သို့ တိုးလိုက်၏။
“ကို့ စိတ်ထဲမယ် ဘယ်လိုဖြစ်နေတယ်၊ ဘယ်လောက် ချစ်နေတယ်ဆိုတာ မင်းမသိဘူးမှုတ်လား၊ ကိုလဲ မပြောပြတတ်ဖူး၊ အစတုန်းက မင်းကို ကို့ညီမလေးလို ချစ်တယ်၊ နောက်တော့ မင်းကလဲ ပိုပီး လှ လှလာတယ် မှုတ်လား၊ လှလို့ချစ်တာဟာ အပြစ်လား....ကဲ....ပြောစမ်း...လှတာဟာ အပြစ်လား၊ လှလို့ချစ်တာ အပြစ်လား”
သူသည် စိတ်ရှုပ်ထွေးလာသလို ခေါင်းကိုယမ်းနေသည်။
“ရထားခေါင်းတွဲဆက်ပီး ရှန်တိန် လုပ်ပီးသွားဘီး” ဟု ပြောရင်း နေရာမှ ခပ်လေးလေး ထရပ်လိုက်သည်။
“နေအုံးလေ....”
“ရထား ထွက်တော့မယ်”
“မဟုတ်ဖူး...ကိုမေးတာ ပြောပါအုံး”
“ဘာပြောရမှာလဲ”
“ကို့ ကို ချစ်တယ်လို့ ပြောသွားလေ”
သူသည် တလှမ်းနှစ်လှမ်း လှမ်းပြီးမှ ကျနော့်ကို ပြန်လှည့်ကြည့်သည်။
“လူကြီးကလဲနော်...သူများ စိတ်ညစ်နေရတဲ့အထဲ ဒုက္ခပေးလိုက်တာ၊ ဒီနေ့ ငရုပ်သီးစိမ်းတွေလဲ မရောင်းရဘူး၊ ပီးတော့ ရထားလက်မှတ်တွေ အသွားယူ အပြန်ယူ ပါဆယ်တွေလုပ်နေရ၊ ကုန်တွေမကောင်းလို့ သွန်ပစ်ခဲ့ရနဲ့ တနေ့ လေးငါးကျပ်ရှုံးနေလို့ ငိုချင်နေရတဲ့အထဲ”
သူ ညည်းညည်းညူညူ ရေရွတ်ကာ လူစီးတွဲများရှိရာသို့ သွားနေစဉ်တွင် ကျနော်ကား နေရာမှ ထရပ်ကာ ကြည်နူးစွာ ပြုံးနေမိသည်။
သူသည် ကျနော့်ကို “ကိုရင်မောင်ကြီး” ဟု သုံးနေရာမှ “လူကြီး” ဟုပြောင်းသွားသည်။ “အိုတော်” မှ “နော်”သို့ ပြောင်းလဲသွားသည်။
သူ ပြန်လှည့်ကြည့်စဉ်တွင် ကျနော်သည် အသံထွက်အောင် ရယ်မောနေမိ၏။ သူသည် ရထားပေါ်သို့ မတက်မီ ငိုမဲ့မဲ့ မျက်နှာဖြင့်ပင် နှုတ်ခမ်းတချက် ကိုက်ပြသွားသည်။ ကျနော်ကား ဤအပြုအမူ အတွက် ထပ်၍ ကြည်နူးစွာ ရယ်နေမိပြန်သည်။

(ထိပ်တွင်ဖေါ်ပြထားသောပုံမှာ ဤဝတ္ထုစာအုပ်၏ နောက်ကြောဖုံးပုံဖြစ်ပါတယ်ခင်ဗျား)



1 comment:

  1. Thank you for sharing!I traveled on that route long ago.

    ReplyDelete