February 01, 2010

ပင့်သက်


အမှန်အားဖြင့်ဆိုလျင် ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး ကျနော် ဘာမှဝင်ပြောရမယ့် ပြောခွင့်ရှိတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် နည်းနည်းတော့ပြောလိုက်ချင်တယ်။

နိုင်ဝင်းဆွေ ရဲ့ နွေတည ကို ကျနော့်ဘလော့မှာတင်တော့ ကြေကွဲစရာ သတိရစရာတချို့ မမျှော်လင့်ပဲ ကြုံခဲ့ရပါသေးတယ်။ အဲဒီအထဲက မှတ်မှတ်သားသားဖြစ်စရာ နှစ်ချက်ရှိပါတယ်။ တချက်က ဆရာနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ များနဲ့ ပတ်သက်ပြီး ကျနော့်ဆီကို ပုဂိုလ်တယောက်ကအခိုင်အမာလာပြီး ပြောပြသွားတဲ့အချက်နဲ့ နိုင်ဝင်ဆွေရဲ့သမီးလေးက နီဟိန်း ဆိုတဲ့ကလောင်အမည်နဲ့ သူ့ ဖခင် နိုင်ဝင်းဆွေ အကြောင်းရေးထားတဲ့ဝတ္ထုလေး ဖတ်ခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော်ချစ်ခင်လေးစားရတဲ့ ဘာသာပြန်စာရေးဆရာ ဂါမဏိက ၂၀၀၉ ဒီဇင်ဘာ မဟေသီမှာပါတဲ့ ဒီဝတ္ထုလေးကို လမ်းညွှန်လို့ ကျနော် ဒီဝတ္ထုလေးကို ဒီကနေ့ ကျနော့်ဘလော့မှာ ရိုက်တင်ပေးလိုက်တာပါ။

ဆရာနိုင်ဝင်းဆွေရဲ့ စာအုပ်တချို့ ပြည်တွင်းမှာ ထပ်မံထုတ်ဝေခွင့်ရတယ်ဆိုတဲ့သတင်းကိုလည်း စာဖတ်သူများ ကြားခဲ့ကြပြီး ဖြစ်မှာပါ။ တချိန်တုန်းက သူ့ စာအုပ်တွေ ထုတ်ဝေခွင့်ရဖို့ နေနေသာသာ သူ့ နာမည်ကိုတောင် စာထဲမှာ ထည့်ရေးလို့ မရတဲ့အခြေအနေမှာ အခုလို သူ့ စာအုပ်တချို့ ထပ်မံထုတ်ဝေ ခွင့်ရတာကြားရလို့ ကျနော် ဝမ်းသာဝမ်းနည်း ဖြစ်ရပါတယ်။ ဒါပေမယ့် အခုကျနော်ရိုက်တင်ပေးနေတဲ့ “မသိန်းရှင်ဆီပို့ ပေးပါ” ဝတ္ထုမျိုး “ရေဆန်လမ်း” နဲ့ “ဘဝစာမျက်နှာများ” ဝတ္ထုစာအုပ်မျိုးတွေ ပြန်လည်ထုတ်ဝေခွင့်ရဖို့ ကတော့ ကျနော်တို့ တတွေ မလွဲမသွေ စေါင့်ကြရဦးမယ့်သဘောရှိပါတယ်။

အခု “မသိန်းရှင်ဆီပို့ ပေးပါ”ဝတ္ထု ထုတ်ဝေခဲ့တာ နှစ်ပေါင်း (၄၀) ပြည့်ပါတော့မယ်။
ဆရာနိုင်ဝင်းဆွေရဲ့သမီးလေး စာရေးဆရာမလေး နီဟိန်း ရဲ့ ဒီဝတ္ထုလေးကို ဖတ်ပြီး မသိန်းရှင်ဆီပို့ ပေးပါ ကို ပိုပြီးခံစားနားလည်နိုင်ကောင်းရဲ့လို့ ကျနော်မျှော်လင့်မိပါတယ်။
ထိပ်မှာတင်ထားတဲ့ သရုပ်ဖေါ်ပုံကလည်း မဟေသီမှာပါတဲ့ပုံကို စကင်ဖတ်ပြီးတင်ပေးလိုက်တာပါ။



ပင့်သက်

ဖေဖေထားခဲ့သည့်အမွေ။
အမွေဆိုလို့ စိန်ရွှေငွေတော့ မဟုတ်ပါဘူး။ ဖေဖေ အမြတ်တနိုးစုဆောင်းခဲ့တဲ့စာအုပ်တွေနဲ့ သူ့ ပင်ကိုယ်ရေးရသဝတ္ထုရှည်စာအုပ်တွေ၊ မဂဇင်းအသီးသီးမှာရေးခဲ့တဲ့ ဝတ္ထုတိုနဲ့  သမိုင်းနောက်ခံဆောင်းပါးများ.။ ဆိုရှယ်လစ် စာပေသဘောတရားဆောင်းပါးများ၊ ဗီရိုထဲမှာတော့ ဖေဖေ့ဘဝ အနုပညာပစ္စည်းလက်ရာ၊ ဖေဖေနဲ့ ဆရာထက်မြက်တို့ ပူးတွဲဘာသာပြန်ခဲ့တဲ့ တရုတ်ပြည် စာရေးဆရာချန်ချင်းမေရဲ့ တရုတ်ပြည်သူရဲကောင်း “အိုယန်ဟိုင်၏တေးသံ” တရုတ်ဂန္တဝင်ဝတ္ထုရှည်ကြီး၊ ဗီရိုထဲမှာ အထူဆုံးစာအုပ်ကြီးပေါ့။ သူ့နီးနီး ပင်ကိုယ်ရေးဝတ္ထုရှည်ကတော့ ရာဇဝင်နောက်ခံ “မဟူရာမေတ္တာ” ပဲပေါ့။ ဖေဖေဟာ စာအုပ်ဗီရိုနဲ့စာအုပ်စင်ကို တောင်ငူက ကျွန်းသားအနှစ်ကိုမှာပြီးလုပ်ခဲ့တာ။

ကျောက်ရေတွင်း နှင်းဆီခြံလေးရဲ့ တဲအိမ်လေးဟာ ခြံထောင့်လေးမှာ ဆောက်ထားပြီး သုံးဆယ့်ငါးပေ၊ ပေငါးဆယ်မြေကွက်ထဲမှာ ဘောင်ခတ်စိုက်ပျိုးထားတဲ့ နိုင်ငံခြားမျိုး။ ဟယ်နီနတ်ရွှန်း၊ ပရာဗို့ နှင်းဆီပင်ပျိုတွေ အရောင်အသွေးတောက်ပဖူးပွင့်နေတာဟာ ခြံလေးရဲ့မင်္ဂလာတစ်ပါးလို့ ဆိုရမှာပေါ့။ ကျောက်ရေတွင်းဘူတာလေးက လမ်းကျဉ်းကျဉ်းလေးရဲ့ အနောက်ဘက်ကိုထွက်လိုက်ရင်... ရွာလမ်းမ မြောက်ဘက်ကို နည်းနည်းလျှောက်လိုက်တာနဲ့ ခြံကြီးဝင်းကြီးရေစက်နဲ့ နှစ်ခြံကျော်လိုက်တာနဲ့ ဖေဖေ့နှင်းဆီခြံလေး။ ဝါးမောင်းတက်နဲ့တွင်းရေကို ဆွဲငင်နေတဲ့ အပြုံးလဲ့လဲ့ဖေဖေဟာ သူ့ မြစိမ်းရင့်ရင့်ပင်ရွက်တွေကြားက ထိုးထွက်ဖူးပွင့်နေတဲ့ နီရင့်ရင့် ပန်းနုရောင်တစ်ဝက် အနီ။ နံနက်ရေအထမ်း ၆၀၊ ညနေ အထမ်း ၈၀၊ ရာသီဥတုအပေါ် အတိုးအလျှော့ နှင်းဆီခင်းရေထမ်းလောင်းရင်း ဖေဖေ့မျက်လုံးတွေထဲမှာ အားတက်ပျော်ဝင်နေပုံ ပုံရိပ်ကို တွေ့လိုက်ရပါတယ်။

ဖေဖေ့ကျောက်ရေတွင်း “နှင်းဆီခြံလေးထဲမှာ စာပေစကားဝိုင်းလေးရှိခဲ့သတဲ့။ ၇၀ ခုနှစ်လွန်ကာလများက မိုးဝေစာပေဂဇင်းနဲ့ ကဗျာဆရာလူငယ်တွေ၊ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ။ သည့်အပြင် ဆရာဒဂုန်တာရာတောင် နှင်းဆီခြံလေးကိုရောက်တတ်သတဲ့။ လူငယ်ကဗျာဆရာလေးတွေက ဒီစာပေဝိုင်းလေးကို “ ဆည်းဆာကဗျာစာပေဝိုင်း” တဲ့။ ခေတ်ပြိုင်ခံစားမှု၊ မုဆိုးစိုင်သင်၊ ကာရန်မဲ့မဲ့မမဲ့မဲ့ အဘိဓမ္မာမမဲ့ဖို့ စတဲ့ အတွေးအခေါ် အယူအဆတွေ၊ ခေတ်ပြိုင်လူငယ်ကဗျာဆရာတွေရဲ့ ကဗျာတွေ အတွေးတွေထဲမှာ ထွန်းတောက်နေကြတယ်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံတွေရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေဟာ စစ်ပွဲတွေနဲ့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတာ။ အဲဒီကာလတွေမှာပဲစာပေ အနုပညာသည်တွေဟာလည်း ကဗျာလက်နက်နဲ့ ပူးပေါင်းအားဖြည့်ကြပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ... နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ... မြန်မာကဗျာဟာ ကြီးကြီးမားမား ပါဝင်ပတ်သက်နေတာတွေ့ရတယ်။ မြန်မာကဗျာဆရာတွေဟာ ဖိနှိပ်မှု၊ မတရားမှုတွေကို ခေတ်အဆက်ဆက်၊ တော်လှန်တိုက်ပွဲဝင်ခဲ့တာ အထင်အရှားပါပဲ။ အဲဒီကာလ အသက်နှစ်ဆယ်ဝန်ကျင်ကဗျာဆရာတွေဟာ အခုတော့ ငါးဆယ့်ကျော် ခြောက်ဆယ်သက်တမ်းသို့ ရောက်နေကြပြီပေါ့။

ဖေဖေဟာလည်း သူ့အနုပညာနဲ့ ပြည်သူ့ဘဝတွေကို ထုဆစ်ဖန်တီးဖော်ပြခဲ့တယ်။ ရှုမဝမဂဇင်းမှာ ဖေဖေရေးတဲ့ အခန်းဆက်ဝတ္ထုရှည်ကြီးပါနေချိန်၊ ဖေဖေဟာ ဝန်ထမ်းဘဝပေါ့။ မီးရထားဌာနမှာ ကုန်စစ်တာဝန်နဲ့ ပျဉ်းမနား - တောင်တွင်း လမ်းပိုင်းမှာပါ။ ဖေဖေ ရထားဝန်ထမ်းလုပ်နေချိန်မှာ မြန်မာပြည်တွင်းမှာ မှောင်ခိုလုပ်ငန်းကြီးဟာလည်း ခေတ်ကောင်းနေချိန်၊ ဖေဖေနဲ့မေမေဟာ မှောင်ခိုခေတ်ရဲ့ဇာတ်ကောင်တွေ ဖြစ်လာရတာပေါ့။

ဖေဖေဟာ မြန်မာ့မီးရထားဌာနက ပေးထားတဲ့ မြို့ လုင်ဘူတာလေးက အိမ်ခန်းလေးမှာ နေထိုင်ရတယ်။ ကုန်စစ်တာဝန်ဆိုတော့ ပျဉ်းမနား - တောင်တွင်းလမ်းပိုင်း ရထားတွေကို ကြားဘူတာတွေက တက်စစ်ရတာမျိုးလည်းရှိတာပေါ့။ တစ်ခါတစ်လေ ရှာဖွေရေးအဖွဲ့တွေနဲ့တွဲပြီး လိုက်စစ်ရတာလည်းရှိတာပေါ့။
တစ်နေ့ ဖေဖေဟာ ပျဉ်းမနားဘက်ကိုထွက်လာတဲ့ လော်ကယ်ရထားကို နတ်မောက်ဘူတာကနေ လိုက်ပါလာပြီး တောင်တွင်းဘူတာအလွန် တွဲတစ်တွဲပေါ်တက်ပြီးစစ်ဆေးပါတယ်။ တွဲတစ်တွဲပေါ်က ဖေဖေနဲ့ မျက်မှန်းတန်းမိသူ ကုန်းကူသူ အရောင်းအဝယ်သမားတွေက ဖေဖေ့ကိုနှုတ်ဆက်ရင်း တစ်ခုံပြီးတစ်ခုံကျော်ဖြစ်ပြီး စစ်ဆေးလာရာ ရှေ့ ပေါက်နားက ထိုင်ခုံအောက်က ထန်းခေါက်တောင်းပေါ် ပုဆိုးဟောင်းတစ်ထည်အုပ်ထားတဲ့ ထန်းလျက်တောင်းကို တွေ့လိုက်ရတယ်။

“ ဒီထန်းလျက်တောင်း ဘယ်သူ့ပစ္စည်းလဲ”

ဖေဖေဟာ အနီးထိုင်ခုံက ခရီးသွားတွေကို မေးနေတယ်။ ဒီအချိန်မှာ တစ်တွဲလုံးရဲ့မျက်လုံးတွေဟာ ဖေဖေ့ဆီစုပြုံရောက်နေတယ်။ ထန်းခေါက်တောင်းအပေါ်က ထိုင်ခုံမှာထိုင်နေတဲ့ အမျိုးသမီးက ဘေးကထိုင်နေတဲ့မေမေ့ကို မေးထိုးပြီး “သူ့တောင်းပါဆရာရယ်” လို့ ပြောလိုက်ပါတယ်။

“ မေးနေတာ ကိုယ့်ပစ္စည်းကိုဘာလို့မဖြေရတာလဲ၊ အစိုးရကန့်သတ်ကုန်ထဲမှာ ဒီပစ္စည်းတွေပါနေတယ်ဗျ” “ ကျွန်မကြောက်လို့ပါ” “ ခက်တော့တာပဲ... ခင်ဗျားဒီကုန်ကူးနေတာ ဘယ်လောက်ကြာပြီလဲ”
“အခုပါနဲ့ သုံးခေါက်ပဲ ရှိပါသေးတယ်ရှင့်”
“ခင်ဗျားက ကုန်းကူးတာ သုံးခေါက်ပဲရှိသေးတော့ ဒီတစ်ခါတော့ ရှိစေတော့။ နောက်တွေ့ရင် မညှာနိုင်တော့ဘူးနော်”
“ဟုတ်ကဲ့ နောက် ကျွန်မ မလုပ်တော့ပါဘူး”

ဖေဖေဟာ ပြောဆိုပြီး ရှေ့ ပိုင်းတွေကိုဆက်စစ်ပြီး ကြားဘူတာဖြစ်တဲ့ ဒလန့်ချွန်ဘူတာလေးမှာ ဆင်းကျန်ရစ်တော့တယ်။ မေမေက သူ့ဘေးကထိုင်နေတဲ့ ဒေါ်မြကိုပြောပြမိတယ်။

“ဘုရားမလို့သာပေါ့။ နို့မို့ဆိုရင်တော့ တက်လည်းပျောက်၊ လှေလည်းမှောက်ပဲ ဒေါ်မြရေ။ ဒီထန်းလျက်ကို တောင်တွင်း၊ ကန်ပေါ်ကျောင်း၊ ခရုဆေးလိပ်ခုံလမ်းတစ်လမ်းတည်းနေတဲ့ ဒေါ်သိန်းရှင်ဆီက နေ့ပြန်သွင်းနဲ့ငွေးချေးယူပြီး တစ်နိုင်ထန်းလျက်ဝယ်ရောင်းတာပါတော်။ အဖမ်းထိသွားရင် မတွေးဝံ့စရာကြီးပါတော်။ သဘောထားပြည့်ဝတဲ့ လူသူတော်ကောင်းနဲ့တွေ့ပေလို့သာ”
“ဟဲ့ ခင်ဝေ... ဒီဆရာကဒီလိုင်းကို ရောက်လာတာမကြာသေးဘူးဟဲ့။ သဘောကောင်းတယ်။ အရင်ကုန်စစ်နဲ့ကတော့ကွာပါ့အေ။ အရင်လူက အကုန်ဖမ်းပဲ။ နည်းနည်းများများ။ ငိုယိုတောင်းပန်ခြေဖက်တောင်းပန်တာတောင် ခြေနဲ့ကန်ထုတ်ပစ်တာ။ ဒီဆရာက...“
”ဟုတ်တယ်နော် ဒေါ်မြ။ သူကြည့်ရတာ မျက်နှာလေးက ပြုံးနေတာပဲ။ လေးစားဖို့ကောင်းလိုက်တာ”
“ဟဲ့ ကောင်မ လေးစားရုံပဲ လေးစားပါတော်။ ဒီထက်ပိုသွားရင်”
“ဒေါ်မြကလည်း စာနာသနားတတ်ပုံကိုပြောတာပါ”

ဖေဖေနဲ့မေမေဟာ မှောင်ခိုခေတ်ကြီးထဲမှာပဲ လက်ထပ်ပြီးအိပ်ထောင်ပြုလိုက်ကြတယ်။ ဖေဖေဟာ သူထမ်းဆောင်နေတဲ့ မီးရထားဌာနကနေ ထွက်လိုက်တော့တယ်။ ဒီအချိန်မှာ ဖေဖေဟာ လုံးချင်းဝတ္ထုရှည်ကြီးတွေထွက်နေပြီလေ။ စာပေလောကတစ်ခုလုံး ဖေဖေ့ရသဝတ္ထုလုံးချင်း စာအုပ်တွေဟာ တစ်အုပ်ဆိုတစ်အုပ် ပြောစမှတ်ပြုခံရပါတယ်။ ဆရာအောင်လင်းဆိုရင် ရင်ဘတ်ချင်းအပ်၊ ပခုံးကိုပုတ်ပြီး “ ညီလေး မင်းခေတ် မင်းခေတ်ကွလို့” အသိအမှတ် ပြုခံရပါတယ်။

ဖေဖေဟာ မီးရထားဌာနကထွက်ပြီး မေမေ့ကိုခေါ်ကာ သူ့ဇာတိဖြစ်တဲ့ တောင်ငူကျွန်းကုန်းကိုပြန်ခဲ့တယ်။ ဒါပေမယ့် ကျွန်းကုန်းမှာ စာပေနယ်နဲ့ဝေးတာကြောင့် မြောက်ဥက္ကလာ ကျောက်ရေတွင်းကို ပြောင်းလာကြတယ်။ ဖေဖေ့အစ်မတစ်ဝမ်းကွဲ ဒေါ်ခင်စီနဲ့ မလှမ်းမကမ်းမှာ မြေကွက်လေးဝယ်၊ တဲအိမ်လေးဆောက်၊ ဒေါ်ခင်စီက နေရာချပေးခဲ့ပါတယ်။ ဖေဖေ ဝန်ထမ်းဘဝနဲ့ စာမူခငွေပေါင်းပြီးဝယ်၊ လိုငွေကိုတော့ ဖေဖေ့အစ်မဒေါ်ခင်စီကစိုက်၊ နောက်မှ ဖြည်းဖြည်းချင်းပေးပေါ့။

ဖေဖေရောက်လာတဲ့ဒေသဟာ စိုက်ပျိုးရေး၊ အထူးသဖြင့် ပန်းမျိုးစုံစိုက်တဲ့သူချည်းပါပဲ။ နှင်းဆီပန်းကိုတော့ အထူးစိုက်ကြတယ်။ တချို့ ဧကနဲ့စိုက်တဲ့ နှင်းဆီခြံတွေဆို အလုပ်သမားနဲ့ ရေစက်နဲ့ ပိုက်တွေနဲ့ ရေလွှတ်တာမျိုး။ ကြီးကြီးကျယ်ကျယ် စီးပွားဖြစ်လုပ်ကိုင်နေသူတွေ များမှများ။ ဖေဖေကတော့ သူ့တစ်နိုင် နှင်းဆီခြံလေးကို သူ့လုပ်အားနဲ့ ပြုစုပျိုးထောင်ခဲ့တယ်။ မေမေဟာ ဖေဖေ့ခြံထွက် နှင်းဆီပန်းနဲ့ တခြားခြံထွက် စံပယ်ပန်းကိုယူပြီး စိန်ဂျွန်းဈေးမှာ နံနက်စောစော သွားပြီးရောင်းရတယ်။ သမီးကျောင်းပိတ်ရက်တွေ မေမေနဲ့ပန်းဈေးကို လိုက်သွားတယ်။ စိန်ဂျွန်းဈေးဟာ အဲဒီကာလက ရန်ကုန်မြို့ ရဲ့ အကြီးဆုံး မှောင်ခိုပစ္စည်းအမျိုးမျိုးရတဲ့၊ ရောင်းတဲ့ ဈေးကြီးပေါ့။

ဖေဖေ့နှင်းဆီခြံလေးကို ပန်းချီဦးဝသုန်နဲ့ ပန်းချီဦးညိုလှတို့ ရောက်လာတတ်ပါတယ်။ ညနေခင်း ဖေဖေဟာ ပန်းခြံရေလောင်းပြီးတာနဲ့ သူတို့နဲ့အတူ ကျောက်ရေတွင်း ဘီအီးဆိုင်လေးမှာ အချိန်ယူတတ်ပါတယ်။ တနင်္ဂနွေနေ့တွေမှာ အင်းစိန်မှာနေတဲ့ ဦးကြည်နိုင်ရောက်လာတတ်ပါတယ်။ တစ်ခါတလေပန်းချီဦးယဉ်မင်းပိုက်လည်း ပါလာတတ်ပါတယ်။ ဦးကြည်နိုင်နဲ့က ဖေဖေဟာ ညီအစ်ကိုအရင်းလိုချစ်ခင်ကြတာ။ ဦးကြည်နိုင်ဇနီးဒေါ်ရီကို မိန်းမခိုးတော့ ဖေဖေရယ်၊ စောင်းဦးသိန်းဝင်း၊ ဦးယဉ်ပိုက်တို့နဲ့အတူ ဦးကြည်နိုင်တို့ရဲ့ မိတ်ဆွေကြီး ကျောင်းဆရာ ဦးတင်ငွေရှိတဲ့ အင်းစိန်တစ်ဖက်ကမ်း ရွှေလင်ပန်းရွာလေးဆီ ခိုးသွားကြတယ်။

မိုးဝေကဗျာဆရာတွေထဲက ဖေဖေနဲ့အရင်နှီးဆုံး ကဗျာဆရာတွေဟာ ဆရာမောင်ရန်ပိုင်နဲ့ ဆရာအောင်ချိမ့်တို့ဖြစ်ပါတယ်။ တစ်နေ့ သာကေတရဲ့ မြောက်ဘက်ကြည်စုရွာလေးက စာပေလူငယ်တစ်စု စာပေဟောပြောပွဲကျင်းပဖို့ စာရေးဆရာတွေကို ဖိတ်ပါတယ်။ ဆရာအီကြာကွေးရယ်၊ ဦးမြတ်လွန်းနဲ့ ဖေဖေတို့သုံးယောက်ပေါ့။ ကြည်စုရွာလေးရဲ့ ရွာဦးဘုန်းကြီးကျောင်းဝင်းထဲမှာ ဖေဖေဟောရတဲ့ခေါင်းစဉ်က “ဘာကြောင့် မသိန်းရှင်..မသိန်းရှင်ဆီပို့ပေးပါ ဝတ္ထုထဲက မှောင်ခိုခေတ်ကြီးဘဝလှိုင်းတံပိုးအောက် ရောက်ခဲ့ရတဲ့ဇာတ်ကောင်ညိုညိုရဲ့ ကြေကွဲဖွယ်၊ လွမ်းမောဖွယ်ဘဝတွေ။ ဟောပြောပွဲကို ဦးကြည်နိုင်တို့ ပုပ္ပားကိုကိုဇော်တို့လည်း လိုက်ပါနားထောင်ကြသတဲ့။

ပြည်သူ့ကြယ် ဂျာနယ်စာမျက်နှာကနေ ဖေဖေရဲ့ “အချစ်ည” ဝတ္ထုကို ဆရာထက်မြက်က ဝေဖန်လိုက်တယ်။ ဖေဖေဟာ သူ့ “အချစ်ည” ဝတ္ထုဘက်က ပြန်လည်ချေပရေးခဲ့တယ်။။ နောင် ဆရာထက်မြက်နဲ့ ဖေဖေဟာ တရုတ်ပြည်သူရဲကောင်း “အိုယဉ်ဟိုင်ရဲ့ တေးသံ” ကို အတူတကွပူးတွဲဘာသာပြန်လိုက်ကြတယ်။ ဝေဖန်ရေးညီညွှတ်ရေးတွေ ကြည်နူးစရာကောင်းတဲ့ဖြစ်စဉ်တွေပါပဲ။

သမီး စပယ်နိုင်လေး
သမီးလေး
ဖေဖေ့သမီး စံပယ်နိုင်လေး၊ ဖေဖေ့ကိုယ်ပွားလေး။
သမီးဖေဖေက သမီးကို သိပ်ချစ်ရှာတာတဲ့။ ဝေ ကိုယ်တို့သမီးလေးကို ကြည့်ပါဦး။ အမေနဲ့တူလို့။ တောက်ပတဲ့မျက်လုံးနဲ့ကြည့်နေရင်း ဖေဖေပြောတတ်သတဲ့။

မေမေဟာ ဖေဖေမရှိတော့တဲ့နောက်နှင်းဆီခြံလေးကို ရောင်းပြီး မေမေ့အစ်မကြီးကြီးဒေါ်ခင်မေတို့နေတဲ့ အင်းစိန် ဖော့ကန်ရပ်ကွပ်လေးကို ပြောင်းခဲ့ကြတယ်။ ကြီးကြီးမေဟာလည်း မုဆိုးမ၊ သားတစ်ယောက်ရှိတာကလည်း စစ်ထဲပါသွားတာပြန်မလာတော့။ မေမေနဲ့သမီးလာနေတော့ ဝမ်းသာတာပေါ့။ မေမေဟာ သူရောင်းနေကျပန်းကိုပဲ စိန်ဂျွန်းဈေးမှာရောင်းမြဲ။
မေမေဟာ ဖော့ကန်ရပ်ကွက်လေးရောက်ပြီးလို့ တစ်နှစ်လောက်အကြာမှာ သူ့ရောဂါဟောင်းဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ဆုံးသွားရှာတယ်။ မေမေဆုံးသွားတော့ မြောက်ဥက္ကလာမှာနေတဲ့ ကြီးကြီးမေတို့ မေမေတို့နဲ့ သွေးသားမကင်းရပ်ဆွေရပ်မျိုး ဒေါ်ညိုညို ကြီးကြီးညိုဟာ မေမေ့ရက်လည်ဆွမ်းကျွေးတဲ့နေ့ နောက်မပြန်တော့ဘဲ ကျွန်မကိုပြောပါတယ်။ “သမီး စပယ်နိုင်လေး ကြီးကြီးညို မပြန်တော့ဘူး။ သမီးတို့နဲ့ပဲ ကြီးကြီးညိုခေါင်းချတဲ့အထိ နေသွားတော့မယ်”
ကြီးကြီးညို မြောက်ဥက္ကလာမှာ ဆွေမျိုးသားချင်းဆိုလို့ တစ်ယောက်မှမရှိ။ “ နေပေါ့ ကြီးကြီးရယ်၊ သမီးဝမ်းသာတာပေါ့” ဝမ်းသာလွန်းလို့ ကျွန်မ မျက်ရည်တောင်လည်ခဲ့ရတယ်။
မေမေရဲ့ လက်ငုတ်လက်ရင်း ပန်းဈေးမှာ ပန်းရောင်းနေခဲ့တယ်။ ဒီလိုနဲ့ ကျွန်မတို့နေတဲ့ ရပ်ကွက်လေး ကျူးကျော်ရပ်ကွက်ထဲပါလို့ အဖျက်ခံရပြီး ရွှေပြည်သာမြို့သစ်မှာ ပေ၂၀ ပေ၆၀ ၊ မြေတစ်ကွက်ပေါ်အိမ်လေးဆောက်၊ ကြီးကြီးညိုရယ်၊ သမီးရယ် နေကြတာပေါ့။ မြို့သစ်ဆိုတော့ လမ်းတွေကမကောင်း၊ အသွားအလာကခက်၊ လုံခြုံမှုကလည်း သိပ်မကောင်း၊ ဒီလိုနဲ့ ကျွန်မ မြန်မာမုန့်စုံနဲ့ ဒိန်ချဉ်ရောင်း။ မြို့သစ်ကနေ ရထားနဲ့သမိုင်းတို့ အုတ်ကျင်းတို့ မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရောင်းရပါတယ်။ နှစ်နှစ်ကျော်ကျော်လောက်မှာ ကိုစစ်နိုင်နဲ့တွေပြီး အိမ်ထောင်ပြုလိုက်ပါတယ်။ ကိုစစ်နိုင်အဖေနဲ့ ကျွန်မဖေဖေတို့ဟာ သိဟောင်းကျွမ်းဟောင်းတွေပေါ့။ သူ့အဖေကလည်း စာပေသမား။ ကိုစစ်နိုင်က ဆေးဆိုးပန်းရိုက် အလုပ်လုပ်ပါတယ်။ သူနဲ့အိမ်ထောင်ကျပြီး သမီးတစ်ယောက်တောင် ကျွန်မတို့ရပါပြီ။ ဖေဖေသာ ရှိရင် သူ့မြေးမလေးကိုချစ်ရှာမှာပါ။

ပြောကြတယ်လေ။ သေသောသူကြာရင်မေ့ဆိုပေမယ့် ကျွန်မ ဖေဖေ့ကို တစ်နေ့မှမမေ့ပါ။ “ဓါးဝတ္ထုကြီးရေးခဲ့သူ စာရေးဆရာကြီးမင်းဆွေ”ကလည်း ယနေ့အထိပျောက်ဆုံးသွားခဲ့တာရှိတာပဲ။ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီလေ။

မိုးအကုန် ဆောင်းအကူးညတစ်ည၊ ကျွန်မ တိမ်တိုက်တွေ နှင်းမှုန်တွေလွင့်နေတဲ့ နှင်းပင်လယ်ကြီးထဲမှာ မျောနေမိတယ်။ တိမ်တိုက်တွေ နှင်းမှုန်နှင်းပွင့်တွေအောက်မှာ တောင်တန်းကြီးတွေ၊ နက်ရှိုင်းလှတဲ့ ချေက်ကမ္ဘားကြီးတွေ၊ ထူထပ်သိပ်သည်းနေတဲ့နှင်းထုကြီးထဲကခေါ်သံ “သမီး စပယ်နိုင်လေး...” ဖေဖေ့အသံ ဟုတ်ပါတယ်။ နှင်းမှုန်နှင်းထုလွှာထဲက ထွက်ပေါ်လာတဲ့ ဖေဖေ့အပြုံးမျက်နှာ...“ဖေဖေရယ် သမီးတို့ဆီ ဘာလို့ပြန်မလာတာလဲဟင်” “ သမီး... ဖေဖေ ဝတ္ထုရှည်ကြီးတစ်ပုဒ်ရေးနေတာ ပြီးတော့မယ်။ ပြီးရင် ဖေဖေပြန်လာခဲ့မှာပါ” “ ဖေဖေ့ ဝတ္ထှုရှည်ကြီးက ဘာတဲ့လဲဟင်” “ နှင်းသောက်တဲ့နွေ” လို့ နာမည်ပေးထားတယ် သမီးရဲ့”
“သမီး... ကလေးတစ်ယောက်ရပြီ။ အဖေ...အဖေ့မြေးမလေးကို နာမည်ပေးပါဦး ဖေဖေရယ်” “ အေး ပေးရမှာပေါ့” “ မြစံပယ်ရုံ” “ မြစံပယ်ရုံ...မြစံပယ်ရုံတဲ့”

နွေတစ်ညသည် အမှန်ပင် ရောက်ရှိလာတော့မည်။ နေ့ပေါင်းများစွာ ညပေါင်းများစွာ နွေတညမှာပင် တည်နေတော့မည်။ ။

နီဟိန်း


1 comment:

  1. အစ်ကို..
    နီဟိန်းက ဆရာနိုင်ဝင်းဆွေ သမီး မဟုတ်ပါ...။ သမီးအနေနဲ့ ခံစားရေးထားတာပါ။ နီဟိန်းက စာရေးဆရာကြီးတယောက်ပါ။

    ReplyDelete