February 03, 2010

မသိန်းရှင်ဆီပို့ ပေးပါ


(၃)
၁၉၆၃
နောက်ပိုင်းရက်များ၌ သူ့ကို တွေ့မြင်နေကျ နေရာ၌ပင် တွေ့ရသည်။
သူသည် ဦးကောင်းဇုံဆိုင်ရှေ့ ထိုင်ခုံမှလှမ်းပြီး ကျနော့်ကို ကြည့်နေတတ်သည်။ နံနက် မှုံမှုံဝါးဝါး၌ သူ့ မျက်နှာပေါ်တွင် အပြုံးရိပ်များသန်းနေသည်။ရထားပေါ်သို့ ရောက်လျှင်မူ သူသည် အခါတိုင်းကလို ကျနော့်ကို တွဲဝတွင် စောင့်မနေဘဲ ကျနော် သူရှိရာတွဲသို့ ပြောင်းလာသည်နှင့်တပြိုင်နက်တည်း ခရီးသည်များရှိရာသို့ ရှောင်တိမ်းသွားတော့သည်။
ကျနော်သည် တွဲဝတွင် ရပ်ကျန်နေခဲ့ရင်း မကျေမနပ်ဖြင့်ပြုံးနေရသည်။ သူသည် ခရီးသည် အများကြားမှ လှမ်းပြီး ကျနော့်ကို မျက်လုံး စွေကြည့်နေတတ်၏။ ကျနော် မျက်လုံးမှိတ်ပြလိုက်လျှင် သူ့ မျက်နှာကို ဆတ်ကနဲ တဖက်သို့လှည့်သွားသည်။
ရထားပေါ်မှ အဆင်းတွင်လည်း သူသည် လူအများနှင့်ရောနှောကာ သုတ်သုတ်ဆင်းသွားသည်။ ခပ်လှမ်းလှမ်းရောက်မှ မသိမသာ ပြုံးပြသွားသည်။
သူ့ကို နှစ်ယောက်ချင်း စကားပြောခွင့်ရရန် ဖန်တီး၍မရ။ ထိုသို့ စကားပြောခွင့်ရရန်လည်း ကျနော်သည် မကျိုးစားချင်။ အဝေးမှမြင်ကာ ချစ်နေရသည့် အချစ်စိတ်မှာ ကြည်နူးစရာ အဆုံးအစမရှိဟု ထင်ရသည်။
တခါတရံတွင်သာ ကျနော်သည် သူ နှင့် လူချင်း ကပ်အရှောင်၌ “ချစ်တယ်” ဟု တိုးတိုးပြောသွားမိသည်။
ကျနော် ထိုသို့ပြောသွားတိုင်း သူ့ မျက်နှာတပြင်လုံး ထူပိန်းသွားစဉ်တွင် သူ့ မျက်နှာကလေးမှာ ပို၍ငြိတွယ်ဖွယ်ရာ လှလာသည်ဟု ထင်ရသည်။
ကျနော် သူ့ အနားတွင် ထိုင်သည့်အခါများတွင်လည်း မျက်နှာမှာ ထိုကဲ့သို့ ထူပိန်းနီမြန်း နေတတ်သည်။
များသောအားဖြင့် ညနေဖက် ရထားအပြန်တွင် ခရီးသည်များ နည်းပါးနေသည့် နေ့တွင် ကျနော်သည် သူ့အနား နေရာလွန်တွင် သွားထိုင်သည်။

ရွှေပန်းပင်သို့ရောက်လျှင် တနေ့တာ ငွေစာရင်းများ လုပ်၍ ကျနော်သည် သူ့တွဲသို့ ကူးသွားသည်။
ကျနော်အနားရောက်လာလျှင် သူသည် ကျနော့်ကို မကြည့်ဘဲ မျက်နှာကို ပြတင်းဝဖက်သို့ လှည့်ထားလိုက်သည်။
ကျနော်သည် သူနှင့် ကျနော့် ကြား၌ စာအုပ်များကိုပစ်ချလိုက်၏။ လည်စည်းဖြုတ်ကာ ခေါက်သိမ်းနေရင်း သူ့ ကို မသိမသာ စောင်းငဲ့ကြည့်လိုက်သည်။ နီရဲကာ ရှက်စိတ်၊ ရင်ခုန်စိတ်ဖြင့် ထူအန်းနေသော သူ့ မျက်နှာ ကလေးမှာ ကျနော့် စိတ်တွင် အစွမ်းကုန် လှလာနေသည်။ သူ့ မျက်နှာပြင်ပေါ် ဆံပင်နုကလေးများသည် ဝဲနေ၏။ အပြင်ဖက်သို့ လှမ်းကြည့်နေသော သူ့ မျက်လုံးများမှာ တောက်ပနေသည်။ သူ့ပါးများသည် မို့ကြွနေ၏။ ညနေဆည်းဆာနေခြည်ကြောင့် သူ့ မျက်နှာမှာ ပို၍ ဝင်းပနေသည်။
သူ့ ကို ကျနော်ကလည်း နှုတ်မဆက်။ သူကလည်း လှည့်၍ပင် မကြည့်။
တခါတရံတွင် မြို့လုင်သို့ရောက်ပြီး သူဆင်းသွားသည် အထိ စကားတလုံးမျှ မပြောမိကြ။
ထိုသို့ စကားမပြောနေခြင်းသည်ပင် တမျိုးစိတ်ကြည်နူးဖွယ်ရာ ဖြစ်နေပြန်သည်။ သူ့ ရင်ခုန်သံများကို ကြားနေရသည်-ဟုထင်ရသည်။ သူ့ ရင်ထဲမှ စိတ်နှလုံးသားများနှင့် ကျနော့် ရင်ထဲမှ ချစ်စိတ်များသည် တသွေးတည်း ရောစပ် သွားသဖြင့် တယောက်ကို တယောက် စကားတလုံးမျှ ပြောနေရန်လည်း မလိုအပ်၊ ပြောနေကြခြင်းသည်ပင် အပိုအလုပ်ဟု ထင်လာမိသည်။ ရင်ထဲ၌ ဖြစ်ပေါ်ခံစားနေရမှုတို့မှာ စကားလုံးပေါင်း အသိန်း အသန်းဖြင့် ဖေါ်ပြ၍ပင် ရနိုင်မည် မဟုတ်ဟု ထင်နေမိပြန်သည်။
ရံဖန်ရံခါ၌မူ သူနှင့် ကျနော်သည် ဟိုဖက်ခုံ သည်ဖက်ခုံ မျက်နှာချင်းဆုံနေမိကြ၏။
နှစ်ဦးစလုံး ရထားပြတင်းဝမှ အပြင်သို့ ငေးကြည့်မိကြသည်။
ကျနော်သည် သူ စကားပြောလာစေရန် နောက်ပြောင်နေမိပြန်သည်။
သူသည် ကျနော် စကားပြောနေသည်တို့ကို နားမထောင်ကြောင်း ပြရန် လက်ကိုင်ပုဝါဖြင့် နားကို မသိမသာ ပိတ်ထားသည်။ ရှက်စိတ်ကြောင့် ထူပိန်းနေသော သူ့မျက်နှာပေါ်တွင်ကား ကြည်နူးမှုများ ပြည့်လျှမ်းနေသည့် အပြုံးရိပ်များ ထင်နေပြန်သည်။ မျက်နှာကို တည်တည် တင်းတင်း ထားနေသော်လည်း သူ့ နှုတ်ခမ်းများပေါ်တွင် အပြုံးများ ဝေ့လာနေသည်။ နှုတ်ခမ်းများသည် တင်းထားးပါလျက်နှင့် အပေါ်သို့တွန့်သွားနေသည်။

“အဲတာ ကိုတကယ်ပြောတာ” ဟု ကျနော်သည်လည်း အသံကို မြှင့်ပြီး ပြောနေသည်။
“ကို မိန်းမယူရင် ကို တကယ်ကိုချစ်တဲ့ မိန်းမမှယူမှာ၊ လှလဲလှရမယ်၊ ကိုယ့်ထက်လဲ ငယ်ရမယ်၊ ပြုံးချင်တာတောင် မပြုံးဘဲနေနိုင်ရမယ်၊ ခပ်တည်တည် နေတတ်ရမယ်....”
“ဒါပေမယ့် ယူပီးရင်တော့ရည်းစားဘဝတုန်းကကို့ ကိုမခေါ်ချင်သလိုလို မပြောချင်သလိုလိုနေတာတို့၊ ကိုယ့်ကိုချစ်တယ်လို့မပြောတာတို့၊ ကိုလာရင် လူကြားထဲ ရှောင်ပြေးနေတာတို့ မေးမေးပီး ရိုက်ရမယ်၊ တနေ့ကို တနေ့ကို နားရင်း သုံးခါလောက်အုပ်မယ်၊ အိပ်ယာဝင် တခါအိပ်ရာထ တခါ ထမင်းစားပီးတခါ....၊ ကို စကားပြောတာကို မကြားချင်ယောင် ဆောင်နေတာတို့၊ နားကို လက်ကိုင်ပုဝါနဲ့ ပိတ်ထားတာတို့၊ ကို့ မြင်ရင် ရှောင်သွားတာတို့၊ အဲဒီမိန်းမမျိုးဟာ မိန်းမယုတ်ခေါ်တယ်၊ ဟတ္ထုနိဆိုတာ အဲဒီမိန်းမမျိုးကို ခေါ်တာ၊ ကို အနားလာတာနဲ့ သူ့ အသားကြွေသွားမှာ စိုးတယ်ထင်တယ်....
“ကို ယူမယ့်မိန်းမဟာ မျက်နှာဝိုင်းဝိုင်းကလေး ဖြစ်ရမယ်၊ အသားဖြူရမယ်၊ ကဲ...စကားပြန်ပြောရင်ပြော...မပြောရင်အော်ပြောလိုက်တော့မယ်”

ကျနော်သည် သူ့ ကို မျက်တောင်မခတ် စိုက်ကြည့်နေရင်း ခပ်တိုးတိုး နှစ်ခြိုက်စွာရယ်နေမိသည်။ ရထား ခုတ်မောင်းနေသံနှင့် ခပ်ဝေးဝေးမှ ခရီးသည်တစု ကျယ်လောင်စွာ ရယ်မောနေကြသံများသည် ကျနော့် အသံအပေါ်၌ ဖုံးလွှမ်းသွားနေသည်။
သူသည် နားမှ လက်ကိုင်ပုဝါကို ဖယ်လိုက်ပြီး ကျနော့် ကို မျက်စောင်းတချက် ထိုးကြည့်နေသည်။

“အော်ပြောလိုက်ပေါ့” ဟု ပြောနေပြန်သည်။
ကျနော်သည် မျက်နှာကို ပြတင်းဝဖက်သို့ တိုးကပ်လိုက်သည်။
“ချစ်တယ်ကွယ်... မင်းက သိပ်လှလာတာဘဲ၊ တနေ့ထက် တနေ့ လှလာတယ်၊ ကို ကြည့်ရတာ မောနေတာဘဲ”

သူသည် ပြတင်းဝမှ မျက်နှာကို ဆတ်ကနဲခွာလိုက်သည်။ ကျနော်နှင့် ဝေးသွားစေရန် သူ့ ထိုင်ခုံနောက်မှီ အပေါ်သို့ ကျောကို မှီလိုက်သည်။ ခေါင်းကို ခပ်မော့မော့ မှီထားလိုက်သည်။ ထိုအခါတွင်ကား သူ၏ နေဟန်မှာ ပို၍ ကြော့ရော့လာသည်။ သူ့ အလှသည် ပန်းပုရုပ်တုကလေး တခုနှင့် တူလာနေသည်။ ဆည်းဆာနေခြည်ဖြင့် သူ့ မျက်နှာမှာ ရွှေဝါရောင်ဝါလာသည်။
သူ ကြားလောက်အောင် စကားပြောခွင့် မရသောအခါတွင် ကျနော်သည် ပျော်ရွှင်လာနေမိပြန်သည်။
ကျနော်သည် မျက်နှာကိုသူ့ ဖက်သို့ လှည့်လိုက်ပြီး နှုတ်ခမ်းလှုပ်ပြသည့်နည်းဖြင့် သူ့ ကို“ချစ်တယ်...ချစ်တယ်”ဟု ပြောနေသည်။
သူသည် ကျနော့် နှုတ်ခမ်းများ လှုပ်ပုံကို မျက်မှောင်ကြုတ်ကြည့်နေသည်။ နဖူးကြောများရှုံ့ကာ ကျနော် ပြောနေသည့် စကားလုံးများကို လိုက်လံဖမ်းဆီးကြည့်သည်။ ကျနော် ပါးစပ်လှုပ်သည့်အတိုင်း လိုက်လှုပ်ကြည့်ပြီး သူသည် သဘောပေါက်လာကာ ပါးစပ်ကို လက်ကိုင်ပုဝါနှင့် ဆို့ကာ ရယ်နေခဲ့သည်။
အတန်ကြာမှ သူသည်အိနြေ္ဒဆယ်ကာ မျက်နှာကို တည်တည်ထားလိုက်ပြန်သည်။
သူ၏ အပြုအမူ ဓလေ့စရိုက်ကလေးများမှာ စွဲငြိဖွယ်ရာပင်။
တနေ့ကုန်ကျွမ်းသွားပြီး ညပိုင်း အနားယူချိန်၌ အိမ်သို့ ပြန်ရောက်လျှင် ကျနော်သည် အိပ်ယာထက်၌ သူ၏ မြတ်နိုးဖွယ်ရာ ငြိတွယ်ဖွယ်ရာ အပြုအမူကလေးများကို ဆုံးစမထင် သတိရနေမိသည်။ ကျနော်ကား သူနှင့် အိမ်ထောင်သည်ဘဝ ရောက်ရမည့် ရက်များကို စိတ်ကူးယဉ်နေရသည်။ သူနှင့် မည်ကဲ့သို့နည်းလမ်းဖြင့် အိမ်ထောင်သည်ဘဝရောက်အောင် ဖန်တည်းရမည်ကို အရင်းအတိုင်း ဆန်းစစ်မိသည့် အခါများတွင်မူ စိတ်မောလာမိကာ ထိုအတွေးတို့ကို ဖျောက်ဖျက် ရသည်။ သူသည်လည်း သူ့ မိသားစုကို ကျွေးမွေးရန် တာဝန် ထမ်းဆောင်နေရသူ...ကျနော်လည်း အဝေးရှိ ကျနော့် မိသားစုအတွက် တာဝန်ထမ်းဆောင်နေရသူ....စသည့် အမှန်တရားများကို သုံးသပ်မိလျှင် စိတ်၌ လေးလံကာ ပင်ပန်းလာသည်။
သူနှင့် ကျနော့်ကြား၌ တွယ်တာစိတ် သံယောဇဉ်ကြိုးများသည်လည်း တချိန်ထက်တချိန် ပို၍ တင်းကျပ် ခိုင်မြဲလာနေသည်မှာ ...တစထက်တစ အားကြီးလာသော ရေအလျဉ်နှင့်တူပေသည်။
နောက်ပိုင်းရက်များ၌ သူကပင် ပြန်၍ စကားပြောခွင့်ရရန် ဖန်တီးပေနေပြန်သည်။
ညနေပိုင်းတွင် အပြန်၌ မြို့သစ်မှ ရထားထွက်လာခဲ့သောအခါသူသည် လူစီးတွဲအဆင်း အိမ်သာနံဘေးရှိ အပေါက်ဝတွင် တယောက်တည်း ထွက်ရပ်လာတတ်သည်။
ကျနော်သည်လည်း သူ့ အနားသို့ မယောင်မလည် လျှောက်သွားကာ သူ့ ကျောဖက်မှ ကာဆီးရပ်လိုက်သည်။
သူသည် ကျနော် ရောက်လာနေပြီကို သိသော်လည်း မသိချင်ယောင် ဆောင်နေပြန်သည်။
မှောင်ရီဆိုင်းစ အလင်းရောင်များ ဖျော့မှိန် သွားချိနတွင် ကျနော်သည် သူ့ ကျောဖက်မှ အတန်ကြာမျှ မလှုပ်မရှား ငြိမ်သက်ရပ်နေခဲ့သည်။ သူနှင့် ကျနော်နှစ်ယောက်တည်း စကြာဝဠာအပြင်ဖက်သို့ ရောက်နေသလိုလည်း စိတ်၌ ထင်နေခဲ့ပြန်သည်။ ရင်ထဲ၌ နွေးနေသည်။ သူ့ရင်ခုန်သံကိုလည်း ကြားနေရသည် ထင်သည်။
သူသည် အညာ လယ်ကွင်းများကို ငေးကြည့် နေခဲ့၏။ မိုးနှောင်းပိုင်း မိုးမှုန် မိုးဖွဲ့ကလေးများသည် လေနှင့်အတူပါလာကြကာ ကျနော်တို့ နှစ်ယေက်စလုံးကို လာ၍ စဉ်နေခဲ့၏။ ကျနော်သည် အသက်ကို မျှင်း ရှူနေမိသည်။
ပုလင်းတန်တားရှည်ကြီးကို ရထား ဖြတ်ကျော် ခုတ်မောင်းနေစဉ်တွင် ကျနော်သည် သူ့ ဂုတ်ပိုးစကို နောက်ဖက်မှ ငုံ့ကာ မထိတထိ နမ်းနေလိုက်သည်။
ပုလင်းချောင်းထဲ၌ မိုးနှောင်းရေများသည် တန်တားတိုင်များကို ညင်သာစွာ ဝေ့ပတ်အိဆင်းနေ၏။ ကျနော်သည် သူ့ ပခုံးနှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
“ချစ် တယ် ကွယ်....ချစ် တယ်....၊ မင်း ကို့ ကို ချစ် တယ် မှုတ်လား၊ ချစ်ပါတယ်၊ ချစ်ရမယ်”
ကျနော်သည် ခပ်တိုးတိုးပြောနေမိသည်။
သူသည် ရုန်းကန်လိုက်ပြီး ကျနော့် ဖက်သို့ ပြန်လှည့်ကြည့်နေ၏။ ကျနော် သူ့ ကို ထပ်၍ ပွေ့ဖက် လိုက်လျှင် သူသည် ရှက်ရှက်ဖြင့် ဂမူး ရှူးထိုး ရုန်းကန်သည်။
“လွှတ်...လွှတ်....လွှတ်ပါ”ဟု အသံတုန်တုန်ဖြင့် ပြောနေသည်။
သူ့ ရင်ခုန်သံများကို အတိုင်းသားကြားနေရသည်။
သူရုန်းကန်လွန်းမက ရုန်းကန်သဖြင့် ကျနော်သည် ပွေ့ထားရာမှ ဖြေလွှတ်လိုက်၏။ သူ့ ရှေ့မှ ပိတ်ကာ တားဆီးထားမြဲထားသည်။
သူသည် ကယောင်ကတမ်းဖြင့် သူ့ လက်တဖက်ကို လိပ်တင်နေသည်။ သူ့ ကို ကျနော် စော်ကားသည်ဟု အတွေးဟောင်းပြန်ပေါ်လာနေပြန်သည်။

“ဒီလိုမလုပ်ရဘူး၊ တကယ်ချစ်ရင် ဒီလိုမလုပ်ရဘူး ဆိုတာသိရဲ့ လား၊ ဒါက လက်မှတ်စစ်က အနိုင်ကျင့်တာ ဖြစ်နေမှာပေါ့၊ သေသေချာချာ စဉ်းစားနော်”

ပြောရင်း သူ့အသံမှာ ပို၍ တုန်လာနေသည်။
သူ့ မျက်လုံးပေါ်၌ မျက်ရည်များ ပြည့်လာနေပြန်သည်။
ကျနော့်မျက်နှာမှာလည်း မပြုံးနိုင်တော့ပေ။ သူ့ စကားများသည် စူးရှပြင်းထန်စွာ လှိမ့်ပြေးလာပြီး ကျနော့် နှလုံးအိမ်ကို လာရောက် ထိခိုက် သွားနေပြန်သည်။

“မဟုတ်ဘူး...မဟုတ်ဘူး” ၍သာ ကျနော်သည် ပြောနေမိ၏။
“နောက် ဘယ်တော့မှ ဒါမျိုးမလုပ်ပါနဲ့...ဖယ်”

သူသည် ရုတ်တရက် ကျနော့် ကို ဆောင့်တွန်းပြီး ကျနော်ငေးနေစဉ်၌ အိမ်သာများဖက်သို့ လျှောက်သွားသည်။ ကျနော်နှင့် လွတ်သွားမှ ချာကနဲ နောက်ပြန် လှည့်လိုက်သည်။
သူနှင့် ကျနော်သည် မျက်နှာချင်းဆိုင်နေကာ တယောက်ကို တယောက် ကြည့်နေမိသည်။ သူ့ မျက်နှာပေါ်မှ အရှိန်များသည် ပျယ်လိုက်လာနေသည်။ သူ့ မျက်နှာပေါ်တွင် တဖြည်းဖြည်း အပြုံးရိပ် အပြုံးငွေ့များ သန်းလာနေသည်။
“သူ....သူ သိပ်ဆိုးတာ”
သူက ကျနော် ကြားသာရုံ လှမ်းပြောပြီး ပီသစွာ ပြုံးလေသည်။ ခပ်ဖြည်းဖြည်း ပြန်လှည့်သည်။ ခရီးသည်များ ရှိရာသို့ လျှောက်သွားနေသည်။

(၄)
၁၉၆၄.....
ကျနော်သည်လည်း တီဘီစီအဖြစ်ဖြင့် လက်မှတ် စစ်ဆေး၊ ကုန်များကို တန်ဆာလုပ်၊ ထိုနေ့ စဉ် လုပ်ရိုးလုပ်စဉ်ကလေးများ အတိုင်းသာမဟုတ်တော့ပေ။ အထွေထွေ တားမြစ်ကုန်များကို ရှာဖွေဖမ်းဆီးရသည့် ထာဝန်များ ထမ်းဆောင်လာခဲ့ရပြန်ပြီ။

ကျနော်သည် ဂါတ်ဗိုလ် အလဲလဲနှင့် တွဲဖက်ကာ တာဝန်ထမ်းဆောင်နေ၏။ ဂါတ်ဗိုလ် ကိုစံရီနှင့်သော်လည်းကောင်း မြအုံးနှင့်သော်လည်းကောင်း ချစ်ဆွေနှင့်သော်လည်းကောင်း တွဲဖက်ရသည့် နေ့များတွင်ကား ဂါတ်တွဲ ထဲတွင် အရက်နံ့များ တထောင်းထောင်း နံနေတော့သည်။
ကိုစံရီပါလာသည့် ရက်များတွင် အချိန်များမှာ ပျော်ရွှင်မြူးထူးစွာ ဖြတ်သန်း ကုန်ခန်းသွားနေသည် ထင်ရသည်။

“ဟေ့ ရင်မောင်ရ...အမှန်မှာ ဒို့ဟာ မျောက်သုံးကောင် မီးခြစ်ထဲကလို နေသင့်တာကွာ၊ မျောက်သုံးကောင်မီးခြစ် မြင်ဘူးသလား၊ ဘယ်မြင်ဘူးမလဲကွ၊ အဲဒီတုန်းကု မင်းဆို ငချွတ်ကလေးရှိအုံးမှာ၊ မီးခြစ်ထဲက မျောက်သုံးကောင်လိုပေါ့ကွာ၊ မျက်စိပိတ်တဲ့ အကောင်ကပိတ်၊ နားပိတ်တဲ့ အကောင်ကပိတ်၊ ပါးစပ်ပိတ်တဲ့ အကောင်ပိတ်၊ ဒီလိုမှုတ်လားကွ ရင်မောင်....ဒို့ ဒီလိုနေသင့်တာ မှုတ်လားကွ။ အိုင်ဆေး ...ဝှတ် ( တ ) ယူနိုး.....”
“ဗမာလိုပြောပါဗျာ”
“ငါနဲနဲမူးနေလို့ကွာ၊ အိုင်ဝမ့် ( တ )တူဆေး ဘိုင်အင်္ဂလိခ်ျ”

သူသည် “ကန့် (တ ) ယူနိုး...ကန့် (တ) ယူနိုး”နှင့် ရေရွတ်နေရင်း ဇက်ကျိုးကျလာသည်။ ရထား ဆောင့်လိုက်သဖြင့် သူ့ကိုယ်မှာ ကျနော့် အပေါ်သို့ လှဲမှီလိုက်ပြီးသား ဖြစ်နေသည်။ ကျနော်သည်လည်း သူ့ ကို ထိန်းပေးရင်း အရက်တခွက်ကို ဖြည်းဖြည်း မော့နေမိ၏။

“ဒါပေမယ့် ဒို့မှာ တားမြစ်ကုန်တွေ ဘာတွေ ညာတွေ ရှာဖွေဖမ်းဆီးရမယ့် တာဝန်ကြီးတွေ ပခုံးထက်မှာ ရှိတယ်ကွ၊ အွန်( န ) ရှိုး( လ ) ဒါး...ဦးလည် မသုန် ထမ်းဆောင်ရမယ်၊ ဒီလို မှုတ်လားကွာ....”
“အေး မြဲမြဲမှတ်ထား...မှတ်ထား....မှတ်ထား... တာဝန်ဆိုတာ များများကြီး လုပ်ပေးရမယ်၊ ဒါမှ ... ဒို့လို လုပ်သားသူရဲကောင်းတွေအတွက် လုပ်အားခတွေ များများကြီး ကျန်မယ်၊ ဒီလိုမှုတ်လား...ကဲ အခု ဘယ်လောက်ရပလဲ၊ ဘာကွ...တဆယ် ... တဆယ်ထဲ... ထပ်တရီး...
“ငါ ဝမ်းနည်းတယ်ကွာ ... ဝမ်းနည်း ကြေကွဲ ပူဆွေး သောကရောက်နေရဘီ ရင်မောင်...ညီလေး၊ ငါက ရထားကြီတစင်းလုံးကို ခြေ ဖဝါးတော်မြတ်အောက် ထိုးအပ်ထား...ပီးတော့ မသိချင်ယောင် ဆောင်လို့၊ မျောက်သုံးကောင် မီးခြစ်ထဲကလို မျက်စိမှိတ် နားပိတ် ပါးစပ်ပိတ် နေရသူပါကွာ...ညီလေး....၊ ရထားကြီး တစင်းလုံးကို မင်းလုပ်ချင်သလို လုပ်နေတယ်၊ ကောင်မတွေလဲ အများကြီးပါတယ်၊ မင်း....မင်းဟာ ဧကရာဇ်ပါကွာ... ဟုတ်ဘူးလား...ကြက်ဖကြီးပါကွာ၊ ဧကရာဇ် ကြက်ဖကြီး...ပီးတော့မှ ပိုက်ဆံကလေး တဆယ်ထဲရတယ်တဲ့ဗျား၊ တဆယ်...တဆယ်...တဆယ်ထဲ...၊ အို...အိုင် အင် ( မ ) သ ကင်း ( က ) အော့ ( ဖ ) သည် ဟိုး ( လ ) ထရိန်း ....ပြောစမ်းကွာ ... ဟေ့ကောင် ဘောက်ဆာ ရင်မောင်ကြီး ...အကိုကြီးရဲ့ ညီလေး၊ မင်း ငါ့ကို ပတ်တယ်ကွာ၊ အို....အိုင် ဝမ့် ( တ ) တူကစ် ...ပလိ ( စ် )”

သူသည် ကျနော့် ပခုံးကို ဖက်ပြီး နမ်းရန်ကြိုးစားပြန်သည်။ ထို့နောက် ကျနော့်ကိုထိုးလိုက်ရန် လက်သီးကို အားတင်းဆုပ်ကိုင်နေရင်း အမူးသမား ဝမ်းနည်ခြင်းဖြင့် ဝမ်းနည်းလာကာ မျက်ရည်တတွေတွေ ကျလာနေပြန်သည်။

“ဟေ့....မင်းနဲ့ငါနဲ့ထိုးမလား၊ မအေပေးလေး...မထိုးရဲပါဘူး၊ အေး...ကောင်းတယ် ကောင်းတယ်၊ မှတ်ထားကွ၊ ငွေ...ငွေ ငွေ၊ ငွေဆိုတာ ရအောင် ရှာရတယ်ကွာ၊ ဘာတဲ့ ဟိုသီချင်း... ငွေ....ငွေ....ငွေဆိုတာ ဘာကိုခေါ်တယ်၊ ငွေကိုသာ ရအောင်ညှစ်မယ်၊ ယောက္ခမ....ယောက္ခမ...ယောက္ခမ မျက်နှာချိုတယ်၊ ကျနော့် မယားက မျက်နှာချိုတယ်၊ မူးမယ်....သောက်မယ်၊ လမ်းလယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်၊ အိပ်ရာထဲရောက် အောင်ခေါ်မယ်ဗျာ့ ... ဟား... ဟား-ဘာတဲ့ကွာ မအေပေးလေး ငွေမရှာတတ်တဲ့ ဘုရား အ လောင်း လေး ...အယိန်မ ဒေ ယျ အလောင်းတော်လေး....။”
“ဟေ့....မိုးဆိုတာရွာရတယ်ကွ၊ များများရွာရတယ်၊ အခုရွာနေတာ ဒို့မိုးကွ၊ ဒို့ရဲ့မိုး၊ ချစ်သောမိုး၊ ဘာတဲ့လဲကွ ဟိုသီချင်း ဒီမှာလေကွာ ရွှေမိုး...ငွေမိုးရွာတော့ ခင်ပျိုမေကို သတိရတယ် ရွှေမိုးငွေမိုးရွာတော့ ညိုညိုခင်ကိုသတိရတယ်၊ ဟေ့ - ရွှေမိုးငွေမိုးရွာတော့ ထကွာ....ထကွာ....ကရအောင်ကွာ ဟေ့ ....ရွှေမိုးငွေမိုးရွာတော့”

ကျနော်လည်း ကိုစံရီကြီးနှင့် လက်ချင်းတွဲကာ ဝိုင်းကြီးပတ်လည် ကနေသည်။ နှစ်ယောက်သား သံပြိုင် အော်ဆိုနေသည်။ ရထားသည်လည်း တဂျောင်းဂျောင်းမြည်နေသည်။ ကျနော်တို့၏ နက်တိုင် အစိမ်းစများသည် လေထဲ၌ ပျံကာသန်းကာဝဲနေသည်။
အမှန်တွင်ကား ဤသို့ ပျော်ရွှင်မြူးထူးနေခြင်းမှာ အခိုက်အတန့််မျှသာဖြစ်၏။ တချက်တချက်တွင် ရထားကြီးကို မည်သူတွေက ရပ်တန့်စစ်ဆေးလိုက်မည်နည်းဟု စိုးရိမ်စိတ်ကလေး ဝင်လာလျှင် အမူးသည် ခဏမျှပြေသွားရတော့၏။ ကျနော်တို့လိုပင် လမ်းနံဘေးရှိ တောကြီးများသည်လည်း ဝေ့ကာ ဝေ့ကာ ကျန်ရစ်ခဲ့၊ နေခဲ့သည်။

စင်စစ်တွင် ကျနော်တို့သည် အမှောင်ထုကြီးအထဲ၌ လျှောက်သွားနေရခြင်းကို ရံဖန်ရံခါ၌ မေ့လျော့နေကြသည်။ ရှေ့ တနေရာရာ၌ နက်ရှိုင်းလှသည့် အသူတရာချောက်ကြီးတခု တားဆီးထားနေသည်ကိုလည်း မသိမြင်ကြ။
နံနက်မိုးမလင်းမီ၊ ရထားမထွက်ခွာမီအချိန်တွင် တောင်တွင်းကြီးဘူတာရုံ ပလက်ဖေါင်း အစွန်း မှောင်ရိပ်ကျရာ နေရာများ၌ မှောင်ခိုသမားများသည် ပုန်းလျိုးကွယ်လျှိုး စောင့်နေကြသည်။
သူတို့ကမှု ကျနော်တို့ကို ဒုက္ခပေးမည်မဟုတ်။ သူတို့သည်သစ္စာရှိ၏။ သူတို့သာ ထောင်တန်း အကျခံလိုက်ကြသော်လည်း ကျနော် တို့ကို ဆွဲထည့်မည် မဟုတ်သဖြင့် အမှောင်လမ်း၌ လျှောက်နေရသော်လည်း ကျနော်တို့ အတွက်ချောက်ကမ်းပါးကြီးမှာ အလှမ်းဝေးကွာနေပြန်သည်။ သူ တို့ကို ကျနော်တို့သည် ငွေယူကောင်းရုံမျှသာ ချောက်လှန့်ကြသော်လည်း ပိတ်ကား မပိတ်ပင်။

နံနက်၌ မှောင်ရိပ်များတွင် သူတို့အုပ်စုများကို တွေ့ရလိမ့်မည်။ လင်ယောင်္ကျားရှိပါလျက်၊ လင်ယောင်္ကျားနှင့် အတူတကွလိုက်ပါနေလျက် ဖါထက်ပို၍ပျက်စီးနေသော မအေးမြင့်၊ အပျိုကြီး အမည်ယူထားသော မအေးရွှေ။ ရထားပေါ်တွင်သာ အိပ်တတ်သော သင်းသင်း၊ နုနု။

မညွန့်ရီသည် သူ၏ ပိဿာချိန် ခုနှစ်ဆယ်နီးပါး လေးလံသည့်ကိုယ်ကြီးကို ဖေါ့ကာ တွဲနှစ်တွဲကြား အမှောင်ရိပ် တခုတွင် ကျနော့်ကိုရပ်စောင့်နေတတ်သည်။
ဘူတာရုံဖက်မှာ မီးရောင်လဲ့လဲ့ လင်းနေသော်လည်း သူ ရပ်နေရာဖက်တွင်ကား မှောင်နေသည်။ သူ့ ကို အမှောင်ထဲမှ အရိပ်တခုအဖြစ်ဖြင့် တွေ့ရသည်.။ ကျနော် ဖြတ်လာနေစဉ် သူသည် ချောင်းတချက်ဟန့်လိုက်၏။

“ကိုရင်မောင်” ဟု တီးတိုးခေါ်လိုက်သည်။
“ဘယ်သူလဲ....မရွှေဥလား”
“မနောက်စမ်းပါနဲ့၊ ဒီနေ့ ဂါတ်ဗိုလ် ဘယ်သူလဲ”
“ဘုန်းကြီးထွက်ပါ”
“ဦးအောင်ကြီးလား၊ တော်သေးတာပေါ့၊ ကျမက ဟိုမသာလားလို့ ရင်ထဲကို ထိတ်နေတာ”

သူသည်အကြောက်ပြေကာ ပိဿာချိန် အတန်ငယ် လေးလံသည့် သူ့ရင်အုံကြီးပေါ်သို့ လက်ဖြင့် ဖိထား လိုက်သည်။ မှောင်ခိုလုပ်သော်လည်း လိုအပ်သည်ထက် ပို၍ အလျော့မပေးတတ်သူ၊ မာနရှိသူဖြစ်သောကြောင့် အချို့ဂါတ်ဗိုလ်များ ရဲသားများနှင့် မတည့်။ အထူးသဖြင့် ရဲသား ထွန်းမောင်နှင့် မတည့်။ အမြဲတန်းမူးကာ ဘရန်းဘတာ ဖြစ်နေတတ်သော ဂါတ်ဗိုလ် ချစ်ဆွေပါလာသည့်နေ့ ဆိုလျှင် သူသည် မှောင်ရိပ်ထဲမှ ခြေဖေါ့နင်းကာ နောက်ဆုတ်ထွက်ခွာသွားသည်။
သူသည် အသက်အစိတ်ပင် ပြည့်ဦးမည်မဟုတ်။ သူ့ခန္ဒာကိုယ်ကြီးနှင့် မလိုက်လျောသော မျက်နှာကလေးမှာနုနယ်လှပနေပြန်သည်။
ကျနော်လည်း သူ့ နံဘေးတွင် ခဏမျှ ရပ်နေသည်။ သူ၏ လူသာမန်တို့ထက်ပို၍ ပြင်းထန်သော အသက်ရှူသံကို ကြားနေရသည်။ ကျနော်သည် သူ့ ကို သွားကျိုးနေသည့် အဖိုးကြီးဦပေါ်လာနှင့် နောက်ပြောင်နေကျလည်းဖြစ်ကာ ဦးပေါ်လာ ကို သတိရလာသည်။

“ဘယ်သူတွေပါသေးလဲ၊ ဦးပေါ်လာကြီးကော”
“တော့ ပထွေးကြီး ပါပါတယ်”
“အမယ်.... ခုမှ ဟိုလွှဲဒီလွှဲ လုပ်မနေပါနဲ့ မညွန့်ရီရယ်၊ သိပါတယ်ဗျာ၊ ဘယ်သူနဲ့ မခွဲဘဲ တတွဲတွဲ အမြဲနေတယ်ဆိုတာ”
“တော်စမ်း...အမေညွန့်လဲ ပါတယ်၊မညွန့် တင်လဲ ပါတယ်၊ ကိုပိုက်လဲ ပါတယ်”
“အဲဒါတွေအရေးမကြီးဘူး၊ မညွန့်ရီ အတ္တဘောကြီးကို လူတိုင်း မှတ်မိနေကြတာ ခက်တယ်၊ မှောင်ခိုလုပ်ရင် ဖျတ်ဖျတ်လတ်လတ် ရှိမှပေါ့၊ ကြောင်လို ပေါ့ပေါ့ပါးပါး”
“ကျမလဲ သိတ်စိတ်ညစ်တာ၊ သံပုရာသီးသောက်ရင် ပိန်တယ်ဆိုလို့ တနေ့ကို သံပုရာသီးငါးလုံးသောက်တာ သောက်လေ ပိုဝလာလေ၊ အအိပ်ဆင်ခြင်ဆိုလို့ ဆင်ခြင်မှ ထမင်း ပိုစားကောင်းလာပြန်ကော”
သူသည် အသံကို ထိန်းပြီးရယ်နေသည်။
“အခု တလောတော့ နဲနဲ ကြည့်ကောင်း လာပါတယ်” ဟု ကျနော်သည် ရယ်သံဖြင့်ပြောနေသည်။
“အမယ်...မျက်နှာကလေးကတော့လှပါတယ် ပြောအုံးမယ်လို့လား၊ ဖြီးမနေစမ်းပါနဲ့၊ တော်ကြာ တော့ကောင်မ မြင်ရင် ကျုပ်ကိုအထင်သေးနေအုံးမယ်၊ ဒီနေ့ နာနာတ်သီး တင်မလို့တဲ့ လိုက်လာတယ်”
“သူကလေးကို ပြောတာလား”
“ဟုတ်ပါတယ်ရှင်-သူကလေးပါ....ညိုညိုလေ....ကိုရင်မောင်ရဲ့ မရွှေဥလေး”
“ကြွပါ.....ကြွပါ....”

ကျနော်သည် ရယ်မောရင်း ထိုနေရာမှ ခွာလာခဲ့သည်။
ညိုညို ပါလာသည့် နေ့ဆိုလျှင် ထိုသို့ပင် ကျနော့် ထံသို့ တယောက်မဟုတ် တယောက်က သတင်းပို့သည်။
သူသည် မှောင်ခိုကုန်များကို မကူးဘူးသေး။ သင်းသင်း၊ နုနုတို့နှင့် တွဲပြီး ကျောက်ပန်းတောင်းအထိကား လိုက်ပါလာနေသည်။ အစက သင်းသင်းနှင့် နုနုသည် ရထားလက်မှတ် ယူစီးနေကြသော်လည်း ကျနော်နှင့်ခင်မင်လာသောအခါ လက်မှတ်မယူတော့။

နေ့ခင်းဘက် ခရီးသည်များ နည်းပါးနေတတ်သော သားမျှားနှင့်လေးအိမ်ကြားတွင် ကျနော်သည် သူတို့တွဲသို့ ကူးသွားတတ်သည်။
ညိုညို့ အနားမှ ထိုင်ခုံအားတွင် ထိုင်လိုက်လာခဲ့သည်။
သင်းသင်းနှင့် နုနုတို့က ကျနော့် ကိုပြုံးပြ နှုတ်ဆက်ကြသော်လည်း ညိုညိုသည် ကျနော် ရောက်လာသည်ကို လှည့်၍လည်း မကြည့်။ စကားလည်း မပြော။ ကျနော် ထိုင်လိုက်လျှင် သူ့ မျက်နှာမှာ ရှက်နေဟန် ပေါ်နေသည်။ သူသည် ရထားပြတင်းဝမှ အပြင်ဖက်သို့သာ လှမ်းမျှော်ကြည့်နေကာ အနေအထိုင် ကျဉ်းကျပ်ဟန် ပေါ်လွင်နေသည်။
ထိုသို့ သူက လှည့်မကြည့်၊ စကားမပြောဘဲ နေခြင်းမှာ ကျနော့်အတွက် ကြည်နူးစရာ တမျိုးလို ဖြစ်နေပြန်သည်။
တခါတရံတွင် ကျနော်သည် သူ့ အဖော်များကို စကားတဖေါင်ဖေါင် ပြောရင်း သူ့ ကို စနေတတ်သည်။ သူသည် လှည့်မကြည့်ဘဲနှင့် ပြုံးနေတတ်၏။ သူ၏ က္ကှနြေ္ဒဆည်ထားရာမှ ဟန်မဆောင် နိုင်သဖြင့် ဖြစ်ပေါ်လာရသော အပြုံးများမှာ နှစ်သက် စွဲငြိစဖွယ်ပင်။ မျက်နှာ တခြမ်းကိုသာ မြင်နေရသည်။

“ကျနော်ဗျာ....တကယ်ပြောတာပါ၊ သင်းသင်းတို့ နုနုတို့ကို တကယ်ခင်တာ၊ တချို့ကျတော့လဲ ကျနော်ကသာ ခင်ရတာ၊ ကျနော်ခင်သလို ကျနော်ချစ်သလို ပြန်ချစ်ကြတာ မဟုတ်ဘူး၊ သိပ်ရိုင်းစိုင်းကြတာ၊ ကျနော် ဘယ်သူ့မှ စောင်းပြောနေတာ မဟုတ်ဘူးနော်...၊ သိပ်ရက်စက်ကြတာ၊ ကျနော်ကတော့ ဒါဟာ ဟိုဘဝကဝဋ်ပဲ၊ အတုံ့အလှည့်ဘဲ ဆိုပီး တရားနဲ့ ဖြေပါတယ်၊ ဒီလိုတရားနဲ့ ဖြေမှဘဲ တန်ကာကျမှာ မှုတ်လား။ ဘာတဲ့ဗျာ... က္ကှတ္ထိဝင်္ဂံနဒီဝင်္ဂံ ဆိုတာ ကြားဘူးကြသလား၊ မိန်းမဟူဘိ ထိုက္ကှတ္ထိကား မြစ်၏သဘော ကောက်ကွေ့ တတ်၏တဲ့၊ မိန်မဆိုတာ မရှိမကောင်း ရှိ မကောင်း မှုတ်လားဗျာ၊ မပေါင်းလည်းခက် ပေါင်းဘို့ခက်တဲ့...ဒီလို မှုတ်လားဗျာ၊ ဒါကြောင့် ထင်တယ် တချို့များ ကျနော်လာမှ မျက်နှာလွှဲချင် လွှဲထားတတ်ကြတာ၊ လှည့်တောင် ကြည့်ကြတာ မဟုတ်ဘူး၊ သူတို့ ကြည့်ချင်တဲ့ လူကျတော့ သူတို့ကကို လိုက်ကြည့်မှာ မှုတ်လား၊ သူစကားပြောချင်တဲ့ လူကျတော့လဲ နားညည်းလာလို့ နားရင်းရိုက်ချင်လာအောင် ပြောမှာဘဲ”

သင်းသင်းသည် ပါစပ်ပိတ်ပြီး ရယ်နေ၏။ ကျနော်သည် ညိုညို့ ပခုံးကို ဆွဲလှည့် ပစ်လိုက်ချင်လာသည်။ ကျနော်သည် သင်းသင်းတို့ နာနတ်ခြင်းများအောက်တွင် ထန်းလျက်ပါမပါမေးကာ သူ့ ကိုစနေပြန်သည်။

“ကျမတို့ ထန်းညက်ပါတယ်လို့ ပြောပီးတာကော...”
“ဒီပြင်လူ တောင်းထဲမှာကော...”
“အဲတာတော့ တပည့်တော်တို့ မလျှောက်တတ်ဘူးလေ....ဒိပြင်လူကို မေးကြည့်မှပေါ့”
“ဒိပြင်လူက အ-နေတာဘဲဗျာ၊ စကားမှ မပြောတတ်တာ”
ညိုညိုသည် လှည့်မကြည့်ဘဲ ပါးစပ်ကို လက်ကိုင်ပုဝါနှင့် ဆို့ ကာ ရယ်နေသည်။
အတန်ကြာမှ “ဒိပြင်လူဆိုတာ မအေးသွယ်ကို ပြောတာနေမှာ” ဟုပြောနေသည်။

သူ့ အဖေါ်များသည် ပြုံးကာ ကျနော့်ကို ကြည့်နေကြ၏။
ကျနော်သည်လည်း အမှတ်မထင် ရယ်မောနေရသော်လည်း နေ့ စဉ် အချိန်နှင့်အမျှ ကျနော့် ရင်ထဲ၌ စိုးရိမ်သောက စိတ်ကလေးများသည် အမှတ်မထင် ဖြစ်ပေါ်နေခဲ့၏။ ထို သောက စိတ်များသည် ဆပွားကြီးထွားလာနေခဲ့၏။
ကျနော်သည် သင်းသင်း မျက်နှာကလေးကို အမှတ်မထင်ကြည့်နေရင်း...လွန်ခဲ့သည် ညတညက တောင်တွင်းရထားပေါ်တွင် ဤမိန်းကလေးနှင့် နယ်ဖက်ရှာဖွေရေး ရဲသားသုံးဦး အတူအိပ်ခဲ့သည်ဆိုသောပေါက်ကြားလာခဲ့သည့် သတင်းကို သတိရလာပြန်သည်။
မအေးသွယ် ဆိုလျှင် ဖြစ်ချင်တိုင်း ဖြစ်နေခဲ့၏။
မအေးမြင့်လို လင်ရှိမယား တဦးသည်လည်း ဖြစ်ချင်တိုင်း ဖြစ်နေ၏။
နုနု၏ သတင်းများကိုလည်း ကျနော်သည် ကြားခဲ့ပြီး။
အသက်မ ရှူ ရပ်ထားသော်လည်း ဤအနံ့ဆိုးကြီးများမှာ နှလုံးအိမ်ကို ဖုံးလွှမ်းလာနေကြ၏။ စက်ဆုတ်စွာ ပျို့ အန်ချင်လာနေရသည်။

အတန်ကြာမှ ကျနော်သည် သူ့တို့ အနားမှ ထလာခဲ့သည်။ လူရှင်းသော အိမ်သာထောင့်ဖက် တွဲပေါက်ဝတွင် ရပ်ပြီးကျနော်သည် အဝေးရှိ တောင်ခြောက်ကုန်းများကို အဓိပ္ပါယ်ကင်း မဲ့စွာ ငေးကြည့် နေမိပြန်သည်။ ကုန်းစောင်းများ၊ ယာခင်းများ၊ တောင်ကုန်းငယ်များနှင့်ယှဉ်ကာ ချောင်းကလေးတခုသည် ရထားနှင့် ဘေးချင်း ယှဉ်လိုက်လာနေ၏။
နီးကပ်လာလိုက်၊ ဝေးကွာသွားလိုက်။
ကျနော်ကား ညိုညို့ ကိုဘာကြောင့် ချစ်မိလာသလဲဟူ မေးကြည့်နေမိ၏။ စိတ်နှလုံး အိမ် ထဲတွင် ဘာကြောင့် သူလာ၍ငြိတွယ် လာနေခဲ့ရသနည်း။ ထို တွယ်တာစိတ် သမုဒယသည် ဘယ်ဆီက မြစ်ဖျားခံ စီးဝင်လာခဲ့ရသနည်း။

ရက်ပေါင်းများစွာပင် ကျနော့် တွင် ညိုညိုနှင့် ပတ်သက်သည့် သောကစိတ်များဖြင့် ရှုပ်ထွေးလာနေခဲ့ရသည်။ သူ့တွဲဖက် သင်းသင်း နှင့် နုနု တို့၏ ပုပ်ဟောင်စပြုလာသော သတင်းများကို မမှန်ပါစေနှင့်ဟု ဆုတောင်းနေရ၏။
သည်အချိန် အခါတွင်ကား ဘာမျှ ဆန်းပြားတော့သည်မဟုတ်။
အဖိုးတန် မိန်းကလေးတဦး ဖါဖြစ်သွားသည်မှာ ထူးဆန်းသော အကြောင်းအရာ မဟုတ်။
ရင်ထဲတွင် တမြေ့မြေ့ နာလာနေရသည်။ ကျနော့် မျက်စိရှေ့မှောက်၌ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်တို့ကို မြင်ချင်တိုင်း မြင်နေရ၏။
ညိုညိုကိုယ်တိုင်ထန်းလျက်မှောင်ခိုသူဖြစ်လာမည်ကို မစိုးရိပ်၍မရ။ ညိုညို၏ ယခုအခါဝင်ငွေမှာ ကုန်စိမ်းအလုပ်ကို အများက ဝိုင်းလုပ်နေကြပြီးဖြစ်သဖြင့် ဟိုစဉ်က တဝက်မျှသာ ရှိတော့မည်။ သူ ဝယ်ယူစားသောက်ရသည့် အခြားကုန်ဈေးနှုန်းများက ယခင်ကထက် ဆယ်ဆမျှတိုးမြင့်သွား၏။ ထိုကြောင့် ခုအခါ၌ ညိုညိုတို့မိသားစုမှာ ယခင်က စားသောက် ရသည်ထက် အဆနှစ်ဆယ်ပုံ တပုံမျှသာ စားသောက်နေထိုင်ရသည်ဟု အဓိပ္ပါယ် ထွက်ရှိနေခဲ့ပေပြီ။ သူ့ အိမ်ထောင်စုမှာ သူ့ လုပ်စာကလေး အပေါ်၌သာ မှီတွယ်နေရ၏။
သူဘယ်လမ်းကို လျှောက်ရမည်နည်း။
သူ့ ဝမ်းရေးအတွက် သူ ဘယ်လမ်းကို ရွေးရမည်နည်း။
ကျနော်ကား အသက် ရှူ၍မရ။ နှလုံးသားများသည် အသက်ရှူပေါက်ဝ၌ ပိတ်ဆို့ကာ အသက်ရှူ လမ်းကြောင်းကို ဖြတ်တောက်ထားတော့သည်ထင်၏။ မွန်းလာသည်၊ မောဟိုက် နွမ်းနယ်လာသည်။ ကျနော်သည် ရထားနှင့် ယှဉ်ပြေးလိုက်လာနေသော၊ ငြိမ်းအေးနေသော ကောင်းကင်ပြာကြီးကို မော့ ကြည့်နေရင်း ကောင်းကင်ပြာကြီးကို ပင်လယ်ပြင်ကြီးဟု ထင်လာနေပြန်သည်။

ပင်လယ်ကြီး၌ မုန်တိုင်းကြီးများ တိုက်ခတ်လာ၏။ ကြီးမားလှသော လှိုင်း လုံး ကြီးများသည် အရာရာ ကို သူတို့ ခြေထောက်အောက် ချနင်းကာ ချိုးဖျက်ခြေမှုန်းပစ်ရန် ပြေးလာနေသည်။ ပင်လယ်ပြင်ကြီးအတွင်း၌ လှိုင်းသံ၊ မုန်တိုင်းသံ၊ ကယ်ပါယူပါ တစာစာ အော်ညည်း ကြသံများ ဆူညံ ပွက်လော ရိုက်နေသည်။

ညိုညို့ ကို သတိပေးသည့်နေ့ ကလည်း သတိပေးရန် စီစဉ်ထားသည့် စကားလုံးများသည် နှလုံးအိမ်မှ ပျို့တက် လာကြကာ လည်ချောင်းဝ၌ တစ်ဆို့ နေကြသဖြင့် ကျနော်သည် အတော်နှင့်ပြောမရခဲ့။ စိတ်၌ စူးရှစွာ နာကျင်လာခဲ့သည်။
ထိုနေ့က စကားပြောရန် ရှိသည်ဟု ချိန်းထားခဲ့သဖြင့် ညိုညိုသည် ကျောက်ပန်းတောင်း ဘူတာရုံအနီးမှ ကုက္ကိုပင် တပင် အောက်တွင် ကျနော့် ကို စောင့်နေခဲ့၏။
ခရီးသည်များလည်း မရောက်သေး။
ကျနော်သည် သူ့ အနား၌ ဝင်ရောက်ထိုင်နေစဉ်တွင် သူ့ကို ဘာကဘယ်လို စပြောရမည်ကို တွေး၍မရနိုင်။ သူကမူ သူ့ကို ရည်းစား စကားပြောမည် ထင်နေသဖြင့် မျက်နှာ တပြင်လုံး ရှက်သွေးကြွနေခဲ့သည်။ ကျနော့် ကို မရဲတရဲ မော့ကြည့်လိုက်ပြီး ရှက်ရှက်ဖြင့် ပြုံးပြလိုက်သည်။ ချက်ခြင်း သူ့ ခေါင်းကို ငုံ့ထားလိုက်သည်။ သူနှင့်ကျနော်သည် အတူယှဉ်ထိုင် နေသော်လည်း ခပ်ကွာကွာဖြစ်၏။
ကုက္ကိုရွက်ကလေးများသည် သူနှင့်ကျနော့် ကြား၌ ဝဲကာပျံကာ ကြွေကျလာနေသည်။
ကုက္ကိုတရွက်သည် သူ့ ပခုံးပေါ်တွင် တင်နေရစ်၏။
ကျနော်သည် ဝေးဝေးရှိ ကုက္ကိုပင်များ ဝန်းရံ နေသာ အုတ်ကန်ဖက်သို့ လှမ်းကြည့် နေမိသည်။ အုတ်ကန် ဟိုဖက်၌ မင်းပုန်းတောင်နှင့် ခေါင်းထိ တောင်မကြီးကား ညို့ ဆိုင်းနေကာ ကျနော်နှင့် ဆန့်ကျင်ကာ အေးမြနေဟန်ပေါ်နေသည်။ အပေါ်၌ တိမ်တတိုက်သည် ဖြေးဖြေးညင်ညင် ရွေ့လျား နေသည်။

“သူ ဘာပြောမလို့လဲ”
သူက စတင်မေးလိုက်သံမှာ ရှက်သွေးကြွကာ၊ ကတုန်ကယင်ဖြစ်ကာ ညင်သာနုရွသော ကဗျာလေးတပုဒ်လိုပင်။ ထိုကဗျာကလေးသည် ဖြူစင်သော သူ့နှလုံးမှ ပြေးဆင်းလာနေသည်။
ကျနော်လည်း သူ့ ကို မည်မျှချစ်မိကြောင်း လေးနက်ခိုင်မာသော စကားလုံးများ ရှာဖွေ ရွေးခြယ်ကာ ပြောနေရသည်။ ကျနော်ပြောချင်သော အကြောင်းအရာကိုမူ ဦးတည်၍မရနိုင်။ ကျနော်သည် မပြောရက်နိုင်ဖြစ်နေ၏။

“ကိုယ်ပြော ချင်တာက ညိုညို...အခုမင်း ထန်း ညက် တင် နေ ပလားလို့ မေးမလို့၊ ဘယ် လို စ မေး ရ မှန်း မသိဘူး၊ မမေးရက်ဘူး။ နာ နတ် ခြင်း တွေအောက်က ထန်းညက် ထည့် ယူနေ ပ လားလို့၊ မလုပ်သေးဖူး ဆိုတာကို သိပါတယ်၊ ဒါပေမယ့် မင်းကိုချစ်တာ ကတသက်လုံးချစ်သွားရမှာမှုတ်လား၊ တသက်လုံး စောင့်ရှောက်သွားရမှာ၊ ဒါတော့ကို ဆုံးဖြတ်ပြီးသားဆိုတာ ပြောပီးဘီမှုတ်လား၊ အခွင့်အခါသင့်လာရင် ကိုတို့ လက်ထပ်ကြမှာပေါ့ကွယ်၊ ဗမာလိုပီပီသသပြောရင် ဒို့ ယူကြမှာမှုတ်လား၊ ရှက်မနေစမ်းပါနဲ့၊ ဒါ ကို အဓိကထားပြောနေတာမဟုတ်ပါဘူး၊ မင်း ထန်းညက် မတင်မိအောင်လို့ ကို ပြောချင်တာ မင်းလဲသိပါတယ်လေ၊ ထန်းညက် တင်ကြရင်ပေါ့ကွယ် မှောင်ခိုလုပ်ကြရင် ဘာဖြစ်သလဲ ဆိုတာပေါ့၊ ဖမ်းနိုင် ဆီးနိုင်တဲ့ သူမှန်သမျှ ဘယ်လောက် မျက်နှာချိုသွေးကြရတယ်ဆိုတာပေါ့၊ နောက်ဆုံး တကိုယ်လုံးပုံပီး လိုချင်သလိုသုံးပါတော့လို့ သူတို့ကို ထိုးအပ်လိုက်ရတာဘဲ၊ ဒါဟာ ထမင်းငတ်လို့ မလုပ်မ်ဖြစ်တော့လို့ လုပ်ကြရတယ်ဆိုတာ ကို မသိလို့ပြောနေတာ မဟုတ်ဖူးနော်၊ ကို ဘယ်သူ့ မှလဲ အပြစ်မတင်ပါဘူး၊ ကို သိပါတယ်လေ....။
“ဒါပေမယ့် မင်းမလုပ်စေချင်ဘူး၊ မင်းမလုပ်ရဘူး၊ ဒီလို ပိတ်ပင်တာ ကို မတရားဘူးလို့ထင်ပါတယ်၊ ဒါပေမယ့် မင်းမလုပ်ရဘူး နောက်ဆုံးတနေ့ကွယ်.. မင်းမလုပ်လို့ မရတော့တဲ့နေ့ ရောက်လာရင်လဲ ဒီမှာကွယ် မျက်ရည်မဝဲစမ်းပါနဲ့၊ အဲဒီနေ့မှာ ကို လူသတ်မိမှာဘဲထင်တယ်၊ ဒါပါဘဲ၊ မပြောချင်တော့ဘူး၊ မောလာတယ်၊ စိတ်မောလာတယ် ”

ကျနော့် ရင်ထဲတွင် အမှောင် အဝိဇ္ဖာ တရားများ ပိတ်ဆို့ကာဆီးနေသည် ထင်နေရ၏။
မြင်းလှည်းသံများကြားရပြီး မှောင်ခိုသမားများ စောစီးစွာ ရောက်ရှိ လာနေကြသည်။ ကိုရွှေယောက်နှင့် သူ့သားသုံးယောက်သည် ထန်းလျက်များကို အပြေးအလွှား သယ်ယူနေကြ၏။ လူစီးရထားပေါ်တွင် မီးရထားရဲသားများသည် အိပ်ပျော်ချင်ယောင် ဆောင်နေကြ၏။
ညိုညို့ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်လာနေသည်။

သူက....
“သူများ ...သူများ...မလုပ်ပါဘူး၊ သူ မလုပ်နဲ့ဆိုရင် မလုပ်ပါဘူး....”

ပြောရင်း ပြောနေရင်း အသံများတုန်ယင်လာနေသည်။
သူက ထိုသို့ပြောနေစဉ်တွင် ကျနော်ကား သူ့ကို တားဆီးပိတ်ပင်မိခြင်းမှာ မတရားဟု ထင်လာပြန်သည်။ သို့သော်ဤသို့တားဆီးပိတ်ပင်ရမည်ဟု ထပ်၍ဆုံးဖြတ်နေမိ၏။ ကျနော်သည် ခံစားမှုမရှိဘဲနှင့် သူ့ လက်တဖက်ကို လက်မောင်းရင်းမှ ဖမ်းဆုပ်ကိုင်ထားနေမိ၏။
ပြောစရာမရှိဘဲနှင့် “ညိုညို”ဟု တိုးတိုး ညည်းညည်း ခေါ်နေမိပြန်သည်။

1 comment:

  1. ငယ်ငယ်က မေမေပေးဖတ်လို့ ဖတ်ခဲ့ဖူးတဲ့ နိုင်ဝင်းဆွေရဲ့ ဝတ္ထု အကောင်းလေး ပြန်ဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ်...း)

    ReplyDelete