February 17, 2010
မသိန်းရှင်ဆီပို့ ပေးပါ
ဒီကနေ “့မသိန်းရှင်ဆီပို့ ပေးပါ ” အပိုင်း ( ၆ ) ကိုတင်ပေးလိုက်ပါတယ်။
သရုပ်ဖေါ်ပုံက စာအုပ်ရဲ့ နောက်ကြောဖုံးပုံဖြစ်ပါတယ်ခင်ဗျား။
( ၆ )
ကုန်စိမ်းသည်မကလေး ညိုညို
ထိုမှ နှင်းသည်းထန်းလာသော နောက်ပိုင်းရက်များတွင်ကား ရထားကြီး ခုတ်မောင်းနေပုံမှာ မနိုင်သော ဝန်လေးကြီးတခုကို တညည်းညည်း တညူညူ ဆွဲရုန်းသွားနေရသည် နှင့် တူလာခဲ့သည်။
တောင် တန်း ကြီးများသည်လည်း မြူများဆိုင်းတွ လာနေသည်။
အပြန်ခရီးတွင် ရွှေလင်ပန်းဘူတာသို့ ရောက်လာခဲ့လျှင်ပင် ရထားဖက်ဘေးရှိ နေဝန်းသည် ဝင်လုဆဲဆဲ ကျဆုံးလာနေသည်.။
ကျနော်သည်လည်း ညိုညို့ အနီး ထိုင်ခုံတခုပေါ်၌ ထိုင်နေရင်း ငွေစရင်းအင်းများကို တွက်ချက်နေရင်း ညိုညို့ အတွက်စိတ်သောကဖြစ်စရာများကို တွေးလာနေရသည်.။ သူ မပြောပြဘဲနှင့် သူရင်ဆိုင်ဖြေရှင်းနေရသော အခက်အခဲများကို ကျနော်သည် သိနေခဲ့၏။ သူ့ အတွင်းစိတ်မှ အလင်းအမှောင်များ သည် သူ့ အပြု အမူ၊ သူ့ မျက်နှာပြင်ပေါ်တွင် ပေါ်နေခဲ့သည် ထင်သည်။
ဤ ရက်ပေါင်း များစွာအတွင်းတွင် သူ့ မျက်နှာမှာ တနေ့ထက် တနေ့ ပိုမိုမှိန်ဖျော့လာနေသည်။ သူ့ မျက်လုံးများပေါ်မျ တောက်ပမှု အရောင်များသည် မှိန်ဖျော့သွား၏။ သူ၏ အားငယ်စိတ်မှာ မျက်နှာပြင်ပေါ်တွင် လာ၍ ထင်နေသည်။ သူသည် သူ့ အဖေါ်များရယ်စရာပြောသည်ကို ရယ်သော်လည်း နှစ် နှစ် ခြိုက်ခြိုက် ရယ်နေသည်ကို မတွေ့ရ။ အတွင်းစိတ်များ အားငယ်လာသောအခါ အပြင်ရုပ်သည်လည်း တဖြည်းဖြည်း သိမ်ငယ်လာနေသည်။
သူသည် တယောက်တည်း အပြင်ဖက်ကိုကြည့်ကာ ငေးမောတတ်၏။ မယ်မယ်ရရတွေးတောကာ အတွေး၌ နစ်မြုပ်နေပုံမျိုးလည်း မဟုတ်။ အားငယ်သဖြင့် သူ့ ပခုံးစွန်း နှစ်ဖက်သည်ပင် နိမ့်ကျသွားသည်ထင်ရသည်။ သူ၏အနားဖွာစပြုလာသည့် ဆေးရောင်မှိန်နေပြီးဖြစ်သော အင်္ကျီအနီမှာလည်း သူ၏ အားငယ်နေမှုကြောင့် ပို၍ စုတ်ချာနေသည်ထင်ရသည်။ တဖက်သို့ လှည့်နေစဉ် သူ့ ကျောဖက်မှ မြင်နေရ သော်လည်း ကျနော်သည် သူ့ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်နေသည်ကို ခံစားမြင်နေရသည်။
ဆီမလိမ်းနိုင်သော သူ့ ခေါင်းမှ ဆံပင်များသည် လေဝှေ့သဖြင့် တဖွာဖွာ လွင့်နေ၏။ အုန်းဆီးဈေးသည် လည်း ဆယ်ဆမျှ မြင့်နေခဲ့ပြီ။ တခါတရံ၌မူ သူသည် ပဲဆီများသုတ်လာခဲ့၏။ ပဲဆီနံ့ ထွက်လာမည်ကို သူသည် စိုးရိမ်သောက ဖြစ်နေကာ သူ့ကိုယ်ကို ကျနော်နှင့်အဝေးဆုံး နေရာရောက်အောင် တိုးနေသည်။ ပဲဆီနံ့ထွက်နေမည်ကို ရှက်နေသော်လည်း သူ့ ခေါင်းမှ ပဲဆီနံ့မှာ ဝေ့နေသည်။
သူ့ရင်ထဲ၌ ဖြစ်နေသည့် သောကများကိုမူ သူက ပြောပြနေသလို ခံစားနေရသည်။ ဤရက်များအတွင်း၌ ပန်းနာဖြစ်နေသော သူ့ မိခင်၏အခြေအနေမှာလည်း ဆေးဝါးမသုံးနိုင်တော့သဖြင့် ပို၍ဆိုးရွားလာနေသည်။
“အမေ့ဖို့ ဆေးတဖုံ ဖေါ်ချင်တယ်၊ ဆေးတဖုံ ဖေါ်နိုင်ရင်တော့ကောင်းမှာ၊ ဆေးဖေါ်ဖို့ဘယ်ကလာမလဲ၊ ပိုက်ဆံတွေ မိုးပေါ်က ကျလာရင် ကောင်းမှာပေါ့လေ”
သူ တွေးနေပေမည်။
“အမေ့ ဆေးတဖုံဆို ငါးကျပ်၊ အမေ သိပ်ပိန်နေဘီ၊ ညက အမေ ချောင်းဆိုးလိုက်တာ တညလုံးဘဲ၊ မောလဲမောနေတယ်၊ ငါနှိပ်ပေးရသေးတယ်၊ အမေ့ရင်အုံက အသားမှမရှိတော့တာဘဲ၊ အသားတွေ ဘယ်ရောက် ကုန်ပါလိမ့်မလဲ၊ မောင်ရင် ဘယ်သွားဆွမ်ခံသွား ရေဘယ်သွား ကြောင်ချီသွားဆိုတာလို ထင်တယ်၊ မဆိုစကောင်း ဆိုစကောင်းနော်၊ ငါဆေးမဖေါ်နိုင်တာနဲ့ အမေသေသွားနိုင်တယ်၊ ဘယ်မဆိုလား ထမင်းငတ်လို့ ကျွေးဥတူးစားကြတာ တွင်းထဲလိမ့်ကျတာ အားပြတ်နေတာ ပြန်မတက်နိုင်တာနဲ့ သေသွားတယ်တဲ့၊ သရောကြီး ခိုင်းတယ်ဆိုတာပေါ့နော်၊ သရောကြီးဆိုတာ မယ်ဒလင်လိုဟာမျိုးကို ခေါ်တာနေမှာထင်တယ်၊ အဲဒါက တရောဘဲ.....
“ဒါနဲ့ဘဲ အမေသေချင်သေသွားမှာ၊ အေးလေ လူတွေသေနေကြတာဘဲမှုတ်လား၊ မြန်မြန် သေကြတော့လဲ မြန်မြန် ဝဋ်ကျွတ်တာပေါ့လေ၊ အမေ မသေစေချင်ပါဘူး၊ မနက်က ငါလာတုန်းကဘဲ အိပ်ရာထဲကလှမ်းပီး ငါ့ကို အားကိုးကြည့် ကြည့်နေတယ်၊ ငါ့ကိုမျှော်နေမယ်၊ ငါလာရင် ဆေးပါလာမယ်လို့ အောက်မေ့နေမှာ၊ အမေကပြောတယ်၊ ထန်းညက် လေး ငါးပိဿာတင်လာခဲ့ပေါ့တဲ့၊ ထန်းညက် လေး ငါးပိဿာဆိုရင် လေးငါးကျပ်ရတာ၊ ဆေးတဖုံဖေါ်နိုင်တာပေါ့လေ၊ ကောင်ကလေး စာအုပ်ဝယ်ခိုင်းတာလဲ မဝယ်နိုင်ဘူး၊ အိမ်ကျရင် မီးထွန်းစရာ ရေနံဆီးလဲ ကုန်နေတယ်....
“ထန်းညက်တင်ရင် လူတကာကိုချော့နေရတာ၊ မကောင်းတဲ့မိန်းမဖြစ်သွားမှာ၊ ပီးတော့ သူတို့ဖမ်းတယ်ဆိုတာ ငါ့ပစ္စည်းမှုတ်လား၊ ငါ့ပစ္စည်းကို သူတို့ပေးလိုက်ရမှာလား၊ ငါမပေးဘူး၊ မှောင်ခိုလုပ်တယ်ဆိုတာ မကောင်းပါဘူးလေ၊ ရထားပေါ်စီးနေရတာတောင် ကိုယ့်ကို မကောင်းတဲ့ မိန်းမလယ်လို လူတွေက ကြည့်ကြတာ၊ မှောင်ခိုအလုပ်ဟာ မကောင်းတဲ့အလုပ်၊ ငရဲကြီး ရှစ်ထပ်မှာ ခံရမယ့်အလုပ်၊ အကုသိုလ် အလုပ်၊ ငရဲကျတယ်ဆိုတာ ပွက်ပွက်ဆူနေတဲ့ ဆီအိုးကြီးထဲ ကိုယ်တုံးလုံးချွတ်ပီးဆင်းရတာ၊ ကြောက်စရာ ကောင်းလိုက်တာ၊ ငရဲ အနီးကလေးဆိုရင်တော့ ငရဲအိုးထဲက ဆီတွေ သွားခပ်လာခဲ့.... တောင်တွင်းကြီးမှာ ရောင်းရရင် ကောင်းမှာ၊ အို...အဲတာလဲ မဖြစ်သေးပါဘူး၊ ဆီတွေကို ဖမ်းကြအုံးမှာပေါ့၊ဆီဆိုတာလဲ မှောင်ခိုကုန်ဘဲ မှုတ်လား.....”
သူသည် အတွေး အလျဉ်ပြတ်ပုံမရှိ။
မြို့သစ်မှ လွန်လာခဲ့လျှင် နီညို့နေခဲ့သော နေဝန်းကြီးသည်လည်း စုပ်စုပ်မြုပ်ဝင်သွားခဲ့သည်။ အမှောင်ရိပ်များ သန်းလာနေပြန်သည်။
ဤရက်များတွင်ကား သူ့ ကို မြင်တွေ့နေရပုံမှာ စိတ်ထိခိုက်ဖွယ်ရာ ပန်းချီကား တချပ်ကို ကြည့်နေရသလိုပင်။ သူ့ အနား၌ ထိုင်နေရင်း ကျနော်သည်ပင် အသက်ရှုကျပ်ကာ နွမ်းနယ်လာနေသည်။ သူနှင့် ကျနော်ကား မမြင်ရသော ကြိုးတချောင်းဖြင့် ဆက်နွယ်ထားကာ သူခံစားနေရသည်တို့ မှာလည်း ...ထိုကြိုးမှတဆင့် ကျနော့်ကိုလာ၍ရိုက်ခတ်နေသည်။
အစေါပိုင်းရက်များက သူပြုံးလျင် သူ့ ပါးချိုင့်ခွက်ကလေးနှစ်ခုအပေါ်၌ ယိမ်းခါလှုပ်ရှားကာ တဖြတ်ဖြတ်အရောင်လက်နေသော အပြာရောင်ကျောက်ကလေးများမြှုပ်နှံထားသည့် နားဆွဲကလေးသည် နောက်ပိုင်း သူ့ မျက်နှာညှိုးမှိန်လာခဲ့သောနေ့ များတွင်မူ အရောင်မှိန်ဖျော့ကာ ညစ်ထိုင်းလာနေသလိုပင်။
တနေ့ သောအခါတွင် ဤနားဆွဲကလေးကိုပင် သူ့ ပါးပေါ်၌ မတွေ့ ရတော့ပေ။
နားတောင်းမရှိတော့သည့်နောက်ပိုင်းရက်များ၌ သူ့ မျက်နှာမှာ ပို၍မှိန်လာခဲ့၏။ တောက်ပမှု ရွှင်လန်းမှုကိုလည်း မတွေ့ ရ။ သူ့ မျက်နှာကလေးပေါ်မှ အလှများသည်ပင် တဖြေးဖြေးပျောက်ကွယ်သွားနေသည် ထင်ရသည်။
သူ့ နားတောင်း ချွတ်ရောင်းလိုက်သည့်ရက်ကမူ သူ့ ရင်ထဲတွင် ဝန်လေးကြီးတခု ခေတ္တမျှကျသွားကာ သူသည် လန်းဆန်းနေခဲ့၏။ သူ့ အမေအတွက် ဆေးပုလင်းများနှင့် သူ့ မောင်ကလေးအတွက် စာအုပ်များကို ဝယ်လာခဲ့သည်။
ထိုနေ့ က သူ့ အနားကို ကျနော်သွားထိုင်သောအခါ သူသည် ရွှင်လန်းစွာပြုံးရယ်ကာ ကျနော့်ကို ဆေးညွှန်းများဖတ်ခိုင်းနေခဲ့သည်။
“ဒါ မော်လမြိုင်ဦးရွှေကျေးဆေးနော်....အစစ်ဟုတ်ရဲ့လား၊ အမေက အစတုန်းက ဒါကိုသောက်တာ၊ နောက် ဆေးပြတ်သွားလို့ ခုတော့ဆယ်ပုလင်းကို တခါထဲဝယ်လာခဲ့တယ်၊ နဲနဲလဲရှော့ပေးလိုက်တယ်၊ ထပ်ဖတ်ပြစမ်းပါအုံး၊ သသံနသံကွဲအောင်ဖတ်ပါ၊ သေသေချာချာမှတ်သွားမှ၊ ကောင်ကလေးက စာသိတ်ဖတ်တတ်သေးတာမဟုတ်လို့  ဖတ်ခိုင်းတာပါ၊ ဖြေးဖြေးလဲဖတ်နော်၊ စာဖတ်မြန်တာကိုလည်း သိတ်ကြွားမနေနဲ့ ”
ကျနော် ဆေးညွှန်းဖတ်ပြနေစဉ်၌ သူ့ မျက်နှာကို ရှေ့ တိုးကာ စူးစိုက်နားထောင်နေသည်။ မသဲကွဲလျင် ပြန်ဖတ်ခိုင်းနေသည်။ သနပ်ခါးပါးပါးလိမ်းထားသော သူ့ မျက်နှာကလေးမှာ ချိုမြစွာပြုံးထားနေသည်။
သူသည် ဆေးပုလင်းများကိုလည်း မကြာမကြာ ထုတ်ကြည့်နေခဲ့သည်။ ဆေးပုလင်းများကို ကိုင်ကြည့်နေစဉ်၌ ပြုံးရိပ်လွှမ်းနေသည့် သူ့ မျက်နှာမှာ တောက်ပနေခဲ့သည်။
အမှန်၌ ဤအပြုံးရိပ်များသည်တခဏအတွက်သာဖြစ်၏။ မကြာမီပင် သူ့ အလိုလို ငြိမ်းသေသွားရပေမည်။
“သူ နာနတ်သီးရောင်းတာ တနေ့ ဘယ်လောက်ကျန်မှာလဲ၊ သုံးလေးကျပ်ပေါ့၊ အဲဒါနဲ့ ဘယ်လိုလုပ် စားသောက်နေလို့ ရမလဲ၊ ဒါဖြင့် ဘာလုပ်မလဲ၊ ဘာလုပ်ရမှာလဲ၊ စိတ်မောစရာတွေပါ၊ ဒီစိတ်မောစရာတွေကို ဘာမှ မတွေးတာကောင်းတယ်”
ကျနော်ကား ပို၍ကြမ်းတမ်းခက်ထန်လာမည့်ရက်များကို စေါင့်နေရင်း ဤရထားကြီးပေါ်၌ လိုက်ပါနေရသည်။ နံနက်ပိုင်းတွင် ညောင်တိုဘူတာလွန်လာလျင် သူတို့ နှင့် ထမင်းလက်ဆုံစားနေမြဲဖြစ်သည်။ ထမင်းတလုပ်ထဲ အတူစားနေရသော်လည်း ဤထမင်းချက်လာခဲ့သည့်ဆန်မှာ သူ့ နာနတ်သီးရောင်းရမြတ်ငွေထဲမှ ခြိုးခြံဝယ်ယူရသည်ကို တွေးမိသည်။ သူ့ ထမင်းထုပ်ထက် တန်ဘိုးပိုများသောဟင်းများကို မိမိက ဝယ်သော်လည်း သူ့ ထမင်းကိုမြိုမကျနိုင်။
နောက်ပိုင်းရက်များတွင် သူ့ ထမင်းများမှာ ဆန်ကွဲရောချက်သော ထမင်းများဖြစ်လာခဲ့ပြီကို ကျနော်သည် သတိမထားသလိုနေလာခဲ့သည်။
ထိုရက်များ၌ ထမင်းစားကြစဉ်တွင် သူသည်ခေါင်းကိုငုံ့ ထားသည်။ မျက်စိမျက်နှာပျက်နေသည်။အခါတိုင်းကလို သူ့ စကားသံများက မကြားရတော့။ တရက်ထက်တရက် ထမင်းဝိုင်းမှာ ပို၍တိတ်ဆိတ်ငြိမ်သက်လာခဲ့သည်။ ထမင်းအတူစားနေရစဉ်၌ ပျော်ရွှင်ကြည်နူးစိတ်များပင် မရှိတော့။ ထမင်းဝိုင်းများမှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်လာနေခဲ့သည်။
“သုံးလွန်းတင်” ထမင်းကို စားရသည့်နေ့ ကမူ ဤထမင်းဝိုင်း၏ငြိမ်သက်နေမှုမှာ စိတ်ထိခိုက်ဖွယ်ရာဖြစ်လာရသည်။
ထမင်းထုပ်ကိုဖြေနေကတည်းက ညိုညို့ လက်ချောင်းကလေးများသည် တဆတ်ဆတ်တုန်နေခဲ့သည်။ သူသည် ကြိုးများကို ခတ်ရွရွဖြေနေခဲ့၏။ ရှက်ရွှံ့ အားငယ်နေသည်။ သူ့ ထမင်းများကို လူအများမမြင်တွေ့ မီ ဤနေရာမှထွက်ပြေးသွားချင်နေသည်။ သူ့ မျက်နှာမှာ ပို၍မှေးမှိန်နေ၏။ ဘာမျှမမြင် ဘာမျှမကြား ကယောင်ကတမ်းဖြစ်နေသလိုပင်။ သူ့ မျက်လုံးအိမ်၌ မျက်ရည်များဝဲလာတော့မည်ထင်ရသည်။
ကျနော်သည်လည်း သူ့ ကိုမကြည့်ပဲ ကျနော်ဝယ်လာခဲ့သည့်ဟင်းထုပ်များကို သွက်သွက်ဖြေချလိုက်၏။ သူ့ အဖေါ်များသည်လည်း သူပို၍ ရှက်ရွံ့ အားငယ်မည်စိုးကြသဖြင့် သူ့ ကိုမကြည့်။
ဆန်ချည့် မချက်နိုင်တော့သဖြင့် ပဲနှင့်ပြောင်းရောကျိုရသည့်ထမင်းကို နှိုက်စားနေရစဉ်တွင်လည်း ကျနော်သည် ဘာမျှမဖြစ်သလို စားနေရသည်။ သူ့ ထမင်းထုပ်အတွင်း၌ အခါတိုင်းပါနေကျ ဟင်းကလေးတခုခုပင် မပါတော့ချေ။
သူသည် ခေါင်းကိုမဖေါ်တော့။ သူ့ မျက်လုံးအိမ်၌ မျက်ရည်များပြည့်နေသည်ကိုဖုံးကွယ်ရန်အတွက် သူသည် ငြုပ်သီးတတောင့်လုံး ဝါးစားနေသည်။
“စပ်လိုက်တာ” ဟု သူက အသံတုန်တုန်ဖြင့်ပြောသည်။
ခေါင်းမေါ့လိုက်သည့်အခိုက်၌ ငရုပ်သီးစပ်သည်နှင့်ရောပြီး သူ့ မျက်လုံးများပေါ်၌ မျက်ရည်များပြည့်လာနေသည်။ ထိုမျက်ရည်များကို ခံစားနားလည်နေသည့် ကျနော့်စိတ်၌မူ ထိခိုက်နာကျင်လာနေသည်။ ကျနော့်စိတ် အာရုံ၌မူ ရထားကြီးခုတ်မေါင်းနေသံသည်လည်း ပျောက်ကွယ်သွားသည်။ ကျနော်မှာ မီးရထားဖက်ဆိုင်ရာ တာဝန်ခံတဦးဟူသော အသိလည်း ပျောက်ကွယ်နေသည်။ ကျနော်သည် အငတ်ဝတ္ထုများကို သတိရနေသည်။
ရွှေဥဒေါင်းပြန်ဆိုသည့် ကိပ္ပတန်ဆင်ကလဲယား၏ “သွေးစုတ်မြေ” ဝတ္ထုထဲမှ အငတ်များကို သတိရလာသည်။
ဂျက်လန်ဒန်၏ “ချောက်ကမ်းပါးကြီးအောက်မှ လူသားများ” ကို တွေးမိလာသည်။ ထိုလူသားများသည် သက်ရှိထင်ရှား လှုပ်ရှားလာကြသည်။ ဖတ်ကောင်းရုံရေးသည့် ဝတ္ထုများမဟုတ်။ ကျနော်သည် ညိုညို့ မျက်နှာကို မမြင်ရက်တော့ပေ။
ကျနော်သည်လည်း ငရုပ်သီးတတောင့်ကိုကောက်ယူကာ ဝါးစားပစ်လိုက်၏။
မျက်ရည်များ ဝဲလာသည်။
“သိပ်စပ်တယ်” ဟု သူ့ ကို ကူပြောလိုက်သည်။
သူသည် ကျနော်က သူ အရှက်ပြေစေရန် ကူပြောသည်ကို ခံစားလိုက်ရပြန်သည်။ ထမင်းကို တွင်တွင်သာ ငုံ့ စားနေသော သူ့ မျက်နှာမှာ ငိုချလိုက်တော့မလား ထင်လာနေရပြန်သည်။
“မထူးတော့ဘူးကွယ် ထန်းညက်တင်တော့၊ တခေါက် ငါးပိဿာလောက်တင်တော့” ဟု ပြောချလိုက်ချင်သည်။
ဤနည်းလမ်းမှတပါး အခြားလည်းမရှိနိုင်။ သူ ထန်းလျက်တင်ဆောင်လာခဲ့ ရလျင်လည်း သူသည်လည်း အခြားဖြူစင်ရိုးသားသောမိန်းခလေးများလို အမဲဖျက်ခံရကာ ရေတိမ်နစ်ကာ မထူးတော့ပြီဟု ဇွတ်နှစ်ကာ ဖါထက်ဆိုးသောဘဝသို့ ကျရောက်သွားရမည်ကိုလည်း မတွေး၍မရ။
ကျနော်သည် သင်းသင်းနှင့် နုတို့ ကိုလှမ်းကြည့်မိ၏။ ဤမိန်းကလေးများမှာ ယောင်္ကျားအရေအတွက် ငါးဆယ်ထက်မနည်းနှင့် အိပ်ခဲ့ရပြီးကို သိနေ၏။ မအေးသွယ်၊ တင်တင်၊ မအေးမြင့်၊ မအေးရွှေ။ ထိုမျက်နှာများနှင့်တကွ အခြားသောမျက်နှာများသည် တခုနှင့်တခု ရောထွေးသွားကြ၏။ သူတို့ ကား ခြောက်ကမ်းပါးကြီးအောက်မှ တစာစာ အော်ခေါ်နေကြသော လူသားများဖြစ်သည်ဟု ခံစားနေရသည်။
Subscribe to:
Post Comments (Atom)
ဝတ္ထုလေးက ကောင်းလိုက်တာ....စိတ်ထဲမှာတော့မကောင်းဘူး..
ReplyDelete