February 19, 2010

မိုးတိတ်တေး


ပြီးခဲ့တဲ့ ရက်ပိုင်းက “မဆုမွန် ဘလော့” ကို သွားလည်တော့ ပြည်တွင်းက လူငယ်တယောက်ရဲ့ကဗျာကို ကျနော်ဖတ်ရတယ်။ သတင်းတွေထဲမှာလည်း “ မြဖက်ရှင်စက်ရုံ” က စက်ချုပ်အလုပ်သမလေးတွေ ထောင်ချီပြီး ထိုင်သပိတ်မှောက်နေကြတာတွေကိုလည်း တွေ့ နေရတယ်။ ကဗျာကိုဖတ် သတင်းတွေကိုဖတ် ပြီးတော့ မိန်းခလေးတွေချည်းပဲ အလုပ်သမားအခွင့်အရေးတောင်းနေတဲ့စက်ရုံဆီ တန်းစီပြီးချီတက်လာကြတဲ့ လုံထိန်းကား၊ မီးသတ်ကားတွေ..ဒါတွေကိုတွေ့ တော့ ကျနော် မခံစားနိုင်ဘူးလေ။ ဓါတ်ပုံတွေထဲမှာ ကိုယ့်သားသမီးအရွယ်ခလေးမလေးတွေ တချို့ များ ထမင်းချိုင့်လေးတွေ ဘေးမှာချလို့ ။ ကျနော် အရမ်းစိတ်ပူမိတယ်။ ပစ်လားခတ်လားလုပ်လာရင်...။

ဒီတပွဲမှာတော့ အခုအချိန်အထိ စစ်အစိုးရက အကြမ်းမဖက်သေးဘူး။ အလုပ်သမားတွေဖက်ကလည်း သပိတ်တွေကို အရှိန်မသေသေးဘူး။ ကျနော် စိတ်ပူတယ်။

ဒါပေမယ့် ကိုယ်ဘာလုပ်နိုင်သလဲဆိုတော့လည်း လက်တွေ့ ကျတဲ့အလုပ် ဘာတခုမှမလုပ်နိုင်လို့ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်တယ်။ တခုတော့ရှိတာပေါ့လေ။ ဒီအတိုင်းတော့ကျနော် မနေနိုင်ပါဘူး။ ကိုယ်လုပ်ရဲတာ ကိုယ်လုပ်နိုင်တာလောက်တော့ လုပ်ရလိမ့်မယ်ဆိုပြီး စက်ချုပ်အလုပ်သမလေးတွေကို ဂုဏ်ပြုအားပေးရာရောက်နိုင်ကောင်းရဲ့ဆိုတဲ့စိတ်နဲ့ ကဗျာတပုဒ် အချိန်မီအသံလွှင့်နိုင်ဖို့ တာဝန်ရှိသူဆီခွင့်တောင်းပြီး အသံလွှင့်နိုင်အောင်ကြိုးစားခဲ့ရတယ်။

ဒီကနေ့ တော့ ကျနော်နှစ်သက်ခဲ့ရတဲ့ မိုဃ်းဇော်ရဲ့ ကဗျာလေးတပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဒီကဗျာဟာ မြဖက်ရှင်စက်ချုပ်စက်ရုံက အလုပ်သမလေးတွေနဲ့ တကွ သပိတ်တိုက်ပွဲဆင်နေကြရတဲ့ အလုပ်သမားအားလုံးကို ဂုဏ်ပြုအားပေးလိုက်တဲ့သဘောနဲ့ တင်လိုက်တာပါပဲ။
မှောင်လွန်းတဲ့ ရက်တွေ အမြန်ကုန်ဆုံးပါစေလို့ လည်း ဆုတောင်းမိပါတယ်။

မိုးတိတ်တေး

အထည်ချုပ်စက်ရုံကြီးထဲက
ချည်မွေးညှပ် ကောင်မလေးရေ
မင်းရဲ့ မြွေရေခွံအိတ်အဟောင်းလေးထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထမီ တပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ်အထပ်ထပ် ဆင်မြန်းရှာခဲ့၇
သမ္မာအာဇီဝဆိုတာ
စကားလုံးအားဖြင့် လှပါရဲ့
ပရိုတိန်းတော့ ကြွယ်ဝလိမ့်မယ် မဟုတ်ဘူး။

နတ်ပြည်ခြောက်ထပ်အဝေး
ရွှေမြို့ တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့လယ်ကွင်းတွေကို မင်းထားခဲ့တယ်
တဘဝလုံး ပတ်ကြားအက်နေတဲ့
တောသူတောင်သား မိဘမောင်ဘွားတွေကို
မင်းထားခဲ့တယ်
ထနောင်းပင်၊ ထန်းမြစ်နဲ့ 
သဲထဲရေသွန်နေ့ ရက်တွေကို
မင်းထားခဲ့တယ်။

မင်းကတော့
အတောင်အလက်မစုံလင်ပဲ
တောင်ဒဂုံ စက်မှုဇုံထဲမှာ
ဒဏ်ရာရ ငှက်ကလေးတကောင်လို တုန်ရင်လို့ 
ကြုံလှီဖျော့တော့
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့ 
သံမဏိကြိုးတချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆံလို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ် မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ အနိဌါရုံချည့်ပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ 
ပျော်စရာသီချင်းသံတွေလည်း ရှိတယ်ကွယ့်
အဲဒီ အခါကျ
မင်းဟာ သားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အိပ်မက်ကို ပခက်လွှဲရင်း
လောကကို နို့ ချိုတိုက်ကျွေးခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့။

အခုလို
မိုးပြိုချိန်မှာတော့
ဒုက္ခကို သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကကို ကကြိုးဆင်ရင်း မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို
မင်းယုံကြည်လိုက်ပါ
ရှင်နေမင်းဟာ
ငါတို့ ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ...။ ။

မိုဃ်းဇော်
(မိုဃ်းဇော် ရဲ့ မိုးတိတ်တေး ကဗျာစာအုပ်မှ)



No comments:

Post a Comment