June 10, 2010

စစ်ပြေးလမ်းပေါ်က ဦးတည်ရာမဲ့ ခြေလှမ်းများ


                   (၁)
                   နံနက်ခင်း
                   ပြတင်းကို ဖွင့်လျင်
                   တောင်ကိုမြင်ရမယ်
                   တောင်ထိပ်မှာ ဂန္ထဝင်ဆန်တဲ့မြူခိုးတွေ
                   တနွဲ့ နွဲ့ ခွေရစ်
                   ရိုမန်းတစ် ကဗျာ...။
                             (ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ ကဗျာမှ...)

          ၁၉၉၅ ခု၊ ဇန္နဝါရီလ၊ ၂၃ ရက်၊ တနင်္လာနေ့ …။
ပဟေလူချောင်းထဲ စက်လှေဝင်လာတော့ ချောင်းကမ်းနှစ်ဖက်ကုန်းပေါ်က မြင်ကွင်းမှာ တကယ့်ကို စိတ်မ ချမ်းမြေ့စရာဖြစ်နေခဲ့၏။ ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ စစ်နဲ့ ငြိမ်းချမ်းရေးစာအုပ်ထဲက စစ်ပွဲတခုပြီးစ မြင်ကွင်းကို ချက်ချင်းသတိရမိသည်။ချောင်းကမ်းနှစ်ဖက်က စစ်ပြေးလူတန်းကြီးမှာ မျက်စေ့တဆုံးရှိနေသည်။
         
မာနယ်ပလောရဲ့ အနောက်မြောက်ဒေါင့် ဆင်ဖြူတောင်ဘက်ဆီက လက်နက်ကြီးပစ်သံများ မနက်မိုး လင်းကတည်းက ကြားနေရသည်။ လက်နက်ကြီးပေါက်ကွဲသံများက စစ်ပြေးးဒုက္ခသည်တို့ ၏ ခြေလှမ်းများကို ပိုပြီးမြန်စေခဲ့၏။
စက်လှေက ပဟေလူချောင်းထဲဝင်လာခဲ့ပြီ။ ချောင်းထဲတွင် တခြားစက်လှေတချို့ စက်ရှိန်ပြင်းပြင်း မောင်းနေ ကြလျက်။ စက်လှေများရဲ့အရှိန်ကြောင့် ရေလှိုင်းများက ကမ်းနှစ်ဖက်ဆီ ခေါင်းတထောင်ထောင်နှင့် ပြေးသွားလျက်။ ရေလှိုင်းတခုနှင့်တခု တိုးတိုက်မိသောအခါ ရေလှိုင်းများက ပိုမိုဒေါသူပုန်ထလျက်။ ခတ်လှမ်းလှမ်းရောက်တော့ စက်လှေပေါ်ကတဆင့် မာနယ်ပလောရဲ့ကြောဘက် “ဘောနော်လေးတောင်” ကြီးကို လှမ်းကြည့်မိသည်။ ကျနော့်စိတ်ထဲ ကြေကွဲသွား ရ၏။ဝါဂွမ်းဆိုင်တိမ်မျှင် တခုနှစ်ခု။ အပြာရောင်နောက်ခံကောင်းကင်နှင့်။ ခန့် ညားလှပစွာဆီးမိုးနေသည့် ဘောနော်လေးတောင်ကြီးကို ကျနော် ကြာရှည်မကြည့်နိုင်ပါ။ တချိန်တုန်းကမူ မာနယ်ပလောတခွင် ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် ဘောနော်လေးတောင်ကြီးကို ကျနော် မေါ့ကြည့်တတ်ခဲ့၏။ ဘောနော်လေးတောင်ကြီးနှင့် စိတ်ချင်းဆက်သွယ်နေခဲ့ဖူးသည်။ ကဗျာတွေရေးခဲ့ဖူးသည်။ အထူးသဖြင့်“ ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ ” ကို ကျနော် ဘယ်တော့မှ မမေ့။အခုတော့ ဘောနော်လေးတောင်ကြီးကို ကျနော်တို့  ခွဲခွါလာခဲ့ရပြီ။ မာနယ်ပလောမှ ကျနော်တို့ ဆုတ်ခွါကြရပြီ။
မနေ့ ညနေပိုင်းက မာနယ်ပလောနှင့်မျက်စေါင်းထိုး သောင်ရင်းမြစ်တဖက်ကမ်းံတောင် ကြော တခု၏အောက်ခြေတွင် ကျနော် တညအိပ်ခဲ့ရသည်။ တောင်ကြောကိုကျော်လျင် ပဟေလူရွာကို ရောက် မည်ဟုဆိုကာ စက်လှေဆရာက ထိုနေရာသို့ ကျနော်နှင့်ပစ္စည်းများကို ပို့ ထားခဲ့ခြင်းဖြစ်သည်။ သို့ သော် သည်ကနေ့ မနက်ရောက်တော့ မာနယ်ပလောမှ ပြန်ရောက်လာကြသည့် ကွယ်သာထူးတို့ နှင့် တိုင်ပင်ရသည်။ ရှိနေသည့်ပစ္စည်းအနေအထားနှင့် ကျနော်တို့ သုံးယောက် ပစ္စည်းတွေထမ်းပိုးပြီး တောင်ကြောပေါ်ကျော်ဖို့ ရာ မဖြစ်နိုင်။ ထို့ ကြောင့် တောင်ကျောပေါ်ကျော်ပြီးပဟေလူရွာရောက်ဖို့ နည်းလမ်းကို လက်လျှော့လိုက်ကြရ၏။ မတတ်သာသည့်အဆုံး မာနယ်ပလောသို့ ပြန်ကာ အမကြီးနမ်းးကျင်ရွှေထံ စက်လှေအကူအညီတောင်းရပြန်သည်။ နေ့ လည်ပိုင်းရောက်တော့ စက်လှေတစီးရသည်။တောင်ကြောအောက် ချထားသော ပစ္စည်းများနှင့်အတူ သောင် ရင်းမြစ်ထဲမှတဆင့် ပဟေလူချောင်းထဲ ကွေ့ ပတ်ပြီး ဝင်လာခဲ့ကြသည်။
          ပဟေလူချောင်းကမ်းနှစ်ဘက် ကုန်းပေါ်ကမြင်ကွင်းက တနံတလျား။ လူတန်းရှည် တမျှော်တခေါ်ကြီးကို ကြည့်လာခဲ့သည်။ စက်လှေ ဆရာ အပါအဝင် ကျနော်တို့ လေးယောက်(ကျောင်းသားတပ်မတော် ကိုမိုးသီးအဖွဲ့ မှ ဗဟိုကော်မီတီဝင် ကိုမင်းမင်း-သူက လမ်းကြုံသဖြင့် အတူလိုက်ပါလာခြင်းဖြစ်သည်။ ကွယ်သာထူး ၊ ကိုမောင်ဟန်နှင့် ကျနော်) စက်လှေပေါ်တွင် မတိုင် ပင်ရပဲ ငြိမ်ချက်သားကောင်းနေခဲ့ကြသည်။
ချောင်းက ကွေ့ လွန်းသဖြင့် စက်လှေက ဟိုဖက်ကမ်းနှင့်သည်ဖက်ကမ်း တလှည့်စီ ကပ်သွားနေ၏။လူတွေ လူတွေ အထုပ်အပိုးကိုယ်စီဖြင့်။ ပဟေလူနှင့် ဖွေးပေါလူရွာဘက် ဦးတည်ပြီး တရွေ့ ရွေ့ သွားနေ၏။ တချို့ က  လမ်ဘေးကသစ်ပင်များအောက် လူစု လူဝေးနှင့်ထိုင်နေကြ နားနေကြသည်။ နံနက်ခင်း နေ ရောင်ခြည်တစေါင်းထိုးထားသဖြင့် ဖွေးပေါလူရွာဘက်ကမ်း မြင် ကွင်းက ပိုပြီး ထင်ထင်ရှားရှားတွေ့ နေရ၏။ သစ် ပင် များ လူအုပ်များကြားတွင် ကားကလေးသုံးစီးက မြင်ကွင်း ထဲဝင်လာလိုက် ပျောက်သွားလိုက်။ ကားနောက်က လိုက်လာနေသည့် ဖုံလုံးများက ကောင်းကင်ကို မီးခိုးတန်းပမာ တက်လာနေ၏။ ဤကားကလေးသုံးစီးမှာ ကေအမ်ယူမှ ကားကလေးများဖြစ်မည်မှာ သေချာသည်။ မာနယ်ပလောမှ ဆုတ်ခွါလာသူများကို အခေါက် ခေါက်အခါခါ သယ်ပိုးပို့ ဆောင်နေခြင်းဖြစ်မည်။ အထူးသဖြင့် ဖွေးပေါလူရွာဘက် ကမ်းတွင် စစ်ပြေးဒုက္ခသည်များ ပိုမိုများပြားသည်ကို တွေ့ နေရသည်။ ထိုဘက်ကမ်းတွင် ကေအမ်ယူက ဖေါက် ထားသည့် ကားလမ်းလည်း ရှိနေသည်။ လူတွေက သံလွင်မြစ်ကိုကူးကာ ဤကားလမ်းအတိုင်း ဖွေးပေါလူ ရွာဆီထွက်ခွါလာကြခြင်းဖြစ်သည်။ ပဟေလူရွာဘက်ကမ်းတွင်မူ ကားလမ်းမရှိ။ ချောင်းဘေးအတိုင်း လူသွား လမ်းသာရှိသည်။ ထို့ ကြောင့် ကမ်းပေါ်တွင် လူသိတ်မများ။ သို့ သော် လူတန်းကြီးမှာ မျက်စေ့တဆုံးတော့ ရှိသည်။
သောင်ရင်းမြစ်အနောက်ဖက်ကမ်းတွင် ကျန်နေရစ်ခဲ့သည့် မာနယ်ပလောကို လှမ်းကြည့်တော့ နေရာကျဲကျဲ မီးခိုးများ တလူလူ ဝေ့ပြီး တက်လာနေသည်ကို တွေ့ နေရ၏။မာနယ်ပလောရဲ့ အဓိကအဆောက်အဦးများကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ရန် အဖွဲ့ အစည်းတိုင်းက အမိန့် ထုတ်ထားသည်ကိုတော့ ကြားခဲ့သည်။ သို့ သော် ကျနော်ကတော့ ရွှေဗဟိုစည်စတူဒီယိုကို မီးရှို့ ချိန်ပင် မရခဲ့ပါ။ ကျနော်တို့ နှင့်ကပ်လျက် ဝန်ကြီးများရုံးကိုလည်း မီးရှို့ သည်ကို မတွေ့ ခဲ့ရသေးပါ။ တချို့ သောအဆောက်အဦးများကိုမူ မိုင်းများလျှို့ ဝှက်စွာ ကပ်ထားခဲ့ကြသည်ဟု ကျနော်ကြားခဲ့သည်။
          မာနယ်ပလော ခုခံစစ်အခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ရဲဘော်တချို့  ရှေ့ တန်းသို့ ထွက်သွားကြရသည်။ သူတို့ က ကေအမ်ယူရဲဘော်များ၊ ကျောင်းသားတပ်မတော်နှင့် အခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းအသီးသီးမှ ရဲဘော်များနှင့်အတူတွဲကာ ခံစစ် စည်း ကြောင်း တော င်ကုန်းများတွင် နေရာယူကြရမည်ဖြစ်သည်။ သို့ သော် ထိုးစစ်အတွက်မဟုတ်ပဲ ခံစစ် သဘော သာဖြစ်သည်။ မာနယ်ပလောတွင်ရှိသည့် တော်လှန်ရေးအင်အားစုများ ထိုင်းနိုင်ငံဘက်ကမ်းသို့ ဆုပ်ခွါချိန်ရနိုင်ရေးအတွက် ရန်သူကို ဟန့် တားထားနိုင်ဖို့ အတွက်သာဖြစ်သည်။ သူတို့ အတွက် ကျနော် စိုးရိမ်နေမိသည်။ကျနော်တို့ ရဲဘော်များ အခုလိုရှေ့ တန်းသို့ ထွက်ခွါရသည်ကို ကျနော်က သတင်းသာကြားလိုက်ရသည်။ မည်သူတွေပါသွားသည်ကိုမူ အတိအကျမသိ။ ကျနော်က ဌါနချုပ်တွင်နေသူမဟုတ်။ ဌါနချုပ်နှင့် အနည်းငယ်လှမ်းသည့် ရွှေဗဟိုစည်စတူဒီယိုတွင် တာဝန်အရသွားနေရသူဖြစ်သည်။ သို့ သော် ရဲဘော်ဆယ်ပြား၊ အရှည်ကြီး၊ ရဲဘော်ကွမ်းသီးတို့ တော့ ပါသွားလိမ့်မည်ကို အတတ်သိနေသည်။ အခုတော့ ကျန် ဌါနချုပ်ရဲဘော်များ အားလုံး ထိုင်းနိုင်ငံထဲ ဆုတ်လာခဲ့ကြပြီ။ ခုခံစစ် စည်းကြောင်းပေါ်က ရဲဘော်များက ပြန်ဆုတ်မလာနိုင်သေး။ ရဲဘော်တွေ ခလုပ်မထိ ဆူးမငြိပဲ မကြာခင်ပြန်ဆုတ်လာနိုင်ကောင်းရဲ့ဟု စိတ်ထဲက မျှော်လင့်ဆုတောင်းလိုက်မိသည်။
စက်လှေပေါ်တွင်လိုက်ပါလာရင်း အနာဂါတ်ခရီးအတွက် စဉ်းစားမိပြန်သည်။ စဉ်းစားသည်ဆိုရုံမျှ တကယ့်ကို ဆိုရုံမျှသာပါ။ ခိုင်မာသည့် ရေရာသည့်အခြေခံတခုခုအပေါ်မှာ မူတည်ပြီးမှ စဉ်းစားခြင်းမျိုးတော့ လုံးဝမဟုတ်ပါ။ အဲ သလိုစဉ်းစားခြင်းမျိုးကိုလည်း စဉ်းစားနိုင်ဖို့ ရာ မဖြစ်နိုင်ပါ။ လက်ရှိကိုယ့်အခြေအနေကလည်း အဲသလိုခိုင်မာသည့် စဉ်းစားခြင်းမျိုးကို ခွင့်မပြုပါ။ ဥပမာ ယခု ကျနော်သွားနေသည့်လမ်းခရီးသည် ဘယ်ကိုဦးတည်ပြီး သွားနေသည်၊ ဘယ်နေရာတွင် ရပ်တန့် လိုက်ရမည်ဆိုသည့် ခိုင်မာသည့် ရည်ရွယ်သတ်မှတ်ချက် မရှိပါ။ သူများနည်းတူ ကျနော်တို့  မာနယ်ပလောမှ ဆုတ်ခွါလာခဲ့ကြသည်။ ပဟေလူနှင့် ဖွေးပေါလူရွာဘက်သို့ ဦးတည်ကာ ထိုင်းနိုင်ငံထဲ သူများနည်းတူ ဝင်လာ ခဲ့ကြသည်။( ယင်း ရွာနှစ်ရွာသည်ပင် ထိုင်းနိုင်ငံအတွင်း ထိုင်းတို့ က တရားဝင်ခွင့်ပြုချက်ဖြင့် တည်ထားသော ရွာများ ဟုတ်ဟန်မတူပါ။ ကေအမ်ယူက မိမိအစီစဉ်နှင့်မိမိ၊ မာနယ်ပလောနှင့်မလှမ်းမကမ်း ထိုင်းနိုင်ငံနယ်စပ် တော တွင်းတနေရာတွင် ရွာတည်ထားခြင်းသာဖြစ်သည်ဟု ယူဆရပါသည်။ ကံအားလျော်စွာ ထိုင်းတို့ ၏ နယ်စပ် ကျေး ရွာ များ၊ နယ်စပ်ဒေသကားလမ်းများနှင့်လည်း တစုံတရာ အလှမ်းဝေးသော ချောင်ကျသော နေရာတနေရာ ဖြစ် သည်။ကေအမ်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြအပါအဝင် ကေအမ်ယူခေါင်းဆောင်များ၏မိသားစုများမှာ ယင်း ရွာနှစ်ရွာတွင် နေထိုင်ခဲ့ကြပါသည်။)
မိမိကိုယ်မိမိ ယုံကြည်စွာလုပ်ကိုင်နေသည့်အချက်မှာ ကျနော်တို့ ၏စတူဒီယိုမှ အသံလွင့်အစီစဉ်များ အသံတိတ်မသွားစေရေးပင်ဖြစ်သည်။ ပြေးရင်းလွှားရင်း သယ်ရင်းပိုးရင်း ပုန်းရင်းရှောင်ရင်း ကျနော့်စတူဒီယိုမှ အသံလွှင့်အစီစဉ်များကို ဖြစ်သည့်နည်းနှင့် အသံသွင်းယူကာ အော်စလိုသို့ အသံသွင်းတိတ်ခွေများ ပို့ ပေးနိုင်ရေးဖြစ်သည်။ ထို့ ကြောင့် ကျနော့်မှာ သည်ကနေ့ တော့ တနေရာရာတွင် ခေတ္တခိုအောင်းရင်း မာနနယ်ပလော၏နောက်ဆုံးအခြေအနေများကို အသံသွင်းယူဖို့ ရန်သာ စိတ်စေါနေမိသည်။သို့ သော်ဤတာဝန်မှာ လတ်တလောတာဝန်သာဖြစ်သည်။ကျနော်တို့ ၏အနာဂါတ်ခရီးမှာမူ  မှုန်ဝါးလွန်းနေ၏။
          စက်လှေက ပဟေလူရွာဖက်ကမ်းတနေရာတွင် ထိုးဆိုက်လိုက်သည်။ ကျနော်က ကမ်းပေါ်ကိုခုန်ဆင်းကာ စက် လှေကြိုးကို ဆွဲထားသည်။ကျန်သူများက ပစ္စည်းများချသည်။ ပစ္စည်းများကို လူတချို့ က ပြေးလာပြီး ကူချ ပေးသည်။ အနားတွင် လာရပ်သူကို ကြည့်တော့ ကိုဌေးဝင်းဖြစ်နေသည်။ သူက ကျနော်နှင့်ပါတီတခုတည်းကရဲဘော်။ ထိုအခါကြမှ ပတ်ဝန်းကျင်က လူများကို လိုက်ကြည့်မိသည်။ လူတချို့ က ကျနော်တို့ ကို လှမ်းကြည့်နေကြသည်။ တချို့ မြေကြီးပေါ်တွင် ဖြစ်သလို ဖြာများ စေါင်များခင်းကာ ထိုင်နေအိပ်နေကြသည်။ တချို့ က ပုံထားသည့်ပစ္စည်းပုံများအနီး ခြုံပုတ်များဘေးတွင် ထမင်းချက်နေကြသည်။ သူတို့ အားလုံးလိုလို ကျနော် သိသူများချည်းဖြစ်နေသဖြင့် စိတ်ထဲအားရှိသွားရ၏။
          “ ဘယ်လိုလဲ ကိုငြိမ်းဝေကြီး၊ ဘောနော်လေးရဲ့ မူးယစ်ရီဝေတဲ့ စိမ်းလန်းရေးဆည်းဆာတွေကိုကော ထုပ်ပိုးလာနိုင်ခဲ့ရဲ့လား ”
          အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဗဟိုဌါနချုပ်ရုံး တာဝန်ခံ ကိုကိုနိုင်က ကျနော့်ကို မချိုမချဉ်မျက်နှာထားနှင့်ကြည့်နေသည်။ သူက ဒေါင်းအိုးဝေစာစေါင်တွင် ကျနော်ရေးခဲ့သော ကဗျာတပုဒ်၏ခေါင်းစဉ်ကိုယူပြီး နောက်ပြောင်လိုက်ခြင်းဖြစ်သည်။ သူက ကျနော့်လိုပင် ကဗျာချစ်သူတစ်ဦး။
“ ဘယ်ကလာဗျာ ကိုယ်တောင် ပုဆိုးပါအောင် မနည်းဆွဲပြေးခဲ့ရတာ ”  
ထိုစဉ် ကျနော့်အနားလာရပ်လိုက်သည့်လူကို ကျနော်ကြည့်သည်။ ကိုဌေးဝင်းဖြစ်နေသည်။ သူ့ ကိုတွေ့ တော့
သူ့ ဇနီးမဌေးဝင်းကို ကျနော်သတိရသွားသည်။ ကျနော်တို့ မနက်စာပင် မစားကြရသေး။ ညနေစာချက်ပြီး မနက်စာညစာပေါင်းစားရန်စိတ်ကူးသည်။ မဌေးဝင်းကို အကူအညီတောင်းရမည်။
          “ ကိုဌေးဝင်း မဌေးကောဒီမှာပဲလား၊ ခင်ဗျားတို့ ထမင်းချက်ပြီးကြပြီလား၊ ကျနော် မဌေးကို အကူအညီတောင်းမလို့ ”
          “ ချက်ပြီးတာ ကြာပြီ၊ ကျုပ်တို့ က မနေ့ ညနေကတည်းက ရောက်နေတာ၊ ဘာအကူအညီတောင်းမှာလဲဗျ”
          “ အော် သူ့ ဆီမှာ ဟင်းချက်စရာတခုခုများ ပါလာသေးလားလို့ ၊ ကျနော် ဝယ်မှာပေါ့”
          “ အေးလေ ပြောလေ၊ ငါးသေတ္တာယူမလား၊ ငါးခြောက်ယူမလား၊ ရှိတယ် ”
          စက်လှေပေါ်က ပစ္စည်းများချနေရင်းက ကိုဌေးဝင်းထံ ကျနော် ဈေးဝယ်သည်။ ကံအားလျော်စွာ ကိုဌေးဝင်း မဌေးဝင်းတို့ လင်မယားနှစ်ယောက်ဆီက ကြက်တစ်ကောင်ဝယ်လို့ ရလိုက်၏။ ချောင်းစပ်ခြုံဘေးတွင်ပင် ထမင်းချက်ရန်ပြင်သည်။ ပင်ပမ်းနေကြပြီဖြစ်သည့် ကျနော့်ရဲဘော်များကို ကြက်သားဟင်းနှင့်ထမင်းကျွေးချင်သည်။
ကွယ်သာထူးနှင့် ကိုမောင်ဟန်တို့ က ကြုံရာစက်လှေနှင့် မာနယ်ပလောဖက်ပြန်လိုက်သွားကြပြန်သည်။ အမကြီးနမ်းကျင်ရွှေထံအကူအညီထပ်တောင်းပြီး စက်လှေမနိုင်လို့ ချန်ထားခဲ့ရသည့် တရုပ်နီမီးစက်ကြီးကို ပြန်ယူမည်ဟုဆိုကာ ထွက်သွားကြခြင်းဖြစ်သည်။ သူတို့ ကို ကျနော်က ပြန်မသွားရန်ပြောသေးသည်။ သူတို့ နှစ်ယောက်က ပြောလို့ မရ။ အချိန်ရှိသေးသည်။ နေ့ ချင်းပြန်လာနိုင်အောင်ကြိုးစားမည်။ မီးစက်ကြီးကို မရရအောင် သယ်ခဲ့ကြမည်။ ဒီမီးစက်ကြီးကိုတော့ ရန်သူ့ ထံ ဒီအတိုင်း ပေးမထားနိုင်ဘူးဟု ဆိုသည်။ ကျနော်ကမူ အချိန်တွေ အရမ်းနည်းနေပြီ။ ရန်သူက အချိန်မရွေးရောက်လာနိုင်သည်။ ထို့ ကြောင့် သူတို့ အတွက်စိုးရိမ်သည်။ ပြီးတော့ သူတို့ လည်း ပင်ပမ်းလွန်းလှပြီ။ သို့ သော် သူတို့ ကို ကျနော်ပြောလို့ တားလို့ မရပါ။ လူတကာ သည်လိုပဲ သွားလိုက်ပြန်လိုက်လုပ်ပြီး ပစ္စည်းတွေသယ်နေကြတုန်း။ အချိန်ရှိနေသေးသည်။ ပြီးတော့ ဒီမီးစက်ကြီးနဲ့ ဆိုရင် အလုပ်တွေထိထိရောက်ရောက် ပိုပြီးလုပ်နိုင်သည်။ သူတို့ နှစ်ယောက် စက်လှေတစ်စီးပေါ်တက်ကာ လိုက်ပါသွားတော့ ကမ်းပေါ်တွင်ကျန်နေသူတချို့ က တဟေးဟေးတဟားဟားနှင့် ဝိုင်းဝန်းအားပေးကြသည်။ သူတို့ ကလည်း စက်လှေပေါ်ကတဆင့် လက်တပြပြနှင့်ပါသွားကြ၏။ သူတို့ နှစ်ယောက် စက်လှေပေါ်တက်ကာနီးကြကာမှ ကွယ်သာထူးထံကပ်ကာ မှာစရာရှိသည့်စကား ကျနော်ပြောသည်။ အကယ်၍ မီးစက်ကြီးကို ကိုယ်က သယ်ဖို့ အတွက် အခြေအနေမပေးပါက သယ်နိုင်ယူနိုင်သည့် အခြားဘယ်အဖွဲ့ အစည်းကပုဂ္ဂိုလ်ကိုမဆို ပေးပစ်ခဲ့ဖို့ သို့ မဟုတ် ယူမယ့်သူမရှိ သယ်နိုင်သူမရှိဟု ယူဆပါက ချထားသည့် သောင်ရင်းမြစ်ကမ်းနားမှာပင် မီးရှို့ ဖျက်ဆီးပစ်ခဲ့ဖို့ မှာလိုက်ရ၏။သည်လိုမီးစက်ကြီးကိုတော့ ရန်သူ့ ထံအကောင်းပကတိ မအပ်နှံနိုင်ပါ။
          သူတို့ နှစ်ဦး စိတ်ထက်သန်လွန်းနေ၍သာ ခွင့်ပြုလိုက်ရပေသည့် ကျနော့်စိတ်ထဲ မီးစက်ကြီးကို အချိန်မီသယ်ယူလာဖို့ ရန် အခြေအနေမပေးတော့ဟု အခိုင်အမာယူဆနေမိသည်။
         
          (၂)
          မနက်မိုးလင်းတော့ ကွယ်သာထူးနှင့် ကိုမောင်ဟန်တို့ ပြန်ရောက်လာကြသည်။သူတို့ ရောက်လာလာချင်း ချောင်းတဖက်ကမ်းကိုကူးဖို့ ပြင်ဆင်ကြရသည်။ သူတို့ ပြန်မရောက်လာခင် နာရီပိုင်းလောက်က ပဟေလူရွာပေါ်တက်ပြီး အခြေအနေကြည့်သည်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောင်နယ်မြေ) ရဲဘော်များ တည်းခိုနေရာကို သွားကြည့်ခြင်းဖြစ်သည်။
          ချောင်းကမ်းစပ်နှင့် မနီးမဝေး အိမ်တချို့ ကြားမှဖြတ်ကာ ကုန်းမို့ မို့ပေါ်တက်လာခဲ့သည်။ တောင်ကြားလိုလို ရှိုလိုလိုနေရာတခုအရောက်တွင် တဲတလုံးကို လူတွေအပြည့်တွေ့ ရသည်။ တဲရှေ့ ကုန်းပေါ်တွင်မလည်း လူတွေပြည့်နေသည်။ ပစ္စည်းများက တဲရှေ့ နှင့်တဲအောက်တွင် တောင်လိုပုံနေသည်။ ရဲဘော်များက ကျနော့်ကိုတွေ့ သည့်တိုင် မည်သူမျှတက်တက်ကြွကြွ နှုတ်မဆက်နိုင်ကြ။ ပင်ပမ်းခြင်း အိပ်ရေးမဝခြင်းများကြောင့်ဖြစ်ဟန်တူပါသည်။ မည်သူမျှ လန်းလန်းဆန်းဆန်းမရှိကြ။ တချို့ ရဲဘော်များက မြေကြီးပေါ် သည်အတိုင်း အခင်းမပါလှဲအိပ်နေ၏။ တဲပေါ်တွင်မူ လူသုံးလေးယောက်သာရှိသည်။ တဲကလည်း ယိုင်နဲ့ နေ၏။ ပစ္စည်းပုံများနောက်တွင် တဲနှင့်မှီပြီး ထောင်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကြီးကို တွေ့ ရသည်။ ပန်းချီဆရာ ယမဒေါအောင်စိန် ရေးဆွဲထားသည့် ခွပ်ဒေါင်းနောက်ခံ ပန်းချီကားကြီးဖြစ်သည်။ ရဲဘော်တွေက ပန်းချီကားကြီးကို ထားမပစ်ခဲ့ကြ။သောင်ရင်းမြစ်ကိုကျော်ကာ သည်အထိ သယ်လာခဲ့ကြသည်။ ကျနော်က မည်သူ့ ကိုမျှစကားမပြောသေးပဲ လက်နက်ကြီးပစ်သံများကို နားစွင့်ရင်း ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကြီကို ရပ်ကြည့်နေမိသေးသည်။
          “ ကိုငြိမ်းဝေကြီး ဘာလာလုပ်တာလဲ၊ ခင်ဗျားရဲဘော်တွေကော၊ ကျနော်တို့ တော့ ဟိုဘက်ကမ်းကူးတော့မယ်၊ ဒီမှာက မလုံခြုံဘူး၊ ရွာခံတွေတောင် တယောက်မှမရှိတော့သလောက်ပဲ၊ ခင်ဗျားလည်း လုပ်လေ”
          ဌါနချုပ်ရုံးတာဝန်ခံ ကိုကိုနိုင်က တဲကလေးပေါ်ကတဆင့် ကျနော့်လှမ်းနှုတ်ဆက်သည်။ သူ က အဝတ်အစားဘိုသီဘတ်သီနှင့် တဲကလေးပေါ်က ဆင်းလိုက်သည်။ သူပြောတာ မှန်သည်ဟု ကျနော်ယူဆသည်။ ကမ်းနားလမ်းတလျောက် တွေ့ သမျှလူတိုင်းက ချောင်းတဖက်ကမ်းကူးဖို့ ကိုသာ ပြောနေကြသည်။ အိမ်ကြိုအိမ်ကြားက ထွက်လာသမျှ အထုပ်အပိုးကိုယ်စီနှင့်လူတွေကလည်း ဟိုဖက်ကမ်းကူးဖို့ ကိုသာ ပြောလာကြသည်။ ကျနော်က ကိုကိုနိုင်ကို နှုတ်ဆက်ကာ ပြန်နောက်ဆုပ်လာခဲ့သည်။ ပစ္စည်းများစုပုံချထားရာ ကမ်းနားကိုဆင်းလာခဲ့သည်။ပစ္စည်းပုံဘေးတွင် ကိုမင်းမင်းက ခြေပစ်လက်ပစ်ထိုင်နေ၏။ ကျနော်တို့ နှင့်မလှမ်းမကမ်းက ကိုဌေးဝင်းတို့ လင်မယားကိုမူ ပစ္စည်းကောလူပါ မတွေ့ ရတော့။
          ပဟေလူချောင်း ဟိုဘက်ကမ်း သည်ဘက်ကမ်း လူတွေအပြည့်ဖြစ်နေသည်။ အထူးသဖြင့် ကမ်းနှစ်ဘက်လှေဆိပ်တွင် လူတွေထောင်ချီပြီးရှိနေသည်။ မာနယ်ပလောခွင်ဆီက လက်နက်ကြီးပေါက်ကွဲသံများ ကြိုကြားကြိုကြား ကြားနေရသည်။ စက်လှေတွေက လူတွေ ပစ္စည်းတွေအပြည့်အမေါက်တင်ကာ ဥဒဟိုသွားနေသည်။ ကမ်းနှစ်ဖက် သောင်ပြင်ပေါ်တွင် စုပုံထားသောပစ္စည်များ၊ ထိုင်နေ သွားနေသော လူအုပ်များမှာ မျက်စေ့တဆုံး။ စက်လှေများက အဆင်ပြေရာ ချောင်းကမ်းများတွင် ထိုးဆိုက်လိုက်ကြသည်။ ကမ်းပေါ်က လူသွားလမ်းပေါ်တွင်လည်း လူတွေ တန်းစီပြီးသွားနေကြသည်။ ဖွေးပေါလူရွာဘက်ကမ်း ကုန်းပေါ်တွင် ဖုံလုံးများ ဝေ့တက်လာနေသည်။
          သောင်ပြင်ပေါ်ဆင်းလိုက်တော့ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ရဲဘော်တချို့ နှင့်တွေ့ သည်။ သူတို့ ဆီက ကြားရသည့်သတင်းက သိတ်မကောင်းလှ။ ထိုင်းနယ်ခြားစေါင့်တပ်များက ဖွေးပေါ လူရွာ နောက်ဖေး ကွက်လပ်တွင် ရဟတ်ယာဉ် နှင့်ဆင်းလာနေကြသည်ဟုဆိုသည်။ ဖွေးပေါလူရွာမှအထွက် ပေါ့ပါးထသို့ သွားရာ ကားလမ်း(ကေအမ်ယူက ဖေါက်ထားသော မြေနီလမ်း) ကို ထိုင်းစစ်တပ်က ပိတ်ထားလိုက်ပြီဟု ဆိုသည်။ ကြားရသည့်သတင်း မှန်ပါက ထိုင်းနိုင်ငံအတွင်းဖက်သို့ တိုးဝင်သွားဖို့ မလွယ်ကူနိုင်တော့ဟု တွေးမိသည်။
          ပစ္စည်းပုံများဘေးတွင် ကြံရာမရရပ်နေစဉ် စက်လှေတစ်စီးထိုးဆိုက်လာသည်ကိုကြည့်တော့ ကွယ်သာထူးနှင့် ကိုမောင်ဟန်တို့ က စက်လှေပေါ်က ခုန်ဆင်းလိုက်ကြသည်။စက်လှေပေါ်တွင် တရုပ်နီမီးစက်ကြီးကို မမျှော်လင့်ပဲတွေ့ လိုက်ရ၏။
          “ကိုင်း ကိုငြိမ်း ဟိုဖက်ကမ်းကူးမှရမယ်၊ စက်လှေဆရာက တခေါက်တော့သယ်ပေးမယ်ပြောတယ်၊ တခါတည်း ပစ္စည်းတွေတင် ဟိုဘက်ကမ်းချက်ချင်းကူးမှဖြစ်မယ်၊ ရန်သူက ဗိုလ်ဝေါထယ်ကုန်းအထက်နားအထိဆင်းလာနေပြီတဲ့၊ စက်လှေဆရာက တခေါက်တော့ပို့ ပေးမယ်တဲ့၊ ဟေ့လူ ဘာ ငိုင်တိုင်တိုင်လုပ်နေတာလဲဗျာ၊ ဒီနေရာက မလုံခြုံတော့ဘူးဗျ၊ ကဲ လုပ်လုပ် ပစ္စည်းတွေတင်မယ်”
          ကျနော်တို့ လေးယောက် စက်လှေပေါ် ပါလာကြပြန်သည်။ စက်လှေဆရာက ဖွေးပေါလူရွာ သောင်ပြင်ဦးဆီ စက်လှေကို ခေါင်းတယ်ပြီးမောင်းသည်။ တခြားစက်လှေများနှင့်မတိုက်မိစေရန် ရှောင်ရှားပြီးမောင်းနေရသေးသည်။
          စက်လှေပေါ်တွင်ထိုင်ရင်း ကျနော် စဉ်းစားသည်။ ကျနော်တို့ ရဲ့စစ်ပြေးခရီးက ဖွေးပေါလူရွာမှာတွင် ရပ်ထားလို့ ရနိုင်ပါ့မလား။ ကျနော့်လက်ထဲက ဘတ်ငွေသုံးရာက ရှေ့ ခရီးအတွက် လုံလောက်တဲ့ငွေဖြစ်ပါ့မလား။  ရွှေဗဟိုစည်စတူဒီယိုကို တိုက်ရိုက်အုပ်ချုပ်စီမံသူ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေးကို ကျနော်တို့ ဘယ်လို ဆက်သွယ်ကြမလဲ။ မေးခွန်းဟူသမျှ တိကျသည့်အဖြေတစ်ခုမျှ ကျနော့်မှာမရှိ။ တိကျသည့်အဖြေ တစ်ခုတော့ရှိသည်။ ကျနော့်လက်ထဲက ဘတ်ငွေသုံးရာအနေနဲ့ကတော့ ရှေ့ လမ်းခရီးတွင် မည်သည့်နည်းနှင့်မျှ လုံလောက်သည့်ငွေ မဖြစ်နိုင်ဆိုသည့်အချက်မှာမူ သေချာသည့်အဖြေပင်ဖြစ်နေလေသည်။
စက်လှေပေါ်တွင်ထိုင်ရင်း ကျနော်ငြိမ်သက်စွာငေးနေမိသည်။အရာအားလုံး မသေချာ မရေရာ သည့် အခြေ အနေဖြစ်သည့်တိုင် ကျနော်တို့ သည် တော်လှန်ရေးကို မလွဲမသွေ ဆက် လုပ်ကြရမည်ဆိုသည်ကိုတော့ အခိုင် အမာတွေးလိုက်မိသည်။    ။

ငြိမ်းဝေ
         

No comments:

Post a Comment