June 25, 2010

ဘဝ စာမျက်နှာများ(ဆန်းစစ်ခြင်း)


                                                           ဆန်းစစ်ခြင်း

ထိုညနေက ကျနော့်မိတ်ဆွေ ကဗျာဆရာ၏ စကားများမှာ ကျနော့်ကို ဦးတည် ရည်ညွှန်း ပြောခြင်းမဟုတ်ပါဖဲလျက် ကျနော့်ကို ပြင်းထန်စွာ ရိုက်ပုတ်နေခဲ့သည်။
“ဒီကာလဟာ လူတန်းစားနှစ်ရပ်ရဲ့စေ့စပ်မရတဲ့ တိုက်ပွဲကာလ၊ အရင်းရှင်ဖောက်ပြန်ရေး စာပေတွေ၊ အဆိပ်အတောက်စာပေတွေ၊ အညှီအဟောက် စာပေတွေ ဖုံးလွှမ်းနေတဲ့ကာလ၊ ဒီကာလမှာ ကျနော်တို့ လူတန်းစားဖက်က ရပ်တည်ပါတယ်ဆိုတဲ့ စာပေသမားတွေဟာ တကယ်တန်းရပ်တည်နေပီဆိုရင် များများ ရေးရမယ်၊ တိုက်ပွဲဝင်ရမယ်၊ ကတုတ်ကျင်းတွေတူး ရန်သူကို လက်ဦးမှုယူ”
ထိုမျှဖြင့်ပင် ကဗျာဆရာ၏ စကားများမှာ ပြတ်တောက်သွားခဲ့သည်။
သူသည် သဗ္ဗာန် ယိမ်းထိုးနေသဖြင့် နံရံတဖက်ကို လက်နှင့် ကိုင်ထားနေရသေးသည်။ လှိုင်မြစ်နှင့် ရွှေလင်ပန်းချောင်းအဆုံ၌ လှိုင်းလုံးကြီးများလည်း ပြင်းထန်နေသည်။ ဒီရေသည်လည်း မို့မောက်နေသည်အထိ တက်နေခဲ့ပေပြီ။
“ဒီကာလမှာ ကျနော်တို့ လူတန်းစားဖက်က တတယ်တန်းရပ်တည်နေပီဆိုရင် များများရေးရမယ်၊ တိုက်ပွဲဝင်ရမယ်”
ကျနော့်စိတ်ထဲ၌ ထိုစကားတပိုဒ်မှာ စွဲထင်ကျန်နေရစ်ခဲ့လေသည်။ ကျနော့်ကို ပြင်းထန်စွာ ရိုက်ပုတ်နေခဲ့သည်။ ကျနော်ကား ဝတ္ထုတပုဒ်၌ ကြွေးကြော်ခဲ့၏။ “ချယ်လှယ်သွေးစုပ်သူနှင့် သွေးစုပ်ခံ၊ ကျနော်ဘယ်ဘက်က ရပ်မည်နည်း” ဟူ၍ရေးခဲ့၏။ သို့သော်လည်း လက်တွေ့၌ ကျနော်ဘာမျှ မရေးဖြစ်၊ မရေးနိုင်။
“ခံစားမှုမရှိလို့ မရေးနိုင်ဖူး” ဟူ၍ ခံစားချက်ကိုအကြောင်းပြနေခဲ့၏။ စင်စစ်၌ ခံစားချက်မရှိသေးခြင်းမှာ ကျနော်၏မပြတ်သားခြင်း၊ တွေဝေနေခြင်း၊ လူတန်းစား နာကျင်မှု မရှိသေးခြင်းများ၊ နည်းပါးနေသေးခြင်းများသာ ဖြစ်ခဲ့၏။ ကျနော့်ကိုယ် ကျနော်ကြွေး ကြော်ခဲ့ခြင်းမှာလည်း မီးရှူးမီးပန်းလွှတ်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ သို့မဟုတ် တကယ် ပေါက်ဖွားလာသည့် ယုံကြည်ချက်မဟုတ်။ အခိုက်အတန့်ခံစားချက်သာလျှင် ဖြစ်ပေလိမ့်မည်။
ကျနော့်ကိုယ် ကျနော် မေးခွန်းများ ထုတ်ဆင့်နေမိသည်။ ကျနော့်ကိုယ်၌ စွဲကပ်နေသည့် အယူအဆ အတွေးအခေါ်များကို စစ်ဆေးနေမိသည်။
ထိုအတွေးအခေါ် အယူအဆဟောင်းများကား ကျနော့်ကို စာမရေးနိုင်အောင် တုန့်ဆွဲထားကြ၏။
“စာပေဆိုတာ ထုတ်လုပ်ကုန်ပစ္စည်းတမျိုးဖဲ၊ ရောင်းကုန်ပစ္စည်းဖဲ၊ ကုန်ပစ္စည်းများများထုတ်လုပ်ရင် ဖောင်းပွသွားတယ် တန်ဘိုးကျသွားတယ်၊ တန်ဘိုးကို ကျစ်ကျစ်လစ်လစ် ထိန်းသိမ်းထားနိုင်ရမယ်”
“ငါတို့ရှေ့က သွားနှင့်ခဲ့တဲ့ စာရေးဆရာတချို့ဆို အခွင့်အရေးရတုန်း အစွမ်းကုန်ထုတ်လုပ်၊ ဒီလိုနဲ့ တန်းဘိုလျှောကျသွားတာ နောက်ဆုံး အခွံချည့်ကျန် ဘိုင်းဘိုင်းလဲကျ ကုန်ကြရတာပဲ”
ထိုအယူအဆကို ကျနော်ကား ရုတ်တရက် မချေမှုန်းပစ်နိုင်။ ကျနော့်စိတ်တွင်း၌ပင် တိုက်ပွဲမှာ ပြင်းထန်နေခဲ့၏။ “များများရေးရမယ်” အယူအဆသည် “ကျစ်လစ်သိပ်သည်းရမယ်” အယူအဆကို အနိုင်မတိုက်ခိုက်နိုင်။
ဤ“ကျစ်လစ်သိပ်သည်းရမယ်” အယူအဆသည် ငါတံခွန်ကို လွှင့်ထူထားသော အယူအဆဖြစ်၏။ ငါဘယ်တော့မှ အကျဆုံး မခံနိုင်ဘူး။ ငါဆိုတဲ့အလံကို တလူလူ လွှင့်ထား နိုင်ရမယ်။ အမြဲမပြတ် ထူထားနိုင်ရမယ်။
“ငါဘယ်လိုခံယူချက်နဲ့ စာရေးတာလဲ”
ထိုမေးခွန်းကို မေးနေမိပြန်သည်။
“ဝါသနာ ဗီဇကြောင့်ပါ၊ အာရုံခံစားမှုက စေ့ဆော်လို့ရေးခဲ့တာပါ” လို့ဖြေရင် မမှန်သေးဖူး။ မပြည့်စုံဖူး။ ကျော်ကြားချင်တာ ပါတယ်။ ကိုယ့်ကိုယ်ကို ကြီးကျယ်မြင့်မားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ချင်တာ ပါတယ်။ အနှိပ်ခံဘဝက လွတ်မြှောက်ချင်တာ ပါတယ်။ “စာရေးဆရာ”ဆိုတဲ့ ဂုဏ်ပုဒ်ကို မက်မောခဲ့တာ ပါတယ်။
ကျနော်စာစရေးစ၊ စာစဖတ်စ နေ့ရက်များစွာကို သတိရနေမိသည်။ ဝတ္ထုစာပေများကို ကျနော် စဖတ်ခဲ့ရသည်မှာ ဘုန်းကြီးကျောင်းသား ဘဝတွင်ဖြစ်၏။ ဦးပဉ္ဖင်းတပါးထံ တပည့်အဖြစ် အလုပ်အကျွေးပြုရင်း ဖတ်ခဲ့ရ၏။ ထိုအခါက ဝတ္ထုဇာတ်လမ်းများကို ကျနော်ကား တသသ တမြေ့မြေ့စွဲခဲ့ရလေသည်။ ဝတ္ထုထဲမှာ ဇာတ်ကောင်များသည် ကျနော့်ရင်ထဲ၌ လှုပ်ရှားနေကြ၏။ အလွမ်းဝတ္ထုများ၌ ကျနော်ကား ဖြေမဆည်နိုင်အောင် တမြေ့မြေ့ ဖြစ်နေရသည်။
ထင်းခုတ်သမား ကလေးဘဝတွင် ကျနော် အချစ် အလွမ်းရာသီဘွဲ့ကဗျာကလေးများကို စတင်ရေးလေသည်။ နေ့ခင်းအလုပ်နားချိန်၌ လျှိုကြီးနံဘေးရှိ သစ်ပင်ရိပ်များ၌ ကျနော်ကဗျာ ရေးလေသည်။ ဝတ္ထုတိုကလေးများလည်း စမ်းသတ်ရေးခဲ့သည်။
ကျနော် ကျင်လည်နေရသည့် ထင်းခုတ်သမားဘဝနှင့် မည်သို့မျှမနီးစပ်သည့် အထက်လွှာက မိန်းမပျိုကလေးတယောက်ကို ရမ်းယော်ဆကာ “မမှီတဲ့ပန်း” ဟု ထိုဝတ္ထုထဲတွင် တသနေခဲ့သည်။
ဆင်းရဲနုံချာလှသည့် ကောင်ကလေးကို သူဌေးသမီးက ကရုဏာသင့်ကာ သူတို့ချင်း ချစ်ကြိုး သွယ်မိကြပါလျက်၊ လူကြီးမိဖများ သဘောမတူသဖြင့် ခွဲခွာကြပုံကို လွမ်းလွမ်းတတ ရေးခဲ့သည်။ ကောင်ကလေးမှာ မမြှော်လင့်ဖဲ အမွေများရလိုက်သည်။ သူတို့နှစ်ဦး ပေါင်းဖက်သွားကြသည်။ ထိုသို့လျှင် ကျနော့် ဝတ္ထုကို ပျော်ရွှင်စွာ ဇာတ်သိမ်း လိုက်လေသည်။
ကျနော်ဖတ်နေရသည့် ဝတ္ထုများ၏ သြဇာသည် ကျနော့်ကို ထိုသို့ရေးရန် ဖန်တီးခဲ့သည်။
ကျနော်ဝတ္ထုများ ကဗျာများပေါ်တွင် ကျနော့် ကလောင်နာမည်ကို အကြီးမားဆုံး စာလုံးကြီးများဖြင့် ရေးသားလေသည်။
ကျနော့်ကို ကျနော်“ စာရေးဆရာ” ဖြစ်မည် ဟု အခိုင်အမာ ယုံကြည်ထားခဲ့သည်။ ထိုကြောင့်ပင် လူကသာ ထင်းခုတ်အလုပ်သမာား ဖြစ်နေရသော်လည်း ကိုယ့်ကိုယ်ကို ထင်းခုတ်သမား ဟုမထင်။ အလုပ်လုပ်ဖော်များကိုပင် နွံထဲမှလူများ ဟု မြင်ခဲ့သည်။ သူတို့ကား ဤဆင်းရဲပင်ပန်းမှုနွံ၊ အငတ်အပြတ်နွံ၊ လူချင်းမတူ သူချင်းမမျှနွံ ထဲမှ မည်သည့်အခါမျှ ရုန်းမထွက်နိုင်သူများ ဟု သနားစိတ်ပင် ဝင်ခဲ့ဖူးသည်။
ထိုအခါက သူတို့၏ ငတ်ပြတ် နစ်မွန်းနေရသော လှောင်အိမ်ထဲမှ ဘဝများကို ရေးသားရမည်ဟု ကျနော်မည်ကဲ့သို့ ထင်နိုင်ခဲ့ပါမည်နည်း။
သူတို့၏ ငတ်ပြတ်ခြင်း၊ ကြွေးလည်ပင်းခိုက်နေရခြင်း၊ ကြမ်းတမ်းသောဆဲဆိုသံ၊ ညည်းညူသံ၊ ဒေါသဖြစ်ပွားသံ များနှင့် ကျနော်ရေးနေသည့် မမှီတဲ့ပန်း ဇာတ်ကောင်မလေးမှာ ခြားနားလှလေသည်။
အလုပ်နားရက်များ၌လည်း အားလပ်ချိန်တွင် အိမ်၌စာရေးလေသည်။
ထိုအခါက ကျနော်စာရေးနေခိုက် လာရှုပ်တတ်သော ညီမလေးကို ကျနော်ကား အော်ငေါက် နှင်လွှတ်သည်။ ခရိုးခယိုင်ဖြစ်နေသော သူ့ကို အိမ်အပြင်သို တွန်းထုတ်သွားသည်။
သူသည် ကျနော့် စိတ်ကူးယဉ် ဇာတ်လမ်းများအတွက် အနှောင့်အရှက် ဖြစ်နေပေသည်။ ကျနော့် စိတ်ကူးစိတ်သန်းများမှာ ဘယ်ဆီသို့ ပြေးထွက် ပျောက်ကွယ်ကုန်မှန်းမသိ။ စာရေးရန်ပြန်ထိုင်သောအခါ ရေးမရတော့လေ ကျနော့် ဒေါသများမှာ တငွေ့ငွေ့ ဖြစ်ပွားလာရ လေလေပင်။ ကျနော်မြင်နေရသော ဇာတ်ကောင်များသည်လည်း ဘယ်ဆီသို့ ပြန်လည်ထွက်ခွာသွားကြပြီမသိ။ ကျနော်ကြားနေရသော သူတို့၏ သာယာကြည်းနူးဖွယ် မြူချိုသံ၊ အေးငြိမ့်စွာ စကားပြောနေသံများ သည်လည်း ဘယ်ဆီသို့ ရောက်ကုန်ပြီမသိနိုင်။


******************************************


ထိုအကြောင်းများကို ယခု ပြန်တွေးမိသောအခါ ကျနော်ကား စိတ်ထိခိုက်နေရသည်။ ကျနော့် ညီမလေး ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ။
ထိုအခါက ညီမလေးမှာ ဝက်ရူးပြန်ရောဂါ စွဲကပ်နေသည်။ တကိုယ်လုံး သွေးအားနည်းနေသဖြင့် ပိုးဟပ်ဖြူလို ဖြူဖျော့ဖျော့။ ဝါးခြမ်းပြားလို ပိန်ချပ်နေသည်။ ညီမလေး လက်တဖက်မှာ အကြောဆွဲကာ လက်မောင်းရင်းမှ ပြုတ်ကျနေသလို ကိုယ်တွင် ကပ်နေသည်။ မူလက ဝိုင်းစက်စက်မျက်နှာကလေးမှာ တက်ချက်ရလွန်းသဖြင့် ပါးတဖက်ရွဲ့နေခဲ့ပြီ။ ရင်အုံ၌ ထာဝစဉ် ကျနောသော သွားရေများကြောင့် ရွှဲစိုနေသည်။ ညီမလေး လည်ပင်းမှ လက်ဖွဲ့အမျိုးမျိုးသည် သွားရေနှင့် ချွေးများလူးနေသဖြင့် မဲညစ်ရာမှ အနက်ရောင် တောက်နေပေပြီ။ ဆံရစ်ဝိုင်းဆံပင်သည် ဆီမရှိသဖြင့် ပြောင်းဖူးမွေးလို နီကျင့်နေသည်။
ညီမလေး အသက်မှာ ဆယ့်လေးနှစ်လောက် ရှိပြီဖြစ်သော်လည်း ဆယ်နှစ် အရွယ်လောက်ပင် မထွားကျိုင်းနိုင်။ တက်ရချက်ရလွန်းသဖြင့် ဦးနှောက်မှတ်ဥာဏ် မကောင်းတော့။ ကိုယ့်နာမည်ကိုပင် ကိုယ်မေ့နေခဲ့ပြီ။ သူရွတ်နေကျ စကား တလုံးစနှစ်လုံးစသာ မှတ်မိတော့သည်။
ကျနော်စာရေးနေလျှင် ညီမလေးသည် အနားမှာလာပြီး ငိုင်ငိုင်ကြီး ရပ်နေတတ်၏။ အကြာကြီး ရပ်နေတတ်၏။ သူ့နှုတ်ခမ်းမှ သွားရေများသည် ကျနော့် အနားမှ ဖျာပေါ်တွင် တပေါက်ချင်း ကျနေတတ်၏။ စာရေးနေသည်ကို ညီမလေးစိတ်ထဲတွင် မည်သို့ထင်နေသည်မသိ။ အထူးအဆန်းဟူ၍ အောက်မေ့နေမလားမသိ။ စာရွက်များကို ငုံ့ကြည့်နေရာမှ စိတ်ထဲတွင် မရိုးမရွ ဖြစ်လာနေသလားမသိ။
ညီမလေးသည် ရုတ်တရက်ငုံ့လိုက်ပြီး ကျနော့်စာရွက်များကို ကောက်ယူ ဆွဲဆုပ်လိုက်လေသည်။
ကျနော်ကြိုမ်းပမ်းတကြီး ရေးခဲ့သမျှမှာ ပျောက်ပျက်သွားခဲ့လေပြီ။ သူဆုပ်ဖြဲလိုက်သဖြင့် စာရွက် အပိုင်းအစများ ပြန့်ကျဲသွားသည်။ ကျနော်လည်း စိတ်မထိန်းနိုင်အောင် ဒေါသဖြစ်နေရ၏။ ရိုက်နှက်မထိုးကြိတ်မိရန် စိတ်ကိုမနည်း ချုပ်တီးရသည်။
သူ့ကိုမူ အကျီင်္ဇက်ပိုးမှ ကြမ်းထမ်းစွာဆုပ်ကိုင်လျက် ဒရွတ်တိုက် အိမ်အပြင်ဖက်သို့ ဆွဲထုတ် သွားသည်။ အိမ်အပြင်ဖက် လှေကားထိပ်တွင် ပစ်ချထားခဲ့၏။ ညီမလေးသည် ခွေးကတက်တွင် လဲနေရစ်ခဲ့သည်။
“ငါ….ငါရိုက်ပလိုက်မိမယ်နော်….အရူးမ….အရူးမ” ဟူု၍ ကျနော်သည် စိတ်ချုပ်တီးထားရာမှပင် ကြိမ်းမောင်းမိ၏။
ကျနော့်ညီမလေးမှာ“အရူးမ” ဟုခေါ်လျှင် ဆတ်ဆတ်တုန်အောင် နာတတ်လေသည်။ ခွန်းတုန့်မူ ပြန်မပြောတတ်။ စကားလုံးများကို သူမေ့နေခဲ့ပြီ။ သူမကြေနပ်ကြောင်းမူ သူ၏ပြူးကျယ်ဝိုင်းစက်သည့် မျက်လုံးကြီးများဖြင့်သာ ဖော်ပြတတ်သည်။
ညီမလေးသည် ပက်လက်လဲကျနေရာမှ ထိုမျက်လုံးကြီးများဖြင့် ကျနော့်ကို လှမ်းကြည့်သည်။ တခုခု ပြန်ပြော ချင်သဖြင့် သူ့နှုတ်ခမ်းများမှာ လှုပ်ရှား နေကြ၏။ နောက်ဆုံး၌ သူအလွတ်ရထားသည့် မမေ့သေးသည့် စကားလုံး လေးလုံးသာ သူ့ပါးစပ်ဖျားမှ ပေါ်လာသည်။
“ကြီးကျယ်လိုက်တာ”
“ကြီးကျယ်လိုက်တာ”
ညီမလေး စကားသံများမှာ ကျနော့်ကို မကြေနိုင်၊ မချမ်းနိုင်ကြောင်း ဖော်ပြနေသည်။
ကျနော်လည်း သူ့ကို အိမ်အပြင်ဖက်မှာ ထားပစ်၏။ တံခါးကိုအတွင်းမှ ပိတ်ပစ်လိုက်၏။
တခါတရံတွင်ကား ကျနော်သည် စိတ်မထိန်းနိုင်ပဲ ညီမလေးကို တချက်တလေ ရိုက်မိလျှင် ကျနော်ပင်လျှင် စိတ်၌နာကျင် ထိခိုက်ရလေသည်။ တချက်တလေ ရိုက်ရုံဖြင့် သူသည် ခွေလဲကျသွားတတ်လေသည်။
ထိုအခါ၌ ကျနော်သည် ညီမလေး၏ ပိန်လှီသော ကိုယ်ကလေးကို ချက်ချင်းပြန်၍ ပွေ့ထူပြီး ချော့မော့ရသည်။သူ့မျက်လုံးဝိုင်းကြီးဖြင့် ကျနော့်ကိုမကျေမနပ် ကြည့်နေပုံမှာ ကျနော်မခံနိုင်အောင် စိတ်ထိခိုက်ရသည်။
“ကိုယ့်အကိုလေး စာရေးနေရင် မရှုပ်ရဖူးနော်၊ စာရေးလို့ဘယ်ရတော့မလဲ။ စာရေးဆရာဖြစ်ရင် လူတွေကလဲ လေးစားကြမယ်၊ အထင်ကြီးကြမယ်”
ညီမလေးကို ချော့မော့သည့်စကားထဲတွင် စကားတပိုဒ်ကိုမူ ကျနော့် ရင်ထဲမှာပင် သိမ်းထားရသည်။ ထုတ်မပြောဖြစ်။ “စာရေးဆရာဆိုတာ ပိုက်ဆံတွေလဲရတယ်၊ ညီမလေးကိုလဲ အကောင်းဆုံး ဆေးရုံကြီးတွေခေါ်ပြီး ဆေးကုနိုင်မယ်” စကားပိုဒ်ကို ကျနော် ဖွင့်မပြောနိုင်။
ဖွင့်ပြောလျှင်လည်း ညီမလေးမှာ နားလည်နိုင်မည်မဟုတ်။ ယခုပြောသည့် စကားများကိုပင် တလုံးတပိုဒ်မျှ နားလည်မည်မဟုတ်ပေ။ မျက်လုံးဝိုင်းကြီးဖြင့်သာ ကျနော် ပါးစပ်လှုပ်သည်ကို ကြည့်နေသည်။ ကျနော် ကြင်နာယုယစွာ ချော့မော့နေသည်ကိုမူ သိနေသည်။ ကျနော့်မျက်နှာပေါ်မှ အကြင်နာရိပ်များကိုမူ သိနေပါလိမ့်မည်။
“အကိုလေး နောက်မရိုက်တော့ဖူးနော်”
နောက်ဆုံး၌ ညီမလေးသည် ကျနော့်ကို စကားများပြန်ပြောရန် သူ့နှုတ်ခမ်းများလှုပ်လျက် အားယူလေသည်။ သို့သော်လည်း ညီမလေး၌ စကားလုံးကား မရှိရှာပေ။
နောက်ဆုံး၌ သူက……
“ကြီးကျယ်လိုက်တာ”
ဟူ၍သာ ရေရွတ်သည်။
ယခုအကြိမ်၌ သူရွတ်နေကျ ထိုစကားလုံးများမှာလည်း ချိုသာနေသည်။


************************************
တခါတရံ၌ အိမ်မှလူကြီးများ အလုပ်လုပ်ထွက်သောအခါ ညီမလေးကို အိမ်ထဲ၌ တံခါးများ ပိတ်ဆို့ထားခဲ့ရသည်။ ညီမလေးကား မျက်လုံးပြူးကြီးများဖြင့်ကြည့်လျက်ပင် အိမ်ထဲ၌ အကျဉ်းကျနေသလို တနေကုန်တနေခန်း နေရစ်ခဲ့ရသည်။ သူလည်း ကျနော်တို့နှင့် လိုက်ချင်ပေလိမ့်မည်။ သူ့နှုတ်ခမ်းများမှာ စကားပြောချင်သဖြင့် တဆတ်ဆတ် လှုပ်နေခဲ့သည်။ သူ့မျက်လုံးဝိုင်းကြီးထဲ၌ မျက်ရည်များဝဲနေခဲ့သည်။ ညီမလေးကား ငိုလည်း မငိုတတ်တော့။
သူ့အတွက် ထမင်းများခူးပြီး စားပွဲခုံပေါ်တွင် အုပ်ဆိုင်းထားခဲ့သည်။ တခါတရံ အိမ်သားများ ပြန်ရောက်လာလျှင် ညီမလေးမှာ ထမီအကျီင်္ အကျွတ်ကျွတ်ဖြင့်ပင် အိမ်ခန်းထောင့်ထဲ၌ အိမ်ပျော်နေသည်။ ဝတ်ရူးတက်ပြီး အိပ်ပျော်နေသဖြင့် ထမင်းဟင်းလည်း မစားဖြစ်။ ခူးခပ်ထားခဲ့သည့်အတိုင်း နေရာမယွင်း။
ညီမလေးသည် အိမ်ထဲ၌ လှောင်ပိတ်ထားခဲ့သည်ကို မည်မျှ စိတ်ဆင်းရဲ နေရရှာမည်နည်း။ အိမ်ထဲမှထွက်ပြေးရန် အဖန်ဖန် ကြိမ်းပမ်းပေလိမ့်မည်။
တညနေ၌ ကျနော်တို့သားအဖသုံးယောက် အိမ်ပြန်ရောက်လာသောအခါ ညီမလေးကို အိမ်ထဲ၌ ရှာဖွေမတွေ့တော့ပေ။ အိမ်တံခါးများလည်း အလုံပိတ်ထားမြဲပင် ဖြစ်၏။ ညီမလေး ထမင်းစားသည့် စားပွဲခုံမှာလည်း ထမင်းလုံးများ ဖွေးဖွေးဖြူလျက် မှောက်ကျနေသည်။ သူထမင်းစားသည့် သံပန်းကန်ကိုလည်း ပိန်တူးနေအောင် ရိုက်ထုထားသည်။
ကျနော်တို့မှာ သောကပွားလျက် ပျာရာခတ်နေရ၏။ ဟိုပြေးသည်လွှားဖြင့် သူ့ကို တအိမ်လုံး မှောက်လှန် ရှာဖွေနေရ၏။
နောက်ဆုံး၌ ကျနော်တို့သည် အိမ်အပြင်သို့ သူ့ကို လိုက်လံရှာဖွေရန် ပြေးထွက်ခဲ့ကြသည်။
ထိုအခါတွင်မှ အိမ်ခေါင်အမိုးပေါ်မှ သူက လက်ခုတ်လက်ဝါးတီးပြီး ကျနော်တို့ကို ခေါ်လေသည်။
ကျနော့်တို့သည် မော့ကြည့်နေမိကြ၏။ သူသည် မိုးတဖွဲဖွဲရွာနေသည့်အောက်တွင် အိမ်ခေါင်ပေါ်တွင် လက်နှစ်ဖက်လွှတ်ကာ ရပ်လျက် လက်ခုပ် လက်ဝါးတီးလျက် ပျော်ရွှင်နေသည်။
“ဟေး….ဟေး”
ညီမလေးကား ပျော်လွန်းသဖြင့် မျက်နှာတခုလုံး ပြုံးနေသည်။ သူ့ ပါးလှပ်လှပ်ကိုယ်ကလေးကား လေတိုက်လျှင်ပင် လွင့်ကျလာတော့မည်။
ကျနော်တို့ စိုးရိမ်နေသလောက် ညီမလေးမှာ မူ သူ့ အန္တရာယ်ကိုလည်း သူမသိနိုင်။ မတော်တဆ ဝက်ရူးပြန်ပြီး လိမ့်ကျမည်ကို မတွေးနိုင်။
သူသည် အိမ်အမိုးကို ဖောက်ထွက်ကာ အိမ်ခေါင်ပေါ်သို့ အရောက်တက်ခဲ့၏။
ကျနော်တို့မှာ လှေကားများ ပြေးလွှားရှာဖွေရ၏။ရွာထဲရှိ လူအများကိုလည်း အကူအညီတောင်းရ၏။ လူများသည် စေါင်ကြီးများကို လေးထောင့်မှကိုင်ကာ သူ လိမ့်ကျလာလျင် ဆီးဖမ်းထားဖို့ ပြင်ဆင်ထားကြရသည်။
ကျနော်သည် အိမ်ခေါင်ပေါ်သို့ တက်ရလေသည်။ သူ သည် စောင်ပိုက်ထဲမှ လျှောဆင်းလိုက်ပြီး လက်ခုပ် လက်ဝါး တီးနေပြန်သည်။
ထိုကတည်းက သူ့ကို အိမ်တွင်ထားခဲ့၍ မရတော့။ အိမ်၌တယောက်ယောက် နေခဲ့ရတော့သည်။
ညီမလေးမှာ ဝေဒနာမရမီကဆိုလျှင် မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးပြူးပြူး၊ မျက်တောင်ကော့ကော့၊ အသားဖြူညက်ညက်ဖြင့် ကော်ရုပ်ကလေးလို လှခဲ့သည်။ စကားလည်းတတ်သည်။ သွက်လက်ချက်ချာသည်။
ထိုအခါကဆိုလျှင် ညီမလေး၏သီချင်းသံဖြင့် အိမ်မှာ စည်နေတတ်သည်။ ညီမလေးသည် ဟင်းသီးဟင်းရွက်များကို ခူးပြီးဈေးတွင် ရောင်းတတ်သည်။ ဝေဒနာ ရလာသည်မှာလည်း ဟင်းရွက်ခူးရာမှ စခဲ့လေသည်။ သူသည် ရောင်းချရန် မန်ကျည်းရွက်ခူးရာမှ စခဲ့လေသည်။ သူသည် ရောင်းချရန် မန်ကျည်းရွက် တက်ခူးရင်း မန်ကျည်းပင် မြင့်ကြီးပေါ်မှ လိမ့်ကျကာ တက်ချသွားခဲ့သည်။ မည်သည့်အာရုံကြော မည်သို့ထိခိုက်သွားသည်ကိုမူ မသိနိုင်။
ထိုမှစ၍ ညီမလေးသည် မကြာခဏ တက်ချက် တတ်လေသည်။ သူ့ကို ဆရာကောင်း ပေါ်သည်ဆိုတိုင်း အဖေနှင့်အမေသည် လိုက်လံကုသ၏။ ပျောက်စေ ဆရာများလည်း ပါသည်။ ငွေလိမ်သွားသူများလည်း တွေ့ရသည်။
တနေရာ၌ ရောဂါကုသနိုင်မည်ထင်သည့် ဆရာပေါ်ပေါက်တိုင်း အဖေနှင့်အမေသည် သူ့ကို ခေါ်သွားကြ၏။
ထိုသို့ခရီးထွက်ရမည်ကိုမူ ညီမလေးမှာ ပျော်နေတတ်သည်။ ဤသို့ဖြင့် ရောဂါရင့်လာသောအခါ ဦးနှောက်လည်း ပျက်စီးလာသည်။ စိတ္တဇလည်း ဝင်လာသည်။ သူ့နာမည်ကိုပင် သူမသိ။
ညီမလေးသည် အမေနှင့် ကျနော့်ကိုသာ ခေါ်တတ်တော့သည်။ တခါတရံတွင်မူ ကျနော့်ကို“အကိုလေး”ဟု ခေါ်တတ်သေးသည်။
နောက်ပိုင်း နေ့ရက်များ၌ ညီမလေးမှာ ညညဆိုလျှင် မအိပ်ဖဲ အိမ်မှ ထွက်ပြေးတတ်လာသည်။ ပြတင်းပေါက်များမှလည်း ခုန်ချ ပြေးတတ်သည်။ အိမ်ထရံကြားမှလည်း ဆင်းပြေးတတ်သည်။ မကြာခဏပင် တရွာလုံး ဆူဆူညံညံ သူ့ကိုလိုက်ရှာရတတ်သည်။
အမေကား သူ့သမီးလေးကို ညအိပ်လျှင် မလွှတ်တမ်းပွေ့ ဖက်အိပ်ရလေသည်။ အမေသည် ညညများ၌ အမြဲလိုပင် ကင်းစောင့်တာဝန် ယူနေရသည်။ သည်ကြားထဲမှာပင် အမေခနမှေးကနဲပျော်သွားခိုက်များ၌ ညီမလေးသည် အိမ်မှထွက်ပြေးသွားတတ်သေးသည်။
နှင်းမှောင်ကြီး ကျနေသည့်တည၌ ညီမလေးမှာ အမေ့ရင်ခွင်ထဲမှ ပျောက်သွားခဲ့သည်။ အမေသည် တအိမ်သားလုံးကို နှိုးလေသည်။ မကြာခင် အိမ်နီး နားချင်းများကို နှိုးပြီး မီးထုပ်မီးတိုင်များဖြင့် အနှံ့အပြား ရှာဖွေကြရ၏။ ရွာအနောက်ဖက်ကန်စပ်သို့ လူအားလုံးသည် စိုးရိမ်ကြီးစွာဖြင့် ရှာဖွေကြရလေသည်။ ရေထဲဖြတ်အကူး၌ တက်ပြီး သေဆုံးနေလိမ့်မည်ကို စိုးရိမ်မိကြသည်။ ကန်စပ်၌လည်း ခြေရာမတွေ့။ သူပျောက်သွားလျှင်ရောက်တတ်၊ တွေ့တတ်သည့် နေရာများမှာလည်း စုံနေပေပြီ။
နောက်ဆုံး၌ အရုဏ်တက်ချိန်တွင်မှ မမြှော်လင့်သည့် နေရာတွင် တွေ့ရလေသည်။
ညီမလေးသည် ရွာ့အပြင်ဖက် ညောင်ပင်ကြီး အောက်ရှိ နတ်စင်ပေါ်တွင် တက်အိပ်နေခဲ့သည်။ သူသည် ညောင်ရေအိုးမှန်သမျှကို ပေါက်ခွဲထားသည်။ နတ်ရုပ်များကို ရိုက်ချိုးထားသည်။ နတ်ရုပ်အကျိုးအပဲ့များ၊ ညောင်ရေအိုးကွဲများ၊ နတ်ပန်းများသည် စင်ရှေ့မြေကွက်လပ်ပေါ်တွင် ပြန့်ကြဲနေကြ၏။
ညီမလေးကား နတ်စင်ပေါ်တွင် ဝက်ရူးပျံတက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပေပြီ။ သူ့ပါးစပ်ကလေးသည် ပွင့်နေ၏။ သူ့အသက်ရှူသံမှာ အိပ်မောကျနေသဖြင့် တရှူးရှူး မြည်နေသည်။ သူ့ဆံရစ်ဝိုင်း ဆံထုံးကလေးမှာ ပြေကျနေသည်။ သူ့ကိုယ်ပေါ်တွင်ကား ထမီမရှိတော့။ ခြေရင်း၌ ပုံနေသည်။
ညီမလေးကား နှင်းမှောင်ကြီးကျကာ ရေခဲမတတ် အေးနေသည်ကိုပင် သိနိုင်သည့် အသိစိတ် ရှိတော့ဟန် မတူ။ သူ့တကိုယ်လုံးမှာ ရေခဲလို အေးစက်နေသည်။
ကျနော်သည် သူ့ကိုပွေ့ချီပြီး ယူလာခဲ့၏။ ကျနော့်ပခုံးပေါ်ရောက်သည့်တိုင်အောင် အိပ်မောကျနေသည့် ညီမလေးမှာ မနိုးသေးပေ။ သူ့အတွက် လူပေါင်းမည်မျှ သောကရောက်ကြရသည် ကိုလည်း သူ့မှာ မသိနိုင်။
ထိုအခါက စာရေးသူ ကျနော်ကား ညီမလေးကို ပခုံးပေါ်တွင် ပွေ့ယူသွားရင်း ကျနော်၏ စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ ဇာတ်ကောင်များကိုသာ တွေးချင် တွေးနေလိမ့်မည် ဖြစ်သည်။
ညီမလေးအကြောင်းကို စာတလုံး တပိုဒ်ရေးရန် မည်သို့လျှင် တွေးခဲ့နိုင်ပါမည်နည်း။


*******************************
ကျနော်ထင်းခုတ် အလုပ်လုပ်နေသည့် ကာလတွင် နွားနားရက်တရက်၌ ခိုင်းနွားကြီး ရထားတိုက် သေသွားလေသည်။
စာဥသည် နွားချင်းဝှေ့ရာ၌လည်း ပြိုင်ဖက်မထားသူဖြစ်၏။ အလုပ်လုပ်ရာ၌လည်း ကြမ်းတမ်းလှသဖြင့် နာမည်ကျော်ကြားလေသည်။ ချိုင့်များ၊ ချောက်များထဲမှ ထင်းတုံးများ ဆွဲတင်ရာ၌ တော်ရုံကျွမ်းကျင်သူသည် သူ့ကို မကိုင်တွယ်ရဲ။ ပခုံးပေါ်ထမ်းပိုးတင်ပေးလိုက်လျှင် သူသည် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ထောင်းနှာမောင်း ကျေအောင် အတင်း ဆွဲတင်သွားသည်။ တော်ရုံ သစ်ကျိုင်းပင်ကလေးများမှာ ထင်းတုံးများရိုက်သွားသဖြင့် အပိုင်းပိုင်း ပြတ်ကျန်ရစ်ခဲ့သည်။သူ့၌ မောပန်းနွမ်းနယ်တတ်သည့် ပုံလည်းမပြ။
သူသည် ရထားတိုက်မိထားသဖြင့် နောက်ပိုင်းတခုလုံး ကျေမွနေလျက်ကပင် သူသေလုဆဲဆဲ၌ ရှေ့လက်နှစ်ချောင်း ထောက်ပြီး ခေါင်းထောင် ထနေသေးသည်။ သူ၏ အောင်မြင်လှသောအသံဖြင့်တထိန်းထိန်း တွန်ရင်း စစ်ကျေညာရင်းမှ သေဆုံးသွားလေသည်။
သူသေသောအခါ အိမ်သားတယောက် ကွယ်လွန်သလိုပင် အဖေနှင့် အမကား ငိုခဲ့ရလေသည်။ သူ့ အသားများကိုမူ မြေမြှုပ်မပစ်နိုင်။
ကျနော်နှင့် သူငယ်ချင်းတယောက်သည် သူ့အသားကိုဖျက်ကာရွာစဉ် လှည့်ရောင်းကြရသည်။ ထင်းကံတရိုက်ထံမှ ငွေထပ်တောင်းပြီး သူ့အသားဖိုးနှင့်ပေါင်းကာ နောက်ထပ် နွားသစ်တကောင် ထူထောင်ရသည်။
စာဥသေပြီး ရက်မကွာခြားလှမီတွင် ကျနော့် ညီမလေးပါ ဆုံးပါးခဲ့ရသည်။
စာဥ သေစဉ်က ညီမလေး ရောဂါမှာလည်း တရွှေ့ရွေ့တိုးနေခဲ့သည်။ တနေ့ သုံးကြိမ် လေးကြိမ် တက်ရာမှ ငါးကြိမ်ခြောက်ကြိမ် ဖြစ်လာနေခဲ့ပြီ။ တခါတရံ ခုနှစ်ကြိမ် ရှစ်ကြိမ်အထိမြင့်လာနေလေပြီ။ အမေတို့သည် ညီမလေးကို တိုက်နေကျသည်းခြေဆေး သွေးဆေး ငှက်ပျောသီးမန်းများကို အကြိမ် အရေအတွက် တိုး၍တိုက်သည်။ အထူးတလည်လည်း စိုးရိမ်စိတ်မထားနိုင်။ တခါတရံ၌ တနေ့ဆယ်ကြိမ်အထိ တက်ခဲ့ဖူးလျက် နောက်ပိုင်းတွင် နှစ်ကြိမ် သုံးကြိမ်အထိ ပြန်ကျဆင်းခဲ့ဖူးသည့် အတွေ့အကြုံများဖြင့် စိတ်ကိုဖြေထားကြသည်။
“ကိစ္စမရှိပါဖူးကွာ၊ အခုငှက်ပြောသီးမန်းကျွေးလို့ ရောဂါနဲ့ဆေး တိုးတုန်းဖြစ်တာပါ၊ တဖြေးဖြေး ပြန်ကျသွားမှာပေါ့၊ စိုးရိမ်စရာ မရှိပါဖူး”
အဖေက ထိုသို့ ယုံယုံကြည်ကြည် ပြောနေခဲ့သည်။
ညီမလေးသည် ကျနော်တို့ အမဲသားဖျက်နေရာ သရက်ပင်ကြီးရိပ်တွင်အနား၌ လာရပ်နေသည်။ ကျနော်တို့ ဓားများဖြင့် နွားအရေကို ခွဲလှန်လိုက်သည်ကိုလည်း သူသဘောကျနေသည်။ ရင်ကိုခွဲလိုက်သောအခါ သွေးများသည် တဟောဟော ဆင်းလာကြ၏။ နွားကိုယ်ထဲမှ အပူငွေ့များ အခိုးများသည် တထောင်းထောင်း ထလာကြ၏။ ကျနော်တို့သည် နွားပေါင်ကြီးများကို ဓားဖြင့် ရစ်လှီးထုတ်လိုက်ကြသည်။
ညီမလေး ရပ်နေသည်မှာ နေပူကြီးထဲတွင် ဖြစ်လေသည်။ “နေရိပ်ထဲဝင်နေလေ” ဟု ကျနော်ပြောသည်ကို သူသည် ဂရုမစိုက်။ ကျနော်ကသူ့ကို နေရိပ်ဖက်သို့ တထောင်ဆစ်ဖြင့် တွန်းလွှတ်သောအခါ သူ၏ ပိန်ချပ်ကြံလှီနေသည့် ကိုယ်ကလေးမှာ ယိမ်းထိုးသွားလေသည်။
ညီမလေးကား မနေ့ တနေ့ကထက်ပင် ပို၍ပိန်ချုံးကျလာသည်။ ထမင်းဟင်းကိုလည်း အရင်ကလောက် မစားတော့။ အရင်ကလောက်လည်း လန်းလန်း ဆတ်ဆတ် မရှိလှ။ သူ့ အသားမှာ ပို၍ ဖြူဖျော့နေပေပြီ။ သူ့အတွက် ပေါင်သားကောင်းကောင်း နှစ်ပိဿာလောက် မရောင်းဖဲ ချန်ထားလိုက်မည် ဟု ကျနော်တွေးနေမိသည်။
ညီမလေးသည် ကျနော်တွန်းလွှတ်လိုက်သည့် ဖက်တွင်ပင် သရက်ပင်ရိပ်၌ သရက်မြစ်ဆုံ တခုပေါ်တွင် အိနြေ္ဒရရကလေးထိုင်နေသည်။ သူ၏ သန်နေသေးသည့် လက်တဖက်ဖြင့် သရက်မြစ်ပေါ်ထောက်ထားသည်။
သူ့ရှေ့၌ သရက်ရွက်ခြောက်များ ကြွေကျနေသည်ကို ညီမလေးသည် သူ၏ဝေနေသော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ သရက်ပွင့်ကလေးများ ဝဲကာဝေ့ကာ ကျလာပုံကိုလည်း သူသဘောကျ နေတော့မည်။
ခနကြာလျှင် သူနေရာမှ ထလာပြန်သည်။ ကျနော် အမဲသားတွဲများချိန်ပြီး နှီးဖြင့်ဖောက်ချီကာ မလှမ်းမကမ်း ထန်းရွက်များအပေါ် လှမ်းပစ်တင်နေပုံကို သူသဘောကျနေသည်။
ညီမလေးသည် အမဲသားများကို လက်ဝါးဖြင့် တဖျန်းဖျန်းပုတ်ကြည့်လေသည်။ သူ့လက်များ၌ သွေးများလူးကျံကုန်သည်။ သူ့အကျီင်္ သူ့မျက်နှာများ၌ သွေးများစင်နေသည်။
ကျနော်လည်း အလုပ်ကို ခနရပ်ထားရ၏။ ရွာစဉ်လှည့်ရောင်းချိန် မမှီမှာကိုလည်း စိုးရိမ်မိသည်။ သူ့ကို လက်တဖက်ဖြင့် ဆွဲကာ သရက်ပင်သို့ ပြန်ပို့ထားလိုက်သည်။ “ညီမလေး ငြိမ်ငြိမ်နော်” ဟူ၍လည်း ချော့မော့ထားလိုက်သည်။
ညီမလေး ကျနော့်ကို မကျေမနပ် ဖြစ်နေ ပြန်သည်။ “ကြီးကျယ်လိုက်တာ” ဟူ၍ သူပြောနေကျ စကားလေးလုံးကိုပြောလျက် ကျနော့်ကို မကျေနပ်သည့် မျက်လုံးဝိုင်းကြီးများဖြင့်သာ ကြည့်နေသည်။
သူ့ မျက်လုံးဝိုင်းကြီးသည် ခွန်အား ဆုတ်ယုတ်မှုကို ဖော်ပြနေပေပြီ။ ယခင်ကလောက် အားမကောင်းတော့။ မျက်လုံးသွေးကြောများမှာ ဝါဖျော့နေပေပြီ။
ခနကြာလျှင် သူသည် ရောက်လာပြန်၏။ ကျနော်ကလည်း သူ့နေရာ သရက်မြစ်ကြီးအပေါ် ပြန်ပို့သည်။ ချော့မော့သည်။ သို့သော်လည်း ခဏမျှသာငြိမ်နေပြီး ပြန်ရောက် လာပြန်သည်။ ကျနော် ပြန်ပို့ရပြန်သည်။
“ငါတို့ ရောင်းချိန်တောင် သိပ်မရှိတော့ဖူးကွာ၊ သုတ် သုတ်လုပ်ဟေ့” ဟူ၍ သူငယ်ချင်းက ပြောနေသည်။
ညီမလေးသည် တကြိမ်ထလာပြီး အမဲသားတွဲများကို လက်ဝါးဖြင့် တဖျန်းဖျန်း ပုတ်ပြန်သည်။
သည်အခါ၌မူ သူ့ကို ခပ်ကြမ်းကြမ်း ဆွဲခေါ်ကာ အိမ်ပေါ်သို့ ပို့ထားခဲ့သည်။ ညီမလေးကား ကျနော်စိတ်တိုနေပြီကိုလည်း မသိ။ဘာကြောင့် စိတ်တိုနေရသည်ကိုမူ မည်သို့လျှင် သိနိုင်တော့မည်နည်း။
သူသည် မကျေနပ်သော မျက်လုံး ဝိုင်းကြီးများဖြင့်သာ ကျနော့်ကို ကြည့်သည်။ မကျေနပ်သံဖြင့်သာ “ကြီးကျယ်လိုက်တာ” ဟူ၍ ပြောနေသည်။
ကျနော် ပြန်လှည့်လာခဲ့လျှင် သူလည်း နောက်မှ ခွန်အား ချည့်နဲ့စွာ တရွေ့ရွေ့လိုက်လာ နေပြန်သည်။
ကျနော်သည် သူ့ကို သရက်မြစ်ပေါ်သို့ ပို့ပေးရပြန်သည်။
သည်တကြိမ်၌မူ သူ၏ သန်စွမ်းနေသေးသည့်လက်ဖြင့် သရက်မြစ်ကိုထောက်လျက် သရက်ပင်စည်ကြီးကိုမှီကာ အရုပ်ကလေးတခုလို အချိန်ကြာမြင့်စွာ ငြိမ်သက်စွာ ထိုင်နေသည်။ နေကလည်းပြင်းသဖြင့် အားအင်ကုန်ခန်းနေသည့် ညီမလေးသည် နွမ်းလည်းနွမ်းနယ်နေသည်။
သူ့နှုတ်ခမ်းများမှာမူ ကျနော့်ကို မကျေနပ်သဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ သူ့ မျက်လုံးမျာကိုမူ မှိတ်ထားလေသည်။
ခနကြာလျှင် ကျနော်သည် အမဲသားတွဲများကို ကျောပေးထားခဲ့ပြီး အမဲရင်ဒူးများးကို ခုတ်ပိုင်း နေမိ၏။ ထို့ကြောင့်ပင် သူ နောက်က ရောက်နေသည်ကိုလည်း မသိလိုက်။ သူ အမဲသားတွဲများကို ဆွဲကိုင်နေသည်ကိုလည်း မသိလိုက်။
ညီမလေးသည် ဘယ်လိုစိတ်ကူးပေါက်သည်မသိ။ အမဲသားတွဲတတွဲကိုကိုင်ပြီး နေပူဖုံတောထဲသို့ လှမ်းပစ်လိုက်လေသည်။ အမဲသားတွဲ ဖုံထဲကျသွားမှ ကျနော်လည်း လှည့်ကြည့်မိသည်။
အမဲသားတွဲ ဖုံတောထဲ ကျသွားရာမှ ဖုံများ တထောင်းထောင်း ထသွားလေသည်။ ဖုံထဲ နစ်သွားသည်။ ရေဆေးလျှင်လည်း ဖြူသွားကာ ရောင်းလို့ရတော့မည် မဟုတ်။ သဲများ ဖုံများ အမှိုက်စများကို ပြောင်အောင် ဆေး၍လည်း ရမည်မဟုတ်။ ကျနော့်မှာ နှမျောစိတ် ဒေါသစိတ်များဖြင့် ဆတ်ဆတ်တုန်နေသည်။ မွန်ထူနေသလောက်ပင် ဖြစ်သွားသည်။
ထို့ကြောင့်ပင် ညီမလေးဆီပြေးသွားပြီး တားဆီးရန် သတိမရဖဲ အမဲသားတွဲကျသွားရာနေရာသို့ ပြေးသွားကာ ကောက်ယူနေမိသည်။
ညီမလေးကား ဟက်ဟက်ပက်ပက်ကြီးပျော်နေသည်။ ကျနော်ပျာယာခတ်နေသည်ကိုလည်း သဘောကျနေ၏။ ကျနော် အမဲသားတွဲ ကောက်ယူပြီး ပြန်အလာ၌ နောက်ထပ် နှစ်တွဲကိုဆက်တိုက် လွှင့်ပစ်လေသည်။ ကျနော် ပြန်ပြေး ကောက်ရ သည်ကို သဘောကျကာ သူသည် ကောင်းစွာမသန်စွမ်းသည့် လက်များဖြင့်ပင် လက်ခုပ်လက်ဝါးတီးနေတော့သည်။ သူ့ လက်ခုပ်သံမှာ မမြည်လှသော်လည်း သူ့နှုတ်မှ “ဟေး ဟေး ”နှင့် ညာသံပေးနေသံမှာမူ သူဟက်ဟက်ပက်ပက် ပျော်ရွှင်နေသောကြောင့် ကျယ်လောင်လှသည်။
ညီမလေးကား အပြစ်ကင်းမဲ့စွာ ဟက်ဟက်ပက်ပက် ပျော်ရွှင်နေပေပြီ။
ကျနော်ကမူ သူ၏ အပြစ်ကင်းမဲ့သည့် ပျော်ရွှင်မှုကိုလည်း မကြင်နာနိုင်။ သူ့ကို ဝေဒနာသည်ကလေးဟူ၍လည်း မသိမရနိုင်။ နှမျောစိတ်နှင့် ဒေါသစိတ်ပေါင်းစည်းကာ၊ မီးတောက် မီးလျှံမျက်လုံးများဖြင့် အသားတဆတ်ဆတ်တုန်လျက် သူ့ဆီပြေးလာနေသည်။ ကျနော့်လက်ထဲတွင် ဝါးလုံးတိုတခုကိုလည်း ဘယ်နေရာက ဆွဲယူလာမှန်းမသိ။
သူ့ကျောပြင်ကို အားကုန်လွှဲရိုက်နေမိ၏။
တချက်…..
နှစ်ချက်….
သုံးချက်….
လေးချက်…..
ငါးချက်….
ဤငါးချက်မှာ ကျနော့် ဘဝ တလျှောက်လုံး ကျနော့်အသဲနှလုံးသားများကို ပါးပါးလွှာလှီး နေတော့မည့် ငါးချက်ပါတကား။ ကျနော် ဘယ်အခါတွင်မှ ပြန်မတွေး ဝံ့တော့မည့် ငါးချက်ပါတကား။
သူသည်
“အကိုလေးရယ့်” ဟူ၍ ကျနော့်ကိုပင် တ ခဲ့၏။
သူ၏ သစ်ရွက်ကလေးလို ကိုယ်ကလေးမှာ အမဲသားပုံကြီး ပေါ်သို့ ညွတ်ကျသွားသည်။် ပက်လက်ကလေး ဖြစ်နေသည်။ ကျနော့်ကို ပြူးကျယ်ဝိုင်းစက်လှသည့် မျက်လုံးကြီးများဖြင့် ကြည့်နေသည်။ ထိုမျက်လုံးကြီးများပေါ်တွင် မျက်ရည်များ ပြည့်လာနေသည်။ စကားပြောချင်သဖြင့် သူ၏ပါးလှပ်သော အားနည်း၊ ဖျော့နေသော နှုတ်ခမ်းကလေးများ တဆတ်ဆတ်လှုပ်နေသည်။
သူ့မျက်နှာပေါ်တွင် သရက်ကိုင်းများကြားမှ နေပြောက်များ ကျနေသည်။ သူ့ ကိုယ်လုံးကလေးမှာ အမဲသားပုံထဲတွင်နစ်မြုပ်နေသည်။ ပါးစပ်ကမူ အသံလည်း မထွက်။ “ကြီးကျယ်လိုက်တာ” လို့တောင် မပြော။
ကျနော့် ကိုသာ ပြူးကျယ်ဝိုင်းစက်သော မျက်လုံးကြီးများဖြင့် မျက်တောင်မခတ်တော့ဖဲ ကြည့်နေသည်။
အမဲသားပုံကြီးပေါ်သို့ သရက်ပွင့်များလည်း တဖွဲဖွဲ တဖွေ့ဖွေ့ ကြွေကျနေလျက်ပင်။ သူမျက်နှာကလေးပေါ်သို့ လည်း ကျနေသည်။
ကျနော်လည်း ဝါးလုံးကို မလွှတ်ပစ်သေးဖဲ ယူကျုံးမရစွာဖြင့် ဆို့နင့်စွာဖြင့် ရပ်နေဆဲပင်။
“ငါ….ငါ ရက်စက်တဲ့လူ၊ အကြင်နာ ကင်းတဲ့လူ၊ ဒီအမဲသားကလေးသုံးတွဲနဲ့ ငါ့ညီမ ရောဂါသည်မလေးကို ရိုက်ရက်တယ်၊ ရက်ရက်စက်စက် ရိုက်ရက်တယ်၊ သူတဖြည်းဖြည်း ယိုင်ပီးလဲသွားတယ်။ ဘယ်နှစ်ချက် ရိုက်မိသလဲ။ တချက်…..နှစ်ချက်….သုံးချက်….လေးချက်….ငါးချက်…..”
အမဲသားပုံကြီးထဲတွင် နစ်မြုပ်နေသည့် ကျနော့်ညီမလေး၏ သွေးဆုတ်ဖြူယော် နေသည့်ပုံကို ဘယ်အခါတွင်မှ မေ့နိုင်မည်မဟုတ်။
ကျနော် မလှုပ်နိုင် မယှက်နိုင် ဖြစ်နေခိုက်၌ပင် ညီမလေးမှာ ရုတ်တရက် မျက်ဖြူလန်ကာ တခေါက်ခေါက် တက်သွားပြန်သည်။ သူ့ခြေထောက်များသည် အမဲသားကို ကန်ကျောက်နေ၏။ သူ့လက်တဖက်မှာ မကျေနိုင်မချမ်းနိုင် ဖြစ်နေသလို အမဲသားတွဲ တတွဲကို ဆုပ်ကိုင်ထားသည်။
ကျနော့် သူငယ်ချင်းလည်း စိတ်ထိခိုက်နေသည့် ညိုမောင်းသည့်မျက်နှာနှင့်ပင် ငုံ့ကြည့်နေသည်။
ထိုအခါတွင်မှ ကျနော်သည် သတိရလျက် လက်ထဲမှ ဝါးလုံးကို လွှင့်ပစ်ခဲ့၏။ ညီမလေးကို ပွေ့ယူရလေသည်။ သူ့ လက်ထဲမှ အမဲသားတွဲကို မနည်း ဖြည်ယူရလေသည်။
သူအတက်ကျမှပင် အမဲသားတွဲမှာ လွတ်ကျသွားလေသည်။ သူ၏ ပေါ့ပါးလှသည့် ကိုယ်ကလေးမှာကျနော့်ရင်ခွင်ထဲ၌ပင် အိပ်မောကျနေရှာပြီ။ ပျော့ဖတ်ဖတ်ကလေး ဖြစ်နေ၏။ သူ့ လက်ဖျားခြေဖျားများသည် ရေတုံးရေခဲ ဖြစ်နေ၏။
ကျနော်သည် ညီမလေးကို သူ့အိပ်ရာပေါ်သို့ ပွေ့ယူသွားင်္ပြီး အဝတ်အစားလဲပေးကာ သိပ်ခဲ့ရသည်။


*******************************
ထိုနေ့က ကျနော့်ကို“အကိုယ်လေးရယ့်” ဟူ၍ ခေါ်သွားသံကား သူ၏နောက်ဆုံးခေါ်သွားသံ၊ ကျနော့်ကို နှုတ်ဆက်သွားသံ ဖြစ်နေခဲ့ပေပြီ။
နောက်နေ့မှစ၍ ညီမလေးကား ရှစ်ကြိမ်မှ ကိုးုကြိမ်…ဆယ်ကြိမ်…အကြိမ်ရေတိုးလာကာ သူ့အိပ်ရာကလေးပေါ်မှ မထနိုင်တော့။ ထိုအခါတွင်မှ အမေတို့လည်း သူ့ကို ကြည့်ရူနေသည့်ဆရာကို အိမ်အရောက် ပြေးပင့်ရသည်။နောက်ရက်များ၌ တရွေ့ရွေ့ပင် ညီမလေးကား ကြွေလုတဲတဲဖြစ်လာနေခဲ့ပေပြီ။
ကျနော်လည်း နွားသစ်တကောင် ကမန်းကတမ်း ဝယ်ပြီး ထင်းတောကိုချည့် ထွက်နေသည်။ ကျနော့်ကို မည်သူကမျှလည်း မတားဆီး။ ဤရက်များ၌ အလုပ်ကို လုပ်မနေသင့်သော်လည်း ကျနော်ကား အပူမီးတောက်လောင်နေသည့် အိမ်အနားသို့ပင် မကပ်ချင်။
ညီမလေးး ကွယ်လွန်သည့် ညနေက ထင်းလှည်းများ ရွာအဝင်ညောင်ပင်ဝိုင်းကြီးအောက် ရောက်သောအခါ မှောင်ရိပ် ဆိုင်းနေခဲ့ပေပြီ။ ကျနော်တို့လှည်းများသည် ညီမလေး တခါက ညအိပ်ခဲ့သည့် နတ်စင်ရှေ့မှ ကပ်မောင်းနေကြသည်။ အမှောင်ရိပ်မိုးနေပြီဖြစ်သဖြင့် အနားရှိ လယ်ကွင်းများကိုပင် သဲသဲကွဲကွဲမမြင်ရ။ ကန်သင်းရိုးများသည် အမှောင်ရိပ်ထဲ၌ ပို၍ မဲနေကြပေပြီ။ နေရောင်များလည်း ပါးပါး လွှာလွှာကလေးမျှသာ ကျတော့မည်။ အရှေ့ဖက် ရှမ်းပြည်၏ ရိုးမတောင်ကြီးပေါ်မှ လရောင်ရိပ်များ သန်းနေခဲ့ပေပြီ။
ထိုအခါ၌ပင် ရွာထဲမှ အမေ၏ ပူဆွေးသောက ကြီးမားစွာအော်ငိုလိုက်သံကို ကြားရလေသည်။ ကျနော့်လှည်းမှာ ညီမလေး တက်အိပ်ခဲ့သည့် နတ်စင်ရှေ့သို့ ရောက်ရုံမျှသာ ရှိသေးသည်။ အမ၏ တက်မတတ် ချက်မတတ် တစာစာ အော်ငိုသံလည်း ရွာဖက်ဆီမှ ပေါ်လာသည်။ ကျနော့်အိမ်မှ ခွေးအိုကြီး၏ ဝမ်းနည်းပက်လက်ဖြင့် ကောင်းကင်သို့မော့လျက် သံရှည်ဆွဲအူသံလည်း ပေါ်လာသည်။ တရွာလုံးခွေးများကား ရွာပျက်ခမန်း တကောင်နောက် တကောင်လိုက်ပြီး အူနေပေပြီ။
ကျနော်ကား အိမ်သို့ပြန်ရန် စိတ်ကို တင်း၍မရ။ ဤငိုသံများကို မကြားနိုင်။ ညီမလေး၏ ပက်လက်ဖြစ်နေသည့် မျက်တွင်းဟောက်ပက်နှင့် ပိန်ချုံးနေသည့် ရုပ်အလောင်းကိုလည်း မကြည့်နိုင်။ အမေနှင့် အမတို့ ပူဆွေးသောကကြီးမားစွာ လူးလှိမ့် ငိုနေကြမည်ကိုလည်း မတွေ့မြင်နိုင်။
“ခင်ပုရေ…. သမီးလေးရယ့်….အမေ့ကို ထကြည့်ပါအုံး….ကြီးကျယ်လိုက်တာလို့ ပြောလိုက်ပါအုံးလားကွယ့်”
“ခင်ပုရေ….ညီမရယ့်”
ကျနော်ကား မခံမရပ်နိုင်တော့သဖြင့် သွားနေသည့် လှည်းပေါ်မှ ခုန်ချလိုက်ရသည်။ မှောင်နေသည့်လယ်ကွင်းပြင်ကြီးကို ဖြတ်ပြေးနေမိသည်။ လယ်ကန်သင်းများကို တိုက်ခိုက်ကာ တဘိုင်းဘိုင်း လဲနေရသည်။ ငိုယိုသံများ မကြားနိုင်တော့သည့်နေရာသို့ သုတ်သုတ် ရောက်သွားလိုလှသည်။ ငိုသံများက တဖြေးဖြေးဝေးသွားနေပြီဖြစ်သော်လည်း ကျနော့်နောက်မှ လိုက်ပြေးလာနေဆဲပင်။
ထင်းသမားအချို့လည်း ကျနော့်ကိုစိုးရိမ်စိတ်ဖြင့် နောက်မှ လိုက်ပြေးလာနေကြသည်။
လယ်ကန်သင်းတခုပေါ်တွင် ကျနော်တိုက်မိပြီး လဲကျနေစဉ် သူတို့ မှီလာကြသည်။ တယောက်သည် ကျနော့်ကို တွဲထူနေ၏။ ကျန်လူများသည် ကျနော့်ကို ဝိုင်းရံထားနေကြသည်။
“ကွာ မင်းတို့လဲ တတ်နိုင်သလောက်တော့ ကုတာဖဲမှုတ်လား၊ ဒီကြားထဲက သေရတာတော့ ကုသိုလ်ဖဲပေါ့ ငါ့ညီရာ။ မင်း အိမ်မပြန်လို့ မဖြစ်ဖူး။ အပူဆိုတာ ဝေမျှခံရတယ်။ ကျန်တဲ့လူတွေချည့် ပူနေရမယ်ဆိုတာတော့ မတရားဘူး။ မင်းမျက်နှာ သူတို့မြင်ရရင် နဲနဲတော့ သက်သာတာပေါ့ကွာ။ ဒီလို့ပေါ့ကွာ၊ သေခြင်းတရားဆိုတာ တားနိုင်တာမှ မဟုတ်ဖဲ”
ကျနော့်စိတ်ထဲတွင်မူ“တားနိုင်တယ်”ဟု အော်ပြောလိုက်ချင်သည်။ ငွေနှင့်တားလျှင် ရနိုင်သည်ဟု ပြောလိုက်ချင်သည်။ ပြောကား မပြောဖြစ်။ မည်သူ့ကိုမှမည်သည့်စကားမှ မပြောဖြစ်။ ကျနော့်ကို မည်သူက တရားပြနေသည်၊ ဖြေသိမ့်ပေးနေသည်ကိုပင် ကျနော် သတိမထားနိုင်။
ကျနော်ကား သူတို့ အတင်းဆွဲခေါ်နေသဖြင့်သာ စိတ်ကို အတတ်နိုင်ဆုံးဖြေကာ ရွာကြီးဖက်သို့ လိုက်ပါနေရသည်။


*************************************
ညီမလေးကို မြှုပ်နှံမည့် မြေကျင်းကို ကျနော်ကိုယ်တိုင် တူးခဲ့သည်။ ကျနော်တိုယ်တိုင် မြေဖို့ခဲ့သည်။ ညီမလေးကား ကျနော်တို့ လောကမှ ထွက်ခွာသွားနှင့်လေပြီ။ မိုးကြီး တမိုး နှစ်မိုး ရွာလိုက်လျှင်ပင် သူ့အတွက် ကျနော်လုပ်ပေးခဲ့သည့် မြေပုံလည်း ပျောက်ကွယ် သွားပေမည်။
နောက်နေ့၌ပင် ကျနော်သည် လူအများ တားနေလျက်နှင့် ထင်းတောသို့ တက်လာခဲ့သည်။ အိမ်တွင် မနေချင်။ ဖြစ်ပွားနေရသည့် သောကကို မျိုသိပ်ထားနေရသည်မှာ မခံရပ်နိုင်။ အလုပ်လုပ်နေရလျှင် မေ့မေ့ ပျောက်ပျောက် နေနိုင်မည်ဟု တွေးထင်မိခဲ့သည်။
တကယ်မှာမူ လက်များကသာ အလုပ်ကိုလုပ်နေသော်လည်း စိတ်များက အလုပ်ပေါ်သို့ မရောက်နိုင်။ ကျနော့်လက်မှ ဓါးသည် ထင်းပင်ကို အလိုလို ခုတ်နေသလိုပင်။ ဓါးစာများသည် ကျနော့် ခြေထောက်များပေါ်သို့ တဖွားဖွား ကျနေကြ၏။ ကျနော်ဓါးခုတ်သံကိုလည်း မကြားမိ၊ အခြား တောင်ကြောလျှိုမြှောင် နေရာအနှံ့မှ ပေါ်လာနေသည့် ဓါးခုတ်သံ လွှဆွဲသံ သီချင်းဆိုသံများသည် တောတခွင်လုံး နှံ့နေသော်လည်း ကျနော့် ထံသို့မူ ရောက်မလာ။
ကျနော့်စိတ်များကား မည်မျှဝေးလန်မှန်းမသိ၊ မည်သည့် နေရာမှန်းမသိ၊ အဆုံးမရှိသည့် နေရာအနှံ့သို့ လွင့်နေကြသည်။ ညီမလေး၏ ပိန်လှီနေသော ဖြူလျှော်လျှော် သဏ္ဌာန်ကိုသာ တွေ့နေရသည်။ သူလူဖြစ်နေရသည့် တိုတောင်းလွန်းလှသည် ဘဝကလေးထဲ၌ ညီမလေးကား လူနှင့်တူအောင် တချက်ကလေးမျှ မနေသွားခဲ့ရပါတကား။ ထိုအတွေးသည်သာ ကျနော့် ခေါင်းထဲတွင် ဝဲလှည့်နေသည်။
အောက်ဖက်လျှိုထဲမှ ကျနော့်နွားနှစ်ကောင်၏ တထိန်းထိန်းတွန်နေသံများကိုလည်း မကြားမိ။ လျှိုစပ်တွင် ဖြုတ်ထားသော ကျနော့်လှည်းနံရံ၌ ချိတ်ထားသည့် ထမင်းထုပ်ကို တောကျီးကန်းကြီးနှစ်ကောင် ဖောက်စားနေကြသည်။ ကျနော် မနက်စာထမင်း ငတ်တော့မည်ကို သိသော်လည်း သူတို့ကိုမောင်းနှင်မလွှတ်ချင်။
ကျနော် အလုပ်လုပ်နေသည်မှာ ခရီးလည်းမတွင်ပါ။
တဖက်တောင်ကြောပေါ်မှ “ငနိုင်ရေ့တင်တော့ဟေ့” ဟု ခုတ်ပြီးထင်းများတင်ရန် သတိပေးသံကား ပေါ်လာပေပြီ။
သူတို့ဆီမှ ထင်းတင်နေသည့် တဝုန်းဝုန်း တဒိုင်းဒိုင်းအသံများပေါ်လာနေသည့်တိုင်အောင် ကျနော်ကား ထင်းပင်တပင်ကိုပင် လဲအောင် မခုတ်ရသေးပေ။ ရိုးမတောင်ကြောများ ပေါ်၌ နေခြည်လည်း ပြင်းလာနေပြီ။ အခါတိုင်းကဆိုလျှင် ခုလောက်နေပူချိန်၌ ကျနော့်တကိုယ်လုံးမှာ ချွေးများနစ်နေတော့သည်။ ယခုမူ ချွေးမှာ စို့ယုံကလေးပင် မရှိသေးပေ။
နောက်ဆုံး၌ ကျနော်ခုတ်သည့် ထင်းပင်ကြီးသည် တဖျစ်ဖျစ်မြည်လျက် ကျနော်မမြှော်လင့်ထားသည့်ဖက်သို့ လည်ကျလာနေသည်။
ထိုအခါတွင်မှ ကျနော်သည် အသက်ဘေးအတွက် သတိလှစ်ကနဲ ဝင်လာခဲ့သည်။ လွတ်ကင်းမည့်ဘက်သို့ ခုန်လိုက်ကာ တတ်နိုင်သမျှ ပြေးလွှားလေသည်။ သစ်ပင် ပင်စည်မကြီးနှင့်ကား လွတ်သွားသည်။ ကိုင်းဖျားအချို့မူ ကျနော့်ကို သိမ်းရိုက်ချသွားသည်။ ကျနော့်ကိုယ်မှာ ချောက်ထဲသို့ကျမည့် သစ်ပင်ကြီးနှင့် အတူ လုံးထွေးပါသွားသည်။
ကျနော်သည် အသံနက်ကြီးနှင့် ကုန်းအော် မိသေး၏။ ထိုအော်သံကား သစ်ပင်ကြီး လဲကျနေသံနှင့်အတူ တောင်တောင်ချောက်ကမ်းများသို့ ပြေးသွားလေသည်။
သစ်ပင်ကြီးသည် တဝေါဝေါမြည်လျက် တဆင့်ပြီးတဆင့်ချိုင့်ထဲ ထိုးကျနေသည်။ ကျနော်ကား ဘာမျှသတိမရတော့။
ကျနော့်ကိုယ်မှာ လမ်းခုလတ်ရှိ နွယ်ခြုံတခုပေါ်၌ တင်နေခဲ့သည်။ သစ်ပင်ကြီးကား ချိုက်ထဲသို့ ကိုင်ပေါက်ချလိုက်သလို ကျသွားလေပြီ။
ကျနော့်တကိုယ်လုံးမှာ သွေးများ ချင်းချင်းနီလာသည်။ ကျနော် သတိမရတချက် ရတချက်၌ တောတောင်နေရာအနှံ့မှာ ဘဝတူ အလုပ်သမားများသည် ဆူညံစွာ အော်ဟစ်လျက် ကျနော်ရှိသည့် တောင်ကြောကို ပြေးလာနေကြသည်။
သူတို့သည် တောင်ထိပ်မှလည်း ဆင်းလာကြ၏။ ချိုက်ထဲမှလည်း တွယ်ဖက် တက်လာကြ၏။ ကျနော့်အလောင်းကို လဲကျနေသည့် သစ်ပင်ကြီးအောက်၌လည်း အနှံ့အပြား ရှာနေကြ၏။
ထိုအခိုက် ကျနော့်နားထဲတွင် ညီမလေး ဆိုနေကျ သီချင်းတပုဒ်ကို ညီမလေးအသံနှင့် ကြားနေမိသလို ဖြစ်နေသည်။ သူ့ သူ့အသံလေးမှာ ရွှင်လျက်လန်းဆတ်နေသည်။
“ရွှေမြင့်မိုရ်ကြီး
ပတ်ခြာ လှည့်ကာ
ပတ်ခြာ လှည့်ကာ
လိုက်ရှာ လိုက်တာ
မင်းလို ချောတာ
မင်းလို လှတာ
တွေ့မယ် မထင်ဘူး….ဗျာ”
သူက ရှင်မီး အကျီကလေးဝတ်လျက် ကြက်တောင်စီးကလေးဖြင့် မေးကလေးထိုးကာ ခြေထောက်ကလေးခြွကာ လက်ကလေးမြှောက်ကာ သီချင်းဆိုလျက် မင်းသားကကို မင်းသားဟန်ဖြင့် ကနေသည်။ ကျနော်ကလည်း ဂျာရစ်ဝိုင်းဆံပင်ဖြင့်ပင် တင်ပလ္လင်ခွေထိုင်ကာ မြေကြီးကိုပုတ်ပုတ်ပြီး ပါးစပ်ဆိုင်းတီး ပေးနေသည်။
အမေရိကန်များ ပြန်ဝင်လာစက ဖြစ်၏။ ရွာနံဘေး ဥယျာဉ်ကြီးထဲရှိ အမေရိကန်စစ်စခန်းတွင် ကျနော်တို့နံဘေး၌ စစ်သားများ ဝိုင်းနေကြ၏။
သူတို့သည် ကျနော်တို့ရှေ့သို့ ငွေမူးစေ့မတ်စေ့ ကလေးများကို ပစ်ချပေးနေကြ၏။
နှစ်ပေါင်းများစွာ ….များစွာမှာ ကြာခဲ့ပေပြီ။
“ရွှေမြင်းမိုရ်ကြီး
ပတ်ခြာလှည့်ကာ
ပတ်ခြာလှည့်ကာ
ပတ်ခြာလှည့်ကာ
တယောက်က သွေးသံရဲရဲဖြင့် နွယ်ခြုံပေါ်တွင် တင်နေသည့် ကျနော့် ကို စတင်တွေ့မြင်သွားလေသည်။
“တွေ့ဘီဟေ့….တွေ့ပီ…. ဟိုမှာ…..ဟိုမှာ…..”
သူ့အော်လိုက်သံကို ကျနော် ကြားမိသလိုလို ဖြစ်နေသည်။ သူတို့တွယ်ကပ် တက်လာကြသံများ အရေးတကြီး လျောတိုက်ဆင်းလာသံများဆူညံအော်ဟစ် သံများကိုမူ ကျနော်မကြားတော့။
ကျနော့် စိတ်အာရုံထဲ၌ သွေးသံရဲရဲ အမဲသားပုံကြီးပေါ်တွင် ကျနော်ရိုက်ချထားသဖြင့် ပက်လက်လန်လဲကျနေသည့် ညီမလေး၏ အားနည်းလှသော ပိန်လှီဖျော့ဖြူနေသော အသွင်သဏ္ဌာန်ကို ခပ်ဝါးဝါး မြင်နေသည်။ သူ့မျက်လုံးပြူးကြီးဖြင့် ကျနော့်ကိုကြည့်ရင်း မျက်ရည်များ ပြည့်လာနေသည်။
“အကိုလေးရယ့်”
တစ်ချက်……
နှစ်ချက်……
ငါးချက်…..ငါးချက်…..ငါးချက်
သရွက်ရွက်ခြောက်များ ….သရက်ပွင့် ဖြူဖြူများသည် အမဲသားပုံကြီးပေါ်မှ သူ့ကိုယ်ကလေးပေါ် ကျနေသည်။
နေပြောက်များကား နှုတ်ခမ်း တဆတ်ဆတ်လှုပ်နေသည့် ညီမလေးမျက်နှာကလေးပေါ်တွင် ယိမ်းထိုးလှုပ်ရှားနေသည်။
“အမဲသား သုံးပိဿာ သုံးပိဿာနဲ့ သူ့ကိုငါရိုက်တယ်၊ သုံးပိဿာဆိုတော့ ဆိုတော့ ခြောက်ကျပ် ခြောက်ကျပ်၊ သူ ငါ့ကိုနာသွားပီ၊ မုန်းသွားပီ တပိဿာနှစ်ကျပ်….သုံးပိဿာဆိုတော့ ခြောက်ကျပ်ပါ၊ ခြောက်ကျပ်ထဲပါ”
ထင်းခုတ်သမားများသည် ကျနော့်ကိုပွေ့ နေကြ၏။ ကျနော့် ခြေလက်များကား လှုပ်မရ။ ဘယ်မှာ ဒဏ်ရနေသနည်း မသိနိုင်။ မသိနိုင်။ ခေါင်းကိုထူမရ။ ဇက်ကျိုးကျနေသည်။ ဝေနေ၏။ မူးနေ၏။ နှုတ်ခမ်းကိုလှုပ်မရ။ မျက်လုံးများ ပျက်စီးသွားပလား။ ဖွင့်လို့မရ။
သူတို့သည် ပုရွက်ဆိတ်များ အစာချီသွားသလိုပင် ကျနော့်ကို စမ်းချောင်းနံဘေး သစ်ပင်ရိပ်သို့ ပွေ့ယူသွားနေသည်။
ထိုအချိန်တွင်ကား ကျနော့်ခေါင်းထဲတွင် သူဌေးသမီးကလေး ဆင်းရဲသားကလေးတို့ ချစ်ကြိုးသွယ်နေကြသည့် ကျနော့် ရေးလက်စ ဝတ္ထုကို မည်သို့လျှင် သတိရနေနို်င်ပါမည်နည်း။
“ငါစာရေးနိုင်တဲ့အခါမယ်”
ထိုစကားလုံးများ အတွေးများ ကျနော့်ခေါင်းထဲတွင် ပေါ်လာကြသည်။
“ဒီအကြောင်းတွေ ရေးမယ်….ညီမလေး…ညီမလေး….သူ….သူ …သူ့အကြောင်း ရေးရမယ် ရေးကိုရေးရမယ်”
ကျနော့်ကိုကျနော် ကတိအထပ်ထပ် ပေးနေမိသည်။


************************************


ထိုကတိကို ကျနော်သည် ကြိမ်ဖန်များစွာ သတိရခဲ့ပါလျက် မည်သည့် အတွက်ကြောင့် မရေးခဲ့ပါသနည်း။
သဗŠာန်ပေါ်တွင် ကျနော်သည် ကနော့်ကိုယ်ကျနော်စစ်တမ်းထုတ်နေရလေသည်။
ကဗျာဆရာကား သူ့မျက်နှာကို မြစ်တဖက်ကမ်းသို့ လှည့်ထားဆဲပင်။ သူ့ဆံပင်အခွေသည် သူ့နှဖူးပေါ်၌ ကျနေ၏။ သူ့မျက်နှာမှာ ငြိမ်သက်နေသည်။ နက်ရှို်င်းနေသည်။ သူ့စိတ်ထဲ၌ ကဗျာတပုဒ် ရေးချင်ရေးတော့မည်။
သူသည် ယုံကြည်ချက်ကြောင့် ကလောင်ကို ကိုင်စွဲလာခဲ့သူ ဖြစ်၏။ လူတန်းစား တိုက်ပွဲများကြားမှ ကလောင်ကို လက်နက်အဖြစ်ဆွဲကိုင်လာခဲ့သူ။
ကျနော်ကား ကျော်ကြားချင်စိတ်၊ ကြီးမားချင်စိတ်၊ အနှိမ်ခံဘဝမှ လွတ်မြောက်ချင်စိတ်၊ “ငါ” ကိုရှေ့တန်းတင်ကာ စာရေးလာခဲ့သူဖြစ်နေသည်။ ငြင်းလို့မရ။“ အနှပညာသည် အားလုံးအပေါ်မှ….” အယူအဆကို နှစ်ပေါင်းများစွာ ကိုင်စွဲလာခဲ့သည်။ နိုင်ငံရေး…..လူမှုရေး…..လူတန်းစားတိုက်ပွဲ…..အဘိဓမ္မာ အားလုံးအပေါ်မှာအနုပညာ ဟုစွဲမြဲလာခဲ့၏။ “ငါ” ရှေ့တန်းတင်ခဲ့သဖြင့် လူကြိုက်များမည့် တသသဖြစ်မည့် ပုံသဏ္ဌာန် အကြောင်းအရာများကိုသာ မောပန်းကြီးစွာ ရှာဖွေနေခဲ့သည်။
ကျနော်ကားအရာရာကို “ငါ” ရှေ့တန်းတင်သူနေသူ။ လူတန်းစားတိုက်ပွဲများကိုပင် “ငါ”အတွက် ရေးမည့်သူ။
လှိုင်မြစ်ပြင်ပေါ်၌ ပြေးတက်လာနေသည့် ကြီးမားလှသောလှိုင်းလုံးကြီးးများသည် သဗာန်ကို ပုတ်ခတ်သွားကြ၏။ သဗာန်သည် လှိုင်းအမြင့်ကြီးအပေါ်ကျော်ပြီး ရုတ်တရက် အနိမ့်ချိုင့် ထဲထိုးချသွားလေသည်။
ကျနော့်နားထဲ၌ မိတ်ဆွေ ကဗျာဆရာ ပြောခဲ့သောစကားသံများကို လှိုင်းရိုက်သံများနှင့် အတူ ပြန်၍ ကြားနေရသည်။ ကျနော့်ကို ရိုက်ပုတ်နေပြန်သည်။ သည်ရိုက်ပုတ်ချက်မှာ ပြင်းထန်လှလေသည်။
“ဒီကာလဟာ လူတန်းစားနှစ်ရပ် စေ့စပ် မရတဲ့ တိုက်ပွဲကာလ၊ အရင်းရှင် ဖောက်ပြန်ရေးစာပေတွေ အဆိပ်အတောက် စာပေတွေ အညှီအဟောက် စာပေတွေ ဖုံးလွှမ်းနေတဲ့ကာလ၊ ဒီကာလမှာ ကျနော်တို့ လူတန်းစားဖက်က ရပ်တည်ပါတယ်ဆိုတဲ့ စာပေသမားတွေဟာတကယ်တန်း ရပ်တည်နေပီဆိုရင် များများရေးရမယ်။
“အရင်းရှင် အညှီအဟောက် စာပေဆိုတာ ပုပ်သိုးသွားရမယ်၊ လူတန်းစားရပ်တည်မှု မှန်တဲ့စာပေဟာ ဘယ်လောက်ရေးရေး ဘယ်တော့မှ မဖောင်းပွဖူး၊ ဖြစ်စဉ်တရားတွေကိုဖွင့်ချသွားရမယ်၊ ရပ်တည်မှု မှန်တဲ့စာပေဟာ တိုက်ပွဲပြင်းထန်လာလေလေ ကြီးမားခိုင်မာလေလေလေ။
“တိုက်ပွဲဝင်၊ တကုတ်ကျင်းတွေတူး၊ ရန်သူကို လက်ဦးမှုယူ”


နိုင်ဝင်းဆွေ
( ဆရာနိုင်ဝင်းဆွေရဲ့ ဝတ္ထုတိုသုံးပုဒ်ကို ကျနော့်ဘလော့မှာ အလေးအနက်ထားပြီး တင်ပေးခဲ့ပါတယ်။ ဒီဝတ္ထုတွေအပေါ် ကျနော် စွဲလန်းနှစ်ချိုက်ခဲ့တာကိုလည်း ဝန်ခံပါတယ်။ ဒါပေမယ့် ကျနော့်ဖက်က ပြောစရာမရှိ ချွင်းချက်မရှိ လက်ခံနှစ်သက်တာမျိုးတော့လည်း မဟုတ်ပါဘူး။ ကျနော်က ဒီဝတ္ထုတိုတွေရဲ့ သရုပ်ဖေါ် အဖွဲ့ အနွဲ့ တွေကို တကယ့်ကို စွဲလန်းနှစ်သက်ခဲ့ပေမယ့် သူ့ရဲ့ စာပေနဲ့ ပတ်သက်တဲ့ သဘောတရားကိစ္စတွေကိုတော့ ကျနော် မနှစ်သက်ခဲ့ပါဘူး။ ဒီအကြောင်းကို ဆရာ နိုင်ဝင်းဆွေ မသေဆုံးခင်ကတည်းကလည်း ကျနော် သူ့ ကို ပြောပြခဲ့ပါတယ်။ သူနဲ့ နောက်ဆုံးတွေ့ ဆုံရတဲ့ လပိုင်းတွေအတွင်း သူကလည်း ဒီအယူအဆတွေကို တစုံတရာ ပြောင်းလဲလိုက်ပြီလို့  ကျနော် ယူဆပါတယ်။ နောင် ကြုံတဲ့အခါ ဒီကိစ္စ ကို ပြောပြချင်ပါသေးတယ်။ ဒီလောက်ပါပဲ။ ဆရာ နိုင်ဝင်းဆွေရဲ့ ဝတ္ထုတွေ ကျနော့်ဘလော့မှာ တင်ခွင့်ကြုံလို့ ဝမ်းသာဂုဏ်ယူနေမိပါကြောင်း…)

ငြိမ်းဝေ

No comments:

Post a Comment