June 20, 2010

သုညတွေပဲ ကြွင်းတဲ့မြို့ကလေး



(၄) ရက်လောက် ကျနော် နေမကောင်းဖြစ်လိုက်ပါတယ်။ နေမကောင်းနေတဲ့ရက်တွေအတွင်းမှာ ထူးထူးခြားခြား တောင့်တနေမိတဲ့အဖြစ်က မြို့ပြင်ဘက်ထွက်ပြီး ငုဝါတွေ တန်းစီပွင့်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ် လမ်းလျှောက်နေချင်မိခဲ့တယ်။ နေမကောင်းနေတဲ့ရက်တွေအတွင်း အဲဒီလမ်းမကြီးကို ကျနော် တမ်းတနေမိတယ်။နလန်ထတယ်ဆိုရင်ပဲ မနက်စေါစေါ အဲဒီလမ်းမကြီးပေါ် ကျနော် ရောက်လာခဲ့တော့တာပေါ့။ မနက်ခတ်စေါစေါဆိုတော့ လူသွားလူလာလည်း ရှင်းတယ်။ ကားအသွားအလာကလည်း ကျဲနေပါသေးတယ်။ ကျန်းမာရေးက သိတ်မကောင်းသေးလို့ လမ်းမကြီးပေါ် ရောက်တော့ နည်းနည်းတော့ မေါနေသေးတာပေါ့။ ဒါပေမယ့် ကျနော် ကျေနပ်တယ်။ လမ်းမကြီးဘေး လူသွားလမ်းကလေးပေါ် နာရီဝက်လောက် လမ်းလျှောက်နေမိတယ်။

ကျနော် မနက်တိုင်း မြို့ပြင်ထွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ ကြာခဲ့ပြီ။ ကြာဆို (၁၀) နှစ်ကျော်ခဲ့ပါပြီ။ နေရာ သုံးနေရာလောက် ပြောင်းခဲ့ပြီးပြီ။ အခု နောက်ဆုံး မြို့ပြင် အဝေးပြေးလမ်းမကြီး ဖေါက်ပြီးပြီးချင်း ဒီနေရာကို ကျနော် ရောက်လာတော့ အရင် ဘယ်နေရာနဲ့ မှ မတူတဲ့ ခံစားမှု၊ ကျနော် ခံစားလို့ရနေခဲ့တယ်လို့ ဆိုရပါမယ်။

ကျနော်နဲ့ အလှမ်းကွာဝေးလှတဲ့ နေရာဆီက တောင်တန်းပြာ အထပ်ထပ်ကို ရာသီဥတုအပေါ်မူတည်ပြီး အရောင်အသွေး အထူအပါး အမျိုးမျိုး၊ အနီးအဝေး အမျိုးမျိုး။  ကျနော် နေ့တိုင်း စွဲမက်နေခဲ့မိတဲ့ မြင်ကွင်းတွေပေါ့လေ။ လမ်းနှစ်ဘက်က မြေကွက်တွေဟာ အရောင်အမျိုးမျိုး ပြောင်းသွားနေတယ်။ သဘာဝမြောင်းနဲ့ လူတူးတဲ့ မြောင်းကလေးနှစ်ခုက ကျနော်နဲ့နီးလာလိုက် ဝေးသွားလိုက်။ ခတ်ဝေးဝေးမှာ တွေ့ လိုက်ရပေမယ့် ခဏနေတော့ ပျောက်သွားပြန်တယ်။ ပြီးတော့ ကျနော့်ဘေး လယ်ကွယ်တွေအစပ် ခြုံပုတ်ကလေးထဲက ခေါင်းခါပြီး ပေါ်လာပြန်တယ်လေ။ လယ်တဲလိုလို တဲကလေးတချို့က ကျနော့်ကို ခတ်ဝေးဝေးက လှမ်းကြည့်နေတယ်။ အတိုချုပ်ပြီးပြောရရင် ကျနော် ရူးသွပ်စွာ စွဲမက်နေမိပြီဆိုပါတော့လေ။ ဒီလိုအချိန်မျိုးမှာ အမှတ်မထင် ရေးခဲ့မိတဲ့ ကဗျာတပုဒ်ကိုလည်း ကျနော် ပြန်တွေးနေမိတယ်။ ဒါနဲ့ ပဲ ဒီကဗျာကိုပဲ ကျနော့်ဘလော့မှာ တင်ထားပြီးဖြစ်ပေမယ့် ကျနော်ကိုယ်တိုင်က တခုတ်တရ ပြန်ဖတ်ချင်လို့ နောက်ထပ်တကြိမ် ထပ်ပြီး တင်လိုက်ပါတယ်။


သုညတွေပဲ ကြွင်းတဲ့မြို့ကလေး

အစွန်အဖျားကျတဲ့ မြို့ ကလေးတမြို့ ရဲ့
အစွန်အဖျားပေါ်မှာ
ငါ
ထိုင်နေမိတယ်။

ငါ့ခေါင်းပေါ်က
အလျားလိုက်ခုတ်မောင်းသွားတဲ့ ̔ခေါ်သံ̓ တွေထဲမှာ
ငါ့ ခေါ်သံ
ငါကိုယ်တိုင်ပြန်ပြီးမကြားနိုင်အောင်
ကြားနေရတယ်။

ငါ့ဘေးက
ဒရွတ်တိုက်ဆွဲသွားတဲ့̔ ရင်ခုန်သံ ̔ံတွေထဲမှာ
ငါ့ ̒ရင်ခုန်သံ̓
ငါကိုယ်တိုင်ပြန်ပြီး မခံစားနိုင်အောင်
ခံစားနေရတယ်။

ချစ်ခြင်းမေတ္တာက
ငါ့ကို
မီးနဲ့ ဆေးကြော
အမုန်းတရားက
ငါ့ကို
ငယ်ပေါင်းကြီးဖေါ်လို ပေါင်းဖေါ်
ဟောဒီမြို့ ကလေးလေ
ငုဝါတွေ လှိုင်လှိုင်ပွင့်တာက လွဲရင်ပေါ့။

မြို့ ကလေး
မင်းက ငါ့ဆီက ခွန်အားကို
လက်ကါးနှုန်းနဲ့ လုယူနေတဲ့အချိန်
ငါကတော့
မင်းရဲ့အရိပ်ကို လက်လီနှုန်းနဲ့ ဆွတ်ချူခဲ့ရတယ်။

မြို့ ကလေး
မင်းဟာ
ငါ့အတွက် ခြေတု လက်တု။

မြို့ ကလေး
မင်းဟာ
ငါ့အတွက်
ဝှက်ဖဲ၊ အံဆွဲ၊ ကဲလား..။

ဒါပေမယ့်လည်း
မင်းရဲ့အမဲလိုက်ခွေးတကောင်ဟာလည်း
ငါပါပဲ။

သေချာပြီ
ငါဟာ
မိုးမရွာတဲ့ဘက်မှာ ထီးဖွင့်ဆောင်းပြီး
နေပူတဲ့ဘက်မှာ စေါင်ထူထူခြုံမိတဲ့အဖြစ်။

တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ငါကိုယ်တိုင် ရွာပြန်ပို့ မိတာ
အခါခါ။
တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ရွာကနေ ငါကိုယ်တိုင်
ပြန်ခေါ်လာခဲ့ရတာ
အခါခါ။

မြို့ကလေး
မင်းရဲ့နောက်ဖေးလမ်းကြားတွေထဲမှာ
တိတိကျကျ ဖြန်းသန်းပြီး
‘ ဆင် ’ စမ်းတဲ့ ပုဏ္ဍားများနဲ့ လည်း
လ္ဘက်ရည်ဆိုင် ထိုင်ခဲ့ဖူးပြီ။

အကျအပေါက် များတဲ့သူတွေထဲမှာ
အကျအရှုံး များတဲ့သူလည်း ဖြစ်ခဲ့ဖူးပြီ။

လရောင်တွေ
နေရောင်တွေ
ရေသောက် ဆင်းလုနိုးနဲ့ 
မျှော်ကိုးရင်း အိမ်မက်တွေ မြိုချခဲ့ဖူးပြီ။

ရေတိမ် မနစ်တနစ်မှာ
တိမ်တွေကိုလည်း
ကြိုးပစ်လို့ ဖမ်းခဲ့ဖူးပြီ။

ဒီလိုနဲ့ ပဲ
ငါက
အနာဂါတ်ကို ကော်ပတ်နဲ့ ပါးနေတုန်း
မြို့ကလေးက
ငါ့ကို ကျားလျာနဲ့ စားခဲ့ပြီ။

မြို့ကလေးက
ငါ့အပေါ် အုပ်ချလိုက်တဲ့ ပိုက်ကွန်
ငါ့ပါးစပ်ထဲ ထိုးသွင်းလိုက်တဲ့ ငါးမြှားချိပ်
ဒါ အဆိပ်ဆိုပဲ
အဲဒီ အဆိပ်တွေလောက် အမူးခိုင်တာ
ဘယ်အရက်မှ မရှိဘူး။

မြို့ကလေးရေ
တို့အဖြစ်က
မူတည်ကိန်း ဘယ်လောက်ပဲ ရင်းရင်း
သုညတွေပဲ ကြွင်းခဲ့ပြီလား။

မြို့ ကလေး
မင်းရဲ့
ညှော်နံ့ တွေထည့်ပြီးချိပ်ထားတဲ့  ̒ဒရစ်ပိုက်̓ ကို
ငါ့လက်ပေါ်က ဖယ်လိုက်ပါတော့။ ။

မှတ်ချက်။ ။ ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ရဲ့  အဓိပ္ပါယ် ဟာ ̒ အစွန်အဖျားကျတဲ့ မြို့̓ လို့ ဆိုပါတယ်။
             ။သရုပ်ဖေါ်ဓါတ်ပုံကတော့ ဂူဂဲလ်ကတဆင့် ရယူထားတဲ့ပုံကလေးပါ။


ငြိမ်းဝေ
၃၀၊ ၈ ၊ ၂၀၀၉


No comments:

Post a Comment