June 03, 2010

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း


ဆရာတင်မိုး ရဲ့ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာကို ကျနော့်ဘလော့မှာ တင်ပြီး ပူဇော်ချင်တာ ကြာပါပြီ။ ဒါပေမယ့် တော်တော်နဲ့ကို မတင်ဖြစ်ခဲ့ဘူး။

ဒီနှစ်ရဲ့ နွေရက်တချို့ကို ကဗျာဆရာ (ကို) ခင်အောင်အေး နဲ့အတူ ကုန်လွန်ခဲ့ပါတယ်။ ဒီတုန်းက တနေ့မှာ ကျနော်က ကဗျာဆရာကြီး တင်မိုးရဲ့ကဗျာတွေထဲမှာ ကျနော်အကြိုက်ဆုံးက နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဗျ လို့ ပြောလိုက်မိပါတယ်။ ဒီတော့ သူက ထိုင်ရာကထလာပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ သူ သဘောတူတယ်ပေါ့။ ပြီးတော့ သူက ကဗျာဆိုရင် ပုံသ¿ာန်ဘယ်လိုပဲ ရှိရှိ ကဗျာဖြစ်နေရင် သူ ဖတ်လို့ရတဲ့အကြောင်းလည်း ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကပါ။ ဥဒါန်းမဂ္ဂဇင်းထုတ်ဖို့ တာဝန်ရှိသူတွေ ပြင်ကြဆင်ကြတဲ့အချိန်ကပါ။ ဒီတခါထုတ်မယ့် မဂ္ဂဇင်းက ဆရာတင်မိုး အထိမ်းအမှတ် ဦးစားပေးထုတ်ကြမယ်ပေါ့။ ကျနော့်ဆီကလည်း အကြံညာဏ်တောင်းပါတယ်။ ခင်ဗျားက ကဗျာတွေ ဝင်ရွေးပေးပါဆိုလို့ ကျနော်က နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဟာ ဆရာ့ရဲ့ မာစတာပိစ် လို့ကျနော်မြင်ကြောင်း၊ အဲဒီကဗျာ ကို မလွဲမသွေရွေးချယ်ဖေါ်ပြသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ မဂ္ဂဇင်းထွက်လာတော့ ကျနော် အကြံပြုတဲ့ အဲဒီ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာ ပါလာတာ မတွေ့ရပါဘူး။
ဒီနေရာမှာ ကျနော်နဲ့ မဂ္ဂဇင်းတာဝန်ရှိသူတွေ သဘောထား မတိုက်ဆိုင်ကြတာ သဘာဝကျပါတယ်။ ကျနော် လက်ခံရမှာပါ။ မတူကြဘူးလေ။ ကျနော်ဆိုလိုတာက ဆရာတင်မိုးအထိမ်းအမှတ်လိုစာအုပ်မျိုးမှာ ကျနော် အင်မတန်နှစ်သက်တဲ့ အဲဒီကဗျာကို မြင်ချင်ဖတ်ချင်ပေမယ့် ကျနော့်ဆန္ဒ မအောင်မြင်ခဲ့လို့ ခံစားရတဲ့အကြောင်း ပြောချင်တာပါ။

တကယ်တော့ ကျနော်လည်းပဲ ကဗျာဆရာ (ကို) ခင်အောင်အေးလိုပါပဲ။ ကဗျာဆိုရင် အနန္တသူရိယရဲ့ သူတည်းတယောက်… ချီ ကဗျာကအစ ဇေယျာလင်းရဲ့ အဲဒီတုန်းက ရပ်ရှားပြည်သူပြည်သားတွေနဲ့တွေ့ရဖို့… အစချီ တငြိမ့်ငြိမ့်ဒွန်သို့တစ်ခေါက် ကဗျာအထိ ကြိုက်ပါတယ်။(ကဗျာဖြစ်ဖို့တော့ လိုတာပေါ့လေ…)

အခုတော့ ဆရာကြီးတင်မိုးရဲ့ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာကို ကျနော့်ဘလော့မှာ တင်ပြီး ပူဇော်လိုက်ပါပြီ။
တကမ္ဘာလုံး နှင်းဆီရနံ့တွေ ထုံမွှန်းလိုက်စေချင် စမ်းပါဘိ…။



နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း

( ၁ )
ည သည်
အလှ လျှို့ဝှက်၊ အရှက် ကြီးစွာ
ကြာပန်း နှင့် ကွယ်၊ တိတ်ခိုး ရယ်သော
မိန်းမ ငယ်ကဲ့သို့။

ည ပျိုခင် သည်
ကြယ်စင် တစု၊ အလင်္ကာ ပြု လျက်
ခရုပတ် လမ်း၊ လူ့စခန်း၌
ဖြတ်သန်း သွား စဉ်။

ခြေကျင်း တခတ်၊ လျှပ်စစ် တသံ
ကာရန် တကျော့၊ ခြေ တဖော့နှင့်
ဝန်း ကော့ နက်ရှိုင်း၊ သက်တန့် ကိုင်း က
စက်ဝိုင်းခြမ်း ပုံ ပေါ်လာ၏။

( ၂ )
အလင်းရောင် တန်း၊ ခပ် လှမ်းလှမ်း၌
စမ်းဝါး စမ်းဝါး၊ လမ်း သလားစဉ်
ညကား အဓိပါယ်လောင်းဖြည့်လျက်။***

မှောင်အားက ကြီး၊ လင်းအား နည်း ဟု
ညည်း ရှိုက်သံ များ၊ လေမှာ တွား လျက်
ဝါးပင် ရုံ ထက်၊ ငှက်တို့ အနီး
ဆီးပွင့် သင်းသင်း၊ တောတွင်း အနှံ့
သတင်း ဖြန့်လျင်
အလန့်တကြား၊ တတန့်နားရ။

ညများ ဖြစ်ပေါ်၊ မှောင်ပါသော်လည်း
ဘော်ရောင်တစ၊ မိုး ကမ်းစ၌
တွန့်ရွ ကွေးကွေး၊ အနားရေးတည့်။

ငှက်ကလေး ထောင် သောင်း၊ ဤ သစ်ခေါင်း ၌
အောင်းကြ ရံခါ၊ ပျော်စရာ ပင်
ယာစပ် လယ်စပ်၊ ဆူးချုံစပ် ၌
ငှက်တပ် ကျက်စား၊ တလွှားလွှားတို့
နားလို နေလို၊ အမှောင် လို၏
ည ကို ကျေးဇူး တင်ဦးအံ့။

( ၃ )
ည မှန်ရိပ်တွင်၊ အလင်း မြင်လျက်
မြင်သည့် အလင်း၊ ဝင်းလက် ဝင်းလက်
ပြိုးပြက် မျှသာ၊ သို့သော် ဖြာ၏။

တောင်ပြာ တတန်း၊ တော တတန်းကား
ညတန်း ရှည်မှ၊ ခုံးခုံး ထ၏။

အကျ အတက်၊ အပျက် အဖြစ်
တရစ် လည်လည်၊ ချည်တုံ ဖြည်တုံ
မှုံလိုက် လင်းလိုက်၊ ည အမိုက်၌
မငိုက် ဦးခေါင်း၊ မပြောင်း မရွေ့
မသွေ့ မယော်၊ အောင်သံ ကြော်၏။

တောင်ပေါ် ၌ ပင်၊ ည အိပ်ချင်ပေါ့
ဖျောက်ဆိပ်ပင်၏ ခြေရင်း၌။

( ၄ )
ဖျောက်ဆိပ် အပြင်၊ ပိတောက် ပင် တည့်
လွင်ပြင် မှာလည်း၊ ထီးတည်း မဟုတ်။
နက်ကြုတ် မဲမှောင်၊ အရောင်ချည်း မဟုတ်။
ငုတ်တုတ် တထပ်၊ ရပ်လျက် တချို့
သစ်ပင် တို့သည်၊ မိုးသို့ လက်လှမ်း
မြေကို နမ်းနှင့်၊ အခန်းခန်း ရှိကြ၏။

တောင်တန်း ပေါ်တွင်၊ ပိတောက်ပင် အောက်
ဝင်လိုက် မိဆဲ၊ ရဲစိတ် လျှမ်းလျှမ်း
လွမ်းစိတ် ဝေဝေ၊ တို့မြေ တို့မြေ
လှုံ့ဆော်လေ၏။

အို အဆွေ ည၊ အမှောင် ချလော့
ကြယ်မြ မီးဖြူ၊ ညှိထွန်း သူ ကြောင့်
တိမ်ငူ အငွေ့၊ နေရာ ရွှေ့လိမ့်။

နေ့ခင်း မဟုတ်၊ ည မင်း အုပ်လည်း
ချုပ် ည ရီမှာ၊ တောင်ပြာ တကြော
တောလည်း တတန်၊ ပန်းမာလ် မွမ်းပြောက်
ပိတောက် တဆင်၊ ဖျောက်ဆိပ်ပင်တို့
ခင်မင်ဖွယ်ရာ၊ ရှိပါပေသည်။

အိပ် ပျော်ခိုက်၌
ညမိုက် အဆွေ လာပါလေ။

( ၅ )
ညရိပ်ခို၍
နုပျို ဆန်းတင့်၊ နှင်းဆီ ပွင့်မည်။

နှင်းနှင့် ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်း ရောင် ကြား၊ ဖွံ့ ထွားထွားနှင့်
ကားကား စွင့်စွင့်၊ ပွင့်လိမ့် နှင်းဆီ
ရဲရဲနီ။

နှင်းဆီ ကို မြင်၊ ည ကောင်းကင်ဝယ်
စင်လိမ့် အမှောင်၊ အရောင် ပျက်ပြယ်
အရွယ် ပျိုမျစ်၊ အသစ်သစ်သော
အချစ်ခွန်အား၊ ပွင့်ချပ် များဖြင့်
တိုးပွားခဲ့ပြီ ရဲရဲနီ။

ကောင်းကင် ဟင်းလင်း၊ ရနံ့ သင်းဖြင့်
ပြည့် တင်း ဖိတ် လျှံ၊ ရနံ့ ကန်တည့်။

ညယံ ၌ ပင်၊ ပန်ဆင် လိုက
ပန်နိုင်ကြ၏
ဘဝနှင်းဆီ ရဲရဲနီ။

( ၆ )
ဤမှာ ညသန်ကောင်
တောင် ထိပ် မြင့်ပေါ်၊ တက်ခဲ့သော်တည့်
မျှော် ကြည့် ဘယ် ညာ၊ ထို ရောခါတွင်
အရောင် အဝါ တခု။

လဟာပြင် နယ်၊ အကျယ် မဆုံး
မိုးအခုံးထိ
အဆုံးမရှိသော နေရာ၌ ဆုံး၏။

မဆုံးနိုင်ဘိ
မိုင် ပေါင်း အနန္တ၊ သြကာသ၌
ပျပျ အလင်း၊ မဝင်းတဝင်း
မိုး ကိုထွင်းလျက်
မျဉ်းဖြူကွေးကြောင်း၊ စေါင်းတန်းပမာ
ထွန်း ပေါ် ရာ၌
ရွာသစ် တရွာ၊ ကမ္ဘာသစ် တနေရာ
ရောင်ပြန်လာဟု၊ မှန်းကာ မြင်စွမ်း
လမ်း တလမ်း။

အတိတ် ပစ္စုပန်၊ အနာဂတံတို့
ဝေးလံ ကွာလှ၊ သုံးဘဝ ကို
ကာလ တခုတည်း၊ ကြိုးနှင့် စည်းသို့
တမီး ရောင် အောက်၊ တမိုး အောက်တွင်
ထွန်း တောက် ကြအံ့။

တောင်အောက် ငုံ့ကြည့်၊ မှောင် အတိပင်
ညှိ သည့် မီးဖြူ၊ တိမ် အငူက
ဖြူလိုက် မဲလိုက်၊ ဒွန်တွဲခိုက်တည့်။

ညဥ့်၌ လှုပ်ရှား၊ မီးဖြူများကား
မှောင်သား ရှိရာ၊ လိုက်လံ ရှာလျက်
ရွာပေါင်း စုံ တွင်၊ ထွက် ကာ ဝင်၏။

ည သဘင် သည်
မှောင်တွင် ဖျပ်ဖျပ်၊ တလျှပ် လျှပ် နှင့်
အနာဂတ်ကို လမ်းဖေါက်လျက်။

( ၇ )
မှောင် နှင့် မဲမဲ၊ ဤ တောထဲ၌
ပိန္နဲ သရက်၊ ဝန်းရှက် ပတ်သန်း
သင်္ခမ်း ရှိသည်။

ထို ကျောင်းသင်္ခမ်း၊ ထို မြိုင်တန်းတွင်
စီးဖြန်း ဘာဝနာ၊ ညအခါ၌
လောင်း လျာ ပုဂ္ဂိုလ်၊ ရသေ့ညိုသည်
စာဆို ပီပီ၊ တောကို မှီလျက်
န္ဒ နီ ဝယ်၊ သိင်္ဂီ တဝက်
ညှာရွှေရွက်က၊ ဆေးစက် ပန်းချီ
မြင်လိုက်သည်ကို
ဈာန် ပီတိဖြင့် ပွားလျက်တည်း။

ရပ်ကို ခွာလည်း
သြကာသ တွင်၊ သူ ဈာန် ရွှင်လျက်
ဝင်သည် လူ့ရပ်၊ ပြန်၍ ကပ်၏။
ရွက်ချပ်ကို စီး၊ လူ့ခရီးကို
အနီး အဝေး၊ လှည့်လည် သေး၏။
အစေးငင်ငင်၊ ရွာသို့ဝင်၏။
ဈာန်ယာဉ် ဆိုက်ရာ၊ လူ့ရပ်ရွာကား
မဟာ ရသေ့၊ သည်မှာ မွေ့ဟု
မြေ့ ကော်ဇောညို၊ ခင်း၍ ကြို၏။

စာဆိုသည်ကား၊ ပန်းချီကား၌
လူသား မူရာ၊ ‘ တို့ ↓လိုက်ရာဝယ်
သမာဓိ ဂုဏ်၊ ပန်း တငုံတည့်။

သည်မှာ သခမ်င်္း၊ သည်လမ်း တိတ်ဆိတ်
သည် အရိပ်လည်း၊ ငြိမ် တိတ်ပါလှ
ည လည်း ည မို့၊ အေးမြ ချမ်းသာ
မွေ့ လျော်ပါလည်း၊ ရွာကို တမြင်မြင်
တခင်ခင်နှင့်။

အခင် အချစ်၊ ဖွဲ့သည် ဖြစ်၍
အသစ် ချည်းသာ၊ ည ကဗျာ။

( ၈ )
ပုဇဉ်းကောင် လည်း
လျှို မြောင် နံဘေး၊ ချုံကလေး ၌
အိပ်ရေး ဝအောင် အိပ်ချေပြီ။

ညနေခင်းက
အဆင်း သဏ္ဍာန်၊ သူ့တောင်ပံ ကို
မပျံ သိမ်း ရုပ်၊ ညမှာ မြှုပ်၏။

တေင်ပံ ခတ်လှုပ်၊ တေး တပုဒ်ကား
မိုးချုပ်သောခါ၊ စဲခဲ့ပြီ။

ဤ ချုံဖုတ်၌
မှိတ်တုတ် မှိတ်တုတ်၊ အရောင် လှုပ်သူ
တအုပ် တသင်း၊ ဟုတ်ဟုတ် လင်းကြ
ကြယ်တို့ ဆင်းလာ ကြလေသလော။

အမှောင်ကြား၌
ဝိုးဝါး ပျံကူး၊ ပိုးစုန်း ကြူးတို့ 
စူးစူး စမ်းစမ်း၊ မအိပ်တမ်းလျင်
လမ်းသစ် ရှာကြ၊ တီထွင်ကြ။

ယာစပ် တဲထိုး၊ အဖန်အိုးနှင့်
အဖိုး စာဆို၊ ကဝိ အိုကား
ကြယ်ကို ငေးမျှော်၊ ပုံရေးဖေါ်လျက်
တွေးခေါ် ကျက်စား၊ ဥာဏ် စဉ်ပွားပြီ။

ခုနှစ်စဉ်ကြယ်၊ အံ့ဖွယ် အမောင်
အမြီး ထောင်လျက်၊ သန်ကောင် ဗိုလ်လုပ်
ကြယ် အရုပ်ကို၊ တပုဒ် ကဗျာ
သီကုံးကာဖြင့်
သြဘာ တေးဖွဲ့ စပ်လေပြီ။

သူ့လင်္ကာ၌
မာယာ အလျဉ်း၊ မရှိ ကင်း၏။

ရင်တွင်းက စမ်း၊ မကုန်ခန်းတည့်။

ကမ်းကို ရိုက်ဘိ၊ လှိုင်း အိအိတည့်။

ကဝိ ဖိုးအို၊ လင်္ကာတိုသည်
မချိုဖြစ်စေ၊ ချိုဖြစ်စေလျင်
ကမ္ဘေ ကမ္ဘာ၊ မြေ အလွှာ၌
သစ္စာ ဓမ္မ၊ ထွန်းလင်းပြ၍
ညကို ပဲ့တင်၊ တောင်စဉ် ခုနှစ်ထပ်
လှိုင်းလုံးခတ်လျက် လှိုးခတ်လျက်။

( ၉ )
ကြယ်ရောင် ထိုးကျ၊ လူ့ဘဝ၌
တစပြင် လုပ်တိုင်း၊ သင်္ချိုင်း တခု
အစု အအုပ်၊ မဲငုတ်ငုတ်တည့်။

သုသာန် အဝင်၊ ညောင်ပင် ထီး တည်း
မှောင် မည်းမည်းကား၊ စည်းကြောင်း တတန်း
တဖက်ကမ်းတည့်။

လမ်းကျဉ်းကလေး၊ ဖုံ ဖွေးဖွေးတွင်
ခွေးနှင့် ကျီးကန်း၊ လမ်း အဓိပတိ
ဖြစ် လေဘိလည်း
မသိ လမ်းဆုံး၊ အမှောင် ဖုံး၏။

စရပ် ပျက်ပြို၊ ပျဉ်တို ကွာကျ
အမိုး ဟ လျက်
အနိစ္စ…အနိစ္စ
‘ အနိစ္စာ ဝတ….သင်္ခါရာ၊
ဥပါဒဝယ ဓမ္မိနော၊
ဥပဇိတွာ နိရုဇ္ဈန္တိ၊
တေသံ ဝူပသမော သုခေါ↓။

ဤ သုသာန်၌
ရုပ် နာမ် နှစ်ပါး၊ လှုပ်ရှား သက်ဝင်
တောရမြင်မူ
မြင်မြင် သမျှ၊ သင်္ခါရဟု
အနိစ္စ ကမ္မဌာန်း၊ ရွတ်စီး ဖြန်းခိုက်
ထူးဆန်း ထွေလာ၊ သံသာ သာသည်
နားမှာ မှတ်မဲ့ ဝင်ခဲ့၏။

စရပ်ပျက် ၏
ကပ်လျက် နောက်ဖီ၊ တဲပုတ် ကျီမှ
တီတီ တာတာ၊ ကျည် ကျည် ကျာ ကျာ
သံသာ မူလ၊ ည ဂီတ မှာ
သု ဘ ရာဇာ ၏ မိန်းမ မီးဖွားခြင်း။

ဘဝ ဂီတိ၊ အံ့ဖွယ် ရှိစွ
အဘိဓမ္မာ ထက် ချို မြိန်၏။

( ၁၀ )
ညနိုင်ငံတော်၊ ရွက်ယော်သဲသဲ
လေရှဲရှဲနှင့်၊ လွင့် ကြဲ ဖြန့်ဖြူး
တောလုံးမြူး၏။

အဖူးလည်း တုံး၊ အရွက် တုံး၍
တောကတုံး ပြောင်၊ မစ္ဆာကောင်သည်
ဆာလောင် မွတ်သိပ်၊ လျှာဖြင့် လိပ်၍
တောင်ထိပ်ကို ‘ လျက် ’၊ အဆိပ် တက်ကာ
မည်းနက် ကိုယ်လုံး၊ သင်္ချိုင်းကုန်းတည့်။

တောပြုန်း တောင်ပျက်၊ လူ့ အိပ်မက်ပင်
သွက်သွက်ခါ စဉ်၊ အသက် ငင်ခဲ့
စစ် ငလျင်နှင့် စစ်မုန်တိုင်း။

လောဘ ငမ်းငမ်း၊ ဒေါသ ရမ်းလျက်
ခြေလှမ်း မမှန်၊ ပြောင်းပြန် ဇောက်ထိုး
မှောက် ကျိုး ပျက်စီး၊ လောင်မီး အူအူ
ပွက် ပွက် ဆူကာ
လူ၏ တန်ဘိုး၊ လူ့ တန်ခိုးကို
ဖျက်ချိုး ချေမွ၊ ပြာချ မီးဖုတ်
မီးလောင် ငုတ်တို
သရုပ် ကိုယ်ထင် ပြကြ၏။

အမှောင် တစ္ဆေ၊ ည၏ မြေ၌
ခြေသံ ရှပ်ရှပ် သွားလာဆဲ။

( ၁၁ )
အိုဘဲ့ဘယ်…အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ် မှာနည်း။

အပြိုင်း အရိုင်း၊ နှင်းဆီ ကိုင်းတို့
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား၊ ကျောင်းနား တချို့
မြို့ပေါ် ရွာပေါ်၊ တောင်ပေါ် မကျန်
ဖူးတံ စီစီ၊ ဦးခေါင်း ချီလျက်
နီလျက် ရဲလျက်၊ တခဲနက်ပင်
လက်နှင့် ချွေလည်း၊ ချွေ၍ မနိုင်
လှိုင်၍ မဆုံး၊ ဤ တောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား။

နှင်းဆီ အငုံ၊ နှင်းဆီရုံတွင်
အာရုဏ် ကြယ်နီ၊ ဆင်းချေပြီတည့်
လင်းချေပြီ။

( ၁၂ )
အမှောင်တွင်း၍
ရုန်းရင်း ဆန်ခတ်၊ ရှုတ်ရှက်ခတ်တွင်
ပွင့်ချပ် ကြွေကျ၊ ကဗျာစ တချို့။

အမှောင်တွင်းက
ဝင်းကနဲ လှစ်၊ လျှပ်စစ် လျှပ်ပန်း
ရုတ်ချည်း လန်းသော
အလင်းတန်း တခဏ။

အမှောင်မင်းကို
ဖေါက်ထွင်း လိုဘိ၊ သူ့သတ္တိဖြင့်
မိုးထိ လက်လှမ်း၊ အံ့ဘနန်းသော
တောင်တန်းကြီး တသွယ်။

ည၌ လေတိုး၊ တံပိုး ခရာ
မြောက်များ စွာသည်
သာယာသည်လည်း ရှိ၏။

ကြမ်းကြုတ်သော အသံ-
မာန်တဟင်းဟင်း
ထန်ပြင်းသော အသံလည်းရှိ၏။

ညအမှောင်၌
တောင်ပြို သံ၊ တောင်ငို သံ-
တောတလျှောက် ၌
တော ခြောက်သံ တော ငေါက်သံ-
အသံ မျိုးစုံ၊ တေး မျိုးစုံသည်
ညပုံ ပန်းကို၊ စမ်း၍ ရအောင်
သောက ပန်းပု ထုဆစ်၏။

( ၁၃ )
တောင်ခြေရင်းတွင်
မြစ် တစင်းကို မြင်ပါစ။

မမြင်ငြားလည်း
တေးသွားကိုတော့ ကြားမည်သာ။

ဘယ်က မြစ်ဖျား၊ ဘယ်နား မြစ်ဆုံး
လုံးဝ မသိ၊ လုံးဝ မသိ။

သိသည်မှာ
ဤ နေရာတွင်၊ အလျင် မပြတ်
စီးဆင်းတတ်သည်။

တောင်ကို ရစ်ခွေ၊ ယာမြေကို ဖြတ်
ကွေ့ပတ် တွန့်လိမ်၊ လှိုင်းရှိန် မပြတ်
စီဆင်းတတ်သည်။

သူ့မြစ်ကြောင်းကား
ပြောင်းလိုက် ရွှေ့လိုက်၊ ဦးတိုက်မိရာ
သာသာ ညင်းညင်း၊ ရံခါ ပြင်းလျက်
စီးဆင်းတတ်သည်။

သူ့ခမျာသည်
နေရာ ခြေတကျ၊ မနေရ။

အခြေတကျ၊ မနေရခြင်း
ကွေ့ရကောက်ရ၊ စီးဆင်းရခြင်း
ထို အခင်သည်၊
မြစ် မင်း ဘဝ ပါပေတည်း။

အစ မသိ၊ ဆုံး မသိလည်း
မြစ်၏ တေးသံ၊ မြစ်ယံ အက
ပွဲတမျှ။

( ၁၄ )
ကမ်း နဖူးမှာ၊ ရွာ တရွာ
နေ့ ခ ထန်း ကျို၊ ည ဘင်ဂျိုနှင့်။

ဘင်ဂျိုသံ ဆိတ်
အိပ်ပေါ့ ရွာကလေး၊ တမှေးမှေး၏။

မြစ်ကွေး တွန့်တွန့်၊လွန့်လွန့် နိုးကြား
အစဉ် သွားသည်
ကြယ်များ အဖေါ် အပေါင်းနှင့်။

နေခြည် မြူးလျင်
ကမ်း နဖူး၌၊ ဆေးခင်း စိုက်မည်။

ယာကို သွား၍
ငှက်ခါး ထောင်မည်၊ ချိုး ထောင်မည်။

ကြက်ဦး တွန်လျင်
ယာထွန် အသွား၊ မြစ် ကမ်းပါးက
ဝါးမျှစ် စို့ကို ချိုးဦးမည်။

ဝါးရုံ နံဘေး၊ ယုန်ကလေး ကို
အိမ်ခွေးငယ်နှင့် လိုက်ဦးမည်။                     

အိမ် အပြန်တွင်
ကြံရိုး တဆစ်၊ ဝါးမျှစ် တစို့
ကညို့ တပိုက်၊ အိမ်သူ ကြိုက်လိမ့်။

ဆည်းဆာ မြူးလျင်
ရွာဦး ကျောင်းတွင်း၊ ဦးပဉ္ဖင်းက
သီချင်း စုံတွဲ၊ ဆိုင်း ဇာတ် ပွဲကို
ဓါတ်ခဲ ရေဒီယိုနှင့် ဖွင့်ပြမည်။

ရွာကလေးကား
တရေး တမော၊ အိပ်မက်တော၌
ထွန်တံ ထယ်သွား၊ ချိုးငှက်ခါးနှင့်
မြသား ယာခင်း၊ တော မြင် ကွင်း ကို
စိတ်တွင်း အိပ်မက် မက်လေမလား။

တောလှန်ရေး ခေတ်၊ ပြောက်ကျား စစ် နှင့်
ဖက်ဆစ် စခန်း၊ အဖြစ်ဆန်းကို
စိတ်တန်း အိပ်မက် မက်လေမလား။

လွတ်လပ်ရေး မြေ၊ အောင်သပြေ ဝယ်
သွေးပေခဲ့ရ၊ ထို တညကို
စိတ်ကြွ အိပ်မက် မက်လေမလား။

ရွာကလေးကား
မှေးမှေး စက်စက်၊ တိတ်ငြိမ်လျက်။

မှုန်ရီ မှုန်ဝါး၊ ည တံခါးတွင်
လူသားတို့ ဘုံ၊ သမိုင်းပုံ သည်
မြင်တုံ ပျောက်တုံ၊ ပေါ်လာကုန်၏။

ဆန်စုန် လာ သွား၊ လူ ကျက်စားရာ
ဤ မြေလွှာသည်
ကဗျာ နိဗာန် ပါပေတကား။

( ၁၅ )
ခေါင်းလောင်း ထိုး၍
တမိုးသောက် နီး၊ ဤ မြေကြီး၌
အသီး အပွင့်၊ ခူးလင့်ချင်ဖွယ်
မှုန်းခြယ်တော့မည်။

ကဗျာ သင်းထုံ၊ နှင်းဆီရုံ၌
အငုံလည်း ပွင့်၊ ပွင့်ချပ် ဖွင့်လျက်
လှိုင်း အဆင့်ဆင့်
ပွင့်ကြတော့မည်။

ညရိပ် မြေလျှိုး၊ နေ မင်း နိုး၍
တမိုးသောက်လျင်၊ လူ့ဘုံခွင်၏
အလင်္ကာရ၊ ဘဝ တန်ဆာ
မွေ့ရာ နှင်းဆီ၊ သင်းကြည်ကြည်၌
ငါသည် အိပ်စက်၊ ညကို ဖျက်၍
နံနက်ခင်းဆီ ဝင်ပေအံ့။

အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ။

နံနက်ခင်း၏
အဆင်း နီမြန်း၊ နှင်းဆီ ပန်း၌
ရှိုက်နမ်း အိပ်စက် ပါတော့အံ့။    ။

တင်မိုး
( ၂၇၊ ၁၂၊ ၆၉ မှ ၁၊ ၁၊ ရ၀ )

No comments:

Post a Comment