June 18, 2010
အဆိပ်ပင်
မယမုံ၏ နောက်ဆုံးဝတ္ထုတိုလေးကို ဘယ်အခါတွင်မှ မေ့ပစ်နိုင်မည်မဟုတ်။
မယမုံ၏ ဝတ္ထုများကို ကျနော် ဆယ့်သုံး လေးနှစ်သားကတည်းက တပ်မက်စွာ တွေ့ထိခဲ့ရသည်။
သူ့ဇာတ်ကောက်များသည် ဖြူဖွေးသော ပန်းပွင့်ကလေးများ တဖွေ့ဖွေ့ကြွေကာ အထပ်ထပ်ပုံနေသည့် လမ်းပေါ်တွင် ခေါင်းငိုက်စိုက်ချကာ အတွေးရေအလျဉ်၌ မျောလျက် လေးတွဲ့စွာ တလှမ်းချင်း လျှောက်သွားနေရင်း အသဲလည်း ကြွေနေသည်။
ရှမ်းတောင်တန်း၏ ယာခင်းတခုထဲမှ ကျောက်တုံးအိမ်ထဲတွင် မယမုံ၏ ပညာတတ်ဇာတ်ကောင်သည် ဆေးတံကို ဖွာရှိုက်ရင်း အတွေးမှိုင်းငွေ့ထဲ၌ မျောပါနေသည်။ အရာရှိကတော် ဇာတ်ကောင်သည်လည်း ထိုယာခင်းထဲရှိ ကျောက်တုံးအိမ်သို့ ရောက်သွားသည်။ သူသည် ကျောက်တုံးအိမ်မှ ခလေးများကို စာသင်ပေးရင်း၊ နှင်းမှုံထဲမှာ လမ်းလျှောက်ရင်း၊ ယာခင်းရှင်ကို သူ့ရင်ထဲမှာ တိတ်တဆိတ် စွဲလမ်းနေသည်။ သူတို့ချင်း ခွဲခွာကြသောအခါ ကောင်းကင်၌ အလွမ်းတိမ်တောင်များ ရွေ့လျောနေတော့သည်။
ထိုအခါက မယမုံ၏ ဝတ္ထုများမှာ ကျနော့်အတွက် တသသ ဖြစ်နေစရာချည်းပင်။ ကျနော်မေ့မရတော့နိုင်။ သူ့ ဝတ္ထုများ၏ အမည်နာမများ၊ ဇာတ်ကောင်များ၏ အမည်နာမများမှာ ကျနော့်ရင်ထဲ၌ ကိန်းဝပ်နေခဲ့ကြသည်။
မယမုံသည် ဇာတ်ကောင်များ၏ရင်ထဲမှာ လှုပ်ရှားနေသော လှိုင်းများကိုလည်း ပန်းချီကားလို ရေးခြယ်သည်။ ဇာတ်ကောင်များနှင့် ဆက်စပ်နေသမျှ ရုပ်ဝတ္ထုများကိုလည်း ခံစားမှုနှင့် ရေးခြယ်သည်။ အတွင်းစိတ်အာရုံ လှိုင်းများနှင့် အပြင်အပရုပ်ဝတ္ထုများကို ခွဲခြားမပစ်နိုင်အောင် ရောရှက်ထားနိုင်သည်။
သူ့ဇာတ်ကောင်သည် ဧကများစွာ ကျယ်ပြောလှသည့်တိတ်ဆိတ်ငြိမ်သက်နေသော ဆေးရုံဝင်းကြီးထဲတွင်၊ သစ်ပင်များအောက်ရှိ လမ်းတွင် လျှောက်နေရင်း ဥသြတွန်သံများသည် သူ့ နောက်မှ ပြေးလိုက်လာနေသလို တွေးသည်။ ဤညှင်းတွဲ့လှသည့် ချိုအေးလှသည့် ဥသြ၏ တေးသံနှင့်အတူ မယမုံ ဇာတ်ကောင်၏ရင်ထဲတွင် ဝေဒနာလှိုင်းများသည်လည်း ရုန်းကြွလှုပ်ရှားလာသည်။
ကောင်းကင်၌ တိမ်စကလေးများ တစနှင့်တစ ရောရှက်ပေါင်းစည်းမိသွားနေချိန်၊ ရွေ့လျားသွားနေကြချိန်များတွင် မယမုံ၏ အထက်လွှာမှ အိမ်ထောင်ရှင်မသည်လည်း ရှိုက်သက်ပင့်သက်များနှင့်အတူ စိတ်လှုပ်ရှားနေသည်။
မယမုံ၏ အမြင်အတွေးများမှာ တရားနိဗ္ဗိန္န ဆန်နေတတ်သည်။ ကြေကွဲ ဆွေးမြေ့နေသည်။ မှိုင်းညှို့နေသည်။ အုံ့ပျညစ်ထေးနေသည်။
“စိတ်ဆိုတာ ထိန်းရချုပ်ရ ခက်သားကလား”
မယမုံ၏ အထက်လွှာဇာတ်ကောင်များသည် ညည်းတွားရွတ်ဆိုလျက် စိတ်ထိခိုက်နေသည်။
“ဒီလိုပါပဲလေ….လူ့ ဘုံလောကကြီးဟာ ဖောက်ပြန်ပျက်စီး နေတာပါ၊ ယိုယွင်းပျက်စီးနေတာပါ”
********************************
မယမုံ၏နောက်ဆုံး ဝတ္ထုတိုကလေးကို ဖတ်ရချိန်တွင် ကျနော်လည်း စာရေးစ လူငယ်တဦး အဖြစ်ဖြင့် ကျင်လည်နေသည်။
ထိုဝတ္ထုကို မယမုံသည် ဘယ်နေရာကနေ ရေးလိုက်ပါသနည်း။
ဝတ္ထုထဲတွင် ချက်ပလက်ကားမှ ဓာတ်ဆီရနံ့၊ ဂိုယာရေမွှေး၏ သင်းမြမြယနံ့၊ လျှပ်စစ်ပန်ကာ တဝီဝီလည်နေသံ၊ အအေးခန်းထဲမှ ကော်ဇောပေါ်၊ ရေခဲသေတ္တာကို ဖွင့်လှစ်နေသံ၊ စိတ်ကိုတိမ်းမူးယစ်ဝေစေသည့် စန္ဒယားကို သွယ်လျလက်ချောင်းကလေးများဖြင့် ချိနဲ့စွာ တို့ကစားနေသံ၊ သွေးဆူပွက်နေသည့် ကက်ဆက်ဖွင့်သံ၊ နိုင်ငံခြားစီးကရက် တဝက်လက်ကျန်ကို စိတ်လှုပ်ရှားစွာဖြင့် ငွေပြာခွက်ထဲ တွန်းချေနေသံ၊ နှုတ်ခမ်းဖျားသံဖြင့် ညှင်းတွဲ့တွဲ့စကားသံ၊မိန်းမူးစေသည့် တခစ်ခစ်ရယ်မောသံ၊ ပိုးဇာခန်းဆီးကို လေတိုးဝှေ့နေသံ၊ ဤအသံယနံ့ ရုပ်ဝတ္ထုပစ္စည်းများကို ချစ်တဲ့မယမုံက ပြည့်စုံစွာ မဖော်ပြသော်လည်း ကျနော်ခံစားတွေ့ထိနေရသည်။
မယမုံ စာရေးစကဆိုလျှင် ထိုနေရာမျိုးသို့ ရောက်သွားသည့် တောသူမဆံသော တဝက်တစိတ်ရိုင်းသည့် သူ့ ဇာတ်ကောင်များ၏စိတ်လှုပ်ရှားမှု၊ စိတ်အားငယ်မှုများကို ရေးတတ်သည်။
ခုတော့လည်း မယမုံဝိညာဉ်ပူးကပ်ထားသည့် ဇာတ်ကောင်များမှာ ပန်ကာအောက်မှ နူးညံ့လှသည့် ဆိုဖာပေါ် ရောက်နေပေပြီ။
ကျနော်သည် ကျူရှင်ကျောင်းတဆောင်၏ နောက်ဖေးဘက် ခုနှစ်ပေပတ်လည် အခန်းကျဉ်းကလေးထဲတွင် ကပ်ရပ်နေထိုင်ရင်း မယမုံ၏ ဝတ္ထုကို ဖတ်နေရသည်။
အခန်းကျဉ်းကလေးထဲရှိ တယောက်အိပ် ကွပ်ပစ်ပေါ်တွင် ဖတ်လက်စ စာအုပ်များ၊ ရေးလက်စစာမူများသည် ဘရမ်းဘတာပွကျနေသည်။ အဖုံးမဲ့သောဖောင်တိန်သည် ကွပ်ပစ်ထောင့်စွန်းပေါ်တွင် တင်နေသည်။ နိမ့်လွန်းသော သွပ်အမိုးး၏ အပူဒဏ်မှ သက်သာရာရအောင် မျက်နှာကျက်အဖြစ် ပိတ်ဆီးထားသော စောင်ကြမ်းဟောင်းပေါ်တွင် ပင့်ကူမှေးများရှုတ်ထွေးနေသည်။
ဤအခန်းကျဉ်းကလေးသည် ကျူရှင်ကျောင်း၏ ထောင့်စွန်းတွင်ရှိသည်။ ယခင်က ကျောင်းရုံးခန်းတခုဖြစ်ရာ ကျနော်သည် ကျောင်းစာသင်ခန်းနှင့် ဆက်သွယ်သည့် ဝင်ပေါက်ထွက်ပေါက်ကို ပိတ်ထားလျက်၊ ကျောင်းသူကျောင်းသားများ အနှောင့်အရှက် မဖြစ်စေရန် ပြတင်းပေါက်မှ ဝင်ထွက်လေသည်။
ကျောင်းသားများရောက်လာချိန်များ၌ သူတို့ကိုအနှောင့်အရှက်မဖြစ်စေရန် ကွပ်ပစ်ပေါ်တွင် ငြိမ်သက်နေရသည်။ ထိုအချိန်၌ အထက်လွှာ ကျူရှင်ကျောင်းသားများ၏ ဘရမ်းဘတာစကားပြောသံ၊ အင်္ဂလိပ်တေးသွားကို လေချွန်သံ၊ ခုံများကိုပုတ်ပြီး အခုန်အပျံ စည်းဝါး လိုက်သံများဖြင့် …..ဤ ဆူညံနေသည့်ပတ်ဝန်းကျင်ထဲတွင် မယမုံ၏ ဝတ္ထုကလေးကို ဖတ်ရသည်။
ကွပ်ပစ်နဘေးမှ ပြတင်းပေါက်ကိုဖွင့်ထားလေသည်။ လူတယောက် သွားသာရုံခြားသည့် တဖက် ဆရာဝန်မအိမ်မှ ဟင်းချက်ညှော်နံ့လည်း အခန်းထဲ တိုးဝှေ့လာသည်။ ဆရာဝန်၏အိမ်ဖော်မကလေးသည် သီချင်းတအေးအေးဆိုရင်း အဝတ်လျော်နေသည်။သူ၏ ကရင်အမျိုးသားသံတဝဲဝဲကြောင့် မည်သည့်တေးကို သီဆို နေမှန်း မသိနိုင်။ သူသည် သခင်များ ပေးကမ်းထားသည့် နွမ်းယော်နေသည့် အဝတ်များကို ဝတ်ထားသည်။ ခေတ်အမှီဆုံးကား ဖြစ်နေသည်။
သူသည် မူလက တောင်ပေါ်ရွာကလေးတရွာမှ လာခဲ့လိမ့်မည်။ သူ့ခြေသလုံးသား တောင့်တင်းခိုင်မာနေသည်မှာ တောင်များအပေါ် အဆင်းအတက်လုပ်ရလွန်းသောကြောင့် ဖြစ်မည်။သူသည် တောင်တန်းပေါ်မှ ရွာကလေးကို ဘာ့ကြောင့်စွန့်ခွာလာခဲ့ရသနည်း။ သူ့ကိုယ်ကို အစေအပါးကလေး အဖြစ်ဖြင့် သူကိုယ်တိုင်က ရောင်းစားချင်သောကြောင့် လာခဲ့ရလေသလား။
မေးခွန်းကို ကျနော်ထပ်ပြန်တလဲလဲ မေးမိလေသည်။
မယမုံ၏ဝတ္ထုမှာလည်း အိမ်စေမကလေးတယောက် ရုပ်ပုံကို ပုံကြမ်းသွန်းလောင်း ထားသည်။
မယမုံ၏ အိမ်အစေမကလေးမှာ အသက်ဆယ့်ရှစ်နှစ် ဝန်းကျင်မျှသာ ရှိပါလိမ့်မည်။
အသားလတ်လတ် ကိုယ်လုံးသွယ်သွယ်နှင့် ကောင်မလေးကို မယမုံ၏ ဒရိုင်ဘာက ခေါ်လာခဲ့သည်။
“ကျနော့်ညီမလေးပါမမ”
ဒရိုင်ဘာက ခေါင်းငုံ့ကာ တဖြေးဖြေး ပြောသည်။
အိမ်စေမလေးသည်လည်း မယမုံရှေ့တည့်တည့်မှာ ခေါင်းငုံ့ကာ နှိမ့်ချကျိုးနွံစွာရပ်နေသည်။ သူ့လက်ထဲတွင် ဟောင်းမြေ့နေသော အရောင်အဆင်း ပျက်ပျယ်နေသည့် သားရေသေတ္ထာကလေးကို ဆွဲထားသည်။
သူ့ ကို ကြည့်ရသည်မှာ အခြားအိမ်ဖော်မကလေး များလို ဆတ်ကော့လတ်ကော့ ဟု မယမုံ မထင်နိုင်။ ယဉ်ကျေးသိမ်မွေ့သည့် သူ့မျက်နှာကလေးမှာ ကြည်လင်နေသည်။ သူ့ဆံဖျားမှ ခြေဖျားအထိ ရိုကျိုးနှိမ့်ချထားသည့် အသွင်လည်း ဆောင်နေသည်။
“သည်မိန်းကလေးဟာ သိမ်သိမ်မွေ့မွေ့ကလေး နေတတ်မယ်၊ ဆတ်ကော့လတ်ကော့ ပုံမျိုးမဟုတ်ဖူး၊ ရှုတ်ရှုတ် ရှက်ရှက်ရှိမှာမဟုတ်ဖူး၊ ဒိပြင်အိမ်ဖော်မကလေးတွေလို ဘရမ်းဘတာ မဟုတ်ဖူး၊ သူတို့တော်တော်များများနဲ့ ငါဆုံခဲ့ဘူးပြီပဲ၊ ပြီးတော့ သူ့အကိုလဲရှိတော့ ပိုပြီးဟန်ကျတာပေါ့လေ အနေအထိုင် ဆင်ခြင်ဖို့လဲ ငါသိပ်ပြော နေရမှာ မဟုတ်ပါဖူး”
မယမုံ၏ ထိုအတွေးစများ၊ စိတ်ကူးများသည် သူ့ဝတ္ထုပေါ်မှ စာလုံးကလေးများအပေါ်တွင် အရိပ်လွှမ်းနေသည်။
တိုက်၏ ပြောင်လက်သော ပျဉ်းကတိုးအခင်းပေါ်တွင် အိမ်ဖော်မကလေးသည် ငြိမ်သက်ရပ်နေဆဲ။ ခေါင်းငုံ့ ထားသောသူ၏ချိုးနှိမ်ထားသည့် မျက်နှာကလေး၏ အရိပ်သာ ပြောင်လက်နေသည့် ပျဉ်းကတိုးအခင်းပေါ်တွင် မထင်မရှား ထင်နေသည်။
ကျနော်ကမူ မယမုံ မည်သည့်အခါတွင်မှ မမေးမည့်မေးခွန်းများ စဉ်ပြီး ခေါင်းထဲမှာ ပေါ်လာနေသည်။
“ဘာပြုလို့ ဒီမိန်းကလေးဟာ သူ့ ကိုယ်သူ ကျွန်လိုရောင်းချဖို့ ဒီနေရာကို ရောက်လာရတာလဲ၊ ပြောပြစမ်းပါ၊ တကယ့်အကြောင်းရင်းဇစ်မြစ်ကို ပြောပြစမ်းပါ”
သူသည် အိမ်ကြီးရှင် သခင်ရှေ့၌ ဤသို့ကျိုးနွံစွာ ရပ်နေချင်ပါ့မလား။ သူ့ကိုယ်သူ“အစေခံ” ဟု သတ်မှတ်ထားချင်ပါ့မလား။ သူတပါးခိုင်းရာလုပ်နေရသည့်ဘဝ၌ နေချင်ပါ့မလား။ သူတပါးအညစ်အကြေးများ ပေကျန်နေသည့်အဝတ်များကိုလျှော်၊ လူတယောက်စီးရမည့် ဖိနပ်များရှေ့တွင် ပုဆစ်ဒူးတုတ် ထိုင်ပြီးဖိနပ်တိုက်၊ မိမိအိမ်မဟုတ်သည့် အိမ်၏ လူတကာ နင်းသွားနေသည့် ကြမ်းပြင်ကို အရောင်ဖိတ်လာအောင် တိုက်နေချင်ပါ့မလား။
သူ့အတွက် အိပ်ရာ နေရာမှာမူ အိမ်အနောက်ဖက် တန်းလျား၏ အခန်းကျဉ်းကလေးထဲတွင်သာ ပိတ်လှောင် နေမည်။ သူ့သားရေ သေတ္တာအဟောင်းကလေးကိုဆွဲကာ သူထိုနေရာသို့ သွားရတော့မည်။
ကျနော့်စိတ်အာရုံများမှာ မယမုံ၏ စာလုံးကလေးများအပေါ်တွင် မရှိတော့။
ကျနော့် စာရေးဆရာမကလေးသည် ကျနော့် စိတ်အာရုံကို မဖမ်းချုပ်နိုင်တော့ပါတကား။
ယခင်ကဆိုလျှင် ကျနော့်စိတ်များမှာ မယမုံခေါ်သွားရာနေရာသစ်များသို့ မိန်းမောစွာလိုက်ပါကြသည်။ မယမုံ ချိုသာစွာ ပြောပြနေတတ်သည့် လောကအမြင်ကိုလည်း မညင်းဆန်နိုင်။ သူ၏အံ့သြဖွယ်ရာ ဖန်ဆင်းချက်များကြား၌ ကျနော်ကား ငေးမော ငြိမ်သက်ရသည်။
ယခုတော့မူ ကျနော်လည်း ကျနော့်လောကအမြင်ကို သံမဏိချောင်းလို တင်းမာခက်ထရော်လှသည့် လက်ချောင်းများဖြင့်ဆုပ်ကိုင်ထားသည်။
မယမုံ၏ အမြင်သည် မယမုံကျင်လည်ရာ လူမှုတရား၊ ဗီဇတရားမှ ပေါက်ဖွားလာခဲ့သလိုပင်၊ ကျနော့်အမြင်သည်လည်း ကျနော့်ဘဝ၏ လူမှုလက်တွေ့မှ ပေါက်ဖွားလာခဲ့သည် မဟုတ်လား။
မယမုံရှေ့၌ ရိုးကျိုးစွာရပ်နေသည့် အိမ်စေမကလေး၏ ရုပ်ပုံမှာ ကျနော့်အမြင်တွင် ကျနော့် အမ၏ ရုပ်ပုံဖြစ်နေပေပြီ။
အိမ်စေမကလေးသည် မြို့ပြအရိပ် တိုက်တာအရိပ်မှာ နေသည်။ သူ့ဆင်ယင်မှုသည်လည်း မြို့ပြဖြစ်နေသည်။ ယခုအခါ၌ သူ့အတွေး၊ အမြင်၊ စိတ်ဓါတ်များသည်လည်း မြို့အရိပ်၊ တိုက်အရိပ် အထက်လွှာမှ ရောင်ပြန် ဟပ်နေသည့် အရိပ်များဖြင့် ရောရှက်နေမည်။ သူ၏လှပသန့်စင်သော ဗီဇစိတ်ဓာတ်သည်ပင် အဆိပ်သင့်နေပလား။ သူ၏ ပြောဟန်၊ ဆိုဟန်၊ လှုပ်ရှားဟန်များတွင် တိုက်ရိပ်ကားရိပ် သင့်နေပေမည်။
အမသည် ကျေးတောသူ၊ လယ်သူမကြီး၊ ကျဘန်းအလုပ်သမကြီး အဖြစ်ဖြင့် ကျင်လည်နေသည်၊ သူ့ ခန္ဒာကိုယ်မှာ တောင့်ခိုင်မာကျောသည်။ တိုက်ရိပ်မိနေသူ အိမ်စေမကလေးလို ဖြူဖျော့မနေပဲ၊ အမ၏ နေလောင်အသားမှာ ကြမ်းထော်မဲညစ်နေသည်။ အိမ်စေမကလေးက ဖိနပ်သဲကြိုး အဖြူအပါးကလေးစီးထားသော်လည်း ဖိနပ် မစီးတတ်သော အမသည် ထမီတိုတိုဝတ်ကာ၊ နေပူ ပြင်းပြင်းအောင်ရှိ တမျှော်တခေါ်စပါးခင်းကြီးထဲတွင် တံဇင်ကိုကိုင်မြှောက်လျက် ရိပ်သိမ်းနေရင်း၊ ကွမ်းများကို တရာပြီးတရာ ဝါးနေတော့မည်။
ဤအသွင်သဏ္ဍာန်နှစ်ခုကား ခြားနာလွန်းလှသည်။ သူတို့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုနှင့် အတွးအမြင်အသိ ခြားနားလွန်းပုံမှာ ဆပ်စပ်၍မရနိုင်။
သူတို့နှစ်ဦး၏ ခွဲစိပ်မရအောင် တူညီချက်များမှာမူ သူတို့၏ နှလုံးသားများပေါ်တွင်သာ ထာဝရတည်ရှိနေတော့မည်။
ကျနော်တို့၏ ငယ်ဘဝကြေးမုံပြင်မှာ ခုအခါတွင် အချို့မှေးမှိန်စ ပြုနေပါပြီ။ ကြည်လင်လန်းဆတ်နေဆဲ အစိပ်အပိုင်းကလေးများကိုမူ ကျနော် ဘယ်အခါမှ မေ့ပျောက်မည်မဟုတ်နိုင်။ ကျနော် သေဆုံးချိန်၌ပင်လျှင် ကျနော်၏ သင်္ချိုင်းမြေ ကမူပေါ်တွင် ထိုအမှတ်အသားကလေးများ ထင်ကျန်နေရစ်လိမ့်မည်။
ထိုအခါက ကျောင်းဝင် မှတ်ပုံတင်စာရွက်ပေါ်တွင် ကျနော့်အတွက် “မိဘအမည်….ကူလီ” ဟု ရေးမှတ်နိုင်ခဲ့သော်လည်း အမ၏အမည်နာမကိုမူ မည်သည့်ကျောင်း မှတ်ပုံတင် စာတရွက်ပေါ်တွင်မှ တွေ့မည်မဟုတ်နိုင်။
အမ၏အမည်ကို ခေါ်ငင်သံမှာ လယ်တော၊ ယာတော၊ တောတောင်များထဲတွင်သာ ကြားနေရမည်။
“ခင်နုရေ”
“ဟေး….ခင်နု”
“ခင်နုရေ”
ဤအသံမှာ သူ့အပေါင်းအဖော်များ၏ အသံ၊ အဖေနှင့် အမေတို့၏ အသံများဖြစ်လိမ့်မည်။
ဤအသံများသည် အင်တော၊ ဝါးတောကြီးများကို ဖြတ်သန်းသွားသည်။ ချောက်ကြိုမြောင်ကြားမှ ပဲ့တင်ရိုက်ခတ်လာသည်။ တောင်နှာမောင်းများကို ကျော်ဖြတ်လာသည်။
ထိုအခါက ကျနော်သည် တောတောင်များထဲတွင် လှည့်ပတ်သွားလာရသည်ကို ကြည်းနူးနှစ်ခြိုက်မိသော်လည်း မျှစ်ချိုးရသည့် အလုပ်ကိုမူ ကြောက်ရွံ့နေသည်။
မျှစ်ချိုးသောအခါ ပိန်းပိတ်မှောင်နေသော ဝါးတောကြီးထဲတွင် ကိုယ်ပေါ်၌ ခြင်းရိုင်းကြီးများသည် ကိုက်ခဲနေမည်။ စိုစွတ်လှသော မိုးများလည်း အဆက်မပြတ် ရွာနေသည်။ တကိုယ်လုံးမှာ ဝါးမွေးများ စူးဝင်နေသောကြောင့် ယားယံနေမည်။ မျှစ်ထမ်းတောင်းများကို မလျက် ဝါးတရုံမှ တရုံသို့ ကူးပြောင်းသွားနေရသည်။ မျှစ်ပုံများတွေ့လျှင် ဝါးရုံပေါ်သို့ ကုတ်ကပ်တွယ်တက်သွားပြီး ဖြတ်ယူရသည်။ အဖော် မကွဲစေရန်လည်း မကြာမကြာ ဟစ်ခေါ်အသံပေးနေရမည်။ အထမ်းကို မနိုင့်တနိုင် ထမ်းလျက် တောင်အောက် ချိုင့်ကြီးများထဲ ဆင်းသွားရမည်။ တောင်ကုန်းပေါ်သို့ မနိုင်မနင်း သယ်ပိုး တက်လာ ရမည်။ တကိုယ်လုံးမှာလည်း မိုးရိုက်ထားသောကြောင့် ပြာနှမ်းကာ တခိုက်ခိုက် တုန်နေမည်။ မိုးရွာနေဆဲ ကျွန်းပင်ကြီး အရင်းတွင် ထမင်းထုပ်ဖြေစားသောအခါ စားနေရင်းပင် ထမင်းများမှာလည်း ရေသံစွပ်စွပ် မြည်လာလိမ့်မည်။
မျှစ်တောင်းကို မနိုင်မနင်းထမ်းပြီး ပြန်လာခဲ့သည့်ခရီး၌ ချောက်ကြိုမြှောင်ကြားများကို ဖြတ်ကျော်လာရမည်။ တောင်နှာမောင်းများကို ကွေ့ပတ်လာရမည်။ ပခုံးများမှာလည်း အထိမခံချင်အောင် စုတ်ပြတ်ရောင်ကိုင်းလာမည်။
သုံးလေးမိုင်မျှသွားပြီးလျှင် ခြေထောက်များကို မသယ်ချင်။ ဒူးခေါက်ကွေးများ ညွတ်လာမည်။
ပခုံးပေါ်တွင် ညွတ်ကွေးသွားလိုက် မြောက်ကြွလိုက်နှင့် ပါလာသည့် မျှစ်တောင်းနှစ်ခုမှာလည်း ခြေတလှမ်းထက်တလှမ်း ပို၍ လေးပင်လာနေသည်။ အထမ်းကို ထမ်းသွားနေရင်း ပါးစပ်ကို ငါးလိုဖွင့်ဟကာ အသက်ရှူရသည်။ မိုးရေစက်ကလေးများကို အမောပြေ စုပ်မျိုလာရသည်။ ရှေ့တွင်လည်း ခရီးသုံးမိုင်မျှကျန်သေးသည်။
ခြေတလှမ်းပြီးတိုင်း ခရီးတိုလာခဲ့ပြီ ဟု တွေးကာ အားပေးနေရသည်။
သဲကန္တာရလိုဖြစ်နေသည့် လှည်းလမ်းမကြီးအတိုင်း သွားနေရသော အခါ ခြေထောက်များကို မဆွဲချင် မရုန်းချင်တော့ပေ။
လမ်းတွင် ခရီးထောက်နားနေရာများ၌ အထမ်းကိုလွှတ်ချလိုက်ပြီး နီးစပ်ရာ မြက်တော၊ ကုန်းကမူများပေါ်တွင် လှဲချအိပ်လိုက်ရတော့သည်။
ခရီးဆက်ရဦးမည်ကို ကြောက်ရွံ့မိသည့်စိတ်ကား ရင်ထဲ၌လေးလန်လှသည်။
ထိုအခါတွင် ကျနော့်အနားတွင် သူ့တောင်းကိုချပြီး ရပ်နားနေသည့်အမသည် ကျနော့်ကို အားပေးစကားများ ပြောတတ်လေသည်။
သူပြောခဲ့သည့်စကားများမှာ ယခုလည်း ကျနော့် နားထဲတွင် လတ်လတ်ဆတ်ဆတ် ပြန်၍ ကြားနေရဆဲပင်။
“ကဲ….ရုန်းလိုက်ကြအုံးစို့ဟေ…. ကောင်လေး….ထ၊ ထ”
ထိုအခါက အမအသက်မှာ ဆယ့်ခြောက်နှစ်ထက် ကျော်ဦးမည်မဟုတ်။ သူ့ကို ကျားသစ်တကောင်လို သန်မာဖျတ်လတ်သည်ဟု ကျနော်ထင်သည်။ သူသည် ထမီကို တိုတိုဝတ်သည်။
ခွန်အား ပြည့်ဖြိုးသော သူ့မျက်လုံးများမှာ မာကျောစွာတောက်ပနေတတ်သည်။
သူ ခါးထောက်ရပ်လိုက်လျှင် မည်သူ့ကိုမျှ အလျှော့မပေးမည့်ဟန်ဖြင့် တင်းမာနေသည်။
သူရယ်စရာတွေ့၍ ရယ်မောလိုက်လျှင်လည်း တောတောင်တခုလုံး ညံလောက်အောင် ဟက်ဟက်ပက်ပက် ရှိနေတတ်သည်။
တခါတွင် ကျနော်သည် တောင်ကြား ချောင်းကလေး တဖက်ကမ်း၌ ခရီးမဆက်နိုင်တော့သဖြင့် ပစ်လှဲလိုက်ရသည်။
မည်သို့မျှ စိတ်အားတင်းထား၍ မရတော့။ ပခုံးများမှာလည်း ရောင်ကိုင်းရာမှ စုတ်ပြတ်စပြုလာသည်။ ထမ်းပိုးနှင့် အထိမခံချင်တော့။ ခြေထောက်များကိုလည်း ဆက်၍မသယ်နိုင်။ ဝန်လေးပိသဖြင့် ခါးလည်းမခိုင်တော့ပေ။
နောက်ဆုံး၌ ကျနော်သည် မျှစ်အထမ်းကို လူသွားလမ်းနံဘေး၌ ပစ်ချလိုက်ရသည်။ ထိုင်ပင်မထိုင်နိုင်တော့သဖြင့် လမ်းနံဘေး ကမူကလေးကို ခေါင်းအုံးကာ ပစ်လှဲ အိမ်ချ လိုက်ရသည်။
အဖေနှင့်အမကား ရှေ့မှ သွားနှင့်ကြပေပြီ။ အဖေလည်း သူ့အထမ်းကိုသူ အနိုင်နိုင်သယ်ပိုးကာ ချောင်း ဟိုဖက်ကမ်းရှိ တောင်ကုန်းထိပ်ပေါ် ရောက်နေပေပြီ။ သူ့ ထမ်းပိုး ညွှတ်ပက်မှ တကျီကျီ မြည်သံကိုပင် မကြားရတော့ပေ။
အမလည်း ချောင်းကိုဖြတ်ကူးသွားနှင့်သည်။ သူလည်း သူ့တောင်းအထက်၌ ဝါးကိုင်းများစိုက်ကာ မျှစ်များ မောက်လျှံအောင်ထည့်ထားသဖြင့် အနိုင်နိုင် သယ်နေရသည်။ သူ၏တောင့်ခိုင်လှသော လည်းပင်ကျောများသည် သံစို့များစိုက်ထားသလို တင်းမာနေသည်။ ဝန်လေး ပိထားသောကြောင့် သူတချက်လှမ်းသွားတိုင်း မြေတခါတုန်သွားနေသလိုပင်။
ကျနော်သည် မျှစ်အချို့ကို စွန့်ပစ်ခဲ့ရန် တွေးနေမိသည်။
ခရီးတဝက်ကျော်လာပြီးမှ ထိုသို့လည်း မစွန့်ပစ်နိုင်။ စွန့်ပစ်ခဲ့ရမည့် မျှစ်များ၏ တန်ဘိုးများမှာ စာရင်းဇယားများအဖြစ်ဖြင့် ခေါင်းထဲ၌ ပေါ်လာကြသည်။ မိသားစု၏ စားဝတ်နေရေး၊ ဝက်ရူးပျံရောဂါ စွဲကပ်နေသူ ညီမလေးအတွက် ဆေးဝါး ကုသရေးများမှာကား ကျနော်လို ဆယ့်သုံးနှစ် အရွယ်ကောင်ကလေးတကောင် မဖြေရှင်းနိုင်သည့် အရှုတ် အထွေးများပင်။
အဖေနှင့် အမကြီးသည် အိမ်တွင် မျှစ်ပြုတ်ကာ ရွာစဉ်လှည့်လည် ရောင်းချနေသည်။ ဝက်ရူးပျံရောဂါ စွဲကပ်နေသည့် ကောင်မလေးကို အကျဉ်းချထားသလို အိမ်တွင်တံခါး အလုံပိတ်ဆို့ထားခဲ့ရသည်။ ခုဆိုလျှင် သူသည် အိမ်ထောင့်ကလေး၌ ဝက်ရူးပျံတက်ပြီး သတိလစ်မေ့မြောနေမည်။ သူ၏ ပိန်ခြောက်နေသော အကြောဆွဲနေတတ်သည့် ဖြူဖျော့ဖျော့ ပုံသဏ္ဌာန်မှာလည်း ကျနော့်စိတ်နှလုံးထဲမှ မထွက်နိုင်။
အဖေသည် “လယ်တပွဲလောက်၊ နွားတရှဉ်းလောက်ရရင် ဘာမှမကြောက်ဖူး” ဟု အကြောင်းတိုက်ဆိုင်တိုင်း တမ်းတနေတတ်သည်။
ယခုမူ အဖေသည် တောင်ထိပ်တွင် အထမ်းကြီးနှင့်ရပ်ကာ နောက်ပြန်လှည့်ကြည့်နေသည်။
အမမျက်နှာမှာ ပင်ပန်းလွန်းနေသည့်ကြားမှပင် အပြုံးများဝေနေသည်။ ချောင်းအစပ်၌ရပ်ကာ ကျနော့်ကို လှည့်ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်လေသည်။
“နွားလေး…..ဒါကြောင့် နင်မနိုင်ပါဘူးလို့ ငါပြောတယ်”
သူသည် ရယ်သံနှင့်ပင် နောက်ပြန်လှည့်ကာ ချောင်းကမ်းပေါ်တက်လာသည်။ ကျနော့်အနား၌ သစ်ငုတ်တခုကို အားပြုပြီး သူ့မျှစ်တောင်းကို ချသည်။
သူသည် ခေါင်းခုပဆိုးစုပ်ဖြင့် သူ့မျက်နှာပေါ်မှ ချွေးဥချွေးပေါက်များကို သုတ်သည်။ မောပန်းလွန်းသဖြင့် သူလည်း ပါးစပ်ဟပြီး အသက်ရှူနေသည်။ ကျနော့် မျှစ်ထမ်းနှင့် သူ့မျှစ်တောင်းကြား၌ ပုဆစ်တုပ် ထိုင်လိုက်လေသည်။
“ဒါလောက် သယ်လာပြီးမှတော့ မထားခဲ့နိုင်ဘူး။ ကြည့်စမ်း…ကြည့်စမ်း နွားလေး၊ ဒါလောက်များများကြီး နင်ဘယ့်နှယ် ထမ်းနိုင်မတုံးဟယ်၊ ဒါတွေမထားခဲ့နိုင်ဘူး ငါနိုင်အောင်သယ်မယ်။ ကြည့်စမ်း မိုးတွေတောင် မှောင်လာနေပီ။ ဒို့ မိုးမိအုံးမယ်ထင်တယ် ဒီနွားလေး လုပ်ပုံနဲ့”
သူက ကျနော့်တောင်းထဲမှ မျှစ်များကို သူ့တောင်းထဲပြောင်းရွှေ့ ထည့်နေစဉ် ကျနော့်ရင်ထဲတွင် ခံစားနေရသည့် ဝေဒနာမှာ စူးရှ နာကျင်လွန်းလှသည်။
ကျနော်လည်း အမလိုပင် ထိုမျှစ်ချောင်း ကလေးများကို မထားခဲ့နိုင်။ သူတို့ကို ဆန်များ၊ ဆီများ၊ ညီမလေး အတွက် ဆေးဝါးများ၊ ကျနော် ကျောင်းတက်ရန် စာအုပ်များဟု မြင်နေရသည်။
အမလည်း သူ့တောင်းထဲသို့ တွင်တွင်သားထည့်နေသည်။ သူ့အတွက် မနိုင်ဝန်ဖြစ်နေပေပြီ။
သူ့လက်ခုတ်ထဲ ဝါကျင့်ကျင့် မျှစ်ချောင်းများပါသွားတိုင်း ကျနော့်အတွက် ဝန်လေးကြီးတခုပေါ့သွားနေလျက် သူ့ အတွက် ဝန်းလေးကြီးတခု ပိလာနေသည်။
ဤခံစားရမှုမှာ လက်တခုပ်ထက်တခုပ်တက်လာကာ နောက်ဆုံး၌ မခံရပ်နိုင်အောင် ရင်ထဲတွင် နင့်လာသည်။ ကျနော်ကား ကျနော့်မျှစ်များကို မနိုင်နိုင်အောင် ထမ်းရန် ရှိသမျှ စိတ်အားကုန် တင်းလေသည်။ ရင်ထဲ၌ နင့်လာနေရသည်မှာ ပေါက်ပြဲစုပ်ပြတ်နေသည့် ပခုံးပေါ်မှ နာကျင်ရမှုထက် ပို၍ နာလေသည်။
နောက်ဆုံး၌ ကျနော်သည် အမလက်များကို ဆောင့်တွန်းလွှတ်လိုက်သည်။ သူ့တောင်းထဲမှကော ကျနော့် တောင်းများထဲမှ မျှစ်များကိုပါ လက်နှင့်တဆုပ်ပြီးတဆုပ် အဝေးသို့ လွှင့်ပစ်လေသည်။
မျှစ်ချောင်းဝါဝါကလေးများ ရှုပ်ထွေးနေသည့် သစ်ကျိုင်းပေါက်ပင်များ ခြံပုတ်ငယ်များထဲသို့ တဖျောဖျော ကျရောက်နေသည်။
အမသည် ကျနော့် လက်များကို အတင်း ချုပ်ကိုင်ကာ-“တော်တော့….တော်တော့ တော်ပါတော့ဟဲ့” နှင့် သံကုန်အော်ဟစ်ရင်း မျက်ရည်များ ဝဲလာသည်။ ကျနော့်ကိုလည်း အားကုန်ဆောင့်တွန်းလေသည်။
သူသည် သစ်ကျိုင်းပင်ပေါက်များကြားထဲသို့ ပြေးသွားကာ မျှစ်များကို လိုက်ရှာဖွေရင်း ဝမ်းနည်းပက်လက် ဖြစ်နေသည်။ ဤမျှစ်ဝါးချောင်းကလေးများကို ရွှေငွေရတနာလို နှမျောနေသည့် အမ၏ မျက်နှာ၊ ချုံပုတ်များအောက်၌ လိုက်လန်ကောက်ယူရှာဖွေရင်း သူ၏ တတွတ်တွတ်ပြောနေသံများကို ကျနော်ကား တသက်တာ၌ မေ့ပျောက်နိုင်တော့မည် မဟုတ်နိုင်။
အမကား မျှစ်ချောင်း ကလေးများ အတွက် ငိုယိုခဲ့ရရှာသည်။
မိုးများလည်း ဖွဲဖွဲရွာနေရာမှ ရုတ်တရက် သွန်ရွာ ချလိုက်သည်။
“ငါနိုင်ပါတယ်ဟဲ့…နွားလေးရဲ့ ငါနိုင်ပါတယ်လို့ ပြောနေရက်နဲ့ လွှင့်ပစ်လိုက်တာ ခုတော့ ကုန်ပီ-ကုန်ပီ”
********************************
မယမုံက အိမ်စေမကလေးကို ပုံဖော်ထားပုံမှာ အပေါ်ယံဆံသည်။ ပုံကြမ်းဆံသည်။ အိမ်စေမ ကလေး၏ ရင်းတွင်းမှ ခံစားရချက်များကို မယမုံ မတွေ့ထိနိုင်။ စာရေးဆရာမလေး၏ ခံစားချက်များသည် အိမ်ရှင် သခင်မကြီး ခံစားချက် အမြင်များပေတကား။
မယမုံသည် အိမ်စေမကလေးကို မခြယ်မှုန်းနိုင်သောအခါ သူ၏ အိမ်ရှင် သခင်မဘဝကို စုတ်ချက် စိပ်စိပ်ဖြင့် ရေးခြယ်နေသည်။ သူ့ချစ်လင်အရာရှိကြီး၏ အထက်လွှာပုံပန်း သဏ္ဌာန်ကိုသာ ပီပီသသ ဖော်ပြမိနေသည်။
ကျနော်ကမူ မယမုံက မဖော်ပြပါဖဲလျက် ကောင်မကလေးအဝတ်လျှော်ရင်း တေးတပုဒ်ညည်းနေသံကို ကြားနေမိသည်။
ရေပိုက်ခေါင်းမှ ရေပန်းများ တဖွားဖွားကျနေသည့် အောက်တွင် အိမ်စေမကလေးသည် အဝတ်ပုံကြီး နံဘေးတွင် အဝတ်များကို တထည်ပြီးတထည် လျှော်နေသည်။ သူ့လှုပ်ရှားမှုမှာ စက်ရုပ်နှင့်မခြားနားနိုင်။ သူ့ စိတ်များမှာ ပျံ့လွင့်နေသည်။
သူ့အတွေးများ သူ့အာရုံ များသည် ဘယ်ဆီ ရောက်နေသနည်း။
သူ့စိတ်ဓာတ်မှာ အဆိပ်သင့်ကာ အိမ်ကြီးရှင် သခင်များလိုဖြစ်နေမလား။
သူသည် အဖိနှိပ်ခံရလွန်းသဖြင့် မနာကျင်တတ်တော့ဖဲ ထုံ၍များ နေပလား။
သူမ ယမုံစာရေးနေရာသို့ ကော်ဖီခွက်ကိုယူသွားနေပုံမှာ ခြေသံမမြည်အောင် ခြေဖွနင်းလျက် ကျို့ကျို့ရို့ရို့ နိုင်လွန်းလှသည်။ ထိုအခိုက်၌ သူ့ရင်ထဲတွင် မည်သည့်နာကျင်မှုခံစားမှုများ ငြိမ်သက်စွာ တိတ်တဆိတ် ပေါ်ပေါက်လာနေမည်နည်း။
သူသည် မယမုံ၏သမီးလေးကို ပုခက်ထိုင်လွှဲ ပေးနေသည်။ ဤခလေးကလေးသည်ပင် သူ့ အတွက် အရှင်သခင်တပါး ဖြစ်နေပေသည်။
သူကြမ်းတိုက်နေစဉ်တွင် သူ့ရုပ်ပုံနှင့် အတူ လယ်တောထဲမှ အမကို ကျနော်သတိရနေမိသည်။
ညနေခင်း၌ ကောက်စိုက် ရာမှ ရွံ့များ ပေရေလျက်ရှိသည့် အမသည် အိမ်ကိုကျော်ကာ မလှမ်း မကမ်းရှိ ချမ်းသာသော လယ်သမားတဦးအိမ်သို့ ခရီးဆက်သွားနေရသည်။ သူသည် နေ့ခင်းက စိုက်လာသည့် ကောက်စိုက်ခစပါးကို ဆောင်းဦးပေါက် စပါးပေါ်ချိန်အထိ မထားနိုင်။ ချက်ချင်း စပါးပေး ပြေးယူရသည်။ လက်ငင်း စား ဝတ် နေ ရေးသည် အရေးအကြီးဆုံးဖြစ်နေသည်။
အိမ်ကို ဖြတ်ကျော်သွားစဉ်၌ အိမ်ဖက် လှမ်းကြည့်ခိုက်တွင် အမ၏ ကြည်လင်နေတတ်သော မျက်နှာမှာ တချက် ညှိုးယော်သွားသည်။ သူသည် ချက်ချင်းပင် သူ့အလုပ်လုပ်ခ စပါးတတင်းကို နှမျောမိသည့် စိတ်ကို ချေဖျက်ပစ်ရလိမ့်မည်။
စပါးပေးယူပြီး သူပြန်လာခဲ့သောအခါ၊ သူ့ မျက်နှာမှာ ကြည်လင်မြဲ ကြည်လင်နေသည်။ သူ့ စိတ်ထဲတွင် ဖြစ်ပေါ်သည့် နာကျင်မှုကို အခြားသူများအား မခံစားစေချင်ပေ။
သူ့လက်ထဲတွင် ကျပ်တန်တရွက်နှင့် အကြွေစေ့ကလေးများ ဆုပ်ကိုင်လာခဲ့သည်။
“ဟဲ့ကောင်းလေးလာယူစမ်း….၊ အမေ့ကို တကျပ်ပေးလိုက်နော်၊ ငါးမူးကို စာအုပ်ဝယ်”
ကျနော်လည်း အိမ်ပေါ်မှ ငုံ့ကာ ရေစိုနေသော ကျပ်တန်ရွက်မှ အကြွေစေ့ကလေးများကို လှမ်းယူရသည်။
“ဒီငွေကို ခုမယူပဲနေရင် ဆောင်းဦးပေါက်ရင် စပါးတတင်းဖြစ်လာမှာ”
ဒီအတွေးမှာ ဓာတ်ပြားဟောင်းတခုကို မကြာခန ပြန်ဖွင့်နေရသလို ထပ်ပြန်တလဲလဲ နေ့ရှိသမျှ ပေါ်ပေါက်နေရသည့်အတွေးပင်။ ထပ်ပြန်တလဲလဲ နာကျင် ကိုက်ခဲ စေသည့်အတွေးပါတကား။
ကျနော်တို့၏ ငယ်ဘဝကြေးမုံပြင်မှာ ဤနာကျင်ကိုက်ခဲမှုများသာ တခုနှင့်တခု တွဲဖက်စပ်နေခဲ့သည်။
ကျနော် ခြောက်တန်းသို့ ကူးမည့်နှစ်တွင် ကျောင်းဆက်မထားနိုင်အောင် အခြေအနေများ ဆိုးရွားလာသောအခါ အမသည် အမျိုးမျိုးကြံစည်ခဲ့၏။
နောက်ဆုံး၌ အမသည် ကျနော်တို့ရွာနှင့် မလှမ်းမကွာလှသည့် တောမြို့ကလေးရှိ ချမ်းသာသူတဦး၏အိမ်တွင် အလုပ်လုပ်တော့ရန် ဆုံးဖြတ်ခဲ့လေသည်။
ထိုအကြံကို သူသည် ရက်ပေါင်းများစွာ တိတ်တိတ်ကြိတ်၍ကြံစည်ခဲ့ပေမည်။ သူ၏ မာနကြီးလှသောစိတ်ကို သူ့ဘာသာ ခက်ခဲပင်ပန်းလှစွာ ချိုးနှိမ်ထားခဲ့ရမည်။
ထိုအကြောင်းကို ပြောသောအခါ သူသည် သူ့စိတ်ထဲ၌ ဘာမျှထူးခြားခြင်းမရှိသလို ခပ်ပေါ့ပေါ့ ကလေးပြောသည်။
သူ့ပြောဟန်၊ သူ့အသံမှာ ပေါ့ပေါ့ကလေးဖြစ်နေသည်။ သူ့ မျက်နှာမှာလည်း ထူးခြားမှုမရှိသလိုပင်။
မီးရောင်မှိန်မှိန်အောက်၌ သူ၏ အသားညိုသော မျက်နှာဝိုင်းဝိုင်းမှာ ပြုံးနေသလိုပင် ထင်ရသည်။
အဖေကလည်း ဓားသွေးရပ်ထားကာ အမစကားကို မျက်မှောင်ကုတ် နားထောင်နေခဲ့သည်။ အမေကလည်းထူးခြားသည့် အကြောင်းအရာမဟုတ်သလိုပင် ငြိမ်ငြိမ်သက်သက် နားထောင်နေခဲ့သည်။ အဖေနှင့် အမေတို့သည် အောက်ကျနောက်ကျ နှိမ့်ချထားရဖန် များလာခဲ့သဖြင့် ထိခိုက်မှု နည်းပါး နေပလား မဆိုနိုင်။
ကျနော်ကား မခံမရပ်နိုင် ဖြစ်နေမိသည်။ အမအလုပ်လုပ်မည့် အိမ်မှ သားသမီးများသည် ကျနော်နှင့် ကျောင်းနေဖက်များ ဖြစ်သည်။ ကျောင်း၌ကျနော်သည် သူတို့ကို မေးထူး ခေါ်ပြောမျှပင် ဆက်ဆံသည်မဟုတ်၊ သူတို့ကား တောက်ပ ဝင့်ကြွားလှသည်။ ကျောင်း၌ ကျနော့်ရုပ်ပုံမှာ မှိန်လွန်းလှလေသည်။
ထိုအခြေအနေ အရပ်ရပ်ကိုလည်း အမသည် မခံစားမသိပဲ နေမည်မဟုတ်။ ခုအခါ၌ သူ့ မျက်နှာပေါ်တွင် သူတမင်ပြုံး ထားနေရသည့် အပြုံးမှာ ထိခိုက်နာကျင်ဖွယ်ရာ ဖြစ်နေပေပြီ။
“နင်ကျောင်းမထွက်ရတော့ပါဖူးဟဲ့…. ငါအလုပ် စပ်လာခဲ့ပီ၊ တလလေးဆယ်ရမယ်၊ ခလေးထိမ်း ထမင်းချက် ဝက်စာကျွေးရုံပါပဲ၊ အလုပ်လဲသက်သာတယ်၊ ကောက်မစိုက်ခင် နှစ်လလောက်ငါသွားလုပ်မှာပါ”
သူက အိမ်ရှင်အမျိုးသမီးကြီး၏အမည်ကို စကားထဲထည့်ပြောလိုက်သည်။
သူသည် အလုပ် လက်ခံမည် ဟု စကားလွန်ခဲ့ ပြီးကြောင်းလည်းပြောသည်။ ကောက်စိုက် စပါးရိပ်အလုပ်မှာလည်း သူတပါးအလုပ်ကို အခစားနားနှင့် လုပ်ရခြင်းဖြစ်၍ မည်သို့မျှမခြား နားဟုပြောသည်။
အမကား ကျနော် ကန့်ကွက် မည်ကို ကြိုတင် ဖာထေးနေသည်။
“ကောက်စိုက်တာကတောင် ပိုပင်ပန်းသေးတယ် ကောင်းလေရယ်၊ ပီးတော့လဲ ဆွေလိုမျိုးလို ရင်နှီးနေကြတာမှုတ်လား ဒီအတိုင်း လာကူပါအုံး ဆိုရင်တောင်မှ သွားကူနေရအုံး မှာပဲဟာ၊ ပီးတော့ အလုပ်ကလဲ ပြတ်နေတယ်မှုတ်လား၊ ပီးတော့ နောက်ဆိုရင် ကိုယ်လိုရင်တောင်မှ ရှာလို့ ဖွေလို့ လွယ်တာကူတာပေါ့ဟာ….”
သူ၏ ပျော့ပျောင်းသော စကားသံမှာ တဖြေးဖြေး တိမ်ဝင်နေပေပြီ။
ခပ်တင်းတင်း ခါးထောက်ရပ်တတ်သော၊ စူးရှသည့် မျက်လုံးများဖြင့် ကြည့်တတ်သော၊ မာနကြီးတတ်သည့် အမ၏ မာနများသည် ပျောက်ဆုံးကုန်ပလားမသိ။
သူ၏မာနကို သူမည်မျှ ချိုးနှိမ်ထားရသနည်း၊ ကျနော့်စိတ်၌ကား သိနေသည်။
“ကျနော်ကျောင်းမနေဖူး၊ ကျောင်းထွက်မယ်၊ အလုပ်လုပ်မယ်၊ အမ မသွားရဖူး၊ မလုပ်ရဖူး….”
ကျနော်သည် အဖေနှင့် အမေကိုပါဆန့်ကျင်ကာ တင်းမာစွာပြောခဲ့လေသည်။
နောက်ဆုံး၌ ကျနော်၏ တင်းမာစွာ ကန့်ကွက်နေသံများမှာ အရာမထင်နိုင်။ ကျနော့်အသံများမှာလည်း စိတ်ထိခိုက်ဖွယ်ရာ အားနည်းလာရသည်။ ကျနော် အလုပ်လုပ်မည်ဟု ကြိမ်းဝါးနေသော်လည်း လုပ်စရာ အလုပ်ကားမရှိ။ စားဝတ်နေရေး လက်ငင်း ပြဿနာကား ထိပ်ဆုံး၌ ရောက်နေခဲ့ပေပြီ။
အမအလုပ်လုပ်ရန် ညှိုးမှိန်စွာ ထွက်ခွာသည့်နေ့က ကျနော်သည်လည်း အိပ်ရာထဲတွင် တနေ့လုံးခွေအိပ်နေခဲ့သည်။ အမက ရယ်ရယ်မောမောဖြင့် ထွက်ခွာသွားသော်လည်း သူ၏ သိမ်ငယ်နေသော မျက်နှာ၊ အားနည်းမှေးမှိန်နေသော မျက်လုံးများကိုမူ သူမည်သို့ ဖုံးကွယ်သွားနိုင်ပါမည်နည်း။
မယမုံ၏အိမ်ရောက်နေရသော အစေခံမကလး သည်လည်းသူ့စိတ်သူ့ကိုယ်ကို သူသာပိုင်ဆိုင်ထားချင်ရှာမည်။ နှိမ့်ချရိုကျိုးချင်မည်မဟုတ်။ ထိုသို့ မရပ်တည် နိုင်တော့သောကြောင့်သာ သူ၏ မာနတရားကို ငွေကြေးဖြင့် လဲလှယ်ခဲ့ရပေမည်။
သူဘယ်ကလာခဲ့သနည်း။
သူ၏ မူလစိတ်ဓာတ်များမှာ ဆေးရောင်မည်မျှ လွင့်ခဲ့ရပြီနည်း။
*****************************
ဝတ္ထုတိုကလေးကို ကျနော် ဆက်မဖတ်ချင်။ မဖတ်နိုင်။ ဤနာကျင်မှုမှာ ရင်ထဲ၌ မီးဟုန်းဟုန်း ထတောက်နေသလိုပင်။
ရေးချိန်ကြုံခိုက် ရေးသားနေသည့် မယမုံ၏ ကလောင်ဖျားမှ ထွက်ပျံကျလာသည့် စာလုံးတိုင်း စာလုံးတိုင်းမှာ စက်ဆုတ်ဖွယ်ရာများဖြင့် ပြည့်ဝနေသည်။ စက်ဆုတ်ဖွယ်ရာ များသည် အလုပ်သမားများ ဖန်တီးပေးသည့် စာရွက်ဖြူများ ပေါ်တွင်ပေကျန်နေသည်။
အိမ်စေမကလေးမှာ ကိုယ်ဝန်ပေါ်လာသည်။ မယမုံက လိမ္မာစွာဖြင့် ဤကိုယ်ဝန်ကို စစ်ဆေးသည်။ နောက်ဆုံး၌ အိမ်စေမကလေး၏ ကိုယ်ဝန်မှာ သူ့ အကိုဟု ပြောခဲ့သည့် ဒရိုင်ဘာနှင့် ရခဲ့သည့် ကိုယ်ဝန်ဖြစ်နေသည်။
မယားကြီးရှိသောဒရိုင်ဘာနှင့် အမြှောင်မယား ဖြစ်နေသည့် အိမ်စေမကလေးမှာ မယမုံ အိမ် မရောက်မီကထည်းက ညားနေခဲ့ကြသည်။ ဤအကျင့်စာရိတ္တ မသန့်ရှင်း သူများကို သူ့ အိမ်နှင့် မတန်သောကြောင့် မယမုံက နှင်လွှတ် လိုက်လေသည်။
ဝတ္ထုတိုမှာ အဆုံးသတ်သွားလေပြီ။
မယမုံကား သူ့ဝတ္ထုအဆုံးမသတ်မီ ကျနော့်ကို စကားတပိုဒ်ပြောသွားခဲ့သည်။ သူ့စကားမှာ သွယ်လည်းသွယ်ဝိုက် ညင်လည်းညင်သာသည့် စကားဖြစ်သည်။ လှပသောစာလုံးကလေးများနောက်ကွယ်မှ မယမုံ၏ စကားသံမှာ ညှင်းညံ့စွာပေါ်လာခဲ့သည်။
“မောင်တို့ ဘာပြောအုံးမလဲဟင်…..မစ္စည်းမဲ့တွေဟာ မဖောက်ပြန်ပါဘူးလို့ ပြောနေအုံးမလို့လား….မစ္စည်းမဲ့မဲ့ရှိရှိ လူဟာ လူပါဖဲကွယ်…”
သူ့စကားသံသည် ကျနော်၏ အခန်းကျဉ်းကလေးထဲ၌ ဟိုမှသည်မှ ပျံ့လွင့်တိုးဝှေ့နေသည်။
ကျနော်လည်း သူ့ဝတ္ထုကို အိပ်ရာခြေရင်းဖက်သို့ ပစ်ထားလိုက်သည်။
ယခင်အခါများကဆိုလျှင် ကျနော်လေးစား မြတ်နိုးသည့် ဖန်ဆင်းရှင်မကလေး မယမုံ၏ ဇာတ်ကောင်များသည် ကျနော့် ရင်ထဲ၌ အသက်ဝင် လှုပ်ရှားနေတတ်သည်။ သူ့ဇာတ်ကောင်အမည် နာမများ၊ ဝတ္ထုအမည်နာမများကို ကျနော်ကား တသသ သတိရနေတတ်သည်။ ကျနော့်စိတ်ဝိညာဉ်များမှာ သူ့ဇာတ်ကောင်များနှင့်အတူ ဆွတ်ပျံ့လွင့်ပါးနေတတ်သည်။ နစ်မျောနေတတ်သည်။ သူ့ဇာတ်ကောင်များ၏ စကားသံ များသည် စမ်းရေစီးသံများအဖြစ်ဖြင့် ကျနော့်ရင်ထဲ၌ တိုးဝှေ့ နေတတ်သည်။ သူ့ဇာတ်ကောင်များ၏ ရယ်မောသံဖြင့် ကျနော်လည်း ကြည်နူးနေတတ်သည်။
ယခုအခါ၌မူ ဘဝများက ရိုက်ပုတ်သင်ကြားမှုကြောင့် ကျနော်သည်လည်း ရန်သူမိတ်ဆွေ ခွဲခြားသိနေပေပြီ။ စည်းခြားမျဉ်းသားနေတတ်ပြီ။ ပစ်ပယ်ရမည့် အဟောင်း၊ ကြိုဆိုရမည် အသစ်များကို ခွဲခြားနေတတ်ပြီ။
ခွဲကြအုံးစို့ မယမုံ။
နိုင်ဝင်းဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment