ဒီကနေ့ကစပြီး ဆရာနိုင်ဝင်းဆွေရဲ့ ဘဝစာမျက်နှာများ ဝတ္ထုတိုစု စာအုပ်ထဲက ဝတ္ထုတချို့ ကို တပုဒ်ချင်း ဆက်လက် ဖေါ်ပြသွားဖို့  ရှိပါတယ်။
ဘာပြုလို့ ဒီ စာအုပ်ထဲမှာ ပါတဲ့ ဝတ္ထုတို (၇)ပုဒ်ထဲက ဝတ္ထုတိုတချို့ကိုပဲ ရွေးပြီးဖေါ်ပြဖို့ စဉ်းစားခဲ့တာလဲဆိုတော့ ကျနော်က အဲဒီဝတ္ထုတို အားလုံးထဲက အခု မကြာခင်ဖေါ်ပြဖို့ ရွေးချယ်ထားတဲ့ (၃) ပုဒ်ကိုပဲ နှစ်သက်လို့ ပါ။ ကျန် ဝတ္ထုတွေကိုတော့ ကျနော် မကြိုက်ပါဘူး။ ဒါကြောင့်မို့ပါ…။
ကျနော့်ဘလော့မှာ နိုင်ဝင်းဆွေ ရဲ့ နွေတည နဲ့ မသိန်းရှင်ဆီ ပို့ပေးပါ ဝတ္ထုတွေ အခန်းလိုက်တင်ပေးခဲ့စဉ်တုန်းက လူတချို့က ကျနော့်ကို နိုင်ဝင်းဆွေ ကိုးကွယ်သူဆိုတဲ့သဘောအထိ ပြောလာတာ ရှိပါတယ်။
ကျနော်ဟာ နိုင်ဝင်းဆွေ ရဲ့ နွေတည ကို အရူးအမူး နှစ်သက်တာ မှန်ပါတယ်။ ဒါပေမယ့် ကြုံတုန်းပြောရမယ်ဆိုရင် ကျနော်က ဆရာနိုင်ဝင်းဆွေ ရဲ့ ဝတ္ထုအားလုံး ကြိုက်တာမျိုးတော့မဟုတ်ပါဘူး။ နိုင်ဝင်းဆွေ လုံးချင်းစာအုပ်ထုတ်ခဲ့တာ (၁၁) အုပ်ရှိတဲ့အနက်က လေးအုပ်လောက်ပဲ ကြိုက်တာပါ။ စွဲစွဲလန်းလန်းကြိုက်တာ တစ်အုပ်ထဲပါ။ ကျန်တာတွေ ကျနော်မကြိုက်ပါဘူး။ ဒီလို မကြိုက်တဲ့အကြောင်း သူ သက်ရှိထင်ရှား ရှိစဉ်တုန်းကတည်းက သူ့ ကိုလည်း လူကိုယ်တိုင် အကြိမ်ကြိမ် ပြောပြခဲ့ဖူးပါတယ်။ ကျနော် ဆိုလိုတာက ဒီလိုပါ။ ကျနော်ဟာ နိုင်ဝင်းဆွေဝါဒီမဟုတ်ပါဘူး၊ နိုင်ဝင်းဆွေ ခရေဇီ သာဖြစ်တဲ့အကြောင်း ပြောချင်တာပါ။
ဒါတောင်မှ အခုမကြာခင်ဖေါ်ပြမယ့် ဝတ္ထုတို (၃) ပုဒ်ထဲမှာ ကျနော် အရမ်းကာရော စွဲစွဲလန်းလန်းဖြစ်ရတဲ့ စာပိုဒ်တွေပါရှိသလို မကြိုက်တဲ့ စာပိုဒ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ထားပါတော့…။
ဒီကနေ့ကစပြီး ဘဝစာမျက်နှာများ စာအုပ်ထဲက ကျနော် နှစ်သက်တဲ့ ဝတ္ထုတို(၃) ပုဒ်ကို တပုဒ်ချင်းစီ အဆင်ပြေသလို တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်း….။
ငြိမ်းဝေ
ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ
နက်ပြာသော ကောင်းကင် ဖလ်ရိပ်တွင်းမှ ကြယ်ပွင့်ကလေးများ ဖိတ်လက်နေကြ၏။ ဆည်းဆာရောင်တွင် ကျွန်တော်တို့သည်လည်း အမှောင်ထဲ၌ ပျောက်ကွယ်နေကြတော့သည်။
ဒဂုန်တာရာ
(စာပေသစ်၏ ဆည်းဆာရောင်)
ဆေးရုံမှအပြန် မြို့ပြင်ဘက်လမ်းပေါ် ကျနော် ရောက်နေချိန်မှာ ကျနော်ချစ်သော ညနေဆည်းဆာလည်း မှေးမှိန်လာနေပြီ။ ကျနော်ချစ်သော နှင်းပုလဲများသည် တဖွဲဖွဲ ကြွေစပြုပြီ။ ကျနော်နှစ်ခြိုက် နစ်မျောနေမိတတ်သော တိတ်ဆိတ် ငြိမ်သက်ခြင်းမှာလည်း တစထက်တစ စိုးမိုးလာနေပြီ။ ကုတ်ကို ရွက်ဝါများလည်း အသံမမြည်စေရန် ညင်သာစွာ ကြွေနေကြပြီ။ အမှောင်ရိပ်သည် ကျနော့်ကိုယ်ပေါ်၊ ကျနော့်နှလုံးသားအပေါ်၊ လမ်းမအပေါ်၊ ပတ်ဝန်းကျင် သက်မဲ့ အရာဝတ္ထုများ အပေါ်၊ ချစ်စရာ့ ငြိမ်သက်နေသော အနောက်ဖက် တောင်တန်းအပေါ်၊ မြင်မြင်သမျှအပေါ် တစထက်တစ ပို၍ ဖုံးလွှမ်းလာနေပြီ။
ကျနော်သည်လည်း အမှောင်ထဲ၌ ပျောက်ကွယ်သွားတော့မလား။
တိတ်ဆိတ်ခြင်း၌ နစ်မျောနေတော့မလား။
ခုအခါ၌မူ ကျနော် နစ်မျောမနေနိုင်။
ကျနော့် နှလုံးဝိညာဉ်သည် လူးလွန့် လှုပ်ရှားနေသည်။ စိတ်သည် အဝေးသို့ ပြေးသွားနေသည်။
စိတ်သည် မကြာမီကမှ ကျနော် ထွက်ခွာလာခဲ့ရာ ဆေးရုံ၊ လူနာကုတင်တခု အပေါ်မှ တူမလေးဆီ ပျံသန်းသွားနေသည်။ တူမကလေးရဲ့မျက်နှာ၊ သူ့နှုတ်ခမ်း ကိုက်ထားဟန်၊ သူ့ ငိုရှိုက်သံ၊ ကျနော်က နှုတ်ဆက်ခဲ့သံ။
“ဦးလေးပြန်တော့မယ်နော်”
ဤနှုတ်ဆက်ခြင်းမှာ နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်နေပြီကို ကျနော်သိပြီးပါလျက်၊ သူ့ ကိုမကြည့်နိုင်ဘဲ အသံတည်ငြိမ်အောင်ထိန်းပြီး နှုတ်ဆက်ခဲ့သည်။
“ဟုတ်ကဲ့”
သူက ငိုသံကြားမှ ရှိုက်နေသံကြားမှ၊ မြှော်လင့်ချက်မှန်သမျှ၊ ပျက်ပြုန်းသွားမှန်း သိနေလျက်မှ၊ နောက်ဆုံးပေါ့…. နောက်ဆုံးနှုတ်ဆက်ခဲ့သည်။
ထိုအသံကို ထပ်တလဲလဲကြားနေသဖြင့် ခုအခါ၌ ကျနော့်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းဟူသည်မှာ မရှိနိုင်။ ခေါင်းငိုက်စိုက်ကျနေခြင်းကို မုန်းတီးလှသော ကျနော်၊ စိတ်ထိခိုက်ရမှုမှန်သမျှကို အလွယ်တကူ မေ့ပျောက်ပစ်ကာ ထာဝစဉ် ရယ်မောနေတတ်သော ကျနော်၊ ခုအခါတွင် ထိုကျနော်မှာ တကိုယ်ကောင်းဆံစွာ တိတ်ဆိတ်ခြင်း၌ နစ်မျောမနေနိုင်။ ခုအခါတွင် စိတ်ထိခိုက်ရမှု ပင့်ကူအိမ်၌ ကျနော် ငြိတွယ်နေပြန်ပြီ။
“ဘာလို့ ငါဒါလောက် စိတ်ထိခိုက်နေရမလဲ၊ နှစ်ဝမ်းကွဲ တူမကလေး၊ ဆွေမျိုးနီးစပ်ပဲတော်တာ မေ့ပစ်လိုက်ပေါ့”
သတိရမှု ရေအလျဉ်မှာ သူ့ ဘာသာ စီးဆင်းနေခြင်း ပေတကား။ ကျနော့် ဘဝစာမျက်နှာများ ပေါ်တွင် ကျနော် မဟုတ်သော ရုပ်ပုံကားချပ်ပေါင်း များစွာသည်လည်း ထင်ဟပ်နေကြသည်။ ကျနော်၏ ထင်းခုတ်သမား ဘဝစာမျက်နှာတချို့ပေါ်တွင် ဤ မိန်းကလေး၏ ရှစ်နှစ်အရွယ်က ရုပ်ပုံသည်လည်း လာထင်ပေသည်။
ထို အသက်အရွယ်တွင် သူသည် အလုပ်သမကလေး တဦးဖြစ်နေခဲ့ပြီ။ သူ့ အဖေ၏ ကူဖော် လောင်ဖက်အဖြစ် တောတောင်လျှိုမြှောင်များသို့ လိုက်ပါနေရပြီ။
ထင်းခုတ် အပြန် လှည်းစခန်းများတွင် ကျနော့်ကို နွားကျောင်းကူရန် လိုက်နေရပြီ။ သူ့လည်ပင်း၌ ကျနော် လုပ်ပေးထားသည့် ဝါးခလောက်ကလေး တခု ဆွဲထားကာ သူ နွားမောင်းရန် ပြေးလွှားနေလျှင် ကသစ်အိုင် လျှိုကြီးထဲ၌ သူ့ လည်ပင်းမှ ဝါးခလောက်သံသည် ဆူညံနေလျက်။ ဤ တဒေါင်ဒင်ဒင်မြည်သံကို သူ အလွန်နှစ်သက်သည်။
ညအိပ်လျှင် ကျနော့် အိပ်ရာ ကောက်ရိုးအုံထဲ၌ ကျနော့် နံဘေးတွင်အိပ်ရင်း သူ့ခလောက်ကလေး ပျောက်သွားမည် စိုးသဖြင့် လက်နှင့် ကိုင်အိပ်သည်။
ထိုအခါက ၁၆၊၁၇ အရွယ်ကျနော်ကား စာရေးသူတဦး စာအုပ်ဖြစ်လိုသည့် စိတ်ကူးဖြင့် ရူးနေလေရာ တောထဲသို့လည်း ဖတ်စရာ ဗလာစာအုပ်၊ ခဲတံများ ယူသွားသည်။ နေ့ခင်း နွားကျောင်းရင်း သစ်ပင်ရိပ်မှာ ကဗျာစပ်သည်။ ကာရံရှာမရသဖြင့် ခဲတံ နားရွက်ကြားညှပ်ရင်း စိတ်သောကဖြင့် ငေးနေတတ်သည်။ ကသစ်အိုင်လျှိုတဖက်ထိပ်ရှိ စိမ်းညို့နေသော ရေအိုးမြှုပ် တောင်တန်းကြီးမှာ ကျနော် ငေးမြှော်ရာ၊ ဤတောမြိုင်ထဲ တောင်တန်းပေါ်မှ စေတီအိုမှာ ကျနော် ဘုရားတိုင်ကဗျာ အရေးခံပေတကား။ စေတီမှဆွဲလဲသံသည် တောပန်းရနံ့များနှင့်အတူ လွှင့်မျောလာနေသည်။ တောကြက်ဖ တွန်သံ၊ ဂျီဟောက်သံ၊ ကြေးငှက်များမြည်ကြွေးသံ၊ နွားခြူသံ၊ နေ့ခင်းများ၌ ချိုးကူသံမှာ ကျနော်၏ ခံစားမှုလွန်ကဲတတ်သော နှလုံးအိမ်ကိုလာ၍ လှိုင်းရိုက်နေသည်။
တောကညို့ညို့၊ တောင်ကုန်းမို့အလည်
မည်သူတည်ထား၊ မသိသားတည့်
ဘုရားပရမေ စေတီအို။
နေညိုလာလျှင်၊ ဝိညာဉ်အများ
စေစားလိပ်ပြာ၊ ဖူးမြှော်လာမည်
ငါထင်သည်။
နေညိုလေပြီ၊ တောဆီညို့ဆိုင်း
တောင်လည်းမှိုင်းပျ၊ မြိုင်ဝတခို
နှင်းလည်စိုလို့၊ ကြည်ညိုသဒ္ဒာ
လိပ်ပြာဝိညာဉ်၊
စေတီရင်အပါး ခစားလာမှ…..
ဖွင့်ဟတကိုယ်၊ ချိုးမ ငိုပေါ့
ငိုသံအဝေး၊ ပြေးနေပြီ။
လိပ်ပြာထွေပြား၊ ဝပ်တွားရင်ပြင်
ကြည်ညိုစဉ်လေ…..
ဝိညာဉ်ထဲမှာ၊ ချစ်သူပါလို့
ပါသည့်ချစ်သူ၊ စိမ်းကားသူမို့
သူငိုနေပြီ၊ ငါထင်သည်။
တောင်ခိုးငွေ့များ အလယ်၌ စေတီအိုမှာ မှိုင်းပျ သွားလေသည်။ မြဆွဲလဲသံများလည်း တိုးတိမ်သွားနေသည်။
တခါတရံ၌ ကျနော် ဝတ္ထုရေးရန် ကြိုးစားကြည့်သည်။ ဇာတ်လမ်းဇာတ်ကွက်ရှိနေ၏။ ချရေးသောအခါ “ ကိုစိန်အောင်” သည် မျှသာ ရေးနိုင်သည်။ ရှေ့သို့ တကြောင်းမှ ဆက်ရေး၍မရ။ ကြာသော် စိတ်အားငယ်လာသည်။ ကျနော်သည် ဗလာစာအုပ်နှင့်ခဲ့တံကို မြက်ကြားထဲလွှင့်ပစ်ပြီး မောမောနှင့် အိပ်ပစ်လိုက်သည်။ မိန်းကလေး၏ နွားငေါက်သံ၊ သူ့ခလောက်သံ၊ သူ့ပေါက်တတ်ကရ သီချင်းဆိုသံများသည် ကျနော့်ကို ချော့မြှူ သိပ်နေသလိုပင်။
လှည်းကောက်ချိန်တွင် သူသည် ကျနော့်ကို မရမက လာနှိုးသည်။ ရိုးရိုးနှိုးမရသောအခါ လက်ထဲမှ နွားရိုက် ဝါးတံဖြင့် အင်္ကျီချွတ်ထားသော ကျနော့် ကျောပြင်ကို တဖျန်းဖျန်းရိုက်သည်။ ထိုအခါတွင်မှ ကျနော့်ကို စိတ်ဆိုးနေသည့် သူ့ မျက်နှာကလေးကို တွေ့နေရသည်။
“ထလေ….ထလေ၊ ဟော….မျက်လုံးကြီး မှိတ်သွားပြန်ဘီ။ အိပ်လိုက်ထာ လွန်ကော၊ နေပူကြီးနေတာလဲ နိုးဘူး။ ကျနော်ကတော့ နွားတွေပျောက်လို့ လိုက်ရှာလိုက်ရတာ၊ ကျနော်ချည်း ကျောင်းနေရတာဘဲ၊ ကဲ… ထတော့လေ၊ အစောက တခါလာနှိုးသေးတယ်ဗျ။ အော်နှိုးလို့လဲရဘူး။ လှုပ်နှိုးလို့လဲရဘူး။ တက်နင်းတာလဲရဘူး။ ကျောကိုကန်တာလဲ တဘုန်းဘုန်းနဲ့ နိုးဘူး။ ဒီတခါတော့ ရိုက်နှိုးရတော့တာဘဲ။ ကဲ…. ခုလဲ မထသေးဘူးလား။ ရိုက်လိုက်အုံးမယ်။ ကဲ….မှတ်ကော မှတ်ကော”
ကျနော်လည်း ကျောပွတ်ရင်း ကမန်း ကတမ်း ထလိုက်ရသည်။ ကျနော့်ကို ခြေထောက်ဖြင့် ကန်နှိုးသည်ဟု သူပြောသည်ကို သဘောကျသွားပြီး ဟက်ဟက် ပက်ပက် ရယ်လိုက်မိသည်။ သူ့ ကို ကိုင်မြှောက်ပစ်ချလိုက်သည်။ သူလည်း စိတ်ဆိုးပြေကာ လဲနေရာမှ တသိမ့်သိမ့် ရယ်နေသည်။
“မိုက်ကန်းလိုက်တာ၊ လူကြီးကို ခြေထောက်နဲ့ ကန်နှိုးရသလား။ နင်ကြီးလာရင် ကုလားနဲ့ ညားမှာ။ ဘိုးလကြောဘိုင်ကြီးနဲ့ ညားမှာဟ”
သူရယ်နေရာမှာ စိတ်ဆိုးသွားပြန်ပြီ။ ထိုနေ့ အပြန်၌ ကျနော့် ကို မခေါ်တော့။ ကျနော့်လှည်းကို မစီးတော့။
အခါတိုင်းက ကျနော့်လှည်းပေါ်တွင် သူ စီးလိုက်နေကျဖြစ်သည်။ ကြမ်းတမ်းသော တောင်အဆင်းလမ်းများ၌ လှည်းသည် စောင်းပြီး ကြမ်းတမ်းစွာ ပြေးဆင်းသွားသည်။ လှည်းပေါ်မှ ထင်းတုံးများ တဖက်သို့ ရွှေ့သွားသည်။ လမ်းနှစ်ဖက်ဘေးရှိ ဆူးကိုင်း ဝါးကိုင်းများသည် မျက်နှာကို ကုတ်ခြစ်ရန်ပြေးလာနေသဖြင့် ရှောင်တိမ်းနေရသည်။ ထိုအခါ၌ သူသည်ကြောက်လည်းကြောက် ပျော်လည်းပျော်ကာ တသောသောရယ်ရင်း ကျနော့် ကျော နောက်ဖက်မှ တအား သိမ်းပွေ့ထားလေသည်။
“ထင်းလုပ်စားရတာလဲ လူက မျောက်ဖြစ်၊ ဓါးမက ဓါးမောက်ဖြစ်၊ လှည်းမီးသာတို နွားသာအိုကော၊ စားရတော့လဲ တလုပ်တဆုပ်ပဲ” ဟူ၍ ထိုအခါက ထင်းသမားများ၏ ညည်းညူသံမှာ ခုအခါ၌ ကျနော့်အတွက် အတိတ်အဝေးဆီဝယ် မှေးမှိန်ကျန်နေရစ်ခဲ့ပြီ။
မကြာမီ ကျနော်လည်း အခြားအလုပ်များ ပြောင်းလုပ်ရင်း ကျောင်းနေသည်။။ အစိုးရအမှုထမ်းဘဝသို့ ပြောင်းလဲသွားသည်။ ကျနော်တို့ ခုတ်ခဲ့ရာ ထင်းတောများ ပြုန်းကုန်ပြီဖြစ်သဖြင့် ကံထရိုက်သူဌေးများသာ ကြီးပွားကြောင်း ဖြစ်စေသည့် ထင်းလုပ်ငန်းသည်လည်း ထင်းတောသစ်များရှိရာ ဝေးလံရာ မြစ်တဖက်ကမ်းသို့ ပြောင်းရွေ့သွားသည်။ မိန်းကလေးသည်လည်း သူ့ မိဘများပြောင်းရာ ရေကြည်ရာ မြက်နုရာသို့ လိုက်သွားပါတော့သည်။
ကျနော့် ဘဝစာမျက်နှာများပေါ်မှ ဤတူမကလေး၏ရုပ်ပုံသည်လည်း ပျောက်ကွယ်နေခဲ့ရသည်။
နှစ်အတန်ငယ် ကြာညောင်းလာသောအခါ ကျနော်စောင့်စားနေခဲ့သော လမ်းစလည်း ပေါ်လာပြီဖြစ်သဖြင့် ကျနော်ငြီးငွေ့သော အစိုးရ အမှုထမ်းအလုပ်ကို စွန့်လွှတ်ကာ အိမ်ပြန်လာခဲ့သည်။ ကျနော့်တွင် စာပေသမုဒ္ဒရာကို ကူးခတ်ရန်ရည်ရွယ်ချက်ကြီး ပါလာသည်။ ကျနော်ကား ကျနော့်အတွက်မရေရာသော၊ အလင်းရောင် ဖျော့မှိန်လှသော လမ်းပေါ်၌ တက်ကြွစွာ လျှောက်လှမ်းလာလေသည်။
ထွက်သွားစဉ်ကကဲ့သို့ အိပ်ရာလိပ်တခု ကြောပိုးပြီး အိမ်သို့ ကျနော် ပြန်လာသောညနေမှာ ကျနော်ချစ်သော နှင်းမှုန်များသည်လည်း ကျနော့်ကို ဆီးကြိုနေသလို ရွာအပြင်ဖက်မှာ ပိတ်ဆိုင်းနေသည်။ လမ်းနှစ်ဖက် လယ်ကွင်းပြင်ကြီးမှာ ရွှေဝါရောင် စပါးပင်များ မှည့်ဝင်းနေလျက်၊ ညနေ ဆည်းဆာ၏ မှိန်ဖျော့ဖျော့ ကြက်သွေးနုသည်လည်း မပီမသ လွှမ်းနေသည်။ ကျနော့် ဇာတိရွာသို့ ပြန်အဝင်၌ ကျနော်သည် ငိုမိမတတ် ကြည်နူးနေသည်။
သည်အခါတွင်ပင် လမ်းမကြီးပေါ် ကျနော့် ကျောဖက်မှ ပြေးလိုက်လာသော သူ့ခြေသံ ကြားရသည်။
“ဦးလေး….မို့လား….ဦးလေး…..ဦးလေး….နေအုံး ဦးလေးနေအုံး” ဖြင့် အော်ဟစ်ရင်း သူ အပြေး လိုက်လာသည်။
ကျနော်လှည့်ရပ်ပြီး သမင်လည်ပြန်လှည့်ကြည့်နေသည်။
ဖက်တောမှ အပြန် အပျိုမ ကလေး၏ လက်ထဲ၌ ဓါးမတိုတချောင်း ကိုင်ထားသည်။ သူ့လည်ပင်း၌ ပုဆိုးစုတ် တထည်ပတ်ထားသည်။ နေလောင်ထားသည့် သူ့နဖူးပြင်တွင် ချွေးဥကလေးများ စီနေသည်။ သူ ကျနော့်အနား၌ ယှဉ်ရပ်လိုက်သည်။ ပထမ၌ ကျနော်မမှတ်မိ၊ နောက်မှ သူ့ အပြုံးကို သတိရလာသည်။ ငယ်စဉ်ကသူ့ပုံမှာ အပျိုမကလေး မျက်နှာပေါ်တွင် ထပ်လျက်ပေါ်လာနေသည်။
“ဘိုးလကြောဘိုင်ကြီးလားဟေ့” ဟူ၍ ကျနော်လည်း ပျော်ရွှင်စွာအော်ဟစ် နှုတ်ဆက်လေသည်။
မောလာသဖြင့် သူ့ အသက်ရှူသံမှာ ကြမ်းတမ်းနေသည်။
ကျနော့်ကို ရဲရဲမကြည့်ရဲ။ အပျိုစိတ်ကလေးကြောင့် သူရှိန်းနေပြန်သည်။ မျက်လုံများ နှုတ်ခမ်းများ၌မူ လှပသော အပြုံးရိပ်မှာ တက်ကြွနေသည်။ မို့နေသော ပါးပြင် ညိုညိုများ ပေါ်မှာ ရှက်သွေးရောင်များ ကြွလာနေသည်။ သူရပ်လိုက်ပုံမှာ သဲပြင်ထက်၌ ကျောက်တိုင် စိုက်လိုက် သလိုပင်။ သူ့ ခန္ဒာ ကိုယ်မှာယောကျာ်းကလေးလို ကြံ့ခိုင်နေသည်။
“ဦးလေးကို ဟိုကလှမ်းကြည့်လာတာ၊ ဦးလေးနဲ့တူပါတယ်ဆို ကျနော် ပြေးလိုက် လာတာ၊ ဦးလေး အလုပ် ထွက်လိုပ်ပီဆို၊ စာစီဆရာဆိုလားလုပ်မလို့ဆို၊ ခုအပီး ပြန်လာတာလား၊ အဲဒါဆို ဦးလေးတော့ ဘုံပျောက်နေပီဗျ၊ ဦးလေး အခန်းမှာ ကျနော် နေတာဗျ၊ အဲဒါ ဖယ်မပေးနိုင်ဘူး”
ကျနော့်ပခုံးပေါ်မှ အိပ်ရာလိပ်ကို ဆတ်ကနဲဆွဲယူပြီး ရွက်သည်။ ကျနော်နှင့် ဘေးချင်းယှဉ်လျက် လိုက်လာရင်းငယ်စဉ်ကလို စကားတတွတ်တွတ် ပြောလာသည်။ တချက်တချက်၌မူ သူရှက်နေဆဲ။
“ကျနော့်ကို ဦးလေး အမှတ်မရပါဘူး၊ မညာပါနဲ့၊ ကဲ….အမှတ်ရရင် ကျနော့်ပုံနာ ဘာပါခဲ့သလဲ” ဟူ၍ သူမေးနေသည်။
ကျနော်သည်လည်း ပြုံးနေရ၏။
သူတို့သည် အရှေ့ဖက်ကမ်းသို့ ထင်းခုတ်သွားနေရင်း ဟိုမှာ ထင်းခုတ်အလုပ် မဟန်သောအခါ ရရာ အလုပ် လုပ်ရသည်။ နောက် စိတ်ပျက်ပြီး လွန်ခဲ့သည့်နှစ်က ရွာသို့ ပြန်ပြောင်းလာသည်။
ရွာတွင်လည်း လယ်ယာမဲ့ မိသားစုမှာ ကြုံရာကျရာ အလုပ်များကို လုပ်မြဲပင်။ ကောက်စိုက်၊ စပါးရိပ်၊ မျှစ်ချိုး၊ အိမ်မိုးအင်ဖက်ကောက်၊ သက်ငယ်ရိပ်၊ ဈေးထုပ် အင်ဖက်ထုံးများခူး စသည်ဖြင့် ထမင်းအနိုင်စားရသည့် အလုပ်များကို တရက်မနားလုပ်နေရမြဲပင်။
သူတို့မိသားစုသည် နံနက် အရုဏ် တက်လောက်ကတည်းက အိမ်မှထွက်ခွာသွားကာ မိုးစုပ်စုပ်ချုပ်မှ အိမ်သို့ ပြန်ရောက်လာလိမ့်မည်။
ဈေးထုပ်အင်ဖက်များကို တနေကုန် တချက်မနား ခူးလျှင်လေးငါးရှစ်ထုံး ရနိုင်။ အင်ဖက်တထုံးကို သုံးမတ်မျှ ရလိမ့်မည်။ သုံးမတ်သည် သူတို့ရသည့် အမြင့်ဆုံးဈေး ဖြစ်၏။
အင်ဖက် ကုန်သည်မှာမူ တထုံးကို နှစ်ကျပ် ကျော်ကျော်ရသည်။ အင်ဖက်တထုံးသုံးမတ် အင်ဖက်ခူးသမားများ ရသည် ဆိုရာ၌လည်း အင်ဖက်ခူးသမားများမှာ ကုန်သည်ထံမှ ဈေးကုန်များနှင့် လဲလှယ်ယူနေရသဖြင့် စင်စစ် ပြားငါးဆယ် မျှပင်တွက်ခြေမကိုက်။ အင်ဖက် ကုန်သည်ကား တိုက်ဆောက်လိုက်ပြန်ပြီ။ သူတို့မှာမူ ဤအလုပ်မလုပ်လျှင်လည်းငတ်။ လုပ်နေရင်းမှာလည်း ငတ်နေဆဲ၊ ပြတ်နေဆဲ၊ ကြွေးနွံအိုင်၌ နစ်နေဆဲ။ ဤအကြောင်းများကို ကျနော် အမှတ်မထင် တွေးနေမိသည်။
ဤအလုပ်သမာကလေး၏ မျက်နှာပေါ်မှာ နားဋောင်းတဖက်ပင်မရှိ။ သူထမီဝတ်ထားပုံမှာ ခြေသလုံး တပတ်ရစ်။ သူသည် သဲပြင်တွင်၌ ခြေဖဝါးမြုပ်အောင် ဆောင့်နင်း သွားနေသည်။ သူ့အမူအရာမှာ ကြမ်းတမ်းသည်။ ဇိုးဇိုး ဇတ်ဇတ် နိုင်သည်။ ဖျတ်ဖျတ်လတ်လတ် ရှိသည်။ ဤ ဟန်ပန်များကို သူဖြတ်သန်းရသည့်ဘဝက သူ့ကို သင်ကြားလေ့ကျင့်ပေးသည်။
သူသည် သူ့မိဖများအိမ်တွင် ညအိပ်ရန် နေရာကျဉ်းကျပ်လှသဖြင့် ကျနော်တို့အိမ်မှာ အိပ်သည်။ ကျနော်ငယ်စဉ်က အခန်းကို သူအပိုင်ယူထားသည်။ ကျနော်တို့ မိသားစုထဲ၌ ဤအပျိုမ ကလေးမှာ နောက်ပြောင်စရာ ခလေးကလေး ဖြစ်နေသည်။
ညပိုင်း၌ သူသည် လမ်းတဖက်မှ သီချင်းကလေး တအေးအေးဆိုရင်း တခါတရံလေချွန်ရင်း အမှောင်ထဲတွင်စမ်းနင်းပြီး ကျနော်တို့အိမ် ကူးလာသည်။
အိမ်ပေါ်သို့ ရောက်လျှင် သူ့အခန်းထဲတောက်လျှောက်ဝင်သွား အိပ်ရာ မခင်းနိုင်။ ပစ်လှဲ အိပ်လိုက်သည်။ ချက်ချင်းလိုပင် သူသည် မောမော ပန်းပန်း အိပ်ပျော်သွားပြီး သူ့ဟောက်သံပေါ်လာသည်။
တိတ်ဆိတ် ငြိမ်သက်သော ညများ၌ ကျနော်သည် သူ့ ဟောက်သံ စည်းချက်ဝါးချက်ကြားမှ ကျနော်၏ “ ညအသင်္ချေမှာ” “နွေတည”နှင့် အခြားဝတ္ထုကလေးများကို ရေးခဲ့သည်။ ကြာသော် သူ့ဟောက်သံမှာ ကျနော့် အတွက် အနှောင့်အရှက်မဖြစ်တော့သည့်အပြင် သူ့ဟောက်သံ မကြားရလျှင်ပင် စာရေးရာ၌ တစုံတရာလိုအပ်နေသလို ထင်မိသည်။
“ဒီနေ့ည မှန်မှန်ဟောက်ကွယ်၊ ဦးလေးဝတ္ထု ဇာတ်သိမ်းတော့မယ်” ဟု ကျနော် ပြောမိသည်။ ထိုအခါ၌ သူသည် ငယ်စဉ်ကလို နှုတ်ခမ်းစူ စိတ်ကောက်သွားပြန်သည်။ တဖက်လှည့်ပြီး ပြုံးနေသည်။
မကြာမကြာပင် သူသည် အမေနှင့် ရန်ဖြစ်တတ်သည်။ “ ငါ့အိမ် မလာခဲ့နဲ့” ဟု အမေသည် သူ့ဝသီအတိုင်း ပြောပစ်သည်။
သူသည် စိတ်ဆိုးကာ အိမ်ပေါ်မှ ခြေဆောင့်နင်းကာ ဆင်းသွားသည်။ တအိမ်လုံး သူဆောင့်နင်းသွားသဖြင့် သိမ့်သိမ့်ခါ နေခဲ့သည်။
လှေကား လက်ရမ်းတို့လည်း ပြုတ်ထွက်ခမန်း ဆွဲဆောင့်သွားသည်။
လှေကားရင်းတွင် အိပ်ပျော်နေသည့် ခွေးအိုကြီးကိုလည်း တအိုင်အိုင် အော်နေရစ်ခဲ့အောင် ဆောင့်နင်းသွားသည်။
မြေအိုး ခွေးစားခွက်မှာလည်း သူ ဆောင့်ကန်သွားသဖြင့် ကွဲကျန်ရစ်ခဲ့သည်။
ထိုနေ့၌ ကျနော်တို့အိမ်မှာ တိတ်ဆိတ်နေရစ်ခဲ့သည်။
နေညိုလာလျင် အမေသည် သူ့ကို မြှော်နေပြန်သည်။ “ ကောင်မလေး အဟုတ် စိတ်ဆိုးသွားမှာပဲ၊ ငါ့ပါးစပ်က လွန်ပါတယ်” ဟု အမေသည် ဝမ်းနည်းစွာ မြည်တမ်းနေပြန်သည်။
ညဥ့်နက်လာပြီ၊ သူမလာတော့ဟု ကျနော်တို့ တွေးနေချိန်တွင်မှ သူသည် မီးတုတ်ကိုင်မြှောက်ပြီး လမ်းတဖက်မှ ကူးလာနေသည်။ ဒေါသကား မပြေသေး။
အိမ်အဝင်ဝ၌ မီးတုတ်ကို ကိုင်ပေါက်ပစ်ခဲ့သည်။
ကျနော်တို့ကို မကြည့်ဘဲ ကြမ်းဆောင့်နင်းကာ သူ့အခန်းထဲ ပြေးဝင်သွားသည်။ ခန်းဆီးကို ဆွဲ၍ရမ်းလိုက်ပြီး သူ့အိပ်ယာထဲသို့ ကြမ်းတမ်းစွာ ပစ်လှဲလိုက်သည်။
ကျနော်တို့သည် ငြိမ်သက်စွာ ကြည်နူးစွာ ပြုံးနေကြသည်။ ထိုအခိုက်၌ပင် အိပ်ယာပေါ်မှ သူ့လှမ်းကြိမ်းသံ ပေါ်လာနေသည်။ “ တော့ အိမ်က ကျုပ်ဘယ်တော့မှ မဆင်းဘူး ဒေါ်ဖွားဆိုင်၊ ကျုပ် ယောင်္ကျားရမှ ဆင်းမယ် ” ဟု သူ၏ ကြိမ်းဝါးသံထဲ၌ စိတ်ထိခိုက် ဝမ်းနည်းလွန်းသဖြင့် တုန်ယင်နေသည်။
ချက်ချင်းလိုပင် သူသည် ဝမ်းနည်းခြင်း၊ နာကျည်းခြင်း၊ ဒေါသဖြစ်ခြင်းများ ပျောက်ကွယ်သွားကာ ဟောက်သံ မှန်မှန်ဖြင့် အိပ်မောကျသွားသည်။
ဤ အလုပ်သမားကလေးအတွက် ပျော်ပွဲရွှင်ပွဲ သွားလာရသည်မှာ နည်းပါးလှသည်။ နွေရာသီ၌ တလလျင် တခါလောက်ပြတတ်သည့် အမိုးမဲ့ ရုပ်ရှင်ပြကွင်းတွင် ရုပ်ရှင်ကားဟောင်းများ လာပြမည့် ရက်ကိုသာ မျှော်နေတတ်သည်။
ရုပ်ရှင်ပြလျင် သူသည် ကျနော့်ကို မရမက ခေါ်တတ်သည်။ ကျနော်ကား ဘယ်အခါတွင်မှ လိုက်မပြဖြစ်။ သူ့ကို ရုပ်ရှင်လိုက်ပြရန် မသင့်လျော်ဟု ကျနော် တွေးမိသည်။
“ ဘယ်တုန်းကမှ လိုက်မပြဘူး၊ ဒီတခါတော့ ပြရမယ်၊ မရဘူး ဒီတခါတော့ ပြရမယ်”
ကျနော် ခေါင်းခါနေမြဲ ခါသောအခါ သူသည် တဖြေးဖြေး ငြိမ်သက်သွားနေသည်။ သူ့မျက်လုံးအိမ်ပေါ်၌ ဝမ်းနည်းရိပ်ကလေးများ သန်းလာနေသည်။ ထို တငွေ့ငွေ့ကျွမ်းလာနေသည့် ဝမ်းနည်းရိပ်ကလေးများမှာ သူ ကျနော့်အပေါ် တွယ်တာနေသည့် သံယောကြိုးများကို တိုင်းထွာနေသလိုပင်။ ကျနော့် နှလုံးသား၌လည်း တိတ်တဆိတ် သက်ပြင်းရှိုက်နေပြန်သည်။
သူသည် အခြား အဖေါ်ညှိကာ ရုပ်ရှင်ပွဲသွားသည်။ နောက်နေ့ညတွင် ဘယ်သူ နားထောင်ထောင် မထောင်ထောင် သူနားလည်သလို ရုပ်ရှင်ဇာတ်လမ်းကို တဖွဲ့တနွဲ့ပြောနေသည်။
“ ဦးလေးရယ် ကျနော်တို့နောက်မှာလေ ကာလသားတွေ တရုန်းရုန်းနဲ့ ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ကျနော်တို့လည်း ရှေ့တိုးတာပေါ့၊ အဲဒါလည်း နောက်က လိုက်တိုးတာပဲ၊ ပျော်လည်း အပျော်သား” ဟု သူပြောချလိုက်သောအခါ အမသည် သူ့နဖူးကို ဒေါင်ကနဲခေါက်လိုက်၏။
အမေသည် “ နွားမလေး” ဟု ပြုံးရင်း ငေါက်လိုက်၏။
အကိုနှင့် ကျနော်လည်း ဟက်ဟက်ပက်ပက် ရယ်မောနေမိကြပြန်သည်။
ကျနော်ကား နေရသည်ကို ညည်းငွေ့လာလျှင် ခရီးထွက်သွားသည်။ ရောက်ရာဒေသ၌ တနှစ်ကုန်ကုန် တနှစ်ဆန်းဆန်း ပျော်သလောက် နေပစ်လိုက်ပြီးမှ အိမ်ကို ပြန်လာသည်။
ဤသို့ဖြင့် တတိယအကြိမ် ထွက်ခွာသွားပြန်သည်။ သည်တကြိမ်မှာ မိန်းခလေးနှင့် ခွဲခွါရမည့် နောက်ဆုံးအကြိမ်ပေတကား။
***************************************
သည်တကြိမ် ကျနော်ပြန်လာသောအခါ သူသည် ခြံဝမှ ထွက်မကြိုနိုင်။တိတ်ဆိတ်နေသော အိမ်ပေါ်သို့ ကျနော် လှမ်းတက်လိုက်သည်။ သူသည် သူထိုင်နေကျနေရာ တိုင်ကိုမှီထိုင်နေရင်း ကျနော့်ကို ပြုံးပြီး ကြိုနေသည်။
“ ဦးလေး လာမှ လာသေးတယ်နော်”
သူ့ အသံမှာ ဝမ်းနည်းရိပ်ကလေးများ ကြေကွဲဖွယ်ရာ ရစ်သန်းနေသည်။ သူ့မျက်လုံးများထဲ၌မူ ကြည်နူးရွှင်ပြရောင်များ တောက်ပလာနေသည်။ ရှက်ကိုး ရှက်ကန်းဟန်ဖြင့်လည်း သူ့မျက်နှာကလေးမှာ ထူပိန်းလာသည်။ ဤတိတ်ဆိတ်နေသော အိမ်ကြီးပေါ်တွင် သူတယောက်ထဲ တွေ့မြင်ရသည်။
ကျနော်လည်း ပင်ပမ်းနွမ်းနယ်စွာ ပစ်ထိုင်ချလိုက်သည်။ “ လဖက်ရည်အိုးတယ်ကွာ” ဟု လှမ်းပြောလိုက်သည်။
“ ကျနော် မထနိုင်ဘူး ဦးလေးရဲ့၊ ဒူးကြီးယောင်နေလို့”
သူ့ဒူးပေါ်မှ ထမိန်ကို ဖယ်ရှားပြသည်။ သူ့မျက်နှာကလေးမှာမူ ကျနော်ရောက်လာသဖြင့် ဝမ်းသာကြည်နူးစွာ ပြုံးနေဆဲပင်။ သူ့ညာဖက်ဒူးမှာ ဒူးနှစ်လုံး ဆင့်ထားသလို ရောင်ကိုင်းနေသည်။ ခြေထောက်မှာ ကွေးနေပြီ။ ပေါင်လည်း သိမ်နေပြီ။ ကျနော်လည်း မလှုပ်မရှက် ငိုင်ကြည့်နေမိ၏။ ရင်ထဲ၌ စိုးရိမ်သောကများ ဖိစီးလာပေပြီ။
“ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လောက်ကြာပလဲ၊ ဆေးရုံမသွားဘူးလား” စသည့် မေးခွန်းများကို ဒလစပ်မေးနေမိသည်။
လေးလကြာပြီ။ ဖက်ခူးရင်း သစ်ငုတ်တခုနှင့် တိုက်မိရာမှ စဖြစ်သည်။ ဆေးရုံမသွား ဒေါက်တာရမ်းကု တဦးနှင့် ကုနေသည်။
“ မဖြစ်လောက်ပါဘူးကွယ်၊ ဆေးရုံသွားရင် ငါးရက်လောက်နဲ့ပျောက်ပါတယ် ” ဟု ကျနော်သည် အသံကို ဖော့ပြီးပြောသည်။
ထိုနေ့တွင်ပင် သူ့ကို ဆေးရုံတင်ပို့ပေးရန် သူ့အဖေကို ပြောသည်။
သူ့အဖေက ဒေါက်တာရမ်းကုနှင့်ပင် ပျောက်မည်ဟု ယုံကြည်နေသည်။ စပါးရိတ်ကလည်း အရေးကြီးနေသည်။ ဆေးရုံဆိုတာကိုလည်းကြောက်၊ ဆရာဝန်ဆိုတာကိုလည်း ကြောက်နေသည်။ ဆေးရုံတင်ပို့နိုင်ရန် ငွေလည်းမရှိ။ ရောဂါကိုလည်း ကြီးကျယ်သည်ဟု မထင်။
ကျနော် တိုက်တွန်းနေသည့် နေ့ရက်များ၌ပင် မိန်းခလေး ခံစားနေရသည်မှာ သနားစဖွယ်ဖြစ်လာသည်။ ဒေါက်တာရမ်းကု ဆေးထိုးနေသည့်ကြားမှ ပို၍ ယောင်ကိုင်းလာနေသည်။ ည အအေးပိုင်း ရောက်လာလျင်သူမသည် ကိုက်ခဲသဖြင့် တအင်အင် ညည်းနေရသည်။
“ ဆေးရုံ မသွားချင်ဘူး ဦလေးရယ်၊ ဆေးရုံဆိုတာပိုက်ဆံရှိမှ နို့မို့ရင် ဖြတ်ပစ်တာပဲတဲ့၊ ကျနော် ကြောက်ပါတယ်” ဟူ၍ဟူ၍ ကျနော့်ကို ပြောပြနေသည်။ သူ ပြောသလိုမဟုတ်ကြောင်း ကျနော်ပြောသည်ကို သူ မယုံနိုင်။
သူ့ရောဂါကား ကျွမ်းနေပါပြီ။ အဘယ် ငွေကြေးပြည့်ဝသူ တဦးသည် သူ့သမီး၌ ဤသို့ဖြစ်နေလျှင် ဤမျှ ကြာရှည်စွာ ဒေါက်တာရမ်းကုတဦးဖြင့် ကုသနေပါသနည်း။ အဘယ်ချယ်လှယ်အုပ်စိုးသူ တဦးသည် သူ့သမီး၌ ဤသို့ဖြစ်နေလျှင် ဤမျှကြာရှည်စွာ ရောဂါကို မွေးမြူထားပါသနည်း။ ကျနော့် အမေးကို မြေစမ်းပါ။
ယခုကား ငွေကြေးမဲ့မှုကြောင့် ပညာမဲ့ အသိမဲ့နေရသော ဤပတ်ဝန်းကျင် အမှောင်အပိန်းကြီးအောက်မှာ သူ နစ်မွန်းနေရပေပြီ။
ဤ ညများကား လမိုက်ညများဖြစ်၏။ အဖြစ်အပျက်မှာလည်း မျှော်လင့်ချက် မဲ့နေသည်။ သူ့ မိဘများသည်လည်း ကျနော့်လို တသက်လုံး အတူနေတဦးကို အထင်မကြီး။ ကျနော် တိုက်တွန်းသည်ကို ဂရုမစိုက်။ နောက်ဆုံး၌ ကျနော်သည် ဒေါက်တာရမ်းကုကို မသိမသာ ခြိမ်းချောက်ရ၏။ ထိုအခါတွင်မှ ဒေါက်တာရမ်းကုသည်လည်း လက်လွှတ်တော့သည်။ ရက်ပေါင်းများစွာကြာပြီးမှ သူ့ကို ဆေးရုံ ပို့ဖြစ်တော့သည်။ ဆေးရုံပို့သည့်နေ့က ကျနော် အရှေ့မြစ်ရိုးဖက်ဆီသို့ ခရီးထွက်နေသည်။
သူ့ကို လှည်းပေါ်ပွေ့တင်နေစဉ် “ ဦးလေးကိုပြောပါ၊ ဦးလေး လိုက်ခဲ့ပါလို့ ကျနော် မှာသွားတယ်လို့ ပြောပါ ” နှင့် သူ တတွတ်တွတ် မှာသွားခဲ့သည်။
ဤ အပျိုမလေးမှာ လဲလှယ်ရန်အဝတ်လည်း ပေါပေါများများ မရှိ။ အမသည် သူ့နားဋောင်းကို ချွတ်ပေးလိုက်၏။ အမေက ခေါင်းအုံးတလုံး စေါင်အနွမ်းတထည်၊ ခြင်ထောင်အိုလေးတလုံးနှင့် ကျပ်တန်ကလေး လေးရွက် ပေးလိုက်သည်။ လှည်းပေါ်၌ သူ တရှိုက်ရှိုက် ငိုသွားသည်။
****************************
သူ မရှိသည့် ရက်များ၌ ကျနော်တို့အိမ်မှာလည်း သူ့တေးသံမဲ့ကာ တိတ်ဆိတ်ကာ ဟာလာဟင်းလင်း ပွင့်ကျန်ရစ်ခဲ့သည်။
သူ့ဒူးကို ခွဲစိတ် ကုကြည့်သည် မရ။ ဓါတ်မှန်ရိုက်သည်။ ရိုးတွင်း ချဉ်ဆီလိုက်နေပြီ။ ဖြတ် ကု ရတော့မည်။ သူ့အမေသည် ငိုယိုပြီး လာပြောပြ၏။
“ ဦးလေး လာပါအုံးလို့ တတွတ်တွတ် မှာတာဘဲ၊ နင် သွားပါအုံး ” ဟု သူ့အဖေက ပြောနေပေပြီ။
သူ့အဖေ၊ သူ့အဘိုး၊ သူ့အဖွား၊ ကျနော့် အမေတို့နှင့် အတူ ကျနော်လည်း ဆေးရုံ လိုက်သွားရသည်။ စုံစမ်းသောအခါ သူ့ ဝေဒနာကား ကျွမ်းနေပြီဖြစ်၍ ပေါင်က ဖြတ်ရမည်။ မဖြတ်လျှင် အသက်ဆုံးရှုံးခံရမည်ဟု သိလာရသည်။
ထို့နောက် သူတို့ ဆေးရုံမှ ဆင်းလာသည်။ ဘုန်းကြီးကျောင်းတခုသို့ ပြောင်းကုသည်။ ခွဲစိတ်ထားသဖြင့် အနာမှ သွေးပုတ်များဆင်းကာ သူ၏ နောက်ဆုံးနေ့ တံခါးဝမှာ အနီးသို့ ကပ်လာနေသည်။
“ ဦးလေး သိတ်စိမ်းကားတယ်၊ ကျနော့်ကို မချစ်လို့ မလာတာလို့ ပြောလိုက်ပါ၊ ဦးလေး လာပါအုံးလို့ ပြောပေးပါ ”
ကျောင်းမှ တတွတ်တွတ် လှမ်းမှာနေသံကို တဆင့် ကြားနေရသည်။ ဤ အခါတွင်ကား ကျနော် သွားမတွေ့နိုင်။ ရင်မဆိုင်နိုင်။
“ ကျနော့် ခြေထောက် ဖြတ်ရမယ်ဆိုတာ ဦးလေး ငိုသေးသလား ” ဟု နောက်ပိုင်းရက်များ၌ သူ့အဖေကို မေးသွားသည်။
ဤ မိန်းခလေးကား သူ့အတွက် ကျနော် ငိုစေ့ချင်သည်။ သူ့ကို ကျနော် သံယောဇဉ် ကြီးမားလှကြောင်း သိပြီး ကြည်နူးသွားချင်သည်။
သူ့ဆန္ဒကို မသိရှာသည့် သူ့အမေက ခေါင်းရမ်းပြနေသောအခါ သူသည် ငြိမ်သက်ငေးမောကာ စိတ်ထိခိုက်သွားခဲ့သည်။
နောက်ဆုံး သူ ကွယ်လွန်သွားသည်ကို သူ့အပေါင်းအဖေါ် စပါးရိပ်သမများ သိကြသောအခါ လယ်ကွင်းပြင်ကြီးထဲ၌ ဆူညံသွားအောင် အော်ဟစ် ငိုယိုကြသည်။ မငိုသူ မရှိ၊ သူ့အပေါင်းအဖေါ်များသည် သူ့ အကြောင်း လပေါင်းများစွာ ပြောကျန်နေရစ်ခဲ့သည်။ ကျနော်ကိုယ်တိုင်လည်း သူ့ကို နောက်ဆုံးတွေ့ခဲ့သည့် ဆေးရုံပေါ်မှ တညနေကို ဘယ်အခါတွင်မှ မေ့မည် မဟုတ်နိုင်။
သူသည် ဆေးရုံခုတင် ကွပ်ပစ်ပေါ်တွင် တဖက်လှည့်ပြီး တရှုပ်ရှုပ် ငိုနေလျှက်။
“ ပေါင်ရင်းက ဖြတ်ရမယ်တဲ့၊ သေချင်သေ အဖေကြီးသဘောတော့ ဆေးရုံက ဆင်းမယ် ” ဟူ၍ ဟူ၍ သူ့ ဘိုးအေကြီးသည် မျက်ရည်များကြားမှ အသံ အက်ကွဲကြီးဖြင့် ပြောနေလျှက်။
သူ့ အဖေသည် ကုတင်ခြေရင်းဘက်တွင် တင်မလွှဲထိုင်ပြီး မငိုမိစေရန် အံကြိတ်နေလျှက်။
သူ့ ဘိုးအေကြီးကိုလည်း ကျနော် အပစ်မတင်နိုင်။ ဤ အဖိုးအိုကြီးမှာ စာပင် ဟုတ်တ္တိပတ္တိ မသင်ဘူးခဲ့ရရှုာသူ။ ဆေးရုံမှ ဘာမှမပြောဘဲ ဆင်းလာခဲ့လျှင် မိန်းကလေးမှာ သူ့အတွက် မျှော်လင့်ချက် ရှိသေးသည်။ ယခုမူ ဆရာဝန် ပြောသည့်အတိုင်း တလုံးမကျန် ပြောပြလိုက်ပြီးပြီ။ သူ့အတွက် မျှော်လင့်ချက် မရှိတော့သည်ကို သူသိသွားပါပြီ။ သူ၏ နောက်ဆုံးရက်ကို သူ မြင်တွေ့နေရပေပြီ။
သူသည် တဖြေးဖြေး ပြန်လှည့်လိုက်ပြီး ကုတင်ရှေ့၌ ရပ်နေသူ ကျနော့် မျက်နှာကို အားကိုးကြီးစွာ မော့ကြည့်နေသည်။ သူ့ မျက်နှာကလေးမှာ သွေးအားနည်းကာ ဖြူဖျော့နေပြီ။ မျက်လုံးများ ရီဝေနေပြီ။ ဤ မျက်လုံးများပေါ်မှာ နောက်ဆုံးမျှော်လင့်ချက်ကလေးတခု လျှို့ဝှက်စွာ တဖိတ်ဖိတ် လက်နေသေးသည်ကို ကျနော်တွေ့မြင်နေသည်။ သူ ဘာမှ မဆုံးဖြတ်ရသေးပါ။ ကျနော့်ကို မေးနေသည် ကျနော်သိနေသည်။ နောက်ဆုံးတွင် ဤ ရောင်ခြည်မျှင်ကလေးသည်လည်း အားအင် ကုန်ခမ်းလာကာ တစတစ မှိန်ဖျော့လာနေသည်။
ရင်ထဲမှာ နာကျင်လာသည်။ မငိုတတ်သော ကျနော့် မျက်လုံးများပေါ်မှာ မျက်ရည်များ ပြည့်လာနေသည်။ သူ့ နှုပ်ခမ်းများမှ ကျနော့်ကို အတိုင်းအတာမဲ့ တွယ်တာမှု၊ အတိုင်းအတာမဲ့ အားကိုးမှုများ ဖွင့်ပြောနေသလိုပင်။
ကျနော် ခေါင်းငုံ့လိုက်ပါသည်။ မျက်ရည်ပေါက်များသည်လည်း သံမံတလင်းပေါ်သို့ ကြွေကျသွားသည်။ အို…ကျနော် ငိုနေပြီ။
အတန်ကြာ ငြိမ်သက်နေသည်။
“ သမီးသဘောလေ ” ဟု သူ့ဘိုးအေသည် ငိုသံဖြင့် ပြောနေသည်။
ထပ်၍ ငြိမ်သက်နေသည်။
အချိန်များစွာ ကြာပြီးမှ “ သေသေ ဆင်းမယ် ” ဟု မိန်းကလေးက ယတိပြတ် ပြောချလိုက်သည်။
သူသည် သူ့မောင်ကလေးများ ညီမကလေးများကို သူ့အဖေနှင့်အတူ လုပ်ကိုင်ကျွေးနေရသူ၊ အလုပ်သမကလေး။ အလုပ်လုပ်နိုင်မှ ထမင်းစားရသူ။ သူ့ တသက်တာလုံး အတွက် သူတွေးရမည်။ အလုပ်လုပ်နေရင်းမှာပင် သူတို့မှာ ကြွေး နွံအိုင်ကြီးထဲ၌ လည်ပင်း နစ်မြုပ်နေရသည်။
“ ဒေါ်….. …. ကို ဖက်ထုံး တရာ ပေးရအုံးမယ်၊ ပေးပြီးပလားအဖေ၊ ပေးလိုက်ပါနော်၊ တော်ကြာ သံသရာကြွေး…တင် တင် တင်…” ပြောနေရင်း သူ့အသံ နစ်မြုပ်သွားသည်။ တဖက်လှည့်ပြီး သူကြိတ်၍ ငိုနေရပြန်သည်။
ဤ စကားများကား “ မသိန်းရှင် ဆီ ရောက်အောင် ကျမထန်းညက် တောင်း ပို့…ပို့…ပေး…ကြပါ ” ဟူ၍ ရေးခဲ့သူ ရှေ့မှောက်၌ ပြောနေသော စကားများပေတကား။
သူ့တသက်လုံး ဒေါ်… … ကို လုပ်ကျွေးခဲ့ပြီးပြီ။ တိုက်ဆောက်ရအောင် လုပ်ပေးခဲ့ပြီးပြီ။ သူ သေမည် ရှိသောအခါ နောင်ဘဝအတွက်ပင် ဒေါ်… … ၏ ကြွေးမြီများ ပါသွားဦးမည် ဆိုနေပါကလား။ ဒါသည် ပါရမီ ဆိုတာပါကလား။ ဒါသည် အထုံရေစက် ဆိုတာပါကလား။
အချိန်များစွာ ကြာလွန်သွားပြန်သည်။ သူ့ကို နောက်ဆုံးမှန်း သိလျက် နှုတ်ဆက်ရန် ကျနော် အားယူလိုက်ရသည်။
“ ဦးလေး သွားမယ်နော် ”
သွားမယ် ခလေးရေ…ဘယ်တော့မှ ပြန်မတွေ့ကြဘူး။ ဒါ နောက်ဆုံးဘဲ။ မင်း သေမယ်။ လူသေရင် မြေဘဲဖြစ်မယ်။ မြေထဲ ပြန်သွားရမယ်။
“ ဟုတ်ကဲ့ ”
သူ ပြောလိုက်ပြီး ကျနော့်ကို လှည့်မကြည့်တော့။ အဆုံးသတ်မှာ ပီပြင်နေပေပြီ။ သူလည်း အသံ မထိန်းနိုင်တော့ဘဲ ငိုနေရစ်ခဲ့ပြီ။ ဤ ငိုသံကြားမှ ဆေးရုံအပြင်ဖက်သို့ ကျနော် ထွက်လာခဲ့သည်။
မြို့အပြင်ဖက်သို့ ရည်ရွယ်ချက် ကင်းမဲ့စွာ လျှောက်လာသည်။ မှောင်ရိပ်လွှမ်းစ ဆည်းဆာအောက်၌ ကျနော် လျှောက်နေမိပြီ။ အမှောင်ရိပ်များသည် ကျနော့်ကို တိတ်တဆိတ် လွှမ်းလာပေပြီ။
ကျနော်လည်း အမှောင်အောက်၌ ပျောက်ကွယ် သွားရမည်လော။
အမှောင်ထဲ၌ အလှောင်ခံထားရသူများသည် ရုန်းကန် ဖွင့်ထွက်ကြရမည်။ ကျနော်သည် လက်သီး ကျစ်ကျစ် ဆုပ်လိုက်၏။ အံကြိတ်လိုက်သည်။ ကိုယ်ကို မတ်လိုက်သည်။ အကြောအချဉ် ကြွက်သားများလည်း ဖုထစ်ကြွလာသည်။ ရင်ထဲ၌ ဒေါသချောင်းသည် အဟုန်ပြင်းစွာ စီးဆင်းနေသည်။ ကြမ်းတမ်းသော မုန်တိုင်းတခုသည် ရင်ထဲ၌ တိုက်ခတ်နေ၏။
ဟုတ်သည်။
ကျနော်တို့ကား အမှောင်ထဲမှာ နစ်မြုပ်နေရင်း အမှောင်ထုကို အာခံကြရပါမည်။ ။
နိုင်ဝင်းဆွေ
( မိုးဝေ မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ၊ ၁၉၇၂ )
No comments:
Post a Comment