January 27, 2008

လရောင်အောက်က ခွေးအများ


(က)
စစ်တောင်းမြစ်ရဲ့မျက်စောင်းထိုး တဖက်ကမ်းထိပ်။ ကျိန်တောမြောင်သုဿာန် ကုန်းပေါ်တွင် လရောင်များ ဖွဲဖွဲဆုပ်ဆုပ်ကျနေလေသည်၊ စစ်တောင်းမြစ်အတွင်း ခုန်ဆင်းချလာသည့်လမင်းသည် လအစင်းငယ်ပေါင်းထောင်သောင်းချီပြီး ပွားထုတ် လိုက်၏။ လရောင်တချို့မှာ သောင်ပြင်ပေါ်တွင် လူးလှိမ့်နေ၏။ဝါးတရိုက်ခန့် မရှိတရှိ ကမ်ပါးယံအောက်တွင်မူ အမှောင်ရိပ်သန်းနေလေသည်။ ယခုလို လရောင်အချမ်းသာဆုံးညမျိုးဆိုလျှင် မည်သည့်အခါမှ ကျနော်အိပ်မပျော်နိုင်ပါ။ သောင်ပုရွာ ထိပ်တွင်ရှိသည့် တဲတလုံးထဲတွင် အိမ်သားအားလုံးအိပ်ပျော်နေကြပြီ ဖြစ်သည်။ အိပ်ယာထဲမှ ကျနော် ထလာခဲ့သည်။ တဲပေါ်က အသာအယာဆင်းလိုက်သည်။ စစ်တောင်းမြစ်ကမ်းနဖူးဘေးက လူသွား လမ်းလေးပေါ် ရောက်လာခဲ့သည်။ စစ်တောင်း မြစ်ကို ကျော်ကာ ကျိန်တောမြောင်သုဿာန်ကုန်းဆီ လှမ်းကြည့်သည်။ လရောင်များမှာ သုဿာန်ကုန်းပေါ်တွင် ငွေစရွှေစများကို ဖွဲဖွဲလွင့်လွင့်ကြဲချလျက် ရှိကြ၏၊ သုဿာန်ကုန်းဆီကမူ ဘာသံမျှ မကြားရသေး။
လွန်ခဲ့သည့် (၄) ရက်ခန့်က ကျိန်တောမြောင်သုဿာန်တွင် လူနှစ်ယောက်ကို မြေမြုပ်သဂြိုဟ်ခဲ့ကြ၏။ အိမ်ထောင်ကျပြီး တလအကြာတွင် အရှေ့ရိုးမတောင်ခြေသို့ အင်ဖက်ကောက်သွားကြရာမှ ငှက်ဖျားမိပြီး ပြန်လာကြသည့် ငယ်ရွယ်သူ ဇနီးမောင်နှံနှစ်ဦး၏ အလောင်းများကို မြေမြုပ်သဂြိုဟ်ခဲ့ကြခြင်းဖြစ်သည်၊ ကျနော်နှင့် ရင်းနှီးခင်မင်သူများဖြစ်သဖြင့် အသုဘပို့သူများထဲတွင် ကျနော်လည်း ပါလာခဲ့၏၊ အသုဘပို့သူ (၁၀)ယောက်ခန့်သာ ရှိသည်။ လင်မယားနှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် တညသာခြားပြီး သေဆုံးသွားခဲ့ကြ၏။
လင်မယားနှစ်ယောက်စလုံးတွင် နှစ်ဘက်မိဘများလည်းမရှိကြ။ မောင်နှမသားချင်းများမှာလည်း နွမ်း ပါးလွန်းကြ၏။ ထို့ကြောင့်အလောင်းနှစ်လောင်းစလုံးကို ဖျာနှင့်ပင်လိပ်ကာ အသုဘချခဲ့ကြ၏။ ကျိန်တောမြောင်သုဿာန်ကုန်းထဲတွင် လူတစုသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။
“ နောက်ထပ်လေးရက်ဆိုရင် လပြည့်တော့မယ် ဆရာလေး။ လူသေအလောင်းတွေကလည်း ရှိနေတော့ လပြည့်ညဆိုရင် ဒီသုဿာန်ကုန်းထဲကို ခွေးအ တွေ လာကြမှာ သေချာတယ်”
အလောင်းချထားသည့် ကျင်းထဲသို့ မြေကြီးခဲတချို့ ပစ်ချနေစဉ် ကျနော့်ဘေးက ရွာသားတယောက် ပြောခဲ့သည့်စကား။
သောင်ပုရွာထိပ် ကမ်းပါးယံပေါ်မှတဆင့် မျက်စောင်းထိုးတဖက်ကမ်း ကျိန်တောမြောင်သုဿာန်ကုန်းဆီ အာရုံစိုက်ပြီး ကြည့်သည်။ အာရုံစိုက်ပြီး နားထောင်သည်။ မည်သည့်အရိပ်အယောင်ကိုမျှ မမြင်ရ။ မကြားရ။
ကမ်းပါးယံပေါ်မှ ဆင်းကာ မြစ်ထဲကသောင်ပြင်ပေါ် ကျနော်ရောက်လာခဲ့သည်။ ရေစပ်နှင့် ငါးလှမ်းမျှ အကွာတွင် ရှိသည့် ကုက္ကိုပင်မြစ်ဆုံကြီးပေါ်တွင် အကျအနနေရာရွေးကာ ထိုင်လိုက်သည်။ လရောင်များမှာ စစ်တောင်းမြစ်ထဲသို့ အုံနှင့်ကျင်းနှင့် ဆင်းချလာနေကြပြန်သည်။
(ခ)
မဒေ၀ီသည် ကျနော့်ကို မကြည့်ဘဲ အိပ်ပျော်နေကြပြီဖြစ်သည့် သားသုံးယောက်ဘေးတွင် ယပ်ခပ် ပေးလျက် ရှိ၏။ ကျနော် ကလည်း မဒေ၀ီကို မျက်နှာချင်းမဆိုင်မိအောင် သတိထားပြီး နေနေမိသည်။ ယခုဆိုလျှင် ည (၈) နာရီ ထိုးကာနီးပြီဖြစ် သည်။ နာရီကို ကြည့်ကာ ကျနော့်စိတ်တွေ လေးလံလျက် ရှိသည်။ သည်ကြားထဲ မဒေ၀ီနှင့်လည်း မျက်နှာချင်းဆိုင်ထိုင်ပြီး စကားမပြောရဲ။ ထို့ကြောင့် ထမင်းစားခုံကို အ၀တ်စုတ်ဖြင့် ပြောင်စင်အောင်သုတ်ကာ စားပွဲဘေးတွင် စာထိုင်ရေးချင်ယောင် ဆောင်နေခဲ့ရ၏။
စားပွဲဘေးတွင် ထိုင်နေရင်း ကျနော့်စိတ်ထဲ စိုးရိမ်စိတ်ကို ဖြေသိမ့်နိုင်ဖို့သာ ကြိုးစားနေရပြန်သည်။ အကယ်၍များ ကျနော် ရည်မှန်းထားသည့်အတိုင်း ဖြစ်မလာနိုင်ခဲ့လျှင် ... ။ မဒေ၀ီ ဘက်သို့ မသိမသာ အကဲခတ်သလို လှမ်းကြည့်မိပြန်သည်။ မဒေ၀ီသည်လည်း ကျနော်တွေးသလို ကျနော်စိတ်ပူသလို ဖြစ်နေလိမ့်မည်ကို ကျနော် အတတ်သိသည်။
ဒီကနေ့နေ့လယ်ပိုင်းက ကျနော်သည် စက်လှေတစင်းပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ လက်ထဲတွင် စကားပြောခွက်ကို ကိုင်ထားခဲ့၏။ စက်လှေဆရာက သောင်ပုရွာဘက်သို့ စက်လှေဦးကို လှည့်ကာ စက်လှေကို ဖြည်းဖြည်းသာ မောင်း၏။
“ သောင်ပုရွာ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား- သောင်ပုရွာက အဖိနှိပ်ခံတောင်သူလယ်သမား အပေါင်းတို့ခင်ဗျား အခု ဒီအချိန်က စပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂၆) နှစ်လုံးလုံး ကျနော်တို့အပေါ် ဖိနင်းထားတဲ့ ပါတီကောင်စီ စနစ်ဆိုးကြီးကို ကျနော်တို့ တွန်းလှန်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်ကစပြီး ပါတီကောင်စီတွေရဲ့ အမိန့်သြဇာအာဏာဟူသမျှကို ကျနော်တို့ သပိတ်ကော်မတီက သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်က စပြီး စစ်တောင်းမြစ်အရှေ့ဖက် အနောက်ဖက်ကမ်းမှာ ရှိကြတဲ့ ကျေးရွာ တောင်သူလယ်သမားအားလုံး ပါတီကောင်စီစနစ်ဆိုးကြီးလက်အောက်က လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ အခုလို သပိတ်ကော်မတီရဲ့ ကြေညာချက်ကို ထောက်ခံတယ်ဆိုရင် ဒီကနေ့ည (၉) နာရီတိတိအချိန်မှာ ပါတီကောင်စီမကောင်းဆိုးဝါးစနစ်ဆိုးကြီးကို မောင်းထုတ်တဲ့အနေနဲ့ သံပုံးတီးကြပါလို့ ကျနော် တပ်လှန့်နှိုးဆော်ပါတယ် ခင်ဗျား ”
ယခုအချိန်ထိ ကျနော့်နားထဲတွင် ဓာတ်စက်က ထွက်ပေါ်လာသည့် ကျနော့်အသံနှင့် စက်လှေသံများကို ခပ်သဲ့သဲ့ကြားနေ ရသေး၏။ ရှစ်နာရီခွဲသောအခါ တဲပေါ်တွင်ထိုင်ပြီး မနေနိုင်တော့။ တဲအောက်သို့ ဆင်းလိုက်သည်။ တဲရှေ့ကမြေကွက်လပ် တွင် ထွက်ပြီး မတ်တပ်ရပ်သည်။ လေကိုဝအောင် ရှူရှိုက်သည်။ သောင်ပုတရွာလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက် လွန်းသည်ဟု ထင်မိသည်။
ကွက်လပ်ပေါ်တွင် ရပ်နေရင်းမှာပင် သစ်ပင်ထိပ်ဖျားပေါ် မေးတင်လာသည့် လမင်းကြီးကို ကျနော် တွေ့လိုက်ရ၏။ ကျနော့် ခန္ဓာကိုယ်တခုလုံး သွေးများဆူပွက်လာကာ ခွန်အားများပြည့်လာရ၏။ ကျနော့်အပေါ် - ကျနော်နှင့် နောက်က တဲခေါင်မိုးပေါ် - မြေကွက်လပ်ပေါ် - သောင်ပုတရွာလုံးအပေါ် လရောင်များ တစတစ လွှမ်းခြုံလာခဲ့၏။
မည်သည့်ရွာ မည်သည့်ဒေသကမှန်းမသိ။ အလွန်မတန်ကွာဝေးလှသည့် တနေရာမှ မိုးခြိမ်းသံသဲ့သဲ့ ကြားရသလို ရှိသည်ဟု ထင်မိနေစဉ် မိုးခြိမ်းသံများမှာ လှိုင်းလုံးများပမာ ဆင့်ကာဆင့်ကာ နီးလာ၏။
ကျနော့်လက်ထဲက ဒန်အိုးအဖုံးတချပ်ကို တုတ်တချောင်းနှင့်ရိုက်နေစဉ် တဲကလေးဆီ လှမ်းကြည့်မိသည်။ တဲပေါက်ဝတွင် သားသုံးယောက်ကို ဖက်ကာ အံ့သြတုန်လှုပ်စွာ ရပ်နေသည့် မဒေ၀ီတို့ သားအမိတတွေကို လရောင်အောက်တွင် အထင်းသားတွေ့ရ၏။
လရောင်များသည် သံပုံးတီးသံများနှင့် အတူ ရောက်လာခဲ့လေပြီ၊၊
(ဂ)
“ ကျနော်ကတော့ သပိတ်စခန်းကို ခဏတဖြုတ်ပဲဖြစ်ဖြစ် ဖျက်စေချင်တယ်။ မနက်ဖန်မနက်ကျရင် တောင်ငူအထိ ကျနော်သွားပြီး ဟိုမှာရှိတဲ့ သပိတ်အင်အားစုတွေနဲ့ တိုင်ပင်ကြည့်မယ်။ လောလောဆယ်မှာတော့ သပိတ်ကော်မတီဝင်တွေ။ ၀ိုင်းဝန်း ၀န်းရံပေးကြသူတွေအားလုံး နိုးနိုးကြားကြား စည်းစည်းလုံးလုံးရှိမှ ရမယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာပဲ အတိအကျသိရသေးတယ်။ ဒါမှမဟုတ် အားလုံးဝိုင်းစဉ်းစားပြီး လုပ်သင့်တာ ဆုံးဖြတ်ချက်ချပြီး လုပ်ကြတာပေါ့ ”
ကျနော့်စကားအပေါ်မူတည်ကာ ရေအိုးစင်ကျေးရွာအုပ်စု သပိတ်ကော်မတီဝင်များ ဆွေနွေးညှိနှိုင်းခဲ့ကြ၏။ ညနေ (၅) နာရီ ခန့်တွင် ရေအိုးစင်ကျေးရွာအုပ်စု သပိတ်စခန်းကို ယာယီအားဖြင့် ဖျက်သိမ်းရန်၊ ကျေးရွာ (၅) ရွာ လုံခြုံအေးချမ်းရေး အတွက် ဆက်လက်တာဝန်ယူထားရန် ၊ နှစ်ရက်အတွင်း သတင်း အချက် အလက်များ စုစည်းပြီးနောက် သပိတ်ကော်မတီ အစည်းအဝေးကျင်းပရန် ဆုံးဖြတ်ခဲ့ကြ၏။ ထို့နောက် သပိတ်စခန်းကို ဖျက်သိမ်းခဲ့ကြ၏။
ထိုနေ့ညနေက ကျနော့်မှာ ထမင်းမျိုမကျနိုင်အောင်ပင် ကြေကွဲနေမိသည်။ သပိတ်ကော်မီတီဝင်များ၏ လုံခြုံရေးအတွက် စိတ်မချနိုင်အောင် ဖြစ်မိသည်။ စစ်တပ်က အာဏာသိမ်းယူသည့်သတင်းမှာ ရေအိုးစင် ကျေးရွာအုပ်စုအတွင်း မကောင်းဆိုးဝါး သတ္တ၀ါတကောင် ၀င်ရောက်ဖြတ်သန်းသွားသလို ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြ သည့်တိုင် ကောင်းကင်ပေါ်က တိမ်ထုအပြောင်းအလဲကို ကျနော်တို့အားလုံး ရိပ်စားမိခဲ့ကြ၏။ စစ်တပ်သည် လူထုဖက်သို့ သေနတ်ပြောင်း လှည့်ခဲ့ပြီလောဟု သံသယ၀င်ခဲ့ကြ၏။
သောင်တန်းရွာထိပ်က စစ်တပ်ဂိတ်စခန်းကို စောင့်ကြည့်အကဲခတ်နေရန် လူငယ်တချို့ကို တာဝန်ပေး၏။ ကျနော်နှင့် သပိတ်စခန်းကော်မတီတခုလုံး သတိဝီရိယထားပြီး အိပ်ကြရန် အချင်းချင်း သတိပေးခဲ့ကြ၏၊ လူနည်းစုကလွဲပြီး တရွာလုံး လိုလို မည်သူမျှ မျက်နှာမကောင်းကြတော့။ မည်သူမျှ စိတ်မချမ်းသာနိုင်ကြ တော့။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အခွင့်အရေးကို ပြန်လည်ဆုံးရှုံးရတော့မည်လောဟု လူတိုင်း စိုးရိမ်လာကြရ၏။
ကျနော့်တဲကလေးရှေ့က မြေကွက်လပ်ပေါ်တွင် လူတချို့ ၀ိုင်းဖွဲ့ထိုင်ရင်း ညဥ့်နက်လာခဲ့၏။ မည်သည့် အတွက်ကြောင့်ရယ် မသိ။ လူတိုင်းလိုလို စကားများများမပြောမိကြ။ ကျယ်ကျယ်မဟမိကြ။ ဟက်ဟက်ပက်ပက် မရယ်မောနိုင်ခဲ့ကြ။
မဒေ၀ီသည် လူအုပ်ထဲသို့ ရေနွေးကြမ်းအိုး တအိုးပြီးတအိုး လာချပေးရင်းက ညဥ့်နက်လာသောအခါ တဲပေါက်ဝ၏ အဆင်းအတက်ဘေးမှာပင် ကျုံ့ကျုံ့လေးထိုင်ရင်း အိပ်ပျော်နေသည့် သားသုံးယောက်ကို ယပ်ခပ်ပေးနေခဲ့၏။ တဲပေါက်ဝ မီးခွက်မီးရောင်အောက်မှ မဒေ၀ီ၏ မျက်လုံးများကို ကျနော်ဖတ်ရှုနိုင်ဖို့သာ ကြိုးစားနေမိပြန်သည်။ လရောင်မှာ တဲရှေ့က ကွက်လပ်ပေါ် တာကျိုးသလို သွန်ကျလာခဲ့၏။ လရောင်အောက်က လူတစုသည် ငြိမ်ချက်သားကောင်းလွန်းလှ၏။ မည်သူမျှစကားမပြောနိုင်ကြ။ တယောက်နှစ်ယောက်က ဖျာကြမ်းပေါ်တွင် ပက်လက်လှန်လဲလျောင်းရင်း လရောင်များကို မော့ကြည့်နေကြ၏။
ကျနော်သည် တဲရှေ့ကွက်လပ်ထိပ်တွင် ခြေစုံရပ်နေမိသည်။ ကျနော့်နားထဲတွင် ညနေပိုင်းရေဒီယိုမှ ကြားခဲ့ရသည့် ကြေညာချက်ကို ကြားရတချက် မကြားရတချက် ဖြစ်နေသေး၏။
ယခုလိုအချိန်မျိုးတွင်မှ ကျနော်သည် လရောင်များကို ပိုမိုတမ်းတ ချစ်မက်နေမိပြန်သည်။
(ဃ)
ကျနော်သည်လရောင်များကို စွဲလန်းစွာကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကလေးငယ်များ အားလုံး မည်သူမဆို လရောင်အောက်၌ ပျော်ရွှင်စွာကခုန်ရင်း ကြီးပျင်းလာကြလိမ့် မည်ဟု ကျနော်ယုံကြည်သည်။ လရောင်အောက် လူသား၏ ရင်ခုန်သံများကို ဖွဲ့ဆိုသည့် ပုံပြင်များစွာ ရှိခဲ့လိမ့်မည်။ လရောင်နှင့်အတူ လူသားအားလုံး ငြိမ်းချမ်းမွှေးမြစွာ နေထိုင် နိုင်ကြ၏။
သစ်မြစ်ဆုံကြီးပေါ်တွင် ထိုင်ရင်းက စစ်တောင်းမြစ်၏ ရေပြင် ပေါ်က လရောင်များကို ကျနော်ငေးကြည့်သည်၊ လရောင် များမှာ လေတချက်အဝှေ့တွင် ရေပြင်ပေါ် အစိတ်စိတ် အမွှာမွှာဖြစ်ကာ ပြန့်ကျဲသွားကြရ၏။ ပြန့်ကျဲသွားသည့် လအစင်းငယ် များစွာကို လမင်းသည် ပြန်လည်ဆက်စပ် ဖာထေးနိုင်ဖို့သာ ကြိုးစားရ ပြန်လေသည်။
လရောင်အောက်က စစ်တောင်းမြစ် သောင်ပြင်ပေါ်တွင် ကျနော်တယောက်တည်းရှိနေသည်။ လူသားအားလုံး အိပ်ပျော်နေ ကြပြီ။ လရောင်များဖြင့် သွန်းခတ်ထားရှိသည့် စစ်တောင်းမြစ်ကြီးကို ပခုံးနှင့်ထမ်းကာ ကျနော့်ဘ၀တလျောက်လုံး သယ်ယူ သွားချင်လောက်အောင် ခံစားတပ်မက်လာရပြန်သည်။ ထိုစဉ်အခိုက်တွင် ကျိန်တောမြောင်သုဿာန်ကုန်းဆီက အရိပ်မဲမဲတချို့ ကမ်းပါးယံထိပ်တွင် မြင်ရသလို ရှိလိုက်၏။ ရုတ်တရက် စိတ်ချောက်ချားတုန်လှုပ်စွာ သုဿာန်ကုန်းထိပ်ကို စိုက်ပြီး ကြည့်သည်။ အရိပ်မဲမဲတချို့သည် သုဿာန်ကုန်း ကမ်းပါးယံထိပ်တွင် တန်းစီပြီးရပ်နေကြပြီ။ ကျနော်က အသက်မရှူဘဲ အရိပ်မဲမဲများကို စူးစိုက်ပြီး ကြည့်နေမိစဉ် ခွေးအ အူသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ခွေးအ များသည် ကျိန်တောမြောင် သုဿာန်ကုန်းလရောင်အောက်တွင်ရပ်ကာ လရောင်များကို မော့ကြည့်ကာ လရောင် များကို ကျိန်ဆဲပြစ်တင်နေကြသည်လောဟု ကျနော်တွေးမိသည်။
ထိုအချိန်၌ “ခွေးအများသည် လရောင်များကို မုန်းတီးတတ်ကြလေ၏” ဟူသော သိုးဆောင်း စကားပုံတခုကို ကျနော် သတိရလာမိလေသည်၊၊
(၁၉၈၈ သြဂုတ်လ၏ လွမ်းမောဖွယ်နေ့ရက်များသို့)

January 20, 2008

အော်သံ



(၁)
ပြတင်းပေါက်ဘေးတွင်သွားရပ်ပြီး အသံလာရာဆီလိုက်ကြည့်သည်။ တုန်လှုပ်ချောက်ချားသည့်စိတ်က ငယ်ထိပ်အထိ တက်လာ၏။ ကျနော်ကြားလိုက်ရသည့် အသံသည် အသံကုန်အော်ဟစ်လိုက်သည်မှာ သေချာနေသော်လည်း သူ့အသံမှာ အသံကုန်ထွက်မလာနိုင်။ တ၀က်တပျက်တွင်ရပ်သွား၏။ ယင်းအော်သံတခုအပေါ် အဆမတန်လေးလံသည့် အရာဝတ္ထု တခုက ဖိနင်းထားသလိုဖြစ်နေ၏။ အာရုံစိုက်ပြီးနားစွင့်နေစဉ် နောက်ထပ် အော်သံတချက် ကြားလိုက်ရပြန်သည်။ သည်တခါ သူ့အော်သံမှာ လည်ချောင်းဆီမှ စတင်ဖြစ်ပေါ်လာသည့် အော်သံမဟုတ်တော့။
ခန္ဓာကိုယ်အတွင်း ရှိသမျှအင်္ဂါအစိတ်အပိုင်းအားလုံး၏ ခွန်အားဟူသမျှ တစက်မျှမကျန်အောင် ညှစ်ထုတ်လိုက်ခြင်းဖြင့် ထွက်ပေါ်လာ သည့် အော်သံဖြစ်လာခဲ့၏။ သို့သော် ပထမတချက် အော်သံမျှလောက်ပင် အသံမကျယ်ချင်တော့။ အော်သံမြည်ကာ မတ္ထမျှနှင့်ပင် ရပ်သွားရ၏။ သည်တခါကြားလိုက်ရသည့်အော်သံထဲတွင် အော်သံရှင်၏ ဆန္ဒဟူသမျှ အကြစ်လစ်ဆုံးဖေါ်ပြနိုင်ဖို့ကြိုစားသည့် အဓိပ္ပာယ် ကိုမူ အသေအချာ သဘောပေါက် လိုက်မိ၏။ ထိုအော်သံထဲတွင် အော်သံရှင်၏ ဘ၀တခုလုံး ပုံအပ်ထားလိုက်ပုံရ၏။
ပြတင်းပေါက်တွင်ရပ်ကာ နောက်ထပ်ပြီး အော်သံတချို့ ကြားရလိုကြားရငြား ရင်တထိတ်ထိတ်နှင့် နားစွင့်နေမိသည်။ နောက်ထပ် အော်သံကိုမူ မကြားရတော့။ ထိုအခါကျမှ မိမိ၏ခန္ဓာကိုယ်တခုလုံး အပူငွေ့များ တထောင်းထောင်း ထွက်နေ သည်ကို သတိပြုမိသွားရ၏။ ထောင်နေသောဆံပင်များကြားမှ ချွေးစေးများ စီးကျလာနေ၏။ အသက်ရှူနှုန်းများ မြန်နေခဲ့၏။ ခန္ဓာကိုယ်မှာ လေထဲတွင်မျော နေသလို ခံစားရပြီး တချိန်ထဲမှာပင် ခန္ဓာကိုယ်ပေါ်တွင် ဆင်တကောင် နင်းဖိထားသလို စိတ်ဖိစီးမှုဒဏ် ခံနေရ၏။
ပြတင်းပေါက်ဘေးမှခွါကာ စားပွဲဘေးတွင်သွားထိုင်လိုက်သည်။ စာရေးစားပွဲပေါ်က မှန်ဘောင်သွင်းပြီး ထောင်ထားသည့် ပုံနှိပ်ပန်ချီကား ငယ်တချပ်ကို ငေးကြည့်သည်။ ပန်းချီကားထဲတွင် လူသုံးယောက်၊ တံခါးတခုပေါ် တွင်ရပ်နေသည်ကိုတွေ့ရ၏။ တံတား၏ သည်ဘက် ထိပ် မရောက်တရောက်တွင် လူတယောက်ရပ်နေပြီး နောက်ထပ်လူနှစ်ယောက်က နောက်ဘက်တံတားထိပ်လောက်တွင် ယှဉ်တွဲပြီး ရပ်နေကြ၏။
တံတား၏ သည်ဘက်ထိပ်တွင် တယောက်တည်းရပ်နေသည့်လူသည် ပါးစပ်ကိုဟထား၏။ ဟထားသည့်ပါးစပ်ပေါက်ကို လက်ဝါးနှစ်ဖက် ဖြင့်ကာထား၏။ ပါးနှစ်ဖက်ကို ချိုင့်ဝင်ထားသဖြင့် ပါးစပ်ပေါက်ဝမှာ နကို ရှိရင်းစွဲထက် ပိုပြီး အပေါက်အကျယ်ကြီးဖြစ်နေ၏။ နားထင်များ ချိုင့်ဝင်လျက်ရှိ၏။ တွန့်လိမ်လျက်ရှိသည့်လည်တိုင်မှာ တဖြေးဖြေး ကြုံ့ဝင်သေးငယ် သွားနေသည်ဟုထင်ရ၏။ ခန္ဓာကိုယ်သည် ခေါင်းနှင့်မလိုက်ဖက်နိုင် လောက်အောင် ကျုံလှီလျက်ရှိ၏။ အထူးခြားဆုံး အချက်မှာ ခန္ဓာကိုယ်နှင့်သော်လည်းကောင်း၊ ခေါင်းနှင့် သော်လည်းကောင်း ဘယ်လိုမှမလိုက်ဖက်နိုင်သည့် မျက်လုံးများ ပင်ဖြစ်ကြ၏။ ပြူးကျယ်လွန်းသည့် မျက်လုံးတစုံသည် ရှေ့သို့တိုးထွက် လျက်ရှိ၏။ ထိုစဉ်အခိုက်မှာပင် ထိုတံတားပေါ်က လူသည် ခန္ဓာကိုယ်ကို တွန့်လိမ်ပြီးမှ အော်ဟစ်လိုက်လေသည်။ ကျနော့်နားထဲတွင် ‘အော်သံ’ များမှာ တိတ်ဆိတ်စွာ မြည်ဟိန်း နေပြန်တော့၏။
(၂)
မြန်မာပန်းချီကျော် ‘ပေါ်ဦးသက်’၏ ဆောင်းပါးတပုဒ်ထဲတွင် ဆန်းကြယ်သောဂီတတီးလုံးတမျိုးအကြောင်း ဖတ်ရဖူး၏။ တနေ့တွင် သူသည် ဂီတသံစဉ်တခုကိုနားထောင်ရ၏။
ထိုဂီတသံစဉ်တခုကို နားထောင်နေသည့်အခိုက် သူ့မှာ အသက်ရှုကျပ်သလိုဖြစ်လာရသည်ဟုဆို၏။ တခါ အသက်ရှူကျပ်ရုံ တွင်မက သူ့ခန္ဓာကိုယ်တခုလုံးမှာ လှုပ်ရှားလို့မရနိုင်လောက်အောင် တစုံတခုက နင်းဖိထား သလို ဖြစ်လာရသည်ဟုဆို၏။ မွန်းကြပ်သည့်စိတ်ကို ထိန်းလို့မတ်လို့မရနိုင်လောက်အောင် ခံစားလာရသည်ဟုဆို၏။ တီးလုံးဆုံးသည့်အခါ သူက တိပ်ခွေပေးငှားသူကို တီးလုံးအကြောင်း မေးမိ၏။ ထိုအခါ တီးလုံးတိပ်ခွေပေးငှားသူက ယင်းတိပ်ခွေမှာ လူသေခေါင်းတခုထဲတွင် သေပြီအထင်နှင့် ပိတ်လှောင်ထားခြင်း ခံရသူ တဦး၏စိတ်ခံစားချက်ကို ရေးဖွဲ့ထားသည့် တီးလုံးဖြစ်ကြောင်း ရှင်းပြခဲ့၏။ ဆရာ ‘ပေါ်ဦးသက်’မှာ တအံ့တသြဖြစ်ခဲ့သည်ဟု ဆိုလေသည်။
စာရေးစားပွဲတွင်ထိုင်ကာ ကမ္ဘာကျော် နော်ဝေပန်းချီဆရာ ‘အက်ဗတ်မွန့်ခ’ ရဲ့ ‘အော်သံ’ ပန်းချီကားကို ငေးကြည့်နေမိစဉ် ပြတင်းပေါက်ဘေးတွင် ရပ်နေစဉ်ကကြားခဲ့ရသည့် ‘ဖားအော်သံ’ တချို့ကို ကျနော်ပြန်လည် ကြားလာရ၏။ ဘ၀တခုလုံးကို ပုံအောပြီးမှ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါရပ်အားလုံး၏ အင်အားဟူသမျှကို ညှစ်ထုတ်ကာအော်ဟစ်လိုက်သည့် ဖားတကောင်၏ အော်သံများမှာ ကျနော့်နှလုံးသားကို အပြင်းအထန်ဆုံး ထိမှန်သွားခဲ့ကြ၏။ အကြပ်အတည်းဟူသမျှ၏ ဗဟိုချက်တခု။ ပိန်းပိတ်အောင်မှောင်မည်း နေသည့် ခေါင်းတလုံး။ တလောကလုံး ကြားနိုင်လောက်သည့် ‘အော်သံ’များ။
စာရေးစားပွဲပေါ်က ‘အော်သံ’ ပန်းချီကားကို တဖက်သို့ လှည့်ထောင်ထားလိုက်ရသည်။ ကျနော့် နားထဲ၌ ‘အော်သံ’ များကို ကြားနေရဆဲ။ ပါးကြီးနှစ်ဖက် ချိုင့်ဝင်နေသူ။ လည်တိုင်ကြီး တွန့်လိမ်နေသူ။ မျက်လုံးများ အဆမတန် ပြူးထွက်နေသူ။ တံတားပေါ်က ထိုလူတယောက် ကို မျက်စေ့ထဲက ဖျောက်လို့မရ။ ပြတင်းပေါက်နှင့် မလှမ်းမကမ်း ခြံစည်းရိုးအစပ်က မြွေမြိုခံထားရသည့် ‘ဖားတကောင်’၏ အော်သံ။ လူသေအခေါင်းထဲက လူတယောက်။
မည်သည့်အတွက်ကြောင့် ကျနော်သည် ပန်းချီကားထဲက ‘အော်သံ’နှင့် မြွေမြိုခံရတော့မည့် ဖားတကောင်၏ ‘အော်သံ’များ ကို ဆက်စပ်ပြီးတွေးနေမိပါလိမ့်။ လူသေထည့်သည့် ခေါင်းတလုံးထဲက လူတယောက်အကြောင်းကို မည်သည့်အတွက်ကြောင့် တွေးနေမိ ပါလိမ့်။ တံတားပေါ်က ‘လူတယောက်’။ ခေါင်းထဲက လူတယောက်နှင့် မြွေမြိုခံထားရတော့မည် ‘ဖားတကောင်’ တို့သည် တချိန်တည်း ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ကြ။ မျိုးမတူကြ။ ဖြစ်ပျက်ပုံများလည်းမတူကြ။ သို့ဖြစ်ပါလျက် ကျနော်သည် ထိုအရာအဖြစ်အပျက်သုံးခုကို ဘာ့ကြောင့်များ တဆက်တစပ်တည်း တွေးနေမိပါလိမ့်။
(၃)
ဖားတကောင်သည် မြက်ပင်တချို့ကြားမှဖြတ်ကာ ရေအိုင်စပ်သို့ ညင်သာစွာဆင်းလာခဲ့၏။ သူသည် နှစ်ရက်လုံးလုံး ဆာလောင်မွတ်သိပ်နေခဲ့၏။ ထို့ကြောင့် အန္တရာယ်ရှိနိုင်မှန်းသိသည့်တိုင် ရေအိုင်သို့ ဆင်းချလာခဲ့၏။ ထိုစဉ်အခိုက်မှာပင် သူနှင့် တလံအကွာ ဗေဒါပင်အုပ်ကြားမှ မြွေတကောင်၏ ဦးခေါင်းကို သူတွေ့လိုက်ရ၏။ နောက်သို့ပြန်လှည့်ရန် သို့မဟုတ် နီးစပ်ရာခြုံပုတ် အတွင်းသို့ ခုန်ဝင်ပုန်းအောင်းရန် စဉ်းစားချိန်ပင် မရလိုက်။ အရှိန်အဟုန်ပြင်းထန်လှသည့် အရာဝတ္ထုတခု သည် သူ့ခန္ဓာကိုယ်တခုလုံးကို ဆွဲယူလိုက်၏။ ကြောက်အားလန့်အားနှင့် ရုန်းကန်မိသည့်တိုင် သူ့မှာအသံ မထွက်နိုင်သေး။ သူ့မျက်လုံးများမှာ မှောင်အတိကျသွား၏။ သူ့လက်တဖက်မှာ အသဲခိုက်မတတ် နာကျင်လာရ၏။ ထိုအခါကျမှပင် သူသည် မြွေတကောင်၏ ကိုက်ခဲထားခြင်းကိုခံလိုက် ရပြီဖြစ်ကြောင်း သိလိုက်ရတော့၏။ အသက်ရှူရပ်မတတ် အောင့်အီးသည်းခံကာ လက်တဖက်ကိုရုန်းကြည့်သည်။ သူက တချက်ရုန်း လျှင်မြွေကိုက်ခံထားရသည့်လက်က ပိုပြီးနာကျင်သွားရ၏။
သူ့နားထဲတွင် မြွေတကောင်၏ မာန်ဖီသံကိုကြားရ၏။ အနီရောင်မျက်လုံးကြီး တစုံကိုမြင်၏။ သူသည် မကြာခင်အတော အတွင်းတွင် မြွေတကောင်၏ ခန္ဓာကိုယ် အတွင်းသို့ သက်ဆင်းရတော့မည်ကို အသေအချာသိလိုက်ရ၏။ ထိုအချိန်အခိုက် အတန့်အတွင်းတွင် သူဘာလုပ်ရမည်နည်း။ သူသည် မည်သည့်လုပ်ဆောင်မှုကိုလုပ်ခြင်းဖြင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အကျဉ်းအကြပ်၊ အခက်အခဲ၊ ဖိစီးနာကျင်မှု အသက်ဘေးရန် တခုမှလွတ်မြောက်နိုင်မည်နည်း။ သို့သော် လွတ်လမ်းဟူသမျှ တခုမျှသူမမြင်။ ပြတင်းပေါက်တွင် ရပ်ပြီး ကြည့်နေသူသည် ရုတ်တရက်ပြေးလာကာ သူ့ကို ကိုက်ချီထားသည့်မြွေကို တုတ်ဖြင့်ရိုက်ကောင်းရိုက်လိုက်လေမလား။
ကြံရာမရသည့်အဆုံး သူသည် ခွန်အားဟူသမျှကို ညှစ်ထုတ်ကာ အသံကုန်အော်ဟစ်ပစ်လိုက်၏။ အာခေါင်ကိုခြစ်ထုတ်ပြီး အော်လိုက်သည့်တိုင် သူ့အော်သံမှာ အလွန်မတန်တိုးညှင်းလွန်း၏။ သို့သော် ထိုအော်သံထဲ သူ့ဘ၀တခုလုံး တန်းလန်းတွဲနေ သည်ကိုမူ ကောင်းကောင်းသိလိုက်ရ၏။ နာကျင်လွန်းသည့် ခံစားချက်ကို ခြေစုံကန်ပြီး တောင့်ထားကာ ဒုတိယအကြိမ် ထပ်ပြီး ‘အော်ဟစ်’ လိုက်မိပြန်သည်။ ဒီတခါမတော့ သူ့ခန္ဓာကိုယ်တခုလုံး အရည်တစက်မျှမကျန်တော့သည့် အခွံတခု ဖြစ်လုနီးပါး အားယူပြီးမှ ‘အော်ဟစ်’ လိုက်ခြင်းဖြစ်သည်။ သူ့နားထဲတွင် သူ့တသက်လုံး သည်မျှလောက်ကျယ်လောင်သည့် အသံမျိုးကို သူကိုယ်တိုင်ပင် မကြားဘူးခဲ့။ သို့သော် သူ့အော်သံမှာ တုံးတိတိဖြစ်ကာ ရပ်သွားလေသည်။ သူသည် ခန္ဓာကိုယ်ကို တဆတ်ဆတ်ခါကာ နာကျင်လျက်ရှိစဉ် လောကကြီးတခုလုံး မှောင်အတိကျသွားရလေသည်။
(၄)
နော်ဝေပန်းချီကျော် ‘အက်ဗတ်မွန့်ခ်’ သည် ‘အော်သံ’ ပန်းချီကားကို ဘာ့ကြောင့်ရေးဆွဲခဲ့ရသနည်း။ ပန်းချီဆရာ၏ ရည်ရွယ်ချက်၊ ပန်းချီဆရာပေးချင်သည့် ရသသည် အဘယ်နည်း။
ကျနော်သည် ၁၉၉၆ ခုနှစ်၊ နော်ဝေနိုင်ငံ။ ‘အက်ဗတ်မွန့်ခ်’ ပြတိုက်ထဲက ‘အော်သံ’ ပန်းချီကား၏ ရှေ့တွင်ရပ်ကာ ‘အော်သံ’ ပန်းချီကားနှင့်ပတ်သက်ပြီး အတွေးမျိုးစုံ ကွန့်မြူးခဲ့ဖူး၏။ ‘အော်သံ’ ပန်းချီကားနှင့် ပတ်သက်ပြီး ရှုဒေါင့်အမျိုးမျိုးနှင့် အဓိပ္ပာယ်ဖွင့်ဆို ခံစားဝေဖန်ဆန်းစစ်ကြည့်သည့် စာအုပ်စာတန်းများကို ပြန်လည်စဉ်းစားကာ ‘အော်သံ’ ပန်းချီကားကို ခံစားမှုစိုက်ထူကြည့်မိသည်။ သို့သော် ကျနော့်မှာ သူများပြောသလောက်ဖြင့် ခံစား နားလည်ယူလို့မရခဲ့။ “ကြီးကျယ် လွန်းလိုက်တာ” ဟူ၍ပင် ထင်မှတ်ခဲ့ဖူး၏။ သည်လိုနှင့် ထိုင်းမြန်မာ နယ်စပ်သို့ ကျနော်ပြန်လာခဲ့သည်။
ယခုအခါ လွန်ခဲ့သည့် ၂ ရက်က ကြုံခဲ့ကြားခဲ့ရသည့် မြွေတကောင်၏ ‘အော်သံ’ ကို အမှတ်မထင်ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း ဖြင့် ထူးဆန်းစွာဈာန်ဝင်ခံစားမိစဉ် ‘အက်ဗတ်မွန့်ခ်’ ၏ ‘အော်သံ’ ပန်းချီကားကို ကျနော် သတိရလာရပြန်သည်။ ထိုအခါ ကျနော့်မှာ ရုတ်တရက် ဆာတိုရီဉာဏ် လင်းလက်ရရှိလိုက်သလို ဖြစ်သွား၏။ ပန်းချီကားထဲက လူတယောက်၏ ‘အော်သံ’ မှာ။ မြွေမြိုခံရအံ့ဆဲဆဲ ဖားတကောင်၏ ‘အော်သံ’ များနှင့် တသံတည်း တထပ်တည်း ဖြစ်နေသည်ကို တအံ့တသြ ကျနော် တွေ့ရလေတော့သည်။ ။

January 18, 2008

ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ


(၁)
နံနက်ခင်း
ပြတင်းကို ဖွင့်ရင်
တောင်ကို မြင်ရမယ်။

တောင်ထိပ်မှာ
ဂန္တ၀င်ဆန်တဲ့ မြူခိုးတွေ
တနွဲ့နွဲ့ခွေရစ် “ရိုမန်းတစ်” ကဗျာ။

ကြားရဦးမယ်
မယ်တုက္ခီချောင်းထဲက ရေကျသံ
ရဟန်းပျို သမဂ္ဂကုန်းတော်ပေါ်က ကြေးစည်သံ
နံနက်ခင်း
ထမင်းစားရုံဖက်က ၀ါးခေါက်သံ
တော်လှန်ရေး ရေကင်းသံ
ကာရံစည်းချက် ချစ်မက်ဖွယ်ရာ။

ဒီမှာ
ပင်လုံးညွှတ်ပွင့်တဲ့ ပန်းတပင်
မြင်ရခြင်းမျိုး
နေရကျိုး သေရကျိုးနပ်စွာ
ငါ့ကို သူတို့စွန့်ခွါသွားခဲ့ကြ။

ဒီမှာ
ငါတို့ ရုံးရှေ့က
“ဒေါ်အောင်ဆန်းစုကြည် လမ်းကလေး”
လေနုအေးက နော့ဆဲကို။

ဒီမှာ
“အဖြူထဲမှာ အဖြူကိုရှာရ
အနက်ထဲမှာ အနက်ကိုရှာရ”
တခါတရံ ကိုယ့်ကိုယ်ကို ရှာရ
မကြာခဏလဲကျ ပြန်ထ။

ဒီမှာ
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
ရာဇ၀င်စံနှုန်း
လက်သစ်တောင်တာ
ယူဇနာဆုံးစေတော့
ယူကြုံးမရ နာကျည်းလက်ခံ
ဖါးစည်သံဟိန်း။

ဒီမှာ
ငါဟာ ကဗျာဆရာတဦးပါ
ခေါင်းရွက်ဗျတ်ထိုး ဈေးသည်မရဲ့ချစ်သူပါ
အနာဂတံဝါဒီ အိပ်မက်ကုန်စည်ကူးသူပါ
“မောင်သော်က”ရဲ့
မီးခြစ်တဆံနဲ့ အလံတခုထောင်ခဲ့သူပါ။

(၂)
ဘောနော်လေးရဲ့ ဆည်းဆာအတွက်
အိုမာခရမ်ရဲ့
နှင်းဆီတထောင် ယူဆောင်လာတဲ့ နံနက်ခင်း
ငါ ငြင်းဆန်လိုက်ပြီ မဒေ၀ီ။ ။

(ကရင်အမျိုးသမီး အစည်းအရုံး မဂ္ဂဇင်းမှ၊ ၁၉၉၂-အောက်တိုဘာလ )

January 15, 2008

အက်စစ်လရောင်နှင့် အကျဉ်းထောင်အိပ်မက်များ

(၁)
ဟောဒီမှာ
တောရိုင်းနေကြာတွေရှိတယ။်
ဟောဒီမှာ
တောင်ဇလပ်ပန်းတွေရှိတယ်။
ငါနှစ်ခြိုက်တဲ့
တောစံပယ်ပန်းတွေ
ဝေတဲ့ ကြွေတဲ့လမ်းကလေးရှိတယ်။
ဟောဟိုက
“ဘောနော်လေးတောင်” ထိပ်ပေါ်မှာ
သိက္ခာရှိတိမ်တချို့
လက်နဲ့လှမ်းတို့လို့ရသတဲ့။
မဟာဆန်တဲ့မြူခိုးများ
ခါးမှာစည်းသတဲ့။

ဟိုမှာ
ကြိုးကြာငှက်တွေ
မင်းဆီကို
ငါ့ကိုယ်စား
ဦးတည်ပြီး ပျံသန်းသွားနေကြ။

ဟိုး အဝေးဆီမှာ
ငွေမင်ရည်စည်းကြောင်း မြစ်စစ်တောင်းဟာ
ရန်သူ့လက်ထဲမှာ
ဒဏ်ရာတွေနဲ့ လူးလှိမ့်လို့နေခဲ့။

“ထွီးပါးဝီးကျိုးတောင်” ထိပ်မှာ
ညရဲ့ လှတန်ဆောင်ဟာ
လရောင် အတုံးအခဲတွေ
ဝုန်းကနဲ
ဗုံးကြဲသလိုကြဲချခဲ့။


အိပ်မက်ထဲမှာ
ငါ့ဆီကို
မင်းလာတဲ့အခါ
ကဗျာတွေ ယူခဲ့ပါ။
မင်းပြန်တဲ့အခါ
ကဗျာတွေ သယ်သွားပါ။
အဲဒီညမှာ
မင်းနဲ့ငါ ကဗျာအတူရွတ်ပြီး
ကမ္ဘာကြီးကို တိုက်ချွတ်ဆေးကြောခဲ့ကြ။

ဟောဒီတောင်ကြားထဲ
စံပယ်ပန်းတွေ အဆုပ်လိုက်ကြဲ
ငွေဗျိုင်းဖြူတွေ အုပ်လိုက်ဝဲ
နှင်းပွင့် နှင်းခဲ တဖွဲဖွဲကျ
ဒုံးယိမ်းကတဲ့ည
ဂီတအသစ်နဲ့ အချစ်ကြီးချစ်ရတဲ့ဘဝ
စစ်ကြီးဖြစ်နေတာတောင် မေ့သွားတဲ့တခဏ။

ငါ
ဘ၀မှာ
နှစ် နှစ်ဆယ်ကျော်ကြာ
လှပစွာ မွဲကြံ
တင်းခံခဲ့သူ။
“ဒေါ်အောင်ဆန်းစုကြည်လမ်းဆုံ” က
ဟောဒီ
“ထူးရာစိုး” လ္ဘက်ရည်ဆိုင်မှာ
ငါ့ရဲ့
မြို့ပြမှ ရခဲ့သော
ကြောရိုးပျော့ရောဂါ
မကြာခဏ ကုသဘို့ ကြိုးစားခဲ့သူ
တခါတလေ
“အမှားတွေကို အမှားတွေ” နဲ့ တိုက်မိခဲ့သူ
“ရှေ့က သွားရဲပေမယ့်
နောက်က မလိုက်ရဲ” ခဲ့သူ။

တခါတလေ
ဆရာ “ဗန်းမော်” ကို လွမ်းသ
“ဖေါ်ဝေး” ကို တမ်းတ
သူတို့
ဖက်ဆစ်အပေါ် အာဃာတကြီးမားကြ။
သူတို့ကို
“ပူသျှကင်” က
“သဘာဝရဲ့ ကြေကွဲလင်ပါသား” တဲ့လေ။
ဒီလိုနဲ့ပဲ
အိပ်မက်တခု လူထုဝေဒနာ
ကဗျာအသစ် အက်စစ်လရောင်
အကျဉ်းထောင်ထဲ
နေရဲ တိုးရဲ ဖြတ်ကျော်ရဲပေါ့။

(၂)
ဟော ...
“မာမာအေး” က
“ဒီည ကဗျာရေးပါဦး” လို့
ဆိုပြနေပြန်ပြီ
မဒေ၀ီ။ ။

၁၊ ၂၊ ၁၉၉၃
( ဒီကဗျာကတော့ အခုဆိုရင် ၁၄နှစ် ကြာခဲ့ပြီပေါ့ဗျာ။ ဒါပေမယ့် ကျနော့်ရဲ့ ဆွေးမြေ့မှုကတော့ ဒီကနေ့အထိ မဆွေးမြေ့နိုင်သေးတာ သေချာပါတယ်။ )


ဥရောပမဲဇာ

“နမ့်စွယ်ချောင်း”မှသည် အပြည်ပြည်ဆိုင်ရာ“ဒွန်မောင်းလေဆိပ်” သို့  (၁)

ခရီးသည်များနားနေဆောင်၏ မှန်ကာကြီးများကတဆင့် လေဆိပ်ကွင်းထဲကိုမြင်နေရသည်၊ ကွင်းထဲ၌ ဂျက်လေယာဉ် ငယ် တစင်းဆိုက်ထား၏၊ လာအိုလေကြောင်းမှဖြစ်သည်။ တစင်းထဲရပ်ထားသဖြင့် ထိုလေယာဉ်ဖြင့်ပင် ကျနော်လိုက်ပါရလိမ့်မည် ဟုခန့် မှန်းမိသည်။
ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်ကလေးပဲဟု စိတ်ထဲကထင်သည်။ ခရီးဆောင်လက်ဆွဲအိတ်များ ချိန်တွယ် စစ်ဆေးရန်နှင့် လူဝင်မှု ကြီးကြပ်ရေးအပေါက်ဝတို့ မှာ နားနေဆောင်၏ ဘေးတွင်ကပ်လျှက်ရှိနေသည်။ ခရီးသည်များမှာလည်း လူ နှစ်ဆယ်ခန့်ပင်ရှိသည်။ ဗီယက်ကျန်းလေဆိပ်ကို ကျဉ်းကျဉ်းငယ်ငယ်ကလေးပဲဟု ထင်မိသည့်အတွေးမှာ တိကျမှန်ကန်ကောင်း ရဲ့ဟု ယတိပြတ်ကျနော်မပြောနိုင်ပါ။ရန်ကုန်မင်္ဂလာဒုံလေဆိပ်နှင့် နှိုင်းယှဉ်ပြီးမှ စဉ်းစားခြင်းဖြစ်သည်။ သို့  တိုင်အောင်ကျနော်သည် မင်္ဂလာဒုံလေဆိပ်ကို ရောက်ဖူးသူမဟုတ်ပါ။ တခါတရံ ပဲခူးမှ ရန်ကုန်သို့ အသွား ကားလမ်းပေါ်ကတဆင့် လျပ်တပြက်လှမ်းမြင်ရ ခြင်းနှင့် ရုပ်ရှင်ကားတချို့ ၊ သတင်းစာတချို့ တွင်သာ မင်္ဂလာဒုံလေဆိပ်ကို မြင်ဖူးခြင်းဖြစ်သည်။ ထို့  ပြင်ဆိုက်ထားသည့် လေယာဉ်ကိုလည်း ကြီးသည်ငယ်သည်ဟူ၍ တိတိကျကျ ကျနော်မပြောနိုင်သေးပါ။ ကျနော်သည် လေယာဉ်စီးဖူးဖို့ ဝေးစွ။ လေယာဉ်တစီး၏ အနီးသို့ ပင်ကပ်၍ မကြည့်ခဲ့ဘူးပါ။ သို့ သော်လာအိုနိုင်ငံမှာ ဖွံ့ ဖြိုးမှုနှေးကွေးသည့် နိုင်ငံတခုဖြစ်သဖြင့် လေဆိပ်၏အနေအထားကို ကျနော့်စိတ်ထဲက အလိုလို အထင်သေးနေမိခြင်း ဖြစ်ကောင်းဖြစ်ပါမည်။
လေယာဉ်ပေါ်တက်ခွင့်ပြုသောအခါ ကျနော်က လက်ဆွဲသေတ္တာငယ်ကိုဆွဲကာ လူအုပ်ထဲဝင်ရောလိုက်သည်။ “ကိုမျိုးမြင့်” ကကျနော့်ပုခုံးကို ကိုင်ကာ နှုတ်ဆက်သည်။ သူနှင့်ကျနော်သိကျွမ်းရသည်မှာ မကြာသေး။ ပထမတခေါက် ခေတ္တခဏ သုံးရက်မျှ လာနေစဉ် ပန်းချီဆရာ “ကိုမောင်ဟန်” မိတ်ဆက်ပေးသဖြင့် သူသည်လာအိုတွင် အလုပ်လာလုပ်နေသူဟု သိခဲ့ရသည်။ ယခုတခေါက် တွင်မူ ကျနော်တယောက်တည်းရောက်လာသဖြင့် လေဆိပ်ဆင်းသည့်ကိစ္စကို သူကပဲ လိုက်ပို့ ကူညီခြင်းဖြစ်သည်။ သူ့ ကို နှုတ်ဆက်ပြီး လေယာဉ်ဆီလျှောက်လာနေစဉ် ကျနော့်ရင်ထဲ၌ တလှပ်လှပ်ခံစားလာရသည်။ ထိုစဉ်က ဖြစ်ပေါ်လာသည့် ခံစားမှု သည် အင်မတန်ခံစားရခက်သော တခါဘူးမျှ မခံစားဘူးသေးသော ခံစားမှုမျိုးဖြစ်သည်။ ခံစားရသမျှကို အသိနှင့်မထိန်းချုပ်ပဲ လွှတ် ပေးလိုက်လျှင် ရူးသွပ်သွားလုမတတ် လွတ်ထွက်သွားမလားဟုပင်ထင်မိသည်။
ယခုအခါကျနော်သည် လေယာဉ်တစင်းပေါ်တက်တော့မည်။ ထိုလေယာဉ်ဖြင့် ထိုင်းနိုင်ငံ “ဒွန်မောင်း”လေဆိပ်ကိုရောက် မည်။ ဒွန်မောင်းလေဆိပ်တွင် လေယာဉ်ပြောင်းစီးကာ ဒိန်းမတ်နိုင်ငံ “ကိုပင်ဟေဂင်”လေဆိပ်ကိုရောက်မည်။ ထိုမှတဆင့် “နော်ဝေး” နိုင်ငံကို ရောက်မည်။ ကျနော်၏ မြေပုံခရီးစဉ်မှာ သည်ဗီယက်ကျန်းလေဆိပ်မှပင် လက်တွေ့ စတင်မည်ဖြစ်သည်။
လေဆိပ်ခန်းမမှအထွက် လေယာဉ်ဆီသို့မရောက်ခင် ကွန်ကရစ်ကြမ်းပြင်ပေါ် လမ်းလျှောက်နေရင်းက ဒူးများညွတ်ကျ လုမတတ် တုန်လှုပ်နေသေးသည်။ ခေါင်းထဲတွင် အသံမျိုးစုံဆူညံလာကာ မူးမူးဝေေ၀ဖြစ်လာရသည်။ ညာဖက်လက်ထဲက လက်ဆွဲသေတ္တာသည် ပါလာသည်ဟုမထင်တော့။
တချိန်ထဲမှာပင် ကျနော့်မျက်စိထဲ၌ “မဒေ၀ီ”ကို မြင်သည်။ သားသမီးများကို မြင်သည်။ ကျနော်သည် ကမ္ဘာကြီး၏ မြောက်ဝန်ရိုးစွန်းနှင့် အနီးဆုံးနိုင်ငံ တခုသို့ ထွက်ခွာလာပြီဖြစ်သည်။ သို့ သော် မဒေ၀ီနှင့်သားသမီးများကို ကျနော်စွန့် ခွာ သွားနေခြင်းမဟုတ်။ နယ်စပ်ဒေသကို စွန့် ခွာသွားနေခြင်းမဟုတ်။ ကျနော်ချစ်သော ချစ်သူများကို စွန့်ခွာသွားနေခြင်းမဟုတ်။ ကျနော်၏ခရီးမှာ အသွားတကြောင်းတည်းသာရှိသည့် လမ်းခရီးမဟုတ်။
ထောင်ထားသည့် လှေကားမှတဆင့် ခရီးသည်များ လေယာဉ်ပေါ်တန်းစီပြီး တက်ကြရသည်။ အပေါက်ဝတွင် လေယာဉ် မယ်နှစ်ဦး။ လေယာဉ်လက်မှတ်များကို ပြရသည်။ ကျနော်သည်ရုတ်တရက်နောက်ကို ပြန်လှည့်ရပ်ကာ ကိုမျိုးမြင့်ရှိရာ လေဆိပ်အ ဆောက်အဦးဆီကို ရုပ်ရှင်တွေထဲကဇာတ်လိုက်လို လက်တချက်ဝှေ့ ရမ်းနှုတ်ဆက်လိုက်သည်။ ပြီးမှ လေယာဉ်ကိုယ်ထည်အတွင်း သို့ ဝင်ခဲ့သည်။ လူသွားလမ်းပေါ်ကတဆင့် ထိုင်ခုံနံပါတ်များကို ကြည့်သည်။ ကျနော်ထိုင်မည့်ထိုင်ခုံမှာ ပြတင်းပေါက်ဘေးတွင်ရှိသ ဖြင့် ကျေနပ်သွားသည်။ ပြီးတော့ကျနော့်ဘေးက ထိုင်ခုံတွင် ခရီးသည်မရှိ။
ပြတင်းပေါက်ကတဆင့် လေဆိပ်အဆောက်အဦးကို လှမ်းမြင်နေရသည်။ သို့ သော် လေယာဉ်အတောင်ပံက ကွယ်နေသ ဖြင့် လေဆိပ်၏တပိုင်းတစကိုသာ မြင်ရသည်။ ကိုမျိုးမြင့်လည်း လေဆိပ်မှ ပြန်သွားလောက်ပြီ။ နေရာယူပြီးဆယ်မိနစ်ခန့် အကြာ တွင် ဓါတ်ခွက်သံပါသည့် အသံချဲ့ စက်မှတဆင့် လေယာဉ်ထွက်ခွာတော့ မည့်အကြောင်း လေယာဉ်မယ်တဦး၏ အသံကိုကြားရ သည်၊ ခါးပတ်ပတ်ဖို့ နှိုးဆော်သည်။ ကျနော်က ခုံတလုံးကျော်က ခရီးသည် အမျိုးသားကြီးလုပ်သလို လုပ်ကြည့်ရင်းဖြင့် ခါးပတ်ပတ်ခြင်းအမှု အောင်မြင်သွားခဲ့ပြီ။
လေယာဉ်ကပြေးလမ်းတွင်နေရာယူကာ စက်ရှိန်မြှင့်လိုက်သည်။ အမျိုးအမည်မသိ အဆောက်အဦးများ ရိပ်ကနဲရိပ်ကနဲ နောက်တွင်ကျန်ရစ်ခဲ့သည်။ ဦးခေါင်းပိုင်း တချက်မော့ကာ လေယာဉ်ကိုယ်ထည်ကြီးတခုလုံး လေထဲသို့ ကြွတက်လာခဲ့သည်။ ခပ်မော့မော့အနေအထားဖြင့် တခဏမျှရှိနေပြီးနောက် နေသားတကျဖြစ်ကာ တိမ်ထုထဲဝင်မိသွားသည်။ အောက်ဖက်တွင် လယ်ကွက်များ၊ အိမ်များကို မမြင်ရတချက်၊ မြင်ရတချက် ရှိနေသေးသည်။ ကျနော်သည် နောက်မှီတွင်ခေါင်းတင်ကာ မျက်လုံးကို မှိတ်ပြီး စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ကြိုးစားရပြန်သည်။ မျက်လုံးဖွင့်ကြည့်တော့ လူသွားလမ်းလေးပေါ်က တဆင့် လေယာဉ် မယ်တဦးက တစုံတခုလှမ်းပေးနေသည်ကို တွေ့ ရသည်။ လက်ထဲရောက်လာသည့် ဘူးကလေးကို ဖွင့်ကြည့်တော့ အသား ညှပ်ပေါင်မုန့် တခုကိုတွေ့ သည်။ နောက်ထပ်ပြီး အချိုရည် တဘူးပေးပြန်သည်။
လေယာဉ်မယ်ကလေးမှာ အသက်(၂၅)နှစ်ခန့် ရှိမည်ထင်သည်။ သူက စကတ်လိုလို၊ ထမီလိုလိုကို ခပ်တိုတို ချပ်ချပ်ရပ်ရပ် ခါးပတ်ပတ်ပြီး ၀တ်ထားသည်။ ထမီက အစိမ်းရင့်ရောင်၊ အင်္ကျိကရင်စေ့လည်ထောင်အဖြူ။ ကျနော်တို့ ဆီက ကျောင်းဆရာမလေး တဦးနှင့်ပင် တူနေသေးတော့သည်။ အသားခပ်ညိုညို၊ အရပ်အမောင်းကောင်းကောင်းဒေါက်မြင့်ဖိနပ်နှင့် လမ်းလျှောက်သွားစဉ် သူက ခရီးသည်များကို ခေါင်းငြိမ့်ပြုံးပြလုပ်ပြတတ်သည်။ တရုတ်ရုပ်ရှင်ကားတခုထဲက ကချေသည်တဦး ခေါင်းငြိမ့်ခါးချိုးလုပ်ပြ သည်ကို ကျနော်သွားပြီးသတိရလိုက်သည်။
ဘူးကလေးထဲက မုန့် ကိုစား၊ အချိုရည်တဘူးကုန်အောင်သောက်ပြီးသောအခါ ရှေ့ ထိုင်ခုံနောက်ကျောက သားရေအိတ် ကလေးကိုဆွဲကာ မုန့် ဘူးခွံ၊ အချိုရည်ဘူးခွံတို့ ကို သိမ်းလိုက်သည်။ နာရီိကိုကြည့်တော့ ထိုင်းစံတော်ချိန် (၁၃း၀၀)ရှိပြီ။ တနာရီ အတွင်း ဒွန်မောင်းလေဆိပ်ကို ရောက်တော့မည်ဖြစ်သဖြင့် နာရီကို အချိန်မပြောင်းပဲ သည်အတိုင်းထားလိုက်သည်။ အာရှတိုက် သား ချည်းပဲဖြစ်သည်။ လူနှစ်ဆယ်ကျော်ခန့် ပဲရှိမည်ထင်သည်။ လေယာဉ်ကိုယ်ထည်က သန့်ပြန့် သည်။
ဗိုက်ထဲတွင် အစာဝင်သွားပြီဖြစ်သဖြင့် လှုပ်ရှားလျှက်ရှိနေသော စိတ်မှာ တစုံတရာ တည်ငြိမ်လာခဲ့ပြီ။ လေယာဉ်ကိုယ် ထည်ကြီးတခုလုံး လေထဲတွင် တည်တည်ငြိမ်ငြိမ်နှင့် မောင်းနှင်နေပြီဖြစ်သဖြင့် စိုးရိမ်ထိတ်လန့် မှုသည်လည်း လျော့ပါးသွားပြီ ဖြစ် သည်။ ထိုင်ခုံနောက်မှီတွင် ခေါင်းတင်လိုက်သောအခါ နမ့်စွယ်ရွာကလေးက ကျနော့်အတွေးထဲ ခုန်ဝင်လာလေတော့သည်။

( ၁၉၉၅-ခု၊ ဖေဖေါ်ဝါရီလထဲတွင် “မာနယ်ပလော” တော်လှန်ရေးဌါနချုပ်ကို နအဖစစ်တပ်များ သိမ်းပိုက်ခဲ့သည်။ ကျနော်က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့အနီး၊ မြန်မာနိုင်ငံနယ်စပ်နှင့် နီးသည့် “နမ့်စွယ်” ရွာတွင် ခိုလှုံခဲ့ရသည်။ ဇွန်လထဲတွင် “နော်ဝေး” နိုင်ငံသို့ တော်လှန်ရေးတာဝန်ဖြင့် ခရီးထွက်ရသည်။ နဂိုရ်ကတည်းက ခရီးသွားစာပေများကို နှစ်သက်ခဲ့သူဖြစ်သဖြင့် ကျနော်၏ “နော်ဝေးနိုင်ငံ ခရီးစဉ်” ကို “ဥရောပမဲဇာ” ဟု ခေါင်းစဉ်တပ်ကာ ခေါင်းစဉ်ငယ်များခွဲလျက် အခန်းဆက်ခရီးသွားဆောင်းပါးများ ရေးခဲ့၏။ ယင်းဆောင်းပါးများကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗဟိုပြန်ကြားရေဌါနမှ တလတကြိမ်၊ တခါတရံ အဆင်ပြေ သလို ထုတ်ဝေသည့် “ရေစီးသံ” ဂျာနယ်တွင် (၂)နှစ်ကြာ အခန်းဆက် ထည့်သွင်းဖေါ်ပြခဲ့၏။ အခုတော့ ကျနော့်ရဲ့ Blog မှာ၊ ဒီကနေ့ကစပြီး အပါတ်စဉ်ဖေါ်ပြပေးသွားမှာပါ။ )


January 12, 2008

ကျနော်နဲ့  မြင်းများ

(က)
နွေခေါင်ခေါင် ကတ္တရာလမ်းပေါ် တခွပ်ခွပ်နဲ့ ကြားရတဲ့ မြင်းလှည်းမြင်းခွါသံကို ကျနော်မကြားရက်ဘူး။ အဲဒီ မြင်းခွါသံကို တခါတရံနားထဲမှာ ပြန်နားထောင်မိရင် မြင်းလှည်းရှေ့ က တုံ့ ဆိုင်းဆိုင်းနဲ့ ပြေးနေတဲ့မြင်းကို မျက်စေ့ထဲမှာမြင်ပြီး တံတွေးမြိုချလု မတတ် ရင်ထဲမှာတင်းကြပ်သွားရတယ်။ နံရိုးအပြိုင်းပြိုင်း၊ မြင်းဝမ်းဗိုက်ကိုပါတ်တဲ့ သားရေကြိုးတ၀ိုက်မှာ ချွေးတွေရွှဲနစ်လျက်၊ အကြောအချဉ်တွေ တုံ့ ဆိုင်းဆိုင်းနဲ့  မလှုပ်တလှုပ်ပြေးနေတဲ့ “ မြင်း ” ရဲ့ ရုပ်ပုံလွှာကို ကျနော်မမြင်ရက်ဘူး။ ပြီးတော့ မြင်းရဲ့  မျက်စေ့နှစ်လုံးဘေးမှာ ဘေးဘီကိုမမြင်ရအောင်ကာထားတဲ့ မျက်လုံးကာနှစ်ခု။ တခုပဲစိတ်ထဲမှာ ဖြေလို့ ရတာရှိတယ်။ အဲဒါ ကတော့ မြင်းခွါအောက်မှာ သံခွါကိုသံနဲ့ ရိုက်ပြီး ကပ်ထားပေးလို့ သာပဲပေါ့။ နို့ မို့ ရင် ကတ္တရာလမ်းပေါ်မှာ မြင်းခွါတွေပွန်းပဲ့ ကျိုးကြေကုန်မယ်။
ကျနော်ဟာ မြေလတ်က မြို့ ကလေးတမြို့ မှာ မွေးခဲ့ကြီးပြင်းခဲ့သူပါ။ မြင်းလှည်းနဲ့ ကျနော် နေ့ တိုင်းဆုံနေကြပါ။ အထူး သဖြင့် ကျနော်ငယ်စဉ် ကျနော့်ဖခင်က မြင်းနှစ်ကောင်ကိုမွေးပြီး မြင်းလှည်းထောင်ခဲ့ဖူးလို့  မြင်းလှည်းနဲ့ ကျနော် တကယ့်ကို အကြွမ်းတ၀င်ပေါ့။ ကျနော့်ဖခင်က တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်လေတော့ ကျနော်နေတဲ့မြို့ ကလေးနဲ့ ၊ တခြားရွာနီးချုပ်စပ်က မြင်းတွေ၊ နွားတွေကို ဆေးလိုက်ကုတဲ့အခါ၊ အိမ်ကမြင်းလှည်းနဲ့ ပဲ သွားတတ်ပါတယ်။ မြင်းလှည်းမောင်းတဲ့လူတယောက်လည်း ရှိတယ်။ မြင်းလှည်းဆရာက ကျနော့်ဖခင်သွားလိုရာ လိုက်ပို့ ပြီးရင် မြို့ ထဲမှာ ဂိတ်ထိုးပြီး မြင်းလှည်းအငှါးမောင်းပါတယ်။ ရတဲ့ ပိုက်ဆံသူပဲယူပါတယ်။ ဒီတုန်းက အိမ်နောက်ဖေးမြင်းဇောင်းထဲက မြင်းနှစ်ကောင်ကို တခါတရံ ကျနော်ကျောင်းရပါတယ်။ စီးလည်းစီးပါတယ်။ ဒီတုန်းကတော့ မြင်းတွေရဲ့ ဘ၀ကို ကျနော်နားမလည်ခဲ့ပါဘူး။
တနေ့ မှာ ကျနော်ဟာ ကျောင်းကပြန်လာတော့ အိမ်သားတွေ မျက်စေ့မျက်နှာမကောင်း ဖြစ်နေကြပါတယ်။ ကျနော့်မိခင် က တခြားအိမ်မှာသွားငိုနေပါတယ်။ ကျနော်တို့ အိမ်မှာမွေးထားတဲ့ မြင်းနှစ်ကောင်အနက်က အသက်ကြီးတဲ့မြင်း၊ သေဆုံးသွား လို့ ဖြစ်ပါတယ်။ ဘာပြုလို့ သေတာလဲလို့  ဖခင်ကိုမေးကြည့်တော့ အမောဆို့ နှလုံးကွဲပြီးသေသွားတာလို့  ဖြေပါတယ်။ မြင်းလှည်း ဆရာကြီး “ ဦးသြ ” က စလင်းနဲ့ ဆင်ဖြူကျွန်း (၆)မိုင်ခရီးကို အဲဒီနေ့ က နှစ်ခေါက်ပြေးသတဲ့။ “ ဦးသြ ” လည်း ယူကျုံးမရဖြစ်ပြီး တနေ့ လုံးငိုပါတယ်။ ဖခင်ကတော့ ဒီလိုစိတ်မကောင်းစရာမျိုး နောက်ထပ်မကြုံချင်ဘူးဆိုပြီး အဲဒီကတည်းက ကျနော်ကြီးတဲ့အထိ မြင်းတွေကို မမွေးတော့ပါဘူး။ ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ကျနော်လည်းသဘောတူပါတယ်။ မြင်းလှည်းစီးတဲ့အချိန်တိုင်း မြင်းရဲ့ ကြောပေါ်၊ တင်ပါးပေါ် ကျကျသွားတဲ့ကြာပွတ်သံ တရွှမ်းရွှမ်းကိုကြားရင် ကျနော့်ကြောဟာလည်း အလိုလိုမသိမသါ ကော့လိုက်မိတာမျိုး၊ မြင်းရဲ့ မျက်လုံးနှစ်ဖက်ကိုအုပ်ထားတဲ့ မျက်လုံးကာနှစ်ခုကို မချင့်မရဲနဲ့ ပြေးပြေးပြီး ဆွဲဖယ်လိုက်ချင်တာမျိုး ကျနော်မခံစားရတော့ဘူးပေါ့။ အဲဒီနှစ်ထဲမှာ ကျနော်တို့ မိသားစု ပဲခူးကိုပြောင်းရွှေ့ လာခဲ့ကြရလို့  ကျနော်လည်းပဲ “ မြင်း ” တွေနဲ့  ဝေးသထက်ဝေးခဲ့ရပါတယ်။
(ခ)
၂၀၀၇-ဇွန်လပိုင်းထဲမှာ လွတ်လပ်တဲ့အာရှအသံက အသံလွှင့်တဲ့သတင်းတပုဒ်ကို အမှတ်မထင်နားထောင်ရင်း နှစ်ပေါင်း များစွာ မေ့နေခဲ့တဲ့ “ မြင်း ” တွေကို ရုတ်တရက် ပြန်တွေးလိုက်မိပါတယ်။ သတင်းထဲမှာက အစိုးရက အခွန်တိုးကောက်တာခံရလို့  ဒုက္ခနဲ့  ရင်ဆိုင်နေရတဲ့ မြင်းလှည်းသမားတဦးနဲ့  အမေးအဖြေလုပ်တဲ့ သတင်းပါ။ အောင်လံမြို့ က မြင်းလှည်းဆရာက အခွန်တွေတိုး ကောက်တာခံရလို့  ၀င်ငွေလျော့သွားတဲ့အကြောင်း ပြောပါတယ်။ သတင်းဌါနက ၀င်ငွေလျော့ရင် ကာမိအောင် ဘယ်လိုလုပ်မလဲလို့  မေးတော့၊ မိသားစုစားတာတော့ လျော့လို့ မဖြစ်ဘူးပေါ့ဗျာ၊ မြင်းစာကိုတော့ လျော့ရတော့မှာပေါ့လို့  ဖြေပါတယ်။ မမျှော်လင့်ပဲ ဒီသတင်းကိုကြားရတဲ့အခါ၊ ကျနော့်ရင်ထဲမှာ “ မြင်း ” တွေအတွက် ပူပင်သောက ရောက်ရပြန်ပါတယ်။ နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ “ မြင်း ” တွေကို နေ့ တိုင်းလိုလိုတွေးပြီး စိတ်ပူမိတယ်။ ဒီအတိုင်းဆိုရင်တော့ “ မြင်း ” တွေအတွက် ခက်ရချည်ရဲ့ လို့ ခံစားရပါတယ်။ ဒီလိုနဲ့  “ မြင်း ” တွေဟာ ကျနော့်ဘ၀ထဲ ပြန်ရောက်လာခဲ့ရပြန်ပါတယ်။ “ မြင်း ” တွေကိုကြည့်ပြီး၊ “ မြင်း ” တွေရဲ့ ဘ၀ကိုတွေးပြီး၊ ရင်ထဲမှာ တမြေ့မြေ့နဲ့ ခံစားရတဲ့ ကိုယ်ချင်းစာစိတ်ဟာ၊ “ မြင်း ” နဲ့ ပါတ်သက်တဲ့ ကဗျာနှစ်ပုဒ်ကို ဖတ်ရတဲ့အခါ ပိုပြီးတော့ ကြေကွဲ ရပါတော့တယ်။

မြင်း

ပြေးနေကျအတိုင်းပြေးပေးနေတာပါပဲ
ဒါကိုပဲ
မြင်းလှည်းဆရာက ထုံးစံအတိုင်း
အသားလွတ်ကျာပွတ်နဲ့ ရိုက်တယ်
မြင်း ခါးကော့သွားတယ်။ ကျွန်တော့ကျော နာသွားတယ်။
မိန်းမနဲ့ စိတ်ဆိုးလာလည်း
မြင်းကိုပဲ ရိုက်တာပဲ။ ကျွန်တော့ကျော နာသွားတယ်
အရက်ဖိုးမရသေးလို့  စိတ်တိုလာလည်း
မြင်းကိုပဲ ရိုက်တာပဲ။ ကျွန်တော့ကျော နာသွားတယ်
မြင်းက ဒါ ၀ဋ္ဋ်ကြွေးလားလို့ တွေးတယ်။
ကျွန်တော်က လောကဓံလားလို့ တွေးတယ်
မြင်းက ဘယ်လိုလူတွေထဲ
ငါရောက်နေတာလဲလို့  တွေးတယ်။
ကျွန်တော်က ဘယ်လိုသတ္တ၀ါတွေထဲ
ငါရောက်နေတာလဲလို့  တွေးတယ်
မြင်းက ကွင်းပြင်ကျယ်ကြီးဆီ
ထွက်ပြေးချင်တယ်။
ကျွန်တော်က မိတ်ကောင်းဆွေကောင်းတွေဆီ
ထွက်ပြေးချင်တယ်
မြင်းက မြက်ဆာတယ်။
ကျွန်တော်က ထမင်းဆာတယ်
ပြေးမြဲပြေးနေရတာပဲ။
လမ်းလျှောက်မြဲ လမ်းလျှောက်နေရတာပဲ
မြင်းက အိုင်းစတိုင်းကို မသိဘူး။
ကျွန်တော်က အိုင်းစတိုင်းကို စိတ်မ၀င်စားဘူး
မြင်းက ထီးကိုမသိဘူး။ ကျွန်တော်ကို ထီးကိုမချစ်ဘူး
မြင်းက ဒေါ်လာပေါင်ကို မသိဘူး။
ကျွန်တော်က ဒေါ်လာပေါင်ကို မယုံကြည်ဘူး
မြင်းက တက်ကျမ်းကို မသိဘူး။
ကျွန်တော်က တက်ကျမ်းကို မဖတ်ဘူး
မြင်းဆိုတာ
ကြိုးတန်းလန်းနဲ့ နေရရုံသက်သက်ပဲလား
ခရီးသည်လှည်းကိုဆွဲပေးရုံသက်သက် သတ္တ၀ါတစ်ကောင်ပဲလား
မြင်းက ပိုပြီးမောလာတယ်။
ကျွန်တော်လည်း ပိုပြီးမောလာတယ်
မြင်းက သူ့ တင်းကုပ်ဆီ ပြန်ချင်နေတယ်။
ကျွန်တော်က ကျွန်တော့အိမ်ဆီ ပြန်ချင်နေတယ်။
ဒီမြင်း
ပေကပ်ကပ်လုပ်တော့မယ်ဆိုတာ သိတာနဲ့ တစ်ပြိုင်နက်
မြင်းလှည်းဆရာက
မြင်းရဲ့ ကျောပြင်ကို
သူ့ ကျာပွတ်နဲ့  အဆက်မပြတ်ရိုက်နေတော့တယ်
ကျွန်တော့ ကျောပြင်လည်း
အဆက်မပြတ် နာကျင်နေတော့တယ်။ ။

ကွန်စစ်ကောင်း

နောက်ထပ်ပြီး မြင်းနဲ့ ပါတ်သက်တဲ့ ကဗျာတပုဒ်ကို ဖတ်ရပြန်ပါတယ်။

မြင်းဝါလေး

မချစ်လို့ တော့ မဟုတ်ပါဘူးတဲ့
မြင်းတစ်ကောင်မို့  လှည်းဆွဲရမယ်
မသနားလို့ တော့ မဟုတ်ပါဘူးတဲ့
မြင်းရှာတဲ့လုပ်အားကို မြင်းအတွက်သုံးစရာမလို
“ မြင်းဇောင်းကောင်းကောင်းမလို
အစာအသင့်အတင့်ကျွေးရင် ကျေနပ်နေတာပဲ။
မြင်းဆိုတာ ခံနိုင်ရည်ရှိတယ်
တစ်နေကုန် ပြေးလည်း မပင်ပန်းဘူး
ပူလည်းဖြစ်တယ် အေးလည်းဖြစ်တယ်
လမ်းကြမ်းလည်း သံခွာရှိတယ်
တကယ့်ကို ချစ်ပါတယ်
မြင်းဖြစ်တဲ့အတွက်တော့ ဆက်ခိုင်းရမယ်
ပတ်ဝန်းကျင်ကို မမြင်အောင် မျက်လုံးကို ဖုံးထားတယ်
ဝန်များများဆွဲအောင် နာနာရိုက်ရမယ်တဲ့
ကြိုးဆွဲရင်ရပ် တုတ်တို့ ရင်ပြေး
သေသွားရင်တောင်
အမြီးလေးကို ခြင်ရိုက်တံအဖြစ် အမြတ်တနိုး သုံးဦးမှာတဲ့
မြင်းကတော့ မြင်းဖြစ်တဲ့အတွက် ဒါတွေမသိပါဘူး
ဆွဲစရာ ၀န်မရှိလို့  မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့
ပျော်လွန်းလို့  ပြေးနေလိုက်တာ
ဟီသံတွေများ အ၀ါရောင်သန်းလို့  ။ ။
စိုးမိုးယံ



(ဂ)
“ မြင်း ” တွေအကြောင်း ရေးထားတဲ့ကဗျာနှစ်ပုဒ်က ကျနော့်ကို “ မြင်း ” တွေအကြောင်း ပြန်တွေးစေတယ်။ “ မြင်း ” တွေရဲ့  ခွါသံကိုပြန်ပြီး ကြားစေတယ်။ အစာလျှော့ကျွေးရတော့မှာပေါ့လို့ ပြောတဲ့ မြင်းလှည်းဆရာရဲ့ အသံကို ကျနာ် မကြားရက်ဖူး။ နှလုံးကွဲပြီးသေသွားတဲ့ “ မြင်း ” တကောင်ရဲ့ ဘေးမှာ ကျနော်ရပ်နေခဲ့ဖူးတယ်။
“ မြင်း ” ဟာ တကယ်ပဲ ၀န်တင်လှည်းကိုဆွဲဖို့  သက်သက်ဖြစ်လာတဲ့ “ ဖြစ်တည်မှုတခု ” များလား။ မြင်းရှာလို့ ရတဲ့ ပိုက်ဆံဖြစ်ပေမယ့် မြင်းစာကိုတော့ လျှော့ကျွေးရလိမ့်မယ်လို့ ၊ မြင်းလှည်းဆရာကို ဘယ်သူကများ အတင်းအဓမ္မပြောခိုင်းခဲ့ တာလဲ။
ကဗျာတပုဒ်မှာ “ ဆွဲစရာ ၀န်မရှိလို့ ၊ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့၊ ပျော်လွန်းလို့ ပြေးနေလိုက်တာ၊ ဟီသံတွေ များ အ၀ါရောင်သန်းလို့ …” ဆိုပြီး ဖတ်ရတယ်။ ဒီကဗျာကိုဖတ်ပြီးတော့ ကျနော်လည်း တချက်လောက် “ ဟီ ” ကြည့်ရရင် ကောင်း မလား။ ကျနော့် “ ဟီသံ ” တွေဟာ အ၀ါရောင်သန်းမှ သန်းပါ့မလား။ ဒီိလိုနဲ့  မြင်းတွေအကြောင်း အတွေးလွန်ခဲ့ရင်းက ညတညမှာ အိပ်မက်ထဲ မြင်းတွေကို ထည့်မက်မိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အိပ်မက်ကနိုးတော့၊ ကျနော့်ကြောပြင်ဟာ ကျိန်းစပ်လို့ နေပါ တော့တယ်။ ။



ကိုးကား။ ။ စံပယ်ဖြူ၊ ဇူလိုင် ၂၀၀၇
မဟေသီ၊ ဇွန် ၂၀၀၆

ချစ်သူရေးတဲ့ ကြယ်စုံညနှင့် မီးလောင်နေသော ဆိုက်ပရပ်စ်ပင်များ

(က)
တယ်လီဖုံးမြည်သံကြောင့် ကျနော်အိပ်ပျော်ရာက လန့်နိုးလာခဲ့သည်။
သည်အိမ်ထဲတွင် ကျနော့်အိပ်ခန်းက တယ်လီဖုံးထားရာနေရာနှင့် အနီးဆုံး။ ထို့ ကြောင့် အိပ်ချင်မူးတူးနှင့်ပင် အိပ်ယာမှ ထကာ အခန်းအပြင်ဖက်၊ စင်္ကြန်လမ်းပေါ်ထွက်ရပ်လိုက်ရသည်။ တယ်လီဖုံးကို ပခက်ပေါ်က ဆွဲယူပြီးနားထောင်သည်။
“ကိုငြိမ်းဝေ။ ခင်ဗျား ဥရောပမှာ လရောင်မရှိဘူးလို့ ပြောတယ် မဟုတ်လား ”
“ဗျာ”
ကျနော့်နားထဲတွင် တခြားဂြိုလ်တခုက ဂြိုလ်သားတဦးရဲ့ အသံကိုကြားလိုက်ရသလို တအံ့တသြဖြစ်သွားရ၏။
“အော်…ခင်ဗျားက အော်စလိုကို ရောက်ကတည်းက ဥရောပမှာ လရောင်တကယ်ရှားတယ်၊ လရောင်ကိုလုံးဝမတွေ့ ရ ဘူးလို့  ခဏခဏပြောတယ်မို့ လား”
တဖက်မှ ပြောနေသူမှာ ကိုမောင်မောင်မြင့် ( ဒေါင်းညို ) ၏အသံမှန်း ကျနော်မှတ်မိသွားရသည်။
“အော်…အော်၊ ဟုတ်တယ်၊ ဟုတ်တယ်လေ၊ အဲဒါဘာဖြစ်လို့ လဲ”
“ဘာဖြစ်ရမှာလဲဗျ၊ ခင်ဗျားအခု အခန်းအပြင်ဖက်ထွက်ကြည့်လိုက်စမ်းပါ၊ ထွက်ဆိုအခုထွက်ကြည့်နော်၊ အပြင်ဖက်မှာ လသာနေတာ စာထိုင်ဖက်လို့ တောင်ရမယ်ထင်တယ်၊ ကဲ…ဥရောပမှာလည်း လရောင်တွေရှိတယ်ဆိုတာ ခင်ဗျားယုံပြီလား၊ ဒါပဲနော် ကျုပ်တော့အိပ်တော့မယ်၊ ခင်ဗျားကို ဒီအကြောင်းပြောချင်လို့  ဖုံးဆက်လိုက်တာ ဘိုင်…ဘိုင်…”
ပထမတော့ စိတ်ထဲတွင် အနည်းငယ်အ်ချဉ်ပေါက်သွား၏။ အချိန်ကိုကြည့်တော့ ည(၁၂)နာရီကျော်ပြီ။ ဒီအချိန်ကြီး ကြမှများ ဖုံးဆက်ပြီးပြောရမလားဟု စိတ်အချဉ်ပေါက်မိခြင်းဖြစ်သည်။ သို့ သော် သူ့ စကားထဲတွင် “လရောင်” များအကြောင်း ကြားလိုက်ရသောအခါ ကျနော့်မျက်လုံးများ ရုတ်တရပ်ပြူးကျယ်သွားရ၏။
ကမန်းကတန်း ည၀တ်အင်္ကျီအ၀တ်အစားများကိုချွတ်ကာ၊ ကိုယ်ကြပ်အသားကပ်အင်္ကျီနှင့် ဘောင်းဘီကို လည်းရသည်။ အပေါ်မှအင်္ကျီလက်ရှည်နှင့် ရှိုးဘောင်းဘီကိုဝတ်သည်။ ဂျာကင်အနွေးထည်ကို ၀တ်သည်။ အပေါ်ဆုံးက အနွေးထည်သက္ကလပ် ကုတ်အင်္ကျီရှည်ကို ၀တ်ရပြန်သည်။ ပြီးတော့ လည်စီး၊ သိုးမွေးဦးထုပ်။
အဆောင်တံခါးမကြီးကို တွန်းဖွင့်ပြီး အပြင်ကိုထွက်ရပ်လိုက်တော့ လရောင်များက ကျနော့်ကိုယ်ခန္ဓာပေါ် ပြိုကြလာ၏။ လမ်းမပေါ်ကိုကြည့်သည်။ လမ်းတဖက်က အဆောက်အဦးများကိုမော့ကြည့်သည်။ ကားလမ်းတဖက်တချက်စီတွင် တန်းစီပြီး ငြိမ်ကုတ်နေကြသည့် ကားများကိုကြည့်သည်။ လရောင်များကို ကျနော်မြင်နေရသည်။ အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ နီညိုရောင်။
(ခ)
“ဂျူး” ရဲ့  “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” စာအုပ်ကိုဖတ်ရတော့၊ ၁၉၉၆-ခုနှစ်တုန်းက၊ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ တွင်ကြုံခဲ့ ရသည့်အဖြစ်ကို ကျနော်သတိပြန်ရလာခဲ့သည်။ လရောင်နှင့်ပါတ်သက်သော ကျနော်၏ ရူးသွတ်မှုတခု…။ ကျနော်က လရောင်များ ကိုချစ်သည်။ လရောင်များကို စောင့်ကြည့်တက်သူ။ လရောင်တမ်းမက်သူ။ သို့ သော် အော်စလိုသို့ ရောက်ကတည်းက (၄)လ နီးပါး ကြာသည်အထိ လရောင်များကို ကျနော်မတွေ့ ခဲ့ရ။ သို့ မဟုတ် မကြုံခဲ့ရ။ ထို့ ကြောင့် “လရောင် တုံးတုံးအအ ဖြစ်လွန်းသည့် ဥရောပ” ဟု ကျနော်က ငြီးငြူ၏။ ငြီးငြူဖန်များတော့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေကြီး “ကိုမောင်မောင်မြင့်”က နားကြားပြင်းကပ်ဟန် တူပါသည်။ လရောင်များ အတုံးလိုက်အတစ်လိုက် ၀န်းပလွန်းသည့်ညတညတွင် ၊ ကျနော့်ကို ဖုံးဆက်ပြီး၊ ဥရောပလမ်းရောင်များ နှင့် ကျနော့်ကိုမိတ်ဆက်ပေးခဲ့၏။ သူက တယ်လီဖုံးဆက်ပြီးပြောသည့်အချိန်က သန်းခေါင်ကျော် သန်းခေါင်လွဲအချိန်။ သို့ သော် ကျနော့်မှာ သူ့ ကိုကျေးဇူးတင်လို့ မဆုံးခဲ့။ ဥရောပလရောင်များအောက်တွင်၊ တနာရီနီးပါးမျှ ကျနော်လမ်းလျှောက်နေခဲ့ဖူး၏။
ယခုအခါ “ဂျူး” က၊ “ည” နှင့်ဆက်နွယ်သည့် ပန်းချီကားများကို ခံစားပြရာတွင် (ဂျူးက-ပန်းချီကားများကို ဇာတ်အိမ် ဇာတ်ကွက်ဖန်တီးပြီးမှ၊ တနည်းအားဖြင့် ၀တ္တုအဖြစ် ဖန်တီးပြီးမှ၊ ၀တ္တုထဲက ဇာတ်ကောင်များမှတဆင့် ပန်းချီကားများကို ခံစားပြ ခြင်းဖြစ်သည်။) ကျနော်က- ဗင်းဆင့်ဗန်ဂိုး ၏ “ညအချိန်ကဖေးဆိုင် မျက်နှာစာ” ပန်းချီကား နှင့် ပါတ်သက်သည့် ၀ထ္တုတိုလေးကို ဖတ်ရတော့၊ “ကိုမောင်မောင်မြင့်” ၏ ကျေးဇူးနှင့် ပထမည ဥရောပလရောင်များကို ကျနော် ထွက်ကြည့်ပြီး၊ နောက်တနေ့ည ဘုရင့်နန်းတော်ရှေ့ ၊ ကာရိုဟန်လမ်းမကြီးပေါ် လမ်းထွက်လျှောက်ခဲ့သည်ကိုထပ်ပြီး သတိရလာခဲ့ ရပြန်သည်။
ကာရိုဟန်လမ်းမကြီးပေါ် ကျနော်ရောက်သွားတော့ ည(၉)နာရီကျော်ရှိပြီဖြစ်သည်။ အအေးဓါတ်သိပ်သည်းလာပြီဖြစ်သည့် အတွက်၊ လမ်းမပေါ်တွင် လမ်းလျှောက်နေကြသူများ ကြဲပါးလျက်ရှိ၏။ ကျနော်က နန်းတော်ကြီးကို ကြောခိုင်းကာ၊ ဗဟိုရထား ဘူတာရုံကြီးဖက်ကို မျက်နှာမူလျက် လမ်းလျှောက်လာခဲ့၏။ လမ်း၏ဘယ်ဖက်အခြမ်းက လျှောက်လာနေသဖြင့် ကျနော်တွေ့ ချင်၊ ကြည့်ချင်လွန်းနေသည့် “ကော်ဖီဆိုင်” ကလေးကို တည့်တည့်တိုးမည်ဖြစ်သည်။ ပါလီမန်လွှတ်တော်အဆောက်အဦးဘေးကို ရောက်တော့၊ ကျနော့်ရှေ့ တွင် ရောင်စုံမီးသီးများထွန်းထားသည့် ကော်ဖီဆိုင်ကလေးကို အနီးကပ်တွေ့ ရတော့၏။ ကော်ဖီဆိုင် ကလေးမှာ လမ်းဘေးတွင် စားပွဲဝိုင်းများချထားပြီး၊ လူတချို့ ဝိုင်းထိုင်နေကြ၏။ လမ်းဘေးလူသွားစင်္ကြန်နှင့် နီးသော်လည်း ခါးတ၀ိုက်မရှိတရှိ ခြံကလေးကာထား၏။ ရောင်စုံမီးသီးများမှာ အလင်းရောင်များ ပြိုးပြက်လွန်းခြင်းမရှိ။ စားပွဲဝိုင်းတွင် ထိုင်နေ သူများသည်ပင်လျှင် မီးရောင်အောက်၌ မှုန်တိမှုန်ဝါး။ ကျနော်က သည်လိုမီင်္းရောင် မှုန်ပြပြလုပ်ထားသည်ကိုအားမရသဖြင့် လုပ်ဖော်ကိုင်ဖက်ရဲဘော်ကြီး “ကိုမွန်းအောင်” ကို ( တေးသံရှင် မွန်းအောင်) မေးကြည့်မိ၏။ ထိုအခါ “ကိုမွန်းအောင်” ၏အဖြေစကား က ကျနော့်အသိညဏ်ကို ရုတ်တရပ်လင်းလက်သွားစေခဲ့၏။ “ခင်ဗျားကလည်း ဆိုင်ခင်းထားတာကိုယ်၌က လမ်းဘေး၊ ကော်ဖီဆိုင် အပြင်ဖက်၊ မျက်နှာစာလေဗျာ၊ ပြီးတော့ခြံကာထားတာကလွဲပြီး ဘာအမိုးအကာမှမရှိဘူး။ အဲဒါ လသာတဲ့အချိန်ဆိုရင် ကော်ဖီဆိုင် ထိုင်သောက်တဲ့လူ ပိုပြီးများတယ်။ သဘာဝလရောင်ကို မထိခိုက်ရအောင် တမင်တကာ မီးသီးမီးရောင်တွေကို မှိန်ထားတာဗျ ” ဟု ကိုမွန်းအောင်က ပြောခဲ့၏။ သူ့ စကားကိုတွေးမိပြီး၊ ကော်ဖီဆိုင်လေးကိုကျော်ကာ ကောင်းကင်ကိုမော့ကြည့်မိသည်။ ထိုအခါ ဖိုးရွှေလမင်းကြီးသည် ကျနော့်ကို သဘောကျစွာ ပြုံးပြလျှက်ငုံကြည့်နေလေသည်။
ကော်ဖီဆိုင်ကလေးကို လွန်လာတော့ ကျနော့်စိတ်ထဲ “ဗင်းဆင့်ဗန်ဂိုး” ရဲ့ ပန်းချီကားများကို တွေးလာမိသည်။ အထူး သဖြင့် “ညအချိန်ကဖေးဆိုင် မျက်နှာစာ” ပန်းချီကားနှင့် “ဆိုက်ပရပ်ပင်များနှင့် ရွာကလေး ” ပန်းချီကားနှစ်ခုကို ကျနော် နှစ်သက်၏။ “ညအချိန်ကဖေးဆိုင် မျက်နှာစာ” ပန်းချီကားတွင် “လရောင်” ကို အမိအရဖမ်းယူရေးဆွဲထားနိုင်သဖြင့် ကျနော်သဘောကျ၏။ “ဆိုက်ပရပ်ပင်များနှင့် ရွာကလေး ” ပန်းချီကားတွင်မူ၊ ဆိုက်ပရပ်စ်ပင်များကို မီးလောင်နေသော င်္မီးတောက်တခုပမာ ရေးဆွဲထားသဖြင့် ပန်းချီဆရာ၏ စိတ်လောင်မြိုက်မှုကို ထင်ဟပ်သည်ဟုယူဆကာ နှစ်သက်နေခဲ့မိခြင်း ဖြစ်သည်။
(ဂ)
“ဂျူး” ရဲ့ “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” စာအုပ်မှာ၊ ပန်းချီဆရာ (၁၄) ဦး၏ပန်းချီကား (၁၄)ခုအပေါ်မူတည်ပြီးမှ ၀တ္တု ဇာတ်အိမ်ဖွဲ့ ကာ ၊ ခံစားရေးဖွဲ့ ထားခြင်းဖြစ်သည်။ သို့ သော် ပန်းချီကား (၁၂) ချပ်ကိုမူ ဇာတ်လမ်းဇာတ်ကွက်ထဲမှာပင် အတိအလင်း ခံစားပြခဲ့သော်ငြားလည်း၊ နောက်ဆုံးပန်းချီကား (၂)ချပ်ကိုမူ “ဂျူး” က၊ ဇာတ်အိမ်ဇာတ်ကွက်အတွင်းက၊ ဇာတ်ကောင်များ၏ “အဇျတ္ထခံစားမှု“” ကိုသာဖေါ်ပြခြင်းအားဖြင့် ယင်းပန်းချီကား(၂)ချပ်ကို အတိအလင်းထည့်မရေးပဲ ထားခဲ့၏။`
ကျနော့်အဖို့  “ဂျူး” တီထွင်ဖန်တီးထားသည့် ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်များကို စိတ်ဝင်စားခြင်းမရှိလှပါ။ “ဂျူး” ပေးချင်သည့် အချက်အလက်ကလည်း ယင်းဇာတ်လမ်း၊ ဇာတ်ကွက်နှင့် ဇာတ်ကောင်များအကြောင်း ဖြစ်ဟန်မတူပါ။ “ဂျူး”သည် “ ည ”များကို ရေးဆွဲထားသည့် ပန်းချီကားများကို သူဘယ်လိုခံစားပြီး စာဖတ်သူများကိုလည်း ခံစားနှစ်သက်စေလိုသည့် ဆန္ဒနှင့်သာ သည်စာအုပ်ကို ရေးခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကျော်ဂျပန်ရုပ်ရှင်ဒါရိုက်တာကြီး “ကူရိုဆာဝါ ”က၊ ဗင်းဆင့်ဗန်ဂိုး ၏ “တံတားပေါ်က မိန်းမပျို” ပန်းချီကားကို ပိတ်ကား ပေါ်တွင်ထိုးပြကာ၊ ယင်းပန်းချီကားထဲကအတိုင်း လူများအသက်ရှင်သွားလာလှုပ်ရှားလာသည့် ရိုက်ချက်ကို ဖန်တီးကူးယူသွားခဲ့ဖူး ၏။ “ဗင်းဆင့်ဗန်ဂိုး” ၏ ပိတ်ကားပေါ်က ပန်းချီကားထဲသို့  ကျနော်ကိုယ်တိုင် ၀င်ရောက်သွားသကဲ့သို့  စိတ်လှုပ်ရှားမျောပါသွားခဲ့ ဖူး၏။
“ဂျူး” ၏ “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” မှာ ၊ “ချစ်သူရေးတဲ့ ကျနော့်ရဲ့ ညများ” အဖြစ်ကူးအပြောင်း ရောက်ရှိ လာနိုင်ခဲ့သည်ကိုမူ စာအုပ်ကိုဆုံးအောင် ဖတ်ပြီးသည့်အချိန်ကြမှသာ မိမိကိုယ်မိမိ သတိပြုမိလေတော့၏။

ဒုံသမိချောင်း မုဒ်ဦး ဒုံသမိချောင်း နိဒါန်း

(က)
သစ်ခက်သစ်ကိုင်းများမှာ မြေကိုထိလုမတတ် အိကျနေကြ၏။ မြက်ပင်ရိုင်းများမှာ လူတရပ်မရှိတရှိပေါက်နေကြ၏။ “ ဦးကသေးဖိုး ” သည် ကျနော်တို့ နှစ်ယောက်၏ရှေ့ မှဦးဆေါင်ကာ သွားနေလေသည်။ ကျနော့်ရှေ့ က “ တပ်ကြပ်ကြီးဖါးတေး ” ဆွဲဖယ်ထားခဲ့သည့် မြက်ရိုင်းပင်များက ကျနော့်မျက်နှာကို မကြာခဏ လာပြီးရိုက်၏။ တောနက်သဖြင့် ကျနော့်မှာ ရှေ့ ကသွားနေ သူနှင့် ခွါပြီးမလိုက်ရဲ။ မြက်ရိုင်းပင်များ၊ သစ်ကိုင်းများကို သတိနှင့်ဆွဲဖယ်ရင်း အောက်ခြေကိုလည်း ဂရုစိုက်ပြီးကြည့်နေရ၏။ ဆယ်မိနစ်ခန့် တောထဲသို့ တိုးဝင်လာပြီးနောက် ကျနော့်တကိုယ်လုံး ချွေးများရွှဲနစ်နေတော့၏။
“ ဒုတ်ဒုတ်…ဒုတ်ဒုတ်…ဒုတ်ဒုတ် ”
သေနတ်သံ ခြောက်ချက်၊ အသံခပ်အုပ်အုပ် ဆက်တိုက်ကြားလိုက်ရ၏။ ကျနော့်ရင်ထဲ ဒိတ်ကနဲစိုးရိမ်သွားရ၏။ “ ဦးကသေးဖိုး ” သည် နေရာတွင်ပင်ရပ်ကာ နားစွင့်နေဟန်ရှိလေသည်။ ကျနော်နှင့်တပ်ကြပ်ကြီးဖါးတေးသည်လည်း ရောက်ရာ နေရာတွင် ငြိမ်သက်စွာရပ်နေလိုက်ကြ၏။
“ တလိုင်းကရင်ဖက်ကပါ၊ အဝေးကြီးကပါ…၊ ဘာမှမဖြစ်ဘူး ”
ဦးကသေးဖိုးက ပြောပြောဆိုဆို ရှေ့ ကိုဆက်တိုးသွားလေသည်။ နောက်ထပ်ဆယ်မိနစ်ခန့် တောထဲသို့ တိုးဝင်သွားနေစဉ် သစ်ပင်သစ်ကိုင်းများကြဲပါးသွားသည့် ကုန်းမြင့်တခုကိုတက်လာကြရ၏။ မြက်ရိုင်းပင်များမှာ ပိုပြီးထူထပ်လာသည်ဟု ထင်ရ၏။ တနေရာအရောက်တွင် ရှေ့ ကသွားနေသူနှစ်ယောက်၏ တောတိုးသံရပ်သွားလေသည်။
“ ရောက်ပြီ၊ အဲဒါ- ကျနော့်တဲပဲ ”
ကျနော်တို့ သုံးယောက်သား ရင်ဘောင်တန်းပြီးရပ်လိုက်ကြ၏။ ကျနော်တို့ ရှေ့ တွင် ကိုက်နှစ်ဆယ်ခန့် မြေကွက်လပ်ရှိနေ ပြီး၊ မြေကွက်လပ်အစပ်တွင် မြင့်မားသည့်ကျောက်တောင်ကြီး ရှိနေ၏။ ကျောက်တောင်ကြီးမှာ ပေါင်မုန့် ကို ဓါးနှင့်လှီးချထားသလို တိတိပပ ထောင်လျက်သားအုပ်မိုးနေလေသည်။
ကျနော်က ဦးကသေးဖိုးညွှန်ပြရာ ကွက်လပ်အစပ်ကို အားစိုက်ပြီးကြည့်သည်။ ကျောက်တောင်ကြီး၏ အောက်ခြေကို လိုက်ကြည့်သည်။ ထိုအခါကြမှသာ၊ ကျောက်တောင်ခြေရင်း ခြုံပင်များကြားတွင် တိုးဝင်ပုန်းကွယ်နေသည့် တဲကလေးတလုံးကို တွေ့ ရလေသည်။ တဲကလေးကို တွေ့ ရသဖြင့် ကျနော့်မှာ အကျေနပ်ကြီး ကျေနပ်သွားရ၏။
တဲကလေးထဲသို့ ခေါင်းငုံ့ ပြီးဝင်လိုက်သောအခါ၊ တဲအတွင်းဖက်၌ ကျနော်ထင်ထားသလို မှောင်၍မနေပဲ အလင်းရောင် ကောင်းကောင်းရနေသည်ကို တွေ့ ရ၏။ ကျနော်တို့ သုံးယောက် ခါးလယ်မရှိတရှိ အမြင့်ရှိသည့် ၀ါးကြမ်းခင်းပေါ် မတိုင်ပင်ရပဲ ကိုယ်စီကိုယ်ဌ တုံးလုံးလှဲလိုက်ကြ၏။ ယခုအခါ ကျနော်တို့ သည် တောပုန်းကြီး “ ဦးကသေးဖိုး ” ၏ လျှို့ ဝှက်တဲကလေးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြပြီဖြစ်သည်။ တဲ၏ခေါင်းရင်းဖက်တွင် ပြတင်းပေါက်တခု ဖေါက်ထားသဖြင့် သန့် ရှင်းလတ်ဆတ်သည့်လေကို ကျနော်ရူရှိုက်မိ၏။ တဲကလေးမှာ အင်ဖက်မိုး၊အင်ဖက်ကာတဲကလေးဖြစ်၏။ လူသုံးယောက်စာမျှ ချောင်ချိစွာအိပ်စက်လဲလျောင်း နိုင်သည့်ကြမ်းခင်း။ ကျနော်က လဲလျောင်းနေရင်းက တဲကလေးကို အကဲခတ်နေမိလေသည်။
“ ဦးကသေးဖိုး၊ ဒီတဲကလေးမှာလာနေတာ ဘယ်လောက်ကြာပြီလဲ ”
“ လေးနှစ် ”
“ ထမင်းစားတော့ကော ”
“ ရွာက မိန်းမပို့ ပေးတယ်၊ တဲအထိလာမပို့ ရဘူး၊ ဒုံသမိချောင်းဘေးမှာ သွားယူတယ်၊ တခါတလေ အခက်အခဲရှိရင် နှစ်ရက်သုံးရက်၊ ငှက်ပျောသီးစားပြီးနေတယ် ”
“ မိန်းမကိုလည်း ဒီတဲကိုမလာရဘူးလား ”
“ လာရပါတယ်၊ ဒါပေမယ့် အင်မတန်ခေါ် ခဲတယ်၊ ကလေးတွေတယောက်မှ မသိရဘူး၊ ရွာသားကိုတော့ ဘယ်ခေါ်မလဲ ”
“ ဒါဖြင့် တစိမ်းထဲကဆိုရင် ကျနော်နဲ့ တပ်ကြပ်ကြီးဖါးတေးပဲ ဒီကိုရောက်ဖူးတာပေါ့ ”
“ မဟုတ်ဘူး၊ ရဲဘော်တချို့ ရောက်ဖူးတယ်၊ ဒါပေမယ့် ဒီကရဲဘော်တွေတော့ မဟုတ်ဘူး၊ တပ်မဟာမှူးက ခိုင်းလိုက်လို့  ရောက်လာတဲ့ရဲ ဘော်နှစ်ယောက်၊ ညမအိပ်ဖူး ”
“ ဦးကသေးဖိုးကိုယ်တိုင်က သူတို့ ကိုဒီကိုခေါ်လာတာလား ”
“ ဟုတ်တယ်၊ တခြားနေရာမှာ သူတို့ နဲ့ စကားမပြောချင်ဘူး၊ အစတုန်းကတော့ တဲမှာ တညအိပ်ကြဖို့ ပဲ၊ နောက်ပိုင်းက စက်နဲ့ ပြန်ခေါ်လို့  ပြန်ကြတာ၊ ဘာပြုလို့ လည်း၊ ကျနော့်ကို စိတ်မချလို့ လား ”
“ ဟာ…မဟုတ်တာပဲဗျာ၊ ကျနော်လျှောက်မေးနေတာက စိတ်ဝင်စားလို့ မေးကြည့်တာပါ၊ ဦးကသေးဖိုးကို ကျနော်က ဘာလို့ စိတ်မချရမှာလဲဗျ ”
ဦးကသေးဖိုးဆီက ခပ်တိုးတိုးရယ်သံကို ကျနော်ကြားလိုက်ရ၏။ ဦးကသေးဖိုးနှင့်ကျနော် စကားပြောနေစဉ် တဲကလေး၏ ပတ်ဝန်းကျင်တခွင်လုံး အိပ်တန်းတက်ငှက်မြည်သံများ ဆူညံစွာကြားလာရလေသည်။ အမှောင်ထုသည် ကျနော်တို့ ရှိရာ တဲကလေးကို သူ့ ရင်ခွင်ထဲသို့ ဆွဲသွင်းဘို့  ကြိုးစားနေလေသည်။

(ခ)
“ ဦးကသေးဖိုး ” ၏ တဲကလေးတွင် နှစ်ရက်မျှကျနော် နေထိုင်ခဲ့၏။ ထိုနှစ်ရက်အတွင်း ကျနော်ရရှိထားသည့်သတင်း အချက်အလက်များ၊ ဒေသန္တရဗဟုသုတများ၊ စိတ်ခံစားချက်များကို မှတ်စုစာအုပ်ထဲ စနစ်တကျ ရေးသွင်းမှတ်သားနေခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင် ဦးကသေးဖိုး၏ဇနီးဖြစ်သူမှာ၊ ကျောက်ဖြာရွာတွင် စခန်းချထားသည့် န၀တစစ်တပ်-စခန်းတွင် ထမင်းချက်လုပ်အားပေး နေရသည့်ရက်နှင့်တိုးသဖြင့် ညစာထမင်းတနပ်လပ်ခဲ့ရသေး၏။ သို့ သော် ထိုနေ့ မနက်ပိုင်းက ဒုံသမိချောင်းထဲ ပုဇွန်ဆင်းငုတ်ပြီး ရလာသည့် ကျောက်ပုဇွန်ထုပ်ကြီး လေးငါးကောင်ကို တပ်ကြပ်ကြီးဖါးတေးက ချောင်းဘေးမှာတွင် မီးကင်ပြီး ယူလာပေးသောကြောင့် ညစာ လပ်သော်လည်း ကျနော့်မှာ အာဟာရမပြတ်ခဲ့ပါ။
တောပုန်းကြီး ဦးကသေးဖိုး၏တဲကလေးမှာ ဒုံသမိချောင်း၏အနောက်ဖက်၊ တလိုင်းကရင်ရွာနှင့် ကျောက်ဖြာရွာအကြား တွင်ရှိ၏။ တလိုင်းကရင်ရွာနှင့် တနာရီခွဲခရီးရှိပြီး ကျောက်ဖြာရွာနှင့်မူ နာရီဝက်ခရီးရှိလေသည်။ နအဖစစ်တပ် တပ်မ၉၉ လက်အောက်ခံ၊ ခ.လ.ရ ( ၈၄)၊ တပ်ခွဲ (၃) သည် တလိုင်းကရင်ရွာတွင် စခန်းချပြီး ကျောက်ဖြာရွာတွင်မူ ခ.လ.ရ (၃၀၂)၊ တပ်ခွဲ ( ၃) တပ်ချ ထားလေသည်။ ထိုတပ်ခွဲများမှာ ကော့ကရိတ်၊ ဖါးပွန်နွေရာသီသုံး ကားလမ်းလုံခြုံရေးကိုတာဝန်ယူကြရ၏။
“ ဦးကသေးဖိုး ” သည်၊ ကျောက်ဖြာရွာသားဖြစ်၏။ သို့ သော် သူသည် ရွာတွင်မနေပဲ သည်တဲကလေးတွင် ပုန်းအောင်းနေ ထိုင်ခဲ့သည်မှာ (၄)နှစ်ရှိပြီ။ သူသည် သည်နယ်တ၀ိုက်၌ နာမည်ကျော် မိုင်းထောင်ဝိဇ္ဖာတဦးဖြစ်၏။ တနှစ်လျှင်အနည်းဆုံး နအဖ စစ်ကား (၅)စီးမျှ မိုင်းထောင်ဖျက်ဆီးနို်င်စွမ်းရှိသူ၊ ကရင်မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်၏။ န၀တစစ်တပ်များသည် “ ဦးကသေးဖိုး ” ကို အသေရရ ၊ အရှင်ရရ ဖမ်းဆီးချင်ကြ၏။ ထို့ ကြောင့် “ ဦးကသေးဖိုး ” ၊ တောပုန်းကြီးဘ၀နှင့်နေထိုင်ခဲ့ခြင်းဖြစ်သည်။
“ ဦးကသေးဖိုး ” ၏ အမည်မှာ ကရင်နာမည်ဖြစ်ပြီး၊ မြန်မာလို “ မြင်းပုလေး ” ဟု အဓိပ္ပါယ်ရ၏။ နာမည်နှင့်လိုက်ဖက်စွာ သူသည် (၅၄)နှစ် ရှိပြီဖြစ်သည့်တိုင် သွက်လက်မာကျောလှ၏။ အထူးသဖြင့် သူ့ မျက်လုံးများမှာ အတွေ့ အကြုံရင့်ကျက်သူ တဦး၏ အရိပ်အငွေ့ များပြည့်နှက်လျက်ရှိလေသည်။
“ ဆရာလေး၊ ရေချိုးသွားကြမလား ”
တပ်ကြပ်ကြီးဖါးတေး၊ ဦးကသေးဖိုးနှင့်ကျနော် ဒုံသမိချောင်းဆီဆင်းချလာခဲ့ကြ၏။ နေစေါင်းနေပြီဖြစ်သဖြင့် ဒုံသမိချောင်း ရေပြင်မှာ တ၀က်မှောင် တ၀က်လင်းလျက်ရှိ၏။ တဖက်ကမ်း ကမ်းပါးယံမှာ အမှောင်ထုအတွင်းကျရောက်လျက်ရှိ၏။ ဒုံသမိချောင်း မှာ ချောင်းဖျားပိုင်းဖြစ်သဖြင့် ရေပြင်မှာကျဉ်း၏။ နွေရာသီဖြစ်သဖြင့် ရေနည်း၏။
ကျနော်တို့ သုံးယောက် ဒုံသမိချောင်းတွင် ရေချိုးနေစဉ် တောအုပ်များကိုကျော်ကာ သေနတ်သံသုံးလေးချက် အဝေးဆီမှ ကြားလိုက်ရ၏။ သေနတ်သံများမှာ ခတ်အုပ်အုပ်အသံဖြစ်၏။ သာယာဧချမ်းလှသည့် သဘာဝပတ်ဝန်းကျင်ကို အံတုဖို့ ကြိုးစား သည့် မရဏ ခေါ်သံများပင်ဖြစ်၏။
နောက်ထပ်တရက်အကျော်တွင်။ တလိုင်းကရင်ရွာဖက်သို့  ခရီးထွက်ရမည်ဖြစ်သည်။ ထုံးစံအတိုင်း ကိုင်းတော၊ ကွင်းစပ် တောအုပ်၊ ချောင်းဘေးအစရှိသည့် နေရာများတွင် ညအိပ်ရဦးမည်ဖြစ်သည်။တောပုန်းကြီး ဦးကသေးဖိုး၏ လျှို့ ဝှက်တဲကလေးကို လွမ်းနေရဦးမည်ဖြစ်သည်။
ရေချိုးပြီး၍ ရေစိုအ၀တ်လည်းနေသည့်အချိန်တွင် ကျေးငှက်သံများရုတ်ချည်း ပျောက်ကွယ်သွား၏။ နေရောင်ခြည်မှာ လျင်မြန်စွာနောက်ဆုပ်သွားလေသည်။ နေမ၀င်ခင် တဲသို့ ခတ်သုတ်သုတ် ပြန်တက်လာခဲ့ကြရ၏။ တဲကလေးသို့ ရောက်လာသော အခါ ၀ိုင်းစက်ဝင်းပသည့် လမင်းကြီးမှာ ကျောက်တောင်ကြီး၏ ထိပ်ပေါ်တွင် မေးတင်လျက်ရှိနေလေသည်။ ။

မမြင်ရတဲ့ကြိုး

လ္ဘက်ရည်ဆိုင်ထဲတွင် လူတယောက်မျှမရှိ။ ထို့ ကြောင့် နားအေးပါးအေးနှင့်စားပွဲတွင် ထိုင်ပြီးအနားယူလိုက်ဦးမည်ဟု တွေးသည်။ လမ်းနှင့်ဝေးသည့်အတွင်းဖက် ချောင်ကျကျစားပွဲတွင် ၀င်ထိုင်လိုက်၏။ လ္ဘက်ရည်ဆိုင်ပိုင်ရှင်မိသားစုဝင်တဦး တယောက်၏ အရိပ်အယောင်ကိုမျှမတွေ့ ရ။ သူတို့ ကိုမတွေ့ ရသော်လည်း ကိစ္စမရှိပါ။ ကျနော်က လ္ဘက်ရည်သောက်ရန် လာခြင်းမဟုတ်။ လ္ဘက်ရည်စားပွဲတွင် ထိုင်ရုံမျှသာလာခဲ့ခြင်းဖြစ်သည်။
ဆယ်မိနစ်ခန့် ကြာမှ ဆိုင်အတွင်းဖက်ဆီက ခြေသံကြားရပြီး “ ကိုအေးခက် ” ကိုကျနော်တွေ့ ရသည်။ ကိုအေးခက်က ကျနော့်ကို တချက်ပြုံးပြကာ၊ အတွင်းခန်းထဲ ပြန်ဝင်သွားခဲ့၏။ သူက ကျနော့်ကို “ ဘာသုံးဆောင်ချင်ပါသလဲ ” ဟုပင် မမေး။ ဆိုင်ထဲဝင်လာကတည်းက မည်သည့်အသံမျှမပြုပဲ တဦးတည်း စားပွဲတွင်ဝင်ထိုင်နေသူ ကျနော့်ကို “ ကိုအေးခက် ” က သဘောပေါက်ပြီး ဖြစ်၏။ ထို့ ကြောင့် သူက ကျနော့်ကို ဘာမျှမမေး ။
နောက်ထပ်ဆယ်မိနစ်ခန့် ရှိသောအခါ၊ ကိုသောင်းလှိုင်တို့်အဖွဲ့ ရောက်လာကြ၏။ ကျနော်ရှိရာစားပွဲတွင် ၀င်ထိုင်ကြ၏။ သူတို့ အားလုံး ချွေးတလုံးလုံး၊ သံတလုံးလုံး…။
“ ဘယ်လိုလည်း အလုပ်ပြီးသွားကြပြီလား၊ အခြေအနေကောင်းရဲ့ လား၊ ကျုပ်မှာတော့ တပြားမှမရှိဘူး ”
“ အလုပ်ကတော့ ပြီးသွားပါပြီ၊ အဘက လ္ဘက်ရည်ဖိုးတခွက်စာပဲပေးတယ်၊ ကျုပ်တို့ လည်း ထင်းတွေအားလုံး ခွဲပေးပြီးမှ သွားတောင်းတာ မှားသွားတယ်။ မပြီးခင်သွားတောင်းရင် နှစ်ခွက်ဖိုးလောက်တော့ ရနိုင်တယ် ”
“ ဒါဖြင့် ကျုပ်တို့ မဲချရဦးမှာပေါ့ ”
“ မချနဲ့ ၊ တခွက်ထဲမှာပြီး၊ ရေနွေးရောပြီး လေးယောက်စလုံးသောက်မယ် ”
“ ဟာ ဒါတော့သဘောမတူဘူး၊ မသောက်ရရင် နေပစေ၊ သောက်ရရင်တော့ ကောင်းကောင်းပဲသောက်မယ် ”
သို့ နှင့်ကျနော်တို့ လေးယောက်၊ (၁)ဘတ်စေ့ကို ခေါင်းပန်းလှန်ကြ၏။ ကံအားလျော်စွာ “ ကိုသောင်းလှိုင် ” က “ ခေါင်း ” ချည်းပဲကျကာ အနိုင်ရသွား၏။ ထို့ ကြောင့် လ္ဘက်ရည်တခွက်မှာလိုက်၏။ “ ကိုအေးခက် ” က ၊ လ္ဘက်ရည်တခွက်ကို ကိုသောင်းလှိုင်၏ရှေ့ တွင် လာချပေးသွားလေသည်။
ခဏမျှကြာသောအခါ ဆိုင်ထဲသို့ လူတချို့ ဝင်လာကြ၏။ ရှေ့ ဆုံးက အသက်(၅၀)ခန့် အရွယ်ပုဂ္ဂိုလ်တဦး ခေါင်းဆောင် ကာ လူ(၆)ယောက် စားပွဲတွင်ဝင်ထိုင်ကြ၏။ ကျနော်တို့ တသိုက် ဆိုင်ထဲဝင်လာစဉ်တုန်းက အေးတိအေးစက်ရှိလှသည့် ဆိုင်ရှင် မိသားစုမှာ ကျနော်တို့ နောက်မှဝင်လာသည့် လူအုပ်၏အသံကိုကြားသောအခါ၊ ပျာယါခတ်ကုန်ကြ၏။ ရေနွေးအိုး ချသူကချ၊ စားပွဲခုံ သုပ်သူကသုပ် လုပ်ကြ၏။
“ ဟဲတော်…၊ ခွေးကလေးကလှလိုက်တာ၊ ဒါ…ဆရာဦးလှဖေ ခေါ်လာတဲ့ခွေးကလေးဆိုတာ ဒါပဲဖြစ်မယ်၊ ကြည့်ပါအုန်း၊ ကုလားထိုင်ပေါ်အကျအနတက်ပြီး အိပ်နေလိုက်တာ ”
ဆိုင်ရှင် “ မပြုံး ” က၊ ပြောပြောဆိုဆို မုန့် ခြောက်တခုကိုယူကာ၊ ခွေးကလေး၏ ခေါင်းနားတွင် ချပေးလိုက်၏။
“ မလုပ်နဲ့ မပြုံး၊ ဒီကောင်က မပြုံးတို့ မုန့် တွေစားမယ့်ကောင် မဟုတ်ဘူး၊ သူ့ အတွက် မုန့် သပ်သပ်ဝယ်ထားပေးရတယ်၊ သိပ်ကိုကြီးကျယ်တာ ”
ကုလားထိုင်ပေါ်တွင် မျက်စေ့မှိတ်ပြီးမှိန်းနေသည့် ခွေးကလေး။ အမွေးထူထူများကြားမှ မျက်လုံးကိုဖွင့်ကြည့်၏။ မုန့်  ခြောက်ကို တချက်နမ်းကြည့်၏။ ပြီးတော့ မျက်လုံးများကို ပြန်မှိတ်ထားလိုက်၏။ သူ့ ပုံသဏ္ဍန်မှာ မုန့် ခြောက်ကို စားစရာဟူ၍ပင် အသိအမှတ်ပြုပုံမရပါ။
“ ကဲ၊ ငါမပြောဘူးလား..၊ ဟေ့…မောင်ထွန်းမောင်လုပ်ကွာ၊ ဒီကောင့်မုန့် တခုလောက် ချကျွေးလိုက်ပါ၊ ထပြီး နမ်းကြည့်ပုံ ထောက်ရင် ဆာနေပြီနဲ့ တူပါတယ် ”
“ အောင်မလေး၊ ကြီးကျယ်လိုက်တာနော်၊ ဆရာရယ်၊ သူများတွေ ဒီခွေးကလေးအကြောင်းပြောနေတာ နှစ်ရက်သုံးရက် ရှိပြီ၊ ဒီလောက်ကြီးကျယ်မှန်း အခုမှပဲ ယုံရတော့တယ် ”
“ ဟဲ့ဟဲ့၊ မဌေးရဲ့ နင့်မုန့် ဖိုး ငါပေးပါ့မယ့်၊ လွှင့်တော့မပြစ်လိုက်နဲ့ ၊ သူက ထိရုံပဲထိတာပါ၊ အလကားဖြစ်ပါဦးမယ် ”
“ အလကားမဖြစ်ပါဘူး ဆရာရယ်၊ သူမစားတော့လည်း စားတဲ့သူရှိရင် ကျွေးရမှာပေါ့…ဟဲ..ဟဲ ”
မဌေးက ဦးလှဖေနှင့် စကားပြောရင်းက ကျနော်တို့ စားပွဲဝိုင်းဆီ မျက်လုံးဒေါင့်ကပ်ပြီး ကြည့်၏။ ကျနော်တို့ အားလုံးက မျက်လုံးများကို အသါအယါပြန်ရုပ်ထားလိုက်ကြ၏။
“ အော်…ကိုငြိမ်းဝေတို့ ၊ သောက်ပြီးကြပြီလား၊ လုပ်လေ၊ ကျနော် တိုက်မှာပေါ့ ”
“ ဟာ…၊ ရပါတယ်ဆရာရယ်၊ နေ..နေပါ၊ ကျနော်တို့ သောက်ပြီးပါပြီ ”
ပြုံးနေသော ကျနော်တို့ မျက်နှာများ အလိုလို ဘရိတ်အုပ်မိသွားရ၏။ လူလေးယောက်ထဲက မဲကျလို့ လ္ဘက်ရည်သောက် ခွင့် ရသူက လာတဲ့လာဒ်ကိုဆီးပြီး ပိတ်လိုက်သဖြင့် ကျနော်တို့ အားလုံး “ ကိုသောင်းလှိုင် ” ကို ကြိတ်ပြီး မေတ္တာပို့ လိုက်ကြ၏။
ကျနော်တို့ သည် ထိုနေ့ က “ ထူးရာစိုး ” လ္ဘက်ရည်ဆိုင်ထဲက တော်တော်နှင့် ပြန်မထွက်နိုင်ကြ။ ပြန်ကြားရေးဝန်ကြီး ဦးလှဖေ “ ဘန်ကောက် ” မှ ယူလာသည့် ခွေးကလေး “ ဘိုဖြူ ” ကို ပွဲကျနေခဲ့ကြ၏။ “ ဘိုဖြူ ” ၏ မထီလေးစားမျက်လုံးများ၊ အနေအထိုင် သန့် ပြန့် မှုများ၊ အယုအယ ကြိုက်ပုံများကို ကျနော်တို့ အားလုံး တအံ့တသြနှင့် သဘောကျနေခဲ့ကြ၏။
“ ဘိုဖြူ ” သည် ကျနော်တို့ အသိုင်းအ၀ိုင်းအတွင်း နောက်ဆုံးရောက်လာသည့် ပုဂ္ဂိုလ်ဖြစ်၏။ အစစအရာရာ ကြီးကျယ် သန့် ပြန့် လွန်းသည့် “ ဘိုဖြူ ” ၏ သတင်းမှာ “ မာနယ်ပလော ” ဒီမိုကရေစီ ရပ်ကွက်အတွင်း တမဟုတ်ချည်း ပျံ့ နှံ့ လာ လေသည်။

(ခ)
ကိုငြိမ်းဝေ ဘယ်လဲ၊ လက်ထဲမှာလည်း အထုပ်တွေ ဘာတွေနဲ့ ”
စက်လှေပေါ်က ဆင်းလာသည့် “ ကိုဌေးဝင်း ” က၊ ကျနော့်ကို နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“ အော်၊ ဒီစက်လှေ ပြန်တက်မှာပဲမို့ လား၊ ဟိုမှာ…ထိုးဝါးလူဆေးရုံမှာ၊ ကိုသောင်းလှိုင်ကြီး ဆေးရုံတက်နေရတယ်လေဗျာ ငှက်ဖျားဖြစ်တာ၊ မသက်သာလို့ ထိုးဝါးလူကိုပို့ ထားရတာ (၄)ရက်ရှိပြီ၊ အဲဒါ ထမင်းထုပ်တို့ ဆေးလိပ်တို့ သွားပို့ မလို့  ”
“ ခင်ဗျားဟာက၊ ထမင်းထုပ်ကို ချိုင့်တွေဘာတွေနဲ့ လုပ်စမ်းပါဗျာ၊ စခန်းမှာ ချိုင့်လေးဘာလေးရှိတဲ့သူ ရှိမှာပါ။ အခု - ကိုသောင်းလှိုင် အခြေအနေ၊ သက်သာရဲ့ လား ”
“ အင်း - သက်တော့သက်သာပါပြီ၊ ထမင်းထုပ်ကတော့ဗျာ၊ ဟိုကြတော့ ဖြေစားပြီး ပလပ်စတစ်ထုပ်တွေ လွှင့်ပစ်ရုံပဲပေါ့။ ရဲဘော်ပဲဗျာ ချိုင့်ဆိုရင် ဆေးနေ ကြောနေရရင်ကြာပါတယ်၊ ခင်ဗျားကရော၊ ဘယ်ကပြန်လာတာလဲ ”
“ အော်…၊ ဦးလှဖေက ဘိုဖြူအတွက်၊ သော်လည်းထမှာ မုန့် ဝယ်ခိုင်းလို့  သွားဝယ်လာတာလေ၊ မုန့် ထုပ်က ဈေးကြီးလိုက် တာဗျာ ..တကယ်ပဲ၊ စက်လှေအသွားအပြန်ခထက်တောင် ပိုကြီးသေးတယ်၊ ပေးလိုက်တဲ့ပိုက်ဆံကုန်သွားလို့  ဘိုဖြူအတွက် ၀ယ်လာတဲ့ မုန့် ထုပ်ကိုဖေါက်ပြီးစားချင်လိုက်တာ..ဟဲ..ဟဲ၊ ကျုပ်ဖြင့် ဘိုဖြူ့ ကို မနာလိုတောင်ဖြစ်မိတယ် ”
“ ဆာရင်လည်း ဖေါက်စားပစ်လိုက်ပေါ့ဗျာ၊ ဦးလှဖေကလည်း နားလည်မှာပါ ”
“ အောင်မယ်လေး…၊ မလုပ်ပါနဲ့ ကိုငြိမ်းဝေရယ်၊ ဆရာက သူ့ ကောင်ကို အရမ်းအလိုလိုက်တာဗျ၊ ဟင်းဆိုရင်လည်း သူ့  အတွက် သပ်သပ်ချက်ရ၊ ပြုတ်ရတာ၊ သူ့ အတွက်ချက်ထားတဲ့ဟင်းကို ဘယ်သူမှ မစားရဘူးတဲ့၊ စားချင်ရင် သူ့ ကိုပြော၊ သူ သပ်သပ်ဝယ်ကျွေးမယ်တဲ့၊ အခုလည်း ဒီမုန့် ကိုများ ဖေါက်စားမိရင်…ဟဲဟဲ…၊ ကိုငြိမ်းဝေကလည်း သိရဲ့ သားနဲ့  ”
ကိုဌေးဝင်းနှင့် အချီအချစကားပြောပြီးနောက်၊စက်လှေပေါ် လိုက်ပါလာသည့်အထိ “ ဘိုဖြူ့ ” အကြောင်းကို ကျနော်တွေးလာခဲ့သည်။
“ ဘိုဖြူ ” သည်၊ ကျနော်တွေ့ ဖူးသမျှ “ ခွေး ” များထဲတွင် အထူးခြားဆုံး အလှဆုံးဖြစ်သည်ကို ကျနော်ဝန်ခံသည်။ လိမ္မာပါးနပ်မှုမှာလည်း အံ့သြယူရလောက်အောင်ဖြစ်၏။ သူ့ တကိုယ်လုံးမှာ အမွေးဖြူများ ရှည်လျားတွန့် လိမ်စွာ ဖုံးအုပ်နေသဖြင့်၊ နား၊ မျက်လုံး ခြေထောက်များကိုပင် မတွေ့ ရ။ သူသည် လူတွေကိုကြောက်လန့် ခြင်းမရှိ။ လူတိုင်း၏ လက်ပေါ်သို့ တွေဝေတွန့်  ဆုပ်ခြင်းမရှိ ခုန်ကူးလိုက်ပါတတ်၏။ သို့ သော် သူသည် ဖုံ၊ သဲများပေကျံနေလျှင်မှု မနေတတ်။ မြေနီလမ်းပေါ်တွင် လမ်းလျှောက် မလိုက်တတ်။ ရဲဘော်များမှာ ဦးလှဖေသွားရာနောက် ဘိုဖြူကို တယောက်တလက် လက်ပြောင်းချီပိုးကာ၊ ခေါ်ယူသွားကြရ၏။ နေ့ စဉ် ရေချိုး၊ ဆပ်ပြာတိုက်၊ ရေသုပ် လုပ်ပေးရ၏။ ပါးနပ်လိမ္မာလွန်းလှသည့် “ ဘိုဖြူ ” ကို ကျနော်တို့ အားလုံး သဘောကျနေခဲ့ ကြ၏။ တခါတရံ “ ဘိုဖြူ ” သည်၊ ၀ိုင်းဝန်းကြည့်ရှု့ နေတတ်သည့် ကလေးများကိုမူ တချက်နှစ်ချက် ဟောင်တတ်၊ ဟန်လုပ်တက်၏။ သို့ သော် ဖန်ဖီခြင်း၊ ကိုက်ခြင်းများကို မလုပ်တတ်။
“ ဘိုဖြူ ” ကို ကျနော် စိတ်ဝင်စားလွန်းသဖြင့် သူ့ အကြောင်း၊ ၀တ္ထုတိုလေးတပုဒ် ရေးရလျှင်ကောင်းမလားဟု တွေးမိသေး သည်။ သို့ သော် ဘယ်ကစပြီး၊ ဘယ်လိုအဆုံးသပ်ရမည်ကို ကျနော် မတွေးတတ်။ သည့်ထက်အချိန်နည်းနည်းယူလျှင်မူ “ ဘိုဖြူ ” အကြောင်း ၀တ္ထုတိုတပုဒ် ရေးဖြစ်လာလေမလားဆိုသည့် မျှော်လင့်ချက်ကလေးမှာမူ ကျနော့်တွင် အမှန်တကယ်ရှိခဲ့ပါသည်။

(ဂ)
“ ဘိုဖြူ ” ကိုမတွေ့ ရသည်မှာ တပါတ်ခန့် ရှိရော့မည်။ “ ဦးလှဖေ ” ဆွမ်းသွပ်ပွဲလုပ်စဉ်က “ ဘိုဖြူ ” ကို တွေ့ ရပြီးနောက်၊ ဦးလှဖေ၏အိမ်ဖက်သို့  ကျနော်လည်းမရောက်ဖြစ်ခဲ့။ ဘိုဖြူသည်လည်း ကျနော်တို့ ဖက်သို့ ရောက်လာခြင်း မရှိဟုထင်ရ၏။
ပြန်ကြားရေးဝန်ကြီး ဦးလှဖေ သေဆုံးသွားသဖြင့်၊ ဦးလှဖေနှင့်အတူ နေထိုင်ခဲ့ကြသည့်ရဲဘော်များမှာ မိခင်ဌာနအသီးသီး သို့  ပြန်ရန်စီစဉ်ခဲ့ကြရ၏။ ဦးလှဖေ၏အိမ်တွင် ရဲဘော်နှစ်ဦးတည်းသာ အိမ်စောင့်အဖြစ် ခေတ္တနေရစ်ခဲ့၏။ မည်သူမျှ မနေကြလျှင်မူ ဦးလှဖေနေသည့်အိမ်ကို မူလပိုင်ရှင် “ ဇာတ်ဆရာ စိန်ဝင်းမြိုင် ” က ပြန်လည်ရယူမည်ဟု သိရလေသည်။
“ ဦးလှဖေ ” သေဆုံးသည့်သတင်းကို ကြားရသည့်နှင့်တပြိုင်နက်၊ ကျနော့်စိတ်ထဲ “ ဘိုဖြူ ” ကိုချက်ချင်းသတိရသွား၏။ ၀န်ကြီးဦးလှဖေ ကွယ်လွန်သွားပြီဖြစ်သဖြင့် “ ဘိုဖြူ ” ၏ကံကြာမ္မာသည် မည်သို့ ဖြစ်လာနိုင်သနည်း။
“ ဘိုဖြူ ” ကို တပါတ်ခန့် မတွေ့ မမြင်ရသဖြင့် “ ထူးရာစိုး လ္ဘက်ရည်ဆိုင် ” ပိုင်ရှင်မိသားစုနှင့်အတူ ကျနော်တို့ အားလုံး “ ဘိုဖြူ ” အကြောင်းကိုသာ နေ့ စဉ်နေ့ တိုင်း စကားစပ်မိနေကြ၏။ “ ဘိုဖြူ ” ကို မည်သူက ထိန်းသိမ်းကျွေးမွေးပြုစုနေသလဲ။ ဘိုဖြူ သည် မုန့် ကောင်းကောင်း၊ အနေအထိုင်ကောင်းကောင်းမှ စားရနေရပါဦးမလား။ ဦးလှဖေ၏အိမ်တွင် အခြေမလှတော့သည့် အတွက်၊ တခြားခွေးအဖေါ်များရှိရာ “ ဇာတ်ဆရာ စိန်ဝင်းမြိုင် ” ၏ တန်းလျားသို့ ပြောင်းရွှေ့ သွားခဲ့ပြီလား..။ ထိုသို့ လည်း မဖြစ် နိုင်ပါ။ “ ဘိုဖြူ ” သည် “ ခွေး ” တကောင်မျှသာဖြစ်သော်လည်း တခြား “ ခွေး ” များနှင့်တူသည့် “ ခွေး ” မဟုတ်။ တခြား “ ခွေး ” များ ကလည်း “ ဘိုဖြူ ” ကို “ ခွေး ” တကောင်အဖြစ် ပြန်လည်အသိအမှတ်ပြု ဆက်ဆံကြလိမ့်မည်မထင်။ ထို့ ကြောင့် “ ဘိုဖြူ ” သည် ဦးလှဖေ၏အိမ်တွင်သာ မလွဲမသွေ ရှိနေပေလိမ့်ဦးမည်ဟု ကျနော်သိ၏။ ထို့ ကြောင့် “ ဘိုဖြူ ” ၏ အခြေအနေကို သိနိုင်ရန် ကျနော်တို့ လူသိုက် “ ဘိုဖြူ ” ၏အလာကိုသာ စေါင့်မျှော်နေခဲ့ကြရ၏။
“ ဘိုဖြူ ” သည်မူ “ ထူးရာစိုးလ္ဘက်ရည်ဆိုင် ” သို့  ရက်အတန်ကြာသည်အထိ ရောက်မလာခဲ့။

(ဃ)
“ ဟိုမှာ…ဘိုဖြူမို့ လား ”
“ ဘိုဖြူ” လို့ ထင်ရနိုင်ဖွယ်ရှိသည့် “ ဘိုဖြူ ” ။
“ ဟုတ်ရဲ့ လားကွာ၊ မင်းကလဲ..ဘိုဖြူက ”
“ ဟုတ်မှ သိတ်ဟုတ်ပေါ့ ကိုငြိမ်းရာ၊ ဒါပါနဲ့ ဆို ဒီအတိုင်း သူ့ ကိုတွေ့ တာ-ကျုပ်- နှစ်ခါရှိပြီ။ ခင်ဗျားလိုပဲ ကျုပ်လည်း ပထမ စတွေ့ တုန်းက ဘိုဖြူမှ ဟုတ်ရဲ့ လားလို့ တကယ်ထင်မိသေးတယ်၊ သူများပြောလို့ သေသေချာချာကြည့်မှ ဘိုဖြူဖြစ်နေတာဗျား၊ ဟော…၊ ဘိုဖြူ…ဘိုဖြူ ”
ရှည်လျားသည့်အမွေးများ ညိုမဲညစ်ပတ်လျက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတချို့ တွင် အမွေးများကြဲပါးလျက် ညောင် နာနာနှင့်ရပ်နေသည့် ခွေးတကောင်။ သူ့ ကို “ ဘိုဖြူ ” ဟု ကျနော်မမှတ်မိ။ ကျနော့်စိတ်အထင်တွင် “ ဘိုဖြူ ” သည် ရောဂါတခုခုရ နေသည်ဟုပင် ထင်မိသည်။ ယုတ်စွအဆုံး ၀ဲများတကိုယ်လုံးပေါက်နေသည်ဟု ထင်မိသည်။
“ ဘိုဖြူ ” သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဌါနချုပ်ရုံးဝန်းပေါက်ဝတွင် ပေပြီးရပ်နေ၏။ ကျနော်တို့ ကို ရန်လုပ်မည်အထင်နှင့် မော့ကြည့်နေ၏။ လူတိုင်းကို စိုးရိမ်ထိတ်လန့် မှုကင်းစွာ ရဲရဲတင်းတင်း ဆက်ဆံမော့ကြည့်ခဲ့ သည့် “ ဘိုဖြူ ” သည် ယ္ခုအခါ မျက်ရည်များဝိုင်းလျှက်ရှိနေ၏။
“ ကဲ၊ ကိုသောင်းလှိုင်ရေ…၊ စားဖိုဆေါင်က ထမင်းနည်းနည်းသွားတောင်းပြီး၊ ဘိုဖြူကိုကျွေးကြည့်ကြရအောင်ဗျာ၊ ဒီကောင် တော်တော်ဆာနေတဲ့ပုံပဲ၊ ဒီလိုလုပ်၊ ခင်ဗျား ဒီကောင့်ကိုကြည့်ထား၊ ကျုပ် ထမင်းသွားယူမယ် ”
စားဖိုဆေါင်က ပြန်လာတော့ ကိုသောင်းလှိုင်သည် “ ဘိုဖြူ ” ကို ရေချိုးပေးဖို့ ပြင်ဆင်နေသည်ကို တွေ့ ရ၏။ရဲဘော်တချို့  ကျနော်တို့ အနားသို့ ဝိုင်းလာကြ၏။ ကျနော်နှင့်ကိုသောင်းလှိုင်က မယ်တုက္ခီစမ်းချောင်းဘေးတွင်၊ ဘိုဖြူကို ဆပ်ပြာတိုက် ရေချိုးပေးကြ၏။ ဘီးတချောင်းနှင့် ဘိုဖြူ့ ကိုဖီးသင်ပေးကြ၏။ ဆယ်မိနစ်ခန့် အချိန်ယူကာ ရေးမိုးချိုးပေးပြီးသောအခါ “ ဘိုဖြူ ” ကို၊ စားဖိုဆေါင်ဘေး၊ ဆန်ဂိုဒေါင်အောက်တွင် ဂုံးနီအိပ်တလုံးခင်းပြီး နေရာချထားလိုက်ကြ၏။ “ ဘိုဖြူ ” သည် ကျနော်နှင့် ကိုသောင်းလှိုင်၏လက်ထဲတွင် တအင်းအင်း၊ တဟင်းဟင်းငြီုးငြူရင်း ကျနော်တို့ ပြုသမျှ ငြင်းဆန်ခြင်းမပြုပဲ ငြိမ်ခံနေခဲ့၏။ ရေချိုးပြီး လို့  အမွေးများရေပြောင်အောင် သုပ်ပြီးသောအခါ “ ဘိုဖြူ ” သည် ထမင်းကြမ်းခဲများကို အငမ်းမရစားလေတော့သည်။ လည်ချောင်း နင်သဖြင့် ခဏခဏရပ်ပြီးတော့ ဆက်စားရ၏။
ထိုနေ့ ညက (၁၀)နာရီခန့် အချိန် “ နော်တ ” နှင့် “ ခွေးအိပ်တောင် ” “ ဆင်ဖြူတောင် ” ဖက်ဆီက လက်နက်ကြီး ပစ်သံများ သဲ့သဲ့မျှကြားနေခဲ့ရလေသည်။

(င)
“ ခက်တာပဲ၊ ဘိုဖြူက ဘယ်သွားနေလဲမသိဘူး၊ အရင်ဆိုရင် ပျောက်သွားရင် တရက်နှစ်ရက်ပဲ၊ အခု…လေးရက်ရှိပြီ၊ ပြန်မလာဘူး..၊ သူ့ ကို တကူးတကန့် လိုက်ရှာချိန်လည်း မရှိဘူး၊ ခက်တာပဲ ”
“ အိုဗျာ…ခင်ဗျားကလည်း၊ ဒီလောက် လူတွေဗျာများနေရတဲ့ကြားက၊ ဒီကောင့်ကိုများ စိတ်ပူနေရသေးတယ်၊ ဟိုမှာ ခင်ဗျားစတူဒီယိုက ပစ္စည်းတွေ၊ လှည်းနဲ့ တင်လာနေပြီ၊ ဟိုဖက်ကူးဖို့ စက်လှေစေါင့်နေတယ်၊ ကျုပ်တော့ ဌါနချုပ်ကပစ္စည်းတွေနဲ့  ဟိုဖက်ကမ်းကို အရင်ကူးနှင့်ရမယ်၊ ဒီမယ်…ကိုငြိမ်း၊ နောက်ပိုင်းမှာ ခင်ဗျားနဲ့ ကျနော် တခရီးထဲဖြစ်ချင်မှ ဖြစ်တော့မှာ၊ သွားမယ် ကိုငြိမ်းရေ…၊ အစစအရာရာ ဂရုစိုက် ”
“ ကိုသောင်းလှိုင် ” က၊ ၀န်စည်စလှယ်များ တပိုးတနင့်သယ်ပိုးကာ၊ သောင်ရင်းဖြစ်ကမ်းသို့  ဆင်းချသွား၏။ ကျနော်အဖို့  သူနှင့်လမ်းခွဲရမည်ကို ကြိုသိထားသည့်တိုင် တကယ်ခွဲရသည့်အခါ ရင်ထဲ၌ နာကျင်နေမိသည်။
တော်လှန်ရေး ဌါနချုပ်စခန်း “ မာနယ်ပလော ” ကို၊ ရန်သူ န၀တ စစ်တပ်နှင့် ဒီကေဘီအေတပ်များ ၀ိုင်းရံစစ်ဆင်နေသဖြင့်၊ ကျနော်တို့ သည် အုပ်စုများဖွဲ့ ကာ၊ သောင်ရင်းမြစ်တဖက်ကမ်း၊ ထိုင်းနိုင်ငံဖက်သို့  ကူးကြရ၏။ ကျနော်တို့  ကို နှစ်ရက်အတွင်း အပြီးကူးရန် ကေအမ်ယူက နိုးဆော်ထားပြီးဖြစ်သည်။ တောင်ပေါ်ခံစစ်စည်းကြောင်းမှ သေနတ်မဖေါက်ပဲ ပြန်ဆင်းလာနေကြသည့် ကရင်ရဲဘော်များကို တဖွဲဖွဲတွေ့ နေရ၏။ သူတို့ က ငါတို့ ကရင်အချင်းချင်း သေနတ်မဖေါက်ချင်ဘူးဟု ဆိုကာ တောင်ပေါ်မှဆင်း လာကြလေသည်။
ကျနော်နှင့်အတူ ရွှေဗဟိုစည် စတူဒီယိုအဖွဲ့ ဝင် (၅)ယေါက်မှာ၊ သောင်ရင်း မြစ်ကမ်းနဖူးသို့ ပစ္စည်းများကို တနိုင်တပိုင် ထမ်းပိုး၍ သယ်ပို့ ကြ၏။ လှည်းဖြင့်တိုက်၍လည်းသယ်ပို့  ကြ၏။ သောင်ရင်းမြစ်ထဲတွင် စက်လှေများ၊ လက်လှေများ အစုန် အဆန်သွားလာ ရှုပ်ထွေးနေလေသည်။ ပဒိုမန်းရှာ၏ ဇနီးဖြစ်သူ “ အနော ” ၏အကူအညီဖြင့် စက်လှေတစီးငှါးကာ မျက်စောင်းထိုး ထိုင်းနိုင်ငံဖက်ကမ်းသို့  ပစ္စည်းများကို သယ်ယူခဲ့ကြ၏။ ထိုစဉ်က ကျနော့်တွင် ရွှေဗဟိုစည်စတူဒီယို ပစ္စည်းများနှင့်ရဲဘော်(၅) ယောက်ကို ထိုင်းနိုင်ငံဖက်ကမ်းသို့ အလျှင်အမြန် ရောက်ရှိ သွားစေဖို့  နှစ်ရက်မျှ မနားမနေ အလုပ်လုပ်ခဲ့ရ၏။ အထူးသဖြင့် လူ (၆)ယောက်မျှ ကြိုးဖြင့်ဝါးလုံး လျှိုထမ်းယူမှရနိုင်သည့် တရုတ်နီမီးစက်ကြီးကို ထိုင်းနိုင်ငံဖက်ကမ်းသို့ ရောက်ရန် အကြိတ်အနယ် ကြိုးပမ်းခဲ့ရ၏။
ထိုင်းနိုင်ငံဖက်ကမ်းတောင်ခြေတောစပ်၊ သောင်ရင်းမြစ်ကမ်းနဖူးတွင် ရွှေဗဟိုစည်စတူဒီယိုပစ္စည်းများကို ဖြစ်သလိုစုပုံ ထားရှိကာ ၊ တခြား ကရင်ရဲဘော်လေးတဦးကို အဖေါ်ပြုလျှက် တညမျှ ကျနော်အိပ်စက်ခဲ့ရ၏။
သောင်ရင်းမြစ်ကမ်းသောင်စပ်တွင် မိုးကာစတခုကိုခင်းလျှက် အိပ်ယါဝင်ဖို့ ရာ ပြင်ဆင်လျှက်ရှိစဉ် ကျနော့်စိတ်ထဲ၌ “ ဘိုဖြူ ” ၏ ကံကြမ္မာကို တွေးဖြစ်အောင် တွေးလိုက်မိသေး၏။ ထိုညက လက်နက်ကြီးပစ်သံများကို မာနယ်ပလော၏ ပတ်ဝန်းကျင် အသီးသီးမှ မိုးချိန်းသံများ ပမာအတိုင်း သား ကြားနေရလေသည်။

(စ)
“ ဘိုဖြူ ” ကို ကျနော် နောက်ဆုံးတွေ့ ဆုံလိုက်သည့်နေရာမှာ ထိုင်းနိုင်ငံနယ်စပ် “ ဖွေးပေါလူရွာ ” တွင်ဖြစ်သည်။
“ ပဟေလူရွာ ” ဖက်မှ ချောင်းတခုကိုအကူး “ ဖွေးပေါလူရွာ ” ထိပ်တွင် “ ဘိုဖြူ ” ကို ကျနော်တွေ့ လိုက်ရခြင်းဖြစ်၏။သူ့  တကိုယ်လုံး အမွေးများကြဲပါးလျှက် ညစ်ပတ်ပေရေလျက်၊ ခန္ဓာကိုယ် ပိန်လှီလျက်။ ဘိုဖြူသည် ပစ္စည်းပစ္စယများကို သယ်ပိုး သွားလာနေသော လူအုပ်ကြားတွင် အယိုင်ယိုင်အလဲလဲ လိုက်လာလျက်ရှိ၏။ သူ့ ကို ဘယ်သူက ထိုင်းနိုင်ငံဖက်ကမ်း “ ဖွေးပေါ လူရွာ ” ရောက်အောင်သယ်ယူလာခဲ့ကြသည်ကို ကျနော်မသိ။ သို့ မဟုတ် သူကိုယ်တိုင်က ကြုံရာ စက်လှေပေါ်ခုန်တက်ကာ၊ ကြုံရာစစ်ပြေးဒုက္ခသယ်များနှင့် ရောနှောကာ ဒီအထိရောက်အောင်လိုက်ပါလာခြင်းဖြစ်သည်လောဟု ကျနော် တွေးမိသည်။ သို့  သော် ကျနော့်မှာ ဘိုဖြူကို ကျနော်နှင့်အတူ စေါင့်ရှောက်ခေါ်ယူရန်အခြေအနေမပေး။ ကျနော်သည်ပင်လျှင် ချောင်းဘေး၊ သစ်ပင် ရိပ်၊ လမ်းဘေးတွင် တညပြီးတညအိပ်ကာ၊ အသက်လု၍ ပြေးလွှားသွားလာနေရသည့် အချိန်ဖြစ်၏။
ထိုအချိန်မှစ၍ ဘိုဖြူနှင့်ကျနော် အပြီးတိုင်လမ်းခွဲခဲ့ကြရ၏။ ယခုအချိန်အထိ ဘိုဖြူ ကို ကျနော်မတွေ့ ရတော့ပါ။ “ ဘိုဖြူ ” ၏ ဘ၀နောက်ဆက်တွဲသတင်းကိုလည်း ကျနော်မရတော့ပါ။ “ ဘိုဖြူ ” မှာ ကျနော်နှင့် နောက်ထပ် (၁၀)နှစ်ကျော်အထိ မတွေ့ ၊ မကြုံရတော့သည့်တိုင် ကျနော့်စိတ်ထဲတွင် “ ဘိုဖြူ ” ကို စွဲထင်နေမိဆဲ ဖြစ်ကြောင်းကိုတော့ ၀န်ခံရပါမည်။ ။

လရောင်ကို ကောက်သင်းကောက်ခြင်း

(က)
ကိုဗဟိန်းက
ဂျပန်တော်လှန်ရေးကာလ
ခင်မကြီးဆီ စာရေးတဲ့အခါ
ရိုးမဟာ
လရောင်ပြိုးပြက် ရွှန်းလက်လို့ နေခဲ့။

“ ဆမ်းမားဆက်မွန် ” က
“ လမင်းနဲ့ ခြူးပြား ”
ရေးသားတဲ့ဝတ္ထု
ပန်းပုကဗျာ။

“ ဦးလေးဟို ” က
နယ်စပ်တနေရာ
ထောင်တွင်းကပေးစာ ကဗျာ
လရောင်မှာရေးခဲ့။

အင်းစိန်ထောင်ထဲက
ဆိတ်ဖလူးရနံ့ ထုံယစ်
လရောင်ကို သူချစ်သတဲ့
ဖန်စမှန်စ
စိန်စမြစ တသ
ကဗျာဆရာတဦး
ခံစားမှုစိတ်ကူး ဖူးတွေ့ သွားခဲ့။

ကမ္ဘာလောကရဲ့ 
ဝီရကဗျာ
မွှေးရီပွင့်နီ ဝေဒနာ
လရောင်ထုခွဲ
“ ထွီးပါးဝီးကျိုး ”ပေါ်ကြဲလိုက်လိုက်။

ခင်ဗျားတို့ ဟာ
“ စောထ ” မှာ
လရောင်ကို လက်ချိုးရေခဲ့ကြ။

ခင်ဗျားတို့ ဟာ
“ အာယုတောင် ” တိုက်ပွဲည
လရောင်ကိုဖျာခင်း
သီချင်းဆိုနိုင်ခဲ့ကြ။

ခင်ဗျားတို့ ဟာ
နတ်တော်လရဲ့ ညတည
လရောင်ဘဏ္ဍာတိုက်
သိုက်တူးဖို့ ကြိုးစားခဲ့ကြ။

ခင်ဗျားတို့ ဟာ
“ ထွီးပါးဝီးကျိုး ” ရဲ့  ပုခုံးပေါ်
ဗုံးဆံအမြောက်ဆံတွေကြား
တိုရေရှားရေ ညတည
လရောင်ကို ရေချိုးနိုင်ခဲ့ကြ။

အိပ်ယါဝင် စောတဲ့ငါ
အိပ်ယါထ နောက်ကျတဲ့ငါ
ကဗျာတပုဒ်နဲ့  ကြိုးတုတ်ခံထားရတဲ့ငါ
လရောင်ဝေစု တခုမှမရခဲ့။

(ခ)
တော်လှန်ရေး သန္တိသုခ
ငြိမ်းချမ်းစွဘဝ
လရောင်တခု ဝေစုတဖဲ့
( ငါ့အတွက် )
ချန်ရစ်ခဲ့ဦး ရဲဘော်တို့ ။ ။

( ဒီကဗျာလေးဟာ ကျနော် တော်လှန်ရေးနယ်မြေရဲ့  မြို့ တော် “ မာနယ်ပလော ” ကို ရောက်ရှိပြီး ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ကဗျာပါ။၁၉၉၃-ခု မှာထုတ်ဝေတဲ့ “ ဒေါင်းအိုးဝေ ” စာစောင်မှာ ဖေါ်ပြခဲ့ပါတယ်။ ကျနော် အနှစ်သက်ဆုံး ကဗျာတပုဒ်ပါပဲ။ )