November 06, 2009
မာနယ်ပလောကို ပြန်လည်ချောင်းကြည့်ခြင်း
( က )
၁၉၉၅၊ ဖေဖေါ်ဝါရီလ ( ၂ )ရက်၊ ဖွေးပေါလူရွာ ယာယီစစ်ပြေးစခန်း။
(မာနယ်ပလော တော်လှန်ရေးဌာနချုပ်ကို စစ်အစိုးရနှင့် ဒီကေဘီအေတပ်များ သိမ်းပိုက်ရယူအပြီး ၆-ရက်အကြာ။ )
ပဟေလူချောင်းထဲကိုဆင်းတော့ ချောင်းထဲတွင် လူသူလေးပါးတိတ်ဆိတ်လျက်ရှိ၏။ လွန်ခဲ့သော (၅)ရက်က ဤနေရာတွင် လူတွေ ဥဒဟိုသွားလာစည်ကားနေခဲ့၏။ မာနယ်ပလောတ၀ိုက်မှ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ပြေးဒုက္ခသည်အထောင်အသောင်းမှာ ဤပဟေလူချောင်းဘေးတွင် အထုပ်အပိုးကိုယ်စီဖြင့် သွားလာနေခဲ့ကြ၏။ ကျနော်သည်ပင်လျင် ဒီမိုကရက်တစ်မြန်မာ့အသံ အသံဖမ်းစက်များ၊ ရုံးပိုင်ပစ္စည်းများနှင့် ဤချောင်းဘေးသောင်ခုံပေါ်တွင် တညအိပ်ခဲ့၏။ ထိုမှတဆင့် ဖွေးပေါလူရွာသို့ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။
“မာနယ်ပလောမှာ ဒီကေဘီအေ အလံတွေ ထောင်ထားတယ်”
ကျနော်ကြားရသည့်သတင်းမှာ ပါးစပ်သတင်းဖြစ်သည့်တိုင် ဤသတင်းက ကျနော့်ကို အကြီးအကျယ် ဖမ်းစားထားခဲ့၏။နောက်ဆုံးတော့ မာနယ်ပလောကို သောင်ရင်းမြစ်၏ဒီဖက်ကမ်းမှတဆင့် ဓါတ်ပုံချောင်းရိုက်ရန် ကျနော်ဆုံးဖြတ်လိုက်သည်။
မာနယ်ပလောကို အလွယ်တကူ အပေါ်ဆီးမှ ဓါတ်ပုံချောင်းရိုက်ဖို့ ဆိုလျင် မာနယ်ပလောနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဖက်မှ ရိုက်မှသာဖြစ်မည်ကို ကျနော်သိသည်။ ပဟေလူချောင်းကိုကူးကာ ပဟေလူရွာ နောက်ကြောဘက် တောင်ကြောပေါ်တက်လျင် ကျနော့်အတွက် အဆင်ပြေနိုင်သည်ဟူ၍သာ ခန့် မှန်းပြီးသိထား၏။ သို့ သော် ထိုနေရာသို့ ပြန်သွားလို့ ရသည့်လမ်းကို ကျနော်မသိ။ထိုလမ်းကို ကျနော်မကျွမ်ကျင်။ မာနယ်ပလောမှ ထွက်ပြေးတိမ်းရှောင်လာစဉ်က ကျနော်က ရေလမ်းအတိုင်း သောင်ရင်းမြစ်အတွင်းစီးဝင်သည့် ပဟေလူချောင်းအတိုင်း စက်လှေနှင့်ဆန်တက်လာခဲ့ခြင်းသာဖြစ်၏။ ထို့ ကြောင့် ပဟေလူနောက်ကြောဘက် တောင်ကြောအတိုင်းဆင်းလာသည့်လမ်းကို ကျနော်မလာခဲ့ရတော့။ အခုတော့ ထိုတောင်ကြောပေါ်တက်ပြီးမှ မာနယ်ပလောဆီ ပြန်သွားရမည်ရှိသောအခါ ကျနော့်မှာအခက်တွေ့ ရတော့၏။
မာနယ်ပလော၏ နောက်ဆုံးသတင်း ကြားကြားချင်း ကျနော့်ကို လမ်းပြခေါ်ဆောင်ပေးနိုင်မည့်လူကို ကျနော် အပူတပြင်းရှာသည်။ သို့ သော် လူတကာလိုက်မေးလို့ ကလည်းမဖြစ်။ လုံခြုံရေးကအရေးကြီး၏။ ကံအားလျော်စွာ ပလောင်အဖွဲ့ မှ ‘မိုင်အိုက်ပန်‛ က ကျနော့်ကို အကူအညီပေးမည်ဟုဆိုလာခဲ့၏။ ကျနော့်ရည်ရွယ်ချက်ကို သူလည်းစိတ်ဝင်စားသည်ဟုဆို၏။ သို့ နှင့် သူနှင့်ကျနော် မနက်ခင်း ရှစ်နာရီတွင် ထမင်းအဝစားကာ ခရီးထွက်ခဲ့ကြ၏။
ကျနော်တို့ နှစ်ယောက် ပဟေလူချောင်းထဲကိုရောက်တော့ ချောင်းထဲတွင် လူသူတိတ်ဆိတ်လျက်ရှိ၏။လူသူစွန့် ခွာ သွားပြီဖြစ်သည့် ပဟေလူရွာအိမ်တချို့ ကြားမှဖြတ်ကာ တောင်ကြောပေါ် တက်ကြ၏။ ဆယ်မိနစ်ခန့် ကြာသည်အထိလူသွားလမ်းအတိုင်းမဟုတ်ပဲသစ်ပင်များကျောက်တုံးများကို
တွယ်ကာဖက်ကာ တက်လာနေရသဖြင့် ကျနော်က စိတ်မရှည်ချင်တော့။ သို့ သော် ‘မိုင်အိုက်ပန်‛ ရဲ့စကားက ယုတ္တိရှိနေသည်။ သူက ဤလမ်းခရီးမှာ လျှို့ ဝှက်ခရီးဖြစ်သည်။ ထို့ ကြောင့် လျှို့ ဝှက်လမ်းကိုသာ ရွေးရမည်ဟု ဆိုထား၏။ ထို့ ကြောင့် ကျနော့်မှာ စေါဒကမတက်နိုင်ပဲ ပင်ပမ်းကြီးစွာ သူ့ နောက်မှလိုက်နေခဲ့ရ၏။
နာရီဝက်ကျော်ခန့် ရှိတော့ ကျနော် မအောင့်အီးနိုင်တော့။ သစ်ပင်တပင်ကိုမှီကာ နေရာတွင်ပင်ရပ်လိုက်သည်။
‘ဟေ့လူ ခင်ဗျားလမ်းက မဟုတ်သေးဘူးနဲ့ တူတယ်နော်၊ ကျနော်သိထားတာက ဒီပေါ်မှာ လူသွားလမ်း ကောင်းကောင်းတခုတော့ရှိတယ်ဗျ၊ ကျနော်တို့ အဲဒီလမ်းကိုတွေ့ မှ မာနယ်ပလောဖက်ကျော်ဆင်းလို့ ရမယ်မို့ လား ‛
မိုင်အိုက်ပန်က ကျနော့်ကိုမကြည့်ပဲ ခတ်တွေတွေရပ်ပြီးစဉ်းစားနေ၏။ သူ့ ရဲ့ နဝေတိမ်တောင်ဖြစ်နေသည့်အခြေအနေကိုကြည့်ကာ ကျနော်စိတ်ပူသွားရသည်။
‘အင်း ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် ခုထက်ထိ အဲဒီလမ်းကို မရောက်သေးဘူးဖြစ်နေတယ်၊ ကျနော်က အမြန်ရောက်အောင်ဖြတ်ပြီးတက်လာတာဗျ၊ ခုဟာက အမြန်လိုမှ‛
‘ဟာ ခင်ဗျားကတော့လုပ်တော့မယ်၊ ပြောတုန်းကတော့ ဒီလမ်းကို မျက်စိမှိတ်ပြီးတောင်တက်လို့ ရတယ်ဆို၊ ခုအတိုင်းဆိုရင် ကျုပ်တို့ နေမစေါင်းခင် မာနယ်ပလောဖက်ခြမ်းဆင်းဖို့ အချိန်မှီပါအုန်းမလားဗျာ‛
ကျနော်တို့ နှစ်ယောက် တက်လာလက်စ လမ်းအတိုင်း ဆက်တက်ကြ၏။ ဒီတခါတော့ ကျနော်ကပဲ ရှေ့ ကဦးဆောင်ပြီးတက်သည်။ မိုင်အိုက်ပန်က ဘာမျှမဟတော့။ သူနှင့်ကျနော်က အဖွဲ့ အစည်းချင်းသာ မတူပေမယ့် ညီရင်းအကိုတမျှ ရင်းနီးကြ၏။ ကျနော်တွင်မက ရဲဘော်အားလုံးနီးပါး သူ့ ကို ခင်မင်ကြ၏။အထူးသဖြင့် သူနှင့်ကျနော်က တယောက်နှင့်တယောက် ပြောမနာ ဆိုမနာ။ ထို့ ကြောင့် ကျနော်က သူ့ ကိုတလမ်းလုံး တပြစ်တောက်တောက်လုပ်လာခဲ့၏။ သူကလည်း မျက်နှာတပြုံးပြုံးနှင့် ကျနော်ပြောသမျှ ငုံ့ ခံပြီးလိုက်လာခဲ့၏။
‘ဟော တွေ့ ပြီ၊ ဒီလမ်းပဲ ဒီလမ်းပဲ‛
သူက အောင်နိုင်သူ၏ လေသံမျိုးဖြင့် တောလမ်းကလေးပေါ်တက်ပြီးရပ်သည်။ ပြီးတော့ ကျနော့်ရှေ့ မှဦးဆောင်ကာ လမ်းအတိုင်း ခတ်ကြွားကြွားထွက်သွားလေသည်။လမ်းကလေးအတိုင်းခတ်သွက်သွက်သွားနေရင်းက ပတ်ဝန်းကျင်ကိုဂရုပြုမိသည်။ ကိုယ့်ဇောနှင့်ကိုယ် တောင်ပေါ်တက်လာခဲ့သဖြင့် ပတ်ဝန်းကျင်ကိုပင် မေ့နေခဲ့မိ၏။ အမှန်အားဖြင့် ဤနေရာမှာ ရန်သူနှင့်အနီးဆုံးနေရာဖြစ်၏။ လူသူမရှိတော့သည့်နယ်မြေဖြစ်၏။ ထိုသို့ တွေးမိသည့်အခါကြမှ ကျနော့်မှာ တုန်လှုပ်မိ၏။ သို့ သော် ရဲဘော်ကြီး မိုင်အိုက်ပန်ကမူ ထိတ်လန့် ကြောက်ရွံ့ သည့်အမူအယာ မရှိ။ရှေ့ ကဦးဆောင်ချီတက်လျက်ရှိသဖြင့် ကျနော့်မှာ အားရှိသွားရ၏။
နာရီဝက်ခန့် လျှောက်လာပြီးသည့်အခါ ကျနော် စိတ်ပူလာရပြန်သည်။ ဒီအချိန်လောက်ဆိုလျင် မာနယ်ပလောကို ရောက်ဖို့ သင့်ပြီဟုတွေးမိသည်။ သည့်ထက် တနာရီခန့် နောက်ကျသွားပါက မာနယ်ပလောကို ဓါတ်ပုံခိုးရိုက်ဖို့ ရာ အခက်အခဲရှိနိုင်သည်။ မွန်းလွဲလို့ နေစေါင်းလျင် ကင်မရာကို မာနယ်ပလောဖက်ကို လှမ်းချိန်လို့ မသင့်တော်တော့မှန်း ကျနော်တွေးမိလာသည်။ မာနယ်ပလောတွင် ရန်သူ့  တပ်များရှိနေသည်။ရန်သူက မာနယ်ပလောကို သိမ်းမိသည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။ ပြီးတော့ ယခင် မာနယ်ပလော လုံခြုံရေး ကရင်ရဲဘော်အတော်များများမှာ ဒီကေဘီအေဖက်သို့ ပါသွားသဖြင့် မာနယ်ပလောနှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံဖက်ကမ်းမှာ လုံခြုံရေးအရ အင်မတန်အရေးကြီးသည့်နေရာဖြစ်သည်ကို မသိမဟုတ် သိကြမည်။ ထို့ ကြောင့် ရန်သူက ဒီဖက်ကမ်းတောင်ကြောကို အမြဲမပြတ်စေါင့်ကြည့်နေမည်မှာသေချာသည်။ အကယ်၍ ရန်သူက မှန်ပြောင်းနှင့်စေါင့်ကြည့်နေစဉ် ကျနော်က ကင်မရာကို ထုတ်ချိန်လိုက်ပါက နေရောင်ကြောင့် ကင်မရာ မှန်မှ အလင်းရောင်ပြန်လျင် ရန်သူက ဧကန်မုချ သေနတ်နှင့်လှမ်းပစ်မည်သာဖြစ်သည်။ ကျနော်တို့ နေရာယူရန်စိတ်ကူးထားသည့်နေရာမှာ မာနယ်ပလောဖက်ကမ်းနှင့် လက်နက်ငယ် တကမ်းအကွာတွင်သာရှိသည်။ ထို့ ကြောင့် မွန်းမလွဲခင် ရည်မှန်းထားသည့်နေရာသို့ ရောက်ဖို့ ရန်အချိန်မရှိလောက်အောင်ဖြစ်လာခဲ့သည်။
‘ဟော ဟိုမှာ တွေ့ ပြီ၊ ရောက် ရောက် ‛
မိုင်အိုက်ပန် ၏ တအံတသြရပ်ကြည့်နေရာကို ကျနော် အမောတကောပြေးကြည့်သည်။ သူက လက်ညှိုးညွှန်သလိုလုပ်ပြီးမှ လက်ကိုပြန်ရုပ်လိုက်၏။ တောင်ခြေအောက်က ရွာကလေးတရွာ။ ကျနော် နေရာတွင်ပင် ကြက်သေသေကာ ရပ်နေမိသည်။
‘ဟား ဒုက္ခပဲ အဲဒါမာနယ်ပလောမဖြစ်နိုင်ဘူးလေဗျာ ‛
ကျနော်က သူ့ ကိုတွန်းထိုးကာ လှမ်းမြင်ရသည့်ရွာကလေးကို စိတ်ပျက်စွာကြည့်သည်။
‘ဟုတ် ဟုတ်တယ်ကိုငြိမ်း အဲ အဲဒါ မယ်ပေါထ ပဲ‛
‘ကျုပ်ထင်တယ်၊ စတက်လာကတည်းကကျုပ်ထင်တယ်၊ ခင်ဗျား အစကတည်းက ကိုယ်မကျွမ်းရင် မကျွမ်းဘူးအမှန်အတိုင်းပြောပေါ့ဗျ၊ အခုတော့‛
‘အခုတော့ မယ်ပေါထပဲလေဗျာ၊ မယ်ပေါထရွာတွေ့ ရင် မာနယ်ပလောက ပြေးမလွတ်တော့ပါဘူး ကိုငြိမ်းရ‛
‘ဘာပြေးမလွတ်ရမှာလဲ အခုအတိုင်းဆို မာနယ်ပလောကိုတောင်ကျော်လာခဲ့ပြီ၊ခင်ဗျား မယ်ပေါထကို တမင်သွားချင်လို့ ကျုပ်ကို ညာခေါ်လာတာများလား၊ မရဘူး ပြန်လှည့်မယ်၊ ကျုပ်ကတော့ မာနယ်ပလောမှ မာနယ်ပလောပဲ၊ ကြည့်စမ်းဗျာ ကျုပ်က အကောင်းအောက်မေ့လို့  သူ့ အားကိုးနဲ့ ခေါ်လာမိပါတယ်၊ ခင်ဗျား ရီးစား အဲ ရီးစားလဲ မဟုတ်သေးပါဘူးလေ ခင်ဗျားဖက်က တဖက်သတ်ကြိုက်နေတဲ့ကောင်မလေး၊ အဲဒါ ခင်ဗျား ကျုပ်ကို အဖေါ်ခေါ်ပြီး သွားမလို့ မို့ လား ၊ မရဘူး အခုပြန်လှည့်၊ ခင်ဗျားဗျာ ဖြစ်မှဖြစ်ရပလေ‛
ကျနော်က ပြောပြောဆိုဆို နောက်ကိုပြန်လှည့်၏။ မိုင်အိုက်ပန် က ရှေ့ဆက်သွားရမလို လုပ်နေသေး၏။ပြီးတော့မှ ကျနော့်နောက်မှ မလိုက်ချင်လိုက်ချင်နှင့် ပြန်လိုက်လာ၏။ နာရီကိုကြည့်တော့ မွန်းတည့် ( ၁၂ ) နာရီရှိပြီ။ ကျနော်က နာရီကိုကြည့်ကာ မချိတင်ကဲ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။
‘ကဲ၊ ဒီအတိုင်းဆိုရင် မာနယ်ပလောကို ပြန်သွားရမှာရယ်၊ ဟိုကျတော့ ဓါတ်ပုံရိုက်ဖို့ နေရာရွေးရမှာရယ်ဆိုရင် အနည်းဆုံး တနာရီလောက်တော့ အချိန်ယူရမှာ သေချာတယ်၊ ကျုပ် ဒီလိုစဉ်းစားတယ်၊ မနက်ဖြန်ကျမှ တခါထပ်ပြီးကြိုးစားတော့မယ်၊ ပြန်ဆင်းကြရအောင်၊နေစောင်းမှ ဓါတ်ပုံသွားရိုက်ရင် ကျုပ်တို့ လှမ်းအပစ်ခံရမှာသေချာတယ်‛
ကျနော်က ပြောပြောဆိုဆို လာလမ်းအတိုင်းပြန်လျှောက်တော့ မိုင်အိုက်ပန် က အင်တင်တင်လုပ်နေ၏။
‘ဒါဆိုရင် ဒီလိုလုပ်မယ်၊ ကျုပ်ကတော့လာလက်စနဲ့ မထူးဘူး၊ မယ်ပေါထ ဆက်ဒိုးလိုက်တော့မယ်၊ ခင်ဗျား ဒီလမ်းအတိုင်းသာဆင်းသွား၊ ပဟေလူကိုဆင်းသွားမှာပဲ ၊မှားစရာအကြောင်းမရှိဘူး‛
‘ကြည့်စမ်း၊ ဒီလောက်လူတွေထွက်ပြေးနေရတဲ့ကြားထဲ လူမရှိတော့တဲံ့ရွာကို ခင်ဗျားဘာသွားလုပ်အုံးမှာလဲ၊ ဟိုမှာ လူမပြောနဲ့ ခွေးတောင် အကောင်တမြီးမှမရှိတော့ဘူးဗျ၊ မရဘူး၊ကျုပ်နဲ့ ပဲတခါထဲပြန်ရမယ်၊ ဘယ့်နှယ်ဗျာဒီလောက်တိုက်ပွဲဖြစ် ဒီလောက်လူတွေကစင့်ကလျားဖြစ်နေတဲ့ကြားထဲကများ၊ပြီးတော့ ကျုပ်တယောက်ထဲတော့ မပြန်ရဲဘူး၊ လာ အတူတူပဲပြန်မယ်‛
ကျနော်တို့ နှစ်ယောက် ဖွေးပေါလူရွာကိုရောက်တော့ မိုင်အိုက်ပန် က သူ့ ကို မယ်ပေါထရွာ သွားခွင့်မပေးရကောင်းလားဟု ပြုံးဖြဲဖြဲနှင့်အပစ်တင်ရင်းက လူချင်းခွဲလိုက်ကြ၏။
( ခ )
‘မကူညီချင်လို့ တော့မဟုတ်ဘူးကိုငြိမ်းဝေ၊ မာနယ်ပလောကျပြီးတာကလဲ ရက်ပိုင်းပဲရှိသေးတယ်၊ ပြီးတော့ အဲဒီနေရာမှာ ကျုပ်တို့ ကင်းတွေတောင် မရှိတော့ဘူး၊ ရန်သူက ဒီဖက်ကမ်းကိုကူးပြီး သူတို့ လုံခြုံရေးကိုချဲ့ ထားတယ်လို့ လဲကြားတယ၊် ဒါကြောင့်မို့ ပါ‛
ဗိုလ်မှူးတူးတူးလေး က သူ့ ရဲဘော်များနှင့် အလုပ်ရှုတ်နေသည့်ကြားက ကျနော့်ကို ဘေးတွင်ခေါ်ကာ ခတ်တိုးတိုးတားမြစ်နေ၏။ကျနော်ကမူ လက်မလျော့နိုင်ပါ။
‘ဗိုလ်မှူးပြောတာ ကျနော်သိပါတယ်၊ ဒါပေမယ့် ကျနော် ဓါတ်ပုံသွားရိုက်ရုံပါ၊ ရိုက်ပြီးပြီးချင်း ချက်ချင်းပြန်လာမှာပါ၊ ဗိုလ်မှူး ဒါတခုတော့ကူညီပါဗျာ‛
သုံးလေးကြိမ်တားမြစ်လို့ မရသောအခါကျမှ ဗိုလ်မှူးတူးတူးလေးက ကျနော့်အတွက် ကရင်ရဲဘော်နှစ်ယောက်ကို လမ်းပြအဖြစ် စီစဉ်ပေးခဲ့၏။ ကရင်ရဲဘော်များမှာ မြန်မာစကားတတ်သဖြင့် အဆင်ပြေ၏။
အမှန်စင်စစ် ဒီကနေ့ မနက်ခရီးထွက်ဖြစ်လျင် သူလည်းလိုက်ဖြစ်အောင်လိုက်ပေးမည်ဟု မိုင်အိုက်ပန် က မနေ့ ညနေကတည်းက ကတိပေးထားပြီးဖြစ်သည်။ ဒီကနေ့ မနက် သူ့  ဆီကျနော်သွားတော့ သူက အိပ်ယာက မထသေး။ မနေ့ တုန်းက မယ်ပေါထရွာကို မျက်လုံးနှင့်မြင်လိုက်ရပြီးကာမှ မသွားလိုက်ရလေခြင်းဟုဆိုကာ ညက တညလုံးအရက်ထိုင်သောက်ခဲ့သဖြင့် မနက်ကြတော့ အိပ်ယာက မထနိုင်တော့။
စိတ်ပျက်ပျက်နှင့် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရဲဘော်ဗညားထံ ကျနော်ထွက်လာခဲ့သည်။ သူ့ ထံတွင် ကင်မရာကောင်းကောင်းတလုံးရှိသည်။ ကျနော့်တွင်ရှိသော ကင်မရာက အဝေးချိန်မှန်ဘီလူးမှာအားနည်း၏။ ရဲဘော်ဗညားထံတွင်ရှိသည့် ကင်မရာက Green Novenber 32 မှ ကင်မရာဖြစ်သည်။ အဝေးချိန်မှန်ဘီလူးမှာ အားအလွန်ကောင်းသည်ကို ကျနော်သိသည်။ အစပိုင်းတွင် ကိုဗညားက သူပိုင်ပစ္စည်းမဟုတ်ဟုဆိုကာ ကျနော့်ကို မငှါးနိုင်ဟု ငြင်းနေသေး၏။ ကျနော့်ရည်ရွယ်ချက်အမှန်ကိုပြောပြမှ ငှါးမည်ဟု ဈေးဆစ်နေသေး၏။ ကျနော်က ကင်မရာ ငှါးလို့ ရနိုင်ရန် အမှန်အတိုင်းဖွင့်ပြောတော့ ကျနော်သွာမည့်ခရီးတွင် သူလည်းလိုက်ခွင့်ပြုမှ ငှါးမည်ဟု ထပ်ပြီးဈေးဆစ်နေပြန်သည်။ မတတ်သာသည့်အဆုံး ကင်မရာလည်းရ အဖေါ်လည်းရဟု သဘောထားကာ ကိုဗညား၏တောင်းဆိုချက်ကိုလက်ခံခဲ့ရ၏။ ကိုဗညားသည်လည်း ကျနော်နှင့်ရင်းနီးသူပင်ဖြစ်သည်။ နေ့ တိုင်းလိုလို ထူးရာစိုးလဘက်ရည်ဆိုင်တွင်အတူထိုင်ကာစကားဝိုင်းဖွဲ့ ခဲ့သူဖြစ်သည်။ ဤသို့ ဖြင့် ပဟေလူရွာ နောက်ကြော တောင်ပေါ်ခရီးတွင် ကျနော်တို့ အဖွဲ့ ၌လူ (၄)ယောက်ဖြစ်လာခဲ့လေသည်။
‘ဘယ်လိုလဲ ကိုငြိမ်း ငြိမ်လှချည်လား၊ ဘာတွေ တွေးလာတာလဲဗျ‛
‘ဟိုရောက်ရင် ခင်ဗျား ကင်မရာနဲ့  ခင်ဗျားပဲရိုက်ဗျာ၊ ကျနော်က ကျနော့်ကင်မရာနဲ့ ပဲ ကျနော်ရိုက်မယ်‛
‘ရတယ်လေ ခင်ဗျားက ဒီခရီးမှာ စစ်ကြောင်းမှူးပဲဟာ‛
တနာရီခွဲသာသာတွင် ကျနော်တို့ လူစု တောင်ပေါ်လူသွားလမ်းပေါ်ရောက်လာကြ၏။ နောက်ထပ်နာရီဝက်ခန့် ရှိသောအခါ မာနယ်ပလောဖက်သို့ ဆင်းသည့် တောင်ကြောအတိုင်းဆင်းလာနိုင်ကြ၏။ လမ်းတွင် မည်သည့်အခက်အခဲမျှမရှိခဲ့။ ကျနော်တို့ လူစု တောင်ကြောအတိုင်းဆင်းလာနေစဉ် မာနယ်ပလောကိုထင်ထင်ရှားရှားကြီးပင်မြင်နေကြရ၏။ သာသနာ့အလံတချို့  နေရာ (၁၀)နေရာခန့် လောက်တွင် လှန်းတွေ့ ရ၏။ ဒီကေဘီအေ အလံများပင်ဖြစ်မည်ဟု ယူဆမိသည်။
ကျနော်တို့ ဆင်းချလာရာတောင်ကြောနှင့်မျက်နှာချင်းဆိုင်သောင်ရင်းမြစ်တဘက်ကမ်းတွင် စေါဘဦးကြီး စစ်ရေးပြကွင်းကို မြင်နေရ၏။ စေါဘဦးကြီးကျောက်တိုင်ကိုမူမတွေ့ ကြရ။ နဝတစစ်တပ်က ဖျက်ဆီးလိုက် ၍ပဲလား သစ်ပင်များကွယ်နေလို့ ပဲလား ကျနော်မသိ။ ကျနော်တို့ ကို လမ်းပြလိုက်ပါလာသူ ကရင်ရဲဘော်နှစ်ဦးကမူ အောက်ခြေနားအထိဆင်းလာကြသည့် ကျနော်တို့ နှင့် ပါမလာတော့ပဲ လမ်းတဝက်တွင်ပင် နေရစ်ခဲ့ကြ၏။ ကျနော်တို့ နှစ်ယောက်က ခြုံများ သစ်ပင်များကို အကာအကွယ်ယူကာ တဖြေးဖြေးချင်း အောက်သို့ ဆင်းလာကြ၏။
‘ဟေ့ ဟိုမှာ ဆရာတော်ရမ်ဘို ရဲ့ ကားမို့ လား‛
တိုယိုတာ ဗင်ကားအဖြူလေးတစီးကို ဘုန်းတော်ကြီးကျောင်း ကမ်းပါးယံအောက်ခြေ၌တွေ့ ရ၏။ နဝတနှင့် ဒီကေဘီအေတပ်များ သိမ်းဆီးရမိသွားသော တစီးတည်းသောကားကလေးဖြစ်၏။ ဤကားကလေးမှာ ဗိုလ်ချုပ်ကြီးစောဘိုမြက ဆရာတော် ရမ်ဘိုအား လှူဒါန်းထားသည့် ကားကလေးဖြစ်၏။
‘ဟိုမှာ ကမ်းပါးယံမှာ စာလုံးတွေဖေါ်ပြီးခင်းထားတယ်၊ ဘာတဲ့ ..နဗဟ (၆၆၁)၊ ခမရ ၂၈ တဲ့ ၊ ဟေ့ ဟေ. ကိုဗညားလေး ရိုက်ရိုက် သေသေချာချာ နှစ်ပုံသုံးပုံလောက်သာရိုက်‛
ကိုဗညားက အလံထောင်ထားသည်များကို ဓါတ်ပုံရိုက်နေရင်းက ကျနော်ပြောပြရာ ကမ်းပါးယံကို တဆက်တည်းရိုက်၏။
‘ကြည့်စမ်း ဒီကောင်တွေ မာနယ်ပလောကိုသိမ်းတာ သူတို့ တပ်တွေမဟုတ်ဘူး၊ ဒီကေဘီအေ ကပဲ သိမ်းတာဆိုပြီး ညကပဲ သတင်းစာရှင်းလင်းပွဲမှာပြောသွားသေးတယ်၊ ဟင်း အခုတော့ သူတို့ ကိုယ်တိုင်ဝင်သိမ်းတာ ရှင်းနေတာပဲဟာ ‛
‘ကဲ ကိုဗညားရေ ဟိုဖက် ကျုပ်တို့ ရုံးတွေဖက် အချိန်ရှိတုန်း ရွှေ့ ကြအုံးစို့ ၊ဒီဖက်က ဒီလောက်ဆို တော်လောက်ပါပြီ‛
ကျနော်တို့ လူစု မာနယ်ပလော၏တောင်ဖက်ကို ရွှေ့ လာခဲ့ကြ၏။ ကျနော်ကတော့ မာနယ်ပလောကို လွမ်းသစွာငေးကြည့်ရင်း ရင်ထဲ၌ နာကျင်နေခဲ့၏။ ဤနေရာ၌ ကျနော်သည် သုံးနှစ်ကျော်မျှနေထိုင်ခဲ့၏။ ယခုအခါ မာနယ်ပလောမြေပေါ်တွင် နဝတစစ်သားတချို့ ကို ဟိုဒီသွားလာနေသည်ကို မြင်နေရပြန်သည်။ဆရာတော် ရမ်ဘို၏ ကားအဖြူကလေးကိုလည်း ဟိုဒီ လျောက်မောင်းနေသည်ကို တွေ့ နေရ၏။ နဝတစစ်သားများဖွင့်ထားသည့် ကက်ဆက်သီချင်းသံကိုပင်ကြားနေရ၏။ နဝတစစ်သားအချင်းချင်း အော်ဟစ်ပြောဆိုသည့်အသံကိုပင်လျင် သဲ့သဲ့မျှကြားနေရ၏။
‘ကဲ ဘယ်လိုလဲ၊ ပြန်ကြမလား၊ တခြားရိုက်စရာနေရာ ရှိအုံးမလား‛
ကျနော်က ခေတ္တခဏမျှစဉ်းစားနေလိုက်၏။
‘အခု အချိန်နည်းနည်းရှိနေသေးတယ်ငါ့ညီ၊ ငါတော့ အရင်နေရာကိုပဲ ထပ်ပြီးသွားကြည့်ချင်သေးတယ် ဘယ်နှယ်လဲ‛
‘ဟာ ဒါက ကိုငြိမ်းသဘောပဲလေ၊ ကိုင်း ကြာသလားလို့ ရွေ့ ကြရအောင်‛
ပထမ ကျနော်တို့ နေရာယူခဲ့ရာနေရာသို့ ပြန်ရောက်လာကြပြန်သည်။ ကျနော်တို့ လူသိုက် သတိကြီးစွာထားကာ သစ်ပင်ခြုံပင်များကိုအကာအကွယ်ယူကာ အောက်ဖက်ဆီဆင်းလာနေခိုက် အောက်တည့်တည့် သောင်ရင်းမြစ် ဒီဖက်ကမ်းတွင် လှေငယ်တစင်းဆိုက်ထားသည်ကိုတွေ့ လိုက်ရ၏။ ကျနော်တို့ က ရောက်ရာနေရာတွင်ပင်ရပ်ကာ အခြေအနေကိုစေါင့်ကြည့်ကြ၏။ အသံကိုနားစွင့်၏။ နားထဲတွင် လေတိုးသံမှအပ ထူးခြားသည့်အသံကိုမူ မကြားကြရ။ သို့ သော် ဟိုဖက်ကမ်း မာနယ်ပလော စက်လှေဆိပ်ဆီကအဝတ်ဖွပ်သည့်အသံကိုမူ အတိုင်းသားကြားနေရ၏။ကရင်ရဲဘော်နှစ်ဦးက အောက်အထိဆက်ပြီးဆင်းရန်ချီတုံချတုံဖြစ်နေ၏။ကျနော့်စိတ်ထဲတွင် သံသယစိတ်အနည်းငယ်ဖြစ်လာ၏။ ကျနော်တို့ ခရီးမထွက်လာခင်က ဗိုလ်မှူးတူးတူးလေးပြောလိုက်သည့်စကားကို ကျနော်ပြန်စဉ်းစား၏။ရန်သူက ဒီဖက်ကမ်းတောင်ကြောမှာ ကင်းတွေတက်ပြီးထိုးကောင်းထိုးထားနိုင်သည်၊ စစ်ခွေးဟောင်သံတွေလည်းကြားရသည်ဟူသည့်စကားကို ပြန်တွေးမိကာ စိုးရိမ်လိုက်မိသေး၏။
‘ဒီလိုလုပ်၊ ခင်ဗျားတို့ က ဒီနားမှာပဲ စေါင့်နေခဲ့ပေါ့ဗျာ၊ ကျုပ်တို့ နှစ်ယောက်က အောက်နားအထိ နည်းနည်းဆင်းပြီး ဓါတ်ပုံရိုက်လိုက်ဦးမယ်‛
ကျနော် နှင့်ကိုဗညားက သတိနှင့် အောက်ကိုဆင်းလာခဲ့ကြသည်။
‘ဟော ကိုငြိမ်းဝေ ဟိုမှာကြည့်စမ်း၊ အခုနတုံးက ကျုပ်တို့ တွေ့ ခဲ့တဲ့စာတွေ မရှိတော့ဘူးဗျ၊ ဟော ဘာတဲ့ ၊ ဒီ ကေ ဘီ အေ ဆိုပြီး စာလုံးတွေပြောင်းသွားပြီဗျ‛
ကျနော်တို့ နှစ်ယောက် ပြိုင်တူဆိုသလို ဘုန်းတော်ကြီးကျောင်း ကမ်းပါးယံကို ကင်မရာ ကိုယ်စီ ထိုးချိန်လိုက်ကြ၏။
လွန်ခဲ့သည့် တနာရီခန့် က ဤ ကမ်းပါးယံကြီးပေါ်တွင် ကျောက်တုံးများကို ထုံးဖြူသုပ်ကာ စာလုံးဖေါ်ထားသည့် ၊ န ဗ ဟ ( ၆၆၁ )၊ ခမရ ၂၈ စာတန်း၏နေရာတွင် ဒီ ကေ ဘီ အေ ဟူသော စာတန်းကြီးကို အံ့သြစွာ ဓါတ်ပုံရိုက်ကြ၏။ အမှန်တကယ်အားဖြင့်ဆိုလျင် မာနယ်ပလောကို နဝတစစ်တပ်များကသာ ဦးဆောင်ပြီးသိမ်းပိုက်ခဲ့ခြင်းဖြစ်၏။ ထို့ ကြောင့် စခန်းသိမ်းတပ်၏နာမည်ကို စာလုံးဖေါ်၍ဖေါ်ပြထားခဲ့ကြခြင်းဖြစ်သည်။ သို့ သော် လွန်ခဲ့သည့်ညကမူ စစ်အစိုးရကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မာနယ်ပလောကို ဒီကေဘီအေ တပ်များကသာသိမ်းခြင်းဖြစ်ကြောင်း အသံလွှင့်ခဲ့၏။ ထို့ ကြောင့် ဒီကနေ့ မနက်ခင်းတွင် စာလုံးများပြောင်းပစ်လိုက်ကြ၏။ ကျနော်တို့ က စာလုံးနှစ်မျိုးစလုံး၏ ဓါတ်ပုံများကို ကံအားလျော်စွာ တိုက်တိုက်ဆိုင်ဆိုင် အချိန်မီရလိုက်ကြခြင်းသာဖြစ်လေသည်။
‘ကဲ ကိုဗညား၊မောင်ရင်က ဒီမှာပဲနေပြီးရိုက်တော့၊ ကျုပ် ကင်မရာက အောက်နည်းနည်းထပ်ဆင်းပြီးရိုက်မှ အဆင်ပြေမှာ‛
ဝါးတရိုက်ခန့် အထိအောက်ကို ကျနော်ဆင်းလိုက်သည်။ စေါဘဦးကြီးစစ်ရေးပြကွင်းကို အတိုင်းသားမြင်နေရ၏။ စစ်သားတချို့ အဆောက်အဦးပျက်များကြား သွားနေသည်ကို အရုပ်ကလေးများ လှုပ်ရှားနေသည့်သဖွယ်တွေ့ နေရ၏။ ထိုစဉ်မှာပင် ခွေးဟောင်သံကြီးတသံကို ကျနော်နှင့်လက်တကမ်းအကွာခန့် က မမျှော်လင့်ပဲ ကြားလိုက်ရလေသည်။ ချက်ချင်းဆိုသလို လာလမ်းအတိုင်း ကျနော်ပြန်ပြေးနေမိသည်။ ပြေးနေ တက်လာနေရင်းက နောက်ဆက်တွဲ ကြားရဖွယ်ရှိသည့် ခွေးဟောင်သံနှင့် သေနတ်သံများကို လည်းနားစွင့်နေရသေး၏။ သို့ သော် ဘာသံမျှတော့မကြားရ။ အားသွန်ပြီး တောင်ပေါ်ကိုပြေးတက်နေစဉ် အဖေါ်များကိုလည်း အပြစ်တင်မိသည်။ သူတို့ သည် ကျနော့်ကိုပင်မစေါင့်တော့ပဲ တောင်ပေါ်ကိုပြေးနှင့်ကြပြီဖြစ်သည်။ သူတို့ ကို အရိပ်အရောင်မျှပင် မတွေ့ ရတော့။ ပြေးရင်းနှင့်စဉ်းစားသည်။ သည်အတိုင်း လူသွားလမ်းအတိုင်းပြေးနေပါက နောက်က စစ်ခွေးလိုက်လာခဲ့သည်ရှိသော် လွတ်စရာအကြောင်းမရှိသည်ကို တွေးမိလာသည်။ ကျနော်ကြည့်ဖူးသည့်ရုပ်ရှင်ကားများထဲ၌ စစ်ခွေးကြီးများအလိုက်ခံရသည့်အခါ အနံ့ ခံပြီးမှသာ လိုက်၏။ အလိုက်ခံရသည့် ဇာတ်လိုက်က စမ်းချောင်းအတိုင်းမျှောကူးပြီးမှသွားသောအခါ စစ်ခွေးများအဖို့ အနံ့ ခံ၍မရနိုင်တော့သည်ကို ပြေးရင်းလွှားရင်းတွေးမိလာ၏။ ထို့ ကြောင့် လူသွားလမ်းကလေးအတိုင်းမပြေးတော့ပဲ အနိမ့်ပိုင်းချောက်ထဲသို့ ဆင်းချလာခဲ့၏။ အလဲလဲအပြိုပြိုနှင့်ဆင်းချလာနေစဉ် ကျနော့်မှာ ဆက်ပြီးမဆင်းနိုင်လောက်အောင် အမောဆို့ လာရ၏။ အချိန်အတန်ကြာသည်အထိ ဒလိမ့်ခေါက်ကွေး ဆင်းချလာနေသည့်တိုင် ရေရှိသည့် စမ်းချောင်းကိုမူ အရိပ်အရောင်မျှ မတွေ့ ရသေး။ ကျနော်မည်သို့ မျှ မတတ်နိုင်တော့ပါ။ ထို့ ကြောင့် ပြေးလို့ မလွတ်လို့  သေချင်လည်းသေစေတော့ဟု ဆုံးဖြတ်ကာ သစ်ပင်တပင်၏ခြေရင်းတွင် ပစ်လှဲချလိုက်ရ၏။ အသက်ကို ဖါးဖိုထိုးသလို လေကိုရှူရှိုက်ရင်း ခွေးဟောင်သံ လူသံများကို နားစွင့်နေမိသေး၏။ သို့ သော် တောကြီးတခုလုံး ကျနော့်အသက်ရှူသံများမှအပ မည်သည့်အသံမျှ မကြားရ။ သစ်ရွက်များလေတိုးသည့်အသံများကို ကြားလိုက်ရ၏။
မိနစ်အနည်းငယ်မျှ နားပြီးမှ ကွဲသွားသည့်အဖေါ်များကို ကျနော် ရှာတွေ့ မှ ဖြစ်မည်ကို တွေးမိလာသည်။ ကျနော်က တောင်ပေါ်က ပြန်ဆင်းသည့်လမ်းမှန်ကိုမသိ။ အမော မပြည့်တပြေတွင် ခေါင်းပေါ်က တောင်စေါင်းပေါ် ပြန်တက်ရပြန်သည်။ တောင်ထိပ်သို့ ရောက်လျင် ခတ်မြင့်မြင့်သစ်ပင်တပင်ကို ရှာရမည်။ သစ်ပင်ပေါ်ကတဆင့် ပဟေလူနှင့် ဖွေးဘောလူရွာများရှိရာဖက်ကိုကြည့်မည်။ တွေ့ လျင် စိတ်မှန်းနှင့် တောင်ပေါ်က လမ်းရှာပြီးဆင်းမည်ဟု စိတ်ကူးထားလိုက်၏။
တောင်ပေါ်လမ်းကလေးပေါ် ကျနော်ရောက်လာခဲ့ပြန်သည်။ လမ်းတွေ့ သဖြင့် ကျနော့်မှာ ခလေးတယောက်လိုပင် ပျော်ရွှင်သွားရ၏။ ခတ်မြင့်မြင့် သစ်ပင်တပင်ကို လိုက်ကြည့်နေစဉ် လူသံကြားရသဖြင့်လှမ်းကြည့်တော့ လူသွားလမ်းချိုးကလေးဆီမှ လူနှစ်ယောက်ပေါ်လာခဲ့၏။
‘ဟာ ခင်ဗျားတို့ ပဲ၊ ခင်ဗျားတို့ ဗျာ ကျုပ်တောင်မှ မစေါင့်ကြဘူး၊ ကျုပ်လည်း အသားကုန်ပြေးလိုက်ရတာ၊ လူချင်း ပြန်တွေ့ လို့ တော်သေးတာပေါ့၊ နို့ မို့  ကျုပ်တယောက်ထဲ တောင်ပေါ်တောထဲ ဒုက္ခဖြစ်မှာသေချာတယ်‛
လမ်းပြ ကရင်ရဲဘော်နှစ်ဦးက ကျနော့်ကို မဝေခွဲတတ်သည့်မျက်လုံးကိုယ်စီဖြင့် ကြည့်သည်။ ပြီးတော့ သူတို့ အချင်းချင်းလည်း ကြည့်လိုက်ကြသေး၏။
‘ခင်ဗျား တောင်ပေါ်တက်ပြေးတာ ကျနော်တို့ တွေ့ တာပဲ၊ ကျနော်တို့ က လှမ်းခေါ်မယ်တောင်လုပ်သေးတာ၊ ခေါ်ချိန်တောင် မခင်လိုက်ဘူး၊ တခါထဲ တောင်ပေါ် ဒမျောသောပါးပြေးသွားတာ၊ ကျနော်တို့ ရှေ့ ကပဲ ခင်ဗျားပြေးသွားတာပဲဟာ၊ ကျနော်တောင်စဉ်းစားနေတာ၊ ဘာပြုလို့ များ ဒီလူ ဒီလောက် အရေးတကြီးပြေးသွားပါလိမ့်ပေါ့‛
‘ဘာ ခင်ဗျားတို့ ရော ပြေးကြတာပဲမို့ လား၊ ဟို ဟို အယ်လ်ဇေးရှင်းခွေးဟောင်တာ ခင်ဗျားတို့ မကြားလိုက်ဘူးလား‛
‘ဘယ်ကလာခွေးဟောင်ရမှာလဲ ၊ ချေတကောင် လန့် ပြီး အော်ပြီး ခင်ဗျားဘေးနားကပဲ အနိမ့်ထဲ ခုန်ချလိုက်တာပဲဟာ‛
ကျနော့်ခန္တာကိုယ်မှာ နောက်သို့ အလိုလိုယိုင်သွားရ၏။ ကရင်ရဲဘော်နှစ်ဦး၏ မျက်နှာကိုလည်း မကြည့်ရဲတော့။သူတို့ နှစ်ဦးကလည်း ကျနော့်အခြေအနေကို အကဲခတ်ကာ ဒီကိစ္စကို ထပ်ပြီးမဟတော့။
‘ခင်ဗျားနဲ့ ပါလာတဲ့ ခင်ဗျားရဲဘော်လေးကတော့ ဖွေးပေါလူကို ပြန်သွားနှင့်ပြီ၊ ကျုပ်တို့ နှစ်ယောက် တောင်အောက်ရောက်ပြီးမှ ဗိုလ်မှူးက ခင်ဗျားပါမလာဘူးဆိုရင် မဖြစ်ဘူးသွားရှာဆိုလို့ ကျုပ်တို့ ပြန်တက်လာကြရတာ‛
ကျနော်က ကရင်ရဲဘော်နှစ်ဦး၏စကားကို မျက်နှာလွှဲပြီး၊ ခေါင်းငုံ့  ထားပြီးမှ နားထောင်သည်။ သူတို့ ကို ကျနော် မျက်နှာချင်းမဆိုင်ဝံ့လောက်အောင် ရှက်နေမိသည်။တောင်ခြေနားသို့ ရောက်သောအခါကြမှ ပင်ပန်းချိနဲ့ စွာ လျောက်လာရင်းက၊ ကရင်ရဲဘော်နှစ်ဦးကို လေသံပြော့ပြော့နှင်ပင် ကျနော် နှုတ်ဆက်စကားပြောမိတော့၏။
‘အေးဗျာ ၊အခုလို သက်စွန့် ဆံဖျားလိုက်ပြီး လမ်းပြကူညီတာ ကျနော်ကျေးဇူးတကယ်တင်ပါတယ်၊ ဗိုလ်မှူးတူးတူးလေးကိုလည်းပြောပြပါ၊ အော် ဒါပေမယ့် ချေဟောက်တာကို ခွေးဟောင်တဲ့အသံအောက်မေ့ပြီး ကျနော်ထွက်ပြေးတာကိုတော့ မပြောလိုက်ပါနဲ့ ဗျာနော‛
( ဂ )
အိပ်ယာထဲတွင် နှစ်ရက်မျှ နားနေခဲ့ရသည်။ တောင်ပေါ်တွင် ပြေးခဲ့လွှားခဲ့ရသည့်ဒဏ်ကြောင့် ကျနော့်မှာ နှစ်ရက်မျှ ဖြားနာခဲ့ရ၏။ သည်ကြားထဲ မာနယ်ပလောကို ရိုက်ခဲ့သည့် ဓါတ်ပုံများကို အချိန်မှီ သတင်းနယ်ပယ်သို့ ရောက်စေရန် စိတ်စေါနေမိသည်။ စစ်အစိုးရ၏ လိမ်ညာဝါဒဖြန့်  သတင်းစာရှင်းလင်းပွဲကို ကျနော်တို့ ရခဲ့သော ဓါတ်ပုံများဖြင့် ပြန်လည်ချေပနိုင်လိမ့်မည်ဟု ကျနော်ယုံကြည်သည်။ သို့ သော် နေ့ စဉ်အဖျားက မကျနိုင်အောင်ဖြစ်နေသည်။ ကျနော့်စိတ်ထဲ မာနယ်ပလောကို စွန့် စွန့် စားစားသွားရောက် ဓါတ်ပုံရိုက်ခဲ့သည့်အကြောင်းကို မိတ်ဆွေများကို ဂုဏ်ယူဝံ့ကြွားစွာ အာဘောင်အာရင်းသန်သန်နှင့် ပြောပြချင်နေသည်။ ဒီကြားထဲ ကိုဗညားလေးကလည်း ကျနော့်ထံ ရောက်မလာခဲ့။ သူလည်း သူ့ ပါတီကိစ္စများနှင့်အလုပ်ရှုပ်နေလိမ့်မည်ဟု ကျနော်တွေးမိသည်။
အိပ်ယာထဲမှ ထလာနိုင်ခဲ့ပြီ။ ဒီကနေ့ ဆိုလျင် တဲပေါ်ကပင်ဆင်းလာနိုင်ပြီ။ တဲပေါ်တွင် လူမမာလာမေးကြသည့်မိတ်ဆွေတချို့ ရောက်နေ၏။ယခုလို လူစုံချိန်တွင် ကိုဗညားလေးကို ကျနော်တောင့်တမိသည်။ ကျနော်တို့ ၏ မဟာစွန့် စားခန်းကြီးကို အခုလို လူစုံချိန်တွင် သူနှင့်ကျနော် အားရပါးရ ဖေါက်သည်ချရလျင် ဘယ်လောက်ကောင်းမည်နည်းဟု ကျနော်တွေးမိသည်။
‘ဟော ၊ပြောရင်းဆိုရင်း ရဲဘော်ဗညားတောင် ရောက်လာပြီ‛
ကိုယ်လုံးကိုယ်ထည်သေးသေး၊ ပိန်လျလျခန္တာကိုယ်ပိုင်ရှင် ကိုဗညားက တဲရှေ့ မြေကွက်လပ်တွင်လာပြီးရပ်လိုက်သည်။ ကျနော့်ကိုတလှည့် တဲပေါ်က ပရိသဒ်ကိုတလှည့် ဟန်ပါပါကြည့်လိုက်သည်။ ရဲဘော်ဗညား၏ မျက်နှာထားကို ကြည့်ကာ ကျနော်ထိတ်လန့် တုန်လှုပ်သွားရသည်။
‘သတင်းထောက် ကိုငြိမ်းဝေ ဖျားလောက်အောင် ပင်ပန်းမယ်ဆိုရင်လဲ ပင်ပန်းလောက်တာပေါ့ဗျာ ‛
ရဲဘော်ဗညားက ပြောလက်စ စကားကို တုံးတိတိရပ်ထားလိုက်၏။သူ့ အမူအယာ သူ့ စကားလေသံကိုကြည့်ကာ ကျနော်ထိတ်လန့် သွားရသည်။ သဘောပေါက်သွားရသည်။ ကျနော့်မျက်လုံးတွေထဲက ထွက်လာသည့်ဒေါသမြှားအစင်းစင်းသည် ရဲဘော်ဗညား၏ ရင်ကို ထုတ်ချင်းခတ်သွား၏။ ရဲဘော်ဗညား ဘာမျှဆက်ပြီးမပြောတော့ပါ။ သို့ သော် တဲပေါ်မှထွက်ပေါ်လာသည့် ရယ်သံများကမူ ကျနော့်နှလုံးသားပေါ်လမ်းကြိတ်စက်နင်းသလို ဖြတ်နင်းမောင်းချသွားလေတော့၏။ ။
( ချစ်ခင်လေးစားအပ်တဲ့ မိုင်အိုက်ပန်မှာ စစ်အစိုးရ အကျဉ်းထောင်အတွင်းကျဆုံးသွားခဲ့ပါပြီ။ ချစ်ခင်ရတဲ့ ညီငယ် ရဲဘော်ဗညား မှာ ယခုအခါ သြစတေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပါသည်။ ကျနော်တို့ ရိုက်ခဲ့သော ဓါတ်ပုံများကိုမူ ၁၉၉၅ ခု နှစ်အတွင်းက ထုတ်ဝေခဲ့သည် ခေတ်ပြိုင်ဂျာနယ်တွင်ဖေါ်ပြနိုင်ခဲ့ပါသည်။ ယခုအခါ ကျနော်တို့ ထံတွင် လက်ခံမရှိတော့သဖြင့် ဓါတ်ပုံများတော့ ဤဝတ္ထုတိုနှင့်တွဲလျက် တပါတည်းမဖေါ်ပြနိုင်တော့ပါ။ )
ငြိမ်းဝေ
Subscribe to:
Post Comments (Atom)
Thank you for sharing. It's very exciting to read.
ReplyDeletehttp://img156.imagevenue.com/img.php?image=76252_DKBA_122_868lo.JPG
ReplyDeletehttp://img179.imagevenue.com/img.php?image=76251_nabaha_661_122_230lo.JPG
http://myanmarcupid.net/community/showthread.php?t=2388&page=11