November 29, 2009

ကဗျာ

ကျနော့်ဘဝမှာ ကျောင်းဆရာအမျိုးမျိုးလုပ်ခဲ့ဖူးတယ်။ ဆိုလိုတာက အစိုးရခန့် မူလတန်းပြကျောင်းဆရာ၊ စပါးနဲ့ ဒါမှမဟုတ်ကျောင်းသားမိဘတွေစုပေးတဲ့ ရွာငှါးကျောင်းဆရာ၊ စေတနာ အထက်တန်းညကျောင်းဆရာ၊တွဲဖက် အလယ်တန်းပြဆရာ၊ အဲဒီအထဲမှာ ကျနော်အစုံမက်ကြီးစုံမက်ပြီး တန်ဘိုးအထားးဆုံး ရွာငှါးကျောင်းဆရာဘဝ၊ ဒီလိုကျောင်းဆရာအမျိုးမျိုးရဲ့ ဘဝအမျိုးမျိုး ရှိခဲ့ဖူးပါတယ်။အခုလည်း နိုင်ငံပြင်ပ အထက်တန်းကျောင်းတကျောင်းမှ စေတနာ့ဝန်ထမ်း အထက်တန်းပြကျောင်းဆရာ..။ ကျနော်နဲ့ ကျောင်းဆရာဘဝနဲ့ က ကံကြမ္မာက ဘယ်လိုဖြတ်ဖြတ် ရေစက်က ပြတ်သွားတယ်ရယ်လို့ ကိုမရှိပါဘူး။
ဒီလို ကျောင်းဆရာဘဝတွေကို ဖြတ်သန်းတဲ့အခါ ကျနော်က သင်ကြားသူအဖြစ်ထက် သင်ယူသူအဖြစ်ကို ပိုပြီးလေးနက်ခဲ့မိတယ်။ ဥပမာ လွန်ခဲ့တဲ့ နှစ်(၃၀)ကျော်လောက်က ဟိုး ပဲခူးချောင်းဖျားက ရွာတရွာမှာ ကျောင်းဆရာလုပ်တော့ ကျောင်းသားတွေဆီကပဲ ကျနော် ပျိုးနှုတ်၊ထယ်ထိုး သင်ယူခဲ့ရတာပဲ။ ကျောင်းသားတွေရဲ့ဘဝတွေကို ကျနော့်မှာ မှတ်လို့ သားလို့ ကို မကုန်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ကျောင်းသား၊ ကျောင်းရန်ပုံငွေအတွက် စပါးရိတ်ရင်း ပိုးထိလို့ ဆုံးပါးသွားရတဲ့ကျောင်းသား၊ ကျောင်းဆရာ ထမင်းချိုင့် အတွက် ချောင်းထဲမှာ ငါးရှာရင်း ရေနစ်သေဆုံးရတဲ့ကျောင်းသား၊ အို..ပြောရရင် ကုန်နိုင်ဘွယ်တောင်မရှိတဲ့ ဘဝတွေ..အလှတွေ..နာကျင်ခံစားရမှုတွေ...။

ဒီကနေ့ ကျနော် နှစ်သက်တဲ့ကဗျာလေးတပုဒ် လက်ဆောင်အနေနဲ့ တင်ပေးလိုက်ပါတယ်။
ကျောင်းဆရာတယောက်ရဲ့ ရင်ကို ထုတ်ချင်းခတ်သွားရလောက်အောင် ခံစားမှုပေးနိုင်တဲ့ ကဗျာလေးပါ။ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး။ဖတ်ကြည့်ပါ။၁၉၉၉၊ နိုဝင်ဘာလထုတ် သရဖူမဂဇင်းမှာပါတဲ့ ဆရာ နေမျိုး ရဲ့ ကဗျာလေးပါ။

အစ်ကို

တစ်နေ့ ကျတော့
စာသင်ခန်းထဲမှ ဆရာမက
ကျောင်းသားတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်တစ်ခု မေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်သလဲ တဲ့။
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီး စိုက်ကြည့်နေတယ်။
ပြီးမှ လေသံ တိုးတိုးလေးနဲ့  ဖြေပြလိုက်ရဲ့။
(နားထောင်စမ်းပါ)
ကျွန်တော်ဟာ ခြေတစ်ဖက် ဆာနေတဲ့
ကောင်ကလေးတယောက် ဖြစ်ချင်ပါတယ်တဲ့။
ဆရာမက တအံ့တသြနဲ့ 
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့ လဲသားတဲ့၊ ထပ်ပြီး မေးလိုက်ပေါ့။
ဒီတော့ ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကို ငုံ့ ကာ
ဆရာမ ကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
ကျွန်တော့ ညီမလေးက ခြေထောက်တစ်ဖက် မသန်ဘူးဆရာမတဲ့…။ ။

နေမျိုး
၁၉၉၉၊ နိုဝင်ဘာ၊ သရဖူ



1 comment:

  1. ကျောင်းဆရာ၊ ဆရာမ တွေ ရဲ့ ဘ၀ အထူးသဖြင့် မူလတန်းကလေးတွေ ကို သင်ပြပေးခဲ့ရတဲ့ အချိန်ကာလတွေဟာ ရောင်စုံကျောက်မျက်ရွဲတွေနဲ့ စီချယ်ထားတဲ့ အလှဆုံး ပန်းချီကား တချပ်လိုပဲ လို့ ခံစားရပါတယ် ဆရာ ရေ
    ကလေးတွေ ရဲ့
    ရိုးသားမှု၊ ပွင့်လင်းမှု၊ ဆရာ ဆရာမ အပေါ် ချစ်ခင်လေးစားမှု နဲ့ သူတို့ ရဲ့ အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေဟာဖြင့် ဘာနဲ့ မှ ဖော်ပြလို့ မရနိုင်ပါဘူး လေ
    ကြုံဖူးတဲ့ သူတွေမှပဲ ပိုပြီးခံစားနိုင်တာမျိုးပါ

    ဆရာနေမျိုး ရဲ့ ကဗျာလေး ကလဲ ကလေးလေး တယောက်ရဲ့ ၇င်ထဲ ကို ဟင်းလင်းပွင့် မြင်စေမိသလိုပဲ

    ကဗျာ ဖတ်ပြီးတဲ့ အခိုက်မှာ လောကကြီး က တိတ်ဆိတ်သွားသလို ခံစားမိပါတယ်

    ReplyDelete