November 11, 2009

ဥထဲမှာနဲ့ ဗိုက်ထဲမှာ


(၁)
ခေတ်ပေါ်ကဗျာဟာ ဘယ်ခေတ်နဲ့ မှ မတူတဲ့ အငြင်းအပွားရဆုံး ကဗျာပါပဲ။ သူက အတိဇာတသားလည်းဖြစ်ပြန် အမိအဘကလည်း တကယ့်ကို ဆွေကြီးမျိုးကြီး မျက်နှာကြီးတွေဖြစ်နေပြန်တော့ ခေတ်ပေါ်ကဗျာရဲ့ အရှိန်အဟုန်ဟာ ကောင်းသထက်ကောင်းနေတော့ပြန်တာပေါ့။


ကျနော်မှတ်မိသေးတယ်။ ၁၉၇၀ တဝိုက်ဆီတုန်းက ငွေတာရီ၊ မြဝတီ၊ စစ်ပြန်၊ သွေးသောက်နဲ့ အခြား မဆလအစိုးရနဲ့ မကင်းတဲ့ ဒါမှမဟုတ် မဆလ သြစာ အောက်မှာရှိတဲ့မဂဇင်းတွေမှာ အမျိုးသားယဉ်ကျေးမှုထိမ်းသိမ်းဘို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ဂန္တဝင်ကဗျာရေးဟန်တွေကို တခန်းတကဏ္ဍထားပြီးအားပေးခဲ့တာ၊ ရွေးချယ်ရင်လည်း တျာချင်းတို့ ၊လေးချိုး ဒွေးချိုးပုံသဏ္ဍာန်နဲ့ ရေးတဲ့ကဗျာတွေကိုမှ ရွေးပြီးဖေါ်ပြတာမျိုးတွေ အင်တိုက်အားတိုက် လုပ်ကြတာပဲ။
ဒီတုန်းကများ မိုးဝေမဂဇင်းတခုထဲမှာပဲ ခေတ်ပေါ်ကဗျာကို အားလုံးနဲ့ ဆန့် ကျင်ပြီ့း ဖေါ်ပြခဲ့ပါတယ်။နောက်တော့လည်း အားလုံးသိကြတဲ့အတိုင်း ခေတ်ပေါ်ကဗျာဟာ မျက်မှောက်ခေတ်မြန်မာကဗျာရေစီးကြောင်းရဲ့ ရေစီးအားအကောင်းဆုံး ကဗျာရေစီးကြောင်းတခုဖြစ်လာခဲ့ပါတယ်။
ကျနော်အထက်က ပြောခဲ့တဲ့စကားထဲမှာ ခေတ်ပေါ်ကဗျာဟာ အတိဇာတသားဖြစ်တာရယ်၊ အမိအဘက ဆွေကြီးမျိုးကြီးဖြစ်တယ်ဆိုတဲ့အချက်နှစ်ချက်ကို ကျနော်ပြန်ကောက်ပါ့မယ်။ပထမ အတိဇာကသားကိစ္စ ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာရဲ့ ဖြစ်ပေါ်တိုးတက်မှုက ကဗျာသမိုင်းကို ချိုးဖေါက်ပြီးထွက်လာရတဲ့သဘောရှိပါတယ်။အစဉ်အလာ ကဗျာ့ဥပဒေသအတော်များများကို ဆန့် ကျင်ချိုးဖျက်ပြီးမှ ပုံသဏ္ဍာန်သစ်ကိုယူလိုက်တဲ့ကိစ္စဟာ အမိဝမ်းကြာဗိုက်ကို ခွဲထွက်ပြီးမှထွက်လာရတဲ့သဘောပါပဲ။ အထင်ရှားဆုံးဥပမာကတော့ နှစ်ပေါင်း ( ၉၀၀) ကျော်ခိုင်မာစွာရပ်တည်လာခဲ့တဲ့ လေးလုံးစပ်အခြေခံကို လုံးလုံးကြီးစွန့် လွှတ်လိုက်တဲ့ကိစ္စနဲ့ ကာရန်စနစ်ကို ဖျက်ပစ်လိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ပြီးတော့ ခေတ်ပေါ်ကဗျာရဲ့အမိအဘက ဆွေကြီးမျိုးကြီးဖြစ်တယ်ဆိုတဲ့ကိစ္စကတော့ ခေတ်ပေါ်ကဗျာရဲ့အကြောင်းအရာအားဖြင့်ခြေကုတ်ယူတဲ့နေရာက လူထုဖြစ်ပါတယ်။ခေတ်ပေါ်ကဗျာက လူထုရဲ့ရင်ခုန်သံကို လူထုသုံးဝေါဟာရတွေ လူထုသုံးစကားပြောလေသံတွေကိုအသုံးပြုပြီးမှ ကဗျာဖြစ်အောင် တီထွင်ထားတာဖြစ်ပါတယ်။ လူထုထက်ပိုပြီးကျယ်ပြန့် တဲ့နေရာ၊လူထုထက်ပိုပြီးခန့့်ငြားထည်ဝါတဲ့မိဘဆိုတာကော ရှိနိုင်ပါအုံးမလား။ခေတ်ပေါ်ကဗျာဟာ လူတွေအကြောင်းကို လူတွေ နေ့ စဉ်ပြောဆိုနေကြစကားလုံးတွေ လေသံတွေနဲ့ ပဲ အသုံးပြုဖေါ်ပြတာမို့ ကျမ်းဟောင်းထဲကလှမ်းကြည့်ရင် ခေတ်ပေါ်ကဗျာကို ကဗျာလို့ တောင်မှ အသိအမှတ်ပြုလို့ မရနိုင်အောင် ဖြစ်တဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ်။ ဒီနေရာမှာ တင်ပြပုံးတင်ပြနည်းဆင်တူလွန်းတဲ့ ခေတ်ပေါ်ကဗျာနှစ်ပုဒ်ကို ကျနော်ဖေါ်ပြလိုက်ပါတယ်။တပုဒ်က ဥရောပက ဂျာမာန်ခေတ်ပေါ်ကဗျာတပုဒ်၊ နောက်တပုဒ်က မြန်မာခေတ်ပေါ်ကဗျာတပုဒ်ဖြစ်ပါတယ်။ ဒီကဗျာနှစ်ပုဒ်ရဲ့ တူညီတဲ့အကြောင်းအရာက လူတွေ ကတ္တားဘဝကလျောကျရတဲ့အဖြစ်၊ လူဟာ လူတစု၊လူတယောက်၊ ဒါမှမဟုတ် စနစ်တခု၊ ဒါမှမဟုတ် သဘာဝတရားရဲ့ ကြိုးကိုင်စီမံရာခံရတဲ့ဘဝအနေအထားကို ရေးတဲ့အကြောင်းအရာပါပဲ။ ကိုယ့်ဘဝကို ကိုယ်မပိုင်တဲ့ အပြုခံသတ္တဝါများဖြစ်ကြရပုံအကြောင်း ပါပဲ။ ဒါပေမယ့် ထူးခြားတဲ့အချက်က ကဗျာနှစ်ပုဒ်စလုံးမှာ အညံ့ခံအရှုံးမပေးလိုတဲ့ မဟာလူသားစိတ်ဓါတ်ကို ထင်ဟပ်တဲ့ ကဗျာစာကြောင်းတွေ ပါရှိတာ လည်း တွေ့ ကြရပါလိမ့်မယ်။ နှိုင်းယှဉ်ခံစားနိုင်ဖို့ အတွက် ကဗျာနှစ်ပုဒ်စလုံးကို ဖေါ်ပြပေးလိုက်ပါတယ်။ဂျာမာန်ကဗျာကတော့ နာမည်ကျော် စာပေနိုဗယ်ဆုရှင် ဂန်တာဂရပ်စ် ရဲ့ကဗျာဖြစ်ပါတယ်။နောက်တပုဒ်ကတော့ မြန်မာကဗျာဆရာ မိုဃ်းဇော် ရဲ့ ကဗျာဖြစ်ပါတယ်။

ဥထဲမှာ

ကျွန်ုပ်တို့သည် ဥထဲ၌ နေကြသည်။
ဥခွံ၏အတွင်းနံရံတပြင်လုံးပေါ်၌
ညစ်ပတ်သောပုံများနှင့်
ကျွန်ုပ်တို့၏ ရန်သူအမည်များ
ရေးဆွဲထားကြသည်။
ကျွန်ုပ်တို့ကို သားဖေါက်နေသည်။

ကျွန်ုပ်တို့အား သားဖေါက်နေသူသည်
ကျွန်ုပ်တို့၏ ခဲတံများကိုလည်း
သားဖေါက်နေသည်။
ဥမှတနေ့ လွတ်လွတ်လာချင်း
ကျွန်ုပ်တို့အား သားဖေါက်နေသူ၏
ပုံကို ကျွန်ုပ်တို့ရေးဆွဲမည်။

ကျွန်ုပ်တို့အား သားဖေါက်နေသည်ဟု
ကျွန်ုပ်တို့လက်ခံထားကြသည်။
သဘောကောင်းသောကြက်တစ်ကောင်ဟု
စိတ်ကူးပြီး
ထိုကြက်မ၏ အရောင်နှင့်အမျိုးကို
ကျောင်းသား စာစီစာကုံးများ
ကျွန်ုပ်တို့ရေးကြသည်။

ဘယ်တော့မှ ကျွန်ုပ်တို့ ဖေါက်ထွက်ကြမလဲ
ဥထဲမှ ကျွန်ုပ်တို့၏ ပရောဟိတ်များက
အလယ်အလတ်လစာလေးအတွက်
“X”ဟုခေါ်သောနေ့တနေ့ကို
တင်ပြလာကြရဲ့။
ပျင်းရိသောကြောင့်အပြင်
အမှန်တကယ်လိုအပ်သောကြောင့်
ကျွန်ုပ်တို့
သားဖေါက်စက်များ တီထွင်ပြီးခဲပြီ
ဥထဲရှိ ကျွန်ုပ်တို့ ၏ရင်သွေးများအတွက်
ကျွန်ုပ်တို့ အလွန်စိုးရိမ်နေကြပါသည်။
ကျွန်ုပ်တို့၏ စက်များကို အသုံးပြုရန်
ကျွန်ုပ်တို့အား စေါက်ရှောက်နေသော
သူမအား အကြံပြုလိုပါသည်။

သို့သော် ကျွန်ုပ်တို့၏ ခေါင်းပေါ် အမိုးရှိပါသည်။
အိုမင်းနေတဲ့ ကြက်ပေါက်စတွေ
ဘာသာစကားစုံ သနွေသားတွေ
တနေကုန်
အကြောင်းအရာမရှိ ပြောဆိုကြပါသည်
၎င်းတို့၏အိပ်မက်များကိုပင်
ဆွေးနွေးကြပါသည်။

နို့
ကျွန်ုပ်တို့အား သားဖေါက်နေတာ
မဟုတ်ရင်ကော
အကယ်၍ ဒီဥခွံဟာ
ဘယ်သောအခါမှ မကွဲရင်ကော
အကယ်၍ ကျွန်ုပ်တို့ရဲ့  မိုးကုတ်စက်ဝိုင်းဟာ
ကျွန်ုပ်တို့ရေးခြစ်ရာတွေသာဖြစ်ပြီး
အဲသလိုသာအမြဲ ဖြစ်နေရင်ကော
ကျွန်ုပ်တို့အား သားဖေါက်နေသည်ဟု
ကျွန်ုပ်တို့ မျှော်လင့်ရပါသည်။

သားဖေါက်နေခြင်းအကြောင်းသာ
ကျွန်ုပ်တို့ ပြောဆိုနေသည့်တိုင်
ဥခွံပြင်ပရှိ တဦင်္းဦး
ဗိုက်ဆာနေမည်ကို ထိတ်လန့်ရပါသည်။
ကျွန်ုပ်တို့ကို ဒယ်အိုးထဲ ခွဲပြီး
ဆားဖြူးလိုက်ရင်ကော
အဲဒီအချိန်မှာ ဘာလုပ်ကြမလဲ
ဥထဲက
ကျွန်ုပ်တို့ ညီနောင်ရေ….။

(ဂျာမာန်ကဗျာဆရာ Gunter Grass ရဲ့ In the Egg ကဗျာကို စေါဟန်သိုက် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။)

ဗိုက်ပူ

အတောင်ပံပါတဲ့ငှက်တွေလို
အိပ်တန်းဆီ အလွယ်တကူ မပြန်နိုင်ပေမယ့်
သာမန်ပြည်သူတွေနဲ့ အတူ
ဘတ်စ်ကားစီးပြီးပြန်ခဲ့တယ်။

ဒီ ဘတ်စ်ကားကြီးကို
“ဗိုက်ပူ ”လို့လည်း ခေါ်ကြတယ်။

ဗိုက်ပူရဲ့  ဗိုက်ထဲမှာ
ခင်ဗျားတို့လည်း ခင်ဗျားတို့ အရေး ခင်ဗျားတို့တွေးလို့
ကျွန်တော်လည်း ကျွန်တော့်အရေး ကျွန်တော်တွေးလို့
ရွေးချယ်စရာမရှိတဲ့ ဒီလမ်းမှာ
( လူ့ ဘဝဆိုတာလည်း ချိန်းဆိုမထားဘဲ ဆုံခဲ့ကြတာပါပဲလေ)
ခင်ဗျားတို့ တစ်သက်လုံး
ဗိုက်ပူနဲ့ နပမ်းလုံးခဲ့ရသလို
ကျွန်တော့် တစ်သက်လုံးလည်း
ဗိုက်ပူနဲ့ နပမ်းလုံးခဲ့ရပါတယ်။

ဗိုက်ပူရဲ့  ဗိုက်ထဲမှာပဲ
ကျွန်တော်တို့ ဘဝတွေ ငါးပိသိပ် ငါးချဉ်သိပ်
တစ်ဦးအပေါ်တစ်ဦး ထိတ်လန့်လို့
တစ်ဦးအပေါ်တစ်ဦး ဖိတ်စဉ်ခဲ့ကြတယ်။

တကယ်တော့ ဗိုက်ပူဟာ
ကျွန်တော်တို့ အသက်တွေကို မောင်းနေတဲ့
ကျွန်တော်တို့ ဘဝတွေကို မောင်းနေတဲ့
ကျွန်တော်တို့ အချိန်တွေကို မောင်းနေတဲ့
အမျိုးအမည်မသိ မော်တော်ကားတစ်စင်းပါပဲ။

ကျွန်တော်ဆင်းရမယ့်
“ဒုက္ခ”လမ်းမထက်က
“သုခ”မှတ်တိုင်ရောက်တော့
ဗိုက်ပူပေါ်က ဆင်းပြီး
ရပ်ကွက်လမ်းကျဉ်းကလေးထဲ ဝင်လိုက်တယ်။
ကျွန်တော့်ရှေ့ ကိုက်(၁၀၀)မှာ
ကလေးတွေ ဆော့ကစားနေတာ မြင်လိုက်ရ
မကြာခင်ဆို
နွေဦးပေါက်တော့မယ်“အမေ”။ ။

( ဒါကတော့ မိုဃ်းဇော် ရဲ့ ကဗျာဖြစ်ပါတယ်။ )
(ကဗျာသရုပ်ဖေါ်ပုံက ပန်းချီထိန်လင်းရဲ့ ပန်းချီကားဖြစ်ပါတယ်)

ငြိမ်းဝေ
ကိုးကား။ ။မိုးဃ်းဇော် ရဲ့  သေတမ်းစာ ကဗျာစာအုပ်
။၁၉၉၂၊ ဒီဇင်ဘာလ၊ ပင်လယ်မဂဇင်း


No comments:

Post a Comment