February 12, 2010

မသိန်းရှင်ဆီပို့ ပေးပါ


အခုရက်အတောအတွင်း စိတ်ရောလူရော တော်တော်ရှုပ်ခဲ့ပါတယ်။ စာကြည့်တိုက်ကိစ္စ၊ စာတမ်းလေးတစေါင်ရေးဖို့ ကိစ္စ၊ တခြားတိုစိတိုမွကိစ္စတွေနဲ့ လုံးထွေးနေခဲ့ရလို့ နိုင်ဝင်းဆွေ ရဲ့ “မသိန်းရှင်ဆီပို့ ပေးပါ”ကို ဆက်ပြီးမတင်နိုင်ခဲ့ပါဘူး။ တူမလေးက စာတွေရိုက်ပေးထားသည့်တိုင် တလုံးချင်းဆီ ပြန်စစ်ပြီးမှ တင်ရမှာမို့ ကျနော် ရုတ်တရက် မတင်နိုင်ခဲ့ဘူး။

မနေ့ ကတော့ ညီငယ် ဘလော့ဂါ “ရွှေနန”္ဒက ပိတောက်မြေမှာပါတဲ့ အောင်စွမ်းဆိုသူရဲ့ဆောင်းပါး၊ တဆင့်ပို့ ပေးတာဖတ်ရပြီး ဒီကနေ့ တော့ မသိန်းရှင်ဆီပို့ ပေးပါ အပိုင်း(၅) ကို တခုတ်တရပဲ တင်ပေးလိုက်ပါတယ်။

တခုတော့ပြောချင်တယ်။ “အောင်စွမ်း”ဆိုပြီး ရေးတဲ့ပုဂိုလ်ဟာ နိုင်ဝင်းဆွေအကြောင်း စာအုပ်တွေထဲက ၊ ဘလော့တွေထဲက သိတဲ့အသိကို အဓိက အခြေခံပြီးမှ ရေးတာလို့ ကျနော် ခန့် မှန်းမိတယ်။ ဘယ်နေရာတွေက ဖတ်ပြီး ယူရေးတယ်ဆိုတာတော့ ကျနော်မပြောတော့ပါဘူး။ ဘယ်နေရာက ယူပြီးပဲ ရေးရေး ဒါက သူ့ ရဲ့ပိုင်ခွင့်ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ကိစ္စတွေက နိုင်ဝင်းဆွေ ရဲ့စွန့် လွှတ်အနစ်နာခံမှုတွေ၊ စစ်အာဏာရှင်စံနစ်နေရာမှာ ပြည်သူတွေလိုလားတဲ့ နောက်ထပ်စနစ်တခု ဖြစ်ဖို့ အတွက် သူယုံကြည်ရာအလုပ် လုပ်ခဲ့တာတွေ။ (ဒီနေရာမှာ သူရွေးချယ်တဲ့အလုပ်က မှားတာမှန်တာ ကိစ္စ သူ့ တာဝန်၊သူဖြေရှင်းရမယ့်ကိစ္စ။)ဥပမာ သူ စာပေလောကမှာ ဆက်ပြီးစာတွေရေးနေမယ်ဆိုရင် အချမ်းသာဆုံးစာရေးဆရာ၊ သူ့ ဝတ္ထုတွေ ရုပ်ရှင်ရိုက်ဖို့ လက်ခံရင် ..။ ဒါတွေကို သူ အသိရှိရှိနဲ့ စွန့် လွှတ်ခဲ့တာ။ပန်ဆန်းမှာသူ ဘယ်လိုရပ်တည်နေထိုင်ခဲ့သလဲ။ ကျနော့်မှာ ပြည့်စုံသလောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကယန်းလူမျိုးစုခေါင်းဆောင်တယောက် ၊ သူနဲ့ ပန်ဆန်းမှာ အတူတူနေ၊ နိုင်ဝင်းဆွေ နောက်ဆုံးခေါင်းချသွားရာအိမ်က သူ့ အိမ်။ အဲဒီပုဂိုလ်နဲ့ ကျနော် အချိန်တော်တော်ကြာစကားပြောခဲ့ရပါတယ်။
တခုပဲပြောချင်တာကတော့ အောင်စွမ်းပြောတဲ့ရေးတဲ့အတိုင်းတော့ အကုန်လုံးမဟုတ်ဘူးဆိုတာပါပဲ။ အထူးသဖြင့် နိုင်ဝင်းဆွေ ရဲ့ဂုဏ်ကိုထိခိုက်စေတဲ့ အရေးအသားတွေကတော့ မှားနေပါတယ်။
ကျနော်ကတော့ နိုင်ဝင်းဆွေ ဝါဒီမဟုတ်ပါဘူး။ နိုင်ဝင်းဆွေ ခရေဇီပါ။ နိုင်ဝင်းဆွေနဲ့ ကျနော် မတူတာတွေရှိပါတယ်။ ဒါက သူမှန်တယ် ငါမှားတယ်ဆိုတာမျိုးပြောတာ မဟုတ်ပါဘူး။ ကျနော် သူ့ အပေါ်လေးနက်တယ်ဆိုတာက သူ့ အနုပညာ။ အင်မတန် မှော်ဝင်လွန်းတဲ့ သူ့ နွေတည လို ဝတ္ထုမျိုးအတွက် ကျနော် သူ့ ကို လေးနက်ခဲ့တာ။

ကြေကွဲဖို့ ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံမှာ တစုံတရာ ချစ်ခင်သင့်တဲ့လူတယောက်အပေါ်မှာတောင် မေတ္တာမထားနိုင်လောက်အောင် ဖြစ်ကြရတဲ့ သွေးကွဲမှုကြီးကို ကျနော် တော်တော်လေး ထိတ်လန့် မိတယ်။
ဒါပါပဲ။ ကျနော်တို့ သဘောထားကွဲကြတာ မဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် ကျနော်တို့ ချစ်ခင်စွာ၊ မြင့်မားစွာ၊ လှပစွာပဲ သဘောထားကွဲချင်တယ်။ ကျနော်တို့ ရဲ့ကိုယ်ပိုင်လိပ်ပြာနဲ့ ပဲ ငြင်းခုန်ချင်တယ်။

နိုင်ဝင်းဆွေ လို စာရေးဆရာမျိုး ဆုံးရှုံးသွားရတာဟာ ကျနော်တို့ စာပေလောကအတွက် တကယ့်ကိုဆုံးရှုံးမှုတခုပဲ ဆိုတာလောက်တော့ ကျနော်အခိုင်အမာ ယုံကြည်နေမိပါကြောင်း....။

ငြိမ်းဝေ

( ၅ )

ဂါတ်ဗိုလ်မြအုံးနှင့် တွဲဖက်ရသည့် နေ့များတွင် ရထားကြီး ကျောက်ပန်းတောင်းမှ ပြန်လှည့်ထွက်လာကတည်းက ကျနော်နှင့် မြအုံးသည် ဂါတ်တွဲအတွင်း၌ ထန်းရည်များ စတင်သောက်လာခဲ့၏။ ရထားကြီးသည် ကြွယ်ဝတောင်အနီးမှ တဆစ်ချိုးကွေ့လိုက်ကာ ခေါင်းထိတောင်မကြီးဖက်သို့ ပြေးနေ၏။

“ရင်မောင်ရ မီးရထားဖက်မှာ အမှုထမ်း နေရတယ်ဆိုတာဟာ ချောက် ဟိုဘက်ဒီ ဘက် ကြီုးတန်း လျှောက်နေရတာကွ၊ လိမ့်ကျရင် အရိုးအသားရှာလို့ ရမှာ မဟုတ်ဘူး၊ ဒါတော့ သိတာပေါ့ကွ ဟုတ်ဘူးလား၊ ဒါပေမယ့် စားစရာရှိလာတော့ လူဆိုတာ စားမှာဘဲ၊ စားတဲ့လူရဲ့အပြစ်လို့ မင်းပြောရဲသလားကွာ”
“ဟား....ဟား...ဘယ်ပြောလို့ဖြစ်မလဲကွ၊ ပါးစပ်ထဲ လာခွံ့တော့ စားတာပေါ့ကွာ၊ ရင်မောင်....ဘယ်နေ့ အလုပ်ပြုတ်မလဲလို့ ဘယ်တော့မှမတွေးနဲ့ကွ၊ ဘယ်တော့ထောင်ကျမလဲ၊ ဒါတွေသာလိုက်တွေးနေရရင် ရူးမှာဘဲ၊ မိုက်လို့ မီးရထားဖက်ဝင်လုပ်တာလို့ သတိပြု၊ သူများတကာတွေထက် စားရဲရမယ်ကွ၊ ရဲရဲတောက်စားရဲရမယ်၊ ဒါပေါ့ကွာ၊ အေး...အေး...ဟုတ်တယ်...ဟုတ်တယ်....မှန်တယ်ကွာ ဟားဟား ၊ ဒို့ စားတာလေးတွေတော့ လူသိတယ်၊ လူမြင်စားတာကိုကွ၊ ရိုးရိုးသားသား စားကြသောက်ကြတာကိုးကွ၊ ဟား...ဟား”

ကျနော်ကား မြအုံးနှင့် တွဲနေရစဉ်၌ မြအုံး၏ အဘိဓမ္မာကို နှစ်သက်နေပြန်သည်။ “ဟုတ်တယ် မိုက်ရမယ်...မိုက်ရမယ်” ဟု ကျနော်သည် ထောက်ခံနေ၏။
တခါတရံ၌ မြအုံးသည် အင်တောကျယ်ဘူတာမှ ထွက်ခွာလာခဲ့လျှင် အလံပင်မပြနိုင်အောင် အမူးရှိန်လွန်လာတတ်၏။
သူသည် ရထားပေါ်၌ ယိမ်းထိုးနေရင်း ကြက်မောက်ဆည်ထိပ်မှ ထုံးဖြူဖြူ စေတီကို လှမ်းဝတ်ပြုရင်း သူ့ကိုသူ မြိုင်ထ မင်းသားကြီးဟု ထင်သွားပြန်သည်။
သူသည် ကိုယ်ကို အနိုင်နိုင်မတ်ပြီး ထရပ်လိုက်၏။

တောင်တတန်း....မြှောင်းစမ်းရယ်တို့ ရစ်ခါခွေ...
မေဓာဝီသမင်မရယ် ကွယ် တော....တော....သာတဲ့မြေ။
ဗုဒ္ဓဟေ...ဟေ....စံနေတဲ့ မြိုင်တကြော...
နုတုန်းကွယ် ဟိုစဉ်က ...ပျော်စံရွှင်....ပျော်စံရွှင်
သစ္စာသုံးဘယ်....ကွယ်....ငုံ့မင်း....ငုံ့မင်း....
မြိုင်တော....တော ဟော့အော်...။
“ရင်မောင်...တပဲ့လေး...ငယ်ကျွန်ကြီး၊ ကိုယ်တော်မြတ်ရဲ့ အသံမကောင်းဘူးလားဗျာ”
“ကောင်းပါ့....ကိုယ်တော်လေး”

သူသည် နက်တိုင်စကိုဆွဲပြီး မင်းသားကြီး ဟန်ဖြင့် ဆက်၍ ဟဲနေပြန်သည်။

“ငယ်ကျွန်းကြီး၊ ကိုယ်တော်မြတ် နောက်တော်ပါးက တဖဝါးမကွာ ရေပူရေခြမ်း ကမ်းလှမ်းလို့...အင်း...လိုက်ပါရတာများပျော်ရဲ့ မဟုတ်လားကွဲ့ ၊ တပည့်ကောင်းမှန် ပန်းကောင်းပန်တဲ့၊ ကဲ...ငါ့တပည့်ကြီး ဘယ်ပန်းပန်ချင်သလဲ ပြောလိုက်စမ်း၊ တောင်းတဲ့ပန်းကို ချက်ချင်း ဖြတ်ပေးလိုက်မယ်”

ညောင်တိုဘူတာမှ ထွက်ခွာလာခဲ့ချိန်တွင်ကား နောက်ထပ်တွင်တွင်သာ ထပ်သောက်လာခဲ့သဖြင့် အမူးရှိန်မှာ အမြင့်ဆုံးသို့ ရောက်နေရာ မြအုံးသည် မဟန်နိုင်ဘဲ တချက်နှစ်ချက် ထိုးအန်လိုက်၏။

“မူးတယ်...မူးတယ်...အားကြီး မူးတယ် မမြသိန်းကို ငါယူမယ်” ဟု အော်ဟစ် သီဆိုနေပြန်သည်။
“မမြသိန်းမှာ လင်နဲ့ဗျ”ဟု ကျနော်သည် သတိပေးနေ၏။
“လင်လင်ကွာ....ဟေ့...လက်ခုပ် နာနာတီး ပေးကွာ၊ ငါကမယ်၊ မူးတယ်...မူးတယ်...အားကြီးမူးတယ်၊ မြသိန်း လင် ကို ငါယူမယ်”
“ဟေ့...မူးတယ်...အားကြီးမူး...မူးတယ်၊ မြသိန်းလင်ကို ငါယူမယ် ”

မြအုံး၏အကသည်လည်းကောင်း ကျနော်၏ လက်ခုပ်သံသည်လည်းကောင်း ပင်းချောင်းအနီးကပ်လာလျှင် အရှိန် လျော့ကျသွားသည်။

“ပင်းချောင်းနား ရောက်လာဘီနော်”

မြအုံးသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့ ထိုင်ခုံသို့ လျှောက်သွားပြီး ဒယိန်းဒယိုင်နှင့် ထိုင်လိုက်လေသည်။
ပင်းချောင်းသို့ရောက်လျှင် ပင်းချောင်းရဲများနှင့် ပင်းချောင်းရုံပိုင်က ရထားကိုရပ်တန့်ကာ ရှာဖွေကြတော့မည်ကို နှစ်ယောက်စလုံး သတိရလာသည်။ သည်အချိန်တွင်ကား ရထားကြီးတစင်းလုံးမှာ တိတ်ဆိတ် ငြိမ်သက်လာသည်။ မအေးမြင့်၊ မအေးရွှေတို့ မှာ ပင်းချောင်းရုံပိုင် အောင်နိုင်မြင့်နှင့် မတည့်သူများဖြစ်ရာ အိမ်သာများအတွင်းသို့ ဝင်ရောက်ပုန်းအောင်း နေကြတော့မည်။ ကျနော်၏ ခပ်ရိပ်ရိပ် အမူးမှာလည်း ပြေစပြုလာသည်။
မြအုံးသည် သက်ပြင်းတချက်ချလိုက်၏။

“စဉ်းစားကြည့်ကွာ ဒါဟာ အောင်နိုင်မြင့် ဘဝင်ကိုင်တာကွ၊ သူ့ ကိုယ်သူ ရုံပိုင်ဆိုပီး ဒို့ဆီက အာဏာလုယုတာကွ၊ ခွေးမသား သူက သူ့ အဘတွေအားကိုးပီး ရထားပေါ် တက်ရှာ၊ ဟိုအကောင်တွေက မနေ့တနေ့က ပြူစောထီးက အရေခွံပြောင်းဝတ်လာတာတွေက၊ ဟေ့...ဖြစ်ချင်ရာဖြစ်ဟေ့ သောက်ဂရုမစိုက်ဘူးကွ၊ မြအုံးကွ...အိပ်မယ်ဟေ့...အိပ်မယ်ဟေ့၊ မြအုံး အိပ်မယ်ဟေ့”

မြအုံးသည် သူ့ထိုင်ခုံပေါ်တွင် မှီအိပ်ချလိုက်၏။
ပင်းချောင်း တောမြို့ ကလေး သည်လည်း ကွေ့ထဲတွင်ပေါ်လာနေသည်။ ကျနော်သည်လည်း တဖက်ထိုင်ခုံပေါ်တွင် လှဲအိပ်ပစ်လိုက်လေသည်။
ပင်းချောင်း ရှာဖွေရေးများမှ ထန်းလျက် တပိဿာပင်မချန်။ ပင်းချောင်း ရုံပိုင်ဂျပု ခေါင်းဆောင်ကာ ရထားကိုအကြာကြီးရပ်ပြီး ရှာဖွေဖမ်းဆီးနေတတ်၏။
တခါတရံတွင် ပင်းချောင်းမှ ရှာဖွေဖမ်းဆီးပြီး ရထားကြီးထွက်ခွာလာချိန်တွင် ကျနော်သည် သင်းသင်းတို့ အနား၌ ရောက်နေတတ်၏။ ကျနော်သည် မှောင်ခို သမားများ၏ ဆုတောင်းမေတ္တာ ပို့သကြသံများကို အနီးကပ် ကြားနေရတတ်သည်။
မညွန့်ရီနှင့် မညွန့်တင်တို့ ညီအမသည် ကျနေသောမျက်ရည်များကို လူမမြင်စေရန် သူတို့မျက်နှာများကို အပြင်ဖက်သို့ လှည့်ထားသည်။

“ကဲ...ဘာလုပ်စားကြမလဲ၊ အရင်းလဲ ပြုတ်ပီ”

ပြောနေသံများကြားရသည်။
သက်ပြင်းချသံများကြားရ၏။
ရထားတွဲပေါ်တွင် စိတ်မချမ်းသာမှုများသည် တနေရာမှ တနေရာသို့ တောမီးလို ကူးစက်ပြန့်နှံ့သွားနေသည်။ တွဲပေါ်တွင် ငြိမ်သက်နေလျက် ငွေ့ငွေ့လောင်နေသည်။ မအေးသွယ်၏ ရှိုက်သံကို ကြားရသည်။ သင်းသင်းနှင့် နုနုတို့လည်း သူတို့နာနတ်ခြင်းများကိုပါ ဆွဲချထားလိုက်ကြသဖြင့် ကျနော့် ရှေ့တွင် ငိုမဲ့မဲ့ ဖြစ်နေသည်။
မအေးမြင့်နှင့် မအေးရွှေတို့သည် အိမ်သာများထဲမှ ထွက်လာကြ၏။
မီးရထားရဲ တပ်ကြပ် ပိန်ပိန်ပါးပါး သဘောကောင်းသည့် အဖိုးကြီးသည် ပုတီးစိတ်နေရင်း သူ့ အိတ်ကပ်ထဲမှ ငွေများကိုထုတ်ယူပြီး မအေးမြင့်နှင့် မအေးရွှေတို့ ထွက်လာသောအခါပြန်ပေးနေသည်။

“ဒါကြောင့် ငါပြောတာ၊ နင်တို့ပိုက်ဆံ မယူပါရစေနဲ့လို့၊ ပီးတော့ ငါတို့ကို အနိုင်ကျင့်ပီး ငါတို့ခုံအောက်မှာ နင်တို့ဟာတွေ လာထားကြတာ၊ ခုလိုမိတော့ မကောင်းဘူး၊ သာစိန်အကြောင်းလဲ နင်တို့သိတယ် မှုတ်လားဟ၊ အလုပ်ပြုတ်ရင် နင်တို့လာလုပ်ကျွေးနေမှာ မဟုတ်ဘူး၊ ငါတို့ကိုလဲ ပြန်သနားကြပါအုံးဟာ....၊ ခုတော့ လချီး.....ငါတို့ကချည့် နင်တို့ကို သနားရတာ”

ညိုညိုမှာ ထန်းလျက်တင်သူ မဟုတ်သဖြင့် ...ဤစိတ်ပျက်စရာများမှာ သူနှင့် မဆိုင်ဟု ထင်ရသော်လည်း သူ့ ထံသို့ပါကူးစက်နေကာ သူသည်လည်း မျက်နှာ မလန်းတော့ပေ။
ကျနော်သည် သူငေးကြည့်နေရာ ပင်းကန်တော့ တောင်တန်းကြီး ကို ကြည့်နေရင်း...“ဘယ်တော့ သူလဲ ထန်းလျက်တင်မလဲ”ဟု တွေးနေခဲ့၏။ တောင်တန်းကြီးမှာ အေးငြိမ်းနေဟန်အသွင်ကား ပေါ်နေလေသည်။
တွဲဖက်သို့ မျက်နှာ ပြန်လှည့်လိုက်လျှင် သူနှင့် ကျနော်သည် မျက်နှာချင်း ဆုံနေမိကြပြန်သည်။
သူ့မျက်နှာကလေးမှာ နွမ်းနယ်နေသော်လည်း သူသည် ပြုံးပြရန် ကြိုးပမ်းနေသည်။ သူ့ မျက်လုံးများမှာ ယခင်ကလို ရှန့်မနေတော့ပေ။ သူသည် ယခုတခဏ၌ကား လူကြီးကလေးလို သိမ်မွေ့နေသည်။ သူ့ မျက်လုံးများသည် ညို့ပျနေ၏။ သူ့စိတ်ထဲမှ ကျနော့်ကို စကားပေါင်း မြောက်မြားစွာ လှမ်းပြောနေသလို ထင်မိနေရပြန်သည်။
အခြားသူများက ထန်းလျက်များ အသိမ်းခံရသဖြင့် နှလုံးကြေကွဲနေကြသလို.... သူသည်လည်း ထန်လျက် မတင်ရသဖြင့် သူတို့ စားဝတ်နေရေးမှာ မည်မျှ အခြေအနေ ယိုင်နဲ့နေရပြီကို ပြောပြနေသလို ခံစားနေရပြန်သည်။
ကျနော်လည်း သူ့ အပေါ်၌ မည်မျှ တွယ်တာနေမိပြီကို သူ့မျက်နှာကလေးကို ငေးကြည့်နေရင်း ရှာဖွေကြည့်နေမိ၏။ သူ့ မိသားစု စားဝတ်နေရေးကို ကျနော်တာဝန်ယူ နိုင်မည့် နေ့ရက်များကား မျှော်လင့်ချက် မရှိအောင် ဝေးနေမြဲ ဖြစ်သည်ကိုသာ ထပ်ပြန်တလဲလဲ တွေးလာနေမိ၏။ အခွင့်အရေး သာနေခိုက်တွင် မိုက်မိုက်ကန်းကန်း ငွေရှာလိုက်လျှင်ကား ဘာမျှကြာလိုက်မည်မဟုတ်။ ထိုသို့ပင် လုပ်သင့်နေပြီဟု တွေးလာမိပြန်သည်။ အတူနေလိုစိတ်များသည် တားမရ ဆီးမနိုင် ရင်ထဲတွင် ဖြစ်ထွန်းနေ၏။ အကြင်လင်မယား အဖြစ်ဖြင့် တအိုးတအိမ်ထဲတွင် အတူနေရခြင်းသည်ပင် နိဗ္ဗာန်ဖြစ်လိမ့်မည်ဟု တွေးနေမိသည်။

“သူများတော့လေ.... သိလား၊ ဘယ်တော့မှ ထန်းညက်မတင်ဘူး၊ ငတ်သေပါစေ၊ ဒါလောက် စိတ်မချမ်းသာရတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး”

သူသည် ကျနော်ကြားသာရုံ စကားကို ခပ်တိုးတိုးပြောနေခဲ့၏။
ကု လား မျော တန်တားကို ဖြတ်ကူးနေဆဲ၌ ရထားသံသည်လည်း ဆူညံနေသည်။ သူ့ မျက်လုံးအိမ်၌မူ ဟန်ဆောင်တင်းထားရသော မျက်ရည်များသည် အပေါ်ယံသို့ လှိုက်တက်လာနေကြပြန်ပြီ။
ဤ နောက်ပိုင်းရက်များတွင်ကား သူသည်လည်း ကျနော်နှင့် ဆက်ဆံရာ၌ ရှန့်မနေတော့ပေ။ ချစ်သူများ အဖြစ်ဖြင့် ပွေ့ဖက်ယုယခြင်း မပြုဘူးကြသော်လည်း သူနှင့် ကျနော်သည် တယောက်မျက်နှာကို တယောက်ကြည့်ကာ ပြိုင်တူပြုံးလာတတ်ကြသည်။ တယောက်စိတ်ထဲမှ ပြောနေသော စကားများကို တယောက်စိတ်အာရုံဖြင့် ကြားသိနေရသလိုပင် ထင်လာမိကြသည်။
သူသည် သူ့ အနား၌ ကျနော်လာထိုင်တတ်သဖြင့် သူ့နံဘေးခုံပေါ်တွင် တောင်းတခုခုတင်ထားကာ ကျနော့် အတွက်နေရာလုပ်ထားတတ်သည်။ ကျနော်လာမှ ဖယ်ရှင်းထိုင်ရသည်.။ ကျနော်လာထိုင်လျှင် သူသည် မျှော်ငေးနေသော မျက်လုံးများဖြင့် ကြည့် ကာ မသိ မသာ ပြုံးပြတတ်၏။ ကြာသော် ကျနော် မလာလျှင်လည်း သူသည် ပြတင်းဝမှ လှမ်းလှမ်းပြီး ကျနော်ရှိရာသို့ မျှော်ကြည့်သည်။
နေ့ စဉ်လိုပင် ကျနော်သည် သူတို့ ထမင်းစားချိန်တွင် သူတို့နှင့် ဝင်ရောက်စားသည်။
ညောင်တိုကို ကျော်လာခဲ့လျှင် သူတို့ ထမင်းထုပ်များ ဖြည်စားလေ့ရှိသည်။ သူသည် ကျနော့်အတွက်ပါ ထမင်းဟင်းများပိုထုပ်လာသည်။ ညောင်တိုဘူတာ၌ ဟင်းများဝယ်ပြီး ကျနော်သည် သူတို့တွဲရှိသို့ တက်လာခဲ့သည်။
သူ့ နံဘေး နေရာလွတ်တွင် ဝင်ထိုင်သည်။
ညောင်တိုမှ ထွက်လာပြီး ထမင်းထုပ်ဖြည်ကာ နှစ်ယောက်အတူ မျက်နှာချင်းဆိုင်၊ လက်ချင်းဆုံ စားနေရချိန်များ၌...ကျနော့် စိတ်ထဲတွင် ကြင်စဦး အကြင်လင်မယားလို ယုံကြည်နေခဲ့မိသည်။
ထိုအခါတွင် သူ့မျက်နှာမှာလည်း ရှက်သွေး ကြွနေပြန်သည်။
ကျနော်သည် ဟင်းများကို သူ့ ဖက်သို့ တိုးပေးလိုက်သည်။ သူသည် မျက်လွှာကြီးပင့်ပြီး ကျနော့် ကိုကြည့်သည်.။ သူ့မျက်တောင်ကော့ကြီးများသည် စင်းကျနေ၏။ သူ့နှုတ်ခမ်းများမှာ အပြုံးရိပ်များ ဝေ့နေသည်။
သူကလည်း ဟင်းတဖက်ဆယ်ပြီးမှ ကျနော့် ဖက်သို့ ပို့မပေးရဲသဖြင့် အလယ်တွင် ချထားသည်။ ကျနော် ယူစားလိုက်မှပြုံးလိုက်သည်။

“အော်... သူတို့များကျတော့လဲ ကြင်နာလိုက်ကြတာ” ဟု သင်းသင်းသည် တဖက်မှ ခပ်တိုးတိုးပြောနေကာ နုက ရယ်နေသည်။
ထိုအခါတွင်ကား ညိုညိုသည် ချက်ချင်း ခေါင်းငုံ့သွား၏။

“ဒါပေါ့ဗျာ... ချစ်စခင်စ မှုတ်လား”

ညိုညိုသည် မစားရဲ မသောက်ရဲ ဖြစ်နေခဲ့၏။

“သူ ဘယ်တော့မှ ထမင်းလာမစားနဲ့” ဟု ခေါင်းငုံ့ရင်း ပြောနေသည်။

ကျနော်သည် ကြည်နူးစွာရယ်နေမိ၏။ ထမင်းစားပြီးလက်ရေဆေးရာ၌ ကျနော်သည် သူနှင့် ပြိုင်တူ တခွက်တည်းဆေးရန် စောင့်နေလိုက်သည်။ သူ့လက်နှိုက်ထားမှ ကျနော့်လက်များကို နှိုက်လိုက်သည်။ သူသည် သူ့ လက်များကို ကမန်းကတမ်း ပြန်ရုပ်လိုက်ပြီး ကျနော့်ကို မျက်စောင်း ထိုးကြည့်သည်။ သူ့ မျက်လုံး ဝင်းစက်စက်ကြီးများမှာ အရောင်ရွှန်းလက်ကာ ရယ်မောနေသည် ထင်ရသည်။
အင်တောကျယ်သို့ ရောက်လျှင် “သူ သွားတော့လေ”ဟု ညိုညိုသည် တိုးတိုးသတိပေးတတ်၏။
ရှေ့တွင် နောက်ဆုံး ကျောက်ပန်းတောင်း ဘူတာသို့ ဆိုက်ရောက်တော့မည်ဖြစ်သဖြင့် ကျနော် သူတို့အနားမှ မခွာ၍ မဖြစ်။ ကျနော်သည် ဂါတ်တွဲသို့ ပြောင်းရွှေ့သွားရမည်ကိုပင် သူနှင့် ကျနော် ဝေးကွာသွားကြသလို စိတ်၌ ထင်နေမိပြန်သည်။ သူကလည်း ကျနော့် ကိုသူ့ အနားမှ ခွဲခွာ သွားစေ့ချင်ပုံမရ။ ကျနော့် စိတ်၌ သူ့ အနားမှ မခွာချင်ဖြစ်နေပုံကိုလည်း သူသည် သိနေပုံရပြန်သည်။ သူ့ နှုတ်ခမ်းများမှာ ကျနော့် ကိုနှစ်သိမ့်စေရန် ပြုံးရိပ်ရိပ်လုပ်ထားသည်။
ကျနော် သူ့ အနားမှထလာခဲ့စဉ် သူသည် ကျနော့် ကိုလိုက်ကြည့်နေပြန်သည်။ ကျနော် အပေါက်ဝသို့မရောက်မီ သင်းသင်းနှင့် နုတို့သည် တခုခုပြောပြီး တိုးတိုး ကျိတ်ရယ်နေသည်။

“အဲဒီလိုမပြောပါနဲ့ဟယ်... ”

ညိုညို၏ပြောသံကို မသဲမကွဲ ကြားရသည်။

“အမယ်.... မိညိုရယ်၊ သူ့ လူထိတော့ နာတတ်လိုက်တာ၊ လွန်ကို လွန်လွန်းတယ်၊ မုန်းလာရော၊ ဒို့လဲ ရည်းစားထားဘူးပါတယ်၊ ဒီလောက် မသဲပါဘူး”
“သဲရတယ်တော်”

နောက်ဖက်မှ ညိုညို၏ ခပ်အုပ်အုပ်ရယ်လိုက်သံမှာ သံလိုက်သံရွှင်နေလေသည်။



3 comments:

  1. မသိန်းရှင်ဆီပို့ ပေးပါ
    ကိုကျွန်တော်အရမ်းကြိုက်တယ်ဆရာ
    နောက်နောင်လည်ဒါမိုးတွေးရေးပေးပါဆရာ
    ဆရာကိုအရမ်းလေးစားတဲ.
    ဆရစိုး

    ReplyDelete
  2. Thank you for sharing. I wonder, why is illegal to carry "palm sugar" back in the day?

    ReplyDelete
  3. မင်္ဂလာပါဆ၇ာကျွန်တော်အရမ်းကြိုက်တယ်

    ReplyDelete