May 30, 2010

သစ္စာတရားနှင့် သတ္တိခွန်အား

ကျမတို့
ဟောဒီ လူပုဂ္ဂိုလ်တွေ
သေးငယ်ပြီး အထီးကျန်ဆန်လှတဲ့
ဂြိုလ်ကမ္ဘာပေါ်မှာ နေထိုင်ရင်း
သင်္ကေတ အားလုံးက ပြောပြနိုင်ရာ
ပန်းတိုင်တခုဆီ ဦးတည်ရင်း
သူစိမ်းဆံဆံ ကြယ်ကောင်းကင်အောက် ဖြတ်လာခဲ့ကြ
နေရောင်ခြည်များထဲ နမော်နမဲ့ဆံဆံ ဖြတ်လာခဲ့ကြ
အဲဒီပန်းတိုင်ဆိုတာ
ကျမတို့ လေ့လာသင်ယူဖို့
မဖြစ်မနေလိုအပ်ပြီး ဖြစ်နိုင်ဖွယ်လည်းရှိတဲ့
သူရသတ္တိနဲ့ အံ့မခန်း သစ္စာတရားတို့
တည်ရှိရာ နေရာပါပဲ။
ကျမတို့
အဲဒီနေရာ ရောက်တဲ့အခါ
ငြိမ်းချမ်းရေးနေ့ကို တည်ဆောက်ဖို့ ရာ
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
ကျမတို့ရဲ့ လက်သီးဆုပ်တွေကို ဖြည်ချလိုက်ကြပြီး
ကျမတို့ လက်ဖဝါးတွေ
သန့်ရှင်းလတ်ဆတ်တဲ့လေနဲ့ အေးမြစေမပေါ့။

ကျမတို့
အဲဒီနေရာ ရောက်တဲ့အခါ
အမုန်းတရားကို နယ်လှည့်ပြီးဆိုပြနေရတဲ့
သီချင်းသည် ဘဝဇာတ်ခုံ ပြည်ဖုံးကား ချလိုက်ကြတဲ့အခါ
မထေမဲ့မြင် ပြုခံရ
ကြပ်ခိုးစွဲနေတဲ့ ကျမတို့ရဲ့ မျက်နှာများ
တိုက်ချွတ်ဆေးကြောပြီးကြတဲ့အခါ
မတထောင် တကောင်ဘွား
ထူးခြားတဲ့ ကျမတို့ရဲ့ သားတွေသမီးတွေကို
စစ်မြေပြင်နဲ့ လူသတ်ကွင်းတွေက
သွေးစွန်းအနာတရဖြစ်နေတဲ့ မြက်ပင်တွေနဲ့
ဆွဲခြစ် မယူတော့တဲ့အခါ
ပြီးတော့
နိုင်ငံရပ်ခြားမြေပေါ်က ပုံစံတူမြေကွက်လေးတွေထဲ
မလဲလျောင်းစေတော့တဲ့အခါ။

ဘုရားရှိခိုးကျောင်းတော်တွေကို
လောဘတကြီး စီးနင်းတိုက်ခိုက်လို့
ဝတ်ကျောင်းတော်တွေအတွင်းက စူးစူးဝါးဝါးအော်ဟစ်လုံးထွေးသံများ
တိတ်ဆိတ်သွားတဲ့အခါ
တံခွန်ကုက္ကားတွေ
မြူးမြူးကြွကြွ လှုပ်ခတ်ဝှေ့ယမ်းနေတဲ့အခါ
တုန်ခါနေတဲ့ ကမ္ဘာ့အောင်လံများ
ရှင်းသန့် ကောင်းမြတ်တဲ့လေညှင်းထဲ
ခန့်ခန့်ညားညား လွင့်နေတဲ့အခါ။

ကျမတို့
အဲဒီနေရာ ရောက်လာတဲ့အခါ
ရိုင်ဖယ်သေနတ်တွေကို
ကျမတို့ရဲ့ ပခုံးပေါ်ကနေ
အောက်ကို ချထားလိုက်ကြတဲ့အခါ
ကလေးတွေက
စစ်ရပ်အလံ အပိုင်းအစတွေနဲ့
ကစားစရာအရုပ်တွေကို ဝတ်ဆင်ပေးလိုက်ကြတဲ့အခါ
သေမင်းတမာန်မြေမြှုပ်မိုင်းတွေ
ဖယ်ရှားလိုက်ပြီးတဲ့အခါ
သက်ကြီးရွယ်အိုတွေ
ငြိမ်းချမ်းခြင်း ညနေဆည်းဆာအတွင်း
လျှောက်လှမ်းဝင်ရောက်လာနိုင်တဲ့အခါ
ဘာသာရေးပွဲလမ်းတွေမှာ
အသားကိုလောင်မြိုက်လို့ ရတဲ့ညှော်နံ့နဲ့
အမွှေးတိုင်အဖြစ် မလွှမ်းထုံတော့တဲ့အခါ
ကလေးသူငယ်တွေရဲ့အိပ်မက်တွေကို
မတရားပြုကျင့်မှုအိပ်မက်ဆိုးက အဓမ္မမောင်းထုတ်လို့
ကလေးတွေ အထိတ်တလန့် လန့်နိုးတာမျိုး မရှိတော့တဲ့အခါ။

ကျမတို့
အဲဒီနေရာ ရောက်လာခဲ့ကြတဲ့အခါ
ကျမတို့ ဝန်ခံကြရပါလိမ့်မယ်။
ကမ္ဘာ့အံ့ဖွယ်ဆိုတာ
ကျောက်တုံးတွေကို
လျှို့ဝှက်ဆန်းကြယ်သေသပ်စွာ တည်ဆောက်ထားတဲ့
ပိရမစ်ကြီးတွေလည်း မဟုတ်၊
ကျမတို့ ရဲ့ စုပေါင်း အဇျတ္ထမှတ်ဉာဏ်ထဲ
ထာဝရ အလှတရားအဖြစ် ချိပ်ဆွဲထားတဲ့
ဘေဘီလုံက ဥယျာဉ်ကြီးတွေလည်း မဟုတ်၊
အနောက်တိုင်း ညနေဆည်းဆာများရဲ့
နှစ်လိုဖွယ်ရောင်စုံများနဲ့ ထွန်းညှိထားတဲ့
အရီဆိုးနားက မဟာချောက်ကမ်းပါးကြီးလည်း မဟုတ်ဘူးဆိုတာ
ကျမတို့ ဝန်ခံကြရပါလိမ့်မယ်။

ဥရောပတိုက်ထဲ သူ့ရဲ့အပြာရောင်ဝိညာဉ်
စီးဝင်နေစေတဲ့ ဒန်နျုမြစ်လည်း မဟုတ်၊
တက်နေဝန်းဆီ ဆွဲဆန့်ဖြန့်တက်နေတဲ့
ဖူဂျီတောင်မဟာရဲ့ အထွတ်အမြတ်တောင်ထိပ်လည်း မဟုတ်၊
သတ္တဝါအားလုံးကို ကျောသားရင်သားမခွဲ
ရေနက်ပိုင်းထဲမှာ ကမ်းခြေတွေပေါ်မှာ
ပြုစုပျိုးထောင်ပေးတဲ့
အဖ အမယ်ဇုံမြစ်နဲ့ အမိ မစ္စစ္စီပီမြစ်တွေလည်း မဟုတ်၊
တကယ်တော့
ဒါတွေတင်ပဲ
ကမ္ဘာ့အံ့ဖွယ်တွေ မဟုတ်ဘူးဆိုတာ
ကျမတို့ ဝန်ခံကြရပါလိမ့်မယ်။

ကျမတို့ 
အဲဒီနေရာကို ရောက်လာကြတဲ့အခါ
ကျမတို့
ဟောဒီလူပုဂ္ဂိုလ်တွေ
မပြောပလောက်အောင် သေးငယ်ပြီး
အထီးကျန်ဆန်လှတဲ့ ဂြိုလ်ကမ္ဘာပေါ်က
ကျမတို့တတွေ
ဓါးတွေ ဓါးမြောင်တွေ ဗုံးလက်နက်တွေကို
နေ့ စဉ် လက်လှမ်းနေကြတဲ့ ကျမတို့တတွေ
တဖက်မှာလည်း အမှောင်ထုထဲ
ငြိမ်းချမ်းရေး တိုကင်လက်မှတ်ရဖို့ အတွက်
အသနားခံစာ တင်ထားကြသူတွေ
ဟောဒီ အမှုန်အမွှားမျှလောက်သာရှိတဲ့ ရုပ်ဝတ္ထုပေါ်က ကျမတို့ကို
အာခံတွင်းထဲ မြိုသိတ်ထားရတဲ့
လှိုက်စားစော်ကား စကားလုံးများက
ကျမတို့ ရဲ့အစစ်အမှန်ဖြစ်တည်မှုကို စိမ်ခေါ်နေကြ
တခါ…
အဲဒီပါးစပ်တွေထဲကပဲ ထွက်ကျလာတဲ့သီချင်းတွေ
သိမ်မွေ့ချိုမြိန်လှပြီး စုံမက်ဖွယ်ကောင်းလွန်းလို့
ရင်ခုန်မှုတွေ အမှောက်မှောက် အမှားမှားဖြစ်
လေးစားခန့်ငြားလွန်းလို့ ခန္ဒာကိုယ်က ငြိမ်ကျသွား။

ကျမတို့
ဟောဒီလူပုဂ္ဂိုလ်တွေ
သေးငယ်ပြီး အလျင်မပြတ် စီးမျောနေတဲ့ ဂြိုလ်ကမ္ဘာပေါ်က
ကျမတို့တတွေရဲ့
မထင်မှတ်တဲ့လက်များရဲ့ရိုက်ချက်နဲ့
မျက်စိတမှိတ် လျှပ်တပျက်အတွင်း
အသက်ဇီဝကို ခန္ဒာကိုယ်ထဲက ဆွဲထုတ်ပစ်ခဲ့ကြ
အဲဒီလက်များကပဲ
အင်မတန့်ကို အကြင်နာများနဲ့ ဖြေသိမ့်ပေးနိုင်လို့
မာနတခွဲသားနဲ့ ကျမတို့ရဲ့ လည်တိုင်တွေ
ပျော်ရွှင်စွာ ငုံ့ညွတ်
ပြီးတော့
မာနကြီးလှတဲ့ ကြောပြင်လည်း ကိုင်းညွှတ်
ဒီလို ဗရုတ်သုက္ခတွေ ဒီလိုပဋိပက္ခတွေကတဆင့်
ကျမတို့ဟာ
နတ်ဒေဝတာလည်းမဟုတ် မိစ္ဆာလည်းမဟုတ်တာ သိလာကြရ။

ကျမတို့ 
အဲဒီနေရာ ရောက်လာကြတဲ့အခါ
လေလွင့် ပေါလောမျော ဝတ္ထုပေါ်က
ကျမတို့
ဟောဒီလူပုဂ္ဂိုလ်တွေ
ဟောဒီကမ္ဘာမြေပေါ်ဖန်ဆင်း
ဟောဒီကမ္ဘာမြေကနေ ဖန်ဆင်း
ဟောဒီကမ္ဘာမြေအတွက်
ယောင်္ကျား မိန်းမဟူသမျှ
ဘာသာတရားကိုင်းရှိုင်းဟန်ပြ
သူတော်ကောင်းယောင် ဆောင်သူများ ကင်းပပြီး
အကြီးအကျယ် ထိတ်လန့်ကြောက်ရွံ့ခြင်းမဲ့
လွတ်လပ်စွာ နေထိုင်နိုင်တဲ့ ဝန်းကျင်တခု ပုံစံ
ဖန်တီးနိုင်တဲ့ စွမ်းအားရှိကြ ကျမတို့တတွေ..။

ကျမတို့
အဲဒီနေရာ
ရောက်လာကြတဲ့ အခါ
ကျမတို့ မလွဲမသွေ ဝန်ခံကြရပါလိမ့်မယ်။
ကျမတို့ဟာ
ဖြစ်နိုင်စွမ်းရှိသူ တန်ခိုးရှင် ကမ္ဘာ့အံ့ဖွယ် တကယ်ဖြစ်တယ်ဆိုတာကို
ဝန်ခံကြရပါလိမ့်မယ်။
အဲဒီအချိန်ဆိုတာ
ကျမတို့ ဦးတည်ပြီး လာနေတဲ့
တခုတည်းသော အဲဒီနေရာပေါ့…။ ။

ငြိမ်းဝေ
၂၇၊ ၅ ၊ ၂၀၁၀

(အမေရိကန် လူမဲကဗျာဆရာမ “မာယာအင်ဂျလို” ရဲ့ A Brave and Startling Truth ကဗျာကို ဘာသာပြန်ထားတာပါ။ ဒီကဗျာဟာ ၁၉၉၅ ခု၊ ဇွန်လ၊ ၂၆ ရက်နေ့၊ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး ထူထောင်ခြင်း နှစ် ၅၀ မြောက် အခမ်းအနားမှာ သူကိုယ်တိုင်စပ်ဆို သူကိုယ်တိုင်တက်ရောက် ရွတ်ဆိုသွားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။)

No comments:

Post a Comment