May 06, 2010
ကဗျာဆရာ ငြိမ်းလူ ကွယ်လွန်ခြင်းနှင့် လွမ်းသူ့ ကဗျာပန်းခွေများ
ကျနော်တို့ ရဲ့ ချစ်ခင်လေးနက်ရပါသော တော်လှန်ရေးသမား ကဗျာဆရာ ငြိမ်းလူ(မောင်မောင်ငြိမ်း)
၂၉၊ ၄၊ ၂၀၁၀ နေ့ က မမျှော်လင့်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။
တော်လှန်ရေးသမားလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်၊ လူတိုင်းချစ်ခင်ဖွယ်လည်း ဖြစ်ခဲ့တဲ့ ကဗျာဆရာငြိမ်းလူ ရဲ့ ရုပ်ကလပ်ကို မေလ ( ၁ ) ရက်နေ့ မှာ ဝမ်းနည်းခြင်း ဂုဏ်ပြုခြင်းအခမ်းအနားပြုလုပ်ပြီး မီးသဂြိုလ်ခဲ့ပါတယ်။
အဲဒီဈာပနအခမ်းအနားမှာ ကျနော်လည်းပဲ ကဗျာတပုဒ်ရွတ်ဆိုပြီး (ကို)ငြိမ်းလူ ကို ဂုဏ်ပြုလွမ်းသခဲ့ပါတယ်။ အဲဒီနေ့ က ကျနော်ရွတ်ဆိုခဲ့တဲ့ကဗျာဟာ (ကို) ငြိမ်းလူ နောက်ဆုံးရေးဖွဲ့ သွားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။
ဆရာငြိမ်းလူ နောက်ဆုံးရေးဖွဲ့ သွားခဲ့တဲ့ အဲဒီကဗျာနဲ့ 
ကဗျာဆရာ မောင်လွမ်းဏီနဲ့ ကဗျာဆရာ အုပ်စိုးနိုင်တို့ ရဲ့ လွမ်းသူ့ ကဗျာ (၂)ပုဒ်ကိုလည်း ပူးတွဲဖေါ်ပြလိုက်ပါတယ်။
(ကို)ငြိမ်းလူရေ..၊ခင်ဗျားကတော့ပြောတာပဲ
“ကျနော်လိုချင်တာ နည်းနည်းလေးပါဗျာ
ဒါတောင်မှ
ဘယ်တုန်းကမှ မရခဲ့ပါဘူး↔တဲ့။
ဘယ်ဟုတ်မလဲ
ခင်ဗျား
အများကြီးရခဲ့တယ်
ခင်ဗျား
ဘဝကို အနိုင်နဲ့ ပိုင်းနိုင်ခဲ့တယ်
အထူးသဖြင့်
ကျနော်တို့  မရနိုင်သေးတဲ့ ဂုဏ်ဒြပ်ဟူသမျှ
ခင်ဗျား ရသွားခဲ့တယ်ဆိုတာ
ခင်ဗျားရဲ့ အသုဘအခမ်းအနားမှာ
လူတိုင်း သဘောပေါက်ခဲ့ကြတာပဲ
မြတ်သောသေခြင်းပါ ရဲဘော်..
ကျနော် တကယ်ပဲ ကြေကွဲရပါတယ်။
ငြိမ်းဝေ
ပြောင်းခင်းထဲက နေ (သို့) ရင့်မှည့်စေသော စာမျက်နှာ
ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာ တူတာပဲလား။
ဖနောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။
ထိတာနဲ့
ရုန်းဖို့လား
အနီလား
အစိမ်းလား။
ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိသလား။
ညကိုလမ်းလျှောက်
တောင်မြောက်ကို ကြည့်ခွင့်မရတာ
အပြစ်လား။
ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့ ။
တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်။
အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲစက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်…..
တိုက်လိုက်ပါ။
ဒါပြီးရင်လေ
သူတို့က
ပါရီကနံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျားကို ကောင်းကောင်း ပြောပြလိမ့်မယ်။
ဆေးရေးနှုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ဗင်းနစ်ရဲ့ ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့။
မြင်းတစီး
ဓါးတလက်နဲ့
ဇောရိုးရဲ့ ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်။
ပြီးတော့ စစ်တွေနဲ့ ညှပ်ထားတဲ့
ပါမုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်။
အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြွေရေသုတ် ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီးထွက်ခွာသွားမြဲ…..။
ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့ အိုကိုးရဲ့ဘ၀ထဲမှာ….
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်…….။ ။
ငြိမ်းလူ
Australian Burmese Community Journal အတွဲ (၁) အမှတ် (၁၀) မေလထုတ်အတွက် ကိုငြိမ်း (ကဗျာဆရာ ငြိမ်းလူ) ရေးပေးခဲ့တဲ့ ကဗျာပါ။ ဒါဟာ ဆရာငြိမ်းလူရဲ့ နောက်ဆုံးကဗျာလည်း ဖြစ်ပါတယ်။
ရိုးမပေါ်မှာ အိပ်ပါစေ
ကောဇာသက္ကရာဇ်၊ ခွန်နှစ်ဆယ်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။
လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။
ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ် ၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။
ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွက်နေဆဲလား။
ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။
ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ။ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊
သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တ၀က်ထူလွှင့်နေပြီကော။ ။
(ရဲဘော်ရေးဖော်ငြိမ်းလူသို့ )
မောင်လွမ်းဏီ
၂၈ - ၄- ၂၀၁၀
အလွမ်းစာ
ပြောလို့ မှမဆုံးသေး
မာနယ်ပလောကို လွမ်းတယ်
ထားဝယ်ခရိုင်ကလေးကို လွမ်းတယ်
စခန်းသစ်ရွာကလေးကို လွမ်းတယ်
မယ်တုကွီချောင်းကလေးကို လွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းစရာတွေများနေတုန်း
အလွမ်းဗုံး နောက်တလုံး
(၀ုန်း) ကနဲ ကွဲသွားပြန်ပါပကော ...
ခင်ဗျားက ..
ရဲဘော်တွေကိုချစ်တယ်
တော်လှန်ရေးကိုချစ်တယ်
ဗိုလ်မှူးကြီး စိန်မြကိုချစ်တယ်
ရေးဘော် ရေးဘက် တွေကိုချစ်တယ်
မိချမ်းလွန်ကိုလဲ ချစ်ခဲ့တယ်
“ကျနော်လိုချင်ခဲ့တာနဲနဲလေးပါဗျာ
ဒါပေမဲ့ ..
ဘယ်တုန်းကမှ မရခဲ့ပါဘူး↔တဲ့
ဒဏ်ရာဗလပွနဲ့ 
ခင်ဗျားဘ၀ တစွန်းတစ
ကြားခဲ့ရဖူးပါရဲ့ 
တခါတုန်းက စခန်းသစ်ညများမှာ ...
“သွားကြ သွားကြ
ခင်းဗျားတို့  အကုန်လုံးသွားကြ
လကမ္ဘာရောက်အောင်သွားလိုက်ကြ
ကျုပ်ကတော့
တော်လှန်ရေးထဲမှာပဲ နေမယ်
တော်လှန်ရေးထဲမှာပဲ သေမယ်”တဲ့
သစ္စာ မြဲသူကြီးရဲ့ စကား
နိမိတ်များဖတ်ခဲ့လေသလား ဗျာ ...
လှေခွက်ချည်း ကျန်ရင်တောင်
အလံထောင်နေဦးမယ့် မောင်ငြိမ်း
“မိုက်လို့ သောက်တာမဟုတ်
ကြိုက်လို့ ကို သောက်တာတဲ့”
ဘယ်သူ့ ဆီကမှ
ဘာအခွင့်အရေးမှ မယူခဲ့တဲ့
တောပျော်ကြီးရေ ..
မြို့ မှာနေရတာ
အသက်ရှူရ ကြပ်သတဲ့
န- ၀ - တ ပြီးရင်
ထိုင်းပုလိပ်ကိုအမုန်းဆုံးဆိုတဲ့လူ
မြို့ ပြရဲ့ အပူရောင်တွေကြားမှာ
ခုတော့လဲ ..
ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘဲ
လမ်းခွဲလို့ သွားခဲ့ပါပကော ...
လွမ်းလို့ ကောင်းနေတုန်းပါဘဲ ကိုငြိမ်းရေ ...
ကျုပ်ကလဲ
လူတိုင်းကို လွမ်းနေရတဲ့ကောင်
အမှတ်ရစရာလေးတွေက ဟိုရောက် ဒီရောက်
ကြေကွဲပွင့်ကြီးတွေကလဲ တောင်လိုပေါက်
ဟိုအရင်တုန်းကလိုဘဲ
ကျနော့်ကဗျာ တခွက်နှစ်ခွက်လောက်
ခင်ဗျားထ လို့ သောက်ကြည့်ပါဦးလားဗျာ...။
အုပ်စိုးနိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment