May 11, 2010
ဘယ်ဝယ် မြောက်တောင်
(က)
၁၉၉၅ ခု၊ ဇန်နဝါရီလ..၂၂ ရက်၊ တနင်္ဂနွေနေ့ ။
မနက်မိုးလင်းတော့ လက်နက်ကြီးပစ်သံများနှင့် မျက်နှာသစ်ရလိမ့်မည်ဟု ထင်မထားခဲ့မိသည့်အတွက် အနည်းငယ်တော့ စိတ်ပူသွားမိသည်။ သည်အတိုင်းဆိုလျင် အခြေအနေတွေက ဘယ်လိုဖြစ်လာလိမ့်ဦးမလဲ။ ကျနော် တကယ်မခန့် မှန်းတတ်ပါ။
လက်နက်ကြီးပစ်သံများမှာ သံလွင်မြစ်အနောက်ဖက်ကမ်း ဆင်ဖြူတောင်ဘက်ဆီကတွင်မက သောင်ရင်းမြစ် အထက်ဘက်ဆီကပါ တပြိုင်နက်တည်းလိုလို ကြားလာရ၏။ လက်နက်ကြီးပေါက်ကွဲသံများက တချက်နှင့်တချက် ပိုပြီးစိပ်လာသည်ဟု ထင်သည်။မနေ့ ည နေတုန်းကမူ သံလွင်မြစ်ဆီကသာ လက်နက်ကြီးပစ်သံ ကြားခဲ့ရ၏။ နအဖ စစ်တပ်များနှင့် ဒီကေဘီအေ ကရင်ခွဲထွက်တပ်များက စစ်မျက်နှာ နှစ်ဘက်ညှပ်ပြီးမှ တက်လာဟန်ရှိသည်။ ဒီကနေ့ မနက်ကြားရသည့် ပေါက်ကွဲသံများက ကရင်ခွဲထွက်တပ်များအနေနှင့် သံလွင်မြစ်အရှေ့ ဖက်ကမ်းကို ကူးလာ နိုင် ခဲ့ပြီလောဟု တွေးမိသည်။အကယ်၍ သူတို့ တတွေ သည့်ထက်ရှေ့ တိုးလာနိုင်ပါက မာနယ်ပလောမှ မလွှဲ မရှောင်သာပဲ ဆုတ်ခွါရသည်ရှိသော် မည်သို့ ဆက်လက်လုပ်ကိုင်ရမည်နည်း။ ဒါကိုလည်း ကျနော်မတွေးတတ်ပါ။
ရွှေဗဟိုစည် စတူဒီယိုဘေးက ဝါးရေစင်တွင် မျက်နှာသစ်နေစဉ် ဝန်ကြီးများရုံး (အမျိုးသားညွန့် ပေါင်း အစိုးရအဖွဲ့ ရုံးကို ထိုစဉ်က ကျနော်တို့ ရဲဘော်အားလုံးက ဝန်ကြီးများရုံးဟုပင် ခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။) အ ဝင်ပေါက်က လုံခြုံရေးကင်းတဲလေးဆီ မျက်စိက ရောက်သွား၏။ သွားတိုက်နေသော လက်ထဲက တံပွတ် တံ သည်ပင် လမ်းလယ်၌ ရပ်သွား၏။ ကင်းတဲထဲတွင် ကရင်ရဲဘော်များကို တယောက်မျှ မတွေ့ ရတော့။ ကျနော်က သေချာစေရန် စေါင့်ကြည့်သည်။ တိတ်ဆိတ်ငြိမ်သက်နေသော ကင်းတဲကလေးကို တွေ့ နေရ၏။ ထို့ ကြောင့် မျက်နှာမြန်မြန်သစ်ကာ စတူဒီယိုပေါ်ပြန်တက်လာခဲ့သည်။ ရဲဘော်လေး“ကွယ်သာထူး”ကို စတူဒီယိုမှ ဘယ်ကိုမျှမသွားဖို့ အ သေအချာ မှာသည်။ ထို့ နောက်အမျိုးသားဒီမိုကရေစီ ဗဟိုဌါနချုပ်ရုံးဘက်သို့ ထွက်လာခဲ့သည်။
သည်ကနေ့ မနက်ကြကာမှ မာနယ်ပလောတခွင်လုံး ထူးထူးခြားခြား ပိုမိုတိတ်ဆိတ်ငြိမ်သက်နေသည်လောဟု စိတ်ထဲက ခံစားရသည်။ လက်နက်ကြီးပစ်သံများက ဘောနော်လေးတောင်ကြီးကို ကျော်ပြီး တချက်တချက် ပီပီသသ ကြားနေရသည်မှာ စိတ်ခြောက်ခြားဘွယ်ဖြစ်နေသည်။ လမ်းပေါ်တွင် လူတချို့ အထုပ်အပိုးကိုယ်စီ ခလေးကိုယ်စီ ချီကာတွဲကာနှင့် မာနယ်ပလောဘက်သို့ ထွက်ခွါသွားနေသည်ကိုတွေ့ ရသည်။ မီးစက်ရပ်ကွက် လမ်းကွေ့ ရောက် တော့ တခြားလူအုပ်တစ်အုပ်က အထုပ်အပိုးကိုယ်စီ နှင့် မဲသဝေါဘက်သို့ ဦးတည်ပြီး ထွက်ခွါသွားနေကြသည်ကို တွေ့ ရပြန်သည်။ ထိုလူအုပ်နှစ်အုပ်စုမှာ တအုပ်စုက တောင်ဖက်သို့ ၊ နောက်တအုပ်စုက မြောက်ဖက်သို့ ဦးတည်ပြီး သွားနေကြခြင်းဖြစ်သည်။ အားလုံး ကရင်လူမျိုးများချည်းဖြစ်သည်။ “အော် သူတို့ ကတော့ ဒေသခံ လူမျိုး တွေဆိုတော့ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ်၊ လုံခြုံရာရွေးပြီး သွားနိုင်လာနိုင် ရှောင်နိုင်ပုန်းနိုင်တော့တာပေါ့ လေ↔ဟု လမ်းလျှောက်လာရင်းက တွေးလိုက်မိသေးသည်။
ရဟန်းပျိုသမဂ္ဂကုန်းတော်ခြေရင်း(မြန်မာနိုင်ငံ ရဟန်းပျိုများသမဂ္ဂရုံး အခြေစိုက်ထားသည့် တောင်ကုန်း) သို့ အရောက်တွင် “ကိုသက်စိုးလွင်”နှင့် “ကိုတင့်ဆွေ”(ထိုစဉ်က ကိုတင့်ဆွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ဗဟို စည်းရုံးရေးကော်မီတီဝင်ဖြစ်ပါသည်။) တို့ နှစ်ယောက် မယ်တုက္ခီစမ်းချောင်းထဲက ကားလမ်းအတိုင်း တက် လာသည်ကို တွေ့ ရသည်။ သူတို့ ကို ကျနော်က နှုတ်ဆက်မည်လုပ်တော့ သူတို့ မျက်နှာများက သိသိသာသာပျက်နေကြသည်ကို သတိထားမိသည်။ကျနော့်စိတ်ထဲ ထင့်သွားရ၏။
“ ဘယ်သွားမလို့ လဲကိုငြိမ်း”
“ရုံးချုပ်ကိုလာတာပဲလေဗျာ၊ ဘယ်လိုအခြေအနေရှိသလဲဆိုတာ လာမေးတာပဲ”
“ ဒါဆို မေးမနေနဲ့ ၊ ကျနော်တို့ နဲသာပြန်လိုက်ခဲ့တော့၊ ဒီကနေ့ နဲ့ မနက်ဖြန် နှစ်ရက်အတွင်း ထိုင်း နိုင်ငံဘက်ကမ်းကို အားလုံးပြောင်းဖို့ ကေအမ်ယူ(ကရင်အမျိုးသားအစည်းအရုံး)က လာပြောသွားပြီ၊ မနေ့ ကပဲ သ က စ တပ်ဖွဲ့ တွေ(မာနယ်ပလော ဗဟိုလုံခြုံရေး ကရင်တပ်ဖွဲ့ များ)၊ ဒို့ ကရင်အချင်းချင်းတော့ သေနတ် မ ပေါက်ချင်တော့ဘူးဆိုပြီး ခုခံရေးကုန်းတွေပေါ်က ပြန်ဆင်းလာနေကြတယ်လို့ ကြားတယ်၊ အခြေအနေကတော့ တကယ့်ကို မကောင်းဘူးဗျ၊ အဲဒါခင်ဗျားလဲ ပြောင်းဖို့ သာ လုပ်တော့၊ ကျနော်တို့ ဝန်ကြီးများရုံးကို အဲဒါလာပြောဖို့ ထွက်လာတာ”
“အေးဗျ မနက်က မျက်နှာသစ်နေတုန်း ဂိတ်တဲကိုလှမ်းကြည့်တာ တစ်ယောက်မှ မရှိတော့ဘူးဗျ၊ ကျ နော်ထင်တယ် ညကတည်းက ပြန်ရုပ်လိုက်တာလားမသိဘူး၊ အစတော့ ဝန်ကြီးများရုံးထဲ တက်မေးအုံးမလို့ ပဲ၊ ပြီးမှ ရုံးချုပ်ကိုလာမေးတာ ပိုသေချာမယ်ဆိုပြီး ချက်ချင်းထွက်လာတာ၊ ဒါဆို မသွားတော့ဘူး၊ ခင်ဗျားတို့ ပြောသလို ဟိုဖက်ကမ်းပြောင်းဖို့ ပဲ လုပ်တော့မယ်၊ အေးဗျာ ဦးမောင်မောင်အေးကလည်း မရှိဘူး၊ သူက ချင်းမိုင်မှာ ခရီးလွန်နေတယ်၊ ပစ္စည်းတွေကလည်း အများကြီး”
ကိုတင့်ဆွေတို့ နှင့်အတူ နောက်ကိုပြန်လှည့်လာစဉ် ကျနော်တို့ နှင့်မျက်နှာချင်းဆိုင်မှ အထုပ်အပိုး ကိုယ်စီရွက်လာကြသူ လူတစုကိုတွေ့ သည်။ သူတို့ တွင် ခလေးငယ်များသာမက ခွေးတစ်အုပ်ပါ ပါလာသည်ကိုတွေ့ ရသည်။သူတို့ က ကျနော်တို့ ကို မေါ့မကြည့်ကြ။ ကျနော်တို့ ဘေးမှ ခေါင်းငိုက်စိုက်ချကာ ခြေလှမ်းမှန်မှန်လှမ်းကာ စက်ရုပ်များပမာ မာနယ်ပလောဘက် တိတ်ဆိတ်စွာ သွားနေကြ၏။လမ်းပေါ်တွင် လမ်းလျှောက်လာနေသည့် လူအုပ်၏ ဖိနပ်သံများကို အတိုင်းသားကြားနေရ၏။ ငှက်သံများက အသံပိုပြီးကျယ်စွာ ကြားနေရသည်ဟု ထင်သည်။ ယခုလို အချိန်မျိုး၌ ငှက်သံများကိုပင် သာယာသည်ဟု ကျနော် မခံစားနိုင်တော့။
ကျနော်က စတူဒီယိုပစ္စည်းများနှင့်အတူ ထိုင်းနိုင်ငံဘက်ကမ်းသို့  အချိန်မီ ကူးနိုင်ဖို့  လမ်းလျှောက်လာရင်း အပူတပြင်း စဉ်းစားနေမိသည်။ ပစ္စည်းများကို လူနှင့်ထမ်းပိုးပြီး သယ်ဖို့ ဆိုတာကလည်း တရုပ်နီမီးစက်ကြီးနှင့် တချို့ ပစ္စည်းများက သောင်ရင်းမြစ်ဆိပ်ကမ်း( လူ့ ဘောင် သစ် ဒီမိုကရက်တစ်ပါတီ ဌါနချုပ်ရုံး နှင့် ကွယ်လွန်သူ ပဒိုမန်းရှာတို့ ၏ အိမ်ကြားရေဆိပ်) အထိ သယ်နိုင်ဖို့ ရန် မလွယ်ပါ။ အလှမ်းဝေးသည့်အပြင် မစ္စည်းများကလည်း ထမ်းပိုးနိုင်ဖို့ မဖြစ်နိုင်ပါ။ ထို့ ပြင် တခြားရဲဘော်များ၏အကူအညီဖြင့် ဆိပ်ကမ်းသို့ သယ်ဖို့ စဉ်းစားပြန်တော့လည်း၊ သူတို့ ကလည်း သူတို့ အပူနှင့်သူတို့ ဖြစ်နေကြပြီ။ ဌါနချုပ်မှ ရဲဘော်တချို့ နှင့် ပစ္စည်းတချို့ ဆိုလျင် မနေ့ ကတည်းက ပဟေလူရွာသို့ ပြောင်းရွှေ့ ထားလိုက်ကြပြီးဖြစ်သည်။ ပဟေလူရွာမှာ ထိုင်းနိုင်ငံဘက်ကမ်း မှ ကရင်ရွာတရွာဖြစ်သည်။ သောင်ရင်းမြစ်ထဲသို့ စီးဝင်သော ဖွေးပေါလူချောင်းဘေးက ရွာဖြစ်သည်။
ကျနော်က ကေအမ်ယူမှ ကား (သို့ မဟုတ်) ပုဂ္ဂလိကလှည်းတစ်စီးလောက် ငှါးလို့ ရလျင်ကောင်းမည်ဟု စဉ်းစားသည်။ သို့ သော်လည်း ထိုစဉ်က ကျနော့်လက်ထဲတွင် ဘတ်ငွေ (၃၀၀)သာ ရှိနေသည်။ ငှါးလို့ ရ သည့်တိုင်အောင် ငှါးခငွေက လုံလောက်အောင်မရှိ။ ရွှေ့ ပြောင်းစရိတ်ငွေကို ဘယ်ကရှာရပါ့မလဲဟု တလမ်းလုံး စဉ်း စားလာခဲ့ရ၏။ အခုလို အရေးကြီးသည့်အချိန်တွင်မှ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေးက ခရီးလွန်နေသည်။ အကယ်၍ ဦးမောင်မောင်အေးရှိနေပါက ငွေရေးကြေးရေးကိစ္စ၊ ပဟေလူရွာတွင် အိမ်ငှါးမည့်ကိစ္စများအတွက်ကိုမူ သူ့ အဖို့ ပူပင်ဖို့ မလို။ ဝန်ကြီးဖြစ်သူ ဦးမောင်မောင်အေးက ဦးစီးစီစဉ်သွားနိုင်မည် ဖြစ်သည်။(ထိုစဉ်က ဒီမိုကရက်တစ်မြန်မာ့အသံ ရွှေဗဟိုစည် စတူဒီယိုမှာ ပြန်ကြားရေးဝန်ကြီး၏လက်အောက်ဌါနတစ်ခုဖြစ်ပါသည်။ )
“ ကေအမ်ယူက ဒီလိုပြောလာမှတော့ ဘာမှစဉ်းစားမနေနဲ့ ဟိုဘက်ကမ်းကူးဖို့ သာ လုပ်တော့ ကိုငြိမ်း ”
ကျနော်က ကိုတင့်ဆွေနှင့်ကိုသက်စိုးလွင်တို့ ကိုကြည့်သည်။ သူတို့ မျက်နှာများက “ ကဲ ဘယ့်နှယ်ရှိစ ”ဆိုသည့် မျက်နှာပေးမျိုးနှင့်ပြန်ကြည့်နေကြဟု တွေးလိုက်မိ၏။
(ခ)
သောင်ရင်းမြစ်ကမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)၊ ဌါနချုပ်မှ ရဲဘော်တချို့ ပစ္စည်းထုပ်များချပြီး ထိုင်နေကြသည်ကို တွေ့ ရသည်။ ပစ္စည်းပစ္စယများအပြည့်အမေါက်တင်ကာ သောင်ပြင် ပေါ်ဆင်းချလာသည့် ကျနော်တို့ ၏လှည်းကို ဝိုင်းကြည့် နေကြ၏။လှည်းနောက်က ကပ်လျက် ခြေလျင်လိုက်ပါလာသော ကျနော်တို့ ကိုတွေ့ တော့ တဟေးဟေးနှင့် လှမ်းအော်နှုတ်ဆက်နောက်ပြောင်ကြသည်။
“ ဟေး ဘယ်လိုလည်း စတူဒီယိုတာဝန်ခံကြီး၊ ခင်ဗျားကို ကျုပ် အစကတည်းက မိုဘိုင်းစတူဒီယိုလုပ်ပါလို့ ပြောခဲ့တာပဲဟာ အခုတော့ ဒါတွေနဲ့ ဘယ်လိုလုပ်မှာလဲ၊ ပဟေလူမှာ အိမ်ငှါးထားပြီးပြီဆို”
လူတယောက်က ထိုင်ရာကထကာ ကျနော့်ကို လှမ်းအော်နှုတ်ဆက်သည်။ ဌါနချုပ် ရုံးတာဝန်ခံ ကိုမောင်မောင်နိုင်ကို အဝတ်အစား ဘိုသီဘတ်သီနှင့်တွေ့ ရသည်။ သူက အမြဲတမ်းလိုလို သပ်သပ်ရပ်ရပ် လှလှပပ ဝတ်စားနေထိုင်တတ်သူ။ ရုတ်တရက်တော့ သူမှန်းပင် ကျနော်မမှတ်မိ။ သောင်ပြင်ပေါ် ရှေ့ တိုးလာမှ သူ့ ကို ကျနော် မှတ်မိသွားသည်။
“ ခင်ဗျားနဲ့ တွေ့ တာ အတော်ပဲ၊ ပဟေလူမှာ ဌါနချုပ်က အိမ်ငှါးထားပြီးပြီဆို၊ အဲဒီမှာ ကျနော်တို့ ခဏတွဲနေလို့ မဖြစ်ဘူးလား၊ လုပ်ပါဗျာ တစ်ရက်နှစ်ရက် မသကာ တပါတ်ပေါ့၊ ပြီးတော့ ကျုပ်တို့ လည်း အိမ်ရှာမှာပေါ့”
“ ဟာ ဒါက ကျုပ်ကိုပြောလို့ ဘယ်ဖြစ်မှာလဲဗျ၊ စီအိုစီတယောက်ယောက်ကိုပြောမှပေါ့၊ ဘာလဲဗျာ တော်လှန်ရေးရဲဘော်ပဲဟာ၊ ဘာလိုမှာလဲ၊ မြေကြီးပေါ်အိပ်ရလဲဖြစ်တာပဲဟာ”
ထိုစဉ်မှာပင် သောင်ရင်းမြစ် ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း ကောင်းကင်ကြိုးအရေးပေါ်သွယ်ပြီးချိပ်ထားသည့် ယာယီကူးတို့ ဖေါင်က ကမ်းသို့ ဆိုက်လာ၏။
“ ဟေ့ ဟေ့ လာလာ ကိုနိုင်ရေ အဲဒီဒုက္ခသည်နဲ့ စကားပြောနေလို့ မပြီးဘူး၊ ဖေါင်ဆိုက်နေပြီ၊ ပစ္စည်းတွေတင်မယ်၊ ကဲ ရဲဘော်တို့  စမယ်”
ကိုနိုင်က ကျနော့်ကို စကားဆုံးအောင်ပင်မပြောတော့ပဲ ရေစပ်သို့ ပြေးဆင်းသွား၏။ ရေစပ်တွင်ချထားသည့် ပစ္စည်းများကို ဖေါင်ပေါ်သို့ တင်နေကြ၏။ ကျနော်နှင့် ကွယ်သာထူးက လှည်းသမားနှင့်အတူ ပစ္စည်းတွေ လှည်းပေါ်ကချသည်။
သောင်ရင်းမြစ်ထဲတွင် စက်လှေ သုံးလေးစင်း အထက်အောက် စုန်ဆန်သွားနေသည်။ စက်လှေများ ရင်ဘောင်တန်းပြီး ဝန်အပြည့်နှင့် မောင်းနေသဖြင့် ရေလှိုင်းများမှာ မြစ်ပြင်အနှံ့ ပြေးလိုက်နေ၏။ သောင်စပ်သို့ ရေလှိုင်းများ ပြေးလာပြီး တဖြန်းဖြန်းရိုက်နေလေသည်။ စက်လှေများမှာ တညလုံးလိုလို အထက်အောက် သွားလာ မောင်းနှင်နေခဲ့သည်ဟု ပြောသံကြားခဲ့ရသည်။
သောင်ပြင်ပေါ်တွင် လူနှစ်ဆယ်ခန့် သာရှိသည်။ သည်လှေဆိပ်မှာ လူနေကြဲပါးသည့်ရပ်ကွက်ဘေးက ရေဆိပ်ဖြစ်သဖြင့် လူတွေ သိတ်ပြီးမတွေ့ ရ။ ရေဆိပ်နှင့် အနီးဆုံး ကုန်းထိပ်ပေါ်တွင်ရှိသည့် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဌါနချုပ်ရုံးထဲ ကျနော် ဝင်သွားစဉ်က ရုံးထဲတွင် ရဲဘော်သုံးလေးယောက်သာ တွေ့ ခဲ့ရသည်။ စာရေးပို့ ပြီး ပြောဆိုထားပြီးဖြစ်သဖြင့် ဥက္ကဌ ကိုမြင့်ဇော်က ဘတ်ငွေ(၅၀၀)ကို ချက်ချင်းထုတ်ပေးခဲ့၏။ သူတို့ က ပဟေလူရွာတွင် အိမ်ငှါးထားသည်ဟုတော့ ကြားခဲ့သည်။ သို့ သော် ဘာမျှတော့ ကျနော်မမေးခဲ့။ လူ့ ဘောင်သစ်ရုံးထဲကအထွက် ကျနော့်နောက်မှ လိုက်လာသည့် ပစ္စည်းတင်လှည်းကလည်း ကုန်းထိပ်သို့ ရောက်လာ၏။
“ အဆင်ပြေရဲ့လား ကိုငြိမ်း ”
“ အေး ပြေပါတယ်၊ တော်ပါသေးရဲ့ ဒီငွေငါးရာချေးလို့ ရလို့ ပေါ့ ၊ နို့ မို့ ရင် ငါတို့ ဒီပစ္စည်းတွေနဲ့ ဘယ်လိုမှ ဒီနေ့ ဟိုဖက်ကမ်းကူးနိုင်မှာ မဟုတ်ဘူး”
မနက်က စတူဒီရိုပြန်ရောက်စဉ် ရဲဘော်ကွယ်သာထူးက လှည်းတစ်စီးငှါးလို့ ရနိုင်သည်ဟုဆိုကာ ထွက်ရှာသည်။ ကိုဟန်ထွန်း( ကျောင်းသားတပ်မတော်၊ ကိုမိုးသီးဇွန်တို့ အဖွဲ့ ) က လူ့ ဘောင်သစ် ဥက္ကဌ ကိုမြင့်ဇော်ထံ ကျနော်ရေးပေးသောစာကို သွားပေး၏။ ကိုမြင့်ဇော်က အလွယ်တကူပင် ဘတ်ငွေ(၅၀၀)ချေးမည်ဟု အကြောင်းပြန်သည်။လှည်းငှါးခ ဘတ်(၃၀၀) ကျ၏။ ကျနော့်လက်ထဲက ငွေ(၃၀၀) အပါအဝင် စုစုပေါင်း ကျနော့်တွင် ဘတ်ငွေ(၅၀၀)တော့ ကျန်သည်။ ဆန်ကတော့ တအိပ်လုံးလုံး ရှိနေသေးသည်။ မနေ့ တုန်းကတည်းက ဆန်အိပ်ကို သုံးပုံခွဲပြီး သယ်ယူရလွယ်ကူအောင် တစ်အိပ်စီသွပ်ထားလိုက်ကြ၏။ ဆီတို့ ဆားတို့ က တလစာအပြည့်ရှိသည်။
မနေ့ ညနေက လက်နက်ကြီးပစ်သံများ နီးလာသည်ကို နားစွင့်ကာ အခြေအနေအရ ပစ္စည်းများကို ရွေးချယ်ထုပ်ပိုးထားလိုက်ကြ၏။ မီးစက်အသေးလေးကိုတော့ မသယ်ပဲ ထားခဲ့လို့ မဖြစ်။ ထားချင်းထားလျင် လူ ငါးယောက်လောက် ဝိုင်းမမှ ရသည့် တရုပ်နီမီးစက်ကြီးကိုတော့ ထားခဲ့ရပေလိမ့်မည်။ မီးစက်မပါလို့ ကလည်း မဖြစ်ပြန်ပါ။ အသံဖမ်းစက်များကို မီးစက်မောင်းပြီးမသှာ အသုံးပြုလို့ ရနိုင်မည်ဖြစ်သည်။အရေးပေါ် မဖြစ်မနေ ကိုယ်နှင့်တပါတည်း သယ်ဆောင်ရမည့်ပစ္စည်း၊ အခြေအနေပေးပါမှ သယ်ဆောင်ရမည့်ပစ္စည်းနှင့် စွန့် ပစ်ချန်ထားရမည့် ပစ္စည်းများကို စနစ်တကျ ခွဲခြားသတ်မှတ် ထုပ်ပိုးထားခဲ့ကြ၏။ ကျနော်တို့ က ကုန်းထိပ် စတူဒီယိုပေါ်တွင် ပစ္စည်းများထုပ်ပိုးနေစဉ် ကားလမ်းပေါ်က လူတွေ အုပ်လိုက်သွားလာနေသည့်အသံကို ကြားနေရ၏။
ယ္ခုတော့ အချိန်ရသဖြင့် စွန့် ပစ်ချန်ထားခဲ့ရမည့် ပစ္စည်းတချို့ ကိုပင် ရဲဘော်ကွယ်သာထူးက လှည်းဖြင့် အကြိမ်ကြိမ်ပြန်သယ်ပြီးနောက် လှေဆိပ်တွင် ချထားလိုက်ကြ၏။ ပစ္စည်းများ အပြည့်အစုံချထားပြီးမှ ကုန်းပေါ်ကို ကျနော်ပြန်တက်လာခဲ့သည်။ ပဒိုမန်းရှာတို့ အိမ်ဖက်သို့ သွားသည်။ အိမ်တွင် ပဒိုမန်းရှာ၏ဇနီး နန်းရွှေကျင်ကိုသာ ရဲဘော်တချို့ နှင့်တွေ့ ရ၏။ ကျနော်က မနေ့ ညနေကတည်းက လာ ရောက်အ ကူ အ ညီ တောင်း ထား သည့် ကိစ္စ ကို ပြောသည်။ နန်းရွေကျင်က စက်လှေစီစဉ်ပေးမည်ဟု ပြော၏။ စက် လှေ ကြိုတင်စီစဉ်ထားသဖြင့် နာရီဝက်အတွင်း ရောက်လာလိမ့်မည် အဆင်သင့်ပြင်ထားဖို့ ကိုသာ ပြောသည်။ အိမ်ကုန်းပေါ်က အဆင်း လူသွားလမ်းဘေးအထိ အမကြီး နန်းရွှေကျင်က ကျနော့်ကိုလိုက်ပို့ ပြီး အားပေးစကားပြောသည်။ ယခုအခါ ပဟေလူရွာတွင် လူတွေစွန့် ခွါထားခဲ့ကြသည့် အိမ်အလွတ်များ ရှိနေသဖြင့် ပဟေလူကိုရောက်လျင် ယာယီအားဖြင့် နေဖို့ ထိုင်ဖို့ အခက်အခဲမရှိနိုင်ပါဟုပြောသည်။ သူက ကျနော့်ကို အားပေးစကားပြောရင်း နော်ဝေးသို့ အစီစဉ်များ ဆက်လက်ပို့ နိုင် မပို့ နိုင် မေးနေသေးသည်။ ကျနော်က လဝက်စာ အစီစဉ်များကို ဝန်ကြီး ဦးမောင်မောင်အေးနှင့်အတူ ချင်းမိုင်သို့ ပို့ ထားပြီးဖြစ်ကြောင်း ရှင်းပြရ၏။ ဦးမောင်မောင်အေးက ကျနော်တို့ စတူဒီယိုမှ အသံသွင်းထားသည့် တိတ်ခွေများကို ချင်းမိုင်မြို့ မှတဆင့် နော်ဝေးနိုင်ငံ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ သို့ အလျင်အမြန်ပို့ ပေးပေလိမ့်မည်။
ကျနော်တို့ နှစ်ယောက် လမ်းခွဲမည်ရှိတော့ အမကြီး နန်းရွှေကျင်က လူသွားလမ်းဘေး တောစပ်တွင် သူတို့ ဇနီးမောင်နှံစိုက်ထားသည့် စိုက်ခင်းထဲမှ ဘုံလုံသီး သုံးလေးတောင့်ကို ကမန်းကတန်းခူးပြီး ကျနော့်လက်ထဲ ထည့်ပေးလိုက်သေး၏။ ထို့ နောက် ကုန်းထိပ်ပေါ်ကို ပြန်တက်သွားသည်။ ကျနော်က ကုန်းထိပ်ပေါ်တက်သွားသည့် အမကြီိး နန်းရွေကျင်၏ နောက်ကြောကို ခဏမျှရပ်ကြည့်နေမိသေးသည်။ ထိုစဉ်ကမူ သူနှင့်ကျနော် နောက်ဆုံးတွေ့ ဆုံခွင့်ရသည့်အချိန်ဖြစ်သည်ကို ကျနော် မသိနိုင်ခဲ့ပါ။( နန်းရွှေကျင်မှာ မာနယ်ပလောကျအပြီး ၂၀၀၄ ခုနှစ် သူ ကွယ်လွန်သည့် အချိန်အထိ ကျနော်နှင့် တခါဘူးမျှ ထပ်မံတွေ့ ဆုံခွင့် မကြုံခဲ့တော့ပါ။) ခန္ဒာကိုယ်ပါးပါး အားအင်ယုတ်လျော့ စပြုပြီဟုယူဆရသည့် အမကြီးနန်းရွှေကျင်၏ ကုန်းထိပ်ပေါ် တဖြေးဖြေးတက်သွားနေသည့်မြင်ကွင်းကို ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။
သောင်စပ်ကို ပြန်ရောက်တော့ ညနေ (၄)နာရီပင်ထိုးပြီဖြစ်သည်။ သောင်စပ်တွင် လူ့ ဘောင်သစ်မှ(ကျနော်တို့ က လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လူ့ ဘောင်သစ်ဟူ၍သာ အတိုကောက်ပြောဆိုလေ့ ရှိပါသည်။) ရဲဘော်တချို့ ကို တွေ့ ရ၏။ သူတို့ က ပဟေလူရွာမှ ပြန်လာကြခြင်းဖြစ်သည်။ ပဟေလူရွာ၏အခြေအနေကို မေးရပြန်သည်။ ပဟေလူရွာတွင် နေစရာမရှိလောက်အောင် လူတွေ နေ့ ချင်းညချင်း ရောက်လာနေသည်ဟု သိရ၏။ သူတို့ ပြောဆိုထားသည့် အိမ်ပေါ်ကိုပင် လူတွေတက်နေနှင့်ကြသည်ဟုပြော၏။ စစ်ပြေးဒုက္ခသည် လူတွေ ထောင်သောင်းချီပြီး ရောက်လာနေပြီဟုဆိုသည်။ ပဟေလူချောင်းတဖက်ကမ်း ဖွေးပေါလူရွာတွင်လည်း လူတွေရောက်နေကြပြီ။ လမ်းဘေး သစ်ပင်အောက်မှာပင် လူတွေ ညအိပ် နေ ကြ ရသည်ဟုဆိုပါသည်။ ထိုအခါကျမှ မာနယ်ပလောတခွင်လုံး တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်ဟုထင်ခဲ့မိသည်ကို သဘောပေါက်ရသည်။ အရပ်သားနှင့်ရဲဘော်များ၏မှီခိုနေထိုင်သူမိသားစုများ အားလုံးလိုလို မာနယ်ပလောမှ ထွက်ခွါသွားနှင့်ကြပြီဆိုသည်ကို ကျနော် သဘောပေါက်သွားရ၏။
“ ဟေ့ လူကြီး၊ စတူဒီယိုကို မီးရှို့ ပစ်ခဲ့သေးလား၊ ပစ္စည်းတွေကော အကုန်သယ်နိုင်ရဲ့လား၊ ခင်ဗျားတို့ က တရုပ်နီ မီးစက်ကြီးပါ သယ်လာကြတယ်နော်၊ ဘယ်အထိ သယ်ကြမှာလဲ၊ ဟဲ ဟဲ ဘယ်သောင်ဘယ်ကမ်းအထိ ပြေးကြမှာလဲ”
ကျနော်က ကိုထွဋ်ဦးလှိုင်ကို မကျေနပ်ချင်ယောင်ဆောင်သည့် မျက်လုံးများနှင့် ကြည့်သည်။
“ အေးလေဗျာ ကိုယ့်အရင်ပြေးတဲ့သူတွေနောက် ကျနော်တို့ လည်း ဖဝါးခြေထပ် လိုက်ကြရတော့မှာပေါ့၊ စတူဒီယိုကို မီးမရှို့ ခဲ့ရဘူးဗျ၊ ဝန်ကြီးရုံးကြီးတော့ မီးပဲရှို့ မလား မိုင်းတွေပဲ ကပ်ထားခဲ့မလား မပြောတတ်ပါဘူး၊ နောက်ပိုင်း ရှင်းလင်းတဲ့အလုပ်ကို ရုံးအုပ်ကြီး ဦးမျိုးဝင်းတို့  လုပ်နေကြတယ်ပြောတာပဲ၊ နေပါဦး အခု ခင်ဗျားတို့ က ပြေးလမ်းသွားကြည့်ပြီးမှ ပြန်လာကြတာမို့ လား”
ကိုထွဋ်ဦးလှိုင်၏မျက်နှာက ချက်ချင်းဆိုသလို ပြုံးသွားသည်။
“ အေးလေ ဒီမှာကျန်နေခဲ့တဲ့သူတွေ ဟိုကျတော့ ဒုက္ခမရောက် မကသီရအောင် ကြိုပြီး သွားပြီး စီစဉ်စရာရှိတာ သွားစဉ်တာပါ၊ ခင်ဗျားကြီးအတွက်တော့ ပဟေလူချောင်း ကမ်းပါးဘေးမှာ နေရာရှာထားပေးခဲ့တယ်၊ ဟိုကျရင် ခင်ဗျားနေရာ နာမည်ရေးထားတာကြည့်ပြီး အဆင်သင့်နေလိုက်ရုံပဲ”
ကျနော်တို့ နှစ်ယောက် တယောက်ကိုတယောက် နောက်ပြောင်ပြောဆိုနေကြသည့်တိုင် နှစ် ယောက် စလုံး၏ရင်ထဲ၌ ပူပင်သောက ရောက်နေရသည်ကို မျက်နှာများပေါ်တွင် ထင်ထင်ရှားရှားပေါ်လွင်နေကြ၏။ သူကလည်း ကျနော်နှင့်ပြောပြောဆိုဆိုလုပ်ရင်းက သူ၏ရုံးရှိရာ ကုန်းထိပ်သို့ ခတ်သုတ်သုတ်တက်၏။ သူ ဦးတည်ပြီးသွားနေသည့် ကုန်းထိပ်က လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးဆီ ကျနော် မေါ့ကြည့်မိသည်။ သစ်ပင်အုပ်များအပေါ်တွင် လူ့ ဘောင်သစ်အလံမှာ တလူလူလွင့်နေသည်ကို တွေ့ နေရသေး၏။
(ဃ)
သောင်ရင်းမြစ်အတိုင်း စက်လှေနှင့်ဆန်တက်လာစဉ် ပထမဦးဆုံးတွေ့ သည့် ကမ်းပါးအစွန်းပေါ်က ပဒိုမန်းရှာ၏ အိမ်ကို မေါ့ကြည့်လာခဲ့သည်။ အိမ်ကလေးမှာ ထင်ထင်ရှားရှား လှမ်းတွေ့ နေရ၏။ အိမ်ကလေး၏နောက်တွင် မြင့်မားသည့် တောင်နံရံတခုရှိသည်။ တောင်နံရံနောက်ခံနှင့် ဆောက်လုပ်ပြီးစ ယင်းအိမ်ကလေးကို ပဒိုမန်းရှာတို့ မိသားစုက ရက်ပိုင်းအတွင်း စွန့် ပစ်ထားခဲ့ရတော့မည်ကို ကျနော်တွေးမိသည်။ ငါးမိနစ်ခန့် စက်လှေဆန်တက်လာစဉ် လမ်း၌ စက်လှေ တချို့ ကျနော်တို့ လိုပင် ဝန်အပြည့်နှင့် အောက်သို့ စုန်သွားကြ၏။ စက်လှေတချို့ ပေါ်တွင် လက်နက်ကိုင် ကရင်စစ်သားတချို့ ကို တွေ့ ရသည်။ သူတို့ ကလည်း ကျနော်တို့ စက်လှေကို ငေးကြည့်သွားကြ၏။
နောက်ထပ် မြစ်ကွေ့ တခု အလွန် ထိုင်းနိုင်ငံဖက်ကမ်းတွင် စက်လှေဆိုက်လိုက်သည်။ စက်လှေထိုးဆိုက်လိုက်သည့် မြစ်ကမ်းနောက်တွင် ကုန်းမြင့်သာသာ တောင်တန်းငယ်တခုကို တွေ့ ရသည်။ ကရင်စက်လှေဆရာက ထိုတောင်တန်းငယ်ကို လက်ညှိုးညွှန်ပြီး “နင်တို့ အဲဒီတောင်ကို တည့်တည့်ကျော်ပြီး ဟိုဖက်ကိုဆင်းရင် ရောက်ပြီပေါ့ ပဟေလူရွာကို ” ဟုဆိုကာ စက်လှေကို ခတ်ကြမ်းကြမ်းထိုးဆိုက်လိုက်၏။
ကျနော်က ပစ္စည်းများ စက်လှေပေါ်ကချနေစဉ် သေချာစေရန် စက်လှေဆရာကို မေးနေရသေးသည်။ ကျနော်တို့ က ဘာပြုလို့ ဒီကိုလာကြရတာလဲ။ သူများတွေသွားသလို ပဟေလူချောင်းအတိုင်း ဘာပြုလိို့ လိုက်မပို့ နိုင်တာလဲ။ အခု ချပေးတဲ့နေရာကတဆင့် တောင်ကိုကျော်မယ်ဆိုရင် တောင်ကျော်တဲ့လမ်းရှိရဲ့လား။ လမ်းကကော သွားလို့ လာလို့ လွယ်ရဲ့ကောင်းရဲ့ လုံခြုံမှုရှိရဲ့လား။
စက်လှေဆရာကလည်း ကျနော်မေးသမျှ စိတ်ရှည်ရှည်ဖြင့်ပင် ဖြေသည်။ တောင်ကျော် လူသွားလမ်းကောင်းသည့်အကြောင်း၊ လုံခြုံစိတ်ချရကြောင်း၊ ယခုအခါ စက်လှေမှာ တညလုံး တနေ့ လုံး မနားနိုင်အောင် ပို့ ဆောင်ပေးနေရကြောင်း၊ ကျနော့်လိုပင် မာနယ်ပလောတခွင် ဆိပ်ကမ်းများတွင် ပြောင်းရွှေ့ ဖို့ စက်လှေစေါင့်နေသူများ အများကြီးရှိနေသေးကြောင်း၊ ထို့ ကြောင့် သည်နေရာသို့ ပို့ ပေးခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်။ ရှင်းပြရင်းမှလည်း စက်လှေကို စက်နှိုးခြင်း၊ ခေါင်းလှည့်ခြင်းများ ဆက်တိုက်လုပ်သည်။ ထို့ နောက် အောက်ဖက်သို့ တရှိန်တိုးမောင်းတော့သည်။
ပြန်သွားသည့် စက်လှေပေါ်တွင် ကွယ်သာထူးနှင့် ကိုညိုတို့ ပြန်ပါသွားသည်။ ပြန်လာချိန်ရလျင် ပြန်လာနိုင်အောင်ကြိုးစားမည်။ ပြန်လာချိန်မရပါက မနက်ဖြန်မနက်အစေါကြီး အရောက်လာမည်။ ကမ်းစပ် တွင် ကျန်နေခဲ့သော တရုပ်နီမီးစက်ကြီးကို နောက်ထပ်စက်လှေရှာပြီး ထပ်သယ်နိုင်အောင်လည်း ကြိုးစားဦးမည်။ သူတို့ က တက်တက်ကြွကြွပြောဆိုနေကြသဖြင့် ကျနော်ကလည်း ဘာမျှထပ်မပြောတော့ပဲ သဘောတူလိုက်သည်။
ကမ်း စပ်က ပစ္စည်းပုံဘေးတွင် ကျနော်တယောက်တည်း မတ်တပ်ရပ်ရင်းကျန်နေခဲ့၏။စက်လှေ တဖြေးဖြေး ဝေးသွား သည့်အခါကျမှသာ လူသူမရှိသည့် တောင်ခြေတနေရာတွင် ကျနော်တယောက်တည်း ပစ္စည်းများနှင့် ညအိပ်ရမည်ကို တွေးကာ စိတ်အားငယ်သလို ဖြစ်လာရပြန်သည်။ သို့ သော် မည်သို့ မျှမတတ်နိုင်တော့။
ပစ္စည်းများကို ရေစပ်နှင့်ဝေးရာ အထက်နားသို့ တခုချင်းရွှေ့ သည်။ ပစ္စည်းအားလုံးရွှေ့ ပြီးလို့ ခဏထိုင်ပြီး နားနေစဉ် အောက်ဖက်က လူသံကြားလိုက်ရ၏။ လှမ်းကြည့်တော့ ဘယ်ကပေါ်လာမှန်းမသိ၊ ကလေးတစ်ယောက်နှင့် ယောင်္ကျားတစ်ယောက် ကျနော်ရှိရာလျှောက်လာသည်ကို တွေ့ သည်။ စိတ်ထဲတွင် အနည်းငယ်စိုး ရိမ်သွား သော်လည်း အိနြေ္ဒမပျက်ထိုင်နေလိုက်သည်။ အနားကိုရောက်တော့ ခြေထောက်တဖက် ခြေတုတပ်ထားသည့် လူတစ်ယောက်နှင့် အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးတို့ ဖြစ်နေသည်ကိုတွေ့ ရသည်။ သူတို့ က ကျနော့်ကို တချက်မျှငဲ့ကြည့်သည်။ ထို့ နောက် လူသွားလမ်းကလေးအတိုင်း ဆက်လျှောက်သွားကြသည်။ တောင်ခြေတောထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။သူတို့ နှစ်ယောက် နောက်ကျောဖက် တောင်ကိုကျော်ကာ ပဟေလူရွာဆီ သွားကြခြင်းဖြစ်မည်ဟုတော့ ခန့် မှန်းလိုက်သည်။
ပစ္စည်းများကို တနေရာတည်းတွင် စုပုံထားပြီးသည့်နောက် ပလပ်စတစ်စတခုကို ခြုံဘေးတွင်ခင်းလိုက်သည်။ ပလပ်စတစ်စပေါ်တွင် စေါင်တထည်ထပ်ခင်းသည်။ အခြေအနေအရ သည်တညတော့ ကျနော်တယောက်တည်း ည အိပ်ရတော့မည်မှာ သေချာပြီဟု တွေးသည်။
နေရောင်ခြည်များကလည်း လျင်မြန်စွာ အားလျော့သွားနေပြန်သည်။ အလင်းရောင် အားနည်းလာလေလေ အားငယ်စိတ်က ပိုပြီးဖြစ်လာလေလေ။ ထိုအခါကျမှ ဓါတ်မီးကိုထုတ်သည်။ ဒန်အိုးတလုံးထဲ ကမန်းကတန်း ဆန်ထည့်ကာ ရေစပ်သို့ ဆင်းသည်။ ခြုံဘေးက လေကွယ်ရာတွင် ထင်းခြောက်တချို့ ကိုဆွဲပြီး မီးမွှေးသည်။ ကျောက်တုံးသုံးတုံးကို ဖိုကနောင့်လုပ်ပြီး ဆန်အိုးကိုတင်လိုက်သည်။ ထမင်းအိုးတင်ထားစဉ် အခြားဒန်အိုးတလုံးကိုထုတ်ကာ အမကြီးနန်းရွှေကျင်ပေးလိုက်သည့် ဗုံလုံးသီးတစ်တောင့်ကို ရေးဆေးပြီးချိုးသည် ထည့်သည်။ ဓါတ်မီးထိုးပြီး ဆီ၊ဆား၊အချိုမှုန့် တို့  ထည့်သည်။ ထမင်းအိုးကျက်သည့်အချိန်အထိစေါင့်လျင် ကြာနေမည်စိုးသဖြင့် နောက်ထပ်မီးဖိုတခု ဖိုသည်။ ဗုံလုံးသီးဟင်းချက်သည်။
မီးဖိုနှစ်ခုဘေးတွင် တယောက်တည်း အလုပ်ရှုပ်နေစဉ် ကမ်းစပ်က လှော်တက်သံကြားလိုက်ရ၏။ လှေငယ်တစ်စင်း ကျနော်ရှိရာကမ်းစပ်ကို ကပ်လာနေ၏။ ကျနော်က ကြယ်ရောင်ပြပြအောက်က လှေကို သတိနှင့်စေါင့်ကြည့်သည်။ လှေပေါ်တွင် လူတစ်ယောက်တည်းသာ ပါလာသဖြင့် အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ သို့ သော်လည်း အရေးကြုံပါက ခုခံတိုက်ခိုက်နိုင်ရန်မူ ကျနော့်တွင် ဓါတ်မီးတလက်သာရှိသည်။ လှေက ရေစပ်တွင်ထိုးဆိုက်လိုက်သည်။ လူတစ်ယောက် လှေပေါ်ကဆင်းသည်။ လှေကို ကုန်းပေါ်ရောက်သည်အထိ ဆွဲတင်သည်။ ကြယ်ရောင်ပြပြအောက်တွင် ရေစပ်က လှုပ်ရှားနေသည့် လူကို ကျနော်က မည်သို့ မျှစကားမပြောပဲ သည်အတိုင်း အခြေအနေကို ကျက်သေသေကာ ကြည့်နေမိသည်။ ထိုစဉ်မှာပင် ရေစပ်က လူက ကျနော့်ကို စကားလှမ်းပြောလိုက်၏။
“ ဟေးဆရာကြီး ငါပါ၊ တီးမန်းရှာအိမ်က၊ နင်ဘာတွေလုပ်နေလဲ”
“အော် ဟုတ်လား၊ လာလေကွာ၊ ငါထမင်းချက်နေတာ၊ အခု မင်းကဘယ်သွားမလို့ လဲ၊ ငါ့ဆီလာတာလား”
ကျနော်က ရုတ်တရက် အားတက်သွားကာ စကားပြောသံပင်လျင် သွက်လက်တက်ကြွသွားရ၏။
“ အေးငါလည်းထမင်းစားမယ်၊ ဒီမှာ အနောက ထမင်းတွေထုပ်ပေးလိုက်တယ်၊ ဟင်းကတော့ ဘာဟင်းမှန်းမသိဘူး၊ ဒီအတိုင်းထုပ်ပေးလိုက်တာ”
စကားပြန်မပြောနိုင်အောင် ကျနော် အံ့သြဝမ်းသာသွားရသည်။ အနော နန်းရွှေကျင်ကို ဘယ်လို ကျေးဇူးတင်ရမည်ပင် မသိတော့။ လူသူမနီး ထိုင်းနိုင်ဖက်ကမ်း တောစပ်တွင် ကျနော်တယောက်တည်း ညအိပ် ရတော့မည်ကို စိတ်ပူဟန်တူပါသည်။ သူ့ အိမ်က ကရင်ရဲဘော်တစ်ယောက်ကို အိပ်ဖေါ်လွှတ်လိုက်ခြင်းဖြစ်မည်ကို ကျနော် ချက်ချင်းသဘောပေါက်သွားရ၏။(တော်လှန်ရေးဌါနချုပ် မာနယ်ပလော ကျဆုံးချိန်က ကေအမ်ယူ၏ ဒီမိုကရေစီမဟာမိတ်အဖွဲ့ အစည်းများအားလုံး ထိုင်းနိုင်ငံဖက်ကမ်းသို့  အချိန်မီရွှေ့ ပြောင်းနိုင်ရေးကို ပဒိုမန်းရှာတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး အစွမ်းကုန်ကူညီစီစဉ်ပေးခဲ့သည်ကို နောင်အခါကျမှ ပိုပြီးသိရှိခဲ့ရပါသည်။)
ကျနော်တို့ နှစ်ယောက် မီးဖိုဘေးတွင်ပင် ထိုင်ကာ ထမင်းစားကြသည်။ မှောင်မှောင်မဲမဲထဲ အနောနန်းရွှေကျင်ပေးလိုက်သည့် ထမင်းထုပ်ကို အရင်ဖြေပြီးစားကြ၏။ ချက်ထားသည့် ထမင်းနှင့်ဟင်းကို မနက် ကျမှ စားရန်ချန်ထားလိုက်ကြသည်။ ဟင်းထုပ်ထဲတွင် ဘယ်လိုဟင်းတွေမှန်းတော့ကျနော်မသိ။ အသီးအရွက်များကို ကျော်ထားမှန်းတော့ သိသည်။ ကရင်လူငယ်လေးကလည်း မည်သို့ မျှမပြော။ ကျနော်ကလည်း ဘာမျှမမေး။ ကျနော်တို့ ထမင်းစားနေစဉ် မြစ်ထဲက စက်လှေသံများကိုမူ မကြာခဏကြားနေရသေး၏။ လက်နက်ကြီး ပစ်သံများ ဘယ်အချိန်က တိတ်သွားသည်ကိုပင် သတိမထားလိုက်မိ။
ထမင်းစားပြီးတော့ အိပ်ယာအိပ်ခင်းပြင်ကြသည်။ ကရင်လူငယ်လေးက သူ့ တွင်ပါလာသည့် စေါင်ကို သဲပြင်ပေါ်ခင်း၏။ ကျနော်ကတော့ ခင်းထားသည့် ပလပ်စတစ်စကို ဖုံခါကာ စေါင်တစ်ထည်ထပ်ခင်းလိုက်ပြီး အိပ်ယာဝင်သည်။
နောက်တနေ့ မနက်တွင် ပဟေလူရွာသို့ ခရီးဆက်ရဦးမည်ကို တွေးမိပြန်သည်။အကယ်၍ ပဟေလူရွာတွင် အခြေချနေထိုင်ဖို့ အခြေအနေမပေးခဲ့သည်ရှိသော် ဘယ်နေရာအထိ ဆက်လက်ဆုတ်ခွါရမည်ကို ကျနော် မတွေး တတ်သေး။ ယုတ်စွအဆုံး ပဟေလူရွာကိုပင် တခါဖူးမျှ မရောက်ဖူးသေး။ ပြီးတော့ ထိုရွာများမှာ ထိုင်းနိုင်ငံထဲက ရွာများဖြစ်သည့်အတွက် ထိုင်းတွေကကော ကျနော်တို့ ကို အခြေစိုက်နေထိုင်ခွင့် ပေးမှ ပေးပါ့မလား။ ဒါလည်း မသေချာလှပါ။
မရေရာသည့်ရှေ့ ရေးများကို တွေးရင်း စိုးရိမ်စိတ်များ ရှိနေသော်လည်း တနေကုန် သွားလာလှုပ်ရှားခဲ့ရသဖြင့် မေါပမ်းနေသည့်ဒဏ်ကြောင့် ခေါင်းချလိုက်သည်နှင့်ပင် ကျနော် အိပ်ပျော်သွားရ၏။
(င)
သန်းခေါင်ယံအချိန်လောက်တွင် အိပ်ပျော်ရာမှ ကျနော် နိုးလာခဲ့သည်။ မျက်လုံးများဖွင့်ထားလျက်နှင့်ပင် ပတ် ဝန်းကျင်က အသံများကို နားစွင့်ထားမိသည်။ ရေစပ်က ငါးပွက်သံနှင့် ကမ်းစပ်သို့ လှိုင်းရိုက်ခတ်သည့် အသံများကို မလှမ်းမကမ်းမှ ခတ်တိုးတိုးကြားလိုက်ရ၏။ တောစပ်က သစ်ရွက်လေတိုးသံများကို တချက်မျှ အတိုင်း သားကြားလိုက်ရ၏။ လရောင်များက ကျနော့်ခန္ဒာကိုယ်ပေါ်တွင် ကျကျနန နေယူယူထားကြသည်ကို တွေ့ တော့ အိပ်ယာမှ ကမန်းကတန်း ထထိုင်လိုက်မိသည်။ လရောင်အောက်က သောင်ရင်းမြစ်ပြင်ကို လှမ်းကြည့်သည်။
သောင်ရင်းမြစ်ရေပြင်ပေါ်က အစိပ်စိပ်အမွှာမွှာ ကွဲသွားနေသည့် လမင်းကိုငေးကြည့်ကာ ကျနော် တစ်ယောက်တည်း ငြိမ်သက်နေမိ၏။ ။
ငြိမ်းဝေ
(အထက်တွင်ဖေါ်ပြထားသော သရုပ်ဖေါ်ပုံမှာ လီယိုတော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထု ဆရာမြသန်း တင့် မြန်မာဘာသါပြန်စာအုပ် အတွဲ(၁၁)မျက်နှာဖုံးပုံ ဆရာမြေဇာ၏လက်ရာကို ကူးယူဖေါ်ပြထားဖြစ်ပါသည်။ဤ စာမူမှာ ၁၀၊၅၊၂၀၁၀ နေ့ က မဇ္ဈိမအင်တာနက်မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့ပြီးတဲ့ စာမူဖြစ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment