May 26, 2010

မသိန်းရှင်ဆီ ပို့ပေးပါ


(၁၆)…နိဂုံးပိုင်း။

နောက်ဆုံးနေ့မှ နောက်ဆုံးမိနစ်များ
ထိုနေ့မှာ သူ ထန်းလျက်များ ပြန်တင်လာခဲ့သည့်နေ့ ဖြစ်သည်။
ထိုနေ့တနေ့လုံး သူသည် ကျနော့် ကို သူ့ အနားတွင် သူထိုင်သည့်ခုံပေါ်၌သာ ရှိစေချင်သည်။ တလက် မမျှဝေးသည်ကိုပင် သူ မနှစ်သက်။ လူကြားထဲတွင် ဖြစ်သောကြောင့် ဣနြေ္ဒကြီးနှင့် နေရသည်ကို သူသည် အကျဉ်းထောင်၌ အချုပ်အနှောင် ကျနေသလို ခံစားနေရပြန်သည်။


“သူ ဒီမှာဘဲ ထိုင်နေပါ၊ ဘယ်မှ မသွားပါနဲ့၊ ဘယ်သူနဲ့မှလဲ စကားမပြောပါနဲ့၊ သူ ထထသွားရင် လိုက် လိုက်ကြည့်ရတာ၊ သူများကို ဆေးခပ်ထားတယ် ထင်တယ်”

သူသည် ထိုစကားများကို ခပ်တိုးတိုး ပြောလာခဲ့သည်။

“သူများတို့ အတူတူနေရတော့မှာနော်…. ဘယ်နှစ်ရက် ကျန်သေးလဲ၊ ဆယ်ရက်ကြီးတောင်မှလား၊ အကြာကြီးဘဲ၊ ဒီကြားထဲ ဒီလိုဘဲ က္ကုနြေ္ဒကြီးနဲ့ နေရမှာနော်၊ စိတ်ညစ်စရာကြီး”

ထိုနေ့မှာ သူ့ တသက်၌ အလှဆုံးနေ့ ဖြစ်နေသည်။ ညနေပိုင်း၌ ရထားပြတင်းဝ တွင် ထိုင်နေစဉ် ဆည်းဆာ နေခြည်ကြောင့် သူ့ မျက်နှာမှာ ရွှန်းမြနေပြန်သည်။ ထိုနေ့က သူသည် သူနှင့် အလိုက်ဖက်ဆုံး အနီပေါ်မှ အညိုပြောက်နှင့် အကျီင်္ကလေးဝတ်လာခဲ့သည်။ သူ့ ခေါင်းပေါ်၌ ဒေါန ပန်းခက်များ ဝေနေခဲ့သည်။ ကျနော့် ကို ကြည့်သည့်သူ့ မျက်လုံးကြီးများမှာ ချစ်ရည်ရွဲနေသည်။ သူ့ ရယ်လိုက်သံကလေးများမှာ ရွှင်မြူးနေသည့် သူ့ နှလုံးသား အတွင်းမှ ဖြတ်သန်းလာခဲ့သဖြင့် ချွင်ချွင် မြည်အောင် သာယာနေသည်။ ပြတင်းဝမှ လေများ တိုးဝှေ့ သဖြင့် သူ့ နဖူးပြင်ထက်၌ ဆံယဉ်စကလေးများ ဝဲနေသည်အထိ ကျနော်သည် အသေးစိတ် မှတ်မိနေသည်။

“ဒို့ဟာ လင်မယားနော်…”
ကျနော်သည် သူ့ ဖက်သို့ တိမ်းငဲ့ပြီး ပြောလာခဲ့သည်။
“ဟုတ်လဲ ဟုတ်ဘဲနဲ့”

သူ ပြောလိုက်သံမှာ ကျနော့် နှလုံးသားပြင် ပေါ်တွင် စီးဆင်းသွားသည်ထင်ခဲ့သည်။
ဆဒံ္ဒုချောင်းကိုလွန်လာပြီး၊ သူ ထန်းလျက်တောင်းကို သိမ်းပြီး၊ ရထားတွဲပေါက်ဝ၌ အသင့်ရပ်နေချိန်တွင်လည်း ကျနော်သူ့ အနား၌ ရပ်နေခဲ့သည်။
မီးရောင်လဲ့လဲ့အောက်၌ ကျနော်သည် သူ့ လက်ကလေးကို ဖမ်းဆုပ်ထားသည်။ သူ သည်လည်း သူ့ ကိုယ်ကို ကျနော့် ဖက်သို့ တိုးကပ်ပေးနေသည်။
ဤ မိနစ်များမှာ နောက်ဆုံး မိနစ်များဖြစ်သည်ကို မည်သူသည် ကြို၍ သိမြင်နိုင်ပါမည်နည်း။
ဤအခိုက်၌မူ သူ့ ကို ကျနော်မည်မျှ နက်ရှိုင်းလွန်းစွာချစ်နေမိသည်ကို ကျနော်သည် သိနေမိခဲ့သည်။

“ဒီနေ့ မိုးမရွာဘူးနော်၊ ကြယ်ကလေးတွေ ပေါက်နေတယ်”

သူသည် ရထားခုတ်မောင်းနေသံကြား၌ ပြောနေသည်။
ကျနော်သည် ထိုညတွင်လည်း သူနှင့် လတ်လပ်စွာ တွေ့ဆုံချင်နေပြန်သည်။ သူနှင့် ကျနော်သည် စကားမပြောဘဲ မှောင်ရိပ်ထဲတွင် တယောက်ကို တယောက် ငေးစိုက် ကြည့်နေခဲ့ကြသည်။

“မင်းနဲ့ မတွေ့ မမြင်ရတာ သုံးရက်ရှိသွားဘီနော်…”
“အို…အခု တွေ့နေရတာ မှုတ်လား၊ မြင်နေရတာ မှုတ်လား”
“ညိုညိုကလဲကွယ်၊ ကိုပြောတာက အခုတွေ့နေရတာ မြင်နေရတာမျိုး မဟုတ်ဘူး၊ ဟိုနေ့ညကလိုပေါ့……”

သူသည် ကျနော့် ပါးစပ်ကို လှမ်းပိတ်သည်။
ပါးစပ်ပိတ်သည့်ကြားမှပင် ကျနော်ဆက်ပြောသည့် စကားလုံးများမှာ ဝူးဝူး ဝါးဝါးဖြင့် ပွင့်ထွက်နေသည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် တသိမ့်သိမ့်ရယ်နေရင်း…

“သိပ်ဆိုးတာဘဲ၊ သိပ်ဆိုးတဲ့လူ” ဟူ၍ ပြောနေသည်။
“ဟိုနေ့ညကလိုလေ…. မင်းက ကို့ ဘောင်းဘီကြီး ဝတ်ပေါ့၊ ကိုတို့ ကုတင်ပေါ်မှာလေ…မီးလဲမှိတ်….ပြီတော့…”
“သူကလဲကွယ်၊ လူတွေကြားကုန်ပါ့မယ်၊ ရှက်စရာ စကားတွေ ပြောမနေစမ်းပါနဲ့”
“အဲတာလား ချစ်စရာ စကား၊ မုန်းစရာတွေများ”
သူသည် ကျနော့်ဖက်သို့ သူ့ ကိုယ်ကို ယိမ်းပေးလိုက်သည်။
သူ့ ကိုယ်လုံးကျစ်ကျစ်ကလေးကို ကျနော်သည် လည်း အရိုးများ ကျိုးကုန်မတတ် ဖျစ်ညှစ်ထားလိုက်သည်။
အတန်ကြာလျှင် သူသည် ကျနော့် လက်များကို ပေါက်ပြဲကုန်လောက်သည်အထိ ဆိတ်ဆွဲရင်း… “သိပ်ဆိုးတဲ့လူ…သူ….သူ ဒီပြင်မှာလဲ ဒီလိုနေမှာ” ဟု ရယ်သံ ဗလုံးဗထွေးဖြင့် ပြောနေသည်။
“မင်း လာခဲ့မယ်မှုတ်လား၊ ကို မြို့ထဲ ထမင်း သွားမစားတော့ဘူး၊ အိမ်ကဘဲ စောင့်နေမယ်”
“တိုးတိုးပြောပါ၊ လူတွေကြားကုန်ပါ့မယ်၊ ညိုညို မလာချင်ဘူးကွယ်၊ အမေ တော်တော် နေမကောင်းဖြစ်နေတာ၊ အမေက သူများ ဆေးလုံးဝယ်ပြီး ပြန်အလာစောင့်နေတုန်း သူများက”
“သူများက ဘာဖြစ်သလဲ”
“ဘာဖြစ်ဖြစ်ပေါ့”
သူသည် တသိမ့်သိမ့်ရယ်နေရင်း….“ဘာဖြစ်သလဲ တကယ်သိချင်လို့လား” ဟု မေးနေသည်။
“အဲတာ ပြောရမှာတော့ ရှက်စရာကြီး” ဟု ပြောနေပြန်သည်။
ကျနော်သည်လည်း သူ့ ကို မရအရ ခေါ်နေသည်။
“ညိုညို့အမေဖို့ ဆေးက မနက်ဖြန်မှ ပို့နိုင်မှာ မှုတ်လား၊ ဒီနေ့ညတွင်းချင်း ဘာနဲ့သွားပို့မလဲ၊ မနက်ရထားနဲ့မှ သွားလို့ရမှာ ဟုတ်လား၊ ဒီနေ့ည ကိုတို့ ခွဲအိပ်ရရင် သိပ် ပျင်းစရာကောင်းမှာ၊ ကိုတော့ တညလုံး အိပ်လို့ပျော်တော့မှာ ဟုတ်ဖူး၊ ကို့ စိတ်ထဲမှာ ဒီနေ့ည မင်းကို ပိုပြီးချစ်တယ်၊ ဒီ နေ့မှ မင်းက အလှဆုံးဖြစ်နေတယ်၊ ကိုလဲ ဘယ်လိုဖြစ်နေမှန်း မသိပါဘူး၊ မင်းကို ကို့ မျက်စိအောက်က ပျောက်သွားမှာကို စိုးရိမ်နေတာ”
“ဒုက္ခပါဘဲ သူများလဲ ဒီလိုဘဲ၊ ဒီနေ့ ညမှ…ဒါပေမယ့် အမေ နေမကောင်းလို့ထင်တယ်၊ သူများ စိတ်ထဲမှာ လေး…. တေးတေးကြီး ဖြစ်နေတယ်”
“စိတ်လေးတာတွေ ဖယ်ထားစမ်းပါ၊ ကို့ဆီလာခဲ့စမ်းပါ၊ ကဲကွယ်… ကို့ကို ပြောစမ်းပါ၊ လာခဲ့မယ်လို့ ပြောစမ်းပါ၊ စိတ်အေးရအောင်လို့”
ထိုအခါတွက် ကား ရထားသည် တောင်တွင်းကြီးမြို့ ဆင်ခြေဖုံးသို့ ဝင်လာခဲ့ပြီဖြစ်သဖြင့် ကျနော်သည် သူ့ ကို ဖြေလွှတ်လိုက်ပြီး ပခုံးလှုပ်ကာ မရမက ပြောလာခဲ့သည်။
နောက်ဆုံး၌ သူသည်…
“သူကလဲကွယ် လာခဲ့ပါမယ်ဆို”
ဟု ညည်းသံဖြင့် ပြောလေသည်။
ဘူတာနား နီးလာပြီဖြစ်သဖြင့် သူ သတိပေးသောကြောင့် ကျနော်သည် သူ့ အနားမှ ခွါလာခဲ့သည်။ သူက “ထွန်းမောင်ကြီး ရှိရင်တော့ ဒုက္ခဘဲ” ဟု ညည်းနေခဲ့သည်။

အမှန်၌ ထိုနေ့မှာ ထွန်းမောင်တို့အဖွဲ့ ပျဉ်းမနားသို့ လိုက်ရမည့်နေ့ ဖြစ်သဖြင့် ထွန်းမောင် ရှိနေမည်ကို မစိုးရိမ်ရပေ။
သို့သော် ထွန်းမောင်ကား ညိုညို့အပေါ်၌ အခဲကျေနိုင်သူ မဟုတ်။
ထို့ ကြောင့် သူသည် ညိုညို့ကို ဖမ်းဆီးရန် အတွက် ဘူတာစောင့် တာဝန်ကျ ရဲတဦးနှင့် တာ ဝန် လဲ လှယ်လိုက်သည်။
ရထားရပ်ချိန်တွင် ကျနော်သည် ဂါတ်တွဲသို့ ကူးပြောင်းပြီး ဂါတ်တွဲပေါ်မှ စာအုပ်များကို ယူလာခဲ့သည်။
ထိုအချိန်တွင်ပင် ဓါတ်မီးတလက်ဖြင့် ညိုညို့ကို ရှာနေသော ထွန်းမောင်ကို ကျနော် လှမ်းမြင်ရလေသည်။
ထွန်းမောင်သည် တဝေါဝေါ ဆင်းနေကြသည့် ခရီးသည် များကို ရှောင်ရှားပြီး ညိုညိုစီးလာခဲ့သည့် တွဲတည့် တည့်သို့လျှောက်သွားသည်။ သူသည် ဓါတ်မီးဖြင့် လှမ်းထိုး ကြည့်ပြီးညိုညို့ကိုမြင်သဖြင့် ထိုတွဲဖက်သို့ သုတ်သုတ်လျှောက်သွားသည်။။
ကျနော်သည်လည်း ထွန်းမောင် နောက်မှ ပြေးလိုက်သွားသည်။
ထိုအချိန်၌ ကျနော်တို့ ရထားသည် နံပတ် ၁- လမ်း၌ရပ်နေ၏။
နံပတ် ၂- လမ်းမှာ ပျဉ်းမနားမှ ဆိုက်လာမည့် လော်ကယ် ရထားအတွက်ဖြစ်သည်။
နံပတ် ၃- လမ်းမှာ ကုန်ရထားတစင်း ရှန်တိန်လုပ်နေသည်။
နံပတ် ၂- လမ်းမှာ မှောင်ရိပ်ကျနေသည်။
နံပတ် ၃- လမ်းတဖက် ကုန်ရုံဖက်မှ မီးရောင်ကို ကုန်ရထားဖြင့် ကွယ်ထားသည်။
ပလက်ဖေါင်းမှ မီးရောင်များကို လူစီးရထားဖြင့် ကွယ်ထားပြီးသား ဖြစ်နေသည်။
ထွန်းမောင်၏ လက်နှိပ်ဓါတ်မီး အရောင်သည် ညိုညို ထန်းလျက် တောင်းရွက်ပြီး ကြောက်ရွံ့လှစွာဖြင့် မွှန်ထူစွာ သနားစဖွယ် ပြေးနေရှာသည့် မှောင်ရိပ်ကျသော နံပတ် ၂-လမ်း အပေါ်၌ တကောက်ကောက် လိုက်ပြေးသည်။

“မပြေးနဲ့ဟေ့” ထွန်းမောင်က လှမ်းအော်သည်။

ဤအချိန်အခါမှာကား လူလူချင်း အမဲလိုက်နေသော အခါဖြစ်၏။
ညိုညို့ အသိဥာဏ်၌ ရန်သူ့ လက်မှ လွန်မြောက်အောင်ပြေးရန် ဇောတခုမျှသာရှိသည်။ သူသည် ဘာမျှမြင်နိုင်မည်မဟုတ်။ဘာမျှ တွေးနိုင်မည် မဟုတ်။ သူ၏ စဉ်းစား ချိန် ဆ နိုင်သည့် ဦးနှောက်များ အပေါ်၌ ကြောက်သွေးများလွှမ်း နေသည်။
ဤ ကြေကွဲ ဆုတ်နစ်ဖွယ်ရာ အဖြစ်အပျက်တခု ဖြစ်ပျက်နေချိန်မှာ လျှပ်တပျက်မျှသာကြာသည်။
ညိုညိုသည် ကြောက်ဇောလွှမ်းနေရှာသဖြင့် နံပတ်၃- လမ်း၌ ရှန်တိန်လုပ်ရင်း အပြေးခုတ်လာသည့် ရထားကို မမြင်။ ရထား၏ တအူအူအော်ဟစ်လာသော သတိ ပေးသံကိုလည်း မကြားနိုင်။ သူသည် သေမင်း ရှိရာသို့….
ထိုနေရာသာလျှင် သူ့ အတွက် အကောင်းဆုံး ဖြစ်တော့သည်ဟု ဆုံးဖြတ်ထားသလို ပြေးဝင်သွားသည်။
ဓါတ်မီးရောင် မီးတန်းအောက်၌ပင် သူ့ ကိုယ်မှာ ရထားရှေ့၌ ထွေးလုံးသွားသည်။ ထိုအခါတွင်မှ သူသည် သနားစဖွယ်ရာ လောကလူသား အပေါင်းကို တိုင်တည်လိုက်သလို… သံကုန်အော်ဟစ်လိုက်သည်။
ထိုစူးစူးဝါးဝါး အသံသည် ရထား ခုတ်မောင်းနေသံများအောက်၌ ပျောက်ကွယ်သွားသည်။ ရထား၏ ဘရိတ်ကို အုပ်လိုက်သည့်“ကျွီ” ကနဲအသံမှာ စူးရှစွာပေါ်လာနေသည်။ ရထားကြီးသည်လည်း တုန်ပြီးရပ်သွားသည်။
ဤ မမျှော်လင့်နိုင်သော အဖြစ်အပျက်မှာ အိပ်မက်ထက်ပို၍ လျှင်မြန်သည်။

“ညိုညိုရေ…ညိုညို…”
“ညိုညိုရေ…ညိုညိုရေ…”
“ညိုညို…ညိုညိုရေ…”
“ညိုညို…ရေ…ညိုညို….”

ကျနော်သည်လည်း မိမိကိုယ်ကို အော်မိ၍ အော်မိမှန်းမသိဘဲ အော်ဟစ်ရင်း မည်သည့်အရာကိုမျှ မမြင်နိုင်….မည်သည့် ဦးနှောက်ဖြင့်မှ မတွေးမသိနိုင်၊ သူလဲ နေရာဖက်သို့ သတိလက်လွတ်ပြေးနေမိသည်။
အနားသို့ရောက်လာသည်ကိုပင် သတိမထားနိုင်။
ကျနော်သည် အနား၌ထိုင်ချလိုက်၏။
ကုန်ရုံဖက်မှ လာသော အလင်းရောင်များ အောက်တွင်ဤ သနားစဖွယ်ရာ အားကိုး မဲ့ရှာသော၊ အကာအကွယ် မဲ့ရှာသော၊ ရက်စက်မှုအပေါင်း၏ ဒဏ်ကို ခံရရှာသော မိန်းခလေး၏အသားတစ်များကို ကယောင်ကတမ်းဖြင့် ကောက်ဆက်နေမိသည်။ သူ့ လက်မောင်းတဖက်နှင့် ခြေထောက်မှာ အပိုင်းပိုင်း အတစ်တစ်ဖြစ်နေသည်။ အသားတစ်အချို့ သည် ရထားကြီး၏ ရက်စက်ယုတ်မာသော သံဘီးအောက်၌ ကပ်ပါသွား၏။ အချို့အသားတစ်များမှာ ခက်မာသော ကျောက်တုံးများ အပေါ်၌ ပြန့်ကျဲနေသည်။
သူ့ ထန်းလျက်တောင်းမှာ သွေးအိုင်ထဲ၌ မှောက်လျက်လဲကျနေသည်။
သူ့ အသားတစ်များသည် နီးရာနေရာ၌ တဆတ်ဆတ် တုန်နေသည်။
သူသည် ကယောင်ကတမ်းဖြင့် မျက်လုံးကို ဖွင့်ထား၏။ ဘာမှ မမြင်ရဘဲနှင့် ရက်စက်သောအရာအပေါင်းကို စွဲချက်တင် ရှာဖွေကြည့်နေသည်။ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်နေသည်။ သူ့ လက်တဖက်ဖြင့် ခြေထောက် အပြတ်ကြီးကို စမ်းနေသည်။
ကျနော်သည် သူ့ ကို ပွေ့ထားလိုက်၏။ ကျနော့် တကိုယ်လုံး၌ သွေးများ နစ်နေသည်။ ကျနော်သည် ဘာမျှ မစဉ်းစားနိုင်။ ငေးစင်းနေ၏။ သတိ မေ့မျောနေသလို ထုံထိုင်းနေသည်။
လူအများ ဝိုင်းအုံလာကြသည်ကိုလည်း မသိ။

“စခန်းမှူးလာတယ်၊ စခန်းမှူး လာတယ်” ဟု ပြောသံကိုလည်း မကြား။
“သေမှာပါ”
“ဘယ်က မိန်းကလေးလဲ”
“မှောင်ခိုသမလေးလား”
“ဒုက္ခပါဘဲ”
“သေမှာပါ”
ထို စကားသံများကို တလုံးမျှ မကြား။
ဤ စကားသံများ ရောထွေးသွားနေကြ၏။ နားထဲတွင် အူနေသည်။
“သူ့ ကို…သူ့ကို….ဆေးရုံ…ဆေးရုံ ပို့ ပါ”

ကျနော်သည် သတိ ပြန်ရလာပြီး ကုန်းအော်နေမိ၏။
ညိုညိုသည် ဘာမျှ မမြင်ရဘဲနှင့် ကျနော့် ကို စိုက်ကြည့်နေသည်။
သူ့ ကို ဆေးကု၍ ရမည်ဟု ကျနော်သည် ယုံကြည်နေပြန်သည်။ သူသည် အသက်ငယ်လှသဖြင့် ကျနော် ကောက်ဆက်ပေးသည့် အသားများ ဆက်သွားလိမ့်ဟု ထင်နေမိပြန်သည်။ ကျနော်သည် ဘာပြောမိမှန်း မသိဘဲ ပြောနေမိပြန်သည်။

“သူ့ ကို ကယ်ကြပါဗျာ… မကယ်နိုင်တော့ဘူးလား… ဘယ်သူမှ မကယ်နိုင်ဘူးလား၊ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ၊ လူတွေ ဘာလုပ်နေကြတာလဲ၊ ဘယ်သူမှ ဘာမှ မလုပ်နိုင်ကြတော့ဘူးလားဗျာ၊ ဒီ အတိုင်း နေကြတော့မှာဘဲလား…. ”
ထို စကားများကို ပြောမိမှန်း မသိဘဲ ပြောနေမိ၏။
“ဖုံး ဆက်ထားတယ်၊ ဆရာဝန် လာလိမ့်မယ်”
တစုံ တဦးက ပြောနေသည်။
“ဆရာဝန်ကြီး မလာသေးဘူးလား”
“……………………………..”
“ဆရာဝန်ကြီး မလာသေးဘူးလား”

“ဆရာဝန်ကြီး ကိုယ်တိုင် လာမယ်ပြောတယ်၊ ထမ်းစင်ပါ ယူလာလိမ့်မယ်ဆရာ” ဟု ဂျမဒါတယောက်က ပြေးလာပြီးပြောသည်။
သူ့ ကို မသေနိုင်ဘူးဟု ကျနော်သည် စွဲလန်းယုံကြည်နေ၏။
ထိုစွဲလန်းယုံကြည်စိတ်မှာ ဦးနှောက်က ပေါ်လာသည်ကားမဟုတ်။
ဆရာဝန်ကြီး အရောက်နောက်ကျသဖြင့် ကျနော့် စိတ်၌ အားမလို အားမရ ဖြစ်လာနေသည်။ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ သူ့ ကိုယ်တွင်းမှ သွေးစက်များစွာ သွန်ကျနေသည်။ သူကား သေမင်းနိုင်ငံသို့ တရွေ့ရွေ့ ချဉ်းကပ်နေရပေပြီ။

“အခုချက်ခြင်း ဆေးရုံကိုယူသွားလို့ မရဘူးလားဗျာ၊ ဟိုကလာအောင် စောင့်နေရမှာတဲ့လား၊ ဒီကြားထဲ သွေးလွန်ကုန်ရော ပေါ့ဗျာ”
ကျနော်သည် ပုံပြင်ထဲမှ ဆရာဇီဝက၏ ချောင်းရေကိုပင် တန့်ရပ်စေနိုင်သည့် ဆေးများကို သတိရနေပြန်သည်။
အတန်ကြာမှ….
“ဆရာဝန်ကြီးလာပြီ” ဟု အသံများ ဆူညံလာသည်။

လူအများသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြ၏။
ဆရာဝန်ကို လမ်းဖယ်ပေးကြသည်။
ဆရာဝန်၏ လူကြားထဲမှ ဖေါက်ဝင်လာနေပုံမှာ ဂိုက်ပေးလွန်းနေသည်၊ နှေးကွေးလွန်းနေသည် ထင်မိပြန်သည်။
ဆရာဝန်သည် ရပ်ကြည့်ရုံမျှသာ ကြည့်၏။ ဆရာဝန်ကို ကျနော်သည် တည့်တည့်မကြည့်ဝံ။ သို့သော် သူ ခေါင်းယမ်းနေသည်ကိုကား မြင်နေရသည်။

“ခင်ဗျား သေတမ်းစစ်ချက် ယူဖို့ဘဲ ရတော့မယ်”

ဆရာဝန်က အေးစက်သော အသံဖြင့် ရဲဌာန စခန်းမှူးကို ပြောနေသည်။
ထိုအသံများမှာ ကျနော့် စွဲလန်းယုံကြည်ချက်နှင့် ဆန့်ကျင်နေသည်။

“ပြန်ကြည့်စမ်းပါအုံး….ဒေါက်တာ”
ထိုစကားလုံးများသည် ကျနော့် ပါးစပ်မှ အလိုလို လျှောကနဲ လွတ်ကျသွားသည်။ ဆရာဝန်သည် ခေါင်းကို ယမ်းနေလျက်ပင်။ ဤ ဆရာဝန်မှာ ဆေးပညာကို နကန်းတလုံးမျှ သိမည့်သူ မဟုတ်ဟု ထင်လာပြန်သည်။
ဆရာဝန်သည် ညိုညို့ လက်မောင်းတဖက်၌ ဖော်ဖိန်း တလုံးထိုးပြီး…

“ဒါဆိုရင် …. ခင်ဗျား စစ်ချက်ယူနိုင်ပါပြီ”
ဆရာဝန်က ခပ်တိုးတိုးပြောသည်။
“ကျေးဇူးတင်လှပါတယ် ဒေါက်တာ…”

စခန်းမှူးသည် ညိုညို့ အနား၌ စာအုပ်ဖွင့်ပြီး ခပ်ကိုင်းကိုင်းရပ်နေ၏။
ကျနော်သည် ညိုညို့ မျက်နှာကိုကြည့်နေသည်။ သူ ကျနော့်ကို မြင်သွားလျှင် စိတ်အား တင်းလိုက် သဖြင့် သူ သေနိုင်မည် မဟုတ်ဟု ယုံကြည်နေပြန်သည်။
သူ့ မျက်နှာကလေးမှာ ကြည်လင် လာနေသည်။ သူ့ အသက်ရှူသံလည်း တဖြည်းဖြည် မှန်လာနေသည်။ သူ့ မျက်တောင်များသည် ညင်သာစွာ လှုပ်ရှားလာကြ၏။
ထိုအချိန်က ကျနော့် ခြေရင်း၌ ရပ်နေသည့် ထွန်းမောင်ကိုသာ မြင်မိလျှင် ကျနော်သည် ရူးသွပ်သွားကောင်း ရူးသွပ်သွားပေလိမ့်မည်။
သူ့ မျက်လုံးများသည် ပီသကြည်လင်လာ၏။ အရာဝတ္ထုများကို ကြည်လင်စွာမြင်တွေ့လာနိုင်၏။ ကျနော့်ကို သူ သတိထားမိမည်ထင်ခဲ့သည်။ သို့သော် သူသည် ကျနော့်ကိုပင် မမှတ်မိ။ သူ့ချစ်သူကို သူသည် မေ့သွားခဲ့ပေပြီ။
လူအုပ်ကြီးသည် ငြိမ်သက်နေ၏။

“ သတိရလာပြီနော်…ကဲ မိန်းကလေး နာမည်ပြောပါ”
စခန်းမှူးသည် သဲသဲကွဲကွဲဖြစ်စေရန် စကားများကို တလုံးစဉ် ခွဲပြောနေသည်။
ညိုညိုသည် စခန်းမှူးကို စိုက်ကြည့်နေ၏။
“ ကယ်ကြပါ ကယ်ကြပါ” ဟု ခပ်ဝါးဝါး ပြောနေသည်။
“ ရေပေးပါ..ရေပေးကြပါ ” ဟု ညည်းညူနေသည်။
“မသိန်းရှင်”
“မသိန်းရှင်”
“မိန်းခလေးရဲ့ နာမယ်ကို မေးနေတယ်”
“ရေပေးပါ…ရေပေးပါ..မသိန်းရှင်…မသိန်းရှင်…”
“ မိန်းခလေးနာမယ်…မသိန်းရှင်လား”
“ မသိန်းရှင်…မသိန်းရှင် ”
စခန်းမှူးသည် ညိုညို၏နာမည်ကို “မသိန်းရှင်” ဟု ရေးခြစ်နေသည်။
“ မိန်းကလေးရဲ့ ဖအေနာမယ်”
ငြိမ်သက်မိန်းမောသွားပြန်သည်။ နာကျင်စွာ ညည်းညူနေသည်။ မျက်နှာကို ရှုံ့ပြီး အံသွားများ တဂျစ်ဂျစ် ကြိတ်နေသည်။
“ မသိန်းရှင်”
“ မသိန်းရှင်”

ထို ညိုညို၏ ဘုရား တသလို ရေရွတ် တဆိုနေသော “ မသိန်းရှင် ” အသံများမှာ ထပ်နေ၏။
ယခုလို သူ၏နောက်ဆုံးအချိန်၌ သူသည် သူ့ နာမည်ကိုလည်း မေ့နေသည်။ သူ့ မိခင် လူမမာကြီး၊ ကျောင်းသား သူ့မောင်ကလေး၊ သူ့ ချစ်သူ၊ သူ့ အပ်ချုပ်စက်၊ သူ စုထားသည့် လုံခြုံစွာဝှက်ထားခဲ့သော နွားဝယ်ရမည့် ငွေတရာ၊ လကုန်ပြီးလျင် လက်ထပ်မည့်အကြောင်း၊ သူ့ ချစ်သူကို “ ဆယ့်ခုနှစ်နှစ်ပဲစေါင့်ပါ” ဟု မှာကြားရန်။ ဤ အရာအားလုံးကို မေ့နေသည်။
သူသည် မှောင်ခိုလက်ခံသူ မသိန်းရှင်မှ တပါး အရာအားလုံးကို မေ့နေပေပြီ။ သူ့ဘဝကား မသိန်းရှင်၊ သူ့မျှော်လင့်ချက်သည် မသိန်းရှင်၊ သူ၏ ကိုးကွယ်ရာသည် မသိန်းရှင်။
သူသည် ပါးစပ်မှ ညည်းနေသည်။

“ ကယ်ကြပါ…ကယ်ကြပါ… မကယ်နိုင်ကြတော့ဘူးလား ” ဟု ကြိုးပမ်းရွတ်ဆိုနေသံမှာ လျှာဖျား၌ ဝါးနေသည်။
“ မိန်းကလေးရဲ့ ဖအေနံမယ်ကို မေးတာ”

သူသည် ရဲစခန်းမှူးကို ထပ်၍ အားကိုးကြီးစွာဖြင့် ကြည့်နေ၏။ သူ့ မျက်လုံးများသည် ဝါးလာနေကြ၏။ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာနေသည်။ သူ့အသားများမှာ ပို၍တုန်ရီလာနေသည်။ သူသည် အံကို တဂျစ်ဂျစ်ကြိတ်နေသည်။ နောက်ဆုံး၌ သူပြောချင်သည့် စကားများကို အသက်ဇီဝိန်မချုပ်မီ၌ သေမင်းကို ခုခံရင်းပြောသွားသည်။ ထိုစကားများသည် လျှာလေးလာသဖြင့် ဝါးထွေးနေသည်။

“ မသိန်းရှင်…မသိန်းရှင်…မသိန်းရှင်ဆီ ရောက်အောင်…ကျမ…ထန်းညက်တောင်း..ပို့ …ပို့…ပေး…ကြ….ပါ….”

ထိုစကားလုံးများ ရွတ်ဆိုပြီး သူသည် ဆတ်ကနဲ တချက် လွန့်လိုက်၏။ ကျနော့် ရင်ခွင်ထက်မှ ပျော့ကျသွားသည်။
ကျနော်သည် ခဏကလေးမျှသာ ငြိမ်နေလိုက်၏။ သူသေသွားပြီကို လက်မခံ၍ မရတော့ပေ။ ထိုအခါတွင်မှ ကျနော်သည် ထွန်းမောင်ကို လှမ်းမြင်ရလေသည်။ ကျနော်သည် သူ့အလောင်းကို သွေးအိုင်ထဲ၌ သူ့ ထန်းလျက်တောင်းအနားတွင် ပစ်ချထားလိုက်သည်။

ကျနော်သည် ထွန်းမောင်မှတပါး ဘယ်အရာကိုမျှ မမြင်နိုင်တော့ပေ။ ထွန်းမောင်သည် ငေးနေ၏။ ကျနော် သူ့ကို ခုန်အုပ်လိုက်သည်ကို ငေးကြည့်နေသည်။ ကျနော်သည် တကိုယ်လုံးအလေးချိန်များကို လက်သီးအပေါ်သို့ ဖိယူလိုက်သည်။ အကြောအမျှင် ကြွက်သားများရှိ ရှိသမျှ ခွန်အားကုန်ကို ညှစ်ထုတ်ကာ ကျနော်သည် ထွန်းမောင်၏ အရှိုက်တည့်တည့်သို့ လက်သီးများ တလုံးပြီးတလုံး ပစ်သွင်းချလိုက်သည်။
ဤလက်သီးချက်များလောက် ပြင်းထန်သော၊ စီးပိုင်သော လက်သီးချက်များကို ကျနော်သည် တခါဘူမျှ မသုံးနိုင်ခဲ့သေး။ ဤလက်သီးချက်များသည် ကျနော်၏ အပျော်တမ်း လက်ဝှေ့ရာဇဝင်၌ စံချိန်ဖြစ်နေသည်။
ထွန်းမောင်သည် အရုပ်ကျိုးပြတ် လဲကျသွား၏။

ကျနော်သည် သူ လဲကျသွားပုံကို စက္ကန့်ပိုင်းမျှ ကြည့်နေမိသည်။
ထို့နောက် မည်သူမျှ မဟန့်တားနိုင်မီ အချိန်တိုကလေးတွင် ကျနော်သည် လူအများကို တိုးဝှေ့ပြီး ပြေးထွက်လာခဲ့သည်။ ညိုညို၏ အလောင်းကိုလည်း မကြည့်ခဲ့။ လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ကျန်ခဲ့သည်ကိုလည်း ဂရုမစိုက်။ ကျနော်သည် အမှောင်ထဲ၌ မြှားတစင်း ပစ်လွှတ်လိုက်သလို ထိုနေရာမှ ပြေးထွက်လာခဲ့သည်။
ဘယ်ရယ်လို့မဟုတ်။ ဘာရည်ရွယ်ချက်မှ မရှိ။ ထိုနေရာနှင့် ဝေးနိုင်သမျှ ဝေးရန်သာ စိတ်အာရုံ၌ ဖြစ်ပေါ်နေသည်။ ထိုနေရာ၌ နောက်ထပ် စက္ကန့် အနည်းငယ်မျှ နေမိလျင် အတွင်းစိတ်များ ပေါက်ကွဲသဖြင့် ကျနော့်ကိုယ်ခန္ဒာမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်ဟု ထင်မိသည်။
ကျနော်သည် မိမိကိုယ်တိုင် ပြေးနေသည်ကိုလည်း သတိမထားမိ။ အမှောင်ထဲ၌ တိုက်မိခိုက်မိသည်ကိုလည်း သတိမထားမိ။ တောင်တွင်းကြီးမြို့မှ မီးရောင်များသည် နောက်၌ ဝေးကျန်နေရစ်ခဲ့၏။ ရုတ်တရက် မိုးဖွဲကလေးများ ကျလာသည်ကိုလည်း အာရုံမပြုမိ။
ကြယ်ရောင်များ ပျောက်ကွယ်သွားသဖြင့် အမှောင်မှာ ပို၍ သိပ်သည်းမဲမှောင်လာသည်။ ပြေးနေစဉ်၌ ကျနော့်တကိုယ်လုံး မိုးရေများ ရွှဲနစ်လာနေသည်။ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများ လက်နေကြသည်။ လျှပ်စီးရောင်၌ သံလမ်းနှစ်ခု မြင်နေရသည်။ မိုးနှင့်အတူ လေများ တိုက်ခတ်နေသည်။
ကျနော်သည် အော်ဟစ်ငိုလိုက်ချင်စိတ် ပေါ်လာနေသည်။ ငိုလိုက်ခြင်းဖြင့် ဖြစ်ပေါ်နေသော စိတ်ခံစားရမှုများကို ဖွင့်ထုတ်လိုက်ချင်သည်။ ဤနေရာ၌ လူဟူ၍မရှိ။ ကျနော်၏ အော်ဟစ်ငိုသံကို မည်သူမျှ ကြားနိုင်မည်မဟုတ်။

“သူမရှိတော့ဘူး၊ ဟုတ်တယ် သူသေသွားဘီ၊ အပိုင်းပိုင်းအတစ်တစ်၊ ငါငိုပစ်လိုက်မယ်၊ ငါငိုရမလား၊ ငါ ငိုခဲ့တယ်ထင်တယ်၊ သူ့ကို ငါပွေ့ထားတုန်းက ငါ ငိုခဲ့တယ်ထင်တယ်၊ ငိုခဲ့တယ်၊ ဘာပြုလို့ငိုတာလဲ၊ ငိုတာဟာ အဓိပါယ်ရှိသလား၊ ငိုတာနဲ့ သူပြန်ရှင်လာမလား၊ သူ သေသွားဘီ၊ မှောင်ခိုသမလေး သေသွားဘီ၊ ဒုစရိုက်မလေးပေါ့၊ သူ ဖါဖြစ်သွားသေးသလား၊ သေသွားတော့ ဖါ မဖြစ်ရတော့ဘူးပေါ့၊ ငါ့ကို ထားပစ်ခဲ့တယ်၊ ငါတယောက်ထဲ ထားပစ်ခဲ့တယ်၊ သူ့ကိုယ်စား ငါ့ကို ထားပစ်ခဲ့တယ်၊ ဟုတ်ပါတယ်…ညိုညို….ညိုညို ”

ကျနော်သည် တနေရာ၌ ကျောက်ရုပ်လို အတောင့်လိုက်ကြီး ရပ်နေမိပြန်သည်။ ငိုချင်စိတ်များသည် ငြိမ်းသေသွားကြ၏။ ကျနော့် မျက်နှာ၌ မိုးရေများ ကြမ်းတမ်းစွာလာ၍ ထိနေပြန်သည်။
ကျနော့်စိတ်များမှာ ကြမ်းကြုတ် ခက်ထန်သော ကျားရဲတိရစ္ဆာန်စိတ်ကို ကူးပြောင်း သွားနေကြပြန်သည်။ ကျနော်သည် ကျနော်ကိုယ်တိုင် သတိမထားမိဘဲ ကျားရဲအသံများဖြင့် ဆက်တိုက် အော်ဟစ်နေသည်။ ထိုအသံများသည် မိုးသံလေသံများနှင့် ရောထွေးသွားနေကြ၏။ ကျနော်သည် လာလမ်းအတိုင်း လှည့်ပြန်မည်ဟု မဆုံးဖြတ်သေးဘဲ အမှောင်ထဲ၌ ချာကနဲ လှည့်လိုက်၏။ သံကုန်အော်ရင်း ဖြေးလေးစွာ လျှောက်နေမိသည်။ ။

နိုင်ဝင်းဆွေ
(၁၉၇၁၊ ဧပြီလ၊ ၂၈ )

1 comment: