May 08, 2010

မသိန်းရှင်ဆီ ပို့ ပေးပါ


(၁၄)

မိုးတွေက မှောင်နေသည်
ထိုနေ့က အင်တောကျယ် ဘူတာတွင် ခရမ်းချဉ်သီး ဖုံးထားသော သူ့ ထန်းလျက်သေတ္တာများကို တင်နေစဉ် ကတည်းက မိုးကောင်းကင်မှာ မှောင်ပိန်းလာနေသည်။
အမှောင်ရိပ်များအောက်၌ တောင်တန်းကြီးများ တဖြည်းဖြည်း ပျောက်ကွယ်သွား သည်။ ထန်းတောညိုကြီးများသည် ညစ်မှိုင်းသွားသည်။


အလုပ်သမားများက သူ့ သေတ္တာများကို တင်နေဆဲ... ၊ ထွန်းမောင်အပါအဝင် ရဲသားနှစ်ဦးက ဝတ်ကျေ တမ်းကျေရှာဖွေနေဆဲ၌ ညိုညိုသည် ကျနော်ရှိရာ ဂါတ်တွဲ နောက် ဖက် လူမမြင် ကွယ်ရာသို့ ရောက်လာခဲ့သည်။
ထိုအခါတွင်ကား မိုးအဖွဲမှုန်ကလေးများပင် သူနှင့် ကျနော့် အပေါ်၌ ကျနေသည်။ သူသည် လည်ပင်း၌ ပတ်ထားသည့် တဘက်ဖြင့် သူ့ မျက်နှာပေါ်မှ ချွေးဥများနှင့် မိုးရေစက်များ ကို သုတ်သည်။ အစီအစဉ်အတိုင်း ဖြစ်မလာသဖြင့် သူ့ မျက်နှာမှာ စိုးရိမ်ဟန် ပေါ်နေသည်။ သူ ကျနော့် ကို စကားပြောလျှင်လည်း သူ့ အသံများမှာ ထို စိုးရိမ်စိတ်ဖြင့် တုန်ယင်နေသည်။

“သူများ စာပို့မမှီဘူး၊ ဒီရထားနဲ့ လိုက်ရမှာဘဲ၊ လိုက်လို့ရတယ်မှုတ်လား၊ ရှေ့ ဆုံးတွဲက စီးပါ့မယ်”
ကျနော်သည် သူ့ကို မစိုးရိမ်ရန် ပြောခဲ့၏။ အကယ်၍ တနေရာရာတွင် ဤ တန် ဆာလုပ်ပြီး ကုန်များကို စစ်ဆေးခဲ့လျှင် ကိုယ်လွတ် ရုန်းသွားရန် ပြောခဲ့သည်။

သူသည် ရထား တဖက်မှလှည့်၍ ရှေ့ ဆုံး လူစီးတွဲသို့ သွားသည်။ ထိုနေ့တွင် မှောင်ခိုတဦးမျှ မပါသဖြင့် ရှေ့ ဆုံးတွဲ၌ သူ့တွင် အဖော်မရှိ။ ကျောက်ပန်းတောင်းမှ ထွက်လာကတည်းက ရထားတတွဲတွင် လူ ကိုးယောက် ဆယ်ယောက်မျှသာ ပါရှိသဖြင့် မိုးမှောင်ကြီးကို ဖြတ်သန်းပြီး ထွက်လာခဲ့သည့် ရထားကြီး တစင်းလုံးသည်လည်း တိတ်ဆိတ် ခြောက်ကပ်နေခဲ့သည်။ လမ်းတလျှောက်လုံး၌ မိုးမှောင်ကြီးသည် ရှေ့ မှ ဖြတ်ဆီးနေသည်။ အချို့ နေရာများ၌ အလင်းရောင်များရှိသော်လည်း အင်တောကျယ်မှ ထွက်လာကတည်းက များသော အားဖြင့် ရထားကြီးမှာ အမှောင်ရိပ်ထဲ၌ စမ်းတဝါးဝါး ခရီးနှင်နေရသလိုပင်။

ရံဖန်ရံခါ၌ မိုးမှုန်ကလေးများသည် ရထားနံရံကို လာ၍ ထိမှန်ကြသည်။
သံလမ်း အကွေ့များတွင် ရှေ့ ဆုံးတွဲ ပြတင်းဝမှ ကိုယ်တပိုင်း ထွက်ပြနေသော ညိုညို့ ကို လှမ်းမြင်နေရသည်။ သူသည် ကျနော်ရှိရာ ဂါတ်တွဲသို့ မျှော်ကြည့်နေတတ်သည်။
ကျနော်ကား မြို့ သစ်သို့ ရောက်သည်အထိ ဂါတ်တွဲတွင်သာ ငြိမ်သက်နေခဲ့သည်။ ခရီးသည် နည်းပါးလှသဖြင့် လက်မှတ် စစ်ရန်လည်း မလိုအပ်ပေ။ ညိုညိုရှိသည့် တွဲသို့ သွားလျှင်လည် မတော်တဆ ထန်းလျက် သေတ္တာများ စစ်ဆေးသည်နှင့် ကြုံနေခဲ့လျှင် ဖြေရှင်းရ ခက်နေမည်ကို တွေးမိသည်။
အန္တရာယ်ရှိသော ဘူတာများကို ဖြတ်ကျော်လာခဲ့မိမှ ကျနော်သည် ရင်ထဲတွင် ပေါ့ပါးလာသည်။ မြို့ သစ်သို့ ရောက်လျှင် နေလည်း ဝင်သွားပေပြီ။

ထိုဘူတာမှ ထွက်လာသောအခါ လမ်းတလျှောက် ခြိမ်းချောက် လိုက်လာနေခဲ့သည့် မိုးကြီးသည် ရထားအထွက်၌ တဝေါဝေါရွာချလိုက်လေသည်။
ဤ မိုးကြီး စတင်ရွာချိန်၌ ကျနော်သည် ပလက်ဖောင်းပေါ်၌ ရှိနေ၏။ မိုးရွာသဖြင့် လူစီးတွဲများ၌ကား မီးများ ပျက်နေသဖြင့် မှောင်နေသည်။

ကျနော်တက်လိုက်သည့် တွဲပေါ်ရှိ ခရီးသည် အချို့ သည် ဖရောင်းတိုင်များကို ထွန်းနေကြ၏။ ထိုတွဲ၏ တဖက်ရှိ ခုံတန်းလျားများမှာ ထာဝန်ကျ မီးရထား ရဲသားများ လိုက်ပါသည်။ ကျနော်တက်သည့် အပေါက်မှ လျှောက်သွားသောအခါ ရဲသားများကို တွေ့ရသည်။
ထိုအထဲ၌ ထွန်းမောင် မရှိသည်ကို ကျနော်သည် သတိထားမိလိုက်သည်။ ချက်ခြင်းပင် စိုးရိမ်စိတ်များ ဖြစ်ပေါ် လာကာ ကျနော်သည် ထွန်းမောင်ကို အနှံ့ အပြား လိုက်ရှာကြည့်၏။ ထွန်းမောင်ကို မတွေ့ရလျှင် ရင်ထဲ၌ ထူပူလာသည်။
ကျနော့် ကို အခြား ရဲသားများ နှုတ်ဆက်ကြသည်ကိုပင် ဂရုမစိုက်မိတော့ပေ။ ကျနော့် စိတ်များသည် အစိုးရိမ်လွန်လာကြ၏။
ခုအချိန်၌ ရှေ့ဆုံးတွဲ၌ ညိုညို တယောက်တည်း ဖြစ်ချင် ဖြစ်နေမည်ကို တွေးလိုက်မိသည်။
မီးပျက်သဖြင့် မှောင်လည်းမှောင်နေ၏။
ထွန်းမောင် ရှေ့ ဆုံးတွဲသို့ ရောက်နေမည်ကို အသေအချာတွက်မိသောအခါ ရင်ထဲ၌ မခံမရပ်နိုင် ဖြစ်လာသည်။
ကျနော်သည် ညိုညို့ မျက်နှာကလေးကို မြင်လာ၏။ အပြစ်ကင်းစင်သော၊ ဖြူစင်သန့်ရှင်းသော ဤ ဆင်းရဲသူ မိန်းကလေး၏ တရှိုက်ရှိုက် ငိုသံများကို ကြားယောင်လာသည်။

“ခုမှ သတိရလာ၊ ကျနော့် လွယ်အိတ် ရှေ့ တွဲမှာကျန်ခဲ့တယ်၊ လက်မှတ်တွေနဲ့”

ကျနော်သည် ရဲသားများကို အော်ပြောလိုက်၏။
ကျနော်သည် ရှေ့ ဆုံးတွဲသို့ ကူးသွားရန် ချက်ခြင်း ဆုံးဖြတ်လိုက်လေသည်။
ချက်ခြင်းပင် ရဲများကို ဖြတ်သန်းကာ ကျနော်သည် အမှောင်ထဲ၌ ခုံများ၌ ရှောင်ရှားရင်း ရှေ့သို့ ပြေးနေမိသည်။

“ရင်မောင်၊ မကူးနဲ့၊ လက်ကိုင်တွေ ချော်နေတယ်”

ရဲကြပ်ကြီး ဦးအောင်စိန်သည်လည်း စိုးရိမ်စွာ အော်ဟစ်နေသည်။
“သွားမှ ဖြစ်မယ်” ဟု ကျနော်သည် ပြန်အော်ခဲ့၏။

ဤ အချိန်၌ကား ကျနော်သည် မည်သည့် အန္တရာယ်ကိုမျှ မတွေးမိတော့ပေ။
တွဲအကူး၌ ရှေ့ တွဲ လက်ကိုင်ကို အမှောင်ထဲတွင် စမ်းရှာနေစဉ်၌ ကျနော်သည် ကျနော့် တကိုယ်လုံးကို မိုးသီး မိုးပေါက်ကြီးများ ထိ မှန် နေခြင်းကိုကား ဂရု မစိုက်မိပေ။
မြခင်လေးကို ထွန်းမောင် ကြံစည်လိုက်ပုံကို ဤ အချိန်တိုကလေး အတွင်း၌ပင် သတိ ရနေသည်။ မြခင် လေးကား ထွန်းမောင်ကို တမ်းတမ်းစွဲ ဖြစ်နေခဲ့၏။ ခလေးမကလေးမှာ အပျို ဖေါ်ပင် မဝင်သေး။ ဤ ခလေးမကလေး သူ့ ကို တမ်းတမ်းစွဲ ဖြစ်နေသဖြင့် ထွန်းမောင်သည် သူမှ တဆင့် သူ့ အပေါင်း အသင်းများသို့ ပေးအပ်လိုက်ပြန်သည်။ ဤ ခလေးကလေး၏ မျက်နှာမှာ ကျနော့် မျက်လုံးအိမ်ထဲ၌ တဝဲဝဲပေါ်နေသည်။ မအေးမြင့်၊ မအေးရွှေ၊ မအေးသွယ်၊ တင်တင်၊ သင်းသင်း၊ နုနု၊ အခြား မိန်းကလေးများ အားလုံးမှာ ဤ လမ်းသို့သာလျှင် သွားခဲ့ရ၏။ ထွန်းမောင်မှ တဆင့် အခြားလက်များသို့ ကူးပြောင်းသွားရသည်။
ကျနော့်နားထဲ၌ ထွန်းမောင်၏ “ မင်း ထောင်ကျသွားချင်သလား” ဟု ပြောနေသံ၊ ညိုညို၏ တောင်းပန်နေသံများသည် မိုးသံ၊ ရထားသံများနှင့် ရောထွေး သွားနေသည်။

မိုးသည်လည်း အော်ဟစ် ရွာနေသည်။
တွဲ လက်ကိုင်များသည် ချော်နေ၏။
ကျနော်ကား ရထားတွဲ နှစ်ခုကြားသို့ ရောက်လာခဲ့၏။ ခြေထောက်ကို လွှဲကာ အခြားတွဲသို့ ကူးလိုက်ပြန်သည်။ ကျနော့် တကိုယ်လုံး မိုးရေများ နစ်နေသည်ကို သတိ မထားမိတော့ပေ။
ကျနော်သည် အခြားတွဲသို့ ရောက်လျှင် ခရီးသည်များကို ဂရုမထားဘဲ တိုက်တိုက် ခိုက်ခိုက် ပြေးသွားသည်။ ခရီးသည်များသည် ဖရောင်းတိုင်များကို ကြိုးစား ညှိ ထွန်းနေကြ၏။ ကျနော်ကား မွှန်ထူနေသဖြင့် ဘယ်အရာကိုမျှ သတိမရတော့ပေ။ ရထားကို ဘရိတ်ကြိုး ဆွဲ ရပ်လိုက်ရန်ကို နောင် မှ တွေးမိသည်။
ကျနော် အခြားတွဲများကို ဆက်၍ ကူးနေစဉ်၌ အပြင်ဖက်တွင် လေများသည် တဝှီးဝှီး တိုက်နေသည်။ လျှပ်စီးလက်လိုက်သောအခါ အမှောင်ထဲ၌ ပြေးနေသော ရထားကြီးကို ဖျတ်ကနဲ မြင်တွေ့လိုက်ရသည်။
နောက်ဆုံးတွဲသို့ ကူးရန် အားယူချိန်၌ကား ရထားကြီးသည် ပုလင်းချောင်း တန်တားရှည်ကြီးကို ဖြတ်ကျော်နေခဲ့ပေပြီ။

ဤ တောင်ကျချောင်းပြင်ကျယ်ကြီးထဲ၌ ဆင်တပ်ကြီးတခု တောင်ပေါ်မှပြေးဆင်း လာနေသလို ရေလုံးကြီးများသည် တဝေါဝေါ ပြိုဆင်းနေသည်။ ချောင်း ကမ်းပါးများသည် ပြိုကျနေသည်။
ကျနော်ကား ကြောက်စိတ်များ ဝင်လာနေသည်။ ဤ တန်တားကြီးကို ဖြတ်ကျော် ပြီး သည်အထိ မစောင့်နိုင်။
ကျနော့် မျက်လုံးထဲ၌ အမှောင်ထဲတွင် ခုံတန်းလျားတခုပေါ်သို့ ညိုညို့  ကို ဆွဲလှဲ နေသည်ကို မြင်နေရ၏။

“အမေ .... အမေ...မကယ်နိုင်တော့ဘူးလား”

ထို အသံကို ကြားနေရသည်။
ကျနော်သည် အန္တရာယ်ကို မတွေးနိုင်တော့ဘဲ ဟိုဖက်တွဲ လက်ကိုင်ကို ရှာလိုက်၏။ ဖြတ်ကူးလိုက်သည်။ ဤ အချိန်၌ကား ရထားသည် တန်တားးကြီးကို ဖြတ်ကူးနေချိန်ဖြစ်သဖြင့် ကျနော့် ကျောဖက်တွင် တန်တားကြီး တဝှီးဝှီး အော်မြည်ကာ ဖြတ်သန်းသွားနေသည်။ ကျနော်သည် ကျောနှင့်သံဘောင်ကြီးများ မရိုက်မိစေရန် ကိုယ်ကို သစ်ရွက်လို ပြားချပ်နေအောင် ကပ်ထားရင်း ကူးနေရ၏။
နောက်ဆုံးတွဲသို့ ရောက်လျှင် တံခါးကို ညင်ညင်သာသာတွန်း ဖွင့်လိုက်လေသည်။ တံခါးသည် လျှောကနဲ ပွင့်ထွက်သွား၏။
ကျနော်သည် တံခါးဝ၌ ငြိမ်သက်စွာ ရပ်နေလိုက်သည်။
ကျနော် တွေးလာသည့် အတိုင်းပင် အမှောင်ထဲ၌ ရုန်းကန်သံ၊ ဆောင့်တွန်းသံ၊ ဆဲဆိုသံ၊ ခြိမ်းခြောက်သံ၊ လဲကျသွားသံများကို ကြားရသည်။

တဖြည်းဖြည်း အမှောင်ထဲမှ သူတို့အရိပ်များကို တွေ့ရသည်။
လျှပ်စီးတချက် လက်လိုက်ချိန်တွင် ထွန်းမောင်က ညိုညို၏ ကိုယ်မှ အင်္ကျီ ကိုဆွဲဆုပ်ုလိုက်သည်ကို မြင်လိုက်ရသည်။
အကျီ င်္စုတ်ပြတ်သွားသံ ကြားရ၏။
ကျနော်သည် ထွန်းမောင်နောက်မှ ပြေးကပ်လိုက်၏။
ပခုံးမှ ဆွဲမြှောက်လိုက်သည်။ ထို့နောက် တကိုယ်လုံးဖိအား အသုံးချကာ ရင်ဝ တည့် တည့်ကို အားသွန် ထိုးချလိုက်သည်။ ကျနော်ကား အပျော်တမ်း ဘောက်ဆာသမားအဖြစ်က အလေ့အကျင့်များ အားလုံး ပြန်ရလာသည် ထင်ရသည်။
တချက် အသံထွက်ပြီး လဲကျသွား၏။ နောက်တချက် ထပ်ထိုးရန် အားယူလိုက် ချိန် တွင် ကျနော့် ခြေထောာက်များသည် သေနတ်ကို နင်းမိလိုက်သည်။
ကျနော်သည် သေနတ်ကို ကုန်းကောက်လိုက်ပြီး ပြောင်းဖက်မှ ဆုပ်ကိုင်လိုက်၏။ ရင်ထဲမှ မခံမရပ်နိုင်၊ စုပြုံပေါက်ကွဲလာကြသော ဒေါသများသည် လျှပ်စစ်ဓါတ်ကဲ့သို့ လက် အတွင်းသို့ စီးဆင်းသွားကြသည်။
ကျနော်သည် သေနတ်ဒင်ဖြင့် သူ့ ဦးဆက်ဟု ထင်ရသည့်နေရာကို စိတ် ခွန် အား ရှိသမျှ အားကုန် လွှဲရိုက်ချလိုက်၏။
“ခွပ်” ကနဲ မြည်သံသည် မိုးသံ၊ လေသံ၊ တန်တားသံ၊ ချောင်းရေကျသံ၊ ပုရစ်အော်သံ၊ ရထားခုတ်မောင်းသံများ အကြား၌ ထင်ရှားပြတ်သားစွာ အားရ ကျေနပ်ဖွယ်ရာ ပေါ်လာသည်။
“သေပြီ” ဟု ကျနော်သည် လျင်မြန်စွာ တွေးလိုက်မိ၏။

ဤ ရထားတွဲတွင် လူသတ်မှုအတွက် သက်သေ မရှိ။ သူ့ ဦးဆက် ပွင့်သွားပြီဟု ထင်နေ၏။ အရှိုက်တည့်တည့်မိလျှင် ပထမ ထိုးလိုက်သည့် လက်သီးချက်ဖြင့်ပင် သေသွား နိုင်သည်။
ကျနော်သည် ဘာလုပ်ရမည်ကို စဉ်းစာရန်ပင် သတိမရ။ ဘာကြောင့်မှန်း မသိ သေနတ်ကိုကား ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ လွှတ်ချလိုက်မိသည်။
ညိုညိုသည် လူးလဲ ထ ရပ်နေ၏။

“သူ မှုတ်လားဟင်... သူမှုတ်လား....ဘုရားသိကြား မ လို့ပေါ့ အကိုရင်မောင် မှုတ်လား”
“ဟုတ်တယ်.... ဘုရားသိကြားမလို့ ကို ရောက်လာတာ”

ကျနော်သည် ကယောင် ခြောက်ခြားဖြင့် သူ့ စကားကို ခြေရာထပ်နင်း ပြောနေမိသည်။
သူ့ ကို ချိုင်းမှ မ မြှောက် ပွေ့ထူ နေမိသည်။
သူသည် ကျနော့် ရင်ခွင်အတွင်းသို့ တိုးဝှေ့ရင်း ရှိုက်ကြီးတငင် ငိုနေသည်။ စုတ်ပြတ်နေသော သူ့အင်္ကျီကြောင့် အကွယ်အကာမရှိ ဟင်းလင်းပွင့်နေသည့် သူ့ ရင်သားများမှာ ကျနော့် လက်မောင်းဖြင့်ထိနေသည်။
မိုးရေများသည် ကျနော်တို့ ကျောပြင်ဖက်မှ ပက်သွင်းနေသည်။

သူ သေဘီ... ဒါ လူသတ်မှုတ်ဘဲ...အလောင်းကို ဖျောက်ပစ်ရမယ်၊ အို... ပုလင်းချောင်း တန်တားတောင် လွန်လာဘီ၊ ရှေ့ စွန်ချောင်း ရောက်တော့မယ်၊ စွန်ချောင်း ကျရင် ရေထဲ ကန်ချပစ်ခဲ့မယ်၊ စွန်ချောင်းလဲ ရေစီးသန်တာဘဲ၊ ဒါဆို ကိစ္စပြီးတာပေါ့..
“ဒါ လူသတ်မှုဘဲ၊ လူသတ်မှုတ်ဘဲ” နှင့် ကျနော်သည် ဒလစပ် တွေးနေမိ၏။
“လူသတ်မှုလဲ ဘာဖြစ်သလဲ၊ ဖြစ်လာသမျှ အကောင်းချည့်ပေါ့”

ကျနော်သည် ညိုညို့ ကို တွန်းဖယ်နေမိ၏။
ထွန်းမောင့် အလောင်းကို ဖျောက်ဖျက်တော့မည်ဟု ပြောနေမိ၏။

“စွန်ချောင်းနဲ့နီးလာဘီ လွှတ်စမ်းကွယ်၊ အလောင်းကို အပေါက်ဝဖက် ရွှေ့ ထားမှ” ဟု အော်ပြောနေမိသည်။

သူသည် ကျနော့်ကို အားကုန်ဖက်ထားသည်။
သူ့ လက်များသည် တဆတ်ဆတ်တုန်နေ၏။ သူ့ အသားစိုင်များသည် တုန်နေကြ၏။
“မီးခြစ် ခြစ်ကြည့်ပါ”
သူသည် ကြောက်လန့်တကြား အော်ပြောနေ၏။

ထိုအခါတွင်မှ ကျနော်သည်လည်း ထွန်းမောင် သေ မသေကြည့်ရန် သတိရလာသည်။ ဘောင်းဘီအိတ်ထဲမှ မီးခြစ် ထုတ်ခြစ်နေမိသည်။ မီးခြစ်မှာ ရေများစိုနေသည် တကြောင်း... ကျနော့်် လက်များ တုန်နေသည်တကြောင်းကြောင့် ရုတ်တရက် မတောက်နိုင်ပေ။ အတော်ကြာမှ တောက်လာသည်။
ကျနော်တို့သည် မီးရောင်အောက်၌ ငုံ့ကြည့်လိုက်ကြ၏။
ထွန်းမောင်ကို ကျနော်ရိုက်စဉ်က မှောက်ခုံဟု ထင်ခဲ့သော်လည်း ထွန်းမောင်ကား ပက်လက်လဲကျခဲ့သဖြင့် နဖူးကိုသာ ထိသွားခဲ့သည်။ နဖူးမှာ သေနတ်ဒင်စောင်းဖြင့် ရိုက်မိသဖြင့် ဟက်တက်ကွဲနေ၏။ မိုးများရွာနေသည့် အထဲ၌ပင် သူ့ နဖူးမှ သွေးများသည် ကြပ်းပြင်ပေါ်သို့ စီးကျနေကြ၏။ သူသည် မသေသေးပေ။ သတိကား လစ်နေပေပြီ။

“မသေသေးဘူး၊ ဒါပေမယ့် သတ်ပစ်မှ ဖြစ်မယ်၊ ဒီကောင် မင်းကို အခဲကျေမှာမှုတ်ဖူး၊ လူမိုက်ဆိုတာ ဆေးမရှိဘူး၊ လူယုတ်မာ ဆိုတော့ ပိုဆိုးတယ်”

ကျနော်သည် အသံနှိမ့်ပြီး ပြောနေမိ၏။
မီးခြစ်မှာ လေဝှေ့သဖြင့် ဟုတ်ကနဲ ငြိမ်းသွားလေသည်။
သူသည် ကျနော့်ကို ထပ်၍ ပွေ့ဖက်ထား၏။ အသေ တွယ်ကပ်ထားသည်။

“ဖယ်ပါအုံး မီးရောင်မြင်နေရဘီ၊ ပုတီးကုန်းရောက်တော့မယ်၊ ဒီ အကောင်ကြီးကို ချောင်းထဲပစ်ချရမယ်”
“ဟင်အင်း ... ဟင်အင်း...ကြောက်တယ်၊ ညိုညို ကြောက်တယ်” ဟု သူသည် စူးစူး ဝါးဝါး အော်နေသည်။
သူသည် ထွန်းမောင်ကို မသတ်ဘဲနှင့် အိမ်သာထဲ ထည့်ပိတ်ထားရန် ပြောနေသည်။

ကျနော် ကိုယ်တိုင်လည်း လက်စ ဖျောက် ပစ်ခဲ့ခြင်းသာ အမှန်ဆုံးဖြစ်သည်ကို တွေး ခဲ့သော်လည်း လူတယောက်ကို သွေးအေးစွာ အစဖျောက်ပစ်ရန်မှ မလွယ်သည်ကို ခံစားလာနေရပြန်သည်။
ထို အချိန်က ထွန်းမောင် အသက် ရှင်နေလျှင် မည်မျှ အန္တရာယ်ကြီးမားမည်ကို အ မှန်အတိုင်း ကြိုတင် တွေးနေမိပါလျက်နှင့် ကျနော်သည် ဖျောက်ဖျက်ပစ်လိုစိတ် မရှိတော့ပေ။
ထို့ကြောင့်ပင် ထွန်းမောင်ကို အနီးရှိ အိမ်သာ အတွင်းသို့ ပစ်သွင်းလိုက်မိသည်။ သူ့ သေနတ်မှ ကျည်ဆံများ၊ သူ့ ခါးပတ်မှ ကျည်ဆံများထုတ်ယူပြီး လွှင့်ပစ်ခဲ့၏။ သေနတ်ကိုပါ အိမ်သာထဲ ပစ်သွင်းလိုက်သည်။ အပြင်မှ မင်းတုန်းထိုးပိတ်လိုက်သည်။

ကျနော်သည် ညိုညို့ ကို လက်မှဆွဲပြီး တွဲ၏ အခြားအစွန်ဖက်သို့ ဆွဲခေါ်လာ၏။
မိုးများလည်း ပါးစပြုလာလေသည်။
တွဲ အစွန်ထောင့်ဖက်ခုံတွင် ကျနော်သည် သူ့ ကို ပွေ့ပြီး ထိုင်ခိုင်းလိုက်၏။

“ဘာပြုလို့ လူမရှိတဲ့တွဲမှာ တယောက်ထဲ လာစီးရတာလဲ” ဟု အပြစ်တင် မေးနေမိသည်။
“သူ လာ မလားလို့ပေါ့”
“ဘုရားရေ... ကို လာမယ်ထင်လို့”
“ဟုတ်တယ်၊ သူ ရောက်လာတာဘဲ မှုတ်လား”

ကျနော်သည် သူ့ ကို ချိုင်းအောက်မှ ပင့်မ ပွေ့ထားရင်း အသက်မရှူဘဲ ငြိမ်သက်နေမိ၏။
ထို တခဏ အချိန်၌ သူ့ ကိုယ်မှာ ပက်လက်အိပ်သည့် အနေအထား မကျတကျ ဖြစ်နေသည်။ မိုးလည်း စဲပြီး ဖြစ်သဖြင့် ကြယ်ရောင် မှိန်မှိန်ဖြင့် သူ့ တကိုယ်လုံးကို မြင်နေရ၏။ သူကလည်း အမှောင်ထဲ၌ ကျနော့် ကို ငေးစင်း ကြည့်နေသည် ထင်ရ၏။

ကျနော်သည် မေ့နေရာမှ ထွန်းမောင် အကြောင်း သတိရလာပြန်သည်။ ထွန်းမောင်၏ ကျင့်ကြံရန် ကြိုးစားပုံကို တွေးမိပြန်သည်။
သူ့ ကို ချက်ခြင်း လက်ထပ်ပစ်မှ ဖြစ်မည်ဟု စဉ်းစားနေမိ၏။ ဟုတ်တယ်... ယူပစ်ရမယ်၊ နောင်ရေးဆိုတာ သူ့ ဖာသာ ပြေလယ်လာမှာပေါ့၊ ဒါဟာ ငါ ကြောက်နေတာဘဲ တခါ တရံမယ် ဇွတ် မျက်စိမှိတ် ဆုံးဖြတ် လိုက်တာ အမှန်ဆုံးပေါ့၊ ဒီလိုဘဲ သူတောင်းစားတွေတောင် အိမ်ထောင်ပြုကြသေးတာဘဲ၊ ငါ ငွေစု ငွေချေးမှာ အပ်ထားတဲ့ငွေကို ထုတ်လိုက်မယ်၊ သူ့ ကို အပ်ချုပ်စက် ဝယ်ပေးမယ်၊ သူ့ စက်ချုပ်တဲ့ ဝင်ငွေကို သူ့ အမေကို စရိတ်ထောက်ပေါ့၊ လွယ်ပါတယ်... လွယ် လွယ်ကလေးပါ၊ ကြည့်စမ်း...အစက ငါမတွေးခဲ့မိဘူး၊ ကဲ... အိမ်ထောင်ပြုလိုက်ကြတာပေါ့၊ ဒီ ရက်အတွင်းမှာ ပြုလိုက်ကြတာပေါ့၊ ဒီလို လုပ်မယ်လေ၊ မြို့ လုင်မှာ ဒီတွဲကို ခရီးသည် တယောက်မှ တက်မလာဘူးဆိုရင်ပေါ့၊ အလောင်းအစား လုပ်မယ်၊ ဆုံးဖြတ်ရခက်ရင် မျောက်ပန်းလှန် ဆုံးဖြတ် ရတာပေါ့လေ....

မြို့ လုင်အဝင် စွန်ချောင်းကို ဖြတ်ကျော်နေစဉ်၌ ကျနော်သည် သူ့ ကို တင်းကျပ်စွာ နမ်းနေမိ၏။ ရင်ခုန်သံများ ဆူညံနေသည်။ “ဒီတွဲကို ဘယ်သူမှ မလာပါစေနဲ့” ဟု ဆုတောင်း နေမိ၏။
“လွှတ်အုံး... လွှတ်အုံး... အသက် ရှူမရတော့ဘူး”
ကျနော်သည် မလွှတ်ဘဲ နမ်းနေမိသည်။
မြို့ လုင်၌ သူ့ ကို မလွှတ်ဘဲ ပွေ့ ဖက်ထားဆဲ၌ ရထားကြီးသည်လည်း ဆက်၍ ထွက်လာ နေပြန်သည်။
“မင်းကို ခု ချက်ခြင်း ယူလိုက်တော့မယ်၊ ကို ဆုံးဖြတ်ပြီးဘီ၊ မင်း စက်ချုပ်ပေါ့၊ မင်းတို့အမေကို အဲ့ဒီငွေနဲ့ ထောက်ပံ့ပေါ့၊ လေးအိမ်မှာ စက်တွေပေါတယ်၊ အဲဒီကို သွား ကြမယ်၊ ဟိုရောက်ရင် ကိုတို့ လင်မယားလို့ ပြောတာပေါ့”
“ရှက်စရာ ကောင်းလိုက်တာ၊ လွှတ်စမ်းပါအုံး၊ မှောင်လိုက်တာနော်၊ သိ လား... မှောင်တော့ သူ့ ကို ကြောက်ကြောက်လာတယ်”
သူသည် လွှတ်စမ်းပါပြောရင်း ကျနော့်ကို သူ့ လက်ဖြင့် သိမ်းရစ်ပွေ့ထားနေသည်။
သူနှင့်ကျနော်သည် ပို၍ ပူးကပ်နေသည်ထင်ရ၏။
သူ၏ မောလှိုက်စွာ အသက်ရှူသံကို ရင်ခုန်သံနှင့် ရောကာ ကြားနေရသည်။
“ကိုတော့လေ... မှောင်လာတော့ မင်းကို ချစ်လာတယ်”
သူသည် ကျနော့် လက်မောင်းကို လိန်ဆွဲလိုက်ပြန်သည်။

နိုင်ဝင်းဆွေ
အပိုင်း (၁၅)သို့  ဆက်လက်ဖတ်ရှုပါရန်...

No comments:

Post a Comment