May 22, 2010

မသိန်းရှင်ဆီ ပို့ပေးပါ


(၁၅)
ချစ်သက် ခုနှစ်ရက်

လေးအိမ်ရွာ၌ ကျနော်တို့သည် ညားစ ဇနီး မောင်နှံဟု ပြောပြီး အပ်ချုပ်စက်ဝယ်ရင်း တည အိပ်ခဲ့ကြ၏။ ကျနော်တို့ ကိုယ်တိုင်ကလည်း ညားစ အခါဟု ယုံကြည်နေခဲ့သည်။ လေးအိမ်ရွာမှ နေ့ခင်းဖက် အပြင်သို့ ထွက်လာခဲ့လျှင် သူသည် ကျနော့် လက်မောင်းကို ညားစ လင်မယားလိုပင် မလွှတ်တမ်း ဆုပ်ကိုင် ဖက်တွယ်ထားခဲ့လေသည်။

“သူက သူများကို ညားနေကြပြီပြောတော့ ကိုသိန်းအောင်ကြီး ပြုံးနေတာ ရှက်လိုက်တာ” ဟု သူသည် ပြောလာခဲ့သည်။

ကျနော်သည် သူ့ ကို ယာခင်းများရှိရာ တောစပ်ဖက်သို့ ခေါ်လာခဲ့၏။ ထိုနေရာ၌ နှစ်ယောက်ထဲ လွတ်လပ်စွာ နေလိုစိတ် ပေါ်နေပြန်သည်။ ရွာထိပ်ရှိ တောင်ကျချောင်းတန်တား ပေါ်တွင် ရပ်ရင်း ကျနော်သည် ကျနော် ယုံကြည်ရာ ဖြစ်သည့် စာပေအကြောင်းကို သူ နားမလည်မှန်းသိပါလျက်နှင့် သူ့ ကို အလေးအနက် ပြောနေမိပြန်သည်။
သူ စာ တလုံးမှ ဖတ်တတ်သူ မဟုတ်မှန်း ကျနော်သိပါသည်။
သို့သော် သူနှင့် ကျနော်မှာ နှစ်ယောက်မဟုတ် ဟု ထို အခါက ကျနော်သည် ခံစားနေရ၏။ သူသည် ကျနော့် မျက်နှာကို စိုက်ကြည့်နေရင်း“စာရေးတယ်ဆိုတာ ပိုက်ဆပ်တော့ရမှာပေါ့” ဟု မေးနေခဲ့သည်။
အောက်ဖက် ချောင်းပြင် ရေးသားပြာပေါ်၌ သူနှင့်ကျနော် ရပ်နေသည့် အရိပ်နှစ်ခုမှာ ရွှင်လန်းချမ်းမြေ့စွာ ပြုံးရယ်နေကြလေသည်။

“အဲဒီအခါကျရင် ခု ကိုတို့ ရှောက်လယ် ကြတာတွေ စာထဲ မှာ ထဲ့ရေးမယ်၊ ကိုတို့ သွားလယ်တဲ့ ယာခင်း ကလေးတွေစိမ်းနေတာ စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ရေးမှာပေါ့၊ တောထဲမှာ မင်းနဲ့ ကိုနဲ့ လွတ်လွတ်လပ်လပ် စကားပြောတာရေးမယ်၊ မင်းက ရုပ်ရှင်ထဲကလို မြက်ခင်းပေါ်ထိုင်ပီး ကောင်းကင်ကြီးကို မော့ကြည့်နေတော့... ကို ကလဲ ရုပ်ရှင် ထဲကလို မင်းရှေ့က ဖြတ်လျှောက်လာ”
သူသည် ကျနော့်ကို လိန်ဆွဲလိုက်ပြန်ပြီး နှစ်ခြိုက်စွာ ရယ်လိုက်သည်။
“သူ့ ရုပ်ကြီးက မင်းသားနဲ့လဲ တူဘဲနဲ့”
“ဒါပေမယ့် မင်းရုပ်က ဘယ်မင်းသမီးမှ မမှီအောင် လှတယ်မှုတ်လား၊ မင်းရဲ့ယောက်ျားလဲ ရုပ်ရှင်မင်းသား ဖြစ်သွားတာပေါ့”
“ဘာ... မင်း ယောကျာ်းလဲ”
သူသည် ကျနော့်ကို ယိုင်သွားအောင် ထွန်းလိုက်၏။
ယာခင်းများရှိရာဖက်သို့ သွားနေရင်း သူသည် ကျနော့် ကို မှောင်ခိုသမ အချို့နှင့် စွပ်စွဲပြီး အမျိုးမျိုး မေးခွန်းများမေးလာခဲ့သည်။ ကျနော်သည်လည်း သူ ကျေနပ်အောင် ရှင်းပြရသည်ကို စိတ်ပင်ပန်းလာခဲ့ရသည်။
“သူ့ ကို အလုပ်ထွက်ခိုင်းမှ ဖြစ်မှာပါ၊ ဒါမှ စိတ်ချမ်းသာရမှာ”
သူသည် ငွေတရာမျှ စုဆောင်းထားပြီး ဖြစ်သဖြင့် သူ့နည်းနှင့်သူ ကျနော်တို့ချင်း ယူနိုင်အောင် နွားမွေးမည် ကြံစည်ခဲ့ပုံကိုလည်း ပြောပြလာသည်။
“ခုနေ ငွေတရာဆို နွားမပေါက်စကလေး နှစ်ကောင်တော့ရတယ်၊ အဲတာ သုံးနှစ်မွေးလိုက်ရင် နွားမလေးတွေက နွားတွေမွေးလာကော၊ နောက်ငါးနှစ်ဆို နွားမတအုပ် ဖြစ်လာမှာပေါ့၊ မရီပါနဲ့၊ အဲတာဆို သူများတို့ သူဌေးဖြစ်နိုင်တယ်၊ သူ့ ကို အလုပ်ထွက်ခိုင်းရမယ်”

တောင်ကုန်း နှစ်ခုနှင့် ယာခင်းကွက်များကို လွန်လာခဲ့ပြီး တောင်ကုန်းထိပ် တနေရာ၌ ကျနော်တို့သည် ရပ်နေမိကြ၏။ ကျနော်တို့ အပေါ်၌ မိုးသားပျပျသည် အုပ်ဆိုင်းနေ၏။ အနိမ့်ဖက်၌ ချောင်းကလေးသည် ကွေ့ကောက်စွာ စီးဆင်းနေ၏။ ကျနော်နှင့် သူကား ကမ္ဘာမြေပြင်ပေါ်၌ နှစ်ယောက်တည်း ရှိနေသလို ထင်နေရပြန်သည်။
သူသည် ကျနော့် နံ့ဘေး၌ ငြိမ်သက်စွာရပ်ရင်း တခုခုကို နက်နက်ရှိုင်းရှိုင်း တွေးနေခဲ့ပြန်သည်။
အတန်ကြာမှ....
“သူများတို့ တကယ်ယူကြတော့မှာနော်.... သူများတို့ညားရင် သူ.... သူများကို မရိုက်ရဘူးနော်....”
သူက ခပ်တိုးတိုးပြောနေသည်။
ကျနော်သည် သူ့ လက်ကလေးကို ဆုပ်ကိုင်ထားရင်း သူ့ မျက်နှာကလေးကို အကြာကြီး ငေးကြည့်နေမိသည်။ သူ၏ ထို ခလေးစိတ် ခလေးအတွေးမှာ ရယ်မော ပြောင်လှောင်စရာ မဟုတ်တော့ပေ။
ထို အတွေးကြောင့် ကျနော်သည် သူ၏ ခလေးစိတ်ထားကို သိနေရ၏။ သူ၏ ဖြူစင်သော ခလေးစိတ်ထားကလေးမှာ ပေါ်လွင်လာနေသည်။
“အေးပါကွယ် ကို မရိုက်ပါဘူး၊ အရိုက် မခံချင်ရင် ဟို ထန်းတောထဲရောက်အောင် လိုက်ခဲ့ရမယ်နော်”

ကျနော်သည် ရယ်သံဖြင့် ပြောနေရသည်။
သူသည် ကုန်းထိပ်ပေါ်မှ ကျနော်နှင့် ဘေးချင်းယှဉ်ဆင်းလာခဲ့သည်။
တောင်ကုန်းအဆင်း တဝက်တွင်“ပီးတော့ သူ...သူများကို ပစ်မသွားရဘူးနော်” ဟု တတွတ်တွတ် ပြောလိုက်လာသည်။
ကျနော်တို့သည် ယာခင်းအလွန် ထန်းတောအစ၌ ထိုင်လိုက်ကြ၏။ ချောင်းကလေးမှာ ထန်းတောအလယ်မှ ဖြတ်၍ စီးဆင်းနေသည်။ ကျနော်သည် သူ့ ပခုံးပေါ်တွင် လက်တင်ထားရင်း ကျနော် ရဘူးသည့် ကဗျာတပုဒ်မှ တပိုင်းတစကို ရွတ်ပြနေမိသည်။
ကဗျာမှာ “ပျော်ရွင်ခြင်း” ဟု ခေါင်းစည်း တပ်ထားသည်။
ပင်လယ် ရေလွှာပြင်ထက်ပေါ်မှ ဇင်ယော် ငှက်ကလေးများ ဝဲပျံ မြူးပျော်နေပုံကို ကြည့်ရင်း... မိုးတိမ်ပြာများအောက်၌ တဖျတ်ဖျတ် တောက်ပနေသည့်၊ လှပဖြာကျနေသည့် ရောင်ခြည် ငွေမျှင်တို့ကို ငေးရင်း၊ သဲသောင်စပ်ပေါ်သို့ လှိုင်း ကြက် ခွပ် ကလေးများပြေး တက်လာပုံကို ကြည့်ရင်း ချစ်သူ၏ ညိုစိမ့်စိမ့် မျက်နှာကလေးကို အပူပင် ကင်းမဲ့ စွာ ငေးကြည့်နေရခြင်းမှာ ကြည်နူး ချမ်းမြဖွယ်ပါတကား။
ထိုနေ့ ထိုရက်သို့ ရောက်ရန် ချစ်သူတိုင်း မှန်ကန်စွာကြိုးပမ်းလာနိုင်မည့် နေ့ရက်သည်သာ “ပျော်ရွှင်ခြင်း”
မည်ပေလိမ့်မည်။
“အခုလဲ ကိုတော့ အဲဒီ ကဗျာကလေးလိုဘဲ ညိုညို ... မင်း စကားသံကိုနားထောင်ရင်း၊ ဟိုမှာ ချောင်းရေစီးသံကို နားထောင်ရင်း၊ ထန်းလက်တွေ လေတိုးနေသံ နားထောင်းရင်း မင့်မျက်နှာကလေးကို ကြည့်နေချင်တယ်”

သူသည်ကျနော့် ကို ငေးကြည့်နေသည်။ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။ သူ့ မျက်လုံးများမှာ ကျနော့် ကို အံ့အားသင့်နေဟန် ပေါ်နေသည်။

“သူ့ စကားတွေက ဘာတွေမှန်းလဲ မသိဘူး”

သူက အရိုးခံအတိုင်း ခပ်တိုးတိုး ညည်းညည်း ပြောနေသည်။ ကျနော်သည် သူ့ ပခုံးကို ကိုင်လှုပ်ရင်း ရယ်နေမိသည်။ ကျနော် ရွတ်ပြသည့် ကဗျာကိုလည်း သူသည် နားလည်မည်မဟုတ်။

“ကဲ....မင်းပြောချင်တာ ပြောစမ်းပါ”
သူသည် တခုခုကို လေးလေး နက်နက် တွေးနေပြန်သည်။ အတော်ကြာအောင် သူသည် ငြိမ်သက် တိတ်ဆိတ်နေ၏။ သူ့ အသက် ရှူရှိုက်သံကိုသာ ကြားနေရ၏။ မိုးဖွဲ မိုးမှုန်ကလေးများ ကျလာသည့်တိုင်အောင် သူသည် မလှုပ်ရှားပေ။
နေရောင်ခြည်များ ပျော်ကွယ်သွားကာ မိုးသည် ညို့လာ၏။ မိုးမှုန်ကလေးများသည် ခဏမျှသာ ကျနော်တို့ အပေါ်မှ ရှပ်တိုက် ပြေးသွားကြ၏။ သူ့ နဖူးပြင်ပေါ်တွင် မိုးစက်ကလေးများ တစက် နှစ်စက် တင်သွားလေသည်။
အတန်ကြာမှ သူသည် ကျနော့် မျက်လုံးအိမ်ထဲသို့ တခုခုကို နက်နက်ရှိုင်းရှိုင်း ရှာဖွေသလို စိုက်ကြည့်နေပြန်သည်။
သူက....
“သူများတို့ အိမ်ထောင်ကျပီး မတော်တဆ သူများ သေသွားရင် သူ နောက်မိန်းမ မယူရဘူးနော်၊ မနေပါဘူး၊ သူ ယူမယ့် လူကြီးပါ၊ နောက်မိန်းမ ယူရင် သူများ ဟိုဘဝကနေပြုစားမှာဘဲ”
လေးလေးပင်ပင်ကြီး ပြောနေသည်။
ကျနော်လည်း မရယ်နိုင်တော့ပေ။
ကျနော်သည် သူ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားနေမိသည်။
“မင်းသေရင် ကိုယ်လဲ လိုက်သေမှာဘဲ ထင်တယ်၊ အခုမင်းပြောသွားတဲ့ စကားတွေကြောင့် ရင်ကွဲနာနဲ့ သေမယ် ထင်တယ်၊ လွမ်းကြင်ငှက်တွေလိုပေါ့၊ တကောင်သေရင် ကျန်တဲ့ တကောင်ပါ လိုက်သေမှာလေ...

ကျနော်သည် သူ့ ကို အငြိမ့်သမကလေးတယောက်နှင့် သူ့ ချစ်သူအကြောင်းကို ပုံပြင်ကလေး တခုလို ပြောနေမိသည်။
သူတို့ နှစ်ဦးမှာ တူဝရီး ဝမ်းကွဲလည်း တော်သည်။ တနေ့တွင် ဇာတ်ကပြီး အပြန်၌ ကားမှောက်သဖြင့် အငြိမ့်သမကလေးမှာ ဆေးရုံပေါ်၌ သူ့ တူ ချစ်သူ၏ ရင်ခွင်ထဲ၌ ကွယ်လွန် သွားခဲ့သည်။ သူ့ ချစ်သူသည် အလောင်းကိုပွေ့ပိုက်ထားရင်း တက်ချက်သွားရာမှ သတိပြန်လည်မလာဘဲ သေသွားခဲ့သည်။

“မင်းများ သေရင် ကိုလဲ အဲဒီလို ဖြစ်မှာဘဲထင်တယ်”
ကျနော်သည် လေးနက်စွာ ခံစားကာ ပြောနေမိသည်။
ဤအကြောင်းမျိုး တွေးရသည်မှာ စိတ် ချမ်းသာဖွယ်ရာ မဟုတ်သော်လည်း အကယ်၍ သူသည် ကျနော့် ရင်ခွင်ထဲတွင် ထိုသို့ သေဆုံးသွားခဲ့လျှင် ကျနော်ပါ လိုက်ပြီး သေသွားနိုင်သည်ဟု ထင်နေမိပြန်သည်။
ကျနော်သည် သူ့ ကို ပွေ့ညှစ်ထားမိ၏။
“သူ... အဲဒီလိုတော့ လိုက် မသေရဘူး၊ သူများ သေပြီးရင် သူများက လူ့ ဝမ်းထဲ ပြန်ဝင်စားမှာ၊ သူများ အပျို ပြန်ဖြစ်လာရင် သူနဲ့ ပြန်ယူမှာပေါ့၊ အဲဒီအချိန်ထိအောင် သူ စောင့်နေရမယ်နော်”
သူသည် ကျနော့် ပေါင်ပေါ်တွင် လှဲအိပ်ရင်း ပြုံးနေ၏။

ကျနော်လည်း ဆရာကြီး ရွှေဥဒေါင်း၏ “ရူပနန္ဒီ” မှ ချစ်သူကို နှစ်ပေါင်း နှစ်ထောင်ကျော်ကျော် စောင့်နေရရှာသည့် ရူပနန္ဒီ မင်းသမီးကြီး၏ ရုပ်ပုံလွှာကို မြင်တွေးနေမိပြန်သည်။ မသေမပျောက်နေနိုင်လျှင် ချစ်သူကိုပြန်၍ တွေ့ဆုံရန် နှစ်ပေါင်း နှစ်ထောင် စောင့်ဆိုင်နေနိုင်သည်ဟု တွေးမိသည်။
“ကိုက နှစ်ပေါင်း နှစ်ထောင်တိတိ စောင့်နေမယ်”
သူသည် ပြုံလျက်မော့်ကြည့်နေရင်း ခေါင်းခါယမ်းနေသည်။
“များပါတယ် အဲဒီလောက်ကြီး မလိုပါဘူး၊ ဆယ့်ခုနှစ်နှစ်ထဲ စောင့်ပါ၊ အဲဒီလောက်ဆိုရင် သူများ အပျိုပြန်ဖြစ်လာမှာဘဲ၊အခု အရွယ်ဘဲလေ...”
ကျနော်သည် သူ့ နဖူးကို ညင်သာစွာ နမ်းနေမိ၏။
ထိုညနေက သူ့ နံဘေး၌ ကျနော်သည် ယှဉ်အိပ်ခဲ့၏။
နှစ်ယောက်စလုံး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွား ကြသည်။
နေဝင်စ၌ ရုတ်တရက် မိုးကြီး ရွာချလိုက်သော အခါတွင်မှ နှစ်ယောက်စလုံး အိပ်ရာမှ လန့်နိုးလာကြ၏။ မိုးရွာကြီးထဲ၌ ရုတ်တရက် မထသေးဘဲ သူ့ ကို အတင်း ပွေ့ ထားရင်း နှစ်ယောက်စလုံး နှစ်နှစ်ခြိုက်ခြိုက် လွတ်လပ်စွာ ရယ်မောခဲ့ကြသည်။
ထိုညက... လေးအိမ် ကံထရိုက်တာ သိန်းအောင် စီစဉ်ပေးသည့် ရွာ့ မြောက်ဖျားရှိ သီးသန့်အိမ်တလုံးပေါ်တွင် သူနှင့်ကျနော် လွတ်လပ်စွာ အိပ်ခဲ့ကြ၏။ မကြာမီ ရက်ပိုင်းအတွင်း၌ လက်ထပ် ယူကြမည် ဖြစ်သဖြင့် နှစ်ယောက်စလုံး ပျော်ရွှင်မိကြသည်မှာ မီးခိုးမဆုံး မိုးမဆုံး ဖြစ်ပေသည်။
ထို့ပြင် အတာစန်းကုန်းဘူတာ ကံထရိုက်တာ စီစဉ်ပေးသဖြင့် အတာစန်းကုန်းရွာတွင် တည အိပ်ခဲ့ကြ၏။
ဆင်သေကန်မှာ တရက်၊ အင်တောကျယ်မှာ တရက်၊ ရွှေပန်းပင်မှာ တရက်၊ ဂွေးကုန်းမှာ တည။
တောင်တွင်းကြီးတွင်လည်း သူနှင့် ကျနော်သည် ရွှေအင်းတောင်စေတီ၌ ပန်း၊ ဆီမီးများ ကပ်လှူရင်း ဆုတောင်းခဲ့ကြ၏။
“ဘဝတိုင်း ဘဝတိုင်း အတူနေရအောင် ဆုတောင်းနော်”
သူသည် ကျနော့်ကို ခပ်တိုးတိုး ပြောခဲ့လေသည်။
တညနေ၌ သူနှင့် ကျနော်သည် ရတနာပွင့်လှကန် ရေလယ်ဘုရားသို့ သွား၍ ဖူးခဲ့ကြသေးသည်။ ဘုရား ရင်ပြင်ပေါ်၌ကား ကျနော်သည်သူနှင့် တတောင်ကွာမျှသာ ထိုင်ခွင့်ရ၏။ သူသည် ဘုရားရင်ပြင်ပေါ်၌ အတူယှဉ်၍ ထိုင်ခြင်းမှာ ရိုင်းပျသည်ဟု ယူဆ၏။
ထိုညနေက ကန်ဘောင်ရှိ အုပ်ခုံတခုံပေါ်၌ သူနှင့် ကျနော် ယူမည်နေ့ရက်ကို ကန့်သတ်လာကြ၏။ ထိုအကြောင်း ကို သာ နှစ်ယောက်သား တတွတ်တွတ်ပြောလာခဲ့ကြသည်။
သူနှင့်ကျနော်ကား လက်ထပ် ပေါင်းသင်း ရန်မှ တပါး အခြား မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြ၏။
ထို့ကြောင့်ပင် သူနှင့်ကျနော် နောက်ဆုံးတညတာ၌ တောင်တွင်းကြီးရှိ မီးရထားအမှုထမ်း ကျနော့် အိမ်ပေါ်တွင် တွေ့ကြသော အခါတွင်လည်း ကျနော်တို့သည် လွတ်လပ်စွာ ပျော်ရွှင်နေခဲ့ကြ၏။
ထိုညက ကျနော်သည် သူ ထန်းလျက်များကို သူ့ ဖေါက်သည် မသိန်းရှင်ထံသို့ ပို့ပေးအပြီး၌ သူ့ ကို တောင်တွင်းကြီး ခေတ်သစ် သြဘာညွန့် ရုပ်ရှင်ရုံရှေ့၌ သွားဆုံတွေ့သည်။
ကျနော်သည် သူ့ ကိုခေါ်လာခဲ့၏။
မင်္ဂလာ လမ်းထိပ် ရောက်သောအခါ မိုးသည် ရုတ်တရက် သဲသဲမဲမဲ ရွာချလိုက်သည်။
ကျနော်သည် သူ့ ကို မိုးကာ အကျီင်္ထဲ ဆွဲသွင်းလိုက်သည်။
မင်္ဂလာလမ်းမှာ ဓာတ်မီးတိုင်များ အလှမ်းဝေးသည့် အထဲ အချို့ကျွမ်းနေကြသဖြင့် မှောင်မည်းနေသည်။ မန်ကျည်းပင်အရိပ်များကြောင့် ပို၍ မှောင်နေခဲ့၏။ ကျနော်သည် မိုးရွာကြီးထဲတွင် သူ့ကို မိုးကာအောက်၌ နမ်းနေရင်း ပျော်နေမိပြန်သည်။
“ဒီလမ်းက ဖြတ်လမ်းလေ ညိုညိုရဲ့၊ ဘူတာရုံသွားတဲ့ ဖြတ်လမ်း၊ ပြီးတော့ ချစ်ဗိမာန်ဆောက်ချင်ရင် သိပ်မြန်တဲ့ဖြတ်လမ်း၊ မှောင်လိုက်တာမဲလို့၊ ဘယ်သူမှ မမြင်ရဘူး မှုတ်လား”
သူ့ ကိုယ်လုံး သေးသေး ကလေးမှာ ကျနော့် ရင်ခွင်ထဲ၌ ပျောက်ကွယ် ခမန်း ဖြစ်နေသည်။ သူသည် ကျနော့် ဗိုက်ကို လိန်ဆွဲလိုက်၏။
“သူ ဒီလမ်းက စောင့်ပြီး ဘယ်နှစ်ယောက်ကို ဒီလို လုပ်ဖူးသလဲ မသိဘူး၊ သူများ မလိုက်ချင်တော့ဘူး”
မိုးသံများကြား၌ ကျနော်သည် အော်၍ ရယ်နေမိ၏။
“မင်း မလိုက်ချင်တာ ကို့ အိမ်ပေါ်ရောက်မှ ပြောကွယ်”
အိမ်သို့ ရောက်သောအခါသူ့ တကိုယ်လုံးမှာ ရွဲနစ်နေသည်။
သူ့ အတွက် အဝတ်လဲစရာလည်း မရှိတော့ပေ။ ကျနော့် ပုဆိုးများမှာလည်း ပင်းမင်းဆိုင် ရောက်နေကြ၏။ နောက်ဆုံး၌ သူသည် ကျနော့် ဘောင်းဘီကိုသာ ဝတ်ရလေသည်။ သူ အဝတ်လဲနေစဉ် သူ ရှက်နေသဖြင့် ကျနော် မျက်နှာလွှဲ ထားရ၏။ကျနော်သည် သူ့ ကို ကျောပေးကာ ဘီရိုထဲမှ အရက် ပုလင်းကို ဆွဲယူနေ၏။
သူသည် ဘောင်းဘီကြီး ပွရောင်းရောင်း ကိုလဲပြီး တခစ်ခစ် ရယ်ရင်း ကျနော်ရှိရာ သို့ လျှောက်လာသည်။
ကျနော့် ရှေ့၌သူသည် ဟန်ပါပါ ခါးထောက်ရပ်လိုက်၏။
မိုးကြီး သည်းထန်စွာ ရွာနေသဖြင့် သူနှင့် ကျနော်သည် လွတ်လပ်စွာ ရယ်လိုက်မိကြ ပြန်သည်။ ထိုအခါတွင်ကား...ကျနော့် အိမ်ကလေးပေါ်ရှိ အရာဝတ္ထုအပေါင်းမှာ ပို၍ လှပလာကြသည်ဟု ထင်ရ၏။ သူနှင့် ကျနော်အိပ်ရန်ဝယ်ထားခဲ့သည့် လူတယောက်မျှ မအိပ်ဖူးသော ကုတင်မှ ပေါ်လစ်ရောင်သည်လည်း ပို၍ တောက်ပလာသည် ထင်ရသည်။
သူက...
“သူ အရက်သောက်သလား၊ သူများနဲ့ နေရင် မသောက်ရဘူးနော်”
ဟု ပြောနေပြန်သည်။
“နဲနဲကျဉ်းကျဉ်းပါ ညိုညိုရယ်၊ မင်းနဲ့ ရရင် မသောက်တော့ပါဘူး”
သူသည် ဖျတ်ကနဲ ပုလင်းကို ဆွဲလုလိုက်သည်။
“ဒါဖြင့် မသောက်တော့နဲ့လေ....၊ အခု သူများနဲ့ သူ နဲ့ ညားနေပီး မှုတ်လား”
သူ အရက်ပုလင်းကို ဘီရိုထဲ ပြန်ထည့် အပြီးတွင် ကျနော်သည် သူ့ ကို စွေ့ကနဲ ပွေ့ယူလိုက်ပြီး သူ့ ကို အရုပ်ကလေးတခုကို ပစ်တင်လိုက်သလို ကုတင် ပေါ်သို့ ပစ်တင်လိုက်၏။ သူသည် ကုတင်ပေါ်ရှိ ဖုံမွေ့ရာပေါ်၌ လိမ့်သွားစဉ်တွင် ခလေးကလေး ဆော့ကစားပြီး ရယ်သလို တခစ်ခစ် သိမ့်သိမ့်ခါအေင် ရယ်နေပြန်သည်။
“ဟောဟို ဘီရိုအသေးကလေးက မင်း အဝတ်အစားထည့်ဖို့၊ ဟိုမှန်တင်ခုံက မင်း အလှပြင်ဖို့၊ ဟောဒီခုတင်က ဒို့နှစ်ယောက်အတူ အိပ်ဖို့၊ ကဲ... အခု အစမ်းအိပ်ကြည့်ရအောင်လေ”
သူသည် ကျနော့် ရင်အုံကို တဒိုင်းဒိုင်း ထုနေ၏။
“စကား အကောင်းပြောစမ်းပါ”
သူသည် ကျနော့် ရင်ခွင်ထဲမှ လူးလဲရုန်းကန် နေပြန်သည်။
“မင်း အရက်မသောက်နဲ့ဆိုလို့ ကို မသောက်တော့ဘူးနော်၊ မင်းလဲ ကို့ စကား နားထောင်ရမယ်နော်၊ ဟုတ်လား၊ ဒါဖြင့် မင်း မှောင်ခိုကုန် မကူးရတော့ဘူး”
“ဘာပြုလို့”
“အခု မင်းနဲ့ ကိုယ်နဲ့ အိမ်ထောင်ကျနေပြီလေ...”

ပထမ၌ သူသည် နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေသည်။
ခဏမျှအကြာ၌ သူသည် ပြုံးနေစဉ်၌ပင် တခုခုကို နက်ရှိုင်းစွာ တွေးလိုက်မိသလို တည်ငြိမ်သွားပြန်သည်။
အစောပိုင်းက ရယ်သံများ လွှမ်းမိုး နေခဲ့သည့် စက္ကန့်ပိုင်း အချိန်တိုကလေးမှာ ယခု မရှိတော့ပေ။
ကျနော်သည် မျက်ရည်များ ဝိုင်းလာနေသည့် သူ့မျက်လုံးအိမ်ကို ငေးကြည့်နေမိ၏။
သူသည် နှုတ်ခမ်းကိုဆတ်ကနဲကိုက်လိုက်ပြန်သည်။
“သူများ မှောင်ခိုကုန်ကူးနေရတာ သိပ်ပျော်လို့ လုပ်နေတာ လို့ သူ ထင်နေသလားဟင်....”
သူက ခပ်တိုးတိုး ပြောနေသည်။
“ဂျပန်ခေတ်က ဂျပန်ကို မာစတာ ခေါ်နေကြရတဲ့ မိန်းခလေးတွေဟာ ခေါ်ချင်လွန်းလို့ ခေါ်ကြရတယ် ထင်သလားဟင်... ၊ အဲဒီ မိန်းခလေးတွေ ဘာဖြစ်ကျန်ခဲ့သလဲ...
“အခုလဲ သူများ မှောင်ခိုကုန်ကူးလို့ သူ့ မယား ဖြစ်လာရတာလို့ ပြောစရာဖြစ်နေတာမှုတ်လား၊ မိန်းမဆိုတာ ဘယ်မိန်းမဖြစ်ဖြစ် သူတို့ကို သူတို့ တန်ဖိုးထားချင်ကြတာဘဲ....
“ဖါ ဖြစ်တာတောင်မှ ငါးကျပ် တဆယ်”
ကျနော်သည် သူ့ ပါးစပ်ကို ပိတ်ထားလိုက်၏။
“တော်တော့ကွယ်...တော်ပါတော့”
ကျနော်တို့သည် တဦးကို တဦး စိတ်ထိခိုက်စွာဖြင့် စိုက်ငေးကြည့်နေမိကြသည်။ သူသည် ပါးစပ်ကိုဖွင့်ပြီး အသက်ရှူနေသည်။ သူ့ မျက်လုံးအိမ်မှ မျက်ရည် များသည် တလိမ့်လိမ့် ကြွေကျလာနေကြ၏။
ကျနော်သည် သူ့ ပါးပေါ်မှ မျက်ရည်များကို ကျနော့်ပါးဖြင့် ပွတ်တိုက်နေမိပြန်သည်။
“ဒါတွေ မပြောနဲ့ ညိုညိုရယ်၊ မင်းကို ကို ဘယ်လိုချစ်တယ် ဘယ်လောက်ချစ်တယ် ဆိုတာ မင်းသိပါတယ်၊ ကို့ကို နှိပ်စက်နေသလိုဘဲ”
ထိုညက အတော်ကြာမှ ကျနော်တို့သည် ထိုစကားများကို မေ့ပစ်နိုင်ကြ၏။
သူ့ကို တောင်းရမ်းယူရန်အတွက် ကျနော့် အမေကို မှာထားရာ အမေ ရောက်လာမည့်ရက်ကို ကျနော်တို့သည် ပျော်ရွှင်ကြည်းနူးစွာဖြင့် လက်ချိုး ရေတွက်နေမိကြပြန်သည်။ ရှေ့လဆန်းလျှင် အမေလည်း ရောက်အလာ… ကျနော့် ခရီးစားရိတ်သုံးလစာလည်း လစာထဲ၌ ပါအလာနှင့် အံကိုက်နေသည်။ ရှေ့လဆန်း၌ ငွေစုငွေချေး အသင်းမှ ကျနော် ရစရာရှိသည့် ငွေများလည်း ရမည်။
ကုတင်ပေါ်၌ ကျနော်တို့သည် မျက်နှာချင်းဆိုင် အိပ်နေကြရင်း ပြောစရာ စကားများ မဆုံးနိုင်ဖြစ်နေကြပြန်သည်။
“ခလေး ဘယ်နှစ်ယောက် မွေးပေးမလဲ”
ကျနော်သည် မေးနေခဲ့၏။
သူက လက်ဆယ်ချောင်း ထောင်ပြရင်း ပြုံးနေပြန်သည်။
“ခလေးတွေကို မင်းက ရိုက်မှာဘဲ၊ အဲတော့ ကိုက ရှေ့က ဆီးကာရင် မင်းကို့ ကိုပါ သိမ်းရိုက်မယ့် မိန်းမပါ၊ ပီးတော့မှ ခလေးတွေ ရိုက်ပီးမှ မင်းပါ ရောငိုမှာမှုတ်လား၊ ကဲ… မင်းမှာ ဗိုက်ကြီးတခွဲသားနဲ့ ဖြစ်နေရော…၊ ဒီလို ညအိပ်ရာထဲမှာ မင်းက ပက်လက်အိပ်နေရော၊ အထဲက အကောင်ကို ဒို့နှစ်ယောက် စောင့်ကြည့်နေတာပေါ့၊ အဲဒီအကောင်က ခြေကားယား လက်ကားယား လှုပ်နေရင် ဒို့က အပြင်က လှမ်း ဖမ်း ထားမယ်၊ ဒီကောင် အထဲမှာ အတင်းရုန်းနေမှာနော်”
သူသည် ကျနော့် ကို လိန်ဆွဲနေ၏။
“ရှက်စရာတွေ တော်စမ်း” ဟု ငေါက်နေ၏။
ကျနော်ကား သူ ကိုယ်ဝန်ကြီး တခွဲသားနှင့် ဖြစ်နေလျှင် သူ့ ကို လက်တွဲကာ ဂုဏ်ယူဝါကြွားစွာ ညနေတိုင်း လမ်းလျှောက်ရင်း ကျနော့် စိတ်၌ ကြည်နူးနေမည်ကို ကြိုတင်တွေးနေမိပြန်သည်။ ထိုအခါတွင်ကား သူ့ကို ကျနော်ချစ်သည့် မေတ္တာမှာ ယခုထက် အဆများစွာ ပို၍ စင်ကြယ် ကြည်လင်နေမည်ကို တွေးသိနေသည်။
သူက သူနှင့် မတည့်သည့် အစားအစာကို ချဉ်ခြင်းတပ်ပြီး မျက်ရည်တဝဲဝဲဖြင့် တတွတ်တွတ် တောင်းနေလျှင် ကျနော်ကား မပေးမိရန် မနည်းထိန်းချုပ်ရပေမည်။
မိုးသည် ထိုညကို အမှတ်အရဖြစ်ရန် တသဲသဲ ရွာနေခဲ့သည်။ လေးနာရီ၌ သူသည် တုန်းမောင်ခေါက်သံကို နားထောင်ပြီး သက်ပြင်းချနေပြန်သည်။
“နာရီတွေကလဲ မြန်လိုက်တာနော်”
သူသည် ညည်းညူနေသည်။
သူသည် ကျနော့် ကို အိပ်ပျော်နေသည်ထင်ပြီး နှိုးသည်။ အိမ်တခုလုံး သေသေ သပ်သပ် ဖြစ်စေရန် သိမ်းဆီးသည်။ အဝတ်များကို လဲပြီး မျက်နှာကို သနပ်ခါးမှုန့်များလူးပြီး ကုတင်အနား လျှောက်လာကာ ရပ်ပြန်သည်။
“ဒီနေ့ တနင်္ဂနွေနေ့… ကို့ နားရက်၊ မင်း မပြန်ပါနဲ့လား၊ မင်း ဒီမှာ ရောက်နေတာ ဘယ်သူမှလဲ သိတာမဟုတ်ဘူး”
ကျနော်သည် သူ့ လက်ကလေးကို ဆွဲကိုင်ထားသည်။
“အမေ နေမကောင်းလို့ ဆေးလုံးက မနက်ရောက်မှ ဖြစ်မှာ မို့ပါ၊ သူများလဲ ဒီက မပြန်ချင်တော့ပါဘူးကွယ်”

ရှေ့လမဆန်းမီ ရက်များ၌ကား သူသည် မှောင်ခိုအလုပ်ကို ရက်အနည်းငယ်မျှ လုပ်နေရပေမည်။ ထိုရက်များ အတွင်း၌ ထွန်းမောင် မပါမည့်ရက်များကို ကျနော်သည် သူ့ ကို တွက်ပြနေမိ၏။ ထွန်းမောင်ကား အိမ်သာထဲမှ သတိရလာကာ ဆေးရုံတက်ပြီး ဆေးရုံမှ ဆင်းလာခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။

နိုင်ဝင်းဆွေ

အခန်း(၁၆) နိဂုံးပိုင်းသို့ ..ဆက်လက်ဖတ်ရှုပါရန်…။

No comments:

Post a Comment